ဇွန်လ ၂ ရက်နေ့

တစ်ကိုယ်လုံးကျန်းမာခြင်း အကြောင်း

( သုတ္တံကျမ်းမှ အနာငြိမ်းခြင်း )

“အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို့​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။” သုတ္တံ ၄:၂၂

ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာဖို့ ကျန်းမာစေတဲ့ ဆေးရှိသလား? ဆေးဝါးတချို့က တစ်ခုအတွက်ကောင်းရင်တောင် တစ်ခုအတွက် ဆိုးကျိုးဖြစ်စေတယ်။ တခုအတွက် အသုံးဝင်ရင်တောင် နောက်တစ်ခုအတွက် ဘေးဖြစ်စေတဲ့အရာတွေအများကြီးရှိတယ်။ တစ်ခုချင်းဆီတိုင်းအတွက် ဘေးမဖြစ်ပဲ ကျန်းမာခြင်းဖြစ်ဖို့က ဘုရားရဲ့စကားကို ဘဝမှာ တွေ့ရှိခြင်းဖြစ်တယ်။ ဒီဘုရားစကားကို ရရှိတဲ့အခါမှာ သင့်ရဲ့ တစ်ကိုယ်လုံးမှာ ရှိတဲ့အစိတ်အပိုင်း တိုင်းအတွက် ဘေးမဖြစ်ပဲ ဆေးဖြစ်ပြီးတော့ ကျန်းမာစေလိမ့်မယ်လို့ ဘုရားက ကတိပေးထားတယ်။

ဇွန်လ ၁ ရက်နေ့

ဆေးဝါးကောင်း

“ဝမ်းမြောက်​သော​စိတ်နှလုံး​သည် ဆေး​ကောင်း​တစ်​လက်​ဖြစ်​၏​။ စိတ်​ထိခိုက်​နာကျင်​ခြင်း​မူကား အရိုး​ကို​ခြောက်သွေ့​စေ​တတ်​၏​။” သုတ္တံကျမ်း ၁၇:၂၂

ဘယ်လို အခြေအနေ မျိုးမှာမဆို ဝမ်းမြောက်စွာ ဖြတ်သန်းဖို့ ရွေးချယ်ပါ။ စိတ်ညစ်နေလို့၊ စိတ်ထိခိုက်ခံစားလို့ အခက်အခဲပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ပိုလို့တောင်ဆိုးလာအုံးမယ်။ စိတ်ပျက် ဝမ်းနည်းဖို့ရွေးချယ်တဲ့အခါမှာ ရှိပြီးသား ပြဿနာ ထဲကိုနောက်ထပ် ပြဿနာ အသစ်ကို ထပ်တိုးဖို့ရွေးချယ်လိုက်တယ်။ နှုတ်ကပတ်တော်က ပြောတယ် စိတ်ထိခိုက်ခံစားခြင်းက အရိုးတွေကိုသွေ့ခြောက်စေတယ်။ ရောဂါဖြစ်ဖို့ တံခါး ဖွင့်ပေးလိုက်တယ်။ ရှိပြီးသား ပြဿနာ ထဲကို နောက်ထပ်ပြဿနာ အသစ်တိုးတာကို ခွင့်မပြုနဲ့။ ဝမ်းမြောက်စွာနဲ့ တုန့်ပြန်တဲ့အခါမှာ အကောင်းဆုံး ဆေးဝါးကို သုံးဆောင်သလို ဖြစ်စေပြီးတော့ ရှိပြီးသား ပြဿနာကို ကုသပေးရုံသာမက ဖြစ်လာမယ့်ရောဂါအတွက်ပါ ကြိုတင်ကာကွယ်ထားပြီးသားဖြစ်စေတယ်။

မေလ ၃၀ ရက်နေ​့

အစာရှောင် ဆုတောင်းပြီးတဲ့နောက်မှာ

“ရှုရှန်​မြို့​တွင် ရှိသမျှ​သော​ဂျူး​လူမျိုး​တို့​ကို သွား​၍​စုစည်း​ပြီး နေ့​ရော​ည​ပါ သုံး​ရက်​ပတ်လုံး မ​စား​မ​သောက်​ဘဲ အကျွန်ုပ်​အတွက် အစာရှောင်​ဆုတောင်း​ကြ​ပါ​။ အကျွန်ုပ်​နှင့် အစေခံ​မိန်းကလေး​များ​သည်​လည်း ထိုနည်းတူ အစာရှောင်​ဆုတောင်း​ကြ​ပါ​မည်​။ ထို့နောက် ဥပဒေ​နှင့်​ဆန့်ကျင်​သော်လည်း ရှင်ဘုရင်​ထံ​အခစား​ဝင်​မည်​။ သေ​ရ​မည်​ဆိုလျှင်​လည်း အသေ​ခံ​ပါ​မည်​”​ဟု ပြန်ပြော​လိုက်​၏​။” ဧသတာဝတ္ထု ၄:၁၆

အစာရှောင်ခြင်း၊ ဆုတောင်းခြင်းက ဘာမှ မလုပ်ခင်မှာ အရင်ဆုံးလုပ်သင့်တဲ့အရေးကြီးဆုံးအရာဖြစ်တယ်။ တချို့က အားလုံးလုပ်ပြီး အဆင်မပြေမှပဲ အစာရှောင်ဖို့ ဆုတောင်းဖို့စဉ်းစားကြတယ်။ တကယ်တော့ လွဲနေတယ်။ ဘာမှ မလုပ်ခင် မဆုံးဖြတ်ခင်မှာအရင်ဆုံး လုပ်ရမယ့်အရာဖြစ်တယ်။ အစာရှောင်ခြင်းဆုတောင်းပြီးသွားတဲ့အခါမှာတော့ ဘုရားထံကို အပ်နှံပြီး စိတ်ချစွာနဲ့ ဘယ်လို အရာတွေကို ကြုံတွေ့ရပါစေ မကြောက်ပဲနဲ့ ရင်ဆိုင် ပါ။ ဧသတာရဲ့ ပြဿနာအပေါ် ရင်ဆိုင်ဖြေရှင်းခြင်းက တကယ့်ကို တန်ခိုးပါတယ်။ အစာရှောင် ပြီးပြီ ဆုတောင်းပြီး ဘာမှ မဖြစ်လာဘူးလို့ တချို့က ဆိုတတ်တယ်။ တကယ်တော့ အစာရှောင်ဆုတောင်းပြီး ဒီအတိုင်း ထိုင်ဆိုင်ရမှာ မဟုတ်ဘူး။ဘယ်လို အရာတွေက အတားအဆီး ဆန့်ကြင်ဘက် ဖြစ်နေပါစေ အစာရှောင် ဆုတောင်းပြီးတဲ့ နောက်မှာ အကောင်းဆုံး လုပ်ဆောင်ဖို့ပါပဲ။

မေလ ၂၉ ရက်နေ့

ပြဿနာကို ဖြေရှင်းဖို့ ပေးထားတဲ့ကောင်းကြီး 

ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။” ဧသတာ ၄:၁၄

    ဂျူးတွေကို အကြီးကျယ် မုန်းတီးနေတဲ့ခေါင်းဆောင်ရှိနေတဲ့ခေတ်မှာ ဂျူးတစ်ယောက်က ချီးမြှောက်ခံနေရတယ်ဆိုတာ ဘုရားမလုပ်ရင် ဘယ်သူများလုပ်မလဲ? ဘုရားက ပြဿနာ မလာခင်ကတည်း ဖြေရှင်းဖို့အတွက် ကောင်းကြီးဖြစ်တဲ့ ဧသတာကို အရင်ဆုံး ကောင်းကြီးပေးချီးမြှောက်ထားတယ်။ ကောင်းကြီးခံစားရတဲ့အခါမှာ သိထားဖို့က ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားက ကြိုတင်အလုပ်လုပ်ထားတယ်ဆိုတာပါပဲ။ ဒီကာလ ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘုရားက သင့်ကိုကောင်းကြီးပေးထားတယ်။

မေလ ၂၈ ရက်နေ့

ဘိုးဘေးများ၏နားမထောင်ခြင်းရလဒ်

“ထို​အ​မှု​ရှိ​သ​မျှ​ကို မော်​ဒ​ကဲ​သိ​သော​အ​ခါ၊ မိ​မိ အ​ဝတ်​ကို ဆုတ်၍ ပြာ​နှင့်​လူး​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ မြို့​အ​လယ်​သို့​သွား၍ ကြီး​ကျယ်​သော​အ​သံ​နှင့် ငို​ကြွေး​လေ၏။” ဧသတာ ၄:၁

ဘုရားက အာမလက် လူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ ရှောလုကိုမှာတယ်။ ရှောလုရဲ့ နားမထောင်ခြင်းက သူ့ကိုပဲ ဘုရင်ရာထူးကနေ ဖယ်ရှားလိုက်တာ မဟုတ်ဘူး။နောက်မျိုးဆက်ဖြစ်တဲ့ သူတွေကို အကြီးအကျယ် သက်ရောက်မှုရှိတယ်။ ဧသတာ ရဲ့ခေတ်မှာ အာမလက်အမျိုးထဲက ဟာမန်က ဣသရေလ တစ်မျိုးလုံးကို ရှင်းပစ်ဖို့ ကြိုးစားတယ်။ ဘိုးဘေးတွေရဲ့ နာမခံခြင်းက နောက်မျိုးဆက်ကို အကြီးအကျယ်သက်ရောက်မူရှိစေတယ်။ ဧသတာရဲ့နာခံခြင်းကတော့ ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးလိုက်တဲ့ ဆိုးတဲ့အမွေတွေကြောင့် ကြုံရတဲ့ ပြဿနာတွေမှ လွတ်မြောက်ဖို့ဖြစ်လာစေတယ်။

မေလ ၂၇ ရက်နေ့

ဝှက်ထားရမယ့်အရာကို မပြမိစေနဲ့

“ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။” ဧသတာ ၂:၁၀

ဧသတာဟာ နန်းတွင်းထဲမှာနေတဲ့ကာလအတွင်းမှာ သူ့ရဲ့လူမျိုးနှင့် ဘဝအဖြစ်မှန်ကို ဘယ်သူမှ မသိခဲ့ဘူး။ တကယ်ဆိုရင် ဘုရင့်အနားကို ရောက်လာတဲ့ ဘယ်သူမဆို နောက်ခံအကြောင်းကိုတော့ သေချာအောင်စစ်ဆေး ကြစမြဲပါ။ ဉီးလေး မော်ဒကဲရဲ့ သွန်သင်မှုနဲ့အတူ မိမိရဲ့အဖြစ်မှန်ကို မပြောပဲ ဧသတာဟာ ဝှက်ထားခဲ့တယ်။ လိမ်ညာချင်လို့ မပြောပဲ နေတာ မဟုတ်ပဲ မလိုအပ်လို့ မပြောခြင်းသာဖြစ်တယ်။ ဒီဝှက်ထားတဲ့အရာက တချိန်မှာ အောင်မြင်ဖို့၊ ကောင်းစားဖို့နဲ့ ရန်သူကို တုန့်ပြန်ဖို့ အကောင်းဆုံးဖြစ်ခဲ့တယ်။ ဘဝမှာ တချို့သောအရာတွေကို ဘုရားက အားလုံး ချမပြခိုင်းတာက အကြံအစည်ရှိတယ်။ တနေ့ ဒီအရာတွေကိုဖေါ်ထုတ်ပြီးတော့ ဘုရား လုပ်ဆောင်မယ့်အရာကို မြင်တွေ့ရဖို့ဖြစ်လာစေမယ် မဟုတ်လား?

မေလ ၂၆ ရက်နေ့

ယခုကာလ အတွက်

ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။” ဧသတာ ၄:၁၄

အခက်အခဲကြားထဲမှာ ဘယ်ကများ အကူအညီတွေထွက်ပေါ်လာမလဲ​လို့ လူတိုင်းက ရှာဖွေတတ်ကြတယ်။ ဧသတာလဲ လူမျိုးစုတစ်ခုလုံးအပေါ်မှာ သက်ရောက်တဲ့ အခက်အခဲပြဿနာအတွက် ထွက်မြောက်ရာကိုရှာဖွေခဲ့တယ်။ မော်ဒကဲရဲ့စကား က အဲ့ဒီပြဿနာရဲ့အဖြေကို သူ့ကို မီးမောင်းထိုးပြလိုက်တယ်။ ပြဿနာရဲ့အဖြေက အခြားသူမဟုတ်ပဲ ဒီကာလအတွက် ကိုယ်ကိုယ်တိုင် ဖြစ်နေတယ်။ ဘုရားက သင့်ကို ဒီကာလမှာ မွေးဖွားစေတာ၊ ကောင်းကြီးပေးထားတာက များစွာသော သူတွေရဲ့ မျက်ရည်နဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ဆိုတာ လူများစွာ မေ့နေတတ်တယ်။ တကယ်တော့ ပြဿနာရဲ့အဖြေက သင်ကိုယ်တိုင်ပါပဲ။ မော်ဒကဲ ပြောတဲ့အတိုင်းလဲ ပြဿနာကို ဘုရားနည်းလမ်းနဲ့ဖြေရှင်း ခဲ့တဲ့သူက ကိုယ်ဟာကိုယ်တောင် မထင်ထားတဲ့ ဧသတာ ဖြစ်နေခဲ့တယ်မဟုတ်လား။

မေလ ၂၅ ရက်နေ့

ဖြေရှင်းပေးတဲ့ဘုရား

“အကယ်စင်စစ် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခြေလှမ်း​တို့​ကို ရေတွက်​တော်မူ​သော်လည်း အကျွန်ုပ်​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါ​။ အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အိတ်​ထဲ၌​ချိပ်ပိတ်​ထား​၍ အကျွန်ုပ်​၏​ဒုစရိုက်​ကို ဖုံးကွယ်​ထား​တော်မူ​ပါ​၏​။” ယောဘဝတ္ထု ၁၄:၁၆-၁၇

ယောဘရဲ့ မိတ်ဆွေ သူငယ်ချင်းတွေက ယောဘရဲ့ ပြဿနာတွေ၊ အနာရောဂါတွေက အပြစ်ကြောင့်လို့ အခိုင်အမာ စွပ်စွဲကြတယ်။ သူ့ရဲ့အပြစ်က ယောဘကို ဆိုးရွားတဲ့ဘဝမျိုး ရောက်စေတယ်လို့ အခိုင်အမာ ယုံကြည်ကြတယ်။ ယောဘရဲ့ယုံကြည်ခြင်းကတော့ ဘုရားက အသေးစိပ်သိနေပေမဲ့ မကောင်းတဲ့အရာတွေကို မှတ်ထားတဲ့ ဘုရားမဟုတ်ဘူး။ လွန်ကျူးမိတဲ့အပြစ်တွေကို စီရင်တာထက် အပြစ်ကနေ လွတ်မြောက်အောင် ကူညီဖြေရှင်းပေးတဲ့ ဘုရားဖြစ်တယ်။ ဒီယုံကြည်ခြင်းက လူတိုင်း မရနိုင်ဘူး။ ဘုရားက အပြစ် ကိုမှတ်ထားပြီးတော့ တရားစီရင်တဲ့သူလို့ပဲ ထင်မှတ်နေတယ်။

မေလ ၂၃ ရက်နေ့

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ရအောင်

“ဖြောင့်မတ်​ခြင်း​ကို လက်​မ​လွှတ်​ဘဲ စွဲကိုင်​ထား​မည်​။ ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်​မ​တင်​ရ​အောင် နေ​မည်​။” ယောဘဝတ္ထု ၂၇:၆

အခြားသူတွေအပြစ်တင်တာ၊ အပြစ်မြင်တာထက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ၊ အပြစ်စီရင်တာ ပိုဆိုးပါတယ်။ တချိန်လုံး အပြစ်တင်တတ်တဲ့စိတ်ဟာ ပြဿနာကို ဖြေရှင်းပေးတာ ထက်ပိုဆိုးသွားအောင်ပဲလုပ်ပေးတယ်။ ယောဘ ကြီးမားတဲ့စုံစမ်းခြင်းထဲကနေ ကျော်လွန် လွတ်မြောက်စေတဲ့အထဲမှာ ဒီအချက်လဲ တစ်ခုအပါအဝင်ဖြစ်တယ်။ ဘုရားပေးတဲ့ဖြောင့်မတ်ခြင်းကိုပဲ စွဲကိုင်ထားပြီးတော့ ဘုရားမြင်သလို ကိုယ့်ကိုယ်ကိုယ်မြင်ခြင်းက ပြဿနာပေါင်း များစွာကိုဖြေရှင်းပေးနိုင်တဲ့ အဖြေဖြစ်တယ်။

မေလ ၂၂ ရက်နေ့

သစ်ငုတ်မှ အတက်ပေါက်မယ်

“သစ်​ပင်​ကို​ခုတ်​သော်​လည်း၊ အ​ငုတ်​အ​ချည်း​စည်း​မ​ရှိ​ဘဲ အ​တက်​ပေါက်​လေ​ဦး​မည်​ဟု မျှော်​လင့်​စ​ရာ​ရှိ၏။ မြေ​ထဲ​မှာ အ​မြစ်​ဟောင်း၍၊ မြေ​ပေါ်​မှာ အ​ငုတ်​သေ​သော်​လည်း၊ ရေ​ငွေ့​ကြောင့် အ​တက်​ပေါက်၍၊ ပျိုး​ပင်​ကဲ့​သို့ အ​ညွန့်​တို့​နှင့် ပြည့်​စုံ​လိမ့်​မည်။” ယောဘ ၁၄:၇-၉

ဘဝတစ်ခုလုံး ရစရာမရှိအောင် ဆုတ်ပြတ်သတ် ပြီးတော့ အခက်အခဲတွေ ဝိုင်းရံခံရပေမဲ့ ယောဘ နက်နက်ရှိုင်းရှိုင်း ယုံကြည်တာ ရှိပါတယ်။ ဘယ်လောက်ပဲ အတတ်တွေ၊ အခက်တွေ ကိုခုတ်ပစ်ပါစေ ကျန်နေသေးတဲ့အငုတ်ဟာ ရေငွေ့ ကြောင့် အတတ်ပြန်ပေါက်ပြီးတော့ ပြန်လည်ရှင်သန်မယ်ဆိုတာပါပဲ။ ကျွန်တော်တို့အသက်တာမှာလဲ ဒီအတိုင်းပါပဲ ဘယ်လောက်ပဲ အခက်အခဲတွေ စိန်ခေါ်မူတွေနဲ့ ဖိအားတွေရင်ဆိုင်နေရပေမဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်က ပြန်လည် ရှင်သန်ဖို့အတွက် လုပ်ဆောင်ပေးမယ်။ ဒီယုံကြည်ခြင်းကပဲ ယောဘကို သစ်ငုတ်တိုဘဝကနေ သစ်တောအုပ်ကြီးဘဝကိုပြန်ပို့ပေးတယ်လို့ ဆိုရမယ်။

မေလ ၂၁ ရက်နေ့

အလွန်ကြီးသော အမူ ပြုတဲ့သူ

“စစ်၍​မ​သိ​နိုင်​အောင် အ​လွန်​ကြီး​သော​အ​မှု၊ မ​ရေ​တွက်​နိုင်​အောင်​များ၍ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။” ယောဘ ၉:၁၀

ပြဿနာက ဘယ်လောက်ကြီးကြီး ဘုရား လောက်တော့ မကြီးတာ သေချာပါတယ်။ လူတွေက ပြဿနာဘယ်လောက်ကြီးတဲ့ အကြောင်းပဲ ပြောနေကြတယ်။ တကယ်တော့ ပြဿနာထက် အလွန်ကြီးမြတ်တဲ့ ဘုရားအကြောင်းကိုတော့ မပြောသလောက်ပဲ။ ဘုရားကို သင့်ပြဿနာ ဘယ်လောက်ကြီးသလဲ ပြောတာထက် သင့်ပြဿနာကို ဘုရားဘယ်လောက်လောက်ကြီးသလဲဆိုတာကို ပြောရမယ့်အချိန်ရောက်ပြီ။ ယောဘက ကောင်းကောင်းသိတယ် သူ့ကြုံရတဲ့ ပြဿနာထက် ဘုရားကပိုကြီးမြတ်ပြီးတော့ အံ့ဖွယ်သောအမှုတွေကို ပြုနိုင်တယ်ဆိုတာ။ ဒါကြောင့် ပြဿနာတွေဘယ်လောက်ပဲ ကြုံရကြုံရ နောက်ဆုံးတော့ ကြီးမြတ်တဲ့ဘုရားပြုတဲ့အမှုကပဲ သူ့ဘဝကို အနိုင်ယူသွားတာပါပဲ။

မေလ ၂၀ ရက်နေ့

ဘုရားကိုမြင်ရမယ်

“ငါ့​အရေပြား​များ ပျက်စီး​သွား​သော်လည်း ဤ​ကိုယ်ခန္ဓာ​ဖြင့် ဘုရားသခင်​အား ဖူးမြင်​ရ​မည်​ကို ငါ​သိ​၏​။” ယောဘဝတ္ထု ၁၉:၂၆

ဖြစ်ပျက်နေတဲ့ အရာတွေထဲမှာ ဘုရား အတူပါရှိတယ်၊ ဘုရားလုပ်ဆောင်မှုကို မြင်ရမယ်လို့ ယုံနိုင်ပါသလား? ကောင်းစားနေတဲ့အချိန်တွေမှာတော့ ဘုရားပါရှိတယ်၊ ကောင်းမြတ်တယ်လို့မြင်နိုင်ပေမဲ့၊ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံရတဲ့အချိန်မှာ တော့ ဘုရားအတူပါရှိတယ်။ ဘုရားကိုမြင်ရမယ်လို့ ယုံနိုင်တဲ့သူက အရမ်းကို ရှားပါတယ်။ ယောဘအသက်တာမှာ ကြုံရတဲ့ မုန်တိုင်းတွေထဲမှာ အောင်မြင်စွာ ကျော်လွှားပြီးတော့ နှစ်ဆသောကောင်းကြီးကို ရစေခဲ့တာက ဒီယုံကြည် ခံယူချက်ကြောင့်လဲပါတယ်။

မေလ ၁၉ ရက်နေ့

ရွှေကဲ့သို့ပေါ်လာမယ်

“သို့သော် ကိုယ်တော်​သည် ငါ​သွား​ရာ​လမ်း​ကို သိ​တော်မူ​၏​။ ကိုယ်တော်​သည် ငါ့​ကို စစ်ဆေး​တော်မူ​ပြီးမှ ငါ​သည် ရွှေ​ကဲ့သို့ ပေါ်လာ​လိမ့်မည်​။” ယောဘဝတ္ထု ၂၃:၁၀

ပြဿနာအခက်အခဲကြားမှာ ပျောက်ကွယ်မသွားပဲ​နှစ်ဆသော ကောင်းကြီးမင်္ဂလာနဲ့ အဆုံးသတ်တဲ့ယောဘ အကြောင်းကို သိပြီးသားဖြစ်မှာပါ။ ဒီလောက်ဆိုးတဲ့ အခြေအနေတွေ ကြုံတွေ့ရပေမဲ့ အဆိုးတွေကို အောင်မြင်ပြီးတော့ အကောင်းဆုံးတွေနဲဲ့ အဆုံးသတ်ခဲ့ရတာက

သူ့ရဲ့ ယုံကြည်ခံယူချက်ကြောင့်လို့ပြောရင် မှားမယ်မထင်ဘူး။ သာမန်လူတွေသာ ဒီလောက် ကြုံတွေ့ရရင် စိတ်ပျက်ပြီးတော့ လက်လျော့အရူံးပေးသွားမယ်။ ပြဿနာတွေကြားထဲမှာ ပြာမဖြစ်သွား ရွှေဖြစ်လာမယ်လို့ သူက အခိုင်အမာယုံကြည်ခဲ့တယ်။ ပြဿနာမီးက သူ့ကို ပိုပြီးတောက်ပစေပြီးတော့ တန်ဖိုးတတ်လာစေမယ်လို့ သူက ယုံတယ်။

မေလ ၁၈ ရက်နေ့

ပြောင်းပြန်လှန်နိုင်တဲ့ယုံကြည်ခြင်း

“ကိုယ်တော်​သည် အရာခပ်သိမ်း​ကို​တတ်နိုင်​တော်မူ​၍ ကိုယ်တော်​၏​အကြံအစည်​ကို မည်သူ​မျှ မ​ဆီးတား​နိုင်​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​၏​။” ယောဘဝတ္ထု ၄၂:၂

စုံစမ်းခြင်းတွေနဲ့ စာတန်မာရ်နတ်ရဲ့ ထိုးနှက်မှုတွေ ကြားထဲမှာ စီးပွါးရေး သာမကပဲ မိသားစုတစ်ခုလုံး ရစရာမရှိအောင် ကြုံတွေ့ရတဲ့ဘဝကနေ အရာခပ်သိမ်း နှစ်ဆပြန်လည် ကောင်းကြီးရပြီးတော့၊ အပြစ်တင်စွပ်စွဲတဲ့ သူတွေက ပြန်လည်တောင်းပန်ရတဲ့အထိ ဘဝကို ဘုရားက ပြောင်းပြန်လှန် ခဲ့တယ်။ ဒီလို ဖြစ်စေခဲ့တာ ယောဘရဲ့ ဘုရားအပေါ်ထားတဲ့ ယုံကြည်ခြင်း ကြောင့်လို့ပြောရမယ်။ သူဘုရားကိုယုံတာ အင်မတန်အားကြီးတယ် ။ ဘုရားက အရာခပ်သိမ်းတတ်နိုင်တယ်။ ဘုရားရဲ့အကြံအစည်ကို ဘယ်သူမှ ဘယ်လိုမှ မဆီးတားနိုင်ဘူး။ဒီယုံကြည်ခြင်းက မကောင်းတဲ့အရာတွေကို အားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။

မေလ ၁၆ ရက်နေ့

တန်ခိုးတော်ကြောင့် (၂)

“ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​သည် လူ​တို့​၏​ဉာဏ်ပညာ​၌​မ​တည်​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​၌​တည်​မည့်​အကြောင်း​တည်း။” ၁ ကော၂:၅‭

ဘာသာရေးသမားတွေက ယုံကြည်ခြင်းကို ဘယ်ကလာသလဲလို့မေးရင် ကြားနာခြင်းကနေ လာတယ်လို့ပဲ ဖြေလိမ့်မယ်။ မှားလားဆိုတော့မမှားပေမဲ့ မပြည့်စုံပါဘူး။ယုံကြည်ခြင်းက ကြားနာခြင်းကနေပဲ မလာပါဘူး။ ယုံကြည်ခြင်းကို ဖြစ်ပေါ်စေတဲ့ နည်းလမ်း အများကြီးရှိတယ်။ ယုံကြည်ခြင်းက ကြားနာခြင်းကနေ လာနိုင်သလို ဘုရားရဲ့တန်ခိုးတော်ကို ထိတွေ့ခံစားပြီးတော့လဲ ယုံကြည်ခြင်း ဖြစ်ပေါ်လာစေနိုင်တယ်။ တမန်တော်ကြီးရှင်ပေါလုက လူ့ရဲ့ ပညာအားဖြင့် ယုံကြည်ခြင်းမတည်ဖို့အတွက် ဘုရားရဲ့တန်ခိုးတော်ကနေလာတဲ့ ယုံကြည်ခြင်းနဲ့ မိတ်ဆက်ပေးခဲ့တယ်။ ဘဝမှာ ဘုရားရဲ့တန်ခိုးတော်ကနေလဲ ယုံကြည်ခြင်းဖြစ်ပေါ်စေနိုင်တယ်။

မေလ ၁၅ ရက်နေ့

တန်ခိုးတော်ကြောင့်

“ထို့ပြင်သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်” ကောလောသဲဩဝါဒစာ ၁:၁၁

ဘုရားရဲ့တန်ခိုးတော် အသက်တာမှာ ရောက်လာရင် ဘာတွေဖြစ်လာသလဲ? ပထမဆုံး လိုအပ်တဲ့ အားအင်ကို ဖြည့်ပေးပါတယ်။ တန်ခိုးတော်ကို မသိတဲ့သူတွေကသာ အမြဲတမ်း အားနည်းတဲ့ ဘဝအဖြစ် ဝန်ခံပြောဆိုတတ်ပေမဲ့၊ တန်ခိုးတော်ကို နားလည်တဲ့သူတွေကတော့ အမြဲတမ်း တန်ခိုးတော်ကြောင့် အားပြည့်လျှက်ရှိပါတယ်။ တန်ခိုးတော် ရဲ့အားဖြည့်ပေးခြင်းခံရတဲ့အခါမှာ သည်းခံခြင်း နှင့်စိတ်ရှည်ခြင်း နှင့်ပြည့်ဝနေပြီးတော့ ဘုရားပေးတဲ့ ကတိတော် ပိုင်ဆိုင်တဲ့အထိ အရာရာကို အကောင်းဆုံး ရင်ဆိုင်နိုင်ပါတယ်။

မေလ ၁၄ ရက်နေ့

ဘုရားတန်ခိုးတော်ကို သိတဲ့သူဖြစ်ပါ

“ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။” ဧဖက်ဩဝါဒစာ ၁:၁၉

တန်ခိုးကြီးတဲ့ ဘုရားကို ယုံပြီးတော့ တန််ခိုးနိမိတ်လက္ခဏာကို မယုံတာ ဘယ်လောက်ဆိုးတဲ့ ဘဝလဲ​? ဘုရားကို ယုံရင် ဘုရားမှာရှိတဲ့ တန်ခိုးကိုလဲ​ယုံနိုင်ဖို့လိုတယ်။ ဘုရားက သူ့ရဲ့အစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ တန််ခိုးအရှိန်အားဖြင့် ယုံကြည်သူ တွေရဲ့ဘဝမှာ အမြဲတမ်း အလုပ်လုပ်ပေးတယ်။ ဒီတန်ခိုးက သေးသေးလေး မဟုတ်ဘူး။ ယုံကြည်သူတွေ ဆုံးရှုံးရတဲ့အထဲမှာ တန်ခိုးကြီးတဲ့ ဘုရားကို ယုံပြီး အဲ့ဒီတန်ခိုးက ကိုယ့်အသက်တာမှာ အလုပ်လုပ်နေတယ်၊ ကြီးမားစွာ အမှုပြုနေတယ်ဆိုတာကိုမယုံနိုင်တာပါပဲ။ ဒါကြောင့်ရှင်ပေါလုက ဒီကြီးမားတဲ့ ဘုရားတန်ခိုး အသက်တာမှာ အလုပ်လုပ်တာကို ယုံကြည်သူတွေ သိလာဖို့ ဆုတောင်းပေးခဲ့တယ်။

မေလ ၁၃ ရက်နေ့

အားနည်းခြင်းထဲမှာ ကိန်းဝပ်တဲ့တန်ခိုး

“ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-” ၂ ကောရိန္သု ၁၂:၉

ဘုရားရဲ့တန်ခိုးတော်က ပြည့်ပုံတဲ့အခါမှာမှ လာနေရာယူတာမဟုတ်ဘူး။ အားနည်းချက်တွေမရှိမှပဲ ဘုရားတန််ခိုးတော်က ရောက်လာတာမဟုတ်ရပါဘူး။ ဘုရားရဲ့တန်ခိုးတော်က အား အနည်းဆုံးအချိန်မှာ အသက်တာမှာ နေရာယူလာတယ်။ တချို့သောအားနည်းချက်တွေ၊ အားအနည်းဆုံး အချိန်တွေက ဘုရားရဲ့တန်ခိုးတော် ဘဝအသက်တာမှာ နေရာယူဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်တယ်။ ဘုရားရဲ့တန်ခိုးတော် အသက်တာမှာ နေရာယူလာပြီဆိုရင် သေချာတယ် မဖြစ်

နိုင်တာတွေ ဖြစ်လာတော့မှာပါ။

မေလ ၁၂ ရက်နေ့

အထဲမှာ တန်ခိုးနှင့် ပြည့်စုံစေသူ

ကိုယ်တော်​သည် သင်​တို့​တွင်​အားနည်း​တော်​မ​မူ။ သင်​တို့​အထဲ၌ တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​၏။” ၂ကော ၁၃:၃

ကိုယ့်ရဲ့အားနည်းချက်တွေကို ကြည့်ပြီးတော့စိတ်ပျက်နေသလား? ကိုယ့်ကိုကိုယ်ကြည့်ရင် အားသာချက်တွေမြင်တဲ့အခါမှာ မာနကြီးခြင်းဖြစ်ပေါ်လာစေပြီးတော့၊ အားနည်းချက်တွေကို မြင်တဲ့အခါမှာ စိတ်ပျက်အားလျော့ခြင်းဖြစ်လာစေတယ်။ တကယ်တော့ အထဲမှာရှိတဲ့ သခင်ယေရှုကိုပဲ​ကြည့်တတ်ဖို့လိုတယ်။ အထဲမှာရှိတဲ့ တန်ခိုးနဲ့ ကိန်းဝပ်တဲ့ သခင်ယေရှုကို မြင်တတ်မယ်ဆိုရင် စိတ်ပျက် အားလျော့ခြင်း ရှိလာမှာမဟုတ်သလို၊ ကိုယ် အရည်ချင်းကြောင့် မဟုတ်လို့ မာန်မာနကြီးစရာလဲ မလိုပါ။ အထဲမှာ ရှိတဲ့ သခင်ယေရှုရဲ့တန်ခိုးတော်ကြောင့် ဘယ်တော့မှ အားနည်းခြင်းထဲမှာ ကျဆုံးသွားမှာ မဟုတ်ပါဘူး။

မေလ ၁၁ ရက်နေ့

မတတ်နိုင်တာ ဘာများရှိအုံးမလဲ

“အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။” ယေရမိ ၃၂:၁၇

ဘုရားက အရာအားလုံးကို ဖန်ဆင်းတဲ့သူပါ။သူ့ရဲ့ ဖန်ဆင်းခြင်းနဲ့ လွတ်တဲ့အရာ တခုမှ မရှိဘူး။ ပြီးပြည့်စုံအောင် အရာခပ်သိမ်း ဖန်ဆင်းပြီးမှ လူကို ဖန်ဆင်းတယ် ။ သူဟာ အရာခပ်သိမ်းကို ပြည့်စုံအောင် ဖန်ဆင်းနိုင်တဲ့ တန်ခိုးရှင်ပါ။ ဘဝ မှာဘာပဲလိုလို စိတ် ပျက်နေမယ့်အစား ဖန်ဆင်းရှင် ကိုယ့်အနားမှာ ရှိ တာပဲ ဘာလို့ စိတ်ပျက် နေမှာလဲ။ သူ့ကို အားကိုးမယ် ယုံမယ်ဆိုရင် သင့်ဘဝရဲ့ လိုအပ်သမျှကို သူ ဖန်ဆင်းပေးမယ် လို့ ယုံစေခြင်တယ်။ အကန့်အသတ်မဲ့တန်ခိုးရှင်နဲ့ အသက်ရှင်မှ တော့ လိုအပ်တာ ဘာများ ရှိနေအုံးမလဲ ။

မေလ ၉ ရက်နေ့

သခင်လို့ ခေါ်ဖို့တောင်

ထို့အတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​မ​ဟုတ်​လျှင် မည်သူ​က​မျှ “ယေရှု​သည် သခင်​ဖြစ်​တော်မူ​၏”​ဟူ၍ မ​ပြောဆို​နိုင်​ပေ။” ၁ကော၁၂:၃

သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံဖို့ လွယ်သလားလို့ မေးရင် မလွယ်ပါဘူး။ လူတချို့က သခင်ယေရှုလုပ်ဆောင်ပေးတဲ့အရာတွေကိုသိပေမဲ့ ယုံကြည်လက်ခံဖို့ မပြောနဲ့ နှုတ်ကနေတောင် ပြောထုတ်ဖို့ ခက်ခဲနေကြတဲ့သူတွေ အများကြီးရှိတယ်။ သခင်ယေရှုကယ်တင်ရှင်လို့ နှုတ်ကနေ ပြောထုတ်ဝန်ခံဖို့ဆိုတာတောင်မှ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ပေးခြင်းကြောင့်ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘဝမှာမပါရင် ဘာတစ်ခုမှ လုပ်နိုင်ဖို့ မပြောနဲ့ ပါးစပ်ကနေတောင် ပြောနိုင်ဖို့တောင် မလွယ်ဘူး။ နေ့စဉ် ပြောနေတဲ့ ယုံကြည်ခြင်း စကားတွေ၊ ပြောထုတ်ဝန်ခံချက်တွေအားလုံး ပြောထုတ်နိုင်တယ်ဆိုတာက သန့်ရှင်းသောဝိညာဉ်တော် မစခြင်းကြောင့်သာဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်မပါပဲ ယုံကြည်သူတစ်ယောက် ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

မေလ ၇ ရက်နေ့

အလိုတော်နှင့်ညီသောဆုတောင်း

“စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။” ရောမ ၈:၂၇

သန့်ရှင်းသောဝိညာဉ်တော် ကိုသိချင်ရင် စိတ်နှလုံးကို စစ်ဆေးတတ်ဖို့လိုတယ်။ မှန်ကန်တဲ့ စိတ်သဘော နှင့် မှန်ကန်တဲ့ဆုတောင်းခြင်းကို သန့်ရှင်းသောဝိညာဉ်တော်က သင့်ရဲ့ဘဝမှာ ယူဆောင်လာ ပေးနိုင်တယ်။ လူတချို့က ဘုရားရဲ့အလိုတော်နှင့်အညီ အသက်ရှင်ချင်တယ်၊ ဆုတောင်းချင်ကြတယ်။ ပြဿနာကသန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉီးဆောင်မှုနောက်လိုက်ဖို့ အားနည်းကြတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဉီးဆောင်မှုနောက်ကို လိုက်တတ်ရင် သေချာတယ် ဘယ်တော့မှ ဘုရားအလိုတော်ထဲကနေ ဝေးသွားမှာမဟုတ်ဘူး။ နေ့စဉ် ဘုရားအလိုတော်ထဲမှာပဲ ကြီးထွားလိမ့်မယ်။

မေလ ၆ ရက်နေ့

ဘုရားရဲ့စိတ်တော်ကိုသိခွင့်

“အကြောင်းမူကား မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​၍ သူ့​ကို​သွန်သင်​လိမ့်​မည်နည်း။ ငါ​တို့​၌​မူကား ခရစ်တော်​၏​စိတ်​ရှိ​၏။” ၁ကော၂:၁၆

သန့်ရှင်းသောဝိညာဉ်တော်ကိုအသက်တာမှာ လက်ခံရရှိခြင်းက တန်ဖိုးဖြတ်လို့မရတဲ့ ကြီးမားတဲ့ မင်္ဂလာပါ။ ဘုရားရဲ့ စိတ်သဘောကိုသိဖို့ ဘယ်သူကမှ သင်ပေးလို့မရနိုင်ဘူး။

ဘုရားရဲ့ အလိုတော်ကို သိစေနိုင်တဲ့ တစ်ခုတည်းသောအရာက သန့်ရှင်းသောဝိညာဉ်တော်၏သွန်သင်ပေးခြင်းအားဖြင့်သာရနိုင်တယ်။ လူတိုင်းက ဘုရားရဲ့နှလုံးသား၊ ဘုရားအလိုတော်ကို သိခွင့်ရခြင်ပေမယ့် သန့်ရှင်းသောဝိညာဉ်တော်ကိုတော့ အားမကိုးကြဘူး။ သန့်ရှင်းသောဝိဉာဉ်ကသာ တစ်ခုတည်းသော ဘုရားစိတ်တော်ကို သိတဲ့သူဖြစ်သလို၊ သိနိုင်ဖို့လဲ ကူညီပေးနိုင်သူဖြစ်တယ်။ ဘုရားရဲ့စိတ်သဘောကို သိစေရုံပဲ မဟုတ်ဘူး။ ခရစ်တော်ရဲ့ စိတ်နှလုံးအတိုင်း ရှိစေသူပါ။ သန့်ရှင်းသောဝိညာဉ်တော်ကိုရတာ ဘယ်လောက်များ အဖိုးထိုက်သလဲ။

မေလ ၅ ရက်နေ့

ဘုရားနှင့် ရင်းနှီးကျွမ်းဝင်မူရှိသော ဝိညာဉ်တော်

“ထိုသို့ သင်​တို့​သည် သား​သမီး​များ​ဖြစ်​ကြ​သောကြောင့် ဘုရားသခင်​သည် “အဗ္ဗ၊ အဖ”​ဟု ခေါ်​တတ်​သော မိမိ​သား​တော်​၏​ဝိညာဉ်​တော်​ကို ငါ​တို့​၏​စိတ်နှလုံး​ထဲသို့ စေလွှတ်​တော်မူ​၏။” ဂလာတိဩဝါဒစာ ၄:၆

လူတိုင်းကောင်းကင်ဖခင်နှင့်ရင်းနှီးမူရချင်ကြတယ်။ ဘုရားနဲ့ရင်းနှီးမှုက လူ့ရဲ့ကြိုးစားမှုနဲ့တည်ဆောက်လို့မရဘူးဆိုတာ လူအနည်းငယ်ကပဲ​သဘောပေါက်တယ်။ လူ့ရဲ့ကောင်းမှု၊ ကုသိုလ်နဲ့ အကျင့်က ဘုရားနဲ့ရင်းနှီးဖို့ မလုံလောက်ဘူး။ ဘုရားနဲ့သားအဖ လိုရင်းနှီးမှုရစေဖို့အတွက် ဘုရားက သူ့ရဲ့သန့်ရှင်းသောဝိညာဉ်တော်ကို သင့်အထဲမှာ ထည့်ပေးထားတာပါ။ ဒါကြောင့်သန့်ရှင်းသောဝိညာဉ်တော် ရဲ့ဉီးဆောင်မှုနဲ့အသက်ရှင်တဲ့သူအတွက် နေ့စဉ် ဘုရားနဲ့ရင်းနှီးဖို့ဆိုတာ မခက်တော့ဘူး။

မေလ ၄ ရက်နေ့

ဘယ်ဝိညာဉ်ရဲ့ ထိန်းချုပ်မူအောက်ရောက်နေသလဲ ?

“အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိညာဉ်​ကို ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တန်ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​တို့​နှင့်ဆိုင်သော​ဝိညာဉ်​ကို ပေး​တော်မူ​၏။” တိမောသေဩဝါဒစာဒုတိယစောင် ၁:၇

ဘုရားသားသမီးလို့ ကိုယ်ဟာကိုယ်ပြောတယ်၊ ဘုရားကိုယုံတယ်လို့ ဆိုပေမဲ့ ဘုရားဆီကမဟုတ်တဲ့ ဝိညာဉ်ရဲ့ထိန်းချုပ်မှုကို ခံနေရတဲ့သူတွေအများကြီးရှိတယ်။ ဘုရားထံက မဟုတ်တဲ့ ကြောက်ရွံ့ခြင်း ဝိညာဉ် အသက်တာကို ဉီးဆောင်နေတယ်ဆိုရင် မှန်ကန်တဲ့ဝိညာဉ်သဘော မဟုတ်သေးဘူး။ ဘုရားထံကလာတဲ့ သန့်ရှင်းသောဝိညာဉ်တော် သင့်ကိုဉီးဆောင်နေတယ်ဆိုရင် သေချာတယ် ကြောက်ရွံ့ခြင်းက သင့်ကိို ထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။ ဘုရားရဲ့တန်ခိုး၊ ဘုရားရဲ့ မေတ္တာ နှင့် ကိုယ်ကိုကိုယ် ချုပ်တီးနိုင်ခြင်း အသက်တာမှာ နေရာယူ လာတယ်ဆိုတာက သန့်ရှင်းသောဝိညာဉ်တော်က အသက်တာကို နေရာယူလာလို့ဖြစ်တယ်။ သင့်ရဲ့ဘဝအသက် တာကို သန့်ရှင်းသောဝိညာဉ်တော် ဉီးဆောင်နေတာ သေချာပါစေ။

မေလ ၂ ရက်နေ့

ချီးမွမ်းခြင်းယဇ်

“ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။”ဟေဗြဲဩဝါဒစာ ၁၃:၁၅

ဓမ္မဟောင်းကျမ်းမှာ ဘုရားကို ကိုးကွယ်ဖို့ သိုး၊နွားတွေနဲ့ယဇ်ပူဇော်ပြီး ဘုရားနှင့် မိတ်ဿဟာရ ဖွဲ့ရတယ်။ ယဇ်ပူဇော် ခြင်းက ဘုရားနှင့် ကြားမှာ ဆက်သွယ်ဖို့အတွက် နည်းလမ်းတစ်ခုဖြစ်ခဲ့တယ်။ သခင်ယေရှုကားတိုင်ပေါ်မှာ အသေခံပြီးကျေးဇူးတော်ကာလမှာ သိုး၊ နွားတွေနဲ့ ယဇ်ပူဇော်ခြင်းနှင့် ချဉ်းကပ်ဖို့ မလိုအပ်တော့ပေ။ ဘုရားထံကို ချဉ်းကပ်ဖို့ အတွက် နှုတ်ခမ်း၏ ချီးမွမ်းခြင်းအားဖြင့် ပူဇော်တဲ့ ယဇ်ကိုသာ ဘုရား ကတောင်းဆိုတယ်။ ဘုရားနှင့် နက်ရိူင်းစွာ တိုးဝင်ချဉ်းကပ်ဖို့ အတွက် နှုတ်ခမ်းအားဖြင့် ချီးမွမ်းခြင်းက အရေးကြီးဆုံးပါပဲ။

မေလ ၁ ရက်နေ့

အခြေအနေတွေကိုပြောင်းလဲစေတဲ့ချီးမွမ်းခြင်း

“သဖန်းပင် မ​ပွင့်​၊ စပျစ်ပင် မ​သီး​၊ သံလွင်ပင်​လည်း မ​ဖြစ်ထွန်း​၊ လယ်ယာ​သီးနှံ​လည်း မ​ထွက်​၊ သိုး​ခြံ​မှ သိုး​ပြတ်​၍ တင်းကုပ်​များ​၌ နွား​တစ်​ကောင်​မျှ​မ​ရှိ​သော်လည်း ငါ​သည် ထာဝရဘုရား​၌ ဝမ်းမြောက်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၌ ရွှင်လန်း​မည်​။” ဟာဗက္ကုတ်အနာဂတ္တိကျမ်း ၃:၁၇-၁၈

အခြေအနေတွေက သင့်ကို ပြောင်းလဲဖို့ခွင့်မပြုနဲ့။ သင်ကသာ အခြေအနေတွေကို ပြောင်းလဲစေပါ။ မကြိုက်တဲ့ အခြေအနေတွေကို ဘယ်လို ပြောင်းလဲစေမလဲ။ ဘုရားကို နှလုံးသားအကြွင်းမဲ့ ချီးမွမ်းခြင်းက သင့်ဘဝရဲ့ မကြုံချင်တဲ့ အခြေအနေတွေကို ပြောင်းလဲစေနိုင်တယ်။ ပရောဖက် ဟာဗက္ကုတ် ရင်ဆိုင်နေရတဲ့ လက်ရှိအခြေအနေတွေက စိတ်ပျက်စရာတွေဖြစ်ပေမဲ့ သူက ဘုရားထံမှာ အားယူပြီးတော့ ဝမ်းမြောက်စွာနဲ့ တုန့်ပြန်ခဲ့တယ်။ အခြေနေတွေက သူ့ကို ပြောင်းလဲဖို့ ခွင့်မပြုခဲ့ဘူး။ အခြေအနေတွေကိုပဲ ပြောင်းလဲပစ်ဖို့ ဘုရားထံမှာ အားယူခဲ့တယ်။ သင့်ဘဝရဲ့ မကြုံချင်တဲ့ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ သင့်မှာ တာဝန်ရှိတယ်။

ဧပြီလ ၃၀ ရက်နေ့

လွတ်မြောက်ခြင်းကို ယူဆောင်လာတဲ့ ချီးမွမ်းခြင်း

“သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။ ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။” တမန်တော်ဝတ္ထု ၁၆:၂၅-၂၆

အခြေအနေပေါ်မှာပဲ​ကြည့်ပြီး ချီးမွမ်းနေဆဲလား?

ခံစားချက် ကောင်းမှ ချီးမွမ်းမှာလား?

ချီးမွမ်းခြင်းဆိုတာ အခြေအနေနဲ့ မဆိုင်သလို၊ ခံစားချက်အပေါ်လဲ​မမူတည်ပါဘူး။

ပေါလုနဲ့ သိလရဲ့ ချီးမွမ်းခြင်းကိုကြည့်ရင် ဘုရားကို ချီးမွမ်းချင်စရာ တစ်ကွတ်မှမရှိပေမဲ့၊ ချီးမွမ်းခဲ့ကြတယ်။ ဒါကြောင့် ပြင်းထန်တဲ့ ရိုက်ခတ်မှုဟာ သူတို့ကိုချုပ်နှောင်ထားတဲ့ ထောင်အပေါ်မှာ ရိုက်ခတ်ခဲ့တယ်။ ဘယ်လောက်တောင် ပြင်းထန်သလဲ​ဆိုရင် ချီးမွမ်းတဲ့သူတို့ကိုပဲ​မဟုတ်ဘူး၊ နားထောင်နေတဲ့ ထောင်သားတွေအပေါ်မှာပါ လွတ်မြောက်ခြင်း သက်ရောက်လာတယ်။ အခိုင်အခံ့ဆုံး သံကြိုးတွေက အပ်ချည်ကြိုးလေးတွေလို ပြတ်ထွက် ကုန်တယ်။ ချီးမွမ်းခြင်းက တားဆီးပိတ်ဆို့ထားတဲ့ အချုပ်အနှောင်တွေအားလုံးကနေ လွတ်မြောက်စေတဲ့ လက်နက်။

ဧပြီလ ၂၉ ရက်နေ့

အရှိန် ပြင်းပြင်း ခရီးဆက်ချင်တယ်ဆိုရင်

“အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။” သက်သာလောနိတ်ဩဝါဒစာပထမစောင် ၅:၁၈-၁၉

အရာရာ မြန်မြန်ဆန်ဆန် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဝိညာဉ်ရေးရာမှာလဲ အရှိန်က ကြာလေပိုပြီး မြင့်လာဖို့ လိုတယ်။ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အရှိန်ဖြစ်တယ်။ ဒီအရှိန်က မကျသွားဖို့ ဂရုမစိုက်မိရင် အရာရာမှာ နှေးကွေးသွားလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အရှိန်ကို ငြိမ်းစေတဲ့အကြီးဆုံးအချက်က ဘာလဲ? တွေ့ကြုံသမျှမှာ ကျေးဇူးတော်မချီးမွမ်းပဲ အပြစ်တင်တတ်ခြင်းဖြစ်တယ်။ ဘုရားရဲ့အလိုတော်က အရာရာ တိုင်းမှာ ကျေးဇူးတော် ချီးမွမ်းခြင်းနဲ့ ဖြတ်သန်းဖို့ပါ။ အခြေအနေတိုင်း အကောင်းဆုံး မဖြစ်ရင်တောင် အကောင်းဆုံး ကျေးဇူးတော် ချီးမွမ်းခြင်းနဲ့ တုန့်ပြန်တတ်တဲ့သူက ဘယ်တော့မှ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အရှိန်ငြိမ်းသွားမှာမဟုတ် ဘူး။

ဧပြီလ ၂၈ ရက်နေ့

ယုဒအရင် ချီတက်ရမည်

“ထာဝရဘုရား​က “​ယုဒ​အမျိုး ချီတက်​ရ​မည်​။ ကြည့်ရှု​လော့​။ ဤ​ပြည်​ကို သူ​တို့​လက်​သို့ ငါ​အပ်​ပြီ​”​ဟု မိန့်​တော်မူ​၏​။” တရားသူကြီးမှတ်စာ ၁:၂

ယုဒဆိုတဲ့နာမည် အဓိပ္ပာယ်က ချီးမွမ်းခြင်းဖြစ်တယ်။ သူ့မိခင်က ခင်ပွန်းသည်ရဲ့ အချစ်ကို မရပေမဲ့ လူဆီကနေ မမျှော်လင့်တော့ပဲ အခြေနေတိုင်းမှာ ဘုရားကို ချီးမွမ်းဖို့ဆုံးဖြတ်ခဲ့တယ်။ ယုဒသည် ယာကုပ်ရဲ့ ၄ ယောက်မြောက်သားဖြစ်ပြီး နံပတ် ၄ ရဲ့အဓိပ္ပါယ်က ချိန်းချက်တဲ့အချိန်၊ တံခါးလို့ အဓိပ္ပာယ်ရတယ်။ ဘုရားကိုချီးမွမ်းခြင်း သင့်ဘဝရဲ့ အရေးကြီးတဲ့ ချိန်းချက်တဲ့အချိန် ဖြစ်စေပြီးတော့ ပွင့်ဖို့လိုအပ်တဲ့တံခါးတွေကို ပွင့်စေလိမ့်မယ်။ ဒါကြောင့် ဘုရားက ချီးမွမ်းခြင်းလို့အဓိပ္ပါယ်ရတဲ့ ယုဒကို ခါနာန်ပြည်ကိုသိမ်းဖို့သွားတဲ့အခါမှာ ရှေ့ဆုံးမှာ ချီတက်စေတယ်။

ဧပြီလ ၂၇ ရက်နေ့

ဘုရားရဲ့ လိပ်စာ

“သို့သော် ကိုယ်တော်​သည် သန့်ရှင်း​သော​အရှင်​ဖြစ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​၏​ချီးမွမ်း​ခြင်း​၌ စိုးစံ​တော်မူ​၏​။” ဆာလံကျမ်း‬ ‭၂၂:၃

ကောင်းကင်ဘုံမှာ ဘုရားကိန်းဝပ်တာ လူတိုင်းသိပြီးသားပါ။ ဒါပေမဲ့ မြေကြီးပေါ်မှာ ဘယ်နေရာမှာ ဘုရားနေရာယူပြီး စိုးစံသလဲ? ဘုရားက အဆောက်အအုံကောင်းတဲ့နေရာမှာ သူနေရာယူ စိုးစံဖို့ထက် နှလုံးသားနဲ့ သူ့ကို ချီးမွမ်းတဲ့အရပ်မှာ ကိန်းဝပ်ချင်တဲ့သူပါ။ ချီးမွမ်းခြင်းက ဘုရားနေရာယူ စိုးစံလာဖို့အတွက် အကောင်းဆုံး နေရာပေးခြင်းဖြစ်တယ်။ ကျန်တဲ့အရာတွေ ဘာတွေပဲရှိရှိ နှလုံးသားနဲ့ ချီးမွမ်းခြင်း မရှိတဲ့အရပ်မှာ ဘုရား ဘယ်တော့မှ နေရာယူ စိုးစံလာမှာမဟုတ်ဘူး။ ချီမွမ်းခြင်းအားဖြင့် ဘုရားကိန်းဝပ်တဲ့ပလ္လင်ပြင်ဆင်ပေးတဲ့ သူတွေ ဖြစ်ပါ။

ဧပြီလ ၂၅ ရက်နေ့

ဘာကြောင့် မကျော်လွန်နိုင်သေးတာလဲ?

“သို့​သော်​လည်း ဆု​တောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း​မှ​တစ်​ပါး အ​ဘယ်​သို့​သော​အား​ဖြင့်၊ ထို​အ​မျိုး​သည် မ​ထွက်​တတ်​ဟု မိန့်​တော်​မူ၏။” ရှင်မဿဲ‬ ‭၁၇:၂၁

ကိုယ့်ဘဝရဲ့ လမ်းခရီးအတွက် နတ်ဆိုးက နှောင့်ယှက်တယ်လို့ ခံစားနေရသလား? ပန်းတိုင်ရောက်ဖို့ ကန့်သတ်ခြင်း ခံထားရပြီး ဘယ်လိုမှ မောင်းထုတ်ဖယ်ရှား မရဘူးဖြစ်နေတယ်ဆိုရင် သခင်ယေရှုက အဖြေပေးထားတယ်။ အချို့သော နတ်ဆိုးတွေက အမိန့်ပေးရုံနဲ့ အသာတကြည်ထွက်ခွါမသွားတာဟာ မောင်းထုတ်တဲ့သူ ကိုယ်တိုင် ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ခြင်း အားနည်းနေသေးလို့ပါ။ အားကြီးတဲ့ နတ်ဆိုးတွေနဲ့ရင်ဆိုင်တဲ့အခါမှာ အားကြီးတဲ့ ဆက်ကပ်ခြင်း အထူးလိုအပ်တယ်။ ပုံမှန် အသက်တာနဲ့တော့ အားကြီးတဲ့ အဆီးတားတွေကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ပုံမှန် ဆက်ကပ်တဲ့သူဖြစ်မှပဲ ဘယ်လောက်ကြီးတဲ့အဆီးအတားကိုမဆို ဖယ်ရှားနိုင်လိမ့်မယ်။

ဧပြီလ ၂၄ ရက်နေ့

လွတ်မြောက် ပြီးတဲ့ သက်သေ

“ကိုယ်​တော်​သည် အ​ခွင့်​မ​ပေး။ သင်​သည် ကိုယ်​အိမ်​သို့​သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​နား​ခြင်း​စိတ်​တော်​နှင့် သင်၌ အ​ဘယ်​မျှ​လောက် ကျေး​ဇူး​ပြု​တော်​မူ​သည်​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အား ပြန်​ကြား​လော့​ဟု မိန့်​တော်​မူ​လျှင်၊-” ရှင်မာကု ၅:၁၉

နတ်ဆိုးလက်က လွတ်ပြီးတဲ့သူကို သခင်ယေရှုက ပြောခိုင်းတဲ့အရာ တစ်ခုရှိတယ်။ အနာရောဂါငြိမ်းတာတောင် သခင်ယေရှုက ဘယ်သူ့ကိုမှ မပြောခိုင်းဘူး။ နတ်ဆိုးလက်က လွတ်ပြီးတဲ့အခါမှာတော့ ဘုရားက ဘယ်လောက် တောင် ကျေးဇူးပြုသလဲဆိုတာကို လူတိုင်းကို ပြောခိုင်းတယ်။ လူတစ်ယောက် နတ်ဆိုးလက်က လွတ်မြောက်တဲ့သူ တစ်ယောက် ပြောရမယ့် စကားက ခံစားချက်တွေ၊ မကျေနပ်ချက်တွေ အကြောင်းမဟုတ်ဘူး။ လူတွေရဲ့ မကောင်းကြောင်းတွေ၊ ခံစားချက်တွေကို ပြောနေသရွေ့သေချာတယ်။ လွတ်မြောက်ခြင်းတကယ်မရသေးဘူး။ လွတ်မြောက်တဲ့သူထံမှာပြောစရာ ဘုရားဘယ်လောက် ကျေးဇူးပြုသလဲဆိုတာပဲရှိတယ်။

ဧပြီလ ၂၃ ရက်နေ့

သင်ပေးလို့ မတတ်နိုင်တဲ့သူ

“ခြေ​ချင်း၊ သံ​ကြိုး​နှင့် အ​ဖန်​များ​စွာ ချည်​စမ်း​သော်​လည်း၊ သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ ခြေ​ချင်း​ကို ဖြဲ​တတ်၏။ သူ့​ကို​ယဉ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​တတ်​နိုင်။-”ရှင်မာကု ၅:၄

ဘုရားက လူကိုဖန်ဆင်းကတည်း သင်ကြားတတ်မြောက်နိုင်တဲ့ အစွမ်းကို အထဲမှာ ထည့်ပေးပြီးသားပါ။ ဒါဆိုရင် ဘာလို့များ သင်ပေးလို့မတတ်နိုင်ရသလဲ​လို့ သင်မေးကောင်းမေးမယ်။ လေဂေါင်နတ်ဆိုးနဲ့ပတ်သက်ပြီး မှတ်ချက် ရေးထားတဲ့အရာကို ကြည့်တဲ့အခါမှာ ထူခြားတဲ့အချက်က သူ့ကို ဘယ်သူကမှ သင်ပေးလို့မရဘူးဆိုတဲ့အချက်ပါတယ်။ လူ့တွေနဲ့ အတူတူ နေထိုင်ဖို့အတွက် သင်ကြားပေးသမျှကို လက်မခံနိုင်ခြင်းက နတ်ဆိုးဆွဲတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ရှိတဲ့သူက သင်ကြားပေးတာကို တတ်မြောက်နိုင်ရုံမကဘူး မသင်ရတဲ့အရာတွေပါ တတ်မြောက်နိုင်ပေမဲ့ နတ်ဆိုးရှိတဲ့သူကတော့ ဘယ်လိုမှ သင်ပေးလို့မရဘူး။

ဧပြီလ ၂၂ ရက်နေ့

ဘုရားသခင်ကို အမှီပြု ပြီး

“အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​နှင့်​အ​ဘယ်​သို့ ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မ​မူ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ အ​ကျွန်ုပ် တောင်း​ပန်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် အော်​ဟစ်၍ လျှောက်​လေ၏။-” ရှင်မာကု ၅:၇

နတ်ဆိုးစွဲတဲ့ လေဂေါင်နှင့် သခင်ယေရှုတွေ့တဲ့အခါမှာ နတ်ဆိုးက ဘုရားသားမှန်းသိတယ်။ သူ့ကို မညှင်းဆဲဖို့ တောင်းပန်တယ်။ ဒီလိုတောင်းပန်တာတောင်မှ ဘုရားနာမကို ကိုင်ဆွဲပြီးတော့ တောင်းပန်တာ။ သူက အချိန်ကာလကိုလဲ​သိတယ်။ ဒီကာလက သူညှင်းဆဲခံရဖို့ အချိန်မဟုတ်သေးဘူးဆိုတာ ကောင်းကောင်းသိတယ်။ ဘုရားနာမကို ကိုင်ဆွဲပြီး တောင်းပန်တဲ့အခါမှာ သူတောင်းဆိုတဲ့အတိုင်း အခြားအရပ်ကို မနှင်ပဲ သူတောင်းဆိုတဲ့ ဝက်ထဲကို ဝင်ဖို့ ခွင့်ပြုပေးတယ်။ ဘုရားကို ပုန်ကန်ပြီး အမြဲတမ်း ရန်လုပ်တဲ့ နတ်ဆိုးတောင်မှ ဘုရားနာမကို အသုံးပြုပြီးတော့ ညှင်းဆဲခြင်းကနေ လွတ်မြောက်ပြီး၊ သူတောင်းဆိုတဲ့ အရာကိုရတယ်ဆိုရင် ဘုရားသားသမီးတွေအနေနဲ့ ဘုရားနာမကို အမှီပြုပြီး ဆင်းရဲခြင်းကနေ လွတ်တဲ့ဘဝကို၊ လိုချင်တဲ့ အရာတွေကို ပိုင်ဆိုင်ရတဲ့ဘဝကို မရစရာ ဘာများရှိအုံးမလဲ?

ဧပြီလ ၂၁ ရက်နေ့

အထဲမှာ ဘယ်သူရှိသလဲ? (၂)

“ထို့နောက် ကိုယ်တော်​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါဒရ​နယ်သား​တို့​၏​အရပ်​ဒေသ​သို့ ရောက်​တော်မူ​လျှင် နတ်ဆိုး​ပူး​သူ​နှစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အလွန်​ကြမ်းတမ်း​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သူမျှ ဖြတ်​၍​မ​သွား​နိုင်​ကြ​ချေ။”ရှင်မဿဲခရစ်ဝင် ၈:၂၈

ဝိညာဉ်ဆိုးရဲ့ထိန်းချုပ်ခြင်းခံရတဲ့သူက အခြားသူတွေသွားတဲ့လမ်းကို ပိတ်ဆို့လေ့ရှိတယ်။ လမ်းဖေါက်ထားတဲ့ရည်ရွယ်ချက်က သွားလာဖို့ဖြစ်ပေမဲ့ နတ်ဆိုးစွဲတဲ့သူက ကိုယ်တိုင်လဲ ဒီလမ်းကို မသုံးသလို အခြားသူတွေ သွားလာဖို့လဲ အခွင့်မပေးဘူး။ ဘုရားသားသခင်ယေရှုကျတော့ ကိုယ်တိုင်လဲ​လမ်းဖြစ်သလို၊ ပိတ်နေတဲ့လမ်း တွေကိုလဲ ဖွင့်ပေးတဲ့သူဖြစ်တယ်။ သခင်ယေရှုက လေဂေါင်နတ်ဆိုးကို မောင်းထုတ်လိုကတာဟာ ဘယ်သူမှ သုံးလို့မရတဲ့ လမ်းကို ဖွင့်ပေးလိုက်ခြင်းပါ။ နတ်ဆိုး ရှိတဲ့သူက အခြားသူတွေရဲ့ လမ်းကိုပိတ်ပြီး သခင်ယေရှုရှိတဲ့သူကတော့ ပိတ်နေတဲ့လမ်းတွေကို ဖွင့်ပေးနိုင်တဲ့သူဖြစ်တယ်။

ဧပြီလ ၂၀ ရက်နေ့

အထဲမှာ ဘယ်သူရှိသလဲ?

“ခြေ​ချင်း၊ သံ​ကြိုး​နှင့် အ​ဖန်​များ​စွာ ချည်​စမ်း​သော်​လည်း၊ သံ​ကြိုး​ကို​ဆွဲ​ဖြတ်၍ ခြေ​ချင်း​ကို ဖြဲ​တတ်၏။ သူ့​ကို​ယဉ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​မျှ မ​တတ်​နိုင်။-” ရှင်မာကု ၅:၄

ဂါဒရအရပ်က နတ်ဆိုးစွဲတဲ့သူ အကြောင်းကို ကြည့်တဲ့အခါမှာ သူဟာ ကြမ်းတမ်းစွာနဲ့ ပြုမူတတ်သူတစ်ယောက် ဖြစ်ပြီးတော့ ဘယ်တော့မှ ဘယ်လိုမှ သင်ပေးလို့ မရဘူးဆိုတာ တွေ့ရတယ်။ အထဲမှာ နတ်ဆိုးရှိတဲ့အခါမှာ ကောင်းတဲ့အရာတွေ၊ တိုးတက်ဖို့ အကြောင်းတွေကို သင်ကြားပေးဖို့ မဖြစ်နိုင်ခဲ့ဘူး။ ကိုယ်တိုင်ကိုရော အခြားသူကိုပါ ဒုက္ခပေးတတ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်အထဲမှာ ရှိတဲ့အခါမှာ သူဟာ သမ္မာတရားကို အကြွင်းမဲ့သွန်သင်ပေးတဲ့သူဖြစ်ပြီးတော့ တိုးတက်အောင် သင်ကြားခြင်းခံယူတဲ့သူဖြစ်လာစေတယ်။ တချို့က ကောင်းတာ သင်ပေးလို့မရဘူး။ အရင်အတိုင်းပဲ​အရင်လိုပဲ အသက်ရှင်နေထိုင်ဖို့ ရွေးချယ်ကြတယ်။ သန့်ရှင်းသောဝိညာဉ်တော် ရှိတဲ့သူကတော့ အဲ့လိုမဟုတ်ဘူး အမြဲတမ်း တိုးတက်ဖို့သင်ကြားခံယူနေတဲ့သူဖြစ်လာတယ်။

ဧပြီလ ၁၈ ရက်နေ့

တည်ဆောက်ဖို့အတွက်

“ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​နည်း။ သင်​တို့ စည်း​ဝေး​ကြ​သော​အ​ခါ၊ ဆာ​လံ​သီ​ချင်း​ကို ရ​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ စ​ကား​ကို ရ​သော​သူ၊ အ​ခြား​သော ဘာ​သာ​စ​ကား​ကို ရ​သော​သူ၊ ဗျာ​ဒိတ်​တော်​ကို ရ​သော​သူ၊ အ​နက်​ဖော်​ပြ​ရာ​ကို ရ​သော​သူ၊ အ​သီး​အ​သီး​ရှိ​ကြ​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ စီ​ရင်​ကြ​လော့။-” ၁ ကောရိန္သု ၁၄:၂၆

ရထားတဲ့ဆုကျေးဇူးလဲ မတူသလို၊ လုပ်ဆောင်နိုင်တာလဲ မတူဘူး။ ဘာပဲလုပ်လုပ်၊ ဘာပဲရရ၊ လုပ်သမျှဟာ တည်ဆောက်ဖို့ပဲ ဆိုတာ မမေ့နဲ့။ ဆာလံသီချင်းတွေ အသင်းတော်မှာ အသုံးပြုတဲ့အခါမှာ ရည်ရွယ်ချက်က တည်ဆောက်ဖို့အတွက်ပဲ။ ဒါကြောင့် ကိုယ် သီဆိုချီးမွမ်းနေတဲ့အရာတွေ၊ လုပ်ဆောင်နေတာတွေက တည်ဆောက်ခြင်း ကို ဖြစ်စေသလား ? ပြိုပျက်ခြင်း ဘက်ကို သွားသလား ? ဒါကို ကြည့်ပြီးတော့ ပဲ​ဆုံးဖြတ်တယ်။ တည်ဆောက်ခြင်းကို မဖြစ်စေတဲ့ အရာတွေကို နေရာမပေးမိဖို့လိုတယ်။ တည်ဆောက်ခြင်းကို ဖြစ်စေရင်တော့ ဘုရားက မတားပါဘူး။ ချီးမွမ်းခြင်း ကိုးကွယ်ခြင်း ဟောပြောခြင်းနှင့် လုပ်ဆောင်အားလုံးက တည်ဆောက်ဖို့အတွက်ပဲ ဘုရားက သုံးစေချင်တာပါ။

ဧပြီလ ၁၇ ရက်နေ့

ဆာလံသီချင်းကိုဆိုပါ

“သင်​တို့​တွင် ဆင်း​ရဲ​ခံ​ရ​သော​သူ​ရှိ​လျှင် ဆု​တောင်း​စေ။ ရွှင်​လန်း​သော​သူ​ရှိ​လျှင် ဆာ​လံ​သီ​ချင်း​ကို​ဆို​စေ။-” ရှင်ယာကုပ် ၅:၁၃

ဆာလံ သီချင်းက ဝမ်းမြောက်ရာကာလအတွက်ဖြစ်တယ်။ လူတိုင်းမဆိုနိုင်ဘူး။ ဆိုဖို့ ခက်ခဲတဲ့ကာလတွေ အများကြီးရှိနိုင်တယ်။ လူတိုင်းလဲဆိုဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဆာလံသီချင်းဟာ ဆင်းရဲခံရတဲ့သူတချို့နှင့် ဆင်းရဲသားစိတ်ဓါတ်ရှိတဲ့သူ တချို့ကတော့ လက်ခံပြီးဆိုနိုင်ဖို့ ခက်လိမ့်မယ်။ တချို့ဆာလံ သီချင်းတွေက ဝိညာဉ်တိုက်ပွဲ သီချင်းဖြစ်သလို၊ တချို့ ဆာလံသီချင်းတွေက အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ပရောဖက်ပြုခြင်းဖြစ်တယ်။ တချို့ဆာလံသီချင်းတွေက လက်ခံဖို့တောင် ခက်ခဲနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆာလံသီချင်းက ဝမ်းမြောက်ခြင်းကို တကယ်သဘောပေါက်တဲ့ သူတွေပဲ သီဆိုနိုင်တယ်။

ဧပြီလ ၁၆ ရက်နေ့

နှုတ်ကပတ်တော် အသက်တာထဲမှာ ကြွယ်ဝစွာ နေရာယူဖို့အတွက်

“ခရစ်တော်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​၌ ကြွယ်ဝ​စွာ​တည်​စေ​၍ အချင်းချင်း​တို့​ကို အမျိုးမျိုး​သော​ဉာဏ်ပညာ​ဖြင့်​သွန်သင်​လျက် သတိပေး​ဆုံးမ​ကာ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို သင်​တို့​၏​စိတ်နှလုံး​နှင့်တကွ ဘုရားသခင်​ထံ သီဆို​ကြ​လော့။” ကောလောသဲဩဝါဒစာ ၃:၁၆

တမန်တော်ကြီးရှင်ပေါလုက ဝိညာဉ်တော်နှင့်ပြည့်ဝဖို့ သီချင်း အမျိုးမျိုး သီဆို ချီးမွမ်းဖို့ ပြောသလိုပဲ၊ နှုတ်ကပတ်တော် အသက်တာမှာ ကြွယ်ဝစွာနေရာယူဖို့အတွက်လဲ ချီးမွမ်းခြင်းက အရေးကြီးတယ်ဆိုတာကို သွန်သင်ပေးတယ်။ ချီးမွမ်းတဲ့သီချင်း သီဆိုချီးမွမ်းခြင်းက အသက်တာကို နှုတ်ကပတ်တော်နှင့်ဖြည့်နေတယ်ဆိုတာသိစေချင်တယ်။ ဒါကြောင့် နှုတ်ကပတ်တော်ထဲက ကတိတော်တွေ၊ ပရောဖက်ပြုချက်တွေထဲကနေ သီချင်းပြုလုပ်ပြီးသီဆိုခြင်းဟာ အသက်တာကိုနှုတ်ကပတ်တော်နှင့်ဖြည့်ဆည်းနေခြင်းဆိုတာသိဖို့လိုတယ်။ နှုတ်ကပတ် တော်ကို အခြေမခံတဲ့ သီချင်းတွေကတော့ သတိထားရမယ်။ နှုတ်ကပတ်တော်နှင့် ကြွယ်ဝဖို့အတွက် ဘုရားစကားတွေကို သီချင်းပြုလုပ်ပြီးတော့ စိတ်နှလုံးနှင့် ချီမွမ်းတတ်ဖို့ အရေးကြီးတယ်။ ဒီမှာ တမန်တော်ကြီးသီဆိုခိုင်းတဲ့ သီချင်း (၃) မျိုးရှိတယ်။ ဆာလံသီချင်း၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးရာဆိုင်ရာ သီချင်းများဖြစ်တယ်။ ဒီသုံးမျိုး လုံး ဘုရားရှေ့မှာချီးမွမ်းပါ။

ဧပြီလ ၁၅ ရက်နေ့

ကောင်းကင် နိုင်ငံရဲ့ ချီးမွမ်းခြင်း

“ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-” ဗျာဒိတ် ၂၅:၃

မြေကြီးပေါ်မှာပဲချီးမွမ်းကိုးကွယ်ကြတာမဟုတ်ပါဘူး။ တစ်နေ့ ကောင်းကင်မှာလဲ အားလုံး ဘုရားရဲ့ရှေ့မှာ ချီးမွမ်း ကိုးကွယ်ကြရမှာပါ။ ဒါဆိုရင် ကောင်းကင်နိုင်ငံရဲ့ ချီးမွမ်းခြင်း သီချင်းတွေက ဘာတွေများလဲ? ဆိုတဲ့သီချင်းတွေထဲမှာ မောရှေ၏သီချင်းနဲ့ သိုးသူငယ်ရဲ့သီချင်းဆိုတာတွေ့ရတယ်။ မော​ရှေရဲ့သီချင်းနဲ့ပတ်သက်ပြီးတော့ ဖေါ်ပြထားတဲ့ အဓိကအရာတွေကတော့ ထွက်မြောက်ရာ ၁၅ ပယ်လယ်နီဖြတ်သန်းပြီးတော့ အောင်ပွဲခံပြီးသီဆိုတဲ့သီချင်း၊ တရားဟောရာ ၃၂မှာ သူမသေခင် ဣသရေလလူမျိုးတွေကို အနာဂတ်ဟောပြောခြင်းနဲ့ဆိုင်တဲ့ သီချင်းနှင့် ဆာလံ ၉၀ မှာ ဆုတောင်းလျှက်သီဆိုသောသီချင်းတွေကို တွေ့ရတယ်။ ဒီသီချင်းတွေကို ကောင်းကင်မှာ တောင် ပြန်သီဆိုအုံးမယ်ဆိုတော့ အံ့ဩစရာတော့ ကောင်းတယ်။ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းနဲ့ ဟာလေလုယဆိုပြီး ဘုရားဘုန်းတော်ကိုပဲ ဖွဲ့နွဲ့တဲ့သီချင်းတွေပဲဆိုမှာ မဟုတ်ဘူး။ မြေကြီးပေါ်မှာအောင်ပွဲခံတဲ့သီချင်း၊ ဝိညာဉ်တိုက်ပွဲသီချင်းတွေကိုလဲ​သီဆိုကြအုံးမယ်။

ဧပြီလ ၁၄ ရက်နေ့

ဝိညာဉ်တော်နှင့်ပြည့်ဝစေရန် (၂)

“လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။- ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။-” ဧဖက် ၅:၁၈-၁၉

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် သီဆိုချီးမွမ်းရတဲ့ သီချင်းတွေမှာ ဆာလံသီချင်းနှင့် ဓမ္မသီချင်း အမျိုးမျိုးဆိုတာကို တမန်တော်ကြီးရှင်ပေါလုက ရေးသားတယ်။ ဓမ္မသီချင်းတောင်မှ တစ်မျိုးထဲ မဟုတ်ဘူး။ အမျိုးမျိုးရှိတယ်။ တစ်မျိုးထဲ ဆိုပါလို့ အကြံမပေးဘူး။ ကိုယ်နှစ်သက်ရာ ကိုယ်စိတ်ဝိညာဉ်နဲ့ ထိတွေ့တဲ့ သီချင်းဆိုနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက်၊ အသင်းတော်တစ်ခုနဲ့ တစ်ခုအကြိုက်ချင်းတော့တူမှာမဟုတ်သလို ဖွင့်ပြခြင်းလဲ တူမှာ မဟုတ်ဘူး။ ဘယ်သီချင်းဆိုတာမှ မှန်ပြီးတော့ ဘယ်သီချင်းဆိုတာက မှားနေတယ်ဆိုတာ မရှိပါဘူး။ အရေးကြီးဆုံးကတော့ နူးညွတ်တဲ့စိတ်နှလုံးဖြစ်ပြီးတော့ ဘုရားရှေ့မှာ သီဆိုချီးမွမ်းခြင်း ဖြစ်ဖို့ပဲလိုတယ်။ ဆာလံသီချင်းတွေကို လေ့လာတဲ့အခါမှာလဲ ဘာတွေတွေ့ရသလဲဆိုရင် ဘုရားရဲ့ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းတွေကို ရေးဖွဲ့ထား တာတွေ့ရသလို၊ ရန်သူတွေကို တိုက်ခိုက်တဲ့သီချင်းတွေ၊ ဘုရားပေးတဲ့ ကောင်းကြီးတွေကို ရေတွက်တဲ့သီချင်းတွေနဲ့ ဘုရားလုပ်ပေးခဲ့တဲ့ အောင်မြင်ခြင်းတွေကို ဝန်ခံကြွေးကြော်တဲ့ သီချင်းတွေလဲ ပါဝင်နေတယ်။ တချို့စာသားတွေဆိုရင် သီချင်းထဲမှာ မပါသင့်တဲ့အရာတွေလို့ ထင်စရာရှိတဲ့ အရာတွေတောင်ပါတယ်။ ရန်သူတွေကို ဘယ်လို ဖြစ်ပါစေဆိုတဲ့ အကျိန်တိုက်ထားသလို စာသားတွေလဲပါဝင်တယ်။ လူ့အနေနဲ့ ပြောရင် ဒါတွေကို သီဆိုပြီးတော့ ဝိညာဉ်တော် နှင့်ပြည့်ဝနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? ဘုရားရဲ့ ပညာတော်ကို လူ့ဉာဏ်နှင့် မမှီနိုင် ဘူးဆိုတာ သိထားဖို့ပါပဲ။

ဧပြီလ ၁၃ ရက်နေ့

ဝိညာဉ်တော်နှင့်ပြည့်ဝစေရန်

“လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။- ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း အ​မျိုး​မျိုး​တို့​ကို အ​ချင်း​ချင်း ပြော​ဆို​ဖတ်​ရွတ်၍၊ နူး​ညွတ်​သော စိတ်​နှ​လုံး​နှင့် သ​ခင်​ဘု​ရား​ရှေ့​တော်၌ ကျူး​ဧ၍​သီ​ချင်း ဆို​ကြ​လော့။-” ဧဖက် ၅:၁၈-၁၉

တမန်တော်ကြီးရှင်ပေါလုက လောကကြီးမှာ အချိန်ကိုတန်ဖိုးရှိစွာ ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို သင်ပေးတယ်။ အချိန်က တန်ဖိုးရှိတယ်ဆိုတာ လူတိုင်းသိတယ်။ ရှိတဲ့အချိန်လေးမှာ အသက်တာကိုယ် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဖြည့်ဆည်းတတ်တဲ့သူက ကိုယ့်အချိန်ကို အကောင်းဆုံး အသုံးပြုတဲ့သူဖြစ်သလို ကိုယ့်ဘဝကိုလဲ တန်ဖိုး မြင့်တက်လာအောင် လုပ်ဆောင်နေတဲ့သူလဲ ဖြစ်တယ်။ ဝိညာဉ်တော်နှင့်ပြည့်လာတဲ့အခါမှာ ဆုကျေးဇူး အမျိုးမျိုး၊ ဝိညာဉ်အသီးအမျိုးမျိုးဖြင့် အသက်တာက လှပတင့်တယ်လာပြီးတော့ တန်ဖိုးပိုရှိလာတယ်။ ဘဝကို သန့်ရှင်းသောဝိညာဉ်တော်နှင့် အချိန်ယူပြီး ဖြည့်ဆည်းတတ်ဖို့ လိုတယ်။ တမန်တော်ကြီး ဘယ်လို သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဖို့လုပ်ရမလဲဆိုတာ လမ်းညွှန်ပေးတယ်။ ဆာလံသီချင်းနှင့် ဓမ္မသီချင်းအမျိုးမျိုးကို နူးညွတ် တဲ့နှလုံးသားနှင့် သီဆိုကိုးကွယ်ခြင်းက သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝဖို့ရန် ဖြစ်စေတယ်။

ဧပြီလ ၁၁ ရက်နေ့

တစ်လမ်းထဲကလာပေမဲ့ လမ်းခုနှစ်သွယ်ဖြင့် ပြေး

“သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။” တရားဟောရာ ၂၈:၇

ဘုရားပေးတဲ့ကောင်းကြီးတွေထဲမှာ ဘာလဲပါသလဲဆိုရင် ရန်သူတွေက တစ်လမ်းထဲက သင့်ကိုတိုက်ဖို့ လာပေမဲ့၊ သင့်ကို ပြိုလဲစေမှာ ခက်ခဲစေမှာမဟုတ်ဘူး။ ရန်သူတွေကပဲ မတူတဲ့လမ်း (၇)ခုဖြင့် သင့်ဆီကနေ ပြေးရမယ်။ ရန်သူတွေရှေ့မှာ သင်ပြေးစရာမလိုပါဘူး။ ရန်သူတွေကြောင့် ဘယ်တော့မှ ဘဝပျက်ဆီး မှာမဟုတ် ဘူး။ ဘုရားပေးတဲ့အောင်မြင်ခြင်ဆိုတာ လုပ်ဆောင်နိုင်ခြင်းကြောင့် မဟုတ်ဘူး၊ ကိုယ်အရည်အချင်းကြောင့်မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ ဘုရားပေးတဲ့ကောင်းကြီးမင်္ဂလာအားဖြင့် ရန်သူတွေအားလုံးကို ပြေးစေတဲ့သူ ဖြစ်လာစေမယ်။

ဧပြီလ ၁၀ ရက်နေ့

ဖြောင့်မတ်သူခံရတဲ့အမွေ

“သင့်​ကို​တိုက်ခိုက်​ရန် ထုတ်လုပ်​သော​လက်နက်​ရှိသမျှ​သည် အထမြောက်​မည်​မ​ဟုတ်​။ သင်​နှင့်​တရားဆိုင်​၍ သင့်​ကို​ဆန့်ကျင်​သော​လျှာ​ရှိသမျှ​တို့​ကို သင်​က အောင်​နိုင်​လိမ့်မည်​။ ဤသည်ကား ထာဝရဘုရား​၏​အစေအပါး​တို့ ရရှိ​သော​အမွေ​၊ ငါ့​ထံမှ​ရရှိ​သော​ဖြောင့်မတ်​ခြင်း​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။” ဟေရှာယအနာဂတ္တိကျမ်း ၅၄:၁၇

အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ နည်းပညာရဲ့တိုးတတ်မှုဟာလဲ ကြောက်စရာ ကောင်းလောက်အောင်ပါပဲ။ အေအိုင်တွေရဲ့ နေရာယူစိုးမိုးလာမှုဟာလဲ တစ်နေ့တခြား လူသားမျိုးနွယ်စုတစ်ခုလုံးကိုတောင် စိန်ခေါ်နေတဲ့အထိပါပဲ။ တချို့နည်းပညာတွေဆို လူတွေအသက်ရှင် ရပ်တည်ဖို့တောင် စိုးရိမ်ရတဲ့အထိ ကြီးထွားလာတယ်။ ဘယ်လောက်ပဲ တိုးတက်ကြီးထွားပြီး နေရာယူပါစေ ဖြောင့်မတ်သူအတွက်ကတော့ ကြောက်ဖို့မဟုတ်ပါဘူး။ ဒီအရာတွေက ဘုရားသားသမီးအတွက် တိုက်ခိုက်ဖို့ ဖြစ်လာတယ်ဆိုရင် တော့ ဘုရားက ခွင့်ပြုမှာမဟုတ်ဘူး။ ဖြောင့်မတ်သူတွေကို တိုက်ခိုက်မယ့် လက်နက် ဘာတစ်ခုမှအထမြောက်မည်မဟုတ်လို့ကတိပေးထားတယ် မဟုတ်လား ? ဒါကြောင့် ဘုရားစကားကို စိတ်ချပြီး အသက်ရှင်ပါ။ ထွက်ပေါ်လာသမျှ အရာတွေ၊ တိုးတက်လာတဲ့အရာတွေကို သင့်ကိုတိုက်ခိုက်ဖို့ မဟုတ်ပဲ​ကောင်းကြီးဖြစ်စေဖို့ပါပဲ။

ဧပြီလ ၉ ရက်နေ့

ဘုရားသွန်သင် ဆုံးမခြင်းရောက်လာတဲ့အခါမှာ

“ကိုယ်တော်​သည် လူမျိုးတကာ​တို့​ကို တရားစီရင်​၍ လူ​များစွာ​တို့​ကို ဆုံးမ​တော်မူ​မည်​။ ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​ဓား​များ​ကို ထယ်​များ​အဖြစ်​၊ မိမိ​တို့​၏​လှံ​များ​ကို တံစဉ်​များ​အဖြစ် ထုလုပ်​ကြ​လိမ့်မည်​။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး ဓား​ကို​မြှောက်​၍ တိုက်ခိုက်​တော့​မည်​မ​ဟုတ်​။ စစ်ရေး​လေ့ကျင့်​ခြင်း​လည်း ရှိ​တော့​မည်​မ​ဟုတ်​။” ဟေရှာယအနာဂတ္တိကျမ်း 2:4

ဘုရားရဲ့သွန်သင်ဆုံးမခြင်း ရောက်လာတဲ့အခါမှာ စစ်ပွဲ တွေရပ်တန့် သွားပြီးတော့ လက်နက်တွေနေရာမှာ ဖွံ့ဖြိုးတိုးတက်ရေး ပစ္စည်းတွေဖြစ်လာတယ်။ လူတွေကို ဒုက္ခပေးတဲ့ အရာတွေကနေ လူတွေကို အကျိုးပြုတဲ့အရာတွေ ရိတ်သိမ်းခြင်းအတွက် လိုအပ်တဲ့ အရာတွေဖြစ်လာစေတယ်။ စစ်ပွဲတွေပြီးတိုင်းမှာ ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးပေးတယ်။ ရန်လို မုန်းတီးမှုတွေ မရှိတော့အခါမှာ ပိုလှပတဲ့ ကမ္ဘာကြီးကို မြင်ရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲကြီးတွေ ရဲ့ဒဏ်ကို ပြန်လည် ကုသပေးတဲ့ နိုးထမှုကြီးတွေက အမြဲတမ်း ဘုရားစေလွှတ်ပေးလေ့ရှိတယ်။ စစ်ပွဲတွေရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ နိုးထမူကြီးတွေက နိုင်ငံနှင့် လူမျိုးတွေကို နာကျည်း မုန်းတီးမှုတွေကနေ နိုးထစေပြီးတော့ သာယာလှပတဲ့ အနာဂတ်သစ်ကို ပို့ဆောင်ပေးလိမ့်မယ်။

ဧပြီလ ၈ ရက်နေ့

ဆိုးရွားနေတဲ့ကြားမှာ တိုးပွါးနေဆဲဖြစ်ဖို့

“ထို့ကြောင့် ဆိုးညစ်​သော​နေ့ရက်​ကာလ​၌ ကြံ့ကြံ့​ခံ​၍ အလုံးစုံ​တို့​ကို​ပြီးမြောက်​စေ​လျက် ရပ်တည်​နိုင်​ရန် ဘုရားသခင်​၏​လက်နက်​စုံ​ကို ဆောင်ယူ​ကြ​လော့။” ဧဖက်ဩဝါဒစာ ၆:၁၃

လောကစစ်ပွဲ၊ ဝိညာဉ်ရေးရာစစ်ပွဲတွေကြားမှာ ရပ်တည်နိုင်ဖို့အတွက် ဘုရားပြင်ဆင်ထားတဲ့ လက်နက်စုံအမြဲဝတ်ဆင်ထားဖို့လိုတယ်။ ဘုရားပြင်ဆင်ထားတဲ့ လက်နက်တွေမရှိရင်၊ ဒါမှမဟုတ် မဝတ်ထားရင် ခံနိုင်ရည်ရှိဖို့မလွယ်ဘူး။ ရင်ဆိုင်နေရတဲ့ အရာတွေကို ခံနိုင်ရည်ရှိပြီးအောင်မြင်စွာကျော်လွှားစေဖို့က လက်နက်အစုံကို အသုံးပြုတတ်ဖို့လိုတယ်။ ဘုရားပြင်ဆင်ပေးထားတဲ့လက်နက်စုံကို အသုံးပြုတတ်တဲ့သူကတော့ ခံရပ်နိုင်ရုံသာမကပဲ ဒီအရာတွေကြားမှာပဲ ဘုရား ကိုယ့်အပေါ်မှာ ထားတဲ့ အလိုတော်ကို ပြီးစီးအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ဧပြီလ ၇ ရက်နေ့

သူ့အချိန်နဲ့ သူပါပဲ

“ချစ်​ရ​သော​အ​ချိန်​နှင့် မုန်း​ရ​သော​အ​ချိန်​လည်း ရှိ၏။ စစ်​တိုက်​သော​အ​ချိန်​နှင့် စစ်​ငြိမ်း​ရ​သော​အ​ချိန်​လည်း ရှိ၏။”ဒေသနာ ၃:၈

ဆိုးတာတွေလာပြီးရင် ကောင်းတာတွေလဲ လာအုံးမှာပါ။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့အရာတွေက တသတ်မတ်ထဲ ၊ တစ်ပုံစံထဲမသွားပါဘူး။ သူ့အချိန်ကာလနဲ့ သူ ဘုရားရဲ့ထိန်းချုပ်မှုအောက်မှာ ဖြစ်ပေါ်နေပါတယ်။ ဒီနေ့ဖြစ်ပျက်နေတဲ့အရာတွေအားလုံးက တစ်ပုံစံထဲ၊ ဒီအတိုင်းပဲ သွားမှာ မဟုတ်ဘူး။ ဒီအရာတွေရဲ့အလွန်မှာ ပိုကောင်းတဲ့ အခွင့်အရေးတွေ၊ အဖြစ်ပျက်တွေ ဖြစ်လာအုံးမယ်။ ဒါကြောင့် လက်ရှိအခြေအနေကိုပဲ အဆုံးလို့ထင် မှတ်သွားရင်တော့ မှားပါလိမ့်မယ်။ အမှောင်ဆုံးအချိန်လာပြီးရင် လင်းလာတော့မယ်ဆိုတာ မမေ့စေချင်ဘူး။

ဧပြီလ ၆ ရက်နေ့

စစ်ပွဲတွေကြားမှာ ဘယ်လို စိတ်နှလုံးသားရှိရမလဲ?

“သင်​တို့​သည် စစ်​တိုက်​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။ ထို​အ​မှု​အ​ရာ​များ​သည် ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည်​မ​ဖြစ်​သေး။-” ရှင်မဿဲ ၂၄:၆

တပည့်တော်တွေကမေးကြတယ် ဘယ်အချိန်မှာ ကိုယ်တော်ပြန်လာမလဲ?ကိုယ်တော် ပြန်လာတော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ? ဒီမေးခွန်းမေးပေးတဲ့ တပည့်တော်တွေကိုကျေးဇူးတင်ဖို့ကောင်းတယ်။ ဒီနေ့ခေတ်ကာလ လူတွေအတွက် တကယ်ကိို အဖိုးထိုက်တန်တဲ့ မေးခွန်းဖြစ်ပြီးတော့ သခင်ယေရှုဖြေခဲ့တဲ့ အရာကလဲ လူတိုင်းသိထားသင့်တဲ့အဖြေ ဖြစ်ခဲ့တယ်။ သခင်ပြန်လာတော့ မယ်ဆိုတဲ့ အချက်ပြမှုတွေထဲမှာ စစ်ပွဲသတင်းနဲ့ စစ်ဖြစ်ခြင်း အကြောင်းအရာကလဲ ထိပ်ဆုံးကပါဝင်တယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေးလို့ ပါးစပ်က မချပေမဲ့ စစ်ပွဲတွေကတော့ ပိုပြီး‌တော့မြင်တွေ့လာရတယ်။ သခင်ယေရှုပြောတဲ့ နေ့ရက်ကာလ ဖြစ်တယ်ဆိုတာငြင်းစရာမရှိဘူး။ ဒါဆိုရင် ဒီအရာက အဆုံးဖြစ်တော့မှာလားဆိုရင်တော့ မဟုတ်သေးပါဘူး။ စစ်တွေတော့ ပိုဖြစ်လာမယ်။ စစ်ဖြစ်ဖို့ အခြေအနေတွေလဲပိုပြီး မြင်တွေ့ရပေမဲ့ သခင်ယေရှုက မှာတာကတော့ စိုးရိမ်တုန်လှုပ်ခြင်းမရှိဖို့ သတိပြုဖို့ပါပဲ။ စိုးရိမ်နေမယ် စိတ်ပူနေမယ်ဆိုရင်တော့ သခင်မှာထားတဲ့ စကားကို စိတ်မချတာပါပဲ။ စိတ်ပူနေမယ့်အစား ဆုတောင်း ပေးခြင်းကိုပဲ ရွေးချယ်ပါ။

ဧပြီလ ၄ ရက်နေ့

ပရောဖက်ပြုချက်က နှစ်ဖက်အလုပ်လုပ်တယ်

“ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။-” တမန်တော် ၁၀:၂၂

ပရောဖက်ပြုချက်တွေ အသက်တာထဲကို ရောက်လာတဲ့အခါမှာသိဖို့ လိုအပ်တဲ့အရာတစ်ခုက ဘယ်တော့မှ ဘုရားက တစ်ဖက်ထဲ အလုပ်မလုပ်ဘူး။ အမြဲတမ်း နှစ်ဖက် အလုပ်လုပ်တယ်။ ပေတရုကို သန့်ရှင်းသောဝိညာဉ်တော်က စကားပြောသလို၊ တစ်ဖက်မှာလဲ ကော်နေလိကိုလဲ ဘုရားက စကားပြောတယ်။ ဘုရားက တစ်ဖက်ထဲကို အလုပ်မလုပ်ဘူး။ အမြဲတမ်း နှစ်ဖက်စလုံးအတွက် အလုပ်လုပ်တယ်၊ ဖွင့်ပြတယ်။ တစ်စုံတစ်ခု သင့်ဆီကို ဘုရားရဲ့ပရောဖက်ပြုချက်ရောက်လာရင်၊ ဒါမှမဟုတ် ဘုရားဖွင့်ပြတယ်ဆိုပြီးတော့ သင့်ကိုလာပြောတဲ့ သူတွေ နဲ့တွေ့ရင် ကြောက်စရာ မလိုပါဘူး။ ဘုရားက တစ်ဖက်သတ်အလုပ်လုပ်တာမဟုတ်ပဲ နှစ်ဖက်စလုံးအတွက် အလုပ်လုပ်တယ်ဆိုတာကို စိတ်ချပြီးတော့ ဘုရားက နှစ်ဘက်လုံးကို ဖွင့်ပြတဲ့အထိစောင့်ပါ။

ဧပြီလ ၃ ရက်နေ့

ပရောဖက်ပြုချက်တွေကို နားလည်ချင်တယ်ဆိုရင်

“ဖိလိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပရောဖက်​ဟေရှာယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သဖြင့် “သင်​ဖတ်​နေ​သော​အရာ​ကို နားလည်​ပါ​သလော”​ဟု မေး​လေ​၏။ ထို​မှူးမတ်​က​လည်း “အကျွန်ုပ်​အား ရှင်းပြ​ပေး​သူ​မ​ရှိ​လျှင် မည်သို့​နားလည်​နိုင်​ပါ​မည်နည်း”​ဟု ဆို​ပြီးလျှင် ဖိလိပ္ပု​အား ရထား​ပေါ်​တက်​၍ မိမိ​နှင့်အတူ​ထိုင်​ရန် ဖိတ်ခေါ်​လေ​၏။” တမန်တော်ဝတ္ထု ၈:၃၀-၃၁

ပညာနဲ့ပြည့်စုံပြီးတော့ နိုင်ငံခေါင်းဆောင်ကတောင် အမှီပြုရတဲ့ အမတ်ကြီးက ပရောဖက်ပြုချက်စာစောင်ကို ဖတ်ပြီး နားမလည်ဖြစ်နေရှာတယ်။ သူဟာ ဗိမာန်တော်မှာ ဝတ်ပြုပြီးတာတောင် လမ်းမှာ ဆာငတ်လွန်းလို့ ပရောဖက်ဟေရှာယရဲ့ စာစောင်ကို ဖတ်နေရှာတယ်။ ပရောဖက်ပြုချက်ဆိုတာ ကိုယ့်အလိုလျှောက် အနက်မပေါ်ဘူးဆိုတော့ သူ့ရှိတဲ့ ဉာဏ်ဟာ ပရောဖက်ပြုချက်တွေကို နားလည်ဖို့အတွက်မမှီရှာဘူး။ ဒါကြောင့်ဖိလိပ္ပု မေးတဲ့အခါမှာ ရိုးသားစွာပြန်ဖြေရှာတယ်။ ရှင်းပြမည့်သူ မရှိရင် ဘယ်လောက်ပဲ ပညာတွေတတ်ပါစေ။ ရာထူး စည်းစိမ်တွေနဲ့ အပြည့်ရှိလဲ နားလည်နိုင်မှာ မဟုတ်ဘူး။ ဆာငတ်တဲ့သူကို ပစ်မထားတဲ့ ဘုရားက အမတ်ကြီးဆီကို ပရောဖက်ပြုချက်ရဲ့ အနက်ကို နားလည်နိုင်ဖို့အတွက် ဝိညာဉ်တော်နှင့်ပြည့်ဝတဲ့ လူကို လွှတ်ပေးတယ်။ ဝိညာဉ်တော်နှင့် သွားလာတဲ့သူကပဲ ပရောဖက်ပြုချက် အနက်အဓိပ္ပါယ်ကို အတိအကျ ဖေါ်ထုတ်နိုင်တယ်။

ဧပြီလ ၂ ရက်နေ့

ပရောဖက်ပြုချက် ပြည့်စုံဖို့ ဆန့်ကျင်င်ခံရခြင်း

“လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို ရန်​ဘက်​ပြု​လျက် စည်း​ဝေး​ကြ၏​ဟု ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊-” တမန်တော် ၄:၂၆

ဘယ်သူကမှ ဆန့်ကြင်ခံရတာ ၊ရန်လုပ်ခံရတာကို ကြိုက်မှာမဟုတ်ပါဘူး။ ဒီလို မျိုးကြုံရင်လဲ​ဝမ်းနည်းတတ်ကြတယ်။ငါလုပ်တာ များ မှားနေပြီလား လို့ မေးခွန်းလဲ ထုတ်တတ်ပြီး ဆက်လုပ်ဖို့တောင် တုန့်ဆိုင်း သွားတတ်ကြပါတယ်။ တကယ်တော့ တချို့သောဆန့်ကြင်ခံရမူတွေ၊ ရန်ဘက်ပြုခံရတာတွေကိုက ဘုရားရဲ့ ရှေ့မဆွက ကြိုတင်ပရောဖက်ပြုချက်ပြည့်စုံခြင်း ဖြစ်တယ်။ ပရောဖက်ပြုချက်တွေက နေ့တိုင်း မှာ ပုံစံမျိုးစုံနဲ့ ပြည့်စုံနေကြတယ်။သိတဲ့အရာ၊မသိတဲ့အရာ အားလုံးမှာ ဘုရားသခင်ရဲ့ ပရောဖက်ပြုချက် မပြည့်စုံစေတာ တစ်ခုမှ မရှိဘူး။

ဧပြီလ ၁ ရက်နေ့

ပရောဖက်ပြုချက် ပြည့်စုံစေသော ဝေဒနာ

“သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။” တမန်တော်ဝတ္ထု ၃:၁၈

ကောင်းတဲ့အရာတွေပဲ ဝမ်းမြောက်စရာအကြောင်းတွေပဲ ပရောဖက်ပြုချက်ပြည့်စုံတာ မဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်မှာပါ။ တချို့သော အထင်လွဲခံရတာတွေ၊ သစ္စာဖေါက်ခံရတာတွေနဲ့ ဝေဒနာ ခံစားရတာတွေကလဲ ပရောဖက်ပြုချက် ပြည့်စုံခြင်းထဲမှာ အဓိက အကြောင်းအရာအနေနဲ့ပါဝင်ပါတယ်။ ဣသရေလ လူမျိုးတွေ ခရစ်တော်နှင့်ပက်သက်ပြီးတော့ ပုံဖေါ်ထားပြီးနားလည်တာ နဲ့ တကယ့်လက်တွေ့မှာ ခြားနားလွန်းတဲ့အခါမှာ နားမလည်နိုင်ကြဘူး။ ပရောဖက်ပြုချက်တွေကို နှစ်ပေါင်းများစွာ လေ့လာတယ်၊ ယုံတယ်ပြည့်စုံဖို့ မျှော်လင့်နေပေမဲ့ တကယ် ပြည့်စုံလာတဲ့အခါမှာ မယုံပဲ ဆန့်ကျင်တဲ့အထဲမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ကြတယ်။ ပရောဖက်ပြုချက်တွေ ပြည့်စုံလို့ ပြည့်စုံနေမှန်းတောင် မသိခဲ့ကြဘူး။ သင့်ဘဝမှာလဲ အချိန်တိုင်းမှာ ဘုရားကြိုတင်ဖွင့်ပြ ထားတဲ့ပရော ဖက်ပြုချက်တွေပြည့်စုံနေတယ်ဆိုတာ သိပါလား။

မတ်လ ၃၁ ရက်နေ့

အထင်လွဲခံရတဲ့ပရောဖက်ပြုချက်

“ယခု​အချိန်​ကား နံနက်​ကိုး​နာရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်မှတ်​သကဲ့သို့ ယစ်မူး​နေ​ကြ​သည်​မ​ဟုတ်။ ဤ​အရာ​သည် ပရောဖက်​ယောလ​ဟောပြော​ထား​သော​အရာ​ပင်​ဖြစ်​၏။” တမန်တော်ဝတ္ထု ၂:၁၅-၁၆

တစ်ခါတစ်လေ ဘုရားရဲ့ကြိုတင်ပရောဖက်ပြုချက်ပြည့်စုံခြင်း ရောက်လာပေမဲ့ လူတိုင်းက နားလည်သဘောပေါက်ကြတာတော့မဟုတ်ပါ။ ပရောဖက်ပြုချက်ပြည့်စုံခြင်းကို နားလည် သဘောပေါက် လွဲတဲ့သူလဲ ရှိတတ်ကြတာပါပဲ။ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပြီးတော့ ပရောဖက်ယောလ ပြောတဲ့အတိုင်း ဖြစ်လာတဲ့အခါမှာ လူတွေက အရက်မူးနေတယ်လို့ အထင်လွဲခဲ့ကြတယ်။ တကယ်ဆို အထင်လွဲတဲ့သူတွေလဲဒီကျမ်းစာကို အကြိမ်ကြိမ်ဖတ်ဖူးတဲ့ ဘုရားကို ဝတ်ပြုကိုးကွယ်ကြတဲ့သူတွေဖြစ်သလို၊ ဒီယောလ ပရောဖက်ပြုချက် ပြည့်စုံဖို့ စောင့်နေကြတဲ့ သူတွေပဲ။ တကယ်လဲ ပြည့်စုံလာရော နားမလည်နိုင်ကြဘူး။

မတ်လ ၃၀ ရက်နေ့

ကြိုတင်ပရောဖက်ပြုထားတဲ့အတိုင်း

“ညီအစ်ကို​တို့၊ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​အား လမ်းပြ​ပေး​သူ​ဖြစ်​သည့် ယုဒ​ဣရှကာရုတ်​နှင့်​ပတ်သက်၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​က ဒါဝိဒ်​၏​နှုတ်​အားဖြင့် ကြိုတင်​ဟောကြား​ထား​သော​ကျမ်းချက်​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​ရ​မည်​ဖြစ်​၏။” တမန်တော်ဝတ္ထု ၁:၁၆

ကောင်းတာတွေပဲပရောဖက်ပြုချက်ပြည့်စုံခြင်းမဟုတ်ဘူး။ တစ်ခါတစ်လေ ဘဝမှာမကြုံချင်တဲ့ သစ္စာဖေါက်ခံရခြင်း၊ ဝမ်းနည်းစရာအဖြစ်ပျက်တွေကလဲ ကြိုတင်ပရောဖက်ပြုချက် ပြည့်စုံဖို့ ဆိုတာကို သိဖို့လိုတယ်။ သခင်ယေရှုထမြောက်ပြီးတဲ့နောက်ပိုင်းမှာ ပေတရု ပိုပြီးနားလည် သဘောပေါက်လာတဲ့အရာက အရာခပ်သိမ်းက ဘုရားရဲ့ပရောဖက်ပြုချက် ပြည့်စုံခြင်း ဖြစ်ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ကပဲ ဉီးဆောင်နေတယ်ဆိုတာပါ။ ဘဝမှာ ကြုံချင်တဲ့အရာတွေပဲ ပရောဖက်ပြုချက်မဟုတ်ဘူး။ မကြုံချင်တဲ့အရာတွေကလဲ ဘုရားရဲ့ကြိုတင် ပရောဖက်ပြုချက် ပြည့်စုံခြင်းဆိုတာ သင်သိသွားရင် အရာရာကို စိတ်ပျက်နေမှာမဟုတ်တော့ဘူး။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘယ်လို ခရီးဆက်မလဲ ဆိုတာကိုပဲ အာရုံစိုက်တော့မှာ သေချာတယ်။

မတ်လ ၂၈ ရက်နေ့

တစ်ခုတည်းသောဆု

“ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန် ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။” ဆာလံကျမ်း‬ ‭၂၇:၄

သိုးကျောင်းသားလေးကနေ ဘုရင်ကြီးဖြစ်လာတဲ့ ဒါဝိဒ်ရဲ့လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ? တိုက်ပွဲတိုင်းအောင်မြင်လူတိုင်းသဘောကျရုံတင်မကဘူး ဘုရားကတောင် သူ့ရဲ့ နှလုံးသား နဲ့တစ်ထပ်တည်းကျတဲ့သူလို့ ဆိုရတဲ့အထိ ဖြစ်ခဲ့တဲ့သူ။ သူ့ရဲ့ဆုတောင်းနှင့် သူရဲ့လိုချင်တောင့်တမူကို ကြည့်ရင် သူ့ရဲ့လျှို့ဝှက်ချက်ကို သိမြင်နိုင်ပါတယ်။ သူရဲ့ အတောင့်တဆုံးအရာက သိုးကျောင်းသားဘဝမှာရော ဘုရင်ကြီးဘဝမှာရော လုံးဝကို မပြောင်းသွားဘူး။ ဘုရားရဲ့မျက်မှောက်တော်ကို ဆာငတ်လွန်းလို့၊ ဘုရားရဲ့အနီးဆုံးမှာ နေချင်တဲ့ ဆန္ဒနှင့်ဆုတောင်းချက်က သူ့ဘဝကို ဘယ်သူနဲ့မှ မတူအောင်ခြားနားစေတယ်။

မတ်လ ၂၇ ရက်နေ့

နေရာတိုင်းမှာရှိတဲ့သူ

“ငါ​မ​မြင်​နိုင်​အောင် ကွယ်​ရာ​၌ ပုန်းနိုင်​သော​သူ တစ်စုံတစ်ယောက်​ရှိ​သလော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။ “​ငါ​သည် ကောင်းကင်​၊ မြေကြီး​အနှံ့ ရှိ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။” ယေရမိအနာဂတ္တိကျမ်း ၂၃:၂၄

ဘုရား မျက်မှောက်တော်နှင့် ဝေး တဲ့အရပ်ကို ဘယ်သူများ သွားနိုင်မှာလဲ? နေရာတိုင်း အချိန်တိုင်းမှာ အတူရှိနိုင်သူပါ။ ဘုရားမမြင်အောင် ပုန်းနိုင်တဲ့သူ မရှိနိုင်သလို၊ ပုန်းရှောင်နိုင်တဲ့ နေရာလဲမရှိဘူး။ ဒီအရာက ဘာကို စိတ်ချမှုကိုပေးသလဲဆိုရင် ဘုရားမျက်မှောက်တော်နဲ့ဝေးတဲ့အရပ်ကို ဘယ်သူမှ ထွက်မသွားနိုင်ဘူး ဆိုတာပါပဲ။ နေ့ရက်တိုင်းမှာ ဘုရားနဲ့ ပိုနီးအောင်ပဲ အသက်ရှင်လို့ရနိုင်တယ်။ ပိုဝေးသွားအောင်တော့ထွက်သွားလို့မရဘူး။ သင့်ဘက်ကသာဘုရားနဲ့ဝေးတယ်၊ ဘုရား မျက်မှောက်တော် မခံစားရတာပဲရှိချင်ရှိမယ်။ ဘုရားဘက်ကတော့အချိန်တိုင်း ၊ နေရာတိုင်းမှာ သင်နဲ့အနီးဆုံးမှာ ရှိနေတယ်။

မတ်လ ၂၆ ရက်နေ့

ဘုရားဖြည့်ဆည်းပေးမယ်

“ထာဝရဘုရား​၌ မွေ့လျော်​ခြင်း​ရှိ​လော့​။ သို့ပြုလျှင် သင်​၏​စိတ်နှလုံး​ဆန္ဒ​များ​ကို သင့်​အား​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။” ဆာလံကျမ်း ၃၇း၄

ကိုယ့်ဆန္ဒတွေကို ကိုယ့်ခွန်အားနဲ့ပဲ​အကောင်အထည်ဖေါ်ရင် ဖြစ်နိုင်ဖို့ မသေချာသလို၊ ဖြစ်နိုင်ခဲ့ရင်တောင် ခွန်အားတွေ ၊အစွမ်းအစတွေ အများကြီးလိုမယ်။ ကိုယ့်ရဲ့ အလိုဆန္ဒတွေကို ဘုရား အကောင်အထည်ဖေါ်ပေးရင်တောင် ကိုယ်ခွန်အား အစွမ်းအစတွေ နဲ့အကောင်အထည်ဖေါ်တာတွေ ထက်ပို လွယ် မယ်မဟုတ်ဘူးလား ? ဘုရားရဲ့မျက်မှောက်တော်ကို တိုးဝင်တဲ့အခါမှာ ဘုရားမျက်မှောက်တော် နဲ့ နီးတဲ့ချဉ်းကပ်မူ ထဲမှာ ပျော်မွေ့လေလေ ဘုရားကသင့်နှလုံးသား ဆန္ဒတွေကို အကောင်အထည်ဖေါ်ပေးလေလေပဲ။


မတ်လ ၂၅ ရက်နေ့

သက်သာစွာ အနားယူခွင့်ရမယ်

“ထိုအခါ ကိုယ်တော်​က “​ငါ​ကိုယ်တိုင်​ကြွ​မည်​။ သင့်​ကို သက်သာ​ခွင့်​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။” ထွက်မြောက်ရာကျမ်း ၃၃း၁၄

မောရှေက ဘုရားဆီကနေတောင်းဆိုတာ ကိုယ်တော်ရဲ့အတူရှိခြင်းပါ။ ကိုယ်တော်မျက်မှောက်တော်မပါရင် ဘယ်နေရာ မှ၊ ဘယ်ကို မှ မသွားခြင်ဘူးလို့သူက ဆိုတယ်။ ဘုရားရဲ့မျက်မှောက်တော် မပါရင် မလွယ်ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ဒီလောက်ကြီးလေးတဲ့ တာဝန်ကို သူထမ်းဆောင်နိုင်တာက အရည်အချင်းကြောင့်မဟုတ်ပဲ​ဘုရား အတူပါရှိခြင်း

သက်သက်ကြောင့်ပဲ။ ဘုရားမျက်မှောက်တော်ပါလို့သာ ဒီလောက်ကြီးလေးတဲ့တာဝန်ကို သက်သာပေါ့ပါးစွာနဲ့သူလုပ်ဆောင်နိုင်တယ်။ ဘုရားကလဲ ကတိပေးတယ် ကိုယ်တိုင်ကြွပြီးတော့ သက်သာခွင့်ပေးမယ်။

မတ်လ ၂၄ ရက်နေ့

နှစ်လိုဖွယ်ကောင်းသောအရာ ရှိရာအရပ်

“ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​လိမ့်မည်​။ နှစ်လို​ဖွယ်​ကောင်း​သော​အရာ​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌ အစဉ်​ရှိ​ပါ​၏​။” ဆာလံကျမ်း ၁၆း၁၁

ဘုရားရဲ့မျက်မှောက်တော် က အသက်တာကို ဘာတွေယူဆောင်လာသလဲ? အသက်ရှင်ခြင်းရဲ့ ရည်ရွယ်ချက် ကိုသိစေတဲ့ တစ်ခုတည်းသော နေရာက မျက်မှောက်တော် ထဲမှာ ပါပဲ။ ဘုရားမျက်မှောက်တော် ထဲ နက်ရိူင်းစွာ တိုးဝင်တဲ့သူ တစ်ယောက်ဘဝမှာ အခြေအနေတိုင်းမှာ ဝမ်းမြောက်စွာ ဖြတ်ကျော်နိုင်တဲ့ ဘဝကို ရရှိစေတယ်။ ဘဝရဲ့ ကောင်းမွန်နှစ်သက်တဲ့အရာ တွေကို ဘုရားရဲ့အနီးအနားမှာ ပဲရှာတွေ့နိုင်တယ်။

မတ်လ ၂၃ ရက်နေ့

ဘုရားကိန်းဝပ်ရာအရပ်

အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။” ဟေရှာယ ၆၆း၁-၂

ဘုရားရဲ့မျက်မှောက်တော်ဆိုတာ ဘုရားသားသမီးတိုင်းအတွက် အရေးကြီးဆုံးဆိုတာ လူတိုင်းသိပါတယ်။ မျက်မှောက်တော် ကနေကင်းကွာလို့ နည်းနည်းလေး မှ မရဘူးဆိုတာလဲ သဘောပေါက်ပြီးသားပါ။ လူတွေ သတိမထားမိတာက ဘုရားမျက်မှောက်တော် ဘယ်မှာ နေရာယူသလဲ ? ဘယ်လို နေရာယူသလဲ ဆိုတာ ကို ပါ။ ပရောဖက်ဟေရှာယအားဖြင့် ဘုရားကပြောတယ် ငါ ဘယ်မှာ ကိန်းဝပ်သလဲ ? ကြီးမြတ်တဲ့ဘုရားအတွက် နေရာပြင်ဆင်ဖို့ဆိုတာ မလွယ်မှန်းလူတိုင်းသိပါတယ်။ဘုရားက သူနေရာယူမယ့် အရာကို ဒီလိုပဲပြောတယ် ၊အပြင်ပိုင်း ခမ်းနားမူတွေထက် အတွင်းနှလုံးသားရဲ့ တုန့်ပြန်မူတွေက ဘုရားမျက်မှောက်တော်ကို နေရာပေးဖို့ အရေးကြီးတယ်။ နှိမ့်ချတဲ့ နှလုံးသား ၊ ဘုရားပြောတဲ့စကားကို ရိုသေလေးစားစွာ တုန့်ပြန်တတ်တဲ့သူ ဒီလို လူတွေ ရှိတဲ့အရပ်ဟာ ဘုရားမျက်မှောက်တော် နေရာယူခြင်တဲ့နေရာလို့ဆိုတယ်။

မတ်လ ၂၁ ရက်နေ့

ပေါင်းသင်းတာ မှန်သောကြောင့်

“ပြည့်​တန်​ဆာ​ရာ​ခပ်​သည် သူ​လျှို​တို့​ကို အ​ဆွေ​ဖွဲ့၍ လက်​ခံ​သော​ကြောင့်၊ မ​ယုံ​ကြည်​သော​သူ​တို့​နှင့် အ​တူ မ​ပျက်​စီး​ဘဲ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ချမ်း​သာ​ရ၏။” ဟေဗြဲ ၁၁း၃၁

ယုံကြည်ခြင်း က လုပ်ဆောင်တာအတွက်ပဲ​မဟုတ်ဘူး ပေါင်းသင်းခြင်းအတွက်လဲ အရေးကြီးတယ်ဆိုတာ ရာခပ်ရဲ့အသက်တာက လက်တွေ့ပြသခဲ့တယ်။ ယုံကြည်ခြင်းမရှိတဲ့သူတွေနဲ့ အတူ ပျက်ဆီးမယ့်အစား ယုံကြည်ခြင်းရှိတဲ့သူတွေနဲ့ ပေါင်းသင်းဖို့အခွင့်အရေးရတဲ့အခါမှာ လက်လွတ်မခံပဲ အရယူခဲ့တယ်။​ဒီပေါင်းသင်းဆက်ဆံရေးက သူဘဝကို လွတ်မြောက်စေရုံပဲ မက လက်ရှိဘဝကနေ အလှည့်အပြောင်းဖြစ်လာတယ်။ ပြည်တန်ဆာ အမျိုးသမီးတစ်ယောက်ကနေ နိုင်ငံတစ်ခုလုံး သမိုင်းတစ်ခုလုံးရဲ့ အားကျရတဲ့ ဘုရင် မျိုးနွယ်ဖြစ်လာစေတဲ့အထိ အပြောင်းအလဲ ဖြစ်လာခဲ့တယ်။

မတ်လ ၂၀ ရက်နေ့

မှတ်ယူတာ မှန်သောကြောင့်

“ထိုနည်းတူ အမြုံ​ဖြစ်​သော​စာရာ​သည်​လည်း အသက်အရွယ်​လွန်​ပြီး​သောအခါ ယုံကြည်​ခြင်း​အားဖြင့် ပဋိသန္ဓေ​တည်​နိုင်​သော​အစွမ်း​ကို​ရရှိ​၏။ အကြောင်းမူကား ကတိ​ပေး​တော်မူ​သော​အရှင်​သည် သစ္စာရှိ​သည်​ဟု​မှတ်ယူ​သောကြောင့်​ဖြစ်​၏။” ‭ဟေဗြဲဩဝါဒစာ ၁၁း၁၁

အသက်အရွယ်အားဖြင့် မဖြစ်နိုင်တဲ့အရာကို လုပ်နိုင်တဲ့ အစွမ်းကို ဘုရားက ဆာရာကို ပေးတယ်။ ဘာကြောင့်များ ဒီလို လုပ်နိုင်ရတာလဲ? အဖြေက မှန်ကန်တဲ့ မှတ်ယူ ထားတဲ့ ယုံကြည်ခြင်းကြောင့်ဖြစ်တယ်။ အရွယ်တွေပြောင်းလာပေမဲ့ ဘုရားအပေါ်မှာ ထားတဲ့ မပြောင်းလဲနိုင်တဲ့ မှတ်ယူမူဟာ သူ့ဘဝရဲ့ အစွမ်းတွေကို သက်ရောက်မူရှိလာစေတယ်။ ကတိပေးထားတဲ့ ဘုရားက ကတိပေးထားတဲ့အတိုင်း ပြည့်စုံစေမယ်၊ သစ္စာရှိတဲ့သူဆိုတာ သူ နှလုံးသားထဲမှာ မှတ်ယူတယ်။ အခြေနေတွေဘယ်လိုပဲ ရှိရှိပြည့်စုံလာမယ်ဆိုတဲ့ သူရဲ့ မှတ်ယူမူကြောင့် အရွယ်လွန်သွားပေမဲ့ မဖြစ်နိုင်တာတွေဖြစ်လာတယ်။ တချို့က ဖြစ်လာနိုင်တာတွေတောင် မဖြစ်လာဘူး ။ အဖြေကတော့ မှတ်ယူထားတဲ့ အရာတွေမှားနေလို့ပါပဲ။

မတ်လ ၁၉ ရက်နေ့

သိလို့လုပ်တာမဟုတ်ဘူး

“အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။” ဟေဗြဲဩဝါဒစာ ၁၁း၈

ယုံကြည်ခြင်းဆိုတာ အားလုံးသိလို့ လုပ်တာမဟုတ်ဘူး။ လုပ်နေတဲ့အချိန်မှာတောင် မသိတဲ့အရာတွေအများကြီးရှိနေသေးတယ်။ ဒါပေမဲ့ ဘုရားကိုယုံတဲ့အခါမှာ သိတဲ့အရာကိုပဲ လုပ်ဆောင်တာ မဟုတ်ပဲ မသိတဲ့အရာတွေအတွက်လဲ ဘုရားကို စိတ်ချပြီး လုပ်ဆောင်ခြင်းဖြစ်တယ်။ အကုန်အစင်သိမှ ၊အတိအကျသိမှ လုပ်မယ်ဆိုရင် ယုံကြည်ခြင်းမဟုတ်တော့ဘူး။ အာဗြံဟံက ဘုရား သူ့ကိုပြောတဲ့အခါမှာ သူမသိတဲ့အရာတွေများစွာ ရှိပေမဲ့ ယုံကြည်ခြင်း အားဖြင့် လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့်လဲ သူ့ကိုဘုရားက ယုံကြည်ခြင်း ဖခင်အဖြစ် အသိအမှတ်ပြုပြီးတော့ သူ့မှာမရှိတဲ့ ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်ခဲ့တယ်။

မတ်လ ၁၈ ရက်နေ့

ဘဝပြောင်းစေသော ယုံကြည်ခြင်း

“ယုံကြည်​ခြင်း​အားဖြင့် ဧနောက်​သည် သေ​ခြင်း​နှင့်​မ​ကြုံတွေ့​ရ​ဘဲ ဘဝ​ပြောင်း​ခွင့်​ရ​၏။ ဘုရားသခင်​သည် သူ့​အား​ဘဝ​ပြောင်း​စေ​တော်မူ​သောကြောင့် သူ့​ကို​မ​တွေ့​ရ​ကြ​တော့ချေ။ သူ​သည် ဘဝ​မ​ပြောင်း​မီ ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​ဖြစ်​ကြောင်း အသိအမှတ်​ပြု​ခြင်း​ကို​ခံရ​၏။” ဟေဗြဲဩဝါဒစာ ၁၁း၅

ယုံကြည်ခြင်းက ကောင်းကင်ကိုပို့ ပေးတာ မဟုတ်ဘူး ဘဝတစ်ခုလုံးကို ပြောင်းလဲစေတယ်။လူတိုင်း သေချာပေါက်ကြုံရမယ့်သေခြင်းကိုလဲ မတွေ့ရပဲ ယုံကြည်ခြင်းကြောင့် ကျော်လွန်ခဲ့တယ်။ အားလုံးကြုံလို့ ကိုယ်လဲ ကြုံရမှာပဲလို့ တလွဲ မတွေးစေခြင်ဘူး။ ယုံကြည်ခြင်းက လူတိုင်းကြုံရတဲ့အရာကို ကျော်လွန်စေနိုင်တဲ့ အခွင့်တန်ခိုးရှိတယ်။ ယုံကြည်ခြင်းရှိတဲ့သူရဲ့ဘဝမှာ အခြားသူတွေအသက်တာမှာ မတွေ့ကြုံရတဲ့ ထူးဆန်းတဲ့အတွေ့အကြုံတွေကို ခံစားခွင့်ရစေတယ်။ ဘုရားကို ယုံကြည်ခြင်းဆိုတာ အံြသဖို့ ကောင်းသလို ကြုံလာရတဲ့အရာတွေကလဲ အထူးအံြသစရာတွေပါပဲ။

မတ်လ ၁၇ ရက်နေ့

သာပြီးမြတ်သော ယဇ်

“ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။” ဟေဗြဲဩဝါဒစာ ၁၁း၄

လုပ်တာချင်း အတူတူ ယုံကြည်ခြင်းပါတာနှင့် မပါတာတော့ အင်မတန်ကွာတယ်။ယုံကြည်ခြင်း မပါတဲ့အခါမှာ အကောင်းဆုံးလုပ်ရင်တောင် အကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းမခံရဘူး။ ယုံကြည်ခြင်းရှိတဲ့သူကတော့ ရိုးရိုးလေး လုပ်ရင်တောင် အကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းခံရတယ်။ ဘုရားက ယုံကြည်ခြင်း ရှိတဲ့သူကို အကောင်းဆုံးအဖြစ်အမြဲတမ်း သတ်မှတ်တဲ့ဘုရားပါ။ ယုံကြည်ခြင်းမရှိတဲ့သူကတော့ မသေခင်ကတည်းက အသံမထွက် တော့ပေမဲ့ ၊ယုံကြည်ခြင်းရှိတဲ့သူကတော့ သေသွားရင်တောင်မှ အမြဲတမ်း စကားပြောနေသေးတယ်။

မတ်လ ၁၆ ရက်နေ့

ယုံကြည်သည့်အတိုင်း

“ထို့နောက် ယေရှု​သည် တပ်မှူး​အား“သွား​လော့။ သင်​ယုံကြည်​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​နာရီ​၌​ပင် သူ​၏​ငယ်သား​သည် ကျန်းမာ​လာ​လေ​၏။” ရှင်မဿဲခရစ်ဝင် ၈:၁၃

အရည်အချင်း ဘယ်လောက်ရှိသလဲ ထက် ယုံကြည်ခြင်း ဘယ်လောက်ရှိသလဲ က ပိုအရေးကြီးတယ်။ အရည်အချင်းကိုကြည့်တဲ့ ဘုရားမဟုတ်ဘူး ။ ယုံကြည်ခြင်းကိုကြည့်တဲ့ဘုရား။ လူတချို့က အရည်အချင်းရှိရဲ့သားနဲ့၊ ကြိုးစားရဲ့သားနဲ့ ဘာလို့များ အသက်တာမှာ မထူးခြားရသလဲ လို့ မေးခွန်းထုတ်နေကြတယ်။ ဘုရားနဲ့အလုပ်လုပ်တဲ့အခါမှာ ဘုရားက ဘာကိုကြည့်သလဲ ? ဘာကိုတောင်းဆိုသလဲ ဆိုတာကို မသိကြဘူး။ ဘုရားက ကြိုးစားတဲ့အတိုင်း ဖြစ်စေတာမဟုတ်ဘူး။ အရည်အချင်းရှိတဲ့အတိုင်း ကောင်းကြီးပေးတာမဟုတ်ဘူး။ ယုံကြည်ခြင်းရှိတဲ့အတိုင်း ဖြစ်စေတာ ကို ဘယ်တော့မှ မမေ့နဲ့။

မတ်လ ၁၄ ရက်နေ့

ယုံကြည်ခြင်း အားနည်းသောသူ

“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။”‭‭ရှင်မဿဲခရစ်ဝင်‬ ‭၆:၃၀

ဘုရားသခင်က လမ်းဘေးက တောမြက်ပင်ကိုတောင် ရှောလမုန် မင်းကြီးဝတ်ရုံထက် ပိုကောင်းတဲ့ အရာနဲ့ဆင်မြန်းပေးတယ်။ ယုံကြည်ခြင်းအားနည်းသောသူတွေက စား၊ဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေတယ်။ တချို့က အကောင်းဆုံး အဝတ်တွေ၊ အစားအစားတွေစားဖို့ ကိုယ်နဲ့မတန်ဘူးလို့ စဉ်းစားနေတယ်။ ယုံကြည်ခြင်း အားနည်းခြင်းရဲ့လက္ခဏာ ထဲကတစ်ခုက စားဝတ်နေရေးအတွက် စိုးရိမ်တာပါ။ ယုံကြည်ခြင်းရှိလာရင်တော့ ဘုရားလုပ်ပေးမယ့်အရာကို အကောင်းဆုံး စိတ်ချပြီးတော့ ဘယ်အခြေအနေမှာမဆို ဖြတ်ကျော်နိုင်မယ်။

မတ်လ ၁၃ ရက်နေ့

ယုံကြည်ခြင်း အားနည်းတဲ့အခါ

“ထိုအခါ ယေရှု​သည် ချက်ချင်း​လက်​တော်​ကို​ဆန့်​၍ သူ့​ကို​ကိုင်ဆွဲ​ကာ“ယုံကြည်​ခြင်း​အားနည်း​သော​သူ၊ အဘယ်ကြောင့် သံသယ​ဖြစ်​သနည်း”​ဟု မိန့်​တော်မူ​၏။” ရှင်မဿဲခရစ်ဝင် ၁၄:၃၁

သံသယတွေနဲ့ရှေ့ဆက်နေတုန်းလား? ယုံကြည်ခြင်းမှာ အကယ်လို့သာဆိုတဲ့ ဒုတိယ အစီအစဉ်မရှိဘူး။ သံသယတွေဟာ အမြဲတမ်း ယုံကြည်တဲ့အတိုင်း မဖြစ်ခဲ့ရင်ဆိုတဲ့ ဒုတိယအစီအစဉ်ကို အမြဲစွဲထားတယ်။ ပေတရု ယေရှုထံကို သွားဖို့ ရေပေါ်လမ်းလျှောက်တဲ့အခါမှာ သံသယတွေက သူ့ရင်ထဲကို ဝင်လာတယ်။ သူရေနစ်တာဟာ အပြင်မှာရှိတဲ့ ရေကြောင့်မဟုတ်ဘူး၊ သူ့ရဲရင်ထဲမှာ ရှိတဲ့သံသယကြောင့်ပါ။ ရေနစ်လဲ ဘာဖြစ်သေးလဲ ငါးဖမ်းသမားပဲ ရေကူးပြန်မှာပေါ့လို့ တွေးကောင်းတွေးမယ်။ ယေရှုခွင့်မပြုဘူး လှမ်းဆွဲတယ်၊ ပြီးတော့ အတူတူ လှေပေါ်ကို လမ်းလျှောက် ပြန်တယ်။

မတ်လ ၁၂ ရက်နေ့

မယုံကြည်မူကြောင့်သာ

“ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​ကြောင့် ထို​နေရာ​၌ များစွာ​သော​တန်ခိုး​လက္ခဏာ​တို့​ကို ပြု​တော်​မ​မူ​ခဲ့​ပေ။” ရှင်မဿဲခရစ်ဝင် ၁၃:၅၈

ဘုရားကအရာခပ်သိမ်းကို တတ်စွမ်းနိုင်တယ်။ အရာအားလုံးကို လုပ်ပေးခြင်တယ်။ မယုံကြည်တဲ့အခါမှာ တော့ ဘုရားဘာမှ လုပ်ပေး တော့မှာ မဟုတ်ပါဘူး။ လူတချို့ အသက်တာမှာ ဘုရားတန်ခိုးတော် နှင့် နိမိတ်လက္ခဏာ မမြင်တွေ့ရတဲ့အခါမှာ ဘုရား အလုပ်မလုပ်တော့ဘူးလို့ထင်နေတတ်ကြတယ်။ တကယ်တော့ မယုံကြည်နိုင်ခြင်းကြောင့်ပါ။ မယုံကြည်ခြင်းက ဘုရားလုပ်မယ့်အရာတွေကို ဆီးတားပစ်လိုက်တယ်။ အကြီးဆုံး အပြစ်ကလဲ မယုံကြည်ခြင်းပဲ ဖြစ်သလို၊ မယုံကြည်ခြင်းကပဲ သင့်ဘဝရဲ့ ကောင်းတဲ့ အရာတွေအားလုံးကို ဆီးတားပစ်လိုက်နိုင်တယ်။

မတ်လ ၁၁ ရက်နေ့

ထိမ်ဝှက်ထားတဲ့အရာတွေကို ထုတ်ဖေါ်တဲ့ကာလ

“ထို​သို့​သော​အား​ဖြင့် ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည်​နှုတ်​ကို​ဖွင့်၍ ဥ​ပ​မာ​များ​ကို​မြွက်​ဆို​အံ့။ က​မ္ဘာ​ဦး​မှ​စ၍ ထိမ်​ဝှက်​သော​အ​ရာ​တို့​ကို ဖော်​ပြ​ပေ​အံ့​ဟု ဟော​ဖူး​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-” ရှင်မဿဲ ၁၃:၃၅

တစ်ချိန်တုံးက ဖုံးကွယ်ထားတဲ့အရာတွေ၊ လူတွေ မသိတဲ့အရာတွေကို ဒီခေတ်ကာလမှာ အကုန်လုံးရှင်းလင်းစွာသိခွင့်၊ နားလည်ခွင့်ရလာကြတယ်။ အပြင်လောကမှာပဲ မဟုတ်ဘူး၊ ဝိညာဉ်လောကမှာလဲ နက်နဲတဲ့အရာတွေကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆာငတ်တဲ့သူတွေ သိခွင့် နားလည်ခွင့်ရလာကြတယ်။ ဘယ်လောက် ကြီးမားတဲ့အခွင့်အရေးလဲ? သိချင်တယ်ဆိုရင် သိခွင့်ရတဲ့ခေတ်ကြီးထဲမှာ ရှင်သန်ခွင့်ရပြီးတော့ ဘာမှမသိတဲ့ လူတွေထဲမှာ မပါမိစေနဲ့။ ဘဝမှာ ဆုံးရှုံးမှုထဲမှာ အကြီးဆုံးက နက်နဲတဲ့အရာတွေကို သိခွင့်မရခြင်းပဲ။

မတ်လ ၁၀ ရက်နေ့

ပေါ့သေးသေးတော့ မဟုတ်ဘူး

“အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။-” ရှင်မဿဲ ၁၃:၃၁

ကောင်းကင်နိုင်ငံတော်ဟာ လယ်မှာစိုက်တဲ့မုန်ညင်းစေ့နဲ့တူတယ်။ လူတွေကို နားလည်အောင် သခင်ယေရှုက ဉပမာနဲ့ရှင်းပြတယ်။ ကောင်းကင်နိုင်ငံတော်ကို နားမလည်ရင်၊ ကောင်းကင်နိုင်ငံတော်ရဲ့ အလုပ်လုပ်ပုံကို နားမလည်ရင် ဘုရားပေးချင်တဲ့ ကောင်းကြီးကို မြင်တွေ့ခံစားရမှာ မဟုတ်ဘူး။ လယ်မှာစိုက်တဲ့ မျိုးစေ့ဟာ သေးသေးလေး ဆိုပေမဲ့ အထင်သေးလို့တော့မရဘူး။ မုန်ညင်းစေ့ဟာ အစေ့တကာထဲမှာ အသေးဆုံးဆိုပေမဲ့ ယုံကြည်ခြင်းသာ ဒီပမာဏလောက်ရှိရင် တောင်ကြီးတွေကို ရွှေ့ပစ်နိုင်တယ်။ နောက် အပင်ပေါက်ပြီးတော့ အကိုင်းတွေအရွက်တွေထွက်လာရင် ငှက်ပေါင်းများစွာကို အမှီပြုလို့ရတဲ့ နေရာဖြစ်လာစေနိုင်တယ်။ ကောင်းကင်နိုင်ငံ သင့်အထဲမှာ တည်ဆောက်နေတယ်ဆိုရင်၊ သင်သာ ဘုရားနိုင်ငံတော်ထဲမှာ တည်ဆောက်နေတဲ့သူ ဖြစ်တယ်ဆိုရင် သေချာပေါက် ကြီးထွားမယ်၊ သေချာပေါက် များစွာသောသူတွေအတွက် နားခိုလို့ရတဲ့ နေရာဖြစ်လာမယ်။ မုန်ညင်းစေ့ ဘဝမှာ ငှက်တွေရဲ့အစာဖြစ်ခဲ့ပေမဲ့၊ မုန်ညင်းပင်ဘဝမှာတော့ ငှက်တွေရဲ့ နားခိုစရာ ဖြစ်လာတယ်။

မတ်လ ၉ ရက်နေ့

ကောင်းကင်နိုင်ငံတော်ဆိုတာ

“ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။” ရှင်မဿဲခရစ်ဝင် ၁၃:၂၄

လူတွေတွေးထင်ပြီးတော့ စိတ်ကူးပုံဖေါ်နေတဲ့ ကောင်းကင်နိုင်ငံနှင့် တကယ့် ကောင်းကင်ဘုံက လုံးဝမတူဘူး။ မှန်ကန်တဲ့ အရာကိုသိဖို့ သခင်ယေရှုက ပုံဉပမာ အဖြစ်ပျက်တွေအားဖြင့် လူတွေကို သင်ပေးတယ်။ ကောင်းကင်နိုင်ငံတော်က ဘာနဲ့တူသလဲဆိုရင် ကောင်းသောမျိုးစေ့ကြဲတဲ့ လယ်ပိုင်ရှင်နဲ့တူတယ်။ သူ့မှာ လယ်ရှိတယ်၊ မျိုးစေ့ရှိတယ်။ ဒီလိုပဲ ရန်သူလဲရှိပြီးတော့ ရန်သူ့ရဲ့ မကောင်းတဲ့မျိုးစေ့လဲ သူနဲ့အတူ လိုက်ကြဲခြင်းခံရတယ်ဆိုတာ တွေ့ရတယ်။ ဘယ်လောက်အံ့ဩဖို့ကောင်းသလဲဆိုရင် လယ်ပိုင်ရှင်က ရိတ်သိမ်းခြင်းအထိစိတ်ရှည်ရှည်ထားပြီးတော့ စောင့်တယ်။ ရိတ်သိမ်းခြင်းက ကောင်းသောမျိုးစေ့နဲ့ တောမျိုးစေ့ကို ခွဲခြားလိုက်တဲ့ အကြီးမားဆုံး အခိုက်အတန့်ဖြစ်တယ်။ ကျန်တဲ့အချိန်မှာ အားလုံးနီးပါးတူပေမဲ့ ရိတ်သိမ်းချိန်မှတော့ လုံးဝတူမှာ မဟုတ်တော့ဘူး။


မတ်လ ၇ ရက်နေ့

ပြောင်းလဲဖို့အတွက် အရေးကြီးတဲ့ အရာများ

“အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည် ထုံထိုင်း​လျက်​၊ နား​သည်​လည်း လေး​လျက်​၊ မျက်စိ​သည်​လည်း ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်၊ နား​ဖြင့်​ကြား​လျက်​၊စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’ဟူ၍​ဖြစ်​၏။” ရှင်မဿဲခရစ်ဝင် ၁၃:၁၅

အသက်တာမှာ ပြောင်းလဲတိုးတက်ဖို့အတွက် အရေးကြီးတဲ့ အဆင့်တွေရှိတယ်။ ဘုရားရဲ့တန်ခိုးတော်ကို အသက်တာမှာ ခံစားရဖို့နှင့် ကြီးမားတဲ့အပြောင်းအလဲတွေအတွက် လိုအပ်တဲ့အရာတွေကို သိမြင်ဖို့ အရေးကြီးတယ်။ စိတ်နှလုံးသား ထုံထိုင်းခြင်းက ဘုရားထံက ကြီးမားတဲ့အရာတွေကို လက်ခံရရှိဖို့ ကာစီးထားတယ်။ နားနှင့်မျက်စ်ိပိတ်ခြင်းကြောင့် နှလုံးသားမှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်။ ဘုရားအသံကြားမယ်၊ ဘုရားပြတဲ့ ရူပါရုံကိုမြင်တတ်မယ်ဆိုရင် နှလုံးသားက နားလည်နိုင်တဲ့ ပညာနဲ့ပြည့်ဝလာမှာဖြစ်ပြီးတော့ ဘဝမှာ မပြောင်းလဲနိုင်တာတွေကနေ ကြီးမားတဲ့ပြောင်းလဲမှုတွေအဖြစ် မြင်တွေ့ရမယ်။

မတ်လ ၆ရက်နေ့

အလွန်ကို အခွင့်အရေးရသော မျိုးဆက်များ

“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား များစွာ​သော​ပရောဖက်​တို့​နှင့် ဖြောင့်မတ်​သော​သူ​တို့​သည် သင်​တို့​မြင်​နေ​ရ​သော​အရာ​တို့​ကို​မြင်​ရ​ရန်အလွန်​အလို​ရှိ​သော်လည်း မ​မြင်​ခဲ့​ရ​ကြ​ပေ။ သင်​တို့​ကြား​နေ​ရ​သော​အရာ​တို့​ကို​ကြား​ရ​ရန် အလွန်​အလို​ရှိ​သော်လည်းမ​ကြား​ခဲ့​ရ​ကြ​ပေ။” ရှင်မဿဲခရစ်ဝင် ၁၃:၁၇

လူများစွာက ကျမ်းစာဖတ်ပြီးတော့ ကျမ်းစာထဲက ခေါင်းဆောင်ကြီးတွေကို အားကျနေကြတယ်။ ထူးထူးဆန်းဆန်း တန်ခိုးပြခဲ့တာတွေ၊ ကြီးမားတဲ့အောင်ပွဲ ရရှိခဲ့တာတွေကို ကြည့်ပြီးတော့ သူတို့ခေတ်က ငါတို့လဲရှိခဲ့ရင်၊ အဲ့ဒီလို အချိန်မျိုးမှာ ရှင်သန်ခွင့်ရရင် ကောင်းမှာပဲ​တွေးမိနေကြတယ်။ တကယ်တော့ အဖြစ်မှန်က အဲ့လိုမဟုတ်ဘူး။ သူတို့က လက်ရှိခေတ်ကာလမှာ ရှင်သန်ခွင့်ရတဲ့ သူတွေကို အားကျနေရတာ။ သူတို့ အလွန်အလိုရှိတဲ့ ကြားချင်တဲ့ အရာ၊မြင်ချင်တဲ့အရာတွေကို အခွင့်အရေးက မရခဲ့ ကြဘူး။ အခုမြင်နေရ ကြားနေရတဲ့အရာတွေနဲ့၊ မကြာခင်ဖြစ်လာမယ့် မြင်ရ ကြားရမယ့်အရာတွေက ခေတ်အဆက်ဆက်က သူတွေမြင်ချင်ကြားချင် ကြုံချင်တဲ့အရာတွေပဲ။

မတ်လ ၅ ရက်နေ့

ဘယ်လို နှလုံးသားမျိုးလဲ ?(၄)

“ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ လက်ခံ​သဖြင့် အဆ​သုံးဆယ်၊ အဆ​ခြောက်ဆယ်၊ အဆ​တစ်ရာ အသီး​သီး​သော​သူ​တို့​ကို​ဆို​လို​၏”​ဟု မိန့်​တော်မူ​၏။” ရှင်မာကုခရစ်ဝင် ၄:၂၀

လက်ခံ တတ်သော နှလုံးသား

တရားစကားကို လူတိုင်း ကြားပါတယ်၊ ဒါပေမဲ့ လူတိုင်းကတော့ ကိုယ့်ဘဝအတွက် ဖြစ်တယ်ဆိုတာ လက်ခံဖို့တော့ခက်ပါတယ်။ အဆပေါင်းများစွာ တိုးပွါးတယ်ဆိုတာက နှလုံးသားရဲ့အရေးကြီးတဲ့လုပ်ရပ်ပါပဲ။ နှလုံးသားရဲ့လက်ခံနိုင်မှုကဆပွါးတိုးပွါးမူကို ဆုံးဖြတ်ပါတယ်။ နားလည်လက်ခံနိုင်ခြင်းကပဲ သင့်ဘဝရဲ့ တိုးပွါးခြင်းကို သတ်မှတ်ပါလိမ့်မယ်။ အကြိမ်ပေါင်းများစွာ ဘုရားစကားကိုကြားပေးမဲ့၊ ကိုယ့်ဘဝအတွက် မတိုးပွါးဘူးဆိုတာက ဘုရားစကားဘက်မှာ လိုအပ်ချက်ရှိလို့မဟုတ်ပါဘူး။ ကိုယ့်နှလုံးသားရဲ့ နှုတ်ကပတ်တော်အပေါ်မှာထားတဲ့ လက်ခံခြင်းကြောင့်ပါပဲ။ ဘယ်တော့မှ နှလုံးသားကို ဘုရားစကားနဲ့ပတ်သက်ပြီးတော့ မပေါ့ဆမိစေနဲ့။

မတ်လ ၄ ရက်နေ့

ဘယ်လို နှလုံးသားမျိုးလဲ ?(၃)

“ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။” ရှင်မဿဲခရစ်ဝင် ၁၃:၂၂

စိုးရိမ်တတ်တဲ့နှလုံးသား

စိုးရိမ်နေလို့ ဘာများဖြစ်လာမလဲ? ဒီမေးခွန်းကိုဖြေရရင် ကောင်းတဲ့အရာတော့ဖြစ်မလာပေမဲ့ မကောင်းတဲ့အရာကတော့ သေချာပေါက်ဖြစ်လာမယ်။ ဘာမကောင်းတာဖြစ်လာမလဲလို့မေးရင် အသက်တာမှာ နှုတ်ကပတ်တော် ကြားပြီးတော့ ကောင်းတဲ့မျိုးစေ့ကနေ ပေါက်လာမယ့်အပင်ရဲ့ အသီးတွေကို မသီးအောင် ဆီးတားတာပါပဲ။ နှုတ်ကပတ်တော်လဲ အမြဲတမ်းကြားနေရတယ်၊ ဒီနှုတ်ကပတ်တော်ကိုလဲ ယုံတယ် ဒါပေမဲ့ အသီးမရှိတာဟာ စိုးရိမ်းခြင်းနှင့် စည်းစိမ်ရဲ့လှည့်ဖြားခြင်းကြားထဲမှာ ပိတ်မိနေလို့ပါ။ စိုးရိမ်ခြင်းကြီးစိုးနေသရွေ့ ဘယ်တော့မှ အသီးကိုတွေ့မြင်ရမှာမဟုတ်ဘူး။

မတ်လ ၃ ရက်နေ့

ဘယ်လို နှလုံးသားမျိုးလဲ ?(၂)

“ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။-” ရှင်လုကာ ၈:၁၃

ဖေါက်ပြန်တတ်တဲ့နှလုံးသား

ဘုရားစကားကိုတော့ နေရာပေးတယ်၊ ယုံတယ်၊ ဝမ်းမြောက်တဲ့စိတ်နှင့် ခံယူပေမဲ့ အမြစ်စွဲတဲ့အထိ မဖြစ်လာဘူး။ အမြစ်စွဲတဲ့အထိ မလုပ်ရင် ရေရှည်အလုပ်ဖြစ်မှာမဟုတ်ဘူး။ တချို့က ယုံကြည်တယ် ဒါပေမဲ့ ခဏပဲယုံကြည်တာ ။ ယုံကြည်ခြင်းက ခဏပဲမရဘူး။ ခဏတာ ယုံကြည်ခြင်းသမားတွေက စုံစမ်းခြင်းတွေ့လာရင် ဖေါက်ပြန်ကြတယ်။ ယုံကြည်ခြင်း မရှိတာ မကောင်းသလို ခဏပဲ ယုံကြည်တာလဲ မကောင်းဘူး။ ဘုရားစကားကို အမြစ်စွဲတဲ့အထိ ဘယ်လိုအခြေအနေ မျိုးမှာမဆို ယုံကြည်ခြင်းနှင့် ဖြတ်ကျော်နိုင်တဲ့သူဖြစ်ဖို့လိုတယ်။

မတ်လ ၂ ရက်နေ့

ဘယ်လို နှလုံးသားမျိုးလဲ ?

“လမ်း၌ အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား၊ နိုင်​ငံ​တော်၏ တ​ရား​စ​ကား​ကို​ကြား၍ နှ​လုံး​မ​သွင်း​သည် ရှိ​သော်၊ နတ်​ဆိုး​လာ၍ နှ​လုံး၌​ကြဲ​သော​အ​စေ့​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-” ရှင်မဿဲ ၁၃:၁၉

သူခိုးဝင်လို့ရတဲ့နှလုံးသား

သခင်ယေရှုပြောတဲ့ ဉပမာထဲက မြေ (၄) မျိုးက လူတွေရဲ့နှလုံးသားတွေကို ပုံဆောင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ လမ်းမြေကတော့ နှုတ်ကပတ်တော်ကိုကြားပေမဲ့ နှလုံးသားထဲကို မသွင်းပဲ တစ်ဖက်နားက ကြားပြီး ကျန်တစ်ဖက်နားက ပြန်ထွက်တတ်တဲ့ လူတွေကို ပြောနေတယ်။ ဘယ်တော့မှ ကိုယ့်အတွက်လို့မခံယူဘူး။ ကိုယ့်အသက်တာမှာ ဖြစ်လာမယ်ဆိုတာကိုလဲ မယုံဘူး။ဒါကြောင့် နှလုံးသား ထဲမှာ နေရာပေးခြင်းမရှိလို့ ကြားရုံသက်သက် ပဲဖြစ်တဲ့အတွက် နတ်ဆိုးက ကြားသမျှ တရားစကားတွေကို ဝင်ယူသွားတယ်။ နှုတ်ကပတ်တော်တွေတော့ နားထောင်နေပေမဲ့ အသက်တာမှာ နေရာမပေးရင်၊ ကိုယ့်အတွက် လက်တွေ့ အသုံးပြုခြင်း၊ ဆင်ခြင်အောက်မေ့ခြင်းမရှိရင် ကြားသမျှ အားလုံးက ယုံကြည်ခြင်းမဖြစ်ပဲ အလကား ဖြစ်သွားပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့

ဘာကြောင့် ဧသော ကောင်းကြီး မရခဲ့သလဲ ?(၂)

“သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။” ဟေဗြဲ ၁၂:၁၇

နောက်ကျတယ်ဆိုတာ မကောင်းဘူးဆိုတာ လူတိုင်း သိပါတယ်။ အထူးသဖြင့် ဝိညာဉ်ရေးရာမှာ နောက်ကျခြင်းပါ။ ဧသောက နောက်ကျမှ ကောင်းကြီးမင်္ဂလာကို လိုချင်ခဲ့တယ်။ ပထမတုန်းကတော့ သူ့အတွက် ဘာမှအကျိုးမရှိဘူးဆိုပြီး မလိုချင်ခဲ့ဘူး။ နောက်ကျမှ လိုချင်ခဲ့ပေမဲ့ ငြင်းပယ်ခြင်းခံရတယ်။ ကောင်းကြီး မင်္ဂလာက ဘယ်အချိန် မဆိုရနိုင်တယ်လို့ သင်ထင်နေရင် မှားပါလိမ့်မယ်။ သူ့အချိန် ကျော်လွန်ပြီးမှ လိုချင်ခဲ့ ပေမဲ့ ဝမ်းနည်းခြင်းနဲ့ပဲ ကြုံတွေ့ခဲ့ရတယ်။ မျက်ရည်ဘယ်လောက် ကျကျ ကောင်းကြီးကတော့ ကျမလာခဲ့တော့ဘူး။ အချိန် မလွန်ခင်မှာ ဘုရားနဲ့ဆိုင်တဲ့အရာတွေကို လိုချင်ဖို့ ယူတတ်ဖို့ အင်မတန်အရေးကြီးတယ်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့

ဘာကြောင့် ဧသော ကောင်းကြီးမရခဲ့သလဲ?

“ဧ​သော​က၊ ငါ​သေ​လု​ပြီ။ သား​ဦး​အ​ရာ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု​ဆို၏။” ကမ္ဘာဦး ၂၅:၃၂

ရသင့်တဲ့အရာဖြစ်ပေမဲ့ မရခဲ့တာဟာ လိုခြင်စိတ်ပြင်းပြမူ မရှိခြင်းကြောင့်လို့ပဲဆိုရမယ်။ တကယ်ဆိုရင် ကိုယ်က အရင်ဆုံးရသင့်သူဖြစ်ပေမဲ့ နောက်ကလူဖြစ်တဲ့ ယာကုပ်လောက် သားဉီးအရာနဲ့ဆိုင်တဲ့ကောင်းကြီးကို လိုချင်စိတ် မပြင်းပြခဲ့ဘူး။ ဒါကြောင့်လဲ​အသက်ကြီးပြီ၊ သေတော့မယ် ဒါတာမရတာ ဘာများအကျိုးရှိမှာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ တကယ်တော့ဒီကောင်းကြီးမင်္ဂလာဟာ ကိုယ့်အသက်တာပဲမဟုတ်ဘူး သမိုင်းတစ်ခုလုံး၊ သားစဉ်မြေးဆက်ပေါင်းများစွာကို ပြောင်းလဲစေမယ်၊ ထူးခြားစေမယ်ဆိုတာကို ဧသော တကယ်မမြင်နိုင်ခဲ့ဘူး။ ဒါကြောင့် ကြီးမားတဲ့ဆုံးရှုံးမှုကြီးရင်ဆိုင်ခဲ့ရတယ်။ ပါးစပ်နားရောက်မှ ပုတ်ချခဲ့ရတဲ့အဖြစ် လို့ပဲပြောရမယ်။ ဘယ်လောက်ကောင်းတဲ့အရာပဲဖြစ်ဖြစ် မလိုချင်ရင်တော့ ဘာမှထူးခြားလာမှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့

ကောင်းကြီးမခံရတဲ့ဧသော ဘာတွေဆုံးရူံးခဲ့သလဲ? (၂)

“သင်​သည် ဓား​ဖြင့်​အသက်မွေး​၍ သင့်​ညီ​ထံ၌​အစေခံ​ရ​လိမ့်မည်​။ သို့သော် သင်​ရုန်းကန်​သော​အားဖြင့် သူ​၏​ထမ်းပိုး​ကို သင်​၏​လည်ပင်း​မှ​ချွတ်​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။” ကမ္ဘာဦးကျမ်း ၂၇:၄၀

ကောင်းကြီးရရှိဖို့ လက်လွတ်ခဲ့ရတဲ့ ဧသောက ကောင်းတဲ့အရာတွေအားလုံးလက်လွတ်ခဲ့ရရုံသာမကဘူး၊ ကြိုးစားရုန်းကန်ပြီးကိုယ့်ဟာကိုယ်ကာကွယ်၊ ကိုယ့်အစွမ်းအစနဲ့ ရပ်တည်အသက်ရှင်ဖို့ဖြစ်လာတယ်။ ထမ်းပိုးလည်ပင်းကနေလွတ်ဖို့အတွက် သူဟာ မနားမနေ ကြိုးစားရုန်းကန်နေရဖို့လိုတယ်။ ဒီအရာကိုကြည့်တဲ့အခါမှာ တချို့သော ယုံကြည်သူတွေကို ပြေးမြင်မိတယ်။ သူတို့ဘဝ ရပ်တည်ဖို့အတွက် မရပ်မနားကြိုးစားနေတာတောင်မှ ရပ်တည်ဖို့ မလွယ်ဘူး။ ကြိုးစားရင်တော့ သက်သာမယ်ဆိုပေမဲ့ ညီထံမှာ အစေခံဖို့ကတော့ ပြေးလို့မလွတ်ပြန်ဘူး။ ဘုရားပေးတဲ့ကောင်းကြီးမရတာ ဧသောဘဝတစ်ခုလုံးက ခက်ခဲကြမ်းတမ်းပြီး အလွန်ရုန်းကန်ရတဲ့ အသက်တာဖြစ်လာတယ်။ ကောင်းကြီး ခံစားရတဲ့ဘဝအသက်တာဟာ ဘယ်လောက်တောင် ကောင်းသလဲ ဆိုတာ ဒီအရာအားလုံး မြင်တွေ့နိင်တယ်။


ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့

ကောင်းကြီးမခံရတဲ့ဧသော ဘာတွေဆုံးရှုံးခဲ့သလဲ?

“သူ​၏​ဖခင်​ဣဇက်​က​လည်း “​ကြည့်ရှု​လော့​။ သင်​နေထိုင်​ရာ​အရပ်​သည် မြေကြီး​အဆီအနှစ်​နှင့်​လည်းကောင်း​၊ အထက်​မိုးကောင်းကင်​နှင်း​နှင့်​လည်းကောင်း ဝေးကွာ​လိမ့်မည်​။” ကမ္ဘာဦးကျမ်း ၂၇:၃၉

နေတဲ့နေရာက ဘယ်လောက်‌ကောင်းကောင်း ဧသောအတွက်တော့ ဘယ်တော့မှ ကောင်းတာတွေဖြစ်လာတော့မှာ မဟုတ်ဘူး။ ဝိညာဉ်ရေးရာ ကောင်းကြီးရော၊ မြေကြီးနဲ့ဆိုင်တဲ့ ကောင်းကြီးကပါ ဧသောနဲ့ ဝေးနေလိမ့်မယ်။ ကောင်းတဲ့အရာတွေနဲ့ဘဝမှာနီးတာ ဘုရားပေးတဲ့ကောင်းကြီးကြောင့်ပဲ။ ကောင်းတဲ့အရာတွေဘဝမှာ ပိုင်ဆိုင်ဖို့ဆိုတာ ကိုယ့်ကြိုးစားမှုတစ်ခုထဲနဲ့ မလုံလောက်ဘူး။ ဘုရားကောင်းကြီးပေးခြင်းကိုခံရဖို့ အထူးလိုအပ်တယ်။ ဘုရားကောင်းကြီးမရတဲ့ ဧသောက ကြီးမားတဲ့အရာတွေများစွာဆုံးရှုံးခဲ့ပြီးတော့ ကောင်းတာတွေရဲ့အနီးမှာရှင်သန်ခွင့်မရခဲ့ဘူး။ ဘဝမှာ ကိုယ်ဘယ်နေရာ အရပ်မှာ ရှင်သန်လဲထက် ကိုယ်ရှင်သန်တဲ့ဘဝမှာ ဘယ်အရာတွေက နေရာယူနေသလဲဆိုတာကြည့်ရင် ဘုရားပေးတဲ့ကောင်းကြီး ရသလား? မရဘူးလားဆိုတာ သိနိုင်တယ်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့

ကာဣနရဲ့ ကျိန်ခြင်းမှ လွတ်မြောက်ခြင်း

“ကာဣန​က​လည်း “​အကျွန်ုပ်​၏​အပြစ်ဒဏ်​သည် အကျွန်ုပ်​ခံနိုင်​သည်​ထက်​ကြီးလေး​ပါ​၏​။” ကမ္ဘာဦးကျမ်း‬ ‭၄:၁၃

ကာဣနခံရတဲ့ ပြစ်ဒဏ်ဟာ ခံနိုင်တာထက် ပိုနေတယ်။ ဘုရား ပေးတဲ့ ပြစ်ဒဏ်ကို သူရင်ဆိုင်ဖို့ အားမရှိခဲ့ဘူး။ သူ့ရဲ့ အစွမ်းအစနဲ့ ဘယ်လိုမှ ကျော်လွှားနိုင်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ကျေးဇူးတော်ကာလမှာတော့ သခင်ယေရှုရဲ့ လုပ်ဆောင်ပေးမှုကြောင့် မခံနိုင်တဲ့ စုံစမ်းခြင်း မကျရောက်ဖို့ ဘုရားက ကတိပေးတယ်။ သင်ကြုံနေရတဲ့ အရာကမခံနိုင်

အောင်ဖြစ်နေတယ်ဆိုရင် ကာဣနရဲ့ အမင်္ဂလာ အသက်တာမှာ ကြုံနေရလို့ဖြစ်တယ်။ လွတ်မြောက်စေတဲ့ သခင်ယေရှုကို ယုံကြည်အားကိုးရင် သေချာတယ် မခံနိုင်တဲ့အရာ ဘာတစ်ခုမှ သင့်အသက်မှာ ကြုံရတော့မှာမဟုတ်ပါ။

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့

အာဒံရဲ့ DNA နှင့် သခင်ယေရူရဲ့DNA

“အကြောင်းမူကား တစ်​ယောက်​သော​သူ​ကျူးလွန်​သည့်​အပြစ်​ကြောင့် သေ​ခြင်း​သည် ထို​သူ​တစ်​ယောက်​အားဖြင့် စိုးမိုး​ခဲ့​လျှင် ကျေးဇူး​တော်​နှင့်​ဖြောင့်မတ်​ခြင်း​၏​ကောင်းချီး​လက်ဆောင်​ကို ကြွယ်ဝ​စွာ​ခံစားရ​သော​သူ​တို့​သည် တစ်​ယောက်​သော​သူ​တည်းဟူသော ယေရှု​ခရစ်တော်​အားဖြင့် အသက်ရှင်​ခြင်း​၌ ပို၍​ပင် စိုးမိုး​ရ​ကြ​လိမ့်မည်။” ရောမဩဝါဒစာ ၅:၁၇

အာဒံဟာ လူသားအားလုံးရဲ့ ပထမဆုံး ဖခင်ပါ။။ သူ့ရဲ့ ကျဆုံးခြင်းရဲ့ အဓိက ပြဿနာက မနာခံခြင်းနှင့် ဝန်မခံခြင်းပါ။ လူတချို့က ဘုရားသားလို့ပြောပေမဲ့ ဘုရားသားရဲ့ DNA မရှိဘူး။ အာဒံရဲ့ DNA ပဲရှိနေသေးတယ်။ သခင်ယေရူ ခရစ်တော်ရဲ့ DNA မှာ နာခံခြင်း နှင့် ဝန်ခံခြင်း က နောက်ဆုံးအချိန်ထိ ရှိတယ်။ အခြေအနေ ကောင်းမှ ပဲ​မဟုတ်ဘူး ။ မကောင်းတဲ့အချိန်တိုင်းလဲ ရှိတယ်။ သင်က ဘုရားသားလို့ပြောပြီးတော့ ဘုရားသားဖြစ်တဲ့ သခင်ယေရူရဲ့ DNA မရှိရင် အာဒံရဲ့ မျိုးရိုးဗီဇထဲမှာပဲ ရှိသေးတယ်။ ဘုရားသားရဲ့ DNA ဆိုရင်သေချာတယ် နာခံခြင်း နှင့် ဝန်ခံခြင်းကို အသက်တာမှာ တွေ့ရပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့

စိုးရိမ်စရာမရှိတဲ့ဘဝ (၅)

“အို ပြည်​တော်၊ မ​စိုး​ရိမ်​နှင့်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော​အ​မှု​တို့​ကို ပြု​တော်​မူ​မည်။” ‭‭ယောလ‬ ၂း၂၁

ယုံကြည်ခြင်းရဲ့ ရန်သူ တွေထဲက တစ်ခုက စိုးရိမ်ခြင်းပါပဲ။ဘာကြောင့် အသက်တာမှာ စိုးရိမ်ခြင်းက နေရာယူသလဲ ? အဖြေကတော့ ဘုရား ရဲ့ ကြီးမြတ်ခြင်းနှင့် ဘုရားပြုမယ့် ကြီးမြတ်တဲ့အမူကို နားလည်သဘောပေါက်ခြင်း မရှိလို့ပါပဲ။ ကြီးမြတ်တဲ့ ဘုရားကသင့်အတွက် ကြီးမားတဲ့အရာတွေကို ပြုပေးမယ်လို့ ယုံတဲ့သူ အသက်တာမှာ စိုးရိမ်ခြင်းဆိုတာ ရှိလာစရာ မရှိတော့ဘူး။ နေ့စဉ်ဘဝကို ဘုရားပြုပေးတဲ့ ကြီးမားတဲ့အရာတွေကို ခံစားခြင်တယ်ဆိုရင်ဘဝ နေရာယူထားတဲ့စိုးရိမ်ခြင်း ကို ဖယ်လိုက်ပါ။

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့

စိုးရိမ်စရာမလိုတဲ့ဘဝ(၄)

“မည်သည့်​အမှု​ကို​မျှ မ​စိုးရိမ်​ဘဲ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်းခံ​လို​သော​အရာ​များ​ကို ဘုရားသခင်​အား သိ​စေ​ကြ​လော့။” ‭‭ဖိလိပ္ပိသြဝါဒစာ‬ ၄း၆

မစိုးရိမ်နဲ့လို့ပဲ ဘုရားက မပြောပါဘူး။ စိုးရိမ်ခြင်းကို ဘယ်လို ဖြတ်ကျော်မလဲ ဆိုတာကို ဘုရားက သေချာသင်ပေးတယ်။ စိုးရီမ်တဲ့ သူ တစ်ယောက်ကအသက်တာမှာ ကြုံသမျှ အတွက် ကျေးဇူးတော်ချီးမွမ်းတတ်ဖို့ ဘုရားက မှာတယ်။ ချီးမွမ်းခြင်းက စိုးရိမ်ခြင်းကို တိုက်ခိုက်တဲ အကောင်းဆုံး လက်နက်ပဲ။ နောက် စိုးရိမ်ခြင်းကို ရင်ဆိုင်ဖို့ ဆုတောင်းခြင်း လိုအပ်တယ်။ စိုးရိမ်တဲ့အရာကို ဘုရားထံမှာ အပ်နှံပြီး ဘုရားလုပ်လာမယ့်အကောင်းဆုံး အရာတွေအတွက် ချီးမွမ်းပါ။ အခြေအနေတိုင်း ကို ဆုတောင်းခြင်း ၊ ချီးမွမ်းခြင်း နဲ့ ဖြတ်ကျော်တယ်ဆိုရင် သေချာတယ် သင်ဟာ စိုးရိမ်စရာမလိုပဲ အသက်ရှင်နိုင်မယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့

စိုးရိမ်စရာမရှိတဲ့ဘဝ(၃)

“သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။” ‭‭၁ ရှင်ပေတရု‬ ‭၅း၇

သင့်ကို ဘယ်သူက တာဝန်ယူပြီးတော့ ပြုစုစောင့်ရှောက်နေသလဲ ဆိုတာကို မသိရင်တော့ အရာရာဟာ စိုးရိမ်စရာတွေ ချည်းပဲ ဖြစ်လိမ့်မယ်။ အရာခပ်သိမ်းတတ်နိုင်တဲ့၊ အရာအားလုံး ရှိတဲ့ ဘုရားက သင့်ကို ချစ်ပြီး ပြုစုစောင့်ရှောက်နေတယ်။ ဂရုစိုက်နေတယ်။ ၂၄ နာရီ ၇ ရက်လုံး အနားမယူပဲ တာဝန်ယူနေတယ်ဆိုတာ သိလာတဲ့အခါမှာ အရာရာမှာ စိုးရိမ် မူ က နေရာမယူပဲ ဝမ်းမြောက်ခြင်းက နေရာယူလာပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့

စိုးရိမ်စရာ မရှိတဲ့ဘဝ(၂)

“ထို​သူ​သည်​ကား၊ ရေ​ရှိ​သော​အ​ရပ်၌​စိုက်၍ မြစ်​နား​မှာ အ​မြစ်​ဖြာ​သ​ဖြင့်၊ ပူ​သော​အ​ရှိန်​ရောက်​ကြောင်း​ကို မ​သိ၊ အ​ရွက်​မ​ညှိုး​နွမ်း၊ မိုး​ခေါင်​သော​ကာ​လ၌ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ၊ အ​စဉ်​အ​မြဲ အ​သီး​ကို​သီး​တတ်​သော အ​ပင်​နှင့်​တူ၏။” ယေရမိ‬ ‭၁၇:၈

ဘုရားကို အားကိုးပြီးတော့ ရှင်သန်တဲ့ဘဝမှာ ပူတဲ့အရှိန်ရှိတဲ့ကာလ ကိုလဲ ဖြတ်ကျော်ရနိုင်ပါတယ်။ စိုးရိမ်စရာ ကာလတွေလဲ ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘုရားကို အားကိုးပြီး ရှင်သန်တတ်သူ အတွက်တော့ ပူတဲ့အရှိန်ဟာ သူ့ကို မထိခိုက်နိုင်သလို၊ မိုးခေါင်သောကာလတွေကလည်း သူ အသက်တာကို မခြိမ်းခြောက်နိုင်ဘူး။ စိုးရိမ်စရာ တွေ မရှိတာထက် စိုးရိမ် မူကို နေရာမပေးတာပါ။ စိုးရိမ်စရာအားလုံးကို ဖြေရှင်းပေးမယ့် အရင်းအမြစ်ဖြစ်တဲ့ ယေရူ အနားမှာ ရှိနေမှ တော့အချိန်တိုင်းမှာ လိုအပ်တဲ့ အသီး သီးပြီးတော့ စိုးရိမ်စရာ မလိုတဲ့ ဘဝနဲ့ ဖြတ်ကျော် နိုင်မှာ စိတ်ချပါတယ်။

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့

စိုးရိမ်စရာမရှိတဲ့ဘဝ

“မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။” ‭‭ဟေရှာယ‬ ၄၁:၁၀

လူတိုင်းမှာ စိုးရိမ်စရာရှိပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်ထက် စိတ်ချမှုက အားကြီးလာတဲ့အခါ စိုးရိမ်ခြင်းကို အောင်မြင်လာတယ်။ ပရောဖက်ကြီးအတွက် စိုးရိမ်စရာ အခြေအနေမျိုးကြုံရပေမဲ့ ဘုရားက သူအတူရှိပြီး သူလက်တော်ဟာ အရာရာ ဖြေရှင်းပေးဖို့ ကတိပေးတယ်။ ဒီစိတ်ချမှုဟာ ကြုံရတဲ့ စိုးရိမ်မှုတွေကနေ လွတ်မြောက်စေတယ်။ သင့်ရဲ့ စိတ်ချမှုထက် စိုးရိမ်ခြင်းက်ိုနေရာ ပိုမပေးမိပါစေနဲ့။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့

တန်ခိုးတော် (၆)

“ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။” ‭‭ကောလောသဲဩဝါဒစာ‬ ‭၁:၂၉

ဘဝမှာ ဖြစ်လာသမျှက ကိုယ့် လုပ်ဆောင်နိုင်ခြင်းကြောင့် မဟုတ်ပါဘူး။ လူတွေက ကိုယ်လုပ်နိုင်လို့ အရာခပ်သိမ်းဖြစ်လာတယ်လို့ မှားယွင်းစွာ မယုံမိဖို့လိုတယ်။ လုပ်တိုင်း ဖြစ်နေတာ မဟုတ်ဘူး။ ကောင်းတဲ့အရာတွေဖြစ်လာတယ်ဆိုတာ သင့်အထဲမှာ နေရာယူတဲ့ ဘုရားတန်ခိုးတော်က လုပ်ဆောင်ပေးနေခြင်းကြောင့်ပါ။ဒီတန်ခိုးတော်ကို အသိအမှတ်မပြုရင်၊ သေချာသဘောမပေါက်ရင် တစ်နေ့ သေချာပေါက် ကျရှုံးလိမ့်မယ်။ သင့်အထဲမှာရှိတဲ့ ဘုရားတန်ခိုးတော်ကို သိကျွမ်းလေ ဘဝဟာ အောင်မြင်လေပါပဲ။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့

တန်ခိုးတော် (၅)

“ထို​သို့ သ​ခင်​ဘု​ရား၏​သာ​သ​နာ​တော်​သည် တန်​ခိုး​နှင့်​တိုး​ပွား၍ အောင်​မြင်​လေ၏။” တမန်တော် ၁၉:၂၀

လူတိုင်းတိုးပွားချင်ကြတယ် ဒါပေမဲ့ ဘယ်လို တိုးပွားနိုင်မလဲဆိုတာကိုတော့ လူတိုင်းကမသိကြဘူး။ ကိုယ့်ခွန်အား နှင့် ကိုယ့်အစွမ်းအစလောက်နဲ့ပဲ လိုချင်တဲ့ တိုးပွားခြင်းနယ်ပယ်ကို ဘယ်တော့မှ မရောက်နိုင်ဘူး။ လိုချင်တဲ့ တိုးပွားခြင်းကို ဘုရားတန်ခိုးတော်ကပဲလုပ်ဆောင်နိုင်တယ်။ ဘုရားတန်ခိုးတော်ကို နေရာမပေးမချင်း သင်လိုချင်တဲ့ တိုးပွားခြင်းကို အသက်တာမှာ ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ဘုရားရဲ့တန်ခိုးတော်ကို နေရာပေး ပါ၊ တိုးပွားမှုကို မြင်တွေ့ရမယ်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့

တန်ခိုးတော် (၄)

“အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စကား​၌​မ​တည်​ဘဲ တန်ခိုး​၌​တည်​၏။” ၁ ကော ၄:၂၀

လောကနိုင်ငံက ငွေကြေးတွေ၊ လူ့ပညာ အစွမ်းအစတွေနဲ့ တည်ပေမဲ့၊ ဘုရားနိုင်ငံတော်ကတော့ တန်ခိုးမှာပဲ တည်တယ်။ ဘုရားနိုင်ငံတော်ကို တကယ်သဘော ပေါက်ချင်တယ်ဆိုရင် ဘုရားတန်ခိုးတော်ကို အရင်ဆုံး သဘောပေါက်ဖို့လိုတယ်။ ဘုရားနိုင်ငံသားတိုင်းက ဘုရားတန်ခိုးတော်အားဖြင့်ရှင်သန်ပြီးတော့ ဘုရားနိုင်ငံတော်ကိုတည်ဆောက်တယ်။ တန်ခိုးမရှိတဲ့ဘယ်သူကမှ ဘုရားနိုင်ငံတော် တည်ဆောက်ခြင်းမှာ မပါနိုင်ဘူး။ ဘုရားရဲ့တန််ခိုးကို မသုံးဘူး၊ တန်ခိုးကို သဘောမပေါက်သေးဘူး ဆိုရင်သေချာတယ် သင်နိုင်ငံတော်သားဖြစ်ခြင်းကို နားမလည်သေးဘူး။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့

တန်ခိုးတော် (၃)

“ဤသည်ကား သင်​တို့​၏​ယုံကြည်​ခြင်း​သည် လူ​တို့​၏​ဉာဏ်ပညာ​၌​မ​တည်​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​၌​တည်​မည့်​အကြောင်း​တည်း။” ၁ ‭‭ကော‬ ‭၂း၅

သာဘာဝလွန် တန်ခိုးတော်က သာဘာဝလွန် ယုံကြည်ခြင်းကို တည်ဆောက်ပေးတယ်။ တချို့သောသူတွေက ဘုရားရဲ့တန််ခိုးတော်ကို မသိသလို၊ သုံးလဲမသုံးကြဘူး။ ဘုရားတန်ခိုးတော်ကို သိပြီးတော့ နေ့စဉ် အသက်တာမှ အသုံးပြုတဲ့သူကတော့ သေချာတယ် ဘဝက အခြားသူတွေနဲ့ လုံးဝကို တူမှာမဟုတ်ဘူး။ ဘုရားနှစ်သက်တဲ့ ယုံကြည်ခြင်းမျိုးကိုလဲ အသက်တာမှာရနိုင်မယ်။ ယုံကြည်ခြင်းကိုတည်ဆောက်ပေးတဲ့အထဲမှာ ဘုရားရဲ့တန်ခိုးတော်ကလဲ တစ်ခုအပါအဝင်ဖြစ်တယ်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့

တန်ခိုးတော် (၂)

“‘အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီ​။ ကိုယ်တော်​အတွက် ခက်ခဲလွန်း​သော​အမှု​တစ်စုံတစ်ခု​မျှ​မ​ရှိ​ပေ​။” ယေရမိအနာဂတ္တိကျမ်း‬ ‭၃၂:၁၇

ကိုယ့်ခွန်အားကို အမှီပြုပြီး ရှင်သန်တဲ့သူနဲ့ ဘုရားတန်ခိုးတော်ကို အမှီပြုပြီးတော့ ရှင်သန်နေတဲ့သူ ဘာကွာခြားသလဲ? ကိုယ့်ရဲ့ခွန်အားက အခက်အခဲတစ်ချို့ကို ဖြေရှင်းကောင်းဖြေရှင်းနိုင်ပေမဲ့ ဘုရားတန်ခိုးတော်က အခက်ခဲတိုင်းကို ဖြေရှင်းပေးနိုင်တယ်။ လူတွေက တချို့သော အခက်အခဲတွေကို မဖြေရှင်းနိုင်ဘူးလို့တွေးတာဟာ ဘုရားတန်ခိုးတော်ကို နက်ရှိုင်းစွာ မယုံကြည်နိုင်သေးလို့ပါ။ ဘုရားတန်ခိုးတော်ကို စိတ်ချတဲ့သူအဖို့ မကျော်လွန်နိုင်တဲ့အခက်အခဲဆိုတာ ရှိကိုမရှိဘူး။

ဖေဖေါ်ဝါရီလ ၉ ရက်နေ့

တန်ခိုးတော်

“ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌” ဧဖက်ဩဝါဒစာ‬ ‭၃:၂၀

ကိုယ်လုပ်နိုင်တာထက်၊ ကိုယ့်မှာရှိတဲ့အစွမ်းအစထက် ဘုရားရဲ့တန်ခိုးတော်က အများကြီး တတ်စွမ်းနိုင်တယ်။ ကိုယ့်ခွန်အား အစွမ်းအစနဲ့ မရောက်နိုင်တဲ့ နယ်ပယ်၊ မရနိုင်တဲ့အရာတွေကို ဘုရားတန်ခိုးတော်က အမြဲတမ်းရယူပေးနိုင်တယ်၊ ပို့ဆောင်ပေးနိုင်တယ်။ လူတစ်ယောက်ရဲ့ဘဝက ကိုယ့်အစွမ်းအစနဲ့ပဲ အသက်ရှင်သလား? ဘုရားတန်ခိုးတော်နှင့်ရှင်သန်သလားဆိုတာကို သူ့ဘဝရဲ့ရလဒ်တွေကို ကြည့်ရင် သိနိုင်တယ်။ လုပ်နိုင်သလောက်ပဲ​ရနေသလား? ကိုယ်လုပ်နိုင်တာ ထက်ပို ခံစားနေရသလား? ဆိုတာ ဘယ်အပေါ်မှာ ရှင်သန်နေသလဲဆိုတာကို အဖြေထုတ်ပေးတယ်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့

မျက်မှောက်တော်ရဲ့အကျိုး (၆)

“ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။” ထွက်မြောက်ရာ‬ ‭၃၃:၁၄

ဘုရားမျက်မှောက်တော်ပါတာနဲ့ မပါတာ ဘာများကွာခြားမယ်လို့ထင်ပါသလဲ? လူတချို့က သူတို့နဲ့ဘုရားမျက်မှောက်တော်ပါသလား? မပါသလားဆိုတာ အခုထိ ဇဝေဇဝါဖြစ်နေတုန်းပဲ။ ဘုရားက ဣသရေလ လူမျိုးတွေ​ ခါနန်ပြည်ဝင်တဲ့အခါမှာ သူ့ရဲ့ကောင်းကင်တမန်ကိုပဲ စေလွှတ်ပြီးတော့ သူမပါတော့ဘူးလို့ပြောတဲ့အခါမှာ မောရှေက ဘုရားမပါပဲ ခြေတစ်လှမ်းတောင် မလှမ်းဖို့ဆုံးဖြတ်ခဲ့တယ်။ ဘုရားအတူပါရှိဖို့တောင်းဆိုတဲ့အခါမှာ ဘုရားက သူ့ရဲ့မျက်မှောက် နဲ့အတူ ခါနန်ပြည်ကို ဝင်ဖို့အတွက် ကတိပေးခဲ့တယ်။ သူကိုယ်တိုင် သွားပြီးတော့ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးဖို့ကတိပေးခဲ့တယ်။ ဘုရား မျက်မှောက်တော်ပါရှိတဲ့အခါမှာ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိရှိ၊ အတားအဆီးတွေနဲ့ကြုံကြုံ လူတွေမပေးနိုင်တဲ့ ငြိမ်ဝပ်ခြင်း ချမ်းသာက အထဲကနေ ဉီးဆောင်နေတယ်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့

မျက်မှောက်တော်ရဲ့အကျိုး (၅)

“ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။” ဟေဗြဲဩဝါဒစာ ၄:၁၆

ဘုရားရဲ့မျက်မှောက်တော်ထဲမှာ တိုးဝင်ခြင်းက လိုအပ်တဲ့အချိန်မှာ သင့်လျော်သော ကူညီမခြင်းကိုခံရဖို့အတွက် လိုအပ်တဲ့အာမခံချက်ကိုပေးတယ်။ လိုအပ်တဲ့အချိန်တိုင်းမှာ ဘုရားရဲ့မစခြင်းကို ခံရဖို့အတွက် မျက်မှောက်တော်ထဲမှာ အချိန်ယူဖို့လိုတယ်။ လူတွေမပေးနိုင်တဲ့၊ လောကကြီးကမရနိုင်တဲ့ အာမခံချက်ကို မျက်မှောက်တော်ထဲမှာသာ ရနိုင်တယ်။ သခင်ယေရှုက အားလုံးရဲ့စံနမူနာဖြစ်တယ်။ နေ့စဉ် ဘုရားရဲ့မျက်မှောက်တော်မှာ တိုးဝင်ခြင်းအားဖြင့် သူ့အတွက်သာမကပဲ သူအနီးနားမှာရှိတဲ့သူတွေရဲ့လိုအပ်တဲ့ အရာတွေကို လိုအပ်တဲ့အချိန်မှာ ကူညီမစပေးနိုင်တယ်။ သင့်ဘဝမှာလဲ သင့်အတွက်သာမကပဲ သင့်အနီးနားက လူတွေအတွက်လိုအပ်တဲ့အရာတွေကို လိုအပ်တဲ့အချိန်မှာ ကူညီနိုင်တဲ့သူဖြစ်ဖို့အတွက် ဘုရားမျက်မှောက်တော်မှာ အချ်ိန်ပေးတဲ့သူ ဖြစ်ပါ။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့

မျက်မှောက်တော်ရဲ့အကျိုး (၄)

“အကျွန်ုပ်​ကို ကိုယ်တော်​၏​ရှေ့မှောက်​မှ နှင်ထုတ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အကျွန်ုပ်​ထံမှ​ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော ရွှင်မြူး​ခြင်း​ကို အကျွန်ုပ်​အား ပြန်လည်ခံစား​စေ​၍ စေတနာထက်သန်​သော​ဝိညာဉ်​တော်​ဖြင့် အကျွန်ုပ်​ကို ထောက်မ​တော်မူ​ပါ​။” ဆာလံကျမ်း‬ ‭၅၁:၁၁-၁၂

ဒါဝိဒ်မင်းကြီး စိုးရိမ်တာက ရာထူးရုပ်သိမ်းသွားမှာကို မဟုတ်ပါဘူး၊ ရွှေငွေတွေ မရှိတော့မှာကိုမဟုတ်ပါဘူး။ ကျန်တာ မရှိတာထက် ဘုရားမျက်မှောက်တော် မရှိတော့မှာကို ပဲ အထူးစိုးရိမ်တယ်။ မျက်မှောက်တော်မရှိရင် ကျန်တာတွေဘယ်လောက်ရှိရှိ ဘာမှထူးသွားမှာ မဟုတ်ဘူး။ ဘုရား မျက်မှောက်တော်က အရာခပ်သိမ်းဖြစ်တယ် ဆိုတာ ဒါဝိဒ်က ကောင်းကောင်းသိတယ်။ သန့်ရှင်းသောဝိညာဉ်တော်မရှိရင် ဘာပဲရှိရှိ ဘဝက အဓိပ္ပါယ်မရှိပါဘူး။ ဝမ်းမြောက်ရွှင်မြူးခြင်း ၊ ခွန်အားအစွမ်းသတ္တိတွေကို မျက်မှောက်တော်ထဲမှာပဲ ရနိုင်ပါတယ်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့

မျက်မှောက်တော်ရဲ့ အကျိုး (၃)

“အကျွန်ုပ်​သည် ဘုရားသခင်​၏ သန့်ရှင်းရာဌာန​တော်​ထဲသို့​ဝင်​သည့်အခါမှသာ သူ​တို့​၏​နိဂုံး​ကို သိရှိနားလည်​ရ​ပါ​၏​။” ဆာလံကျမ်း‬ ‭၇၃:၁၇

လောကကြီးထဲမှာ အဖြေမရနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ လူတွေကိုကြည့်ရင်၊ အခြေနေတွေကို ကြည့်ရင်ကြာလေ ပိုရှုပ်ထွေးလေပဲ။ လူတွေပေးနေတဲ့ အဖြေက ကျေနပ်မှုဘယ်တော့မှမဖြစ်စဘူး။ ဘုရားရဲ့မျက်မှောက်တော်ထဲ ရောက်တဲ့အခါမှာ လူတွေ မပေးနိုင်တဲ့ အဖြေက နှလုံးသား ကျေနပ်တဲ့အထိ ဘုရားကပေးတယ်။ ဆာလံဆရာက အခြေအနေနဲ့ လူတွေကိုကြည့်ပြီး စိတ်ပျက်နေတဲ့ အရာတွေကို မျက်မှောက်တော်ထဲမှာ တိုးဝင်တဲ့ နောက်ပိုင်းမှာ ကျေနပ်တဲ့ အဖြေကိုရရှိခဲ့တယ်။ ဒီအဖြေက သူ့ဘဝရဲ့ရှုပ်ထွေးနေတဲ့အရာတွေအားလုံးကိုရှင်းပေလိုက်တယ်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့

မျက်မှောက်တော် ရဲ့ အကျိုး (၂)

“စိတ်နှလုံး​တည်ကြည်​သော​သူ​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​သောကြောင့် ကိုယ်တော်​သည် သူ့​ကို​စောင့်ရှောက်​၍ ငြိမ်သက်​ခြင်း​အတိ ရှိ​စေ​တော်မူ​မည်​။” ဟေရှာယအနာဂတ္တိကျမ်း‬ ‭၂၆း၃

မငြိမ်သက်နေတဲ့ လောကကြီးထဲမှာ ငြိမ်သက်ခြင်းအပြည့်နဲ့ နေ့စဉ် ဖြတ်သန်းသွားနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဘုရားမျက်မှောက်တော်ပဲ ရှိတယ်။ မျက်မှောက်တော်ထဲမှာ အချိန်ယူဖြတ်သန်းတဲ့သူဟာ လောကကြီးရဲ့ ဘယ်အရာကမှ သူ့ရဲ့ငြိမ်သက်ခြင်းကို ခိုးယူနိုင်မှာ မဟုတ်ဘူး။ အရာရာကို ငြိမ်သက်စွာနဲ့ ဖြတ်သန်းသွားလာနိုင်လိမ့်မယ်။ လူတစ်ယောက်တကယ် ဘုရားမျက်မှောက်တော်မှာ အချိန်ယူသလားဆိုတာ အခက်အခဲတွေကြားထဲမှာ ဘယ်လိုဖြတ်သန်းလဲဆိုတာကို ကြည့်ရင်သိနိုင်တယ်။ မျက်မှောက်တော်ထဲမှာ တကယ် စိမ်ထားတဲ့သူကတော့ အရာရာမှာ ဘုရားပေးတဲ့ ငြိမ်သက်ခြင်းနဲ့ ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့

မျက်မှောက်တော်ရဲ့ အကျိုး

“ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​လိမ့်မည်​။ နှစ်လို​ဖွယ်​ကောင်း​သော​အရာ​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌ အစဉ်​ရှိ​ပါ​၏​။” ဆာလံကျမ်း ၁၆:၁၁

လောကကို အချိန်ပေးလေ ဝမ်းနည်းခြင်းက အသက်တာကိုနေရာယူစိုးမိုးလာတယ်။ လောကကြီးမှာ စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းဆိုတာ မရှိသလောက်ကို ရှားသွားပြီ။ ဒီနေ့လူတွေ လိုချင်တဲ့၊ လူတွေရှာနေတဲ့ ဝမ်းမြောက်ခြင်းက ဘုရားရဲ့ မျက်မှောက်တော်မှာပဲ ရှိတယ်။ မျက်မှောက်တော်ထဲမှာ တိုးဝင်လေ ဘဝရဲ့ နှစ်လိုဖွယ်အရာတွေကို ရှာတွေ့လေပါပဲ။ မျက်မှောက်တော်ကလွဲရင် ကျန်တဲ့နေရာမှာတော့ ရှာတွေ့ဖို့တော့ မလွယ်ဘူး။ ဝမ်းမြောက်ခြင်းနှင့် ကျေနပ်နှစ်သက်ဖွယ်သောအရာတွေကို စုံလင်စွာ ခံစားနိုင်တဲ့ တစ်ခုတည်းသော နေရာကတော့ ဘုရားရဲ့မျက်မှောက်တော်မှာပါပဲ။

ဇန်နဝါရီလ ၃၁ ရက်နေ့

သစ္စာနှင့်ပြည့်စုံသောဘုရား

“လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။”

‭‭ကောရိန္သုဩဝါဒစာပထမစောင်‬ ‭၁၀:၁၃

နောက်ဆုံးသောကာလ နီးကပ်လာလေ လောက ကြီးက သစ္စာရှိခြင်းကို ရှာတွေ့ဖို့ ပိုခက်လာတယ်။ လူတွေကလဲ သစ္စာရှိခြင်းထက် ကိုယ်အဆင်ပြေဖို့ပဲ ဉီးစားပေးလာကြတယ်။ လောကကြီးမှာ ရှာတွေ့ဖို့ခက်ပေမဲ့ ဘုရားရဲ့ သစ္စာရှိခြင်းကတော့ ဘယ်အချိန်မှာမဆို မပြောင်းလဲသွားပါဘူး။ ဘုရားရဲ့သစ္စာရှိခြင်းကြောင့် သင်ဟာ ဘယ်တော့မှ သင်ခံနိုင်ရည် ကျော်လွန်တဲ့ စုံစမ်းခြင်းကို တွေ့ကြုံရမှာမဟုတ်ဘူး။ သင်ခံနိုင်တဲ့ အောင်မြင်ကျော်လွန်နိုင်တဲ့အရာကိုပဲ အမြဲတမ်းတွေ့ကြုံရတယ်။ ဒါဟာ ဘုရားရဲ့ သစ္စာရှိခြင်းထဲကတစ်ခုပဲ။ အမြဲတမ်း ထွက်ပေါက်ကိုကြိုတင်ပြင်ဆင်ပေးပြီးတော့ အောင်မြင်ဖို့အတွက် စီစဉ်ပေးထားတာဟာ ဘုရားရဲ့သစ္စာရှိခြင်းပါပဲ။

ဇန်နဝါရီလ ၃၀ ရက်နေ့

လူ့အတွက် မဖြစ်နိုင်ပေမဲ့

“ကိုယ်တော်​က​လည်း“လူ​တို့​အတွက်​မ​ဖြစ်နိုင်​သော​အရာ​များ​သည် ဘုရားသခင်​အတွက်​ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။” ‭‭ရှင်လုကာခရစ်ဝင်‬ ‭၁၈:၂၇

ဘဝမှာ ရှင်သန်တဲ့အခါမှာ မဖြစ်နိုင်တဲ့ အခြေအနေတွေကိုရင်ဆိုင်ရတတ်ပါတယ်။ တစ်ခါတစ်လေ လမ်းဆုံးပြီလို့ ထင်တတ်တဲ့အချိန်တွေ အများကြီးရှိတတ်

တယ်။ လူ့အနေနဲ့ မဖြစ်နိုင်တိုင်း လမ်းဆုံးပြီလို မထင်စေချင်ဘူး။ လူ့အနေနဲ့ မဖြစ်နိုင်တဲ့ အရာတိုင်းကို လုပ်ပေးနိုင်တဲ့ ဘုရားရှိတယ်။ သူ့ကို ယုံကြည်ရင်၊ အားကိုးရင် မဖြစ်နိုင်တဲ့အရာတိုင်းဖြစ်လာတာကိုမြင်ရလိမ့်မယ်။ ဘုရား မတတ်နိုင်တဲ့ အရာ ဘာဆို ဘာမှမရှိဘူး။

ဇန်နဝါရီလ ၂၉ ရက်နေ့

မဖြစ်နိုင်တာ မရှိဘူး (၄)

“ဘု​ရား​သ​ခင်​သည် ကြီး​သော​အ​မှု၊ စစ်၍ မ​ကုန်​နိုင်​သော​အ​မှု၊ ရေ​တွက်၍​မ​ဆုံး၊ အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။” ယောဘ‬ ‭၅:၉

ဘုရားပြုတဲ့အမှုတွေက ဘယ်တော့မှ ရေတွတ်လို့ဆုံးနိုင်မှာ မဟုတ်ဘူး။ လူအနေနဲ့စဉ်းစားလို့ ဉာဏ်မှိီနိုင်မှာတောင်မဟုတ်ဘူး။ သေးသေးလေးတွေ၊ ဖြစ်နိုင်တဲ့အရာတွေလောက်ပဲ လုပ်တဲ့ ဘုရား မဟုတ်တာသေချာတယ်။ ဘာဖြစ်လို့များ ဘုရားကို ကန့်သတ်ချင်ရတာလဲ? လူတွေအနေနဲ့ မလုပ်နိုင်၊ မဖြစ်နိုင်တိုင်း၊ ဘုရားမလုပ်နိင် မတတ်နိုင်တာမှ မဟုတ်တာ။ သင့်ဘဝရဲ့မဖြစ်နိုင်တာတွေအားလုံးကို လုပ်ပေးဖို့ သူဟာ အမြဲတမ်းအသင့်ရှိတယ်။ သင့်ရဲ့မဖြစ်နိုင်တဲ့အဆုံးမှာ သူ့ရဲ့တတ်နိုင်ခြင်းကို ယုံကြည်ကိုးစားမယ်ဆိုရင် သေချာတယ် အံ့ဖွယ်အမှုအရာတွေဖြစ်လာတော့မှာပါ။

ဇန်နဝါရီလ ၂၈ ရက်နေ့

မဖြစ်နိုင်တာ မရှိဘူး (၃)

“ဘု​ရား​သ​ခင်​သည် ကြီး​သော​အ​မှု၊ စစ်၍ မ​ကုန်​နိုင်​သော​အ​မှု၊ ရေ​တွက်၍​မ​ဆုံး၊ အံ့​ဩ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ၏။” ယောဘ‬ ‭၅:၉

ကျမ်းစာတစ်အုပ်လုံးကို ဖတ်ကြည့်တဲ့အခါမှာ ဘုရားက ဖြစ်နိုင်တာတွေကိုပဲလုပ်ခဲ့တဲ့ဘုရားမဟုတ်ဘူး။ သူ့ကို ယုံကြည်သူတွေအတွက် သူလုပ်ခဲ့အရာတွေက ဖြစ်သင့်တာ တွေ၊ဖြစ်နိုင်တာတွေထက် အမြဲတမ်း ကျော်လွန်ခဲ့တယ်။ ကိုယ့်ရဲ့ အတွေးအခေါ်၊ ကိုယ်ခွန်အားအစွမ်းအစအပေါ်မှာမူတည်ပြီးတော့ စဉ်းစားနေရင်တော့ မဖြစ်နိုင်တာတွေက အများကြီး ဖြစ်နေအုံးမှာပဲ။ ဘုရားရဲ့ တတ်နိုင်ခြင်းကို မျှော်ကြည့်မယ်ဆိုရင်တော့ သေချာတယ် မဖြစ်နိုင်ဘူး ဆိုတာ တစ်ခုကိုမှ ရှိမှာ မဟုတ်ဘူး။

ဇန်နဝါရီလ ၂၇ ရက်နေ့

မဖြစ်နိုင်တာ မရှိဘူး(၂)

“ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်လျှင် ယုံကြည်သောသူ၌ ခပ်သိမ်းသောအမှုတို့သည် ဖြစ်နိုင်သည်ဟု မိန့်တော်မူ၏။”(မာကုခရစ်ဝင် ၉:၂၃)

တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို သံသယမရှိပေမဲ့၊ ကိုယ်တိုင်ရဲ့ ယုံကြည်ခြင်းအပေါ်မှာတော့ ယုံကြည်မှုအားနည်းတတ်ကြပါတယ်။ ဒီကျမ်းပိုဒ်မှာ သခင်

ယေရှုက “ငါလုပ်နိုင်ပါ့မလား”လို့ မေးခွန်းထုတ်နေတာ မဟုတ်ဘဲ၊ “သင်ယုံကြည်နိုင်မလား” လို့ ပြန်လည်မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။

“မဖြစ်နိုင်ဘူး”ဆိုတာ သင့်ရဲ့ ယုံကြည်ခြင်း ရပ်တန့်သွားတဲ့ နေရာတစ်ခုသာ ဖြစ်ပါတယ်။ သဘာဝတရားအရ ကုစားမရသော ရောဂါများ၊ ဖြေရှင်းမရသော မိသားစုပြဿနာများ၊ ပိတ်နေသော လမ်းစများသည် ယုံကြည်ခြင်းမျက်စိဖြင့် ကြည့်သောအခါ အခွင့်အရေးများ ဖြစ်လာတတ်သည်။ ယုံကြည်ခြင်းဆိုသည်မှာ လက်တွေ့အခြေအနေကို ငြင်းပယ်ခြင်းမဟုတ်ဘဲ၊ ထိုအခြေအနေများထက် ကြီးမားသော ဘုရားသခင်ကို မြင်တွေ့ခြင်းဖြစ်သည်။ သင် ယုံကြည်ရဲလျှင် ဘုရားသခင် အလုပ်လုပ်ဖို့ အဆင်သင့်ရှိပါသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့

မဖြစ်နိုင်တာ မရှိဘူး

“ဘုရားသခင် မတတ်နိုင်သော အမှုမရှိ။” (လုကာခရစ်ဝင် ၁:၃၇)

လူသားတွေရဲ့ အမြင်မှာ “လမ်းဆုံးပြီ”၊ “မဖြစ်နိုင်တော့ဘူး” လို့ ထင်ရတဲ့ အခြေအနေတွေဟာ ဘုရားသခင်အတွက်တော့ “အစပြုခြင်း” သက်သက်သာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုယ့်ဉာဏ်၊ ကိုယ့်ခွန်အား၊ ကိုယ့်အကန့်အသတ်တွေနဲ့ ကြည့်ပြီး စိတ်ပျက်အားငယ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ဟာ သဘာဝနိယာမတွေကို ကျော်လွန်ပြီး အံ့ဖွယ်အမှုများကို ပြုနိုင်သော အနန္တတန်ခိုးရှင် ဖြစ်ပါတယ်။

ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့တဲ့ ဘုရား၊ ခြင်္သေ့တွင်းထဲက ဒံယေလကို ကယ်တင်ခဲ့တဲ့ ဘုရားသည် ယနေ့ သင့်ဘဝထဲ၌လည်း ရှိနေပါသည်။ သင့်ပြဿနာ ဘယ်လောက်ကြီးမားပါစေ ဘုရားသခင်ရဲ့ တန်ခိုးတော်ထက် မကြီးမားပါဘူး။ ဘုရားသခင်၌ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားလုံး မရှိပါ။ ကိုယ်တော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် သင့်ဘဝရဲ့ မဖြစ်နိုင်တဲ့အရာတွေက ဖြစ်နိုင်တဲ့အရာတွေအဖြစ် ပြောင်းလဲလာပါလိမ့်မယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့

အရာခပ်သိမ်းကို တတ်နိုင်စေတဲ့ ခွန်အား

“ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ဘုရားသခင်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။” ဖိလိပ္ပိသြဝါဒစာ ၄:၁၃

မလုပ်နိုင်တာတွေ အများကြီးရှိတယ်လို့ ထင်နေသေးတယ်ဆိုရင်တော့ သေချာတယ် သင် ဘုရားပေးတဲ့ခွန်အားနဲ့ မရှင်သန်သေးဘူး။ လူ့ရဲ့ခွန်အားက အကန့်အသတ်ရှိတယ်။ဒါကြောင့် ကိုယ့်ခွန်အားပေါ်မှာပဲ အသက်ရှင်တဲ့သူကတော့ မလုပ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေ များနေအုံးမှာပဲ။ ဘုရားခွန်အားနဲ့ ရှင်သန်တဲ့သူဆိုရင်သေချာတယ် တမန်တော်ကြီးရှင်ပေါလု ပြောသလို သင်ပြောနိုင်ပါလိမ့်မယ်။ ခပ်သိမ်းသောအရာကို ငါတတ်စွမ်း နိုင်တယ်လို့ ပေါလုပြောတဲ့အခါမှာ ကြွားတာလဲ မဟုတ်ဘူး။ စကားကြီးစကျယ်ပြောတာလဲ မဟုတ်ဘူး။ ဘုရားတန်ခိုးတော်ကို သူက သေချာပေါက် နားလည်လို့ ဒီလို ပြောနိုင်တာ။ ဒီလို စကားမျိုးကို ဘုရားပေးတဲ့ခွန်အားကို တကယ်နားလည်တဲ့သူကပဲ ပြောနိုင်တယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့

အားပြည့်ခြင်း

“အ​လွန်​ချစ်​အပ်​သော​သူ၊ မ​ကြောက်​နှင့်။ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ။ အား​ရှိ​လော့။ ခွန်​အား​နှင့်​ပြည့်​စုံ​လော့​ဟု ဆို၏။ ထို​သို့​ဆို​ပြီး​မှ ခွန်​အား​ကို​ငါ​ရ၍၊ အ​ကျွန်ုပ်၏​သ​ခင်၊ မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို​ခွန်​အား​ပေး​တော်​မူ​ပြီ​ဟု လျှောက်၏။” ဒံယေလ ၁၀:၁၉

ဘုရားအသံကြားခြင်းက ကုန်ခမ်းသွားတဲ့အားအင်တွေကို ချက်ခြင်းပြည့်စေတဲ့ အရင်းအမြစ်တစ်ခုပါ။ လောက အသံနှင့်ပတ်ဝန်းကျင်အသံတွေ၊ လူ့အသံတွေ များများကြားလေ အားကုန်လေပါပဲ။ ကုန်သွားတဲ့အားတွေကိုပြန်လည် ဖြည့်ဆည်းပေးနိုင်တဲ့ တစ်ခုတည်းသောအရာက ဘုရားအသံ ကြားခြင်းဖြစ်တယ်။ ဘုရားအသံက အပြစ်တင်ခြင်း၊ တရားစီရင်ခြင်းနှင့် မလာပါဘူး။ ဘုရားအသံကို မှန်ကန်စွာကြားရတဲ့အခါမှာ ဘုရားရဲ့မေတ္တာကိုပိုမိုပြီးတော့ ခံစားရရှိတယ်။ လူ့အသံတွေကတော့အပြစ်တင်ခြင်း၊ စီရင်ခြင်းတွေနဲ့ပဲပြည့်နှက်နေတယ်။ ဘုရားအသံအမြဲ ကြားနေရတဲ့သူအတွက် အားအင်ကုန်ခမ်းတယ်ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ပါဘူး။

ဇန်နဝါရီလ ၂၂ ရက်နေ့

မကုန်ခမ်းနိုင်တဲ့ ခွန်အားနဲ့လဲလှယ်ပါ

“လူငယ်​တို့​ပင်လျှင် အားအင်​ကုန်ခန်း​၍ မောပန်း​ကြ​လိမ့်မည်​။ သန်မာ​သော​လူငယ်​တို့​သည်​လည်း ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​တို့​မူကား ခွန်အား​သစ်​နှင့်​ပြည့်​လိမ့်မည်​။ သူ​တို့​သည် လင်းယုန်​ကဲ့သို့ အတောင်ပံ​ဖြင့် အထက်​သို့​ပျံတက်​ကြ​လိမ့်မည်​။ ပြေး​သောအခါ မောပန်း​ကြ​မည်​မ​ဟုတ်​။ သွားလာ​သောအခါ​လည်း အားအင်​ကုန်ခန်း​ကြ​မည်​မ​ဟုတ်​။” ဟေရှာယအနာဂတ္တိကျမ်း 40:30-31 MSBU

ကျွန်တော်တို့ လူသားတွေရဲ့ ခွန်အားဟာ “ဘက်ထရီ” တစ်လုံးလိုပါပဲ။ သုံးပါများရင် ကုန်ခမ်းသွားတတ်ပါတယ်။ အမှုတော်မြတ်မှာ ဘယ်လောက်ပဲ စိတ်အားထက်သန်ပါစေ၊ လူ့ခန္ဓာကိုယ်နဲ့ စိတ်ဟာပင်ပန်းနွမ်းနယ်မှုကို ကြုံတွေ့ရစမြဲပါ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ခွန်အားကတော့ ကုန်ခမ်းခြင်းမရှိတဲ့ “လျှပ်စစ်ဓာတ်အားပေးစက်ရုံ” ကြီးနဲ့တူပါတယ်။

ဒီကျမ်းချက်မှာ “စောင့်မျှော်သောသူ” ဆိုတာ ဘာမှမလုပ်ဘဲ ထိုင်နေသူကို မဆိုလိုပါဘူး။ မိမိရဲ့အားနည်းမှု၊ မောပန်းမှုတွေကို ဘုရားသခင်ရှေ့မှာ ဝန်ခံပြီး၊ ဘုရားဆီက ခွန်အားကို မျှော်လင့်တောင့်တသူကို ဆိုလိုပါတယ်။ ခွန်အားသစ်နှင့် ပြည့်မည်”ဆိုတဲ့ စကားရဲ့မူရင်းအဓိပ္ပာယ်ဟာ “အလဲအလှယ်လုပ်သည် (Exchange)” လို့ အဓိပ္ပာယ်ရပါတယ်။ ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ စောင့်မျှော်တဲ့အခါ…ကုန်ခမ်းနေတဲ့ အားအင်တွေကို ဘုရားကိုပေးအပ်ပြီးတော့ ဘုရားထံကနေ မကုန်ခမ်းနိုင်တဲ့ ဘုရားရဲ့ခွန်အားကို ရယူခြင်းဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့

ဘုရားပေးတဲ့ခွန်အား

“ကိုယ်တော် သည် မောပန်း သော သူ တို့ ကို ခွန်အား ပေး တော်မူ ၏ ။ အစွမ်း မ ရှိ သော သူ တို့ ကို စွမ်းအား နှင့် ပြည့်စုံ စေ တော်မူ ၏ ။” (ဟေရှာယ ၄၀:၂၉)

လူ့ခွန်အားသည် သုံးစွဲလေ ကုန်ခမ်းလေပဲ၊ ဘုရားပေးသော ခွန်အားကတော့ သုံးစွဲလေ တိုးပွားလေပါပဲ။ ကျွန်ုပ်တို့ “မနိုင်တော့ဘူး” ဟု ဝန်ခံသည့်အချိန်မှာ ဘုရားသခင် “စတင်အလုပ်လုပ်” လာတယ်။ မောပန်းခြင်းကို စိတ်မပျက်ပါနှင့်။ ဘုရားသခင်ထံ တိုးဝင်၍ ကိုယ်တော်၏ အကန့်အသတ်မရှိသော ခွန်အားကို တောင်းပါ။ ဘုရားက ကုန်ခမ်းသွားတဲ့ အားအင်နေရာမှာ ပိုကောင်းတဲ့ အားအင်ကို ပေးပါလိမ့်မယ်။ လူ့ရဲ့ခွန်အား က အကန့်အသတ်ရှိပေမဲ့ ဘုရားပေးတဲ့ခွန်အားကတော့ အကန့်အသတ်မဲ့ဖြစ်တယ်။ လူ့အနေနဲ့မဖြစ်နိုင်တဲ့အရာတွေကို ဘုရားပေးတဲ့ခွန်အား နဲ့ လုပ်ဆောင်နိုင်တယ်။ ဘုရားထံမှရတဲ့ ခွန်အားနှင့် အရာရာကိုကျော်လွှားအောင်မြင်နိုင်မယ်ဆိုတာ စိတ်ချပါ။

ဇန်နဝါရီလ ၂၀ ရက်နေ့

ခွန်အားတိုးပွါးလျှက်

“သူ​တို့​သည် ခွန်အားတိုးသည်ထက်တိုးလာ​လျက်​၊ သွား​ကြ​လျက် ဇိအုန်​၌​ရှိ​တော်မူ​သော​ဘုရားသခင်​ကို ဖူးမြင်​ရ​ကြ​ပါ​လိမ့်မည်​။”‭‭ဆာလံကျမ်း‬ ‭၈၄:၇

ပုံမှန်အားဖြင့် ခရီးတစ်ခုကို လျှောက်လှမ်းတဲ့အခါ ခရီးဝေးလေလေ၊ လူက ပင်ပန်းနွမ်းနယ်လေလေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်နဲ့ လျှောက်လှမ်းရတဲ့ ဝိညာဉ်ရေးရာခရီးလမ်းကတော့ အံ့ဩစရာကောင်းပါတယ်။ နှုတ်ကပတ်တော်က “ခွန်အားတိုးသည်ထက် တိုးလာလျက်” လို့ ကတိပေးထားပါတယ်။

ဘုရားပေးတဲ့ ခွန်အားသစ် – သင့်ဘဝမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ကို မှီခိုတဲ့သူတွေ၊ ဘုရားမျက်မှောက်တော်ကို ဉီးတည်တဲ့သူတွေဟာ အားလျော့သွားခြင်းမရှိဘဲ၊ အချိန်တိုင်းမှာ ခွန်အားသစ်ကို ပြန်လည်ရရှိပြီး အရင်ကထက် ပိုပြီးတောင် တိုးပွါးနေပါသေးတယ်။

ရှေ့ဆက်လှမ်းနိုင်မယ့် စွမ်းရည် – မနေ့ကထက် ဒီနေ့၊ ဒီနေ့ထက် မနက်ဖြန်မှာ သင့်ရဲ့ ဘုရားအပေါ်မှာထားတဲ့ ယုံကြည်

ခြင်းနဲ့ စိတ်ဓာတ်ခွန်အားဟာ ပိုပြီးရင့်ကျက်ခိုင်မာလာပါလိမ့်

မယ်။ မှန်ကန်တဲ့ ပန်းတိုင်ကတော့ ဘုရားနဲ့ ပိုပြီးတော့နီးကပ်ခြင်းဖြစ်ဖို့ပါပဲ။

ဇန်နဝါရီလ ၁၉ ရက်နေ့

ခွန်အားနှင့်ပြည့်စုံခြင်း

“နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။” ဧဖက်ဩဝါဒစာ ၆:၁၀

ယုံကြည်သူတွေ ပြောလေ့ရှိတဲ့ စကားက ခွန်အားနည်းတယ်၊ ငါတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဒီလို စကားတွေကို လွယ်လွယ်ပြောတာဟာ ယုံကြည်သူတစ်ယောက်အတွက် သခင်ဘုရားနဲ့ ဘယ်လိုခွန်အားယူတည်ဆောက်ရမလဲဆိုတာကို သေချာ သဘောမပေါက်လို့ဖြစ်တယ်။ ဘယ်လို ခွန်အားနှင့် ပြည့်စုံနိုင်မလဲဆိုတာ တမန်တော် ရှင်ပေါလုက သေချာရှင်းပြထားပါတယ်။ ပထမဆုံးက သခင်ဘုရားထဲမှာ ဘဝကိုတည်ဆောက်ခြင်းဖြစ်တယ်။ သခင်ဘုရားထဲမှာ ဘဝကို တည်ဆောက်တဲ့သူ ဟာ ဘယ်လို အခြေအနေမျိုးမှာမဆို အားနည်းသွားမှာ မဟုတ်ပဲ ခိုင်ခံ့စွာရပ်တည်နိုင်ပါလိမ့်မယ်။

ဘုရားရဲ့ အစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါကို နားလည်သဘောပေါက်လေ ခံနိုင်ရည်နဲ့ ခွန်အားတိုးပွားလေပါပဲ။ ဆုကျေးဇူးတွေ၊တန်ခိုးတော်တွေကို နားလည်သဘောပေါက်ပြီး အသုံးပြုတဲ့သူ တစ်ယောက်အသက်တာမှာ ပိုပြီးအားကြီးလာမှာ သေချာပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့

မိတ်ဆွေကောင်းရဲ့တန်ဖိုး

“ဧလိရှဲ​က​လည်း “​ငါ​ကိုးကွယ်​သော​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၏​မျက်နှာ​ကို​မ​ထောက်​လျှင် သင့်​ကို ငါ​လှည့်ကြည့်​မည်​မ​ဟုတ်​၊ အရေးစိုက်​မည်​မ​ဟုတ်​။” ဓမ္မရာဇဝင်စတုတ္ထစောင်‬ ‭၃:၁၄

မိတ်ဆွေကောင်းတစ်ယောက်ကြောင့် နှစ်ပေါင်းများစွာပိတ်နေတဲ့ တံခါးတွေ၊ အခွင့်အရေးတွေ ပွင့်လာနိုင်တယ်ဆိုတာ သိလား? မိတ်ဆွေကောင်းတွေကြောင့် ဘဝမှာ ဖွင့်လို့မရတဲ့အရာတွေ၊ ပိတ်နေတဲ့ အခွင့်အရေးတွေ၊ မရသင့်တဲ့အရာတွေကို ဘဝမှာ ရရှိခံစားဖို့အကြောင်းဖြစ်လာတယ်။ ဣသရေလဘုရင် ယောရံဟာ ယုဒဘုရင် ယောရှဖတ်ကြောင့် ဧလိရှဲ ရဲ့ ကူညီမစမှုကို ခံခဲ့ရတယ်။ သူပေါင်းတဲ့ ယောရှဖတ်သာ မပါရင် ဧလိရှဲက လှည့်တောင်မကြည့်ဘူးလို့ဆိုတယ်။ မိတ်ဆွေတစ်ယောက်ရဲ့တန်ဖိုးက ဘယ်လောက်တောင်ကြီးသလဲ? မရသင့်တဲ့အခွင့်အရေးတွေ၊ ကောင်းကြီးမင်္ဂလာတွေ များစွာခံစားရဖို့ ဖြစ်လာစေတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့

အပေါင်းအသင်း

“အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-” ‭၁ ကောရိန္သု ၁၅:၃၃

ကောင်းတဲ့အကျင့်တွေ တိုးတက်ဖို့အတွက်က သင်ပေါင်းသင်းတဲ့ အပေါ်မူတည်တယ်။ သင်ဘယ်သူနဲ့ ပေါင်းသလဲ ဆိုတာက ဝိညာဉ်ရေးရာအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူစတဲ့အရာတွေအားလုံးအတွက် အရမ်းကို အရေးကြီးတယ်။ မှားယွင်းတဲ့ ပေါင်းသင်းဖွဲ့ခြင်းက အသက်တာတစ်ခုလုံးကို ဆွဲချသွားနိုင်တယ်။ လူတချို့က အရည်အချင်းရှိရဲ့သားနဲ့၊ ဘုရားပေးထားတဲ့ဆုကျေးဇူးတွေရှိရဲ့သားနဲ့ အောင်မြင်သင့်သလောက် မအောင်မြင်တာဟာ အပေါင်းအသင်းကြောင့်လဲ အများကြီးသက်ဆိုင်မှုရှိတယ်။ ဒါဝိဒ်လို လူဖြစ်လာဖို့ ယောနသန်လိုမိတ်ဆွေကောင်းတွေလိုအပ်တယ်။ သင့်ဘဝထဲမှာ မပေါင်းသင့်တဲ့သူတွေကို ဖယ်ထုတ်ဖို့ ဝန်မလေးပါနဲ့။ သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေကို ပျက်ဆီးစေလိမ့်မယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့

မရှောင်နဲ့

“လူ​အ​ချို့​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း စည်း​ဝေး​ခြင်း​အ​မှု​ကို မ​ရှောင်​မ​လွှဲ​ကြ​နှင့်။ အ​ချင်း​ချင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ကြ​လော့။ ကာ​လ​အ​ချိန် ရောက်​လု​နီး​သည်​ကို ထောက်​သ​ဖြင့်၊ သာ၍ ကြိုး​စား​ကြ​လော့။” ဟေဗြဲ‬ ‭၁၀:၂၅

ယုံကြည်သူအချင်းချင်း စည်းဝေးတွေ့ဆုံခြင်းက ဘယ်လောက်တောင် အရေးကြီးသလဲ? လူတချို့ကတော့ အချိန်ဖြုန်းခြင်းလို့မြင်တယ်။ လူတချို့ကတော့ ရှိတဲ့နေရာမှာ ပဲ ဘုရားကို ကိုးကွယ်လို့ ရတင်လို့မြင်တယ်။ အတူတူ စည်းဝေးခြင်းက ဘုရားကို အတူတကွဝတ်ပြုခြင်းဖြစ်သလို၊ အချင်းချင်း အားပေး တိုက်တွန်းခြင်း၊ တည်ဆောက်ခြင်းအတွက်လဲ​လွန်စွာ အရေးပါတယ်။ နောက်ဆုံးသောကာလ နီးလာတာနဲ့အမျှ အားပေးခြင်း၊ အချင်းချင်းဆုတောင်းပေးခြင်း၊ တည်ဆောက်ပေးခြင်းက ပိုလိုအပ်လာတယ်။ တစ်ယောက်ထဲ မရပ်တည်နိုင်တဲ့အခြေအနေတွေအများကြီးကြုံရဖို့ရှိတယ်။ ဒါကြောင့် ဘုရားနဲ့ ပတ်သက်တဲ့ စည်းဝေးခြင်းတွေကို မရှောင်ပဲ အချိန်ပေးတတ်ဖို့လိုတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့

စ်မှန်တဲ့ မိတ်သဟာရ

“ငါ​တို့​သည် ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အမှောင်​ထဲ၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်လည်​ပြောဆို​သည်​ဖြစ်၍ သမ္မာတရား​ကို​ကျင့်သုံး​နေ​ကြ​သည်​မ​ဟုတ်။” ‭‭ရှင်ယောဟန်ဩဝါဒစာပထမစောင်‬ ‭၁:၆

လူတွေမမြင်တဲ့နေရာမှာ ဘုရားနဲ့ မိတ်သဟာရဖွဲ့ခြင်းက မြင်ရတဲ့အသက်တာမှာ ထူးခြားမှုတွေကိုယူဆောင်လာပါတယ်။ ဘုရားနဲ့မိတ်သဟာရဖွဲ့လား? မဖွဲ့ဘူးလား?ဆိုတာ လိမ်ညာလို့ မရပါဘူး။ မှန်ကန်တဲ့ မိတ်သဟာရမှာ အသီးအပွင့်ရှိပါတယ်။ နှုတ်ကပတ်တော်အတိုင်းအသက်ရှင် ပြီးတော့ မှန်ကန်စွာ ဘုရားနဲ့ မိတ်သဟာရ ရှိလာတဲ့အခါမှာ မှောင်မိုက်ထဲအသက်ရှင်တဲ့ဘဝကနေ အလင်းရဲ့ရှင်သန်မှုတွေကိုနေ့စဉ် မြင်လာရတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့

“အကောင်းဆုံးကို ပဲရွေးချယ်ပါ

“ထို့ကြောင့် လက်တုံ့​မ​ပြန်​ဘဲ “သင့်​ရန်သူ​ဆာလောင်​လျှင် ကျွေးမွေး​လော့။ ရေငတ်​လျှင် သောက်​စရာ​ပေး​လော့။ ထိုသို့​ပြု​ခြင်း​အားဖြင့် သင်​သည် သူ​၏​ခေါင်း​ပေါ်၌ မီးခဲ​ကို​ပုံထား​လိမ့်မည်။” ‭‭ရောမဩဝါဒစာ‬ ‭၁၂:၂၀

ကိုယ့်အပေါ်မှာ ကောင်းတဲ့သူရော၊ မကောင်းတဲ့သူရော ဘယ်သူ့ကိုမဆို အကောင်းဆုံးပဲတုန့်ပြန်ပါ၊ အကောင်းဆုံးပဲပြုမူပါ၊ အကောင်းပဲ ပြောပါ။ ဘာတွေရသွားမလဲဆိုတာက သူတို့နဲ့ပဲ​ဆိုင်တယ်။ တချို့က ထင်တယ် ကိုယ့်ကို ဒီလောက်နှောင့်ယှက်တာ၊ ဒီလောက် ဒုက္ခပေးတာ အကောင်းဆုံးပြုမူတာနဲ့ တန်လို့လား? အကောင်းဆုံး တုန့်ပြန်တယ်ဆိုတာ သူတို့ တန်တာ မတန်တာကြောင့် မဟုတ်ဘူး၊ ဘုရားစကားကိုနားထောင်တာပါ။ ဘာရသွားမလဲဆိုတာကတော့ သူတို့ထားတဲ့ နှလုံးသားနဲ့ပဲဆိုင်တယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့

ကောင်းချီးပေးခြင်းဖြင့် သာတုန့်ပြန်ပါ

“သင်​တို့​သည် ကောင်းချီး​မင်္ဂလာ​ကို အမွေ​ဆက်ခံ​ရ​မည့်အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည်​ဖြစ်၍ အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို ကဲ့ရဲ့​ပြစ်တင်​ခြင်း​ဖြင့်​လည်းကောင်း မ​တုံ့ပြန်​ဘဲ ကောင်းချီး​ကို​သာ​ပေး​ကြ​လော့။”‭‭ ရှင်ပေတရုဩဝါဒစာပထမစောင်‬ ‭၃:၉

ဘာတွေ​ရင်ဆိုင်ရသလဲဆိုတာထက် သင်ဘယ်လိုတုန့်ပြန်သလဲဆိုတာက ပိုအရေးကြီးတယ်။ ဘယ်လို အခြေအနေမှာမဆို ကောင်းချီးပေးခြင်းအားဖြင့် တုန့်ပြန်တတ်ဖို့က ကောာင်းချီးမင်္ဂလာကို အမွေဆက်ခံရတဲ့သူအတွက် လွန်စွာအရေးကြီးတယ်။ လူတွေကိုယ့်ကိုလုပ်သလိုပဲ လူတွေကိုပြန်လုပ်တာ အမွေခံတစ်ယောက်ရဲ့ အသက်ရှင်မှုမဟုတ်ဘူး။ လူတွေဆီကနေ ကောင်းတဲ့အရာမရလဲ အကောင်းဆုံး တုန့်ပြန်တာကပဲ ကောင်းကြီးမင်္ဂလာကို အမွေခံရတဲ့သူတွေရဲ့ရှင်သန်မှုဖြစ်တယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့

အစ ထက် အဆုံး

“အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။” ဒေသနာ‬ ‭၇:၈

လူတိုင်း ဘယ်လို စသလဲဆိုတာကို ဂရုစိုက်တတ်ကြပေမဲ့၊ ဘုရားကတော့ ဘယ်လို အဆုံးသတ်သလဲ? ဆိုတာကိုပိုစိတ်ဝင်စားတယ်။ အစကတော့ ပြီးပြည့်စုံတဲ့သူရယ်လို့ မရှိတာများတယ်။ အမှုတော်မြတ်အစ၊ ယုံကြည်သူဖြစ်ကာစ၊ အိမ်ထောင်အစ၊ စီးပွါးရေးလုပ်ကာစတွေမှာ ရုန်းကန်ပြီးတော့ မပြည့်စုံတဲ့ အရာတွေ ရှိတတ်ပေမဲ့ ဘုရားနှင့် အတူ လုပ်ဆောင်ရင်း၊ ယုံကြည်ခြင်းနှင့် အသက်ရှင်တဲ့ အခါမှာတော့ အစထက် ကောင်းတဲ့ အဆုံးကို ပိုင်ဆိုင်ခွင့်ရခဲ့တာ များတယ်။ ကောင်းမွန်စွာ အဆုံးရောက်ရှိဖို့အတွက် သည်းခံတတ်တဲ့ သဘောက အရမ်းကို အရေးကြီးတယ်။ ဘယ်လို အရာကြုံကြုံ​သည်းခံပြီးတော့ အဆုံးထိ ဘုရားနဲ့သွားတဲ့သူတွေအတွက်တော့ အစထက် များစွာ ပိုကောင်း၊ ပိုပြီးခမ်းနားတဲ့ အဆုံးကို ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။

ဇန်နဝါရီလ ၉ ရက်နေ့

အစနှင့်မတူတဲ့ အဆုံး

“ယောဘ​၏​ဘဝ​အစပိုင်း​ထက် နောက်ပိုင်း​ကို ထာဝရဘုရား ပို၍​ကောင်းချီးပေး​တော်မူ​သဖြင့်”၊ ‭‭ယောဘဝတ္ထု‬ ၄၂:၁၂

ဘဝရဲ့အစနှင့် အဆုံးကို နိုင်းယှဉ်ကြည့်ခြင်းအားဖြင့် လူတစ်ယောက်ရဲ့ဘုရားနဲ့ သွားလာခြင်းက ဘုရားနဲ့ အနီးမှာ အသက်ရှင်နေသလား? အဝေးမှာလား? ဆိုတာသိနိုင်တယ်။ အစပိုင်းတော့ ကောင်းပြီးတော့ နောက်ပိုင်း ယိုယွင်းပျက်စီးလာသလား? အစပိုင်းတော့ အားနည်းချက်တွေရှိပြီး နောက်ပိုင်းပိုကောင်းတဲ့ ဘဝအသက်တာကို ပိုင်ဆိုင်ထားသလား? အစနဲ့အဆုံးဟာ လူတစ်ယောက်ရဲ့ ဘုရားနဲ့ အနီးအဝေးမှာ အသက်ရှင်တဲ့ အရာကိုမြင်နိုင်တဲ့ အရာတစ်ခုပဲ။ ဘုရားအတူရှိပြီးတော့ ကောင်းကြီးပေးခြင်းခံရရင် သင်ဘယ်တော့မှ အစထက်အဆုံးမှာ လျော့နည်းသွားမှာ မဟုတ်တာသေချာတယ်။ အစထက် အဆုံးပိုင်းဟာ ပိုကောင်းတဲ့ဘဝနဲ့ ရှင်သန်ခွင့်ရမှာပါ။


ဇန်နဝါရီလ ၈ ရက်နေ့

အစမှာရှိတဲ့စိတ်ချမူ

“အကြောင်းမူကား ငါ​တို့​သည် အစ​၌​ရှိ​သော​စိတ်ချ​မှု​ကို အဆုံး​တိုင်အောင် ခိုင်မြဲ​စွာ​စွဲကိုင်​ထား​လျှင် ခရစ်တော်​နှင့်​စပ်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။” ဟေဗြဲဩဝါဒစာ‬ ‭၃:၁၄

နောက်ပိုင်း အဖျားရှုးသွားမယ်၊ ကောက်ရိုးမီးပါဆိုတဲ့စကားတွေကို ကြားဖူးမှာပါ။ အမှုတော်မြတ်မှာ စတင်ပြီးပါဝင်တဲ့ လူငယ်ဘဝမှာ ခဏခဏ အပြောခံရတဲ့စကားတွေထဲကတစ်ခုပဲ။ လူတွေက ဘုရားနဲ့ပတ်သက်ပြီးတောက်လောင်တဲ့အခါမှာ၊ အမှုတော်မြတ်မှာ လုပ်ဆောင်ဖို့ ဆုံးဖြတ်တဲ့အခါမှာ အဆုံးထိသွားမှာမဟုတ်ဘူး၊ နောက်ဆိုရင်ပေါ့လျော့လာမယ်ဆိုပြီးတော့ လှောင်ပြောင်တဲ့အနေနဲ့ ပြောကြတယ်။ ဒီလိုလူတွေလဲ အများကြီးရှိခဲ့ကြလို့လဲ အပြောခံရတာ လဲပါပါတယ်။ တကယ် ခရစ်တော်နှင့်စပ်ဆိုင်တဲ့သူ၊ ဘုရားခေါ်ထားတဲ့သူကတော့ လူတွေပြောတဲ့အတိုင်းတော့ လုံးဝမဟုတ်ဘူး။ အစပဲတက်ကြွ၊ အစပဲ ယုံကြည်ခြင်းမြင့်တတ်တဲ့သူတွေ၊ တောက်လောင်တဲ့သူတွေမဟုတ်ဘူး။ အစမှာရှိတဲ့ စိတ်ချမှု၊ ယုံကြည်ခြင်းက အဆုံးထိ ဒီအတိုင်းပဲယုံနေ၊ စိတ်ချနေမယ့်သူတွေဖြစ်တယ်။ နှစ်စမှာပဲ အကောင်းဆုံးလုပ်ပြီးတော့ အဆုံးမှာ ပေါ့လျော့တဲ့အထဲမှာ၊ ခရစ်တော်အထဲမှာ တကယ်အသက်ရှင်တဲ့သူတွေ မပါဘူး။


ဇန်နဝါရီလ ၇ ရက်နေ့

စစ်၍​မ​ကုန်​

သို့​ရာ​တွင်၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော​အ​မှု​ကို၊ အ​စ​မှ​အ​ဆုံး​တိုင်​အောင်၊ လူ​သည် စစ်၍​မ​ကုန်​နိုင်။” ဒေသနာ ၃:၁၁

အသက်တာ တစ်လျောက်မှာ ဘုရားပြုပေးခဲ့တဲ့အမှုမပြောနဲ့ ပြီးခဲ့တဲ့နှစ်တစ်ခုထဲမှာတောင် ပြုပေးခဲ့တဲ့အမူတွေက စစ်လို့တောင်မကုန်နိုင်ပါဘူး၊ ရေတွက်လို့လဲ မဆုံးဘူး။ ဒီနှစ်မှာလဲ သေချာတယ် မနေ့ ယနေ့ နောင်ကာလ မပြောင်းလဲ တဲ့ ဘုရားက ကြံစည်လို့မမှီနိုင်၊ တွက်ဆလို့မရနိုင်တဲ့ အမှုတွေ ပြုပေးအုံးမှာ သေချာတယ်။ ဒါကြောင့် အားငယ်စရာ စိတ်ပျက်စရာ ဘာအကြောင်းမှ မရှိဘူး။ ဘုရားရဲ့ကောင်းမြတ်ခြင်းကို မစစ်ပဲ ကိုယ့်ရဲ့အားနည်းချက်နဲ့ ပြဿနာ ကိုပဲစစ်နေသရွေ့ ဘယ်တော့မှ ဘုရားပြုပေးတဲ့အမှုကို မြင်ရအုံးမှာ မဟုတ်ဘူး။

ဇန်နဝါရီလ ၆ ရက်နေ့

ဘာကြောင့် အကျိုးမရှိလဲ?

“ကြည့်ရှု​လော့​။ သင်​တို့​သည် အကျိုး​မ​ရှိ​သော မုသား​စကား​ကို ယုံ​ကြ​၏​။” ယေရမိအနာဂတ္တိကျမ်း‬ ‭၇:၈

ကိုယ်ယုံတဲ့ အရာက အကျိုးမဖြစ်ထွန်းဘူးဆိုရင်၊ သေချာတယ် အကျိုးမရှိတဲ့ မုသာစကားကို ယုံမိနေလို့ ဖြစ်တယ်။ လူပေါင်းများစွာ သမ္မာတရားကို မယုံပဲ၊ မုသာ စကားတွေနဲ့ ပျော်မွှေ့နေကြတယ်။ ဒါကြောင့်ကောင်းကျိုး ဖြစ်လာမယ့်အစား၊ အကျိုးမဲ့တဲ့ အသက်တာပဲ ဖြစ်နေတယ်။ နှုတ်ကပတ်တော် သမ္မာတရားကို ယုံကြည်ခြင်းက ဘယ်တော့ မှ အကျိုးမမဲ့ဘူး။ သေချာပေါက် အဘက်ဘက်မှာ အကျိုး ဖြစ်ထွန်းမယ်။ မုသာတွေကို ယုံမိရင်တော့ သေချာတယ် ဘာ အကျိုးမှ ရှိလာမှာမဟုတ်ဘူး။

ဇန်နဝါရီလ ၅ ရက်နေ့

တူညီသောယုံကြည်ခြင်း

ငါ​သည် တူညီ​သော​ယုံကြည်​ခြင်း​အားဖြင့် စစ်မှန်​သော​ငါ့​သား​ဖြစ်​သည့်​တိတု​ထံသို့ ဤ​စာ​ကို ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​၏​ကယ်တင်ရှင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။” တိတုဩဝါဒစာ ၁:၄

လက်တွဲ လုပ်ဆောင်ခြင်းမှာ ဘာအရေးကြီးလဲ လို့မေးရင်၊ တူညီတဲ့ရူပါရုံ ရှိဖို့လိုသလို၊ တူညီတဲ့ယုံကြည်ခြင်းရှိဖို့လဲ အရေးကြီးတယ်။ တချို့က ကိုယ့်ဝိညာဉ်ခေါင်းဆောင်လို့သာ ခေါ်ဆိုနေပေမဲ့ တူညီတဲ့ ယုံကြည်ခြင်းကို မရှိဘူး။ တူညီတဲ့ ယုံကြည်ခြင်းမရှိပဲ ရေရှည်လက်တွဲ လုပ်ဆောင်ဖို့၊ ရူပါရုံဆီကို ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နှစ်ပေါင်းများစွာ လက်တွဲပြီးတော့ ဘုရားနိုင်ငံတော်ထဲမှာ လုပ်ဆောင်ခြင်း၊ အောင်မြင်ခြင်းက တူညီတဲ့ ယုံကြည်ခြင်းက အခြေခံပဲ။ တမန်တော်ကြီးရှင်ပေါလုက တိတုကို သူ့ရဲ့ယုံကြည်ခြင်းနှင့်တူညီတဲ့ စစ်မှန်တဲ့ သားလို့ ကြေငြာခဲ့တယ်။ ယုံကြည်ခြင်းမတူညီပဲနဲ့တော့ ဘယ်တော့မှ သားသမီး ဖြစ်လာစရာ အကြောင်းမရှိဘူး။ ဟန်ဆောင်တယ်ဆိုတာ ရေရှည်မခံဘူး။

ဇန်နဝါရီလ ၃ ရက်နေ့

သင် သွားရမယ့်လမ်း

“သင်​ကြံ​စည်​သော​အ​ကြံ​အ​စည်​သည် ထ​မြောက်၍၊ သင်​သွား​သော​လမ်း၌ ရောင်​ခြည်​ထွန်း​လိမ့်​မည်။” ယောဘ ၂၂:၂၈

နှစ်သစ်မှာ လျှောက်ရမယ့်လမ်းအတွက် စိုးရိမ်နေရတဲ့သူတွေရှိရင် ဘုရားကိုစိတ်ချစေချင်တယ်။ ဘုရားနဲ့မှန်ကန်တဲ့မိတ်ဿဟာရက သင့်ဘဝ၊ သင်သွားရမယ့်လမ်းကို အလင်းဖြစ်စေတယ်။ ဘုရားနဲ့ သွားလာတဲ့သူအတွက် အလင်းရှင် ဘုရားက အမြဲတမ်း အလင်းထွန်းလင်းပေးတယ်။ အလင်း ပျောက်မှာ ကြောက်စရာမလိုဘူး။ ဘုရားနဲ့ မှန်ကန်တဲ့ ဆက်သွယ်မှုမရှိရင်တော့ သေချာတယ် အလင်း ရှိမှာမဟုတ်ဘူး။ ဘုရားနဲ့မှန်ကန်တဲ့ ဆက်သွယ်မှုကပဲ အကြံအစည်တွေကို ထမြောက်အောင်မြင်စေပြီးတော့ သင့်ဘဝကို အလင်း ထွန်းလင်းပေးတယ်။ ကြံစည်တဲ့ အကြံစည်တိုင်းကို လဲ ထမြောက်အောင်မြင်စေတယ်။

ဇန်နဝါရီလ ၂ ရက်နေ့

ကြောက်ရွံ့ခြင်းနှင့်ကင်းတယ်

“ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။” ဆာလံကျမ်း ၂၇:၁

ကိုယ့်ရဲ့ အသက်တာမှာ ဘုရားထွန်းလင်းပေးတဲ့အလင်းကို သဘောမပေါက်တဲ့သူလောက် ဆုံးရှုံးတာ ဘာများရှိအုံးမလဲ? ဘုရားသားသမီးဖြစ်ပြီးတော့ အရာရာကို ကြောက်နေတယ်ဆိုရင်၊ အားငယ်တဲ့စိတ်နှင့်ဘဝကို ရှင်သန်နေရတယ်ဆိုရင် သေချာတယ် သင်ဟာ ဘုရားထံကလာတဲ့အလင်းကို သေချာ သဘောမပေါက်သေးဘူး။ အလင်းကို တကယ်သဘောပေါက်တဲ့သူအသက်တာကတော့ ဒါဝိဒ်လိုပဲ ကြောက်စရာတွေ မရှိတာ မဟုတ်ဘူး၊ ရှိပေမဲ့ မကြောက်တတ်တော့တာ။ ဘုရားရဲ့အလင်းနဲ့ ရှင်သန်နေတဲ့သူရဲ့ဘဝကို ဘယ်အရာကမှ ခြိမ်းခြောက်လို့ မရဘူး။

ဇန်နဝါရီလ ၁ ရက်နေ့

စိတ်မသာ ညည်းတွားရာကာလ ကုန်ပြီ

“နောက်​တစ်​ဖန် သင်၏​နေ​သည် မ​ဝင်​ရ။ သင်၏ လ​သည်​လည်း မ​ဆုတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်၌ ထာ​ဝ​ရ​အ​လင်း​ဖြစ်​တော်​မူ၍၊ စိတ်​မ​သာ​ညည်း​တွား​ရာ ကာ​လ​ကုန်​လေ​ပြီ။” ဟေရှာယ ၆၀:၂၀

ဘုရားရဲ့အလင်း အသက်တာမှာ ပေါ်ထွန်းတဲ့အခါ လောကရဲ့ အလင်းနိယာမနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားတယ်။ လောကမှာတော့ နေရဲ့ အလင်း နဲ့ လရဲ့ အလင်းက လင်းလိုက် မှောင်လိုက်ပဲ။ ဘုရားပေးတဲ့အလင်းကတော့ ဘယ်တော့မှ မမှောင်တော့ဘူး။ ဘယ်တော့မှ အလင်းကွယ်ပျောက်တယ်ဆိုတာ မရှိတော့ဘူး။ တောက်ပပြီးရင်း ပိုတောက်ပလာတယ်။ ဘုရားသားသမီးတစ်ယောက်ကို ဘယ်တော့များ မှေးမှိန်သွားမလဲ စောင့်နေရင် မောလိမ့်မယ်။ ဘယ်တော့မှ ဘယ်လိုမှ အလင်းက ပျောက်ကွယ်သွားစရာကို မရှိတော့ဘူး။ အလင်းနဲ့ စစ်မှန်စွာ အသက်ရှင်တဲ့သူရဲ့ဘဝမှာ စိတ်မသာ ညည်းတွားရာ ကာလဆိုတာကုန်ပြီ။ စိတ်ပျက်ခြင်းနှင့် အားငယ်ခြင်းအားလုံးက အလင်းရဲ့အောက်မှာ အမှောင်ပြေးသလို ပြေးထွက်သွားပြီ။

ဒီဇင်ဘာလ ၃၁ ရက်နေ့

ဘယ်သူမှ လွှမ်းမိုးလို့မရ

“ထို​အလင်း​သည် မှောင်မိုက်​၌​ထွန်းလင်း​၍ မှောင်မိုက်​သည် သူ့​ကို​မ​လွှမ်းမိုး​နိုင်။” ‭‭ရှင်ယောဟန်ခရစ်ဝင်‬ ‭၁:၅

အလင်းရဲ့ ဂုဏ်သတ္တိများစွာထဲက တစ်ခုက သူ့ကိုဘယ်သူမှ လွှမ်းမိုးချုပ်ကိုင်လို့မရတာပါပဲ။ အင်္ဂလိပ်ကျမ်းစာမှာတော့ မှောင်မိုက်က ဘယ်တော့မှ မနိုင်ဘူးလို့ဆိုတယ်။ ဘုရားပေတဲ့အလင်းနဲ့ ရှင်သန်တဲ့သူတစ်ယောက်ကို လောကကြီးက လွှမ်းမိုး အနိုင်ယူလို့မရဘူး။ အလင်းကပဲ​အရာခပ်သိမ်းကို လွှမ်းမိုးပြီးတော့အနိုင်ယူသွားပါလိမ့်မယ်။ ကိုယ့်အထဲမှာရှိတဲ့ ခရစ်တော်အားဖြင့်ရတဲ့ အလင်းကို သဘောပေါက်ဖို့လိုပြီး ယုံကြည်စိတ်ချဖို့လည်းလိုပါတယ်။ လောကသားတွေ၊ လောက ကြီးတစ်ခုလုံးက သင့်ကိုလွှမ်းမိုး ချုပ်ကိုင်လို့ မရမှာသေချာတယ်။ သင်ကပဲ လောကသားတွေနဲ့ လောကကြီးကိုလွှမ်းမိုး သွားပါလိမ့်မယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့

အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်တယ်

“အ​ချင်း​ရန်​သူ၊ ငါ့​အ​ပေါ်​မှာ ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း မ​ရှိ​နှင့်။ ငါ​လဲ​သော်​လည်း ထ​ဦး​မည်။ မှောင်​မိုက်၌ ထိုင်​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း​ဖြစ်​တော်​မူ​လိမ့်​မည်။” မိက္ခာ ၇:၈

ဘုရားကို ဘဝရဲ့အလင်းအနေနဲ့ သဘောပေါက်လက်ခံတဲ့သူရဲ့ဘဝမှာ လက်ရှိအခြေအနေတွေ ဘယ်လောက်ဆိုးဆိုး အဲ့ဒီအခြေအနေတွေအားလုံးကို ပြောင်းပြန်လှန်နိုင်တယ်။ အခြေအနေဆိုးအောက်မှာ ဒူးထောက်ပြီးတော့ အရှုံးပေးကြတာဟာ ဘုရားရဲ့အလင်းကို သဘောမပေါက်လို့။ ဘုရားက ဘယ်လောက်မှောင်တဲ့ အခြေအနေထဲမှာမဆို အလင်းပေးနိုင်တဲ့ တစ်ခုတည်းသောသူပဲ။ ဒါကြောင့် မိက္ခာကပြောတယ် လက်ရှိအခြေအနေကိုကြည့်ပြီးတော့ ရှုံးပြီလို့ မသတ်မှတ်နဲ့။ လက်ရှိအခြေအနေနဲ့မဆိုင်တဲ့ဘဝကို ဘုရားရဲ့အလင်းက လုပ်ဆောင်ပေးလိမ့်မယ်ဆိုတာ သူက ကောင်းကောင်းယုံတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့

အလင်းရဲ့နေရာ

“ဆီ​မီး​ထွန်း၍ တောင်း​ဇ​လား​အောက်၌ ဖုံး​ထား​လေ့​မ​ရှိ။ အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် အ​လင်း​ကို ရ​စေ​ခြင်း​ငှာ ဆီ​မီး​ခုံ​ပေါ်​မှာ တင်​ထား​လေ့​ရှိ၏။-” ရှင်မဿဲ‬ ‭၅:၁၅

ဘယ်သူကမှ အလင်းကို အနိမ့်မှာ ထားလေ့မရှိဘူး။ အလင်းမှာ သူနေရာနဲ့သူရှိတယ်။ အလင်းသာ မှန်ပါစေ သေချာတယ် အမြင့်မှာ နေရာချလိမ့်မယ်။ သခင်ယေရှုက ပြောတယ် သင်တို့က ဤလောကရဲ့ အလင်း။ အလင်းဆိုရင်တော့ မြင့်လေ ပိုပြီး လင်းလေပဲ။ ဒါကြောင့် အလင်းရဲ့နေရာက အမြင့်မှာပဲ။ သင့်ရဲ့ တာဝန်က လင်းဖို့ပဲ လိုတယ်။ လူတွေ နဲ့ ဘုရားက သေချာပေါက် အမြင့်မှာ ထားလိမ့်မယ့်။ အမြင့်မှာ ထားလေ အကျိုးသက်ရောက်မှုများလေပဲ။ အလင်းက အမြင့်ရောက်လေ လူတွေကို အကျိုးပြုလေပဲ။ အမြင့်ရောက်လို့မှ အကျိုး မပြုရင်သေချာတယ် စစ်မှန်တဲ့ အလင်း မဟုတ်သေးလို့ပဲ။

ဒီဇင်ဘာလ ၂၇ ရက်နေ့

မယုံတဲ့အတွက်

“အ​မတ်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြတင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို၍၊ ဘု​ရား​သ​ခင်၏​လူ​က သင်​သည်​ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော​သည်​အ​တိုင်း၊” ‭‭၄ ဓမ္မရာဇဝင်‬ ‭၇:၁၉

မြင်ပဲမြင်ရပြီး မခံစားရတဲ့အရာတွေအတွက် ဝမ်းနည်းဖူးလား? ဒီအရာတွေအတွက် တစ်စုံတစ်ယောက်ကို အပြစ်တင်နေဆဲလား? တကယ်တော့ မြင်ပဲမြင်ရပြီး အသက်တာမှာ မခံစားရတဲ့အရာအတွက် အဓိက တရားခံက ကိုယ်တိုင်ပါပဲ။ ယုံကြည်ခြင်းမရှိရင် ကောင်းတဲ့အရာတွေကို မြင်ပဲမြင်ရပြီးတော့ ဘယ်တော့မှ ကိုယ်တိုင်ခံစားပိုင်ဆိုင်ရမှာမဟုတ်ဘူး။ ဘုရားလူပြောတဲ့ ပရောဖက်ပြုချက်ကို မယုံပဲပြောခဲ့တဲ့ အမတ်က ကောင်းကြီးခံစားရတဲ့အရာကို ကိုယ်တိုင် မြင်ရပေမဲ့ မခံစားရခဲ့ရရှာဘူး။

ဒီဇင်ဘာလ ၂၆ ရက်နေ့

ယခုအတွက် ယုံပါ

“ယေရှု​က​လည်း“သင်​၏​မောင်​သည် ထမြောက်​မည်”​ဟု မိန့်​တော်မူ​လျှင် မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။” ရှင်ယောဟန်ခရစ်ဝင် ၁၁:၂၃-၂၄

တချိန်ချိန်မှာ ဖြစ်လာမယ်ဆိုတာက ယုံကြည်ခြင်းမဟုတ်ဘူး မျှော်လင့်ခြင်းဖြစ်တယ်။ ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းကို ရောထွေးနေကြတယ်။ တကယ်တော့ ယုံကြည်ခြင်းဆိုတာ မျှော်လင့်နေတဲ့ အနာဂတ်ကအရာကို အခုဖြစ်မယ်လို့ သိမှတ်စွဲလန်းခြင်းဖြစ်တယ်။ မာသကို သခင်ယေရှုကမေးတယ် သင့်မောင် ထမြောက်မယ်ဆိုတာ ယုံသလား? မာသကလည်း ယုံပါတယ်။ဒါပေမဲ့အခု အတွက်တော့မဟုတ်ဘူး တချိန်ချိန်မှာ ဖြစ်လာမယ်။ သခင်ယေရှုက ယခုထမြောက်ဖို့ ယုံခိုင်းပေမယ့် သူက တချိန်ချိန်မှာ ဖြစ်လာမယ့်အရာလို့ပဲ ခံယူနေတယ်။ တချို့အရာတွေနဲ့ လွဲနေတယ်ဆိုတာ ယုံကြည်ခြင်းလွဲနေသေးလို့ပါ။ ယုံကြည်ခြင်းသာမှန်သွားရင် ဖြစ်ပျက်လာမယ့် အရာတွေလဲ အကုန်လုံးမှန်သွားပါလိမ့်မယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့

စိတ်တော်နှင့်တွေ့စေသော ယုံကြည်ခြင်း (၂)

“ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။” ဟေဗြဲဩဝါဒစာ‬ ‭၁၁:၆

ဘုရားသခင်ရဲ့ စစ်မှန်တဲ့သဘောသဘာဝကို နားမလည်ရင် မှန်ကန်တဲ့ ယုံကြည်ခြင်းရဖို့မလွယ်ဘူး။ ဘုရားကဘယ်လို နှလုံးသားရှိလဲဆိုတာသိဖို့ အရေးကြီးတယ်။ သူ့ နှလုံးသားကိုသိတဲ့အခါမှာ မှန်တဲ့ယုံကြည်ခြင်းကို ဖြစ်ပေါ်စေတယ်။ ဘုရားက သူ့ကို ရှာတဲ့သူတွေကို ဒုက္ခပေးတဲ့ ဘုရားမဟုတ်ဘူး။ အကျိုးကိုပေးတဲ့ ဘုရားဖြစ်တယ်။ ဒီအရာကို ယုံနိုင်တဲ့အခါမှာ ဘဝမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေဖြစ်လာတော့တာပါပဲ။ ဘုရားကိုရှာလို့ ဒုက္ခရောက်တယ်လို့ ယုံနေသေးတယ်ဆိုရင် ယုံကြည်ခြင်းက မမှန်သေးဘူး။ ဘယ်တော့မှ ဘယ်သူကိုမှ သူ့ကိုရှာတဲ့သူတွေကို အကျိုးမနည်းစေတဲ့ သူပါ။

ဒီဇင်ဘာလ ၂၄ ရက်နေ့

စိတ်တော်နှင့်တွေ့သောယုံကြည်ခြင်း (၁)

“ယုံကြည်​ခြင်း​မ​ရှိ​လျှင် ဘုရားသခင်​၏​စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အကြောင်းမူကား ဘုရားသခင်​ထံ​ချဉ်းကပ်​သော​သူ​သည် ဘုရားသခင်​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း၊ ဘုရားသခင်​သည် မိမိ​ကို​ရှာ​သော​သူ​တို့​အား အကျိုး​ပေး​တော်မူ​သော​အရှင်​ဖြစ်​ကြောင်း​ကို​လည်းကောင်း ယုံကြည်​ရ​မည်။” ဟေဗြဲဩဝါဒစာ‬ ‭၁၁:၆

ယုံကြည်ခြင်းက လွန်စွာရိုးရှင်းပါတယ်။ မယုံကြည်ခြင်းက သာရှုပ်ထွေးတာပါ။ ဘုရားစိတ်တော်နှင့်တွေ့တဲ့၊ သဘောကျတဲ့ ယုံကြည်ခြင်းကတော့ ဘုရားရှိတယ်ဆိုတာ ယုံကြည်ဖို့ပါ။ ပြဿနာ ရှိတယ်၊ အခက်အခဲရှိတယ်ဆိုတာကိုတော့ လူတွေက ယုံကြည်ကြတယ် ဒါပေမဲ့ အဲ့ဒီ ပြဿာနတွေကို ဖြေရှင်းပေးမယ့် ဘုရားရှိတယ်ဆိုတာ ကျတော့ လူတွေက မယုံနိုင်ကြဘူး။ ဘယ်လို ကိစ္စကို မဆို ဖြေရှင်းပေးနိုင်တဲ့ ဘုရားရှိတယ်ဆိုတာကို မယုံနိုင်သရွေ့ ဘုရား လုပ်ပေးတဲ့အရာတွေကိုလဲ မြင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒီဇင်ဘာလ ၂၃ ရက်နေ့

အားလုံးဖြစ်နိုင်တယ်

“ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။” ရှင်မာကုခရစ်ဝင်‬ ‭၉:၂၃

မဖြစ်နိုင်တာ မဟုတ်ပါဘူး မယုံနိုင်တာပါ။ ယုံနိုင်တဲ့သူအတွက်တော့ အရာအားလုံးက ဖြစ်ကိုဖြစ်နိုင်ပါတယ်။ အရည်အချင်းပေါ်မှာ ရပ်တည်ရင်၊ ဒါမှ မဟုတ် ငွေကြေးပေါ်မှာ စဉ်းစားရင်တော့ မဖြစ်နိုင်စရာတွေ အများကြီး ရှိတယ်။ ယုံကြည်ခြင်း အပေါ်မှာ ရပ်တည်ရင်တော့ မဖြစ်နိုင်ဘူးဆိုတာ ဘာဆိုဘာမှမရှိပါဘူး။ ယုံကြည်ခြင်းက အရာရာကို ဖြစ်လာအောင်လုပ်ဆောင် ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့

သင့်ကို ကန့်သတ်ထားတဲ့အရာ

သင်​တို့ ယုံ​ခြင်း​ရှိ​သည်​အ​တိုင်း သင်​တို့၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ​လျှင်၊-” ရှင်မဿဲ ၉:၂၉

ဘယ်အရာကများ သင့်ကို ကန့်သတ်ထားတယ်လို့ထင်သလဲ? ပတ်ဝန်းကျင်၊ ငွေကြေး၊ လူတွေနဲ့ နတ်ဆိုးတွေက သင့်ကို ကန့်သတ်ထားတယ်လို့ ထင်နေရင် မှားပါလိမ့်မယ်။ နောက်ဆုံး ဘုရားကိုယ်တိုင်ကတောင် သင့်ကို မကန့်သတ်ထားပါဘူး။ သင့်ကို အဓိက ကန့်သတ်ထားတဲ့အရာက သင့်ရဲ့ယုံကြည်ခြင်းပါပဲ။ သခင်ယေရှုက ပြောတယ် ဖြစ်လာသမျှအားလုံးက သင့်ရဲ့ ယုံကြည်ခြင်းနဲ့ပဲဆိုင်တယ်။ ဘုရားက သင်ယုံကြည်တဲ့အတိုင်း ဘဝကို ရှင်သန်ခွင့်ပေးပါတယ်။ ယုံကြည်ခြင်းကိုသာ ကန့်သတ် မထားရင် ဘဝမှာ ဘယ်အရာကမှ သင့်ကို ကန့်သတ်လို့မရနိုင်တော့ပါဘူး။

ဒီဇင်ဘာလ ၂၀ ရက်နေ့

အောင်မြင်ခြင်းပေးတဲ့ ကျေးဇူးတော်

“သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။” ကောရိန္သုဩဝါဒစာပထမစောင် ၁၅:၅၇

ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ရိုက်သွင်းခံရပြီး ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းကြားမှာ ဘုရားလုပ်ပေးတဲ့ကျေးဇူးတော်အကြောင်းကို ယုံဖို့လောက် ခက်ခဲတာမရှိဘူး။ ကျေးဇူးတော်ကို ချီးမွမ်းတတ်တဲ့သူအတွက်ကတော့ အရာရာဟာ ဘုရားလုပ်ပေးတာချည်းပဲ။ မချီးမွမ်းနိုင်တဲ့သူတွေကို ကြည့်ရင် ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာကို လက်ခံထားကြတယ်။ တကယ်တော့ ယုံကြည်သူ ဘဝအသက်တာဆိုတာ ကိုယ်လုပ်နိုင်လို့ ရတယ်ဆိုတာ ဘာဆိုဘာမှမရှိတာ။ အားလုံးက သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင် ပေးသနားတာချည်းပါပဲ။ ဒါကို သဘောပေါက်တဲ့သူက အရာရာတိုင်း၊ အခြေအနေတိုင်းကို ကျေးဇူးတော်လို့ ဝန်ခံနိုင်တယ်၊ ကျေးဇူးတော်ကိုချီးမွမ်းနိုင်တယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့

ရန်သူတွေကို ရှုံးနိမ့်စေသော ချီးမွမ်းခြင်း

“ထိုသို့ စတင်​ချီးမွမ်း​သီဆို​လိုက်​သည်​နှင့် ယုဒ​ပြည်​ကို ဝင်ရောက်​ကျူးကျော်​သည့် အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် စိရ​တောင်ပေါ်သား​တို့​အား ချောင်းမြောင်း​တိုက်ခိုက်မှု​ကို ထာဝရဘုရား​ဖြစ်စေ​တော်မူ​သဖြင့် သူ​တို့ ရှုံးနိမ့်​သွား​လေ​၏​။” ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၂၂

ပတ်လည်ဝိုင်းထားတဲ့ ရန်သူတွေကို ကြည့်ပြီးတော့ အနာဂတ်ပျောက်နေတဲ့ သူတွေအတွက် ပရောဖက် ထံကနေ သတင်းစကားရောက်လာတယ်။ စစ်မှုဟာ သင်တို့ တာဝန်မဟုတ်ဘူး ဘုရားတာဝန်ယူမယ်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အာမခံချက်လဲ? ဒါကြောင့် စစ်မှုကိုရင်ဆိုင်တဲ့အခါမှာ လက်နက်တွေကိုင်ထားတဲ့ သူ‌တွေက ရှေ့ကမသွားပဲ ဘုရားကိုချီးမွမ်းတဲ့သူတွေကို ရှေ့ကနေ သွားခိုင်းတယ်။ ဒီဆုံးဖြတ်ချက်ကဘယ်လောက်မှန်သလဲဆိုရင် ရန်သူတွေက တိုက်စရာမလိုပဲ အချင်းချင်း တိုက်ခိုက်ပြီးတော့ ရှုံးနိမ့်သွားကြတယ်။ တချို့ပြဿနာတွေက သင်တိုက်ဖို့မဟုတ်ဘူးဆိုတာသိရင် စိတ်ပျက်တော့မှာ မဟုတ်ဘူး ချီးမွမ်းနေတော့မှာ သေချာတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့

ကျေးဇူးတော်ကြောင့်သာ

“အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။” ယောန‬ ‭၂:၉

ငြီးတွားခြင်းနှင့်အပြစ်တင်ခြင်းက လက်ရှိဘဝကနေ လွတ်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဘုရားရဲ့ကျေးဇူးတော်ကို သဘောပေါက်ပြီးတော့ ချီးမွမ်းခြင်းကသာ ပိတ်နေတဲ့လမ်းတွေကို ပွင့်စေနိုင်တယ်။ ဘုရားသွားခိုင်းတဲ့ နေရာကို ယောနမသွားပဲ၊ ဆန့်ကျင်ဘက်ကို သွားတဲ့အခါမှာ အဆင်ပြေတာထက် အဆင်မပြေတာတွေ ပိုများလာတယ်။ နောက်ဆုံး ငါးကြီးရဲ့ဝမ်းဗိုက်ထဲ မှာ သုံးရက်လုံး အကျဉ်းအကျပ်ထဲ ကျရောက်ခဲ့တယ်။ နောက်ဆုံး ကျေးဇူးတော်ချီးမွမ်းခြင်းကသာ အကျဉ်းအကျပ်ထဲကနေ လွတ်မြောက်ရာလမ်းကို ဖြစ်စေခဲ့တယ်။ ဘုရား ရောက်စေချင်တဲ့ နေရာကိုလဲ ကျေးဇူးတော်ချီးမွမ်းခြင်းကသာ ပို့ဆောင်ပေးခဲ့တယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့

ဝိညာဉ်တော်ရဲ့အရှိန် မငြိမ်းစေဖို့

“အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား သင်​တို့​သည် ထိုသို့​ပြု​ကြ​ရန် ခရစ်တော်​ယေရှု​၌ ဘုရားသခင်​အလို​ရှိ​တော်မူ​၏​။ ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။” သက်သာလောနိတ်ဩဝါဒစာပထမစောင် ၅:၁၈-၁၉

သန့်ရှင်းသောဝိညာဉ်တော် ရဲ့အရှိန် မရှိတော့ရင် အသက်တာက ဘယ်လောက်တောင် အန္တရယ်ရှိသလဲဆိုတာ လူတချို့က မသိကြဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အရှိန်ကိုကျစေတဲ့ အဓိကအကြောင်းအရင်းကတော့ အသက်တာမှာ ကြုံသမျှ အရာတွေကို ကျေးဇူးတော် မချီးမွမ်းပဲ အပြစ်တင်ခြင်းပါပဲ။ ဘုရားရဲ့အလိုတော်က တွေ့ကြုံသမျှအားလုံးမှာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ဖြတ်သန်းဖို့ပါ။ ကျေးဇူးတော်ချီးမွမ်းခြင်းရဲ့အဓိပ္ပါယ်က ဘုရားပေးတွေ့တယ်၊ ဘုရားတာဝန်ယူမယ်ဆိုတာကို စိတ်ချခြင်းဖြစ်တယ်။ အရာရာကို ဘုရားပဲထိန်းချုပ်ထားပြီး‌တော့၊ ဘုရားပဲဉီးဆောင်နေတယ်လို့ ယုံကြည်တဲ့သူတွေ ချီးမွမ်းနိုင်တယ်။ မဟုတ်ရင်တော့ စိတ်ပျက်နေတာနဲ့ပဲ ဝိညာဉ်တော်ရဲ့အရှိန်က ငြိမ်းသွားလိမ့်မယ်။


ဒီဇင်ဘာလ ၁၆ ရက်နေ့

ကျေးဇူးတော်ကို ဝန်ခံခြင်း

“ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။” ဆာလံ‬ ‭၁၀၀:၄

ကျေးဇူးတင်ခြင်းက ဘုရားရဲ့ အနီးဆုံးကို တိုးဝင်ခြင်းဖြစ်ပြီး၊ ဆန့်ကြင်ဘက်ဖြစ်တဲ့ အပြစ်တင်ခြင်းကတော့ အဝေးဆုံး ထွက်ခွါခြင်းပါပဲ။ လူတွေက ဘုရားနဲ့ အနီးဆုံးမှာ အသက်ရှင်ခြင်ပေမဲ့ ငြီးတွား အပြစ်တင် ခြင်းကိုတော့ မရပ်တန့်ကြဘူး။ ငြီးတွားအပြစ်တင်ခြင်းက စာတန်ကို ခေါ်ဖိတ်တဲ့ တေးဂီတ ဖြစ်ပြီး ၊ ချီးမွမ်းကျေးဇူးတင်ခြင်းကတော့ ဘုရားကိုနေရာပေးခြင်းပါပဲ။

ဒီဇင်ဘာလ ၁၅ ရက်နေ့

ချီးမွမ်းတတ်ရင်

“ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။” ဆာလံကျမ်း‬ ‭၅၀:၂၃

ကျေးဇူးတင်တတ်ရင် ကျေးဇူးတင်စရာ အကြောင်းတွေထပ်တွေ့ပါလိမ့်မယ်။ ဘဝမှာ ကြုံလေရာရာက ကျေးဇူးတော်ကြောင့်ဆိုတာကိုနားလည်ရင်၊ ကျေးဇူးတော်ချီးမွမ်းတတ်ရင် ထပ်ပြီးတော့ ကျေးဇူးတော်ချီးမွမ်းစရာတွေက တစ်ခုပြီး တစ်ခု ပေါ်လာလိမ့်မယ်။ ကျေးဇူးတင်တတ်တဲ့သူအသက်တာမှာ ဆက်ပြီးတော့ သွားရမယ့်လမ်း သေချာပေါက် ပေါ်လာပါလိမ့်မယ်။ လူတချို့က လမ်းပျောက်နေကြတယ်။ လာမယ့်ကာလအတွက် ဘယ်လို ဆက်သွားရမလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး။ ကျေးဇူးတော်ချီးမွမ်းတဲ့အသက်တာမှာတော့ လာမယ့်အနာဂတ်လမ်းကို ကောင်းကောင်းကြီး ဆင်ခြင်နိုင်အောင် ဘုရားက လုပ်ဆောင်ပေးတယ်။ လမ်းကိုပဲ မြင်တာ မဟုတ်ဘူး အဲ့ဒီလမ်းကို အောင်မြင်ခြင်းနဲ့လျှောက်နိုင်အောင်လဲ ဘုရားက မစပါလိမ့်မယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့

မခေါ်မှီကပင် ထူး

“သူ​တို့​မ​ခေါ်​မီ ငါ​ထူး​မည်​။ သူ​တို့​တောင်းလျှောက်​နေစဉ် ငါ​နားထောင်​မည်​။” ဟေရှာယအနာဂတ္တိကျမ်း‬ ‭၆၅:၂၄

ဘုရားက ခေါ်မှထူး၊ တောင်းမှပေးတဲ့ ဘုရားမဟုတ်ဘူး။ တချို့ဆိုရင် ခေါ်ရင်လဲ မထူး ၊တောင်းရင်လဲ မပေး တတ်ဘူး။ ဘုရားကတော့ သင် မခေါ်မိီကပင် ထူးတတ်တယ်။ ကိုယ်တိုင်တောင် တောင်းဖို့ သတိမရတဲ့အရာတွေ၊ မေ့လျော့ နေတဲ့အရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဘုရားက သူချစ်တဲ့သူတွေအတွက် အမြဲတမ်း ကူညီမစဖို့၊ ကောင်းတဲ့အရာတွေပေးဖို့အတွက် အဆင်သင့်ဖြစ်နေတယ်။ ဘဝမှာ ပြန်စမ်းစစ်ကြည့်ရင် ကိုယ်တောင်းခဲ့တဲ့အရာတွေ၊ ကိုယ်လိုအပ်တဲ့အရာတွေထက် ပိုပြီးတော့ ဘုရားကူညီမစခဲ့တာကို မြင်တွေ့ရပါလိမ့်မယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့

ခေါ်တဲ့သူရတဲ့ ရလဒ်

“သူ​သည် ငါ့​ကို​ခေါ်​သောအခါ သူ့​ကို​ငါ​ထူး​မည်​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ သူ​နှင့်အတူ​ငါ​ရှိ​မည်​။ ငါ​သည် သူ့​ကို​ကယ်မ​၍ သူ့​ကို​ဂုဏ်ပြု​မည်​။” ဆာလံကျမ်း‬ ‭၉၁:၁၅

အရည်အချင်းရှိတဲ့သူတွေ ဂုဏ်ပြုခံရတယ်ဆိုတာ ထုံးစံပါပဲ။ ဒါပေမဲ့ ဘုရားကိုခေါ်တဲ့သူ၊ အားကိုးတတ်တဲ့သူ ဂုဏ်ပြုခံရတာကတော့ အရမ်းကို ထူးဆန်းပါတယ်။ ဘုရားက သူ့ကို ယုံကြည်ခြင်းနှင့် ခေါ်တဲ့သူကို ဆင်းရဲခြင်းကပဲ လွတ်မြောက်စေတာမဟုတ်ဘူး။ သူကိုယ်တိုင် အတူဖြတ်သန်းပြီးတော့ ကယ်မခြင်းနှင့်အတူ ဂုဏ်ပြုချီးမြှောက်ခြင်းကို ခံစားစေတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့

ခေါ်တိုင်း ထူးစေချင်ရင်

“ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။”‭‭သုတ္တံ‬ ‭၁:၂၈

ဘုရားကိုခေါ်တဲ့အခါမှာ ဘုရားဘက်ကနေ တုန့်ပြန်တဲ့ ထူးတဲ့အရာကို လူတိုင်းလိုချင်ကြတယ်။ ကိုယ်ခေါ်တိုင်း ထူးစေချင်ရင် ဘုရားခေါ်တဲ့အခါမှာလဲ ကိုယ်က ပြန်ပြီး တုန့်ပြန်တတ်ဖို့လိုတယ်။ ဘုရားခေါ်တဲ့အခါမှာကိုယ်က မထူးပဲ၊ ကိုယ်ခေါ်တဲ့အခါမှာပဲထူးစေချင်လို့မရဘူး။ အမြဲတမ်း ဘုရားခေါ်သံကို တုန့်ပြန်တတ်တဲ့ အလေ့အကျင့် လုပ်ဖို့လိုတယ်။ ဘုရားခေါ်တဲ့အခါတိုင်း၊ ဘုရားနိုးဆော်တဲ့အခါတိုင်းမှာ မှန်ကန်စွာတုန့်ပြန်တတ်တဲ့သူတွေ ဘုရားကို ခေါ်တဲ့အခါမှာ ဘုရားကအမြဲတမ်း လျှင်မြန်စွာထူးလေ့ရှိတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့

မယုံနိုင်အောင် ထူးတယ်

“ငါ​ခေါ်၍ အ​ရှင်​သည် ထူး​တော်​မူ​သော်​လည်း၊ ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်​ဟု ငါ​မ​ယုံ​နိုင်။” ယောဘ‬ ‭၉:၁၆

အနာရောဂါတွေ ပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ ယောဘရဲ့ယုံကြည်ခြင်းက အဆိုးဆုံးထိကျဆင်းသွားတယ်။ အခက်အခဲတွေ ရင်ဆိုင်ရတဲ့ အခါမှာ လူတိုင်းဖြစ်လေ့ ရှိကြပါတယ်။ ဘုရားကတော့ အဆိုးဆုံးအခြေအနေမှာတောင် သူ့သားသမီးတွေ​ခေါ်ရင် ထူးဖို့ Ready ရှိနေတယ်။ ဘယ်တော့မှ​ ပစ်ထားဖို့၊ မကြားချင်ယောင်ဆောင်ပြီးနေဖို့ ဆန္ဒမရှိဘူး။ ဘယ်လိုအခြေအနေ၊ ဘယ်လို ပြဿနာမျိုး ကြားထဲကမဆို ခေါ် ရင် သူဟာ ထူးတယ်။ ယောဘဟာ ပြဿနာများလွန်းလို့ သူခေါ်ရင် ဘုရားထူး မယ်ဆိုတာကိုတောင် မယုံနိုင်တော့ဘူး။ ဘုရားကိုယုံပါ ဘယ်လို အခြေအနေ၊ ဘယ်လို အခက်အခဲမျိုး ကြားထဲကမဆို သင်ခေါ်ရင် ထူးကိုထူးတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့

ခေါ်တဲ့သူပဲ သိခွင့်ရမယ့်အရာ

“‘ငါ့​ကို​ခေါ်​လော့​။ ငါ​ထူး​မည်​။ သင်​မ​သိ နား​မ​လည်​နိုင်​သော ကြီးမြတ်​သော​အရာ​၊ ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို သင့်​အား​ပြောပြ​မည်’​ဟု မိန့်​တော်မူ​၏​။” ‭‭ယေရမိအနာဂတ္တိကျမ်း‬ ‭၃၃:၃

ဘဝမှာ နားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ ငြင်းမရပါဘူး။ ကျောင်းတွေမှာလဲ သင်မပေးသလို၊ ဘယ်လူကမှလဲ ရှင်းမပြနိုင်တဲ့ အရာတွေများစွာရှိတယ်။ ဒီလို အရာတွေကို နားလည်ချင်တယ်၊ သဘောပေါက်ချင်တယ်ဆိုရင် ဘုရားကို ခေါ်ဖို့၊ အားကိုးတတ်ဖို့လိုတယ်။ ဘုရားက သူ့ကို ယုံကြည်စွာနဲ့ခေါ်တဲ့သူတွေကို လူ့အသိနှင့် နားမလည်နိုင်တဲ့ ကြီးမြတ်တဲ့အရာတွေကို အမြဲတမ်း နားလည်စေတယ်။ သာမန်ကိစ္စတွေလောက်ပဲမဟုတ်ဘူး။ အခြားသူတွေ အတွက် ကွယ်ဝှက်ထားတဲ့အရာတွေကိုလဲ သူ့ကိုခေါ်တဲ့သူတွေကိုအမြဲတမ်း ဖွင့်ပြနားလည်စေတယ်။ အရေးကြီးဆုံးက နှလုံးသားထဲကနေ အားကိုးပြီးခေါ်တတ်ဖို့ပဲလိုတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့

ခေါ်သောအခါ

“အကျွန်ုပ်​ခေါ်​သော​နေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အစွမ်းသတ္တိ​နှင့်​ပြည့်​စေ​တော်မူ​၏​။” ဆာလံကျမ်း‬ ‭၁၃၈:၃

နေ့တိုင်း ဘုရားကိုခေါ်ပေမဲ့ ထူးသံမကြားရဘူးလို့ လူအချို့က ထင်နေတတ်တယ်။ ကြားရတဲ့အသံနဲ့ ပြန်ပြီးတော့ ထူးချင်မှ ထူးလိမ့်မယ်။ ဘုရားကိုခေါ်တဲ့သူရဲ့အသက်တာမှာ ထူးလာတဲ့အရာတွေအများကြီးရှိတယ်။ စိတ်

ဝိညာဉ်ထဲမှာ အစွမ်းသတ္တိတွေနှင့် ပြည့်စုံပြီးတော့ အရင်ကနဲ့မတူတဲ့ အသက်တာ ဘုရားကိုခေါ်တဲ့သူ ခံစားရတယ်။ အသံနဲ့ မထူးရင်တောင်မှ အသက်တာမှာ ထူးခြားလာတာကိုတော့သေချာပေါက်မြင်ရပါလိမ့်မယ်။

ဒီဇင်ဘာလ ၆ ရက်နေ့

ဘုရားအတူမပါရှိရင်

“မောရှေ​က​လည်း “​ကိုယ်တော်တိုင် ကြွ​တော်​မ​မူ​လျှင် အကျွန်ုပ်​တို့​ကို ဤ​နေရာ​မှ သွား​စေ​တော်​မ​မူ​ပါ​နှင့်​။”‭‭ထွက်မြောက်ရာကျမ်း‬ ‭၃၃:၁၅

မောရှေရဲ့ဆုံးဖြတ်ချက်က ကောင်းတဲ့နေရာ၊ကောင်းတဲ့ အရာတွေကို ရချင်တာ မဟုတ်ဘူး။ ဘုရားအတူပါရှိခြင်းကိုတန်ဖိုးထားတဲ့သူအတွက် ကျန်တဲ့အရာတွေက ဘုရားလောက် အရေးမကြီးပါဘူး။ ဒါကို မောရှေက ကောင်းကောင်းသဘောပေါက်သလို၊ လက်တွေ့ လုပ်ဆောင်တဲ့သူပါ။ ဘုရားက ခါနန်ပြည်ကို သွားဖို့ ကောင်းကင်တမန်ကိုပဲဉီးဆောင်ပြီး သူမပါတော့ ကြောင်းပြောတဲ့အခါမှာ၊ မောရှေက သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ခါနန်ပြည်ထက် ဘုရားအတူပါရှိခြင်းကိုပိုတန်ဖိုးထားတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့

ဘုရားအတူရှိခြင်းကို စိတ်ချခြင်း

“ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-” ဟေဗြဲ‬ ‭၁၁:၆

ဘုရားသခင် အတူရှိတယ်ဆိုတာကို မယုံနိုင်သေးသရွေ့ ဘယ်တော့မှ ဘုရားရဲ့ ကျေနပ်အားရခြင်းကို ရရှိမှာမဟုတ်ဘူး။ ဘုရားကျေနပ်တဲ့ စိတ်တော်နှင့်တွေ့တဲ့ ယုံကြည်ခြင်း ဆိုတာ ဘယ်လို အခြေအနေမျိုးမဆို၊ ဘယ်လို အရာတွေကိုပဲ​ကြုံနေရ၊ ကြုံနေရ ဘုရားက ကိုယ်နဲ့အတူရှိတယ်၊ အားလုံးကိုဖြေရှင်းပေးဖို့ သူအနားမှာ ရှိတယ်ဆိုတာကို အကြွင်းမဲ့ယုံဖို့လိုတယ်။ မဟုတ်ရင် ဘယ်တော့မှ အပြောင်းအလဲကို ဖြစ်စေမှာ မဟုတ်သလို ဘုရားပေးတဲ့ အကျိုးကိုလဲ ထင်ရှားစွာ မြင်တွေ့ရမှာ မဟုတ်ဘူး။

ဒီဇင်ဘာလ ၄ ရက်နေ့

လုပ်ဆောင်လေရာရာမှာ

“ထာဝရဘုရား​သည် ဒါဝိဒ်​နှင့်အတူ ပါရှိ​တော်မူ​သဖြင့် သူ​လုပ်ဆောင်​လေရာရာ​တို့​၌ အောင်မြင်​မှု​ရရှိ​လေ​၏​။” ‭‭ဓမ္မရာဇဝင်ပထမစောင်‬ ‭၁၈:၁၄

လုပ်သမျှမှာ အောင်မြင်တဲ့ဘဝဆိုတာ လူတိုင်း စိတ်ကူးယဉ် ဖြစ်ချင်တဲ့ဘဝပါပဲ။ ဒီဘဝကို ရောက်ဖို့ ကြိုးစားနေကြတယ်။ ဘာလုပ်လုပ် ရာနှုန်းပြည့် အောင်မြင်မှုကို မြင်တွေ့ရတယ်။ ဒီလိုဘဝမျိုးကို ဒါဝိဒ်လဲ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ သူ့ရဲ့ အထက်လူကြီးဖြစ်တဲ့ ရှောလုက သူ့ကို မကြည်ဖြူပဲ တစ်ချိန်လုံးအပြစ်ရှာပြီး ရှင်းပစ်ဖို့ကြိုးစားနေတဲ့ကြားက သူဟာ လုပ်သမျှမှာ အောင်မြင်ခဲ့တယ်။ ဒီလို ဘဝမျိုးပိုင်ဆိုင်ခွင့်ရတာဟာ အခြားကြောင့်တော့မဟုတ်ဘူး။ ဘုရားအတူပါရှိခြင်း သက်သက်ကြောင့်ပဲ။

ဒီဇင်ဘာလ ၃ ရက်နေ့

မောရှေနှင့်အတူရှိသလို

“ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။”‭‭ယောရှု‬ ‭၃:၇

လောကမှာ မွေးဖွားဖို့အတွက် အစပြုပေးတဲ့ဖခင်ရှိသလို၊ ဝိညာဉ်ရေးရာမှာလဲ အစပြုပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေဆိုတာ အောင်မြင်တဲ့ လူတိုင်းမှာရှိပါတယ်။ ဒီလို ခေါင်းဆောင်ကြီးတွေကဘယ်လောက်တောင် အရေးကြီးသလဲဆိုရင် သူနဲ့ဘုရားအတူရှိပြီး အလုပ်လုပ်သလို ကို သူတို့မွေးထုတ်ပေးလိုက်တဲ့သူတွေနဲ့လဲ ဘုရားက အလုပ်

လုပ်မှာဖြစ်တယ်။ ယောရူကို ဘုရားက မောရှေနဲ့ အတူရှိသလို ရှိမယ်လို့ ကတိပေးခဲ့တယ်။ ဒီကတိကြောင့် ဘုရားက ယောရှုအားဖြင့် ကြီးမားတဲ့ အရာတွေအများကြီးလုပ်ခဲ့သလို၊ ဣသရေလ လူမျိုးတွေရှေ့မှာလဲ ချီးမြှောက်ခဲ့တယ်။

ဒီဇင်ဘာလ ၂ ရက်နေ့

ဘုရားအတူရှိတယ် (၂)

“ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သဖြင့် သူ​သည် အောင်မြင်​သော​သူ​ဖြစ်လာ​၍ မိမိ​သခင်​အီဂျစ်​အမျိုးသား​၏​အိမ်​၌​နေထိုင်​ရ​၏​။ ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ သူ​ပြု​လေရာရာ​၌ ထာဝရဘုရား​အောင်မြင်​စေ​တော်မူ​ကြောင်း​ကို​လည်းကောင်း သူ​၏​သခင်​သည် သိမြင်​လေ​၏​။”‭‭ကမ္ဘာဦးကျမ်း‬ ‭၃၉:၂-၃

နှုတ်ကပတ်တော်ထဲက ကြီးကြီးမားမား အောင်မြင်ခြင်းရတဲ့သူတွေရဲ့အသက်တာဟာ အရည်အချင်းရှိလို့ မဟုတ်၊ ကြိုးစားနိုင်လွန်းလို့မဟုတ်၊ နောက်ခံ အသိုင်းအဝိုင်းကောင်းတာကြောင့်မဟုတ်၊ ဘုရားအတူရှိခြင်း သက်သက်ကြောင့်ပဲ ဖြစ်တယ်။ မိဘနဲ့ ဝေးရာကို အကိုတွေ ရောင်းစားလို့ ရောက်ခဲ့တဲ့ ယောသပ် ဘုရားအတူရှိခြင်းကလွဲရင် ကျန်တာ ဘာမှ မရှိခဲ့ပေမဲ့ သူက အောင်မြင်သူဖြစ်လာတယ်။ ပြုသမျှမှာ ဘုရားက အောင်မြင်ခြင်းပေးတယ်။ ဘုရားအတူရှိလို့ အောင်မြင်တယ်ဆိုတာကို မယုံကြည်သူ အလုပ်ရှင်ကပါ သတိထားမိတဲ့အထိ ဖြစ်လာတယ်။ ဘုရားအတူရှိခြင်းက အရာခပ်သိမ်းရရှိခြင်းရဲ့ အရင်းအမြစ်ပဲ။

ဒီဇင်ဘာလ ၁ ရက်နေ့

ဘုရားအတူရှိတယ်

“မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။” ဟေရှာယအနာဂတ္တိကျမ်း‬ ၄၁:၁၀

ကြောက်စိတ်ဆိုတာ ဘုရားအတူ မရှိတဲ့သူတွေဘဝမှာ အမြဲအုပ်စိုးခြင်းခံရတဲ့ ခံစားချက်တစ်ခုပါ။ ဘုရားအတူရှိခြင်းကို သဘောပေါက်လာတဲ့အခါမှာ ကြောက်စိတ်ထက် ရဲရင့်ခြင်းက နေရာယူလာတယ်။ ဘုရားအတူရှိခြင်းက ဘဝအသက်တာကို ပြိုလဲနိုင်တဲ့အခြေအနေကြားမှာ ခိုင်ခံ့စေတယ်။ လိုအပ်မှုတွေ၊ ကြောက်စရာကောင်းတဲ့အခြေအနေကြားထဲမှာ ဘုရားရဲ့ကူညီမစမှုနဲ့ လိုအပ်တဲ့အရာတွေကို လိုအပ်တဲ့အချိန်တိုင်းမှာ ထောက်ပံ့ခြင်းကို မြင်တွေ့ခံစားရတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့

ဝမ်းမြောက်စရာစုံလင်

“ငါ​၏​ဆင်ခြင်တွေးတောမှု​သည် ကိုယ်တော်​အတွက် နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။ ငါ​သည် ထာဝရဘုရား​၌​ဝမ်းမြောက်​မည်​။”ဆာလံကျမ်း‬ ‭၁၀၄:၃၄

ဘုရားနှစ်သက်တဲ့ဘဝကိုရရှိရုံသာမကပဲ ကိုယ်တိုင်လဲ ဝမ်းမြောက်စရာကောင်းတဲ့ဘဝကို ဘယ်သူတွေပိုင်ဆိုင်ခွင့်ရနေသလဲ? တချို့သူတွေအသက်တာမှာ ကိုယ်တိုင် ဝမ်းမြောက်ပေမဲ့ ဘုရားရဲ့ကျေနပ် နှစ်သက်မှုကို မရနိုင်သလို၊ တချို့ကျတော့လဲ ဘုရားနှစ်သက်တဲ့ ဘဝကို ပိုင်ဆိုင်ပေမဲ့ ကိုယ်တိုင် ဝမ်းနည်းကြေကွဲစွာနဲ့ ဘဝကို ရင်ဆိုင်ဖြတ်သန်းနေကြတယ်။ မှန်ကန်တဲ့ ဘုရားစကားအပေါ်မှာ ဆင်ခြင်အောက်မေ့ ပြီးတော့အသက်ရှင်တဲ့သူ အသက်တာကတော့ ဘုရားရဲ့နှစ်သက်မှုကို ရရုံသာမကပဲ ကိုယ်တိုင်လဲ ဘုရားအထဲမှာ ဝမ်းမြောက်စွာနဲ့ အသက်ရှင်တဲ့သူဖြစ်လာတယ်။

နိုဝင်ဘာလ ၂၈ ရက်နေ့

ဆင်ခြင်ဉာဏ် ရှိတဲ့သူ

“အသိဉာဏ်​နည်းပါး​သော​သူ​သည် အရာ​အားလုံး​ကို​ယုံ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား မိမိ​၏​ခြေလှမ်း​ကို ဆင်ခြင် သုံးသပ်​တတ်​၏​။” သုတ္တံကျမ်း‬ ‭၁၄:၁၅

ဆင်ခြင်ဉာဏ် ရှိတဲ့သူနဲ့ မရှိတဲ့သူ က ဘာကွာခြားသလဲ? သူများပြောသမျှကို ယုံတယ်၊ လူအများရဲ့ ခံယူချက်နောက်လိုက်တတ်တဲ့သဘော ရှိတယ်။ ပြောတဲ့အရာတွေ ကောင်းတိုင်း မှန်တာမဟုတ်သလို၊ လူအများရဲ့ခံယူချက် အားလုံးလဲ သမ္မာတရားမဟုတ်ပြန်ဘူး။ အရေးကြီးဆုံးကိုယ်တိုင် အလေးအနက် ဆင်ခြင်ပြီးတော့ ကိုယ်သွားမယ့်လမ်းနဲ့ ပန်းတိုင်ကို အာရုံစိုက်ဖို့လိုတယ်။ လျှောက်တဲ့လမ်းမတူ ၊ ပန်းတိုင်မတူလို့ တချို့ အရာတွေလဲ တူမှာမဟုတ်ဘူး။ လူအများစုနဲ့ သင့်ရဲ့ခံယူချက်မတူလို့ အားငယ်စိတ်ပျက်စရာ မလိုဘူး။

နိုဝင်ဘာလ ၂၇ ရက်နေ့

ဆင်ခြင်အောက်မေ့ခြင်း အကျိုး (၂)

“ကိုယ်တော်​၏​သက်သေခံချက်​တို့​သည် အကျွန်ုပ်​ဆင်ခြင်အောက်မေ့စရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​သည် အကျွန်ုပ်​၏​ဆရာ​အားလုံး​တို့​ထက် ပို၍​ပညာသတိ​ရှိ​ပါ​၏​။” ‭‭ဆာလံကျမ်း‬ ‭၁၁၉:၉၉

ကိုယ့်ကို သင်ပေးတဲ့ ဆရာတွေထက်သာဖို့ဆိုတာ မလွယ်တဲ့ကိစ္စမှန်း လူတိုင်းသိတယ်။ မလွယ်ပေမဲ့ နည်းလမ်းတော့ရှိတယ်။ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့တဲ့ အခါမှာ သာမန်မဖြစ်နိုင်တဲ့အရာတွေက ဘဝမှာဖြစ်လာတယ်။ ကိုယ့်ကို သင်ကြားပေးတဲ့ ကိုယ်လေးစားရတဲ့သူတွေ ထက် ဘုရားက သာတဲ့ဘဝကို ပို့ဆောင်ပေးတယ်။ မကောင်းတဲ့နှလုံးသား၊ မကောင်းတဲ့ ရည်ရွယ်ချက်ရှိရင်တော့ ဖြစ်လာမှာမဟုတ်ဘူး။ မှန်ကန်တဲ့နှလုံးသားနဲ့ နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့တဲ့အခါမှာ ကိုယ့်အရည်အချင်းနဲ့ ဘယ်လိုမှ မမှီနိုင်တဲ့သူတွေရဲ့ရှေ့ကို ဘုရားက ရောက်စေတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့

ဆင်ခြင်အောက်မေ့ခြင်း အကျိုး(၁)

“ကိုယ်​တော်၏​တ​ရား​ကို အ​ကျွန်ုပ်​သည် အ​လွန် နှစ်​သက်​ပါ၏။ တစ်​နေ့​လုံး ဆင်​ခြင်​အောက်​မေ့​လျက် နေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၏​ရန်​သူ​တို့​ထက်၊ အ​ကျွန်ုပ်​ကို​သာ၍ ပ​ညာ​ရှိ​စေ​ပါ၏။ ပ​ညတ်​တ​ရား​တော်​သည် အ​ကျွန်ုပ်၌ အ​စဉ်​တည်​ပါ၏။” ဆာလံ‬ ‭၁၁၉:၉၇-၉၈

တခဏ ဆင်ခြင်အောက်မေ့တာနဲ့ တစ်နေ့လုံး ဆင်ခြင်အောက်မေ့တာ ဘာကွာလဲ? ဆာလံဆရာက ဘုရားရဲ့တရားကို သူတစ်နေ့လုံးဆင်ခြင် အောက်မေ့ပြီးတဲ့နောက်မှာ ဖြစ်လာတဲ့အရာတွေကို ဖေါ်ပြခဲ့တယ်။ ပထမဆုံး ကောင်းကြီးက ရန်သူတွေထက် ပိုပြီးတော့ ပညာရှိလာတာပါ။ ရန်သူတွေ ထက်လူတိုင်းသာချင်တယ်။ နည်းလမ်းကတော့ နှုတ်ကပတ်တော်ကို တစ်နေ့လုံး ဆင်ခြင်အောက်မေ့ခြင်းပါပဲ။ ရန်သူတွေသာလို့ စိတ်ပျက်စရာ မလိုဘူး။ တရားတော်ကို ဆင်ခြင်အောက်မေ့တဲ့သူကို ဘုရားကအမြဲတမ်း ရန်သူထက် ပိုသာတဲ့ ဘဝကိုပေးတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့

နေ့ည မပြတ်

“ထာဝရဘုရား​၏​တရားတော်​၌​မွေ့လျော်​၍ ထို​တရားတော်​ကို နေ့​ည​မပြတ် ဆင်ခြင်အောက်မေ့​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။” ဆာလံကျမ်း‬ ‭၁:၂

နေ့ညမပြတ် ဘာတွေကို ဆင်ခြင်အောက်မေ့နေသလဲ ? လူတစ်ယောက်ရဲ့ အတွေးတွေကို မမြင်ရပေမဲ့၊ ဆင်် ခြင်တွေးခေါ်နေတဲ့ရလဒ်အသီးအပွင့်ကိုတော့ အချိန်တစ်ခု ရောက်တဲ့အခါမှာ အပြင်မှာ မြင်ရပါလိမ့်မယ်။ ရလဒ်တွေ မှားနေတဲ့ အခါမှာ အခြားအရာတွေကို လက်ညှိုးထိုးတာထက်၊ ကိုယ့်အတွေး အခေါ်တွေကို ပြန်စမ်းစစ်ဖို့လိုတယ်။ ဒါဝိဒ်မင်းကြီးကတော့ ပြောတယ် တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့တဲ့ အခါမှာ ပြုလေသမျှမှာ အောင်မြင် ပြီးတော့ အသီးအပွင့်များစွာ ဝေဆာတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရှိမယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့

ဆင်ခြင်အောက်မေ့ခြင်း

“သူ​တို့​သည် ထာဝရဘုရား​၏ လုပ်ဆောင်မှု​တို့​ကို​လည်းကောင်း​၊ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြု​သော အမှု​ကို​လည်းကောင်း အလေးအနက်​ဆင်ခြင်​ခြင်း​မ​ရှိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဖြိုဖျက်​၍ မည်သည့်​အခါ​မျှ သူ​တို့​ကို ပြန်လည်​တည်ဆောက်​တော်မူ​လိမ့်မည်​မ​ဟုတ်​။” ဆာလံကျမ်း‬ ‭၂၈:၅

လူတချို့ အကြိမ်ကြိမ်လဲကျတယ်။ ဒါပေမဲ့အကြိမ်ကြိမ် ပြန်ထလာတယ်။

အကြိမ်ကြိမ် ဖြိုချခြင်းခံရတယ်။ ဒါပေမဲ့ ဘုရားက အကြိမ်ကြိမ်သူတို့ကို ပြန်တည်ဆောက်ပေးတယ်။ လူတွေကတော့ သွားပြီလို့ ထင်မှတ်ပေမဲ့ ဘုရားက သူတို့အသက်တာကို ပြိုကျတဲ့ဘဝအတိုင်း မထားဘူး။

ဒါပေမဲ့ လူတချို့ကတော့ မဖြိုခင်ကတည်းက ပြိုကျနေပြီ။ ပြိုပြီးရင်လဲ ဘယ်တော့မှ ပြန်လည် တည်ဆောက် ခြင်းဆိုတာ ဖြစ်မလာဘူး။ သူတို့ဘဝကို ဘုရားက ပြန်လည်တည်ဆောက်မယ်တယ်ဆိုတာ မမြင်တွေ့ရဘူး။ ဘာကြောင့်လဲ ? ဆာလံဆရာကအဖြေပေးထားတယ်။ ဘုရား ပြုတဲ့အမှုတွေကို အလေးအနက်ဆင်ခြင်ခြင်း မရှိသောကြောင့်ပါ။ ဆင်ခြင်အောက်မေ့ခြင်းက ဘဝအသက်တာ တည်ဆောက်ခြင်း အတွက် အလွန်အရေးပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့

တံခါးကိုရှာပြီး ပင်းပန်းနေတဲ့သူ

“ထို့နောက် အိမ်​တံခါးဝ​ရှိ လူ​ကြီး​လူငယ်​တို့​ကို မျက်စိကွယ်​စေရန် ဒဏ်ခတ်​သဖြင့် သူ​တို့​သည် တံခါး​ကို​ရှာ​ရ​၍ မောပန်း​ကြ​၏​။”ကမ္ဘာဦးကျမ်း‬ ‭၁၉:၁၁

ဘာကြောင့်သွားရမယ့် တံခါးတွေကို မတွေ့ရတာလဲ? အဖြေကရှင်းပါတယ် ဘုရားရဲ့ ဒဏ်ခတ်မှုကြောင့်လို့ ကျမ်းစာက ဆိုပါတယ်။ ဘုရားရဲ့မေတ္တာကျေးဇူးကတော့ သင် သွားသင့်တဲ့ တံခါးတွေကို မြင်တွေ့ဖို့ မျက်စိဖွင့်ပေးတယ်။ တချို့လူတွေက ကိုယ့်အတွက် ဘုရားပြင်ဆင်တဲ့ တံခါးတွေကိုရှာရင်းနဲ့ အချိန်တွေကုန်၊ ငွေတွေကုန်နဲ့ ပင်ပန်းနေကြတယ်။ ဘုရားပြင်ဆင်တဲ့လမ်းက်ို မြင်တွေ့ခွင့်ရရင်တော့ပင်ပန်းမှုတွေကနေ လွတ်မြောက်ပြီး ငြိမ်သက်ချမ်းသာတဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့

တံခါးအနားမှာ

“သင်​သည် ကောင်းမွန်​စွာ​ပြု​လျှင် လက်​မ​ခံ​ဘဲ​နေ​မည်လော​။ ကောင်းမွန်​စွာ​မ​ပြု​လျှင် အပြစ်​သည် တံခါး​နား​မှာ​ဝပ်ချောင်း​လျက်​နေ​၍ သင့်​ကို လွှမ်းမိုး​လို​၏​။ သို့သော် သင်​သည် သူ့​ကို​အနိုင်ယူ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။” ကမ္ဘာဦးကျမ်း‬ ‭၄:၇

သင့်ဘဝထဲကို ဘယ်အရာ ဝင်လာမလဲဆိုတာက သင် ဘယ်လို ဘုရားစကားအပေါ် တုန့်ပြန်သလဲဆိုတဲ့ အပေါ်မူတည်တယ်။ ကောင်းတဲ့ အရာရော၊ မကောင်းတဲ့ အရာရောအဝေးကြီးမှာ မရှိဘူး။ သင့်တံခါး အနားမှာပဲရှိတယ်။ မကောင်း တဲ့ အရာတွေကို သင်လွှမ်းမိုးမလား? မကောင်းတဲ့အရာက သင့်က်ို လွှမ်းမိုးမလားဆိုတာ သင်ဆုံးဖြတ်ရမယ်။ အားလုံးက အဝေးကြီး မှာမရှိဘူး တံခါးနားမှာပဲရှိတယ်။ ကောင်းတဲ့ အရာကိုလဲ သင်ဝင်လာခိုင်း ခွင့်ရှိသလို မကောင်းတဲ့ အရာကလဲ သင့် အပေါ် မှာပဲမူတည်တယ်။ သင့်ကို လွှမ်းမိုးချုပ်ကိုင် လိုတဲ့ မကောင်းတဲ့ အရာကို အခွင့်မပေးမိစေနဲ့။ ကောင်းတဲ့ အရာကိုပဲ တံခါးဖွင့်ပေးသူဖြစ်ပါစေ။

နိုဝင်ဘာလ ၂၀ ရက်နေ့

တံခါးဖွင့် ပေးရင်

“ကြည့်ရှု​လော့။ ငါ​သည် တံခါး​ရှေ့မှာ​ရပ်​၍ ခေါက်​လျက်​နေ​၏။ မည်သူ​မဆို ငါ့​အသံ​ကို​ကြား​၍ တံခါး​ကို​ဖွင့်​လျှင် ထို​သူ​ရှိ​ရာ​သို့ ငါ​ဝင်​ပြီး သူ​နှင့်အတူ​စားသောက်​မည်။ သူ​သည်​လည်း ငါ​နှင့်အတူ​စားသောက်​ရ​လိမ့်မည်။” ဗျာဒိတ်ကျမ်း‬ ‭၃:၂၀

ဘုရားဖွင့်ပေးတဲ့ တံခါးတွေ ရှိသလို၊ ကိုယ်ဖွင့်ရမယ့်တံခါးတွေလဲရှိတယ်။ ဘုရားအသံကြားပြီးတော့ ကိုယ်ဖွင့်သင့်တဲ့တံခါးကို ဖွင့်ပေးတတ်ရင် ရလာမယ့် အရာတွေက သေးသေးလေးတွေမဟုတ်ဘူး။ လူတိုင်းရချင်တဲ့ အခွင့်အရေးတွေက ကိုယ့်ဆီကို ရောက်လာပါလိမ့်မယ်။ ဘုရား နဲ့ ပိုရင်းနှီးတဲ့ခံစားချက်ကို ဘုရားအသံကြားပြီးတော့ ကိုယ့်ဘက်ကနေ ဖွင့်ပေးရမယ့်တံခါးကို အချိန်ကိုက်ဖွင့်တတ်တဲ့သူတွေအသက်တာမှာ အမြဲတမ်းခံစားရတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့

အလွန်ကြီးစွာသောတံခါး

“အ​ကြောင်း​မူ​ကား၊ အ​လွန်​ကြီး​စွာ​သော တံ​ခါး​သည် အ​ဆင်​သင့်၍ ငါ့​အား​ဖွင့်​လျက်​ရှိ၏။ ဆီး​တား​သော သူ​အ​များ​လည်း ရှိ​ကြ၏။”‭‭၁ ကောရိန္သု‬ ‭၁၆:၉

ဘုရားကြီးစွာသောတံခါးဖွင့်ပေးရင် မနာလိုတဲ့သူ ဆီးတားတဲ့သူတွေရှိတာထုံးစံပါပဲ။ လူတွေက ထင်တာက ဒီလိုအခြေအနေတွေနဲ့တွေ့ရင် ဘုရား အလိုတော်မရှိလို့ဆိုပြီး နောက်ဆုတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး။ ဘုရားလမ်းဖွင့်ပေးတိုင်းမှာ အမြဲတမ်း ဆီးတားတဲ့သူတွေက ရှိစမြဲပါ။ ဘယ်လိုပဲရှိပါစေ အရေးမကြီးဘူး။ ဘုရားဖွင့်ပေးတဲ့အခါမှာ လူတွေ ဘယ်လောက်ပဲ ဆီးတားပါစေ သင့်ကို ရပ်တန့်စေမှာမဟုတ်ဘူး။ ဘုရားဖွင့်ပေးတဲ့တံခါးအတိုင်း ကြီးစွာသော အောင်မြင်မှုတွေ အသက်တာမှာ ရရှိခံစားမှာ သေချာတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့

ဖွင့်နိုင်၊ ပိတ်နိုင်သူ

သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။”ဗျာဒိတ်ကျမ်း‬ ၃:၇

ဘုရားသခင်ဖွင့်ရင် ဘယ်သူမှ ပိတ်လို့မရဘူး။ ဒါကြောင့် သင့်တံခါးတွေပွင့်လာဖို့ ဘုရားကဖွင့်ပေးဖို့ပဲလိုတယ်။ လူတွေက သင့်တံခါးတွေ၊ လမ်းတွေကိုပိတ်နေတယ်လို့ ဘယ်တော့မှ မတွေးမိစေနဲ့။ ဘယ်သူကမှ ဘုရားဖွင့်ပေးလာရင် ပိတ်လို့ကို မရဘူး။ ဘုရားမဖွင့်သေးလို့တံခါးတွေ မပွင့်လာသေးတာပါ။ ဘုရားပိတ်ထားရင် ဘယ်သူမှ ဖွင့်လို့မရဘူး။ ဒါကြောင့် မပွင့်လာမယ့် တံခါးအရှေ့မှာ အချိန်ကုန်ခံပြီးတော့ စောင့်မနေနဲ့။ ဘုရားပိတ်ထားရင် ဘယ်သူမှ ဖွင့်လို့ရမှာမဟုတ်ဘူး။ အချိန်ကုန်တာပဲ​အဖတ်တင်လိမ့်မယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့

အလုပ်လုပ်လို့ရတဲ့အချိန်နှင့် လုပ်လို့မရတဲ့အချိန်

“ငါ​တို့​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​၏​အမှု​တော်​များ​ကို နေ့​အချိန်​ရှိ​စဉ် လုပ်ဆောင်​ရ​မည်။ မည်သူမျှ​အလုပ်​မ​လုပ်​နိုင်​သော ည​အချိန်​ရောက်​လာ​လိမ့်မည်။” ‭‭ရှင်ယောဟန်ခရစ်ဝင်‬ ‭၉:၄

ဘုရားစေခိုင်းတဲ့ အလုပ်ကို လုပ်လို့ရတဲ့အချိန်ရှိသလို၊ လုပ်လို့ မရနိုင်တဲ့အချိန်လဲရှိတယ်။ သခင်ယေရှုက သေချာရှင်းပြတယ် အံ့ဘွယ်နိမိတ်လက္ခဏာတွေကို သူပြုနေခြင်းက ခမည်းတော်သူ့အတွက် ပြင်ဆင်ပေးထားတဲ့ နေ့အချိန် ဖြစ်ပြီး၊ ဘယ်သူမှ အမူမပြုနိုင်တဲ့ ညအချိန်လဲရှိတယ်။ကိုယ့်အတွက် ကြီးမားတဲ့အမူပြုခွင့်ရတဲ့နေ့အချိန်တွေကို သိပြီးတော့ ကောင်းမွန်စွာ အသုံးပြုတတ်ဖို့လိုတယ်။ မဟုတ်ရင် အမှုပြုလို့မရတဲ့အချိန်ရောက်မှ ဘယ်လောက်ပဲ အားထုတ်ထုတ် ဘာမှ ထူးလာမှာမဟုတ်ဘူး။


နိုဝင်ဘာလ ၁၄ ရက်နေ့

ဒီအချိန်ကာလအတွက်

“ဤ​အချိန်​တွင် သင်​နှုတ်ဆိတ်​နေ​မည်​ဆိုပါက ဂျူး​လူမျိုး​တို့​ကို လွတ်မြောက်​အောင် ကယ်တင်​ပေး​မည့်​သူ​သည် အခြား​တစ်နေရာ​မှ​ပေါ်လာ​လိမ့်မည်​။ သင်​နှင့်​သင့်​ဖခင်​အမျိုးအနွယ်​မူကား ပျက်စီး​ရ​လိမ့်မည်​။ ဤ​အချိန်​ကာလ​အတွက် သင်​သည် မိဖုရား​ဖြစ်လာ​ခဲ့​သလော​ဟု အဘယ်သူ သိ​နိုင်​မည်နည်း​”​ဟု မှာကြား​လိုက်​၏​။” ‭ဧသတာဝတ္ထု ၄:၁၄

သင့်မှာရှိတဲ့ ဆုကျေးဇူး၊ စွမ်းရည်နှင့်ရှိသမျှဟာ ဒီချိန်ကာလမှာ လိုအပ်တဲ့နေရာမှာ သုံးဖို့အတွက် ဘုရားက ပေးထားတာပါ။ ဒါကို အသုံးမပြုဘူးဆိုရင် ကိုယ်တိုင်နှင့် ကိုယ်နဲ့နီးစပ်တဲ့သူတွေ ပျက်ဆီးခြင်းကိုပဲဖြစ်စေပြီးတော့ ဘုရားကတော့ သူနဲ့အတူအချိန်ကိုက်လုပ်မယ့်သူ အခြားသူတစ်ဉီးကို ပေါ်ထွက်စေမှာပါ။ ဘုရားပေးထားတဲ့အရာကို အချိန်ကိုက် အသုံးပြုတတ်ဖို့ အရေးကြီးတယ်။ ဘုရားက အမြဲတမ်း တစ်စုံတစ်ခုလုပ်ဖို့အတွက် ကြိုတင်ပြီးပြင်ဆင်လေ့ရှိတယ်။ အဲဂုတ္တုက လွတ်မြောက်ဖို့ မောရှေကို ကြိုတင်ပြီးတော့ ဖါရောရဲ့နန်းတော်ထဲ ထည့်ထားသလို၊ ဧသတ္တာကိုလဲ အာရွှေရုအနားမှာ ထားထားပေးတယ်။ သင်ရော ဘာကြောင့်လက်ရှိပိုင်ဆိုင်တဲ့အရာတွေကို ဘုရားပေးထားတယ်လို့ထင်ပါသလဲ?

နိုဝင်ဘာလ ၁၃ ရက်နေ့

သင်တို့အချိန်

“ထို့ကြောင့် ယေရှု​က ညီ​တော်​တို့​အား“ငါ့​အချိန်​မ​ရောက်​သေး။ သင်​တို့​အချိန်​ကား အမြဲ​အဆင်သင့်​ဖြစ်​၏။” ‭‭ရှင်ယောဟန်ခရစ်ဝင်‬ ‭၇:၆

ဘုရားရဲ့အချိန်ကို အတိအကျသိပြီးတော့ အတိအကျ လုပ်နိုင်တာ၊ လုပ်ခဲ့တာ သခင်ယေရှုတစ်ပါးတည်းပဲရှိတယ်။ သူလောကမှာ ကြွလာတဲ့အခါမှာ ခမည်းတော်ရဲ့ အချိန်ကာလ ကိုက်ပြီးတော့ အရာရာကို လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ လုပ်ဆောင်မှုတွေကို လူတွေကနားမလည် သဘောမပေါက် ခဲ့ပေမယ့် သူဟာ ခမည်းတော်ရဲ့ချိန်းချက်တဲ့အချိန်ကို အတိအကျ လိုက်နာခဲ့တယ်ဆိုတာ တွေ့ရတယ်။ ဒီလို သူ့ရဲ့ ချိန်းချက်တဲ့အချိန်ကို နာခံခြင်းအားဖြင့် ယုံကြည်သူတွေအသက်တာမှာ အမြဲအဆင်သင့် ဖြစ်နေတဲ့အချိန်ကို ဖြစ်စေတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့

အချိန်ကို ကောင်းကောင်းသုံးပါ

“နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။”‭‭ဧဖက်ဩဝါဒစာ‬ ‭၅:၁၆

ခဲယဉ်းဆိုးရုတ်တဲ့ကာလကြီးထဲမှာ နောက်ဆုံးနေ့ရက်တွေနီးလာတာနဲ့အမျှ ကောင်းတာတွေထက်၊ မကောင်းတဲ့အရာတွေက ပိုများ၊ ပိုကြားလာရတယ်။ ဒီလို အချိန်ကာလထဲမှာ ယုံကြည်သူတွေအနေနဲ့ဘယ်လို ယုံသင့်လဲ? ဘယ်လို အသက်ရှင်ရမလဲ? အရာအားလုံးကို နှုတ်ကပတ်တော်က အဖြေပေးထားပြီးသားပါ။ အချိန်ကို ကောင်းမွန်စွာ အသုံးပြုတဲ့သူအတွက်တော့ ဘယ်လို ကာလမျိုးမှာမဆို ဆိုးညစ်တဲ့ ခေတ်ရေစီးကြောင်းထဲ မျောပါမသွားပဲ၊ ကောင်းမြတ်တဲ့ ဘုရားရဲ့ ပို့ဆောင်ခြင်းထဲမှာပဲ ရှင်သန်ပါလိမ့်မယ်။ ဘုရားနဲ့ရှင်သန်တဲ့သူကတော့ ဆိုးညစ်တဲ့ ကာလထဲမှာ ကောင်းကြီးနဲ့ရှင်သန်တဲ့သူ ဖြစ်လာမှာ သေချာပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့

ယခုပင် ရိတ်သိမ်းတဲ့အချိန်

“ယ​ခု​မှ​စ၍ လေး​လ​လွန်​လျှင်၊ စ​ပါး​ရိတ်​ရာ​ကာ​လ ဖြစ်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​သည် မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား၊ စ​ပါး​ရိတ်​ခြင်း​အ​လို​ငှာ လယ်​ပြင်​တို့​သည် ယ​ခု​ပင်​ဝင်း​ဝင်း​ရှိ​သည်​ကို မျှော်၍​ကြည့်​ကြ​လော့။-” ယောဟန်‬ ‭၄:၃၅

ဘဝရဲ့အမုန်းဆုံးတစ်ခုကိုပြောပါဆိုရင် စောင့်ဆိုင်းရခြင်းလို့ဖြေရမယ်။ တစ်ခုခု လုပ်ဖို့၊ ရဖို့ကို စောင့်နေရတာက ခံစားလို့မကောင်းဆုံးတွေထဲက တစ်ခုပဲ။ လူတိုင်းလည်း အဲ့လိုဖြစ်မှာပါ။ အရာရာ ဖြစ်ချင်တိုင်း မဖြစ်လာပဲ အချိန်စောင့်ရတာက အမြဲလိုလို ဖြစ်လာတော့ အချိန်နဲ့ပတ်သက်ရင် ပြင်းပြတဲ့စိတ်တွေက လျော့လာချင်တယ်။ တကယ်တော့ ဘုရားရဲ့နှလုံးသားနှင့်အမြင်ကို သဘောမပေါက်သေးလို့ပါ။ ကျွန်တော်တို့ဖြစ်ချင်တာထက်၊ ဖြစ်ဖို့နှလုံးသားရှိတာထက် ဘုရားက အမြဲတမ်း ပိုဆန္ဒရှိတယ်။ လူတွေကတောင်လိုသေးတယ်လို့ပြောနေတဲ့အရာကို ဘုရားက အခုဖြစ်လာမယ်လို့ မြင်နေ၊ ဆန္ဒ ရှိနေတယ်ဆိုတာ တွေ့ရတယ်။ ဘုရားနှလုံးသားနှင့်အမြင်ကို သဘောပေါက်လာတဲ့အခါမှာ နှေးတယ်လို့ထင်တဲ့အရာတွေ၊ အနာဂတ်မှာ ဖြစ်မယ်လို့ မြင်နေတဲ့အရာတွေက ဘဝမှာ ချက်ခြင်း ဖြစ်ပျက်လာတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့

အကောင်းဆုံး အချိန်

“အကြောင်းမူကား ကိုယ်တော်​က “ငါ​သည် နှစ်သက်​လက်ခံ​ဖွယ်​ရာ​အချိန်​၌ သင်​၏​စကား​ကို​နားထောင်​ပြီ။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ကူညီမစ​ပြီ”​ဟု မိန့်​တော်မူ​၏။ ကြည့်ရှု​လော့။ ယခု​ပင် နှစ်သက်​လက်ခံ​ဖွယ်​ရာ​အချိန်​ဖြစ်​၏။ ယခု​ပင် ကယ်တင်​ရာ​နေ့ရက်​ဖြစ်​၏။” ၂ ကော၆:၂

ဆုံးရှုံးတဲ့သူတွေက အတိတ်ရဲ့ အချိန်တွေကိုလွမ်းမောနေကြတယ်။

အိမ်မက်ထဲမှာ ပျော်နေတဲ့သူတွေကတော့ အနာဂတ်ကာလကို တမ်းတနေရင်းနဲ့ ကျော်ဖြတ်နေတယ်။

အောင်မြင်တဲ့သူတွေကတော့ လက်ရှိအချိန်ကို အကောင်းဆုံးအသုံးပြုပြီးတော့ ဘုရားစကားကို အကောင်အထည်ဖေါ်တယ်။

လက်ရှိအချိန်ဟာ အကောင်းဆုံးပဲလို့ ယုံတဲ့သူတွေအတွက် အဆိုးဆုံးအခြေအနေမှာတောင် အကောင်းဆုံးရလဒ်တွေ ရရှိပိုင်ဆိုင်ကြတယ်။

ဒါဝိဒ်ဟာ တိုင်းပြည်တစ်ခုလုံးအမှောင်ဖုံးပြီးတော့ ရန်သူရဲ့ခြိမ်းခြောက်မှုအောက်မှာ ကြောက်နေရတဲ့အချိန်မှာ ခဲတစ်လုံးထဲနဲ့ နာမည်ကျော်လူကြိုက်များတဲ့သူ တစ်ယောက်ဖြစ်လာသလို၊ ယောသပ်ဟာလဲ အစာခေါင်းပါးဆုံးအချိန်မှာ သူ့ရဲ့ရူပါရုံတွေပြည့်စုံလာတယ်။

နိုဝင်ဘာလ ၈ ရက်နေ့

နှိမ့်ချသူ မှန်လျှင်

“စိတ်နှိမ့်ချ​သော​သူ​တို့​သည် ထာဝရဘုရား​၌ တစ်ဖန်​ဝမ်းမြောက်​ကြ​လိမ့်မည်​။ ဟေရှာယ ၂၉:၁၉

လောကကြီးမှာ ဝမ်းမြောက်ခြင်းက အရှားပါးဆုံးတွေထဲက တစ်ခုဖြစ်လာတယ်။ နောက်ဆုံးသောကာလထဲကို ဝင်ရောက်လာလေလေ ဝမ်းမြောက်ခြင်းက ကွယ်ပျောက်လေပဲ။ နိုင်ငံရေး၊ စီးပွားရေး စတဲ့အရေးရှိသမျှမှာလဲ စိတ်ပျက်စရာတွေနဲ့သာ စီတန်းနေတယ်။ နှုတ်ကပတ်‌တော်ကတော့ပြောတယ် ဒီလိုကာလမှာ ဘယ်လိုလူတွေကပဲ ဘုရားကိုအမှီပြုပြီးတော့ ဝမ်းမြောက်နိုင်မလဲဆိုရင် ဘုရားကို အမှီပြုတဲ့ နှိမ့်ချတဲ့ နှလုံးသားရှိသူတွေပဲ။ နှလုံးသား မှန်တဲ့သူတွေက အခြေအနေနဲ့ မဆိုင်တဲ့ ဝမ်းမြောက်ခြင်းကို ရရှိပိုင်ဆိုင်ခွင့်ရမယ်။


နိုဝင်ဘာလ ၇ ရက်နေ့

ဝိညာဉ်တော်ဉီးဆောင်တဲ့ဘဝ

“သူ​သည် ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​၌ မွေ့လျော်​၍ မိမိ​မျက်စိ​မြင်​သည့်​အတိုင်း​မ​စီရင်​၊ နား​ကြား​သည့်​အတိုင်း မ​ဆုံးဖြတ်​။” ဟေရှာယ ‭၁၁:၃

လူတစ််ယောက်ကို သန့်ရှင်းသောဝိညာဉ်တော်က ဉီးဆောင်နေသလား? သူ့ရဲ့ဇာတိအသွေးအသားက ဉီးဆောင်နေသလား? ဆိုတာကို ဘယ်လို သိနိုင်မလဲ?အဖြေကတော့ရှင်းပါတယ်။ ဇာတိအသွေးအသားနဲ့ရှင်သန်တဲ့သူက အာရုံငါးပါး ဖြစ်တဲ့ အမြင်၊ အကြား၊ အထိအတွေ့တွေနဲ့ပဲ အရာရာကိုဆုံးဖြတ်တယ်။ သန့်ရှင်းသောဝိညာဉ်တော် ဉီးဆောင်တဲ့သူကတော့ အာရုံငါးပါးအပေါ်မှာ အခြေမခံပဲ သဘာဝလွန် သန့်ရှင်းသောဝိညာဉ်တော်ဖေါ်ပြခြင်းအပေါ်မှာ ရှင်သန်တဲ့သူ ဖြစ်တယ်။


နိုဝင်ဘာလ ၆ ရက်နေ့

ဘုရားအကြံ အတိုင်းဖြစ်လာမယ်

“The Lord Almighty has sworn, “Surely, as I have planned, so it will be, and as I have purposed, so it will happen.”Isaiah‬ ‭14‬:‭24‬ ‭NIV‬‬

ကမ္ဘာပေါ်မှာ လူတွေကြံစည်တဲ့အရာတိုင်း မဖြစ်လာနိုင်တာ အများကြီးရှိတယ်။ ဖြစ်ဖို့ ဘယ်လောက် ကြိုးစားကြိုးစား၊ ဘယ်လောက် ငွေကြေးတွေ စိုက်ထုတ်လဲ မဖြစ်နိုင်တဲ့အရာတွေ စိတ်ကူးနဲ့လွဲသွားတဲ့အရာတွေအများကြီးပဲ။ ဘုရားရဲ့ အစီအစဉ်နှင့် အကြံအစည်ကတော့ ဘယ်သူကမှ ဘယ်အရာမှ မဖျက်နိုင်တာသေချာတယ်။ သင့်အပေါ်မှာ ဘုရားထံကအကြံအစည်ကို သိပြီးဝန်ခံတတ်မယ်၊ သဘောတူ ပြီး အသက်ရှင်မယ်ဆိုရင် အရာအားလုံးက ဘုရားစီစဉ်တဲ့အတိုင်း ဖြစ်လာမယ်။


နိုဝင်ဘာလ ၅ ရက်နေ့

အဆုံးထိတာဝန်ယူပေးမယ့်သူ

“သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။” ဖိလိပ္ပိသြဝါဒစာ‬ ‭၁:၆

ဘုရားက တစ်ခုခုလုပ်ရင် ဘယ်တော့မှ တစ်ဝက်တစ်ပျက်မလုပ်ဘူး။ လူတွေကသာ အဆုံးထိ တည်ကြည်ဖို့ခက်ခဲကြတာ။ ဘုရားကတော့အမြဲတမ်း သူ့လုပ်ပေးတဲ့အရာတိုင်းကို အဆုံးထိတာဝန်ယူတယ်။ ငရဲကပဲ ကယ်တင်တာမဟုတ်ဘူး။ တစ်ခါတစ်လေ လိုအပ်တဲ့အရာပဲ ထောက်ပံ့ပေးတာ မဟုတ်ဘူး။ သင့်ဘဝရဲ့ အစ-အဆုံး၊ သင့်ရဲ့လိုအပ်ချက်အားလုံးကို သူကပဲ တာဝန်ယူတယ်။ သူကပဲ ကောင်းမွန်စွာ အစပြုပေးသလို၊ အဆုံးထိ တာဝန်ယူပေးမယ်။ ကိုယ့်ဘက်ကတော့ ယုံကြည်စိတ်ချနေဖို့ပဲ လိုတယ်။

နိုဝင်ဘာလ ၄ ရက်နေ့

ကလေးသူငယ်တွေခေတ်

“ငါ​သည် သူငယ်​တို့​ကို သူ​တို့​၏​အကြီးအကဲ​များ​ဖြစ်​စေ​မည်​။ ကလေးငယ်​တို့​သည် သူ​တို့​ကို အုပ်စိုး​ကြ​လိမ့်မည်​။”‭‭ဟေရှာယအနာဂတ္တိကျမ်း‬ ၃:၄‬

ကလေးတွေဆိုပြီးတော့ ကိုယ့်ကိုရော အခြားသူတွေရော အထင်မသေးမိ​စေနဲ့။ ဘုရားက ကလေးငယ်တွေကို တန်ဖိုးထားသလို၊ ကလေးငယ်တွေအတွက် ကြီးမားတဲ့ ရူပါရုံတွေ မျှော်လင့်ထားတာတွေရှိတယ်။ နောက်ဆုံးသောကာလမှာ ကလေးတွေဟာ ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့အတူ အရာရာမှာ ထူးခြားမှုတွေနဲ့ ဉီးဆောင်လာမယ်။ လူတွေ အထင်သေးတဲ့ ကလေးသူငယ်တွေ ရဲ့ခေတ်ကာလဟာ နောက်ဆုံးသောကာလမှာ ပိုထင်ရှားလာမယ်။


နိုဝင်ဘာလ ၃ ရက်နေ့

အကောင်းဆုံးသောအရာကို ဘယ်သူတွေခံစားရမလဲ?

“သင်​တို့​သည် စိတ်ဆန္ဒ​အပြည့်အဝ​ဖြင့် နာခံ​ကြ​လျှင် မြေကြီး​၏​အကောင်းဆုံး​သော​အရာ​ကို စား​ရ​မည်​။” ဟေရှာယအနာဂတ္တိကျမ်း‬ ‭၁:၁၉

လူတွေလိုချင်တဲ့ အဖြေအားလုံး နှုတ်ကပတ်တော် ဘုရားစကားထဲမှာ အဖြေရှိပြီးသားပါ။ မြေကြီးရဲ့ အကောင်းဆုံးသောအရာတွေကို ဘယ်သူတွေ ခံစားရမလဲ? ဆိုတာကို ပရောဖက်ဟေရှာယအားဖြင့် ဘုရားကအဖြေပေးထားတယ်။ လူတိုင်းတော့ အကောင်းဆုံးသော အရာတွေကိုလိုချင်ကြတာချည်းပဲ။ ဒါပေမဲ့ အကောင်းဆုံးသောအရာက လူတိုင်းအတွက်တော့မဟုတ်ဘူး။ အကောင်းဆုံးသောအရာတွေကဘုရားစကားကို စိတ်နှလုံးသား အပြည့်အဝဖြင့် နာခံကြတဲ့သူတွေအတွက်ပါပဲ။

နိုဝင်ဘာလ ၁ ရက်နေ့

ဖျက်ဆီးလို့မရတဲ့ လက္ခဏာ

“ဆူးချုံ​အစား ထင်းရှူးပင်​ပေါက်​၍ နှင်းဆီရိုင်းပင်​အစား မုရတုပင် ပေါက်​လိမ့်မည်​။ ဤ​အမှု​သည် ထာဝရဘုရား​အတွက်​အထိမ်းအမှတ်​၊ ဖျက်ဆီး​၍​မ​ရ​သော ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။” ဟေရှာယအနာဂတ္တိကျမ်း‬ ‭၅၅:၁၃

အသက်တာမှာ ဘုရား အလုပ်လုပ်လာတဲ့အခါမှာ အရင်က အသုံးမဝင် တန်ဖိုးမရှိတဲ့ အရာတွေအစား တန်ဖိုးရှိပြီးတော့ အသုံးဝင်တဲ့အရာတွေက နေရာယူလာမယ်။ ဖျက်ဆီးလို့မရတဲ့ အထိန်းအမှတ် တစ်ခုအဖြစ် ထင်ရှားပေါ်လွင်စေမယ်။ ဘဝမှာ ဘယ်လိုအရာတွေနဲ့ ပြည့်နေသလဲ​ဆိုတာကို ကြည့်ခြင်းအားဖြင့်၊ ဘုရားအလုပ်လုပ်နေသလား? မလုပ်ဘူးလား? ဆိုတာ ကို သိနိုင်တယ်။ ဘုရားလုပ်ဆောင်ပေးတဲ့အရာတွေကတော့ ဘယ်တော့မှ ဘယ်သူမှ ဖျက်ဆီးလို့မရနိုင်ပါဘူး။


အောက်တိုဘာလ ၃၁ ရက်နေ့

ဒါဝိဒ်ခံစားရတဲ့ မေတ္တာနည်းတူ

“ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ငါ့​ထံသို့​လာ​ကြ​လော့​။ သင်​တို့​၏​စိတ်ဝိညာဉ် အသက်ရှင်​မည့်​အကြောင်း နားထောင်​ကြ​လော့​။ ဒါဝိဒ်​အပေါ်​ထားရှိ​သော မြဲမြံ​သည့်​မေတ္တာကရုဏာ​နှင့်အညီ ထာဝရ​ပဋိညာဉ်​ကို သင်​တို့​နှင့်​ငါ​ပြု​မည်​။” ‭‭ ဟေရှာယအနာဂတ္တိကျမ်း‬ ‭၅၅:၃

သိုးကျောင်းသားလေးကနေ နန်းတော်ထဲကို ရုပ်ရှင်လိုလို ပြဇါတ်လိုလို ဘဝကြီးက ပြောင်းလဲသွားပြီးတော့ လူတိုင်းမရတဲ့ ဘုရားရဲ့ အထူး ဂရုစိုက်မူတွေကို ဒါဝိဒ်ရခဲ့တာ ဟာ သူတော်လို့၊ တတ်လို့မဟုတ်ပဲ ဘုရားသူ့အပေါ်မှာ ထားတဲ့တစ်ဖက်သတ် မေတ္တာကြောင့်ပဲ။ ဒီမေတ္တာဟာ တခြားလူတွေခံစားရသလို မဟုတ်ပဲ ဘယ်တော့မှ မပြောင်းလဲ တတ်ဘူး။ ဒါဝိဒ် အားနည်းသွားရင်လဲ ဘယ်တော့မှ လျော့ကျ ပျောက်ကွယ်သွားတာ မရှိဘူး။ ဒီလို မေတ္တာမျိုးနှင့် ဂရုစိုက်မှုမျိုးကို ဘုရားအသံကို ကြားပြီးနားထောင်ကာ ဘုရားအနားမှာ အမြဲတမ်းရှင်သန်ဖို့ဆက်ကပ်ထားတဲ့သူတွေအသက်တာမှာ ခံစားရမယ်။

အောက်တိုဘာလ ၃၀ ရက်နေ့

အချိန်ကိုက်

“တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။” ဟေရှာယ‬ ၅၅;၆

သူ့အချိန်နှင့်သူ လုပ်ဆောင်တတ်ခြင်းက အောင်မြင်ခြင်းရဲ့ တကယ့်လျှို့ဝှက်ချက်ဖြစ်တယ်။ လူတွေရဲ့ပြဿနာက ဘုရားရဲ့အချိန်ကိုက်မလုပ်တတ်ခြင်းပါပဲ။ ဘုရားရဲ့အချိန်ကာလကို နားလည်ပြီးတော့ မှန်ကန်စွာလုပ်ဆောင်

တတ်သူတွေအတွက် ကြီးမားတဲ့အောင်မြင်ခြင်းတွေ၊ ကောင်းကြီးမင်္ဂလာတွေက အမြဲတမ်း တံခါးပွင့်လာစေတယ်။ သင့်အတွက် ဘုရားနဲ့ပတ်သက်ပြီးတော့ ဘယ်လို အချိန်ကာလ ဖြစ်တယ်ဆိုတာကို သိရှိသဘောပေါက်ပြီးတော့ မှန်ကန်စွာ လုပ်ဆောင်တတ်ဖို့ ဘုရားထံမှာ ပညာတောင်းပါ။

အောက်တိုဘာလ ၂၉ ရက်နေ့

ချမ်းသာစွာ ပို့ခြင်းကိုခံရမယ်

“သင်​တို့​သည် ဝမ်း​မြောက်​သော စိတ်​နှင့်​ထွက်၍၊ ချမ်း​သာ​စွာ​ပို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး တောင်​ငယ်​တို့​သည် သင်​တို့​ရှေ့​မှာ သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်၍၊ တော၌​ရှိ​သ​မျှ​သော အ​ပင်​တို့​သည် လက်​ခုပ်​တီး​ကြ​လိမ့်​မည်။” ဟေရှာယ‬ ‭၅၅:၁၂

ပြဿနာတောင်တွေ၊ အခက်အခဲကုန်းတွေဝိုင်းရံနေရတဲ့ဘဝမှာ ဘုရားရဲ့ မစပို့ဆောင်ခြင်း ခံစားရတဲ့အခါမှာ ဘဝဟာ အတိတ်ကနဲ့မတူပဲ​လုံးဝကိုကွဲပြားသွားပါလိမ့်မယ်။ ဘုရားရဲ့နှုတ်ကပတ်တော်ကိုဉီးစားပေးပြီးတော့၊ နှုတ်ကပတ်တော်ရဲ့လမ်းပြမှုနောက်ကို လိုက်တဲ့အခါမှာ အခြေအနေတိုင်းကို ဝမ်းမြောက်တဲ့စိတ်နှင့် ဖြတ်ကျော်ခွင့်ရပြီးတော့ ကြွယ်စွာနဲ့ ပို့ဆောင်ပေးခြင်းကို ခံစားရပါလိမ့်မယ်။ တချိန်တုန်းက အခက်အခဲတွေက ကိုယ့်ရှေ့မှာ ချီးမွမ်းစရာ၊သက်သေခံစရာ အဖြစ်ကို ပြောင်းလဲ​သွားလိမ့်မယ်။

အောက်တိုဘာလ ၂၈ ရက်နေ့

သင့်၏ဘုန်းကို ပွင့်စေမယ်

“ကြည့်​ရှု​လော့။ သင်​သည် မ​သိ​ဖူး​သော​လူ​မျိုး​ကို ခေါ်​လိမ့်​မည်။ သင့်​ကို မ​သိ​ဖူး​သော လူ​မျိုး​တို့​သည်​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်၊ သင့်​ထံ​သို့ ပြေး​လာ​ကြ​လိမ့်​မည်။ ထို​ဘု​ရား​သည် သင်၏​ဘုန်း​ကို ပွင့်​စေ​တော်​မူ၏။” ‭‭ဟေရှာယ‬ ‭၅၅:၅

ဘုရားဘုန်းအတွက် ဆက်ကပ်ပြီး အသက်ရှင်တဲ့သူအတွက် သင့်ဘုန်းအတွက် ဘုရားကလဲ မေ့မသွားပါဘူး။ သူ့သားသမီးတွေ ဘုန်းပွင့်လန်းစေဖို့အတွက် ဘုရားကအကြံအစည်ရှိတယ်။ ဘုရား ချီးမြှောက်ကောင်းကြီးပေးတဲ့အခါမှာ သင်၏ ဘုန်း ပွင့်လန်းလာပြီးတော့ ကိုယ်သိတဲ့ အရာတွေ၊ သိတဲ့လူတွေပဲကိုယ့်ဆီကို ရောက်လာတာမဟုတ်ဘူး။ မသိတဲ့အရာတွေ မသိတဲ့လူတွေကပါ ကိုယ့်ဆီကို ရောက်လာကြတယ်။ ဘဝမှာ မသိတဲ့လူတွေ၊ မသိနားမလည်နိုင်တဲ့အရာတွေ သင့်အနားမှာ ရောက်လာပြီး၊ ကောင်းမွန်တဲ့ အရာတွေ ဖြစ်ပျက် လာပြီဆိုရင် သေချာတယ် ဘုရားက သင့်ဘုန်းကိုပွင့်ဖို့အတွက် အလုပ်လုပ်နေပြီ။

အောက်တိုဘာလ ၂၇ ရက်နေ့

မတူ ထူးခြားတဲ့ ဘဝ

“ထာဝရဘုရား​က “​ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​နှင့်​မ​တူ​။ ငါ​၏​နည်းလမ်း​သည်​လည်း သင်​တို့​၏​နည်းလမ်း​နှင့်​မ​တူ​။” ဟေရှာယအနာဂတ္တိကျမ်း‬ ‭၅၅:၈

လူတိုင်းက အခြားသူတွေနဲ့မတူပဲ ထူးခြားတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ လူရဲ့အတွေးအခေါ် အကြံအစည်နဲ့သာသွားရင်တော့ အရမ်းကြီးထူးခြားဆန်းပြားတဲ့ ဘဝကို ပိုင်ဆိုင်ရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ထူးခြားရင်လဲ နည်းနည်းပေါ့။ ဘုရားရဲ့ အကြံအစည်၊ နည်းလမ်းကတော့ လူတွေရဲ့ စိတ်ကူး၊ တွေးခေါ်မှုနဲ့အမြဲတမ်း ဆန့်ကျင်ဘက်ပါ။ ဘုရား အကြံစည် နည်းလမ်းကိုသဘောပေါက်ပြီး ဝန်ခံအသက်ရှင်တဲ့သူရဲ့ဘဝကတော့ ဘယ်သူနဲ့မတူ၊ ဘာနဲ့မတူတဲ့ ထူးခြားတဲ့ ဘဝကို သေချာပေါက်ပိုင်ဆိုင်သူဖြစ်လာမယ်။

အောက်တိုဘာလ ၂၅ ရက်နေ့

ဘုရားထံမှ မလာသောအရာနှင့် လာသောအရာ

“တစ်စုံတစ်ဦး​သည် သင့်​ကို ရန်ပြု​ခဲ့​လျှင် ထို​အမှု​သည် ငါ့​ထံမှ​လာ​သည်​မ​ဟုတ်​။ သင့်​ကို​ရန်ပြု​သော​သူ​သည် သင့်​ရှေ့​၌​ကျဆုံး​လိမ့်မည်​။” ဟေရှာယ ၅၄:၁၅

လူတွေ အထင်မှားနေတဲ့ အရာရှိပါတယ်။ အဲ့ဒါကတော့ အခက်အခဲတွေ၊ ကိုယ်ကို ဆန့်ကျင်တဲ့အရာတွေက ဘုရားထံကနေ လာတယ်လို့ထင်မှတ်နေတာပါ။ ဘုရားက သူ့သားသမီးတွေကို ဆန့်ကျင်တဲ့၊ ရန်ဘက်ပြုတဲ့သူတွေကို ဘယ်တော့မှ စေလွှတ်မှာ မဟုတ်သလို၊ ခွင့်ပြုမှာ မဟုတ်ဘူး။ မကောင်းတဲ့အရာတွေ၊ သင့်ကို မကောင်းတာ လုပ်မယ့်သူတွေကို ဘုရားဘယ်တော့မှ စေလွှတ်မှာ မဟုတ်ဘူး၊ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ ယုံပါ။ ဘုရားထံကလာတဲ့အရာကတော့ သင့်ကိုရန်ဘက်ပြုတဲ့သူတွေကို သင့်ရှေ့မှာ ကျဆုံးစေလိမ့်မယ်ဆိုတာပါပဲ။ ဘုရားလူတစ်ယောက်ကို ရန်ဘက် မပြုမိဖို့ သတိထားဖို့လိုသလို၊ ရန်ဘက်ပြုသူတိုင်းကလဲ သေချာပေါက်ကျရှုံးစေမယ်လို့ ဘုရားက ကတိပေးထားပြီးသားပါ။ ဘုရားကိုစိတ်ချပါ။

အောက်တိုဘာလ ၂၄ ရက်နေ့

ဘုရားသွန်သင်ခြင်းခံရတဲ့ မျိုးဆက်

“သင်၏​သား​သ​မီး​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်၍၊ များ​စွာ​သော စည်း​စိမ်​ချမ်း​သာ​နှင့် ပြည့်​စုံ​ကြ​လိမ့်​မည်။” ဟေရှာယ‬ ‭၅၄:၁၃

သားသမီးတွေကို ကိုယ်တိုင် ဆုံးမသွန်သင်ဖို့ ခက်ခဲလွန်းတဲ့ ခေတ်ကာလကြီးမှာ မိဘတွေအတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုကြီးနဲ့ရင်ဆိုင်နေရတယ်။ သားသမီးတွေ အကြောင်းကို စဉ်းစားမိတိုင်း စိတ်ပျက်နေတဲ့သူတွေအတွက် ဘုရားက ကတိပေးထားတာရှိတယ်။ ဘုရားရဲ့သွန်သင်ခြင်းကို အပ်နှံဖို့ပါပဲ။ ဘုရားသွန်သင်ပေးခြင်း လမ်းပြခြင်းကိုခံရတဲ့မျိုးဆက်သာဖြစ်ခဲ့ရင်တော့ တခြားသားသမီးတွေနဲ့တူမှာမဟုတ်ပါဘူး။ လက်ရှိမှာ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘုရားက သွန်သင်ဆွဲခေါ်ပြီးတော့ ကောင်းမွန်တဲ့ဘဝတွေထဲကို ပို့ဆောင်ပေးလိမ့်မယ်၊ ဘုရားလက်ထဲကို သေချာ အပ်နှံတတ်ဖို့ပဲလိုတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့

ဖြောင့်မတ်ခြင်းတရားအားဖြင့်သာ

“သင်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့် တည်​လိမ့်​မည်။ ညှဉ်း​ဆဲ​ခြင်း​နှင့် ဝေး​သည်​ဖြစ်၍ မ​ကြောက်​ရ။ ထိတ်​လန့်​ခြင်း​သည်​လည်း ဝေး၍၊ သင့်​အ​နီး​သို့​မ​ရောက်​ရ။” ဟေရှာယ‬ ‭၅၄:၁၄

ငွေကြေးဟာ သင့်ဘဝကို ခပ်သိမ်းသော အခြေအနေထဲမှာရပ်တည်နိုင်အောင် လုပ်ဆောင်ပေးနိုင်မှာ မဟုတ်သလို၊ အခြားဘယ်အရာကမှလဲ ရပ်တည်အောင် လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူး။ ဘဝမှာ ဘယ်လို အခြေအနေမျိုးကြုံကြုံ​မပြိုလဲပဲ ရပ်တည်စေနိုင်မှာက ဘုရားသင့်ကိုပေးတဲ့ ဖြောင့်မတ်ခြင်းအားဖြင့်ပဲ။ ဒီဖြောင့်မတ်ခြင်းထဲမှာ အသက်ရှင်တဲ့အခါမှာ ညှင်းဆဲခြင်းနှင့် ထိတ်လန့်ခြင်းက အနီးမှာ မရောက်လာနိုင်သလို၊ ဘယ်အရာမှလဲ သင့်ကို ပြိုလဲပျက်ဆီးသွားအောင် မလုပ်ဆောင်နိုင်ဘူး။ ဘယ်လောက် ကောင်းတဲ့ဖြောင့်မတ်ခြင်းအား သင်ပိုင်ဆိုင်ရလဲဆိုတာ သင်သိဖို့ပဲလိုတယ်။

အောက်တိုဘာလ ၂၂ ရက်နေ့

ဖြောင့်မတ်သူတွေခံရမယ့်အမွေ

“သင့်​တစ်​ဖက်၌ လုပ်​သော​လက်​နက်​တစ်​စုံ​တစ်​ခု​မျှ အ​ထ​မ​မြောက်​ရ။ သင့်​ကို တ​ရား​တွေ့​သော​သူ မည်​သည်​ကား၊ အ​ရှုံး​ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​တို့​သည် ထို​သို့​သော အ​မွေ​ကို​ခံ​ရ၍၊ ငါ့​ကြောင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။” ဟေရှာယ‬ ၅၄:၁၇

သခင်ယေရှုခရစ်တော် အားဖြင့်ရတဲ့ဖြောင့်မတ်ခြင်းဟာ ဘယ်လောက်တန်ဖိုးရှိသလဲ? ဘယ်လိုအကျိုးသက်ရောက်မူရှိသလဲ?ဆိုတာ လူအနည်းငယ်ကပဲ သိကြတယ်။ သခင်ယေရှုက နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ရှေ့ဉီးစွာရှာပါလို့ ပြောတဲ့အခါမှာ အရေးကြီးတာတစ်ခုပဲမဟုတ်ဘူး အကျိုးလွန်စွာရှိလို့ပါ။ ဖြောင့်မတ်သူရဲ့တစ်ဖက်မှာ လုပ်တဲ့ ဘယ်လက်နက်ကမှ အထမြောက်မှာမဟုတ်ဘူး။ ဘုရားက ဖြောင့်မတ်သူကိုပျက်ဆီးစေမယ့် လက်နက်တွေကို ခွင့်ပြုမှာ မဟုတ်ပါ။ ဖြောင့်မတ်သောသူတစ်ဘက်မှာ တရားတွေ့တဲ့သူတွေဟာလဲ သေချာပေါက် အရှုံးခံရမယ်။ ဘယ််တော့မှ အောင်မြင်ခြင်းကိုရမှာမဟုတ်ဘူး။ သခင်ယေရှုအားဖြင့်ရထားတဲ့ ဖြောင့်မတ်ခြင်းကို သင် သေချာ သဘောပေါက် ပြီးတော့ နေ့တိုင်း စိတ်ချတတ်ဖို့ပဲလိုတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့

လက်ယာဘက်၊ ဘက်ဝဲဘက် တိုးပွါးမယ်

“အ​ကြောင်း​မူ​ကား၊ သင်​သည် လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌ တိုး​ပွား​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​မွေ​ခံ၍၊ သူ​တို့၏ ဆိတ်​ညံ​သော​မြို့​တို့၌ နေ​ကြ​လိမ့်​မည်။” ဟေရှာယ‬ ‭၅၄:၃

ဘုရားကောင်းကြီးပေးတဲ့အခါမှာ တစ်ဘက်မှာပဲ တိုးပွါးမှာမဟုတ်ဘူး။ တစ်ဘက်မှာ တိုးပွါးပြီးတော့ ကျန်

တစ်ဘက်မှာ ကျရှုံးဝမ်းနည်းရမှာမဟုတ်ဘူး။ ဘုရားရဲ့ ကောင်းကြီးမင်္ဂလာက အဘက်ဘက်မှာ တိုးပွါးများပြားစေမယ်။ ကိုယ်ရသင့်တဲ့ လုပ်နိုင်သလောက်ပဲ အသက်တာမှာ ရရှိခံစားမှာ မဟုတ်ဘူး။ တစ်ပါးအမျိုးသားတွေရဲ့ အမွေကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပြီးတော့ အကောင်းဆုံးဆိုတဲ့အရာတွေကို ပိုင်ဆိုင်ခွင့်ရမယ်။ လောကအရာမှာပဲ တိုးပွါးမှာမဟုတ်ပဲ ဝိညာဉ်ရေးရာ၊ မိသားစုရေးရာနှင့် စီးပွါးရေးစတဲ့ အဘက်ဘက်မှာ တိုးတက်ကောင်းစားတာကို ခံစားရမယ်။

အောက်တိုဘာလ ၂၀ ရက်နေ့

တိုးပွါးခြင်းကို ကန့်သတ်ထားတဲ့စိတ်သဘော

“သင်၏​တဲ​ရာ​ကို ကျယ်​စေ​လော့။ သင်၏​နေ​ရာ မျက်​နှာ​ကြက်​ကို ကြက်​ဦး​လော့။ နှ​မြော​သော စိတ်​မ​ရှိ​နှင့်။ ကြိုး​တို့​ကို ရှည်​စေ​ဦး​လော့။ တိုင်​တို့​ကို မြဲ​စွာ​စိုက်​လော့။” ‭‭ဟေရှာယ‬ ‭၅၄:၂

သင်တိုးပွါးဖို့ ဘုရားကအလိုရှိပေမဲ့ တိုးပွါးခြင်းမရောက်လာအောင် ကန့်သတ်ထားတဲ့ အရာတော့ရှိတယ်။ လူတွေက မတိုးပွါးစေတာက ပတ်ဝန်းကျင်ကြောင့်၊ လူတွေကြောင့်၊ စာတန်ကြောင့်လို့ထင်တတ်ပေမဲ့ တကယ်တမ်းတော့ တိုးပွါးခြင်းကို ဆီးတားထားတဲ့အရာက ကိုယ့်ရဲ့ စိတ်သဘောကြောင့်ပါ။ ဟေရှာယက ပြောတယ် နှမြောတဲ့စိတ် မရှိနဲ့။ ဒီ စိတ်သဘောက ဘုရားပေးချင်တဲ့ တိုးပွါးခြင်းတွေ အသက်တာထဲကို မရောက်အောင် ဆီးတားထားတယ်။ အရာရာကို နှမြောတွန့်တိုနေလို့ ဘုရားပေးချင်တဲ့ တိုးပွါးခြင်း ရောက်လာမှာ မဟုတ်ဘူးဆိုတာ သိပါ။

အောက်တိုဘာလ ၁၈ ရက်နေ့

ယုံကြည်ခြင်းမှ လာသော

“သင်​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်​ခြင်း​နှင့်​ကြွယ်ဝ​မည့်​အကြောင်း မျှော်လင့်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် ယုံကြည်​ခြင်း​မှ​လာ​သော ဝမ်းမြောက်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​အလုံးစုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။”‭‭ရောမဩဝါဒစာ‬ ‭၁၅:၁၃

ကိုယ်ံဟာကိုယ် ယုံကြည်ခြင်းရှိသလား? မရှိဘူးလား? ဘယ်လိုသိနိုင်မလဲ? လူတချို့က ကိုယ့်ဟာကိုယ် ယုံကြည်ခြင်း အလွန်ရှိတယ်လို့ထင်မှတ်နေပေမဲ့ တကယ်တမ်းတော့ နည်းနည်းမှ မရှိဘူးဆိုတာ နှုတ်ကပတ်တော်နှင့် စစ်ဆေးလိုက်တော့ တွေ့ရတယ်။ တချို့ကျတော့ ကိုယ့်ဟာကိုယ် မရှိဘူးလို့ထင်နေပေမဲ့၊ ထင်မထားလောက်အောင် ယုံကြည်ခြင်းရဲ့ အသီးအပွင့်တွေကို မြင်တွေ့နေရပြန်ရော။ နှုတ်ကပတ်တော်က ပြောတယ် ယုံကြည်ခြင်း တကယ်တမ်းရှိရင် အသက်တာမှာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကနေ နေရာယူနေတယ်။ ယုံကြည်ခြင်းမရှိတဲ့သူအသက်တာမှာ ဒီအရာတွေကို တွေ့ရမှာမဟုတ်ဘူး။ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း မရှိတဲ့သဘောက ယုံကြည်ခြင်းကိုတကယ်နေရာမပေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲ။

အောက်တိုဘာလ ၁၇ ရက်နေ့

ဘုရားရဲ့တိကျတဲ့လမ်းညွှန်ခြင်း

“သင်​တို့​သည် လက်ယာ​ဘက်​၊ သို့မဟုတ် လက်ဝဲ​ဘက်​သို့ လှည့်​သောအခါ “​ဤ​လမ်း​သည် မှန်​၏​။ ဤ​လမ်း​အတိုင်း သွား​လော့​”​ဟု သင်​တို့​နောက်​၌​ပြော​သော​စကား​ကို သင်​တို့​၏​နား​ဖြင့် ကြား​ကြ​ရ​မည်​။” ဟေရှာယအနာဂတ္တိကျမ်း‬ ၃၀:၂၁

ကိုယ့်ကို ဘယ်သူမှ လမ်းမပြဘူး၊ သင်ပေးတဲ့သူမရှိဘူးလို့ တွေးပြီး စိတ်ပျက် အားငယ်နေသလား? လူတွေအနေနဲ့ သွန်သင်ပြသမယ့်သူ မရှိပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်က လိုအပ်တဲ့ အရာတိုင်းကို အတိအကျ လမ်းညွှန်ပြသသူဖြစ်တယ်။ အဝေးကနေပဲ လမ်းညွှန်တာ မဟုတ်သလို၊ တစ်ပတ်တစ်ခါ လိုအပ်မှ လမ်းညွှန်တာ မဟုတ်ဘူး။ သင့်အနားကနေပြီးတော့ အချိန်တိုင်း အတိအကျ လမ်းညွှန်ပြ သသူဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်က သွားရမယ့်လမ်း၊ လုပ်ရမယ့်အလုပ်၊ ရွေးချယ်မှုတစ်ခုစီတိုင်းကို အနားမှာ နေပြီးတော့ အသံနှင့် လမ်းညွှန် ပေးနိုင်သူဖြစ်တယ်။ ဝိညာဉ်တော်ရှိရင် လမ်းမှားမှာ ကြောက်စရာ၊ စိုးရိမ်စရာမလိုဘူး။

အောက်တိုဘာလ ၁၆ ရက်နေ့

ရှိတော့မည်မဟုတ်

“ကိုယ်တော်​သည် သူ​တို့​၏​မျက်စိ​မှ​မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သည် ရှိ​တော့မည်​မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း၊ အော်ဟစ်​ငိုကြွေး​ခြင်း​နှင့် နာကျင်​ခြင်း​ဝေဒနာ​တို့​သည်​လည်း ရှိ​တော့မည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​ဖြစ်​ခဲ့​သော​အရာ​တို့​သည် ပျောက်ကွယ်​သွား​ကြ​ပြီ”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။” ဗျာဒိတ်ကျမ်း‬ ၂၁:၄

ဘုရားသခင်နှင့်အတူရှင်သန်တဲ့ ကောင်းကင်သစ်နှင့်မြေကြီးသစ်မှာ အားလုံးရှိမှာမဟုတ်ဘူး။ မရှိတဲ့အရာတွေ အများကြီးရှိတယ်။ ရှင်ယောဟန်မြင်တဲ့ ရူပါရုံနဲ့ ကြားတဲ့ ဘုရားအသံကိုကြည့်ရင် မရှိတဲ့အရာတွေကို တွေ့ရတယ်။ မျက်ရည်ရှိတော့မှာမဟုတ်ဘူး။ ဘယ်လိုအကြောင်းကြောင့်မှ မျက်ရည်ကျစရာ အကြောင်းမရှိတော့ဘူး။ သေခြင်းလဲ ရှိတော့မှာမဟုတ်ဘူး။ ဝမ်းနည်း ခြင်း နှင့်အော်ဟစ်ငိုကြွေးခြင်းလဲ မရှိတော့ဘူး။ အပြီးတိုင် ဘုရားက ဖယ်ရှားပစ်လိုက်ပြီ။ နာကျင်ခြင်းဝေဒနာကိုလဲ ဘုရားက ခွင့်ပြုတော့မှာမဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်နဲ့ဆိုင်တဲ့အရာတွေကို ဘုရားက အပြီးတိုင် ဖယ်ရှားပစ်လိုက်လို့။ ဘဝမှာ ဘုရားနဲ့အတူ အသက်ရှင်တဲ့အခါမှာ အတိတ်ဆိုးကနေ လွတ်မြောက်စေပြီးတော့ မကောင်းတဲ့အရာတွေကို ဖယ်ရှားပစ်ခြင်းခံရတဲ့ဘဝဟာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ?

အောက်တိုဘာလ ၁၅ ရက်နေ့

ကျေးဇူးပြုခြင်း

ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ တစ်​ယောက်​ကို​တစ်​ယောက် ကျေး​ဇူး​ပြု​ကြ၏။” ‭‭သုတ္တံ‬ ၁၄:၉

ဖြောင့်မတ်သူလို့သတ်မှတ်ခြင်းခံရတဲ့ ဘုရားသားသမီးတွေရဲ့ အသက်ရှင်က လောကသားတွေနဲ့ မတူတာတော့သေချာတယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မြင်တာ၊ အပြစ်ပြောတာထက်၊ ကျေးဇူးပြုတတ်တဲ့သဘောနဲ့ပြည့်ဝတဲ့ သူတွေဖြစ်တယ်။ ကျေးဇူးပြုတတ်ခြင်းက ဖြောင့်မတ်သောသူတွေရဲ့ သဘောသဘာဝဖြစ်တယ်။ ဒါဝိဒ်ကို ယောနသန်ကလိုအပ်တဲ့အချိန်မှာ ကျေးဇူးပြုခဲ့သလို၊ ဒါဝိဒ်ကလဲ ယောနသန် မရှိတော့ပေမဲ့ သူ့ရဲ့သားကို ပြန်လည်ကျေးဇူးပြုခဲ့တဲ့သူဖြစ်တယ်။ ကျေးဇူးပြုခြင်းက ဖြောင့်မတ်သူတစ်ယောက်ရဲ့ ထင်ရှားတဲ့အမှတ်လက္ခဏာတစ်ခုပဲ။

အောက်တိုဘာလ ၁၄ ရက်နေ့

ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​ခြင်း

“ပင်​လယ်​ကို ကုန်း​ဖြစ်​စေ​တော်​မူ၏။ သူ​တို့​သည် ရေ​စီး​ရာ​အ​ရပ်​ကို ခြေ​ဖြင့်​လျှောက်​သွား​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​ကြ၏။”ဆာလံ‬ ‭၆၆:၆

လူတွေက နောက်ဆုံးသောကာလ ရောက်လာလေ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ လွှမ်းမိုးခြင်းခံရလေဖြစ်လာတယ်။ စီးပွါးရေးလောကမှာလဲ လှုပ်ခတ်မှုတွေက လူပေါင်းများစွာကို ဘဝပျက်စေခဲ့ပြီး ဆိုးရွားတဲ့သတင်းတွေကြောင့် လမ်းမရှိတော့ဘူးလို့ လူပေါင်းများစွာက ထင်မှတ်နေကြတယ်။တကယ်တော့ ဘုရားက လမ်းမရှိတဲ့အရပ်မှာ လမ်းဖေါက်ပေးပြီးတော့ ခေါ်ဆောင်ပေးတဲ့ဘုရားပါ။ လမ်းရှိမှ ဖြစ်နိုင်မှ လုပ်တဲ့ ဘုရားမဟုတ်ပါဘူး။ ဆိုးရွားမှုတွေကြားမှာ ဘုရားရဲ့ဝမ်းမြောက်ခြင်းနဲ့ အသက်ရှင်တဲ့သူတွေအတွက် မဖြစ်နိုင်ဘူးလို့ထင်နေရတဲ့အရာတွေအားလုံးက၊ ဝမ်းနည်းစရာတွေနှင့် ငြီးတွားမှုတွေက ဝမ်းမြောက်ခြင်း ကူးပြောင်းသွားမှာပါ။

အောက်တိုဘာလ ၁၃ ရက်နေ့

လူတွေကြောက်တဲ့အထိ

“ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ဦး​မည်။ မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ကြ​လိမ့်​မည်။” ဆာလံ‬ ၆၇:၇

ဘုရားကိုလူတွေက ကြောက်ရတဲ့အထိ ဘုရားက သူ့လူတွေကို ကောင်းကြီးပေးပြီး ကြွယ်ဝစေမယ်။ လူတွေကြောက်တဲ့အထိ ကြွယ်ဝစေမယ်ဆိုတော့ ဘယ်လောက်တောင် ကြွယ်ဝမလဲ စဉ်းစားကြည့်။ နောက်ဆုံးသောကာလမှာ ဘုရားကသူ့သားသမီးတွေကို အခက်အခဲတွေ ဒုက္ခတွေထဲမှာပဲ ကျက်လည်စေမယ်လို့မထင်လိုက်စေချင်ဘူး။ လောကသားတွေကြောက်တဲ့အထိ ကြွယ်ဝခြင်းနယ်ပယ်ထဲမှာ ပို့ဆောင်ချင်တယ်။ ဒါကိုမယုံဘူး မမျှော်လင့်ဘူးဆိုရင်တော့ သေချာတယ် အခြားသူတွေကိုကြည့်ပြီးတော့ ကြောက်ရွံ့ရတဲ့သူပဲ ဖြစ်ပါလိမ့်မယ်။

အောက်တိုဘာလ ၁၁ ရက်နေ့

ဘုရားရဲ့ အစွမ်းထက်သောလက်နက်

“ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။-” ၂ ကောရိန္သု‬ ‭၁၀:၄

ကိုယ်ဟာ ဘယ်သူလဲ မသိတာက ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သလို၊ ကိုယ်သုံးစွဲတဲ့ လက်နက်တွေက ဘယ်လောက် အစွမ်းထက်ပြီးတော့ ပြင်းထန်သလဲဆိုတာ မသိတာကလဲ ယုံကြည်သူတွေ အောင်မြင်သင့်သလောက် မအောင်မြင်ရတဲ့ အကြောင်းအရင်းတွေထဲကက တစ်ခုပဲ။ တကယ်တော့ အတားအဆီးတွေကြောင့် စိတ်ပျက်ရမှာ မဟုတ်ဘူး။ အတားအဆီးတွေကို ဘုရားပေးထားတဲ့ အစွမ်းထက်တဲ့ လက်နက်တွေနဲ့ ဖြိုဖျက်ရမှာ။ ဝိညာဉ်ရေးရာမှာ ဘုရားအပ်နှင်းထားတဲ့ အစွမ်းထက်တဲ့လက်နက်တွေကို မသိတာရော၊ မသုံးတတ်တာဟာ မအောင်စေတဲ့ အဓိက အချက်တွေပဲ။

အောက်တိုဘာလ ၁၀ ရက်နေ့

အောင်မြင်သူသာလျှင် ထိုင်ရမယ်

“ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-” ဗျာဒိတ်‬ ၃:၂၁

တချို့သောနေရာတွေမှာ မတ်တပ်ရပ်ခွင့်နှင့် ထိုင်ခွင့်က လူတိုင်းရမှာမဟုတ်ဘူး။ အစီစဉ်တွေ၊ သင်တန်းတွေမှာ တွေ့ဖူးလိမ့်မယ်။ အကောင်းဆုံးနေရာတွေကို သီးသန့်လူတွေအတွက် ဉီးထားတာ၊ဖယ်ထားတာကို။ ဒီလိုနေရာတွေက လူတိုင်း ထိုင်ချင်တဲ့နေရာတွေဖြစ်ပေမဲ့၊ လူတိုင်းတော့ ထိုင်ခွင့်မရဘူး။ ဒီနှစ်အစောပိုင်းမှာ ဘုရားကြီးမားစွာအသုံးပြုနေတဲ့ ဆရာကြီး မယ်ဒိုနာဒို ရဲ့ အစည်းအဝေးကို သွားခွင့်ရခဲ့တယ်။ လူထောင်ပေါင်းများစွာ လာရောက်တတ်ခဲ့ပေမဲ့ အရှေ့ဆုံးတန်းမှာ အထူး ဉီးစားပေးသူများ နေရာတွင်ထိုင်ခွင့်ရခဲ့တယ်။ ဒီနေရာမှာ သွားထိုင်တိုင်းမှာ လူတိုင်းရဲ့ ကြည့်တဲ့အကြည့်တွေက မတူဘူး။ ဒီနေ့ အောင်မြင်သောသူတွေကိုသာ ပေးမယ့်အခွင့်အရေးကလဲ လူတိုင်းရတဲ့အရာ မဟုတ်ဘူး ဆိုတာ သိစေချင်တယ်။ လူတိုင်း အားကျလိုချင်တဲ့အရာကို သင့်ကို ပိုင်ခွင့်ပေးတယ်ဆိုတာ သင်ဟာ သာမန် မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။

အောက်တိုဘာလ ၉ ရက်နေ့

ငါ၏အောင်လံ

“မောရှေ​သည်​လည်း ယဇ်ပလ္လင်​ကို​တည်​၍ ၎င်း​၏​အမည်​ကို “​ထာဝရဘုရား​သည် ငါ​၏​အောင်လံ​ဖြစ်​တော်မူ​၏​”​ဟု ခေါ်​၏​။” ထွက်မြောက်ရာကျမ်း‬ ‭၁၇:၁၅

သင့်ဘဝရဲ့အောင်မြင်ခြင်း လျှို့ဝှက်ချက်က ဘာလဲ? လူတိုင်းမှာ အောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက် ကိုယ်စီရှိတယ်။ မောရှေမှာလဲ ဒီလောက်ကြီးတဲ့ တာဝန်တွေကို အောင်မြင်စွာနဲ့ ဆောင်ရွက်နိုင်ခဲ့သလို၊ ကြီးမားတဲ့ရန်သူတွေကိုလဲ တိုက်နိုင်ခဲ့တယ်။ လူသန်းပေါင်းများစွာကိုလဲ နေ့စဉ် ဉီးဆောင်ပြီးတော့ ရန်သူတွေလက်ကနေ ကယ်ထုတ်နိုင်ခဲ့တဲ့သူ။ နေ့စဉ် ပြဿနာတွေကိုလဲ​ဉီးဆောင်ပြီးတော့ အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့သူ။ တစ်နေ့မှာတော့သူရဲ့ အောင်မြင်ခြင်းရဲ့အရင်းအမြစ်ကို သူဟာ ဝန်ခံခဲ့တယ်။ ဒီအရာကအခြားအရာမဟုတ်ဘူး။ ဘုရားပဲဖြစ်တယ်။

အောင်တိုဘာလ ၈ ရက်နေ့

အစဉ်အောင်ပွဲ ခံစေခြင်းငှါ

“ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ အောင်​ပွဲ​ကို အ​စဉ်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သ​ခင်​ကို သိ​ခြင်း၏ အ​မွှေး​အ​ကြိုင်​သည် ငါ​တို့​အား​ဖြင့် အ​ရပ်​ရပ်​တို့၌ နှံ့​ပြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ပြု​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။-” ၂ ကောရိန္သု‬ ‭၁၂:၁၄

ဘုရားက ကိုယ့်ကို ခေါ်ထားတာ အရှုံးခံဖို့မဟုတ်ဘူး။ အစဉ် အောင်ပွဲခံဖို့ ။ ဒါကို နားမလည်တဲ့ သူတွေက စာတန်ရဲ့လှည့်စားခြင်းအောက်မှာ နေ့စဉ် အရှုံးခံနေရတယ်။ ဘယ်လောက် ဝမ်းနည်းဖို့ကောင်းသလဲ? ဘုရားနှင့်အတူ အောင်ပွဲကို အစဉ်ခံခြင်းကို သဘောပေါက် နားလည်တဲ့သူတွေကတော့ ဒီအောင်မြင်ခြင်းကို နေရာတိုင်းသယ်ဆောင်သွားနိုင်သူတွေဖြစ်လာတယ်။ ဒီသမ္မာတရားကိုနားမလည်သဘော မပေါက်တဲ့သူတွေကတော့ ဆုံးရှုံးခံနေရအုံးမှာပဲ။

အောက်တိုဘာလ ၇ ရက်နေ့

မင်း ကဲ့သို့ ပြိုင်၍ နိုင်လေပြီ

“နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။” ကမ္ဘာဦး‬ ‭၃၂:၂၈

လက်ဝှေ့ နှုတ်ဆက်ပွဲအနေနဲ့ နောက်ဆုံးထိုးသွားတဲ့ အောင်လပွဲကို ကြည့်တော့ တစ်ဖက်လူက မပြိုင်ခင်ကတည်း အနိုင်ပေးဖို့ ဆုံးဖြတ်ထား ပုံရှိတယ်။ သူ့ရဲ့ လုပ်နိုင်အား အကုန်လုံးကို မမြင်ရဘူး။ နောက်ဆုံးပွဲဆိုတော့ အမှတ်တရအဖြစ် အောင်မြင်ခြင်းနဲ့အဆုံးသတ်စေချင်ပုံပါပဲ။ ဒါလဲ ကောင်းတဲ့သူရဲ့ အားကစားစိတ်ပေါ့။ ဘုရားရဲ့ဖခင် စိတ်ကလဲ ဒီထက်ပိုပြီး နက်ရှိုင်းတယ်။ သူ့သားသမီးတိုင်းကို မပြိုင်ခင် ရင်ဆိုင်မှုတွေ မကြုံခင်ကတည်းက အောင်မြင်မှုပေးဖို့ ကြိုတင်ဆုံးဖြတ်ထားပြီးသား။ လူတွေထဲမှာပဲ မဟုတ်ဘူး၊ သူ့ဘက်ကတောင် အလျော့ပေးဖို့ ကြိုတင်ဆုံးဖြတ်ထားပြီးသား။ ဒါကြောင့် ဘုရားသားဟာ အရာရာမှာ မအောင်မြင်စရာ၊ ကောင်းကြီးမရစရာကို မရှိဘူး။ အရာရာမှာ ထိပ်ဆုံးကနေ အောင်ပွဲခံနိုင်မှာ သေချာတယ်။

အောက်တိုဘာလ ၆ ရက်နေ့

အာတောဧလရော

“ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။” ကမ္ဘာဦး‬ ‭၁၆:၁၃

နိုဝင်ဘာလမှာ သင့်ကိုမြင်သော ဘုရားကို မြင်တွေ့ရမယ့် ကာလဖြစ်တယ်။ တစ်ခါတစ်လေ အသက်တာမှာ ဘုရားက ကိုယ့်ကိုမြင်တယ်၊ ကိုယ့်အမှုအရာတွေ၊ လိုအပ်ချက်တွေကို မြင်တယ်ဆိုတာ မေ့နေတတ်ကြတယ်။ ဟာဂရ တောထဲမှာ ဒုက္ခရောက်တဲ့အချိန်မှာ ကောင်းကင်တမန်နှင့်ဆုံတွေ့ပြီးတော့ သူဘာလုပ်ရမလဲဆိုတာကို လမ်းညွှန်ပြတယ်။ သူ့သားရဲ့အနာဂတ်ကိုလဲ​သိခွင့်ရတယ်။ တစ်ခါတစ်လေ အခက်အခဲဆိုတာ ရှောင်ပြေးတာထက် ရင်ဆိုင်ကြုံတွေ့ပြီးတော့ ဘုရားရှိစေချင်တဲ့နှလုံးသားကို သင်ယူ တတ်ဖို့လိုတယ်။ ဘုရားထားတဲဲ့နေရာမှာ နေတတ်ခြင်းက အလွန်အရေးကြီးတယ်။ ဒါကို ဟာဂရ ကောင်းကင်တမန်အားဖြင့် နားလည်ပြီးတော့ သခင်မဆီကို ပြန်လာခွင့်ရတယ်။ ဘုရားက သင့်အခက်အခဲတွေကို မြင်တာ မသိတာ နားမလည်တာ မဟုတ်ပါဘူး။ သိတယ် မြင်တယ် နားလည်တယ် ဒါပေမဲ့ အဲ့ဒီအထဲမှာ သူနဲ့အတူ ဖြတ်သန်းသွားလာစေချင်တာပါ။

အောက်တိုဘာလ ၄ ရက်နေ့

ကြားရသောသူတိုင်း ရယ်မောရမယ်

“စာ​ရာ​က​လည်း၊ ငါ​ရယ်​ရ​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ ဤ​သ​တင်း​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငါ​နှင့်​အ​တူ ရယ်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊”ကမ္ဘာဦး‬ ၂၁:၆

ဝမ်းမြောက်ခြင်းအခွင့်ဆိုတာ ဘုရားပေးမှရတာပါ။ စာရာအတွက်ရယ်မောရတဲ့အခွင့်ကို အသက်ကြီးမှ ဘုရားက ပြင်ဆင်ပေးတယ်။ သူ့အသက်အရွယ်နဲ့ မဖြစ်နိုင်တာ လုပ်ဆေောင်ပေးတဲ့အခါမှာ သူဟာ အံ့ဩလွန်းလို့ ရယ်မောခြင်းတွေနဲ့ပဲပြည့်နှက်နေခဲ့တယ်။ သူ့မှာ ဘုရားပြုတဲ့အမှုတွေကိုလဲ ကြားတဲ့သူတိုင်းက ရယ်မော ပျော်ရွှင်ခွင့်ရခဲ့တယ်။ မဖြစ်နိုင်တော့ဘူးလို့ ထင်တဲ့အရာတွေ ဖြစ်လာတဲ့အခါမှာ ဘယ်လောက်ပျော်ရွှင်ရသလဲ ဆိုတာ ကြုံဖူးတဲ့သူတိုင်း သိမှာပါ။ ဒီလို စာရာကြုံသလို ဘုရားက သင့်ကိုလဲ ကြုံတွေ့ခွင့်ပေးနိုင်တယ်။ သင့်ဘဝမှာ ဘုရားပြုတဲ့ နိမိတ်လက္ခဏာတွေဟာ သင့်ကိုယ်တိုင်ရော ကြားရတဲ့သူတိုင်းရော ရယ်မော ပျော်ရွှင်ရမယ့်နေ့ရက် ရောက်လာပြီ။

အောက်တိုဘာလ ၃ ရက်နေ့

မတောင်းသောဆု

“ထို​မှ​တစ်​ပါး သင်​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​ကို​မျှ သင့်​လက်​ထက်၌ မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​မ​တောင်း​သော​ဆု၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး၏။” ၃ ဓမ္မရာဇဝင်‬ ၃:၁၃

ဘုရားက တောင်းတဲ့ဆုတွေကိုပဲ ပေးတာမဟုတ်ဘူး။ သင့်ရဲ့ဆုတောင်းခြင်းက ဘုရားရဲ့နှလုံးသားနှင့်ချိတ်ဆက်မိသွားတဲ့အခါမှာ သင် မတောင်းမိခဲ့တဲ့ဆုတွေကိုလဲ ဘုရားက ပြည့်စုံစေတယ်။ ဘုရားရဲ့ နှလုံးသားက သူ့ရဲ့သားသမီးတစ်ယောက်စီတိုင်းကို တောင်းတဲ့အရာတွေကို ပဲ ပြည့်စုံစေချင်တာ မဟုတ်ဘူး။ မတောင်းတဲ့အရာတွေကိုလဲ ဖြည့်ပေးခြင်တယ်။ ရှောလမုန်ဟာ အိမ်မက်ထဲမှာတောင် ဆုတောင်းတာ မှန်ခဲ့တယ်။ အိမ်မက်ဆိုပြီး အထင်မသေးနဲ့ တကယ်အပြင်မှာ ပြည့်စုံခဲ့တယ်ဆိုတာ တွေ့ရတယ်။ သူမတောင်းတဲ့ နာမည် ကျော်ကြားမူတွေ၊ ကြွယ်ဝခြင်းတွေနဲ့ သူနဲ့တူတဲ့သူ တစ်ယောက်မှ မရှိလောက်အောင်ကို ဘုရားက သူ့ကို ဖြစ်စေခဲ့တယ်။

အောက်တိုဘာလ ၂ ရက်နေ့

သက်တမ်းတိုးပေးခြင်း

“သင်​သည် ငါ့​လူ​တို့၏ ဗိုလ်​ချုပ်​ဟေ​ဇ​ကိ​မင်း​ထံ​သို့ တစ်​ဖန်​သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏​ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​နာ​ကို ငါ​ပျောက်​စေ​သ​ဖြင့်၊ သင်​သည် သုံး​ရက်​လွန်​လျှင် ဗိ​မာန်​တော်​သို့​တက်​ရ​လိမ့်​မည်။” ၄ ဓမ္မရာဇဝင်‬ ၂၀:၅

မကြာခင် အချိန်ပိုင်းတွင်းမှာ သေရတော့မယ့် ဟေဇကိမင်း ကြီးတစ်ယောက် နံရံဘက်လှည့်ပြီး နှလုံးသားသွန်းလောင်းကာ ဆုတောင်းလိုက်တဲ့ ခဏချင်းမှာ အပြောင်းအလဲတွေက ချက်ခြင်းဆိုသလို ရောက်လာတယ်။ ၁၅ နှစ် သက်တမ်း တိုးပေးခြင်းကို ခံရသတဲ့။ တကယ်တော့ ဆက်အသက်ရှင်ဖို့ သက်တမ်းကုန်တဲ့ ဘဝကနေ သက်တမ်း တိုးပေးခံရတဲ့ဘဝကို ခဏလေး အတွင်းမှာ ပြောင်းလဲ ခဲ့တယ်။ ဆုတောင်းခြင်းက သင့်ဘဝရဲ့ သက်တမ်းကုန်နေတဲ့အရာတွေ အားလုံးကို ဆက်လက် ရှင်သန်နိုင်ဖို့ သက်တမ်း တိုးပေးနိုင်တယ်။ ဘယ်အရာတွေက သင့်ဘဝမှာ သက်တမ်းကုန်နေပြီလဲ? နှလုံးသားအကြွင်းမဲ့နဲ့ ဘုရားဆီမှာ ဆုတောင်းခြင်းနဲ့တိုးဝင် ပါ။ သက်တမ်းတိုးခွင့်ပြန်ရပါလိမ့်မယ်။

အောက်တိုဘာလ ၁ ရက်နေ့

အထင်လွဲခံရတဲ့အထိ

“စိတ်​နှ​လုံး​နှင့် ဆု​တောင်း၍ နှုတ်​ခမ်း​လှုပ်​သော်​လည်း၊ စ​ကား​သံ​မ​ထွက်​သော​ကြောင့်၊ ယစ်​မူး​သည်​ဟု ဧ​လိ​ထင်​လျက်၊”၁ ဓမ္မရာဇဝင်‬ ၁:၁၃

ဟန္ဒရဲ့ ဆုတောင်းခြင်းကို သိတယ် မဟုတ်လား? အခက်အခဲတွေ၊ပြဿနာတွေကြုံရတဲ့အခါမှာ ခံစားချက်တွေကို ဒီအတိုင်း မထားပဲ ဆုတောင်းခြင်းဘက်ကိုပြောင်းပစ်လိုက်တယ်။ ခံစားနေလို့လဲ အပိုပဲ ဆိုတာ သူကောင်းကောင်းသိတယ်။ ခံစားချက်တွေက ဆုတောင်းချက် အဖြစ်ပြောင်းလဲပေမဲ့ ချက်ခြင်းတော့ အကောင်းဘက်ပြောင်းလာတာတော့မဟုတ်ဘူး။ သူ့ရဲ့ဆုတောင်းပုံကိုကြည့်ပြီးတော့ ယဇ်ပုရောဟိတ်ကြီးက အထင်လွဲ​လိုက်သေးတယ်။ ဘယ်လောက်ပဲ အထင်လွဲခံရ သူကတော့ လက်မလျော့ဘူး ဆက်ဆုတောင်းခဲ့တယ်။ ဒါကြောင့်လဲ​ ဘုရားကလူတွေ မနာလိုလောက်အောင် ကောင်းကြီးပြန်ပေးခဲ့တယ်။ ဘဝမှာ ဘယ်တော့မှ​မရနိုင်တဲ့အရာတွေ တစ်ခုပြီးတစ်ခု အကောင်းဆုံး ပိုင်ဆိုင်ခွင့်ရခဲ့တယ်။

စက်တင်ဘာလ ၃၀ ရက်နေ့

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍

သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။” ရှင်လုကာ‬ ‭၁၁:၁၃

ဆုတောင်းတဲ့သူနဲ့ ဆုမတောင်းတဲ့သူ ဘာကွာခြားလဲလို့မေးရင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ရတဲ့သူနဲ့ မရတဲ့သူကွာတယ်လို့ပဲ ဖြေရမယ်။ သန့်ရှင်းသောဝိညာဉ်တော်နဲ့ပိုပြီး ပြည့်ဝချင်ရင် အခြားနည်းလမ်းမရှိဘူး။ ဘုရားနဲ့အချိန်ယူတဲ့ ဆုတောင်းခြင်းပဲရှိတယ်။ ဆုတောင်းခြင်းကို လျော့လိုက်တဲ့သူက ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းမှာလဲ လျော့ရဲလာလိမ့်မယ်။ ဆုမတောင်းတဲ့သူကတော့ ဘယ်တော့မှ ဝိညာဉ်တော် ရဲ့တန်ခိုးထဲမှာ ရှင်သန်ခွင့် ရမှာမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်က သင်မတတ်နိုင်တာတွေကိုမစဖို့ ဘုရားက စေလွှတ်ပေးခဲ့တာ။ သူ မရှိရင်တော့ သင့်မှာ ကူညီပေးမယ့်သူ မရှိတဲ့ဘဝကို သေချာပေါက်ရောက်လိမ့်မယ်။

စက်တင်ဘာလ ၂၉ ရက်နေ့

ကောင်းသောအရာကို သာ၍

“သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို​သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော။-”ရှင်မဿဲ ၇:၁၁

လူတိုင်းကောင်းသောအရာကို သာ၍ လိုချင်ကြတာချည်းပဲ။ မကောင်းတဲ့အရာပဲ ရပါစေလို့ ဆန္ဒ ရှိတဲ့သူမရှိသလောက်ရှားလိမ့်မယ်။ ကောင်းတဲ့အရာ ကိုသာ၍ လိုချင်တယ်ဆိုရင် သခင်ယေရှုက နည်းလမ်းပေးထားတယ်။ ဒါကတော့ ဆုတောင်းခြင်းပဲ။ တောင်းကြလော့ တောင်းလျှင်ရမယ်လို့ လူတိုင်း ဒီကတိတော်ကို သိကြပေမဲ့ လက်တွေ့လုပ်တဲ့သူကတော့ အင်မတန်နည်းတယ်။ တကယ် ဆုတောင်းခြင်းထဲမှာ အချိန်ပေးတဲ့သူဆိုတာ ညာလို့တော့မရဘူး။ ဘဝမှာ ကောင်းတဲ့အရာတွေနဲ့ပဲ ပြည့်နေတဲ့သူကတော့ သေချာတယ် သူဟာ တကယ်ကို ဘုရားနဲ့ ချိတ်ဆက်ပြီး တော့ ဆုတောင်းတဲ့သူပဲ။ ကောင်းတဲ့အရာတွေ တစ်စုံတစ်ခုမှ မလိုတဲ့ဘဝကို ရောက်ချင်ရင် ဆုတောင်းခြင်းနဲ့နေ့စဉ် ဘုရားနဲ့တိုးဝင်တက်ဖို့တော့တကယ်လိုတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့

မကြောက်ပဲ

“မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-” ဟေဗြဲ‬ ‭၁၁:၂၃

ယုံကြည်ခြင်းရဲ့ ဆန့်ကျင်ဘက်က ကြောက်ရွံခြင်းပဲ။ ကြောက်ရွံခြင်းရှိရင် ယုံကြည်ခြင်း မရှိနိုင်သလို၊ ယုံကြည်ခြင်းရှိရင်လဲ ကြောက်ရွံခြင်းက နေရာယူလို့မရဘူး။ မောရှေရဲ့မိဘတွေဟာ ယုံကြည်ခြင်းကိုနေရာပေးခဲ့လို့ ရှင်ဘုရင်ရဲ့အမိန့်ကို မကြောက်ပဲ ဆန့်ကျင်ခဲ့ကြတယ်။ ယုံကြည်ခြင်းနဲ့ မောရှေကို ဝှက်ထားမိတဲ့အတွက် သူနဲ့ မိသားစုသာမက ဣသရေလ တမျိုးလုံးကိုကောင်းကြီးခံစားရာ ဖြစ်တဲ့မောရှေပေါ်လာတယ်။ ယုံကြည်ခြင်းနှင့်လုပ်ဆောင်တဲ့အရာတွေက ကြာလေ ကောင်းကြီးရလေ ဖြစ်လာတယ်။ ကြောက်စိတ်နှင့်လုပ်ခဲ့တဲ့အရာတွေက ကြာလေ အဆိုးဘက်ကို ရောက်လေပဲ ဖြစ်စေတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့

မရေတွက်နိုင်အောင်

အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။- သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။-” ဟေဗြဲ‬ ‭၁၁:၁၁-၁၂

ဘာမှမရှိတဲ့ ဘဝကနေ မရေတွက်နိုင်အောင်များစွာသော အရာတွေပိုင်ဆိုင်တဲ့အထိ တိုးပွါးခဲ့တဲ့ အာဗြဟံအသက်တာကိုကြည့်ရင် ယုံကြည်ခြင်းဆိုတာ ဘာလဲ? ဘယ်လို အလုပ်လုပ်သလဲ? ဆိုတာကို တွေ့ရမှာပါ။ ယုံကြည်ခြင်းဆိုတာ အပြောသက်သက်မဟုတ်ဘူး။ လက်တွေ့ အသီးအပွင့်ရှိတယ်။ အာဗြဟံရဲ့ စိတ်စွဲလန်းခြင်းက သူ့ဘဝကို လူသေနဲ့တူတဲ့ဘဝကနေ မရေတွက်နိုင်အောင် များစွာသော သားသမီးတွေကို ပိုင်ဆိုင်တဲ့သူအဖြစ်ဘုရားက ပြောင်းလဲစေခဲ့တယ်။ လျှို့ဝှက်ချက်ကတော့ ယုံကြည်ခြင်းရဲ့စွဲလန်းခြင်းကြောင့်ပဲ။ ကတိပေးထားတဲ့ ဘုရားက ကတိပေးထားတဲ့အတိုင်း လုပ်ပေးဖို့ တတ်နိုင်တယ်ဆိုတဲ့ ယုံကြည်ခြင်းကို ဘယ်လို အခြေအနေမျိုးမှာမဆို မပြောင်းလဲပဲ ဆက်လက်ယုံကြည်ခဲ့လို့ဖြစ်တယ်။

စက်တင်ဘာလ ၂၅ ရက်နေ့

ကိုယ်တိုင်မသိ

“အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။-” ‭‭ဟေဗြဲ‬ ၁၁:၈

ယုံကြည်ခြင်းနှင့် အသက်ရှင်တဲ့သူဟာ အကုန်သိတဲ့သူလို့ထင်နေတတ်တယ်။ တကယ်တော့မဟုတ်ပါဘူး အာဗြဟံကိုကြည့်ရင် တွေ့ရတာက ယုံကြည်ခြင်းနှင့် သူဟာ လုပ်ဆောင်ပေမယ့် မသိတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ တွေ့ရတယ်။ အများကြီးသိပြီး နည်းနည်းမှ ယုံကြည်ခြင်းနှင့်မလုပ်တာ ထက် အကုန်မသိပေမယ့် ယုံကြည်ခြင်းနှင့် လုပ်ဆောင်ဖို့ ဘုရား အလိုတော်ရှိတယ်။ အာဗြဟံက ကိုယ်တိုင် မသိပေမယ့် ယုံကြည်ခြင်း နှင့် လုပ်ဆောင်သူ ဖြစ်ပြီး ဘုရားရဲ့ ပြင်ဆင်ထားတဲ့နယ်ပယ်ထဲကို ခြေချခွင့်ရတဲ့သူဖြစ်လာတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့

အရွယ်လွန် သွားပေမဲ့

“သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။-” ဟေဗြဲ‬ ‭၁၁:၁၁

ဘဝမှာလုပ်ဖို့ လွန်သွားပြီဆိုတဲ့အရာတွေ ကြောင့် စိတ်ပျက်နေသလား? ကောင်းတဲ့အရာတွေ လုပ်ဖို့၊ အောင်မြင်ဖို့၊ ကောင်းကြီးရဖို့၊ ဘုရားကြီးမားစွာ အသုံးပြုဖို့ စတဲ့ ကောင်းတဲ့အရာတွေကိုခံစားဖို့ ကိုယ့်ဟာာကိုယ် အချိန်လွန်သွားပြီ၊ အရွယ်လွန်သွားပြီလို့ ထင်နေတဲ့သူတွေ အများကြီးရှိတယ်။ စာရာအကြောင်းကိုသိရင် သင့်ဘဝမှာ ကောင်းတဲ့အရာတွေကို ဖြစ်လာဖို့အတွက် အချိန်မလွန်သေးဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်လိမ့်မယ်။ စာရာဟာ လူ့အနေနဲ့ ရော၊ အခြေအနေအရရော၊ သိပ္ပံအရရော ကလေးရဖို့ဆိုတာ ဘယ်လိုမှ​မဖြစ်နိုင်တော့ပါဘူး။ မဖြစ်နိုင်တာတောင် တော်တော်လေးကို လွန်သွားပါပြီ။ ဒါပေမဲ့ ယုံကြည်ခြင်းရှိတဲ့သူအတွက် လွန်သွားတဲ့အရာတွေအားလုံးကို ဖြစ်ခွင့်၊ ခံစားခွင့် ရှိတယ်ဆိုတာကို စာရာရဲ့အသက်တာအားဖြင့် သိခွင့်ရတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့

ဘယ်လိုယုံရမလဲ

“ယုံ​ကြည်​ခြင်း​မ​ရှိ​လျှင်၊ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့်​မ​တွေ့​နိုင်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ချဉ်း​ကပ်​သော​သူ​သည်၊ ဘု​ရား​သ​ခင် ရှိ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို ရှာ​သော​သူ​အား အ​ကျိုး​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ရ​မည်။-” ဟေဗြဲ‬ ‭၁၁:၆

ယုံချင်တိုင်းယုံရင် ယုံကြည်ခြင်းတော့ဖြစ်မှာ မဟုတ်ဘူး။ ယုံမှားခြင်းပဲ ဖြစ်သွားလိမ့်မယ်။ နှုတ်ကပတ်တော်တိုင်း ဘုရားယုံစေချင်တဲ့အတိုင်း ယုံတတ်ဖို့လိုတယ်။ နှုတ်ကပတ်တော်ကပြောထားတဲ့ ဘုရားယုံစေချင်တဲ့အရာက၊ ဘုရား ရှိတယ်ဆိုတာ ယုံရမယ်။ သင်တစ်ယောက်ထဲမှာ မဟုတ်ဘူး။ အခြေအနေတိုင်းမှာ သင်နဲ့အတူ ဖြေရှင်းပေးဖို့ ဘုရားရှိနေတယ်။ နောက်တစ်ခုကတော့ ဘုရားကိုရှာတဲ့သူကို အကျိုးပေးတယ်။ ဘာအကျိုးမှ မမျှော်လင့်ပဲ အသက်ရှင်ခိုင်းတာ ယုံကြည်ခြင်းမဟုတ်ဘူး။ အကျိုးကို ရကိုရမယ်လို့ ယုံတာမှ စစ်မှန်တဲ့ ဘုရားရှိစေချင်တဲ့ ယုံကြည်ခြင်းပဲ။

စက်တင်ဘာလ ၂၂ ရက်နေ့

ယုံကြည်ခြင်းရှိသူရဲ့ ဘဝ

“ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။-” ဟေဗြဲ‬ ‭၁၁:၅

လက်ရှိအခြေအနေ၊ လက်ရှိဘဝကပဲ ဘယ်တော့မှ မပြောင်းလဲပဲ ဆက်သွားမယ်လို့ တော့ မထင်လိုက်စေချင်ဘူး။ ယုံကြည်ခြင်းရှိတဲ့သူအတွက် အရာရာဟာ ပြောင်းလဲနိုင်တယ်။ ယုံကြည်ခြင်းနှင့်အသက်ရှင်တဲဲ့သူကို ဘုရားက အမြဲတမ်း အခြားသူတွေ မရတဲ့အခွင့်အရေး၊ အခြားသူတွေ မရတဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ပေးတယ်။ ဘုရားကိုယုံကြည်ခြင်း နှင့်အသက်ရှင်တာ ဘာနဲ့မတူဘူး အရမ်းကို ထူးခြားတယ်။ ဘဝတစ်ခုလုံးကို ကြီးမားတဲ့အပြောင်းလဲတွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဧနောက်ဟာ ယုံကြည်ခြင်း နှင့် လျှောက်လှမ်းတဲ့သူ ဖြစ်တဲ့အတွက် အခြားသူတွေမရတဲ့ အတွေ့အကြုံ၊ အဖြစ်ပျက်ကို ဘယ်သူမှ မခံစားခင်ကြိုတင်ကြုံတွေ့ခံစားခွင့်ရခဲ့တယ်။ ဘယ်လောက်တောင်ထူးခြားသလဲ?

စက်တင်ဘာလ ၂၀ ရက်နေ့

ယုံကြည်ခြင်းရှိတဲ့သူရဲ့ နှုတ်

သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။” ဟေဗြဲဩဝါဒစာ‬ ‭၁၁:၄

အခြေအနေနှင့် လူတွေက ယုံကြည်ခြင်းရှိတဲ့ သူရဲ့ နုတ်ကို ပိတ်ဖို့ ကမ္ဘာဉီးကပင် ကြိုးစားလေ့ရှိတယ်။ ဒါပေမဲ့ အမှန်တကယ် ယုံကြည်ခြင်း ရှိတဲ့သူရဲ့ နုတ်ကို ဘယ်သူကမှ ပိတ်လို့မရနိုင်ဘူး။ ယုံကြည်ခြင်းရှိတဲ့သူမှာ အမြဲတမ်းပြောစရာ စကားရှိတယ်။ ယုံကြည်ခြင်း မရှိတဲ့သူကတော့ ဇာခရိလို ဆွံ့အသွားရတယ်။ ယုံကြည်ခြင်းရှိတဲ့သူရဲ့ စကားလုံးတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ နှလုံးသားထဲက ယုံကြည်ခြင်းကို မြင်နိုင်တယ်။ ကာဣနက ယုံကြည်ခြင်းရှိတဲ့ သူ့ညီအာဗေလ ရဲ့ နုတ်ကိုပိတ်ဖို့ ကြိုးစားပေမဲ့မရဘူး။ သေသွားရင်တောင်မှ စကားပြော နေသေးတယ်။ လူသန်းပေါင်းများစွာရဲ့အသက်တာကိုတို့ထိ ပြောင်းလဲ စေနိုင်သေးတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့

ဘုရားရဲ့ အောက်မေ့သတိရခြင်း

“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ‭‭ဓမ္မရာဇဝင်ပထမစောင်‬ ‭၁:၁၁

ဘုရားရဲ့အောက်မေ့ သတိရခြင်းတစ်ချက်က ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတာ သင် သိပါသလား? တစ်သက်လုံး ကြုံရတဲ့ အခက်အခဲပြဿနာများစွာဟာ ဘုရားရဲ့ အောက်မေ့သတိရခြင်း ရောက်လာတဲ့အခါမှာ တစ်ချက်ထဲနဲ့ အရည်ပျော်သွား၊ ပျောက်သွားနိုင်ပြီးတော့၊ အရင်ကဘဝနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းကြီးမင်္ဂလာကို ရရှိပိုင်ဆိုင်နိုင်တယ်။ ဟန္ဒ ရဲ့ဘဝမှာ ကြုံနေရတဲ့ အရှက်ကွဲခြင်း၊ ရန်သူတွေရဲ့ လုပ်ဆောင်ချက်အားလုံးကို ဘုရားရဲ့ အောက်မေ့ ခြင်းက ပြောင်းပြန်လှန်ပစ်လိုက်တယ်။ ပထမဆုံးရလာတဲ့သားက သူ့ကို အရှက်ကွဲခြင်းက နေလွတ်မြောက်စေရုံတင်မကဘူး။ ဣသရေလ တိုင်းပြည်တစ်ခုလုံးကိုပါ လွတ်မြောက်စေတဲ့၊ကောင်းကြီးရစေတဲ့ သူဖြစ်လာတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့

ဘာအတွက်တောင်းတာလဲ?

“ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။” ‭‭ဓမ္မရာဇဝင်ပထမစောင်‬ ‭၁:၁၁

လူတိုင်းက ဘုရားဆီကနေ ကြီးမားတဲ့အရာတွေမျှော်လင့်လို့ တောင်းနေတဲ့အရာတွေရှိပါတယ်။ ပြဿနာက ဘာအတွက် တောင်းနေတာလဲ ? ဆိုတာကို တိတိကျကျ သိတဲ့သူကတော့ ရှားတယ်။ တချို့ကလဲ အလွယ်ပြောမယ် လိုချင်လို့ တောင်းတာပေါ့။ ဘုရား ဆီကနေ ကြီးမားတဲ့ အရာတွေကို မျှော်လင့်တဲ့သူတွေက ရည်ရွယ်ချက်ရှိဖို့လိုတယ်။ ဟန္ဒက သူကြုံရတဲ့ ဆင်းရဲခြင်းကနေ လွတ်မြောက်ခြင်းအတွက် တောင်းတယ်။ ဘုရားက အဖြေပေးတဲ့အခါမှာ နှလုံးသားကို အမြဲတမ်းကြည့်တယ်။ သူ့ရဲ့နှလုံးသားက လိုခြင်လို့ပဲ​တောင်းတာ မဟုတ်ဘူး။ ဘုရားအတွက် ပေးချင်လို့၊ပါဝင်ချင်လို့ တောင်းတာ။ ဒီဆန္ဒ​နှင့် ဆုတောင်းချက်က သူ့ဘဝကိုရော တိုင်းပြည်နဲ့လူမျိုးတစ်ခုလုံးကိုရော ပြောင်းလဲ စေခဲ့တယ်။

စက်တင်တာဘာလ ၁၇ ရက်နေ့

ငယ်သောအမှု ဖြစ်ပေမဲ့

“အ​မှု​ငယ်​ပြု​သော နေ့​ရက်​ကို အ​ဘယ်​သူ​သည် မ​ထီ​မဲ့​မြင် ပြု​ရ​သ​နည်း။ ဇာခရိ‬ ‭၄:၁၀

သေးငယ်တဲ့အလုပ်ကို လုပ်နေရသေးရင်တောင် ကြီးမြတ်တဲ့ နှလုံးသားနဲ့ လုပ်ဆောင်တတ်ဖို့လိုတယ်။ ဘယ်လို အလုပ်ကို လုပ်တယ်ဆိုတာထက် ဘယ်လို နှလုံးသားနဲ့ လုပ်သလဲ ဆိုတာ ပိုပြီးတော့အရေးကြီးတယ်။ လူတချို့က ကြီးမားတဲ့အရာတွေကို လုပ်ဖို့ဆန္ဒရှိတယ်၊ ပြဿနာက လက်ရှိလုပ်နေတဲ့ သေးငယ်တယ်လို့ ထင်ရတဲ့ ကိစ္စတွေမှာ ဂရုမစိုက်ကြဘူး။ ဘုရားက သေးငယ်တဲ့အရာတွေမှာ သစ္စာရှိတဲ့သူတွေကိုပဲ ကြီးမားတဲ့အရာတွေကို အမြဲတမ်း အပ်နှင်းတယ်။ ကြီးမားတဲ့အရာတွေကို လုပ်ဖို့ ရူပါရုံရှိရင် သေးငယ်တဲ့ ကိစ္စတွေကို လုပ်ခွင့်ရတိုင်းမှာ အကောင်းဆုံး လုပ်ဆောင်တတ်သူဖြစ်စေပါ။

စက်တင်ဘာလ ၁၆ ရက်နေ့

အားငယ်ဖို့ မလိုဘူး 

“ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။”  ဇာခရိ‬ ‭၄:၆

ကိုယ့်မှာ ကျောထောက်နောက်ခံမရှိလို့၊ ရာထူး စည်းစိမ် မပိုင်သေးလို့ စိတ်ပျက်အားငယ်စရာမလိုဘူး။ ဘုရားပေးတဲ့ ရူပါရုံ အိမ်မက်တွေက ကိုယ့်ခွန်အား အစွမ်းအစ၊ တတ်နိုင်ခြင်း လုပ်နိုင်ခြင်းတွေကြောင့် အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး။ သေချာတဲ့ အရာကတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မစခြင်း၊ လမ်းပြခြင်းနှင့် လုပ်ဆောင်ခြင်း ကြောင့်ပဲဖြစ်လာမှာ။ ဒါကြောင့် ကိုယ့်မှာ မရှိတဲ့အရာတွေအတွက် အားငယ်နေဖို့ မဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော် အတူပါရှိရင် လုံလောက်ပြီ။ 

စက်တင်ဘာလ ၁၅ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်သာ

“ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။”  ဇာခရိ‬ ‭၄:၆

ဘုရားစေခိုင်းတဲ့အလုပ်ကို ပြီးစီးအောင် လုပ်ဆောင်နိုင်စေတာက ဘယ်သူကြောင့်မှ မဟုတ်ဘူး။ ကိုယ့်အစွမ်းအစနဲ့ လဲ ဘုရားအလိုတော်ကိုပြည့်စုံနိုင်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကြိုးစားမှုနဲ့ အရည်အချင်းကလဲ ဘုရား ဖြစ်စေချင်တဲ့အမှုကို အကောင်အထည်ဖေါ်နိုင်မှာ မဟုတ်ဘူး။ ဘုရားအလိုတော် အကုန်အစင် ပြည့်စုံပြီးတော့ ကိုယ့်လုပ်ဆောင်ရမယ့်အရာကို အကောင်းဆုံး လုပ်ဆောင်နိုင်စေတာက သန့်ရှင်းသောဝိညာဉ်တော်ကြောင့်သာပဲ။ ဝိညာဉ်တော် မပါရင် ဘယ်အရာမှ ဖြစ်လာမှာမဟုတ်ဘူး။

စက်တင်ဘာလ ၁၃ ရက်နေ့

မှန်ကန်တဲ့စစ်ဆေးခြင်း 

“ယောနသန်​က လက်နက်ကိုင်​လုလင်​အား “​လာ​ပါ​။ အရေဖျားမလှီး​သော​ထို​သူ​တို့​၏​ကင်းတပ်​သို့ ကူးသွား​ကြ​စို့​။ ထာဝရဘုရား ငါ​တို့​နှင့် ပါရှိ​ကောင်း​ပါရှိ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် မည်သည့်​အမှု​၌​မဆို လူ​အနည်းငယ်​နှင့်​ဖြစ်စေ​၊ လူ​အများ​နှင့်​ဖြစ်စေ အတားအဆီး​မ​ရှိ​ကယ်တင်​ပေး​နိုင်​သည်​”​ဟု ဆို​၏​။” ဓမ္မရာဇဝင်ပထမစောင်‬ ‭၁၄:၆

ယောနသန်က ရန်သူတွေဆီသွားဖို့အတွက် သူအဓိက စစ်ဆေးခဲ့တာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ ဘုရားက သူနဲ့အတူ ပါရှိပြီးတော့ ရန်သူကိုရင်ဆိုင်ဖို့ သွားခိုင်းသလား? မသွားခ်ိုင်းဘူးလား? ဆိုတာပါပဲ။ ဒီအရာက ကြီးမားတဲ့ရန်သူတွေကို လူအနည်းငယ်၊ လက်နက်အနည်းငယ်နဲ့ ရင်ဆိုင် အောင်မြင်ဖို့ဖြစ်စေခဲ့တယ်။ တစ်စုံတစ်ခု လုပ်တဲ့အခါမှာ ကျန်တဲ့အရာတွေပါတာ/မပါတာထက် ဘုရားအတူပါရှိပြီးတော့၊ ခွင့်ပြုချက်က အရေးကြီးဆုံးပဲ။ ယောနသန်ရဲ့ စစ်ဆေးခြင်းက အဖြေရခဲ့ပြီးတော့ ရင်ဆိုင်ဖို့ခက်ခဲတဲ့ အခြေအနေတွေကို လွယ်လွယ်လေးနဲ့ အောင်မြင်ကျော်လွှားနိုင်ခဲ့တယ်။

စက်တင်ဘာလ ၁၂ ရက်နေ့

ဘုရားအတူပါရှိရင်

“ယောနသန်​က လက်နက်ကိုင်​လုလင်​အား “​လာ​ပါ​။ အရေဖျားမလှီး​သော​ထို​သူ​တို့​၏​ကင်းတပ်​သို့ ကူးသွား​ကြ​စို့​။ ထာဝရဘုရား ငါ​တို့​နှင့် ပါရှိ​ကောင်း​ပါရှိ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် မည်သည့်​အမှု​၌​မဆို လူ​အနည်းငယ်​နှင့်​ဖြစ်စေ​၊ လူ​အများ​နှင့်​ဖြစ်စေ အတားအဆီး​မ​ရှိ​ကယ်တင်​ပေး​နိုင်​သည်​”​ဟု ဆို​၏​။” ‭‭ဓမ္မရာဇဝင်ပထမစောင်‬ ‭၁၄:၆‬‬

ဘုရားအတူပါရှိတယ်ဆိုတာကို ယုံတဲ့သူနဲ့ မယုံတဲ့သူဟာ ထွက်လာတဲ့ရလဒ်ကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ လူတွေက ဘုရားပါရှိတယ်လို့ နုတ်ကနေ ပြောနေပေမယ့်တကယ့် ယုံတဲ့သူကတော့ရှားပါတယ်။ မြင်ရတဲ့အပိုင်းမှာ အများကြီးမရှိပေမဲ့၊ မျက်စိနဲ့ မမြင်ရတဲ့ ဘုရားပါတယ်လို့ ယုံတဲ့အခါမှာ ဘယလောက်ပဲ ကြောက်စရာကောင်းတဲ့ အင်အားကြီးတဲ့သူတွေကို ရင်ဆိုင်နိုင်တယ်။ ယောနသန်ရဲ့ ယုံကြည်ခြင်းမြင်ရတဲ့ လက်နက်အပေါ်မှာမဟုတ်ဘူး။ မမြင်ရတဲ့ အရာအားလုံးထက်ကြီးမြတ်တဲ့ ဘုရားအပေါ်မှာ။ ဒါကြောင့် လူ အင်အား၊ လက်နက်နည်းနည်းလေး ကြီးမားတဲ့ရန်သူတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။

စက်တင်ဘာလ ၁၁ ရက်နေ့

ဘုရား အလုပ်လုပ်ပေးမယ်

“Then Jonathan said to the young man who bore his armor, “Come, let us go over to the garrison of these uncircumcised; it may be that the Lord will work for us. For nothing restrains the Lord from saving by many or by few.”I Samuel 14:6 NKJV

ယောနသန်ဟာ သူ့ရဲ့အဖေတောင်ရင်ဆိုင်ဖို့ ကြောက်တဲ့ ရန်သူတွေဆီကို နှစ်ယောက်ထဲနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နှစ်ယောက်တောင်မှ လက်နက်က တစ်ခုပဲရှိတာ။ လူနှစ်ယောက်၊ ထားတစ်ချောင်းထဲနဲ့ ဒီလောက်များတဲ့ရန်သူတွေကို ဘာကြောင့်များ ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာလဲ။ လူအင်အား လက်နက် အင်အားမမျှရင်တခြားသူတွေဆိုရင် ရင်ဆိုင်ရဲမှာ မဟုတ်ဘူး။ သူကတော့ မကြောက်ပဲ ရင်ဆိုင်ခဲ့တယ်။ ဘာကြောင့်များလဲ? အဖြေကတော့ ဒီရန်သူတွေကို သူ့ခွန်အား၊ သူ့လက်နက်နဲ့ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ဘုရားသူတို့အတွက် အလုပ်လုပ်ပေးမယ်ဆိုတာ ယုံကြည်တာပါပဲ။ ဒီယုံကြည်ခြင်းက သူ့ကို ရှိတာ နည်းနည်းလေး နဲ့ ကြီးကြီးမားမား အောင်မြင်ဖို့ ဖြစ်စေတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့

အဆီးအတားမရှိ

“ယော​န​သန်​က၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော တပ်​သား​တို့​ဆီ​သို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​မှု​ကို စောင့်​ကောင်း​စောင့်​တော်​မူ​လိမ့်​မည်။ လူ​များ​သော်​လည်း​ကောင်း၊ နည်း​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကို အ​ဆီး​အ​တား​မ​ရှိ​နိုင်​ဟု လက်​နက်​ဆောင်​လု​လင်​အား​ပြော​ဆို​လျှင်၊”၁ ဓမ္မရာဇဝင် ၁၄:၆

ဘုရား အလုပ်လုပ်ဖို့အတွက် ဘယ်အရာကများ ဆီးနိုင်မလဲ? လူတွေက ဘုရားရဲ့လုပ်ဆောင်ပေးနိုင်ခြင်းကို ကန့်သတ်ထားကြတယ်။ ဘဝမှာ လိုအပ်တဲ့ထိုးဖေါက်မူတွေ၊ အောင်မြင်မူတွေရောက်လာဖို့အတွက် ၊ ဘုရား တတ်နိုင်တယ်ဆိုတာ ကို အကြွင်းမဲ့ ယုံတာထက်၊ ဆီးတားထားတဲ့အကြောင်း ပြချက်တွေကိုပဲ ပိုပြီးယုံကြည်စိတ်ချနေတတ်တယ်။ စာတန်က အရာရာကို ဖျက်ဆီးနိုင်တာကိုယုံကြတယ်။ ဘုရားက အရာရာကို အကောင်းဆုံး လုပ်ပေးနိုင်တယ်ဆိုတာကျတော့ ယုံဖို့ ခက်နေတယ်။ ဘုရားအလုပ်လုပ်ဖို့အတွက် ဘယ်အရာကမှ ဆီးတားလို့မရဘူး။ တစ်ခုပဲ သင့်ရဲ့မယုံကြည်ခြင်းကသာ ဘုရားလုပ်ဆောင် နိုင်မူတွေကို ကန့်သတ်ဆီးတားပစ်လိုက်တယ်။ ယောနသန် ပြောတဲ့စကား ဟာ ယုံကြည်ခြင်း ပါတဲ့စကား ။ ဒါကြောင့် လူ နှစ်ယောက်ထဲနဲ့ များစွာသော ရန်သူတွေကို အောင်မြင်ခဲ့တယ်။

စက်တင်ဘာလ ၉ ရက်နေ့

နည်းတာ၊ များတာ အရေးမကြီးဘူး

“ယောနသန်​က လက်နက်ကိုင်​လုလင်​အား “​လာ​ပါ​။ အရေဖျားမလှီး​သော​ထို​သူ​တို့​၏​ကင်းတပ်​သို့ ကူးသွား​ကြ​စို့​။ ထာဝရဘုရား ငါ​တို့​နှင့် ပါရှိ​ကောင်း​ပါရှိ​တော်မူ​လိမ့်မည်​။ ထာဝရဘုရား​သည် မည်သည့်​အမှု​၌​မဆို လူ​အနည်းငယ်​နှင့်​ဖြစ်စေ​၊ လူ​အများ​နှင့်​ဖြစ်စေ အတားအဆီး​မ​ရှိ​ကယ်တင်​ပေး​နိုင်​သည်​”​ဟု ဆို​၏​။” ‭‭ဓမ္မရာဇဝင်ပထမစောင်‬ ‭၁၄:၆

နည်းနေလို့ များနေလို့ဆိုတဲ့ အကြောင်းပြချက်တွေ လူတိုင်းစီမှာ ရှိကြစမြဲပါ။ နည်းလို့ မအောင်မြင်နိုင်ဘူး၊ များနေလို့ အဆင်မပြေဘူးဆိုတဲ့အရာတွေ ထားခဲ့လိုက်ပါ။ ဘုရားဆီမှာ သင့်ကို ကောင်းကြီးပေးဖို့ ဘယ်အကြောင်းအရာကမှ အတားအဆီး မဖြစ်စေနိုင်ဘူး။ ဘုရားကလူတစ်ယောက်ကို ကောင်းကြီးပေးရင်၊ အောင်မြင်ခြင်းပေးရင် အခြေအနေ အပေါ်မှာ၊ လုပ်နိုင်စွမ်းပေါ်မှာ ဘယ်တော့မှမပေးဘူး။ ဘုရားရဲ့တတ်နိုင်ခြင်း အပေါ်မှာပဲ အမြေဲတမ်း ပေးတယ်။ ဒါကို သိတဲ့သူတွေတိုင်းက မဖြစ်နိုင်တဲ့အရာတွေကို လုပ်တဲ့သူတွေဖြစ်လာတယ်။

စက်တင်ဘာလ ၈ ရက်နေ့

ငါတို့လက်သို့

“ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။” ၁ ဓမ္မရာဇဝင်‬ ၁၇:၄၇ ‭

ဂေါလျက်ကို ရင်ဆိုင်တဲ့နေရာမှာ ကြီးမားတဲ့ရန်သူကို ရင်ဆိုင်ခဲ့တဲ့ ဒါဝိဒ်ကနေ ပြီးတော့ပေးတဲ့ ကြီးမားတဲ့သင်ခန်းစာတွေ အများကြီးရှိတယ်။ အောင်မြင်ခြင်းကို လူတွေက အနက်ဖွင့်တာ အများစုက မှားနေတယ်။ ကိုယ်လုပ်လို့၊ ကြိုးစားနိုင်လို့ ထင်နေတုန်းပဲ။ ကိုယ်လုပ်နိုင်တာ၊ ကြိုးစားနိုင်တာဆို အကန့်အသတ်ရှိတာပေါ့။ ဒါဝိဒ်ရတဲ့ အောင်မြင်ခြင်းကိုကြည့် သူ့ ခွန်အား အစွမ်းအစနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်တာကိုရတာ။ သူ နားလည်တဲ့အောင်မြင်ခြင်းဆိုတာ ဘုရားက ပေးလို့၊ ပြီးတော့ သူရတဲ့အောင်မြင်ခြင်းက တစ်ယောက်ထဲအတွက် မဟုတ်ဘူး။ လူ အားလုံးအတွက်။ ဒါကိုနားလည်သွားတဲ့ ဒါဝိဒ်အတွက် ဘယ်အရာကိုမဆို ရင်ဆိုင်ဖို့ အရမ်းလွယ်သွားတယ်။

စက်တင်ဘာလ ၆ ရက်နေ့

လူတိုင်းသိစေဖို့

“ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။” ၁ ဓမ္မရာဇဝင်‬ ၁၇:၄၇

ဘုရားက တစ်ခုခုလုပ်ရင် တစ်ချက်ခုတ် အများကြီးပြတ်အောင်လုပ်ပါတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်ခြင်းက လူပေါင်းများစွာ ဘုရားရဲ့ တတ်နိုင်ခြင်း၊ ကယ်တင်ခြင်း၊ တန်ခိုးတော်ကို မြင်တွေ့ခံစားရဖို့ပါ။ ဘုရားက တစ်ယောက်တည်းအတွက် ဘယ်တုန်းကမှ မရည်ရွယ်ပါဘူး ။ အာဗြဟံကို ကောင်းကြီးပေးတာကလဲ သူ့အားဖြင့် လူမျိုးတကာ ကောင်းကြီးခံစားရဖို့ပါ။ ဒါကို ဒါဝိဒ်က ကောင်းကောင်းသိတယ်။ သူဘယ်လောက် တော်သလဲ? အစွမ်းရှိသလဲ? လူတွေကို သိစေချင်တာ မဟုတ်ဘူး။ ဘုရားတတ်နိုင်တယ်ဆိုတာ လူတိုင်းသိစေချင်တာပါ။ ဒါဝိဒ်အားဖြင့် ဘုရားရဲ့ တတ်စွမ်းခြင်းကို လူတိုင်းသိသလို သင့်အားဖြင့် ဘုရားကောင်းမြတ်ကြောင်းကို သိစေချင်တဲ့ နှလုံးသားလေးပဲ ရှိလုပ်သမျှ ထူးခြားလာလိမ့်မယ်။

စက်တင်ဘာလ ၅ ရက်နေ့

ဘုရားရဲ့ကယ်တင်ခြင်း

“ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။” ‭၁ ဓမ္မရာဇဝင်‬ ၁၇:၄၇

ဘုရားရဲ့နှလုံးသားနှင့် ဘုရားရဲ့အလုပ်လုပ်ပုံနည်းလမ်းကိုသိရင် ကိုယ့်မှာမရှိတဲ့အရာတွေအတွက် အားငယ်မှာ မဟုတ်သလို၊ ကိုယ့်မှာရှိတဲ့အရာတွေကိုလဲ အထင်သေးမှာ မဟုတ်ဘူး။ လူတွေက ဒါဝိဒ်ကို အထင်သေးပေမဲ့ ဒါဝိဒ်က အရာရာ တတ်စွမ်းနိုင်တဲ့ ဘုရားနှလုံးသားကိုရော ဘုရားနည်းလမ်းကိုရော ကောင်းကောင်းသိတယ်။ လက်နက်တွေ၊ လူ့ရဲ့ခွန်အားတွေက ဘုရားရှေ့မှာ ဘာဆိုဘာမှမဟုတ်ဘူး။ ဘုရားရဲ့ ကယ်တင်ခြင်းက ယုံကြည်ခြင်းရှိတဲ့ သူတွေအတွက်ပဲ။ ယုံကြည်ခြင်းရှိတဲ့သူတွေဘက်မှာ ဘုရားက အလုပ်လုပ်တယ်။ ယုံကြည်ခြင်းရှိတဲ့ သူတွေကို အမြဲတမ်း ချီးမြှောက်တယ်။ ဒါကို သိတဲ့ ဒါဝိဒ် ဘယ်တော့မှ အားမငယ်သလို ၊ ဘယ်တော့မှ အရှုံးနဲ့ ရင်မဆိုင်ရဘူး။

စက်တင်ဘာလ ၄ ရက်နေ့

ရှိတာနည်းနည်းလေးနဲ့

“ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။” ‭၁ ဓမ္မရာဇဝင်‬ ‭၁၇:၃၇‬‬

အများကြီးလက်ထဲမှာရှိလို့ အများကြီးလုပ်နိုင်တာ၊ အများကြီး ဖြစ်လာတာမဆန်းပါဘူး။ လက်ထဲရှိတာ နည်းနည်းလေးနဲ့ အများကြီးလုပ်နိုင်တာမှ တကယ့် နိမိတ်လက္ခဏာ။ ဒါဝိဒ်အသက်တာမှာ ဒီထူးဆန်းတဲ့နိမိတ်လက္ခဏာ ခဏခဏဖြစ်တယ်။ သူ့လက်ထဲမှာ ရှိတာက ကျောက်ခဲ ငါးလုံး၊ နည်းနည်းလေးပဲ သူ့မှာ ရှိတဲ့ခွန်အားလေးက တစ်ဖက်ရန်သူရဲ့အခြေအနေနဲ့ယှဉ်ကြည့်ရင် အရမ်းနည်းလွန်းတယ်။ အရပ်အမောင်း၊ အသက်အရွယ်၊ အတွေ့အကြုံ၊ ဘာဆို ဘာမှ ယှဉ်လို့မရအောင် ကို ကွာခြားလွန်းတယ်။ ဒါပေမဲ့ ဘာလို့များ ခဏလေး အတွင်းမှာ အနိုင်ရသွားတာလဲ? အဖြေကတော့ သူ့မှာ ရှိတဲ့ အပြင်က အရာတွေ၊ မြင်ရတဲ့အရာတွေကြောင့်မဟုတ်ဘူး။ သူ့အထဲမှာ ဘုရား ဘယ်လောက် ကြီးမြတ်တယ်၊ ဘယ်လောက်တတ်နိုင်သလဲ ? ဆိုတာ သိတဲ့ အသိကြောင့် ဖြစ်တယ်။

စက်တင်ဘာလ ၃ ရက်နေ့

ယုံကြည်တဲ့အတိုင်း

“ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။” ‭၁ဓမ္မရာဇဝင်‬ ‭၁၇:၄၇

ဒါဝိဒ်ရဲ့ယုံကြည်ခြင်းက ဘုရားရဲ့ကယ်တယ်ခြင်းဟာ လက်နက်တွေ အပေါ်မှာ၊ ခွန်အား အနည်းအများပေါ်မှာ မမူတည်ပဲ ဘုရားကပဲ အရာအားလုံးရဲ့အဖြေဖြစ်တယ်။ ဒါကို လဲ လူတိုင်း သိဖို့အတွက် သူ့ကို ဘုရားက အသုံးပြုမယ်။ ဂေါလျက်နှင့်ရင်ဆိုင်တဲ့ပွဲဟာ သူ့ရဲ့အရည်အချင်းနဲ့ ယှဉ်ပြိုင်ဖို့ထက် ဘုရားဘုန်း ထင်ရှားဖို့အတွက် ရင်ဆိုင်တာပါ။ စစ်မှုဟာ ဘုရားပိုင်တယ်၊ ဘုရားပိုင်တာကို ဘုရားသားဖြစ်တဲ့သူကို ဘုရားက အပ်နှံမယ်။ အရမ်းကိုရိုးရှင်းတဲ့ယုံကြည်ခြင်းဖြစ်ပေမဲ့ တန်ခိုးပါတယ်။ ဒါကြောင့်လဲ အခြေအနေကိုမကြည့်ပဲ သူ ရင်ဆိုင်ခဲ့တယ်။ ဘုရားအားလုံးပိုင်တယ်လို့ လူတွေက ယုံပေမဲ့ ဘုရားပိုင်တဲ့အရာကို သူ့သားသမီးဖြစ်တဲ့ ကိုယ့်ကိုပေးမယ်ဆိုတာတော့ လူတွေက မယုံနိုင်ကြတော့ဘူး။ ဒါဝိဒ်ရဲ့အောင်ပွဲက သူ့အဖေပိုင်တာကို သူ့သား လက်ခံရယူတဲ့ ပွဲပါပဲ။

စက်တင်ဘာလ ၂ ရက်နေ့

ရိုးရှင်းတဲ့ယုံကြည်ခြင်း

“ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။”‭‭ဓမ္မရာဇဝင်ပထမစောင်‬ ‭၁၇:၄၇

ဒါဝိဒ်က သူ့ထက် အဆမတန် ကြီးမားတဲ့ ရန်သူ ဂေါလျက်ကို ဘာမှမဟုတ်တဲ့ ခဲလေးတစ်လုံးနဲ့ အနိုင်ရလိုက်တယ်။ ဘာကြောင့် ဒီလောက်ရိုးရှင်းတဲ့ အောင်မြင်မှုကို အချိန်တိုတိုလေးအတွင်းမှာ ရလိုက်သလဲဆိုရင် ရိုးရှင်းတဲ့သူ့ရဲ့ယုံကြည်ခြင်းကြောင့်ပဲ။ သူ့အရည်အချင်း၊ သူ့ခွန်အားနဲ့ ရန်သူကို တိုက်ရမယ်လို့ သူက မယုံခဲ့ဘူး။ ဘုရားကပဲ တိုက်ပေးမယ်လို့ အထူးယုံကြည်ခဲ့တယ်။ သူယုံကြည်တဲ့အတိုင်းပဲ ဘာမှ မဟုတ်တဲ့ လက်နက်၊ အထင်ကြီးစရာ မကောင်းတဲ့ ကျောက်ခဲလေးက သူယုံကြည်တဲ့အတိုင်း ဂေါလျက်ကို ပြိုလဲစေတယ်။

စက်တင်ဘာလ ၁ ရက်နေ့

ဘုရားတာဝန်

“ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။” ‭ဓမ္မရာဇဝင်ပထမစောင်‬ ၁၇:၄၇

ကိုယ့်တာဝန်ကိုယ်သိဖို့လိုသလို၊ ဘုရားတာဝန်ယူထားတဲ့အပိုင်းကိုလဲ သိထားဖို့လိုတယ်။ ကိုယ်တာဝန်ကို ကျေအောင် အာရုံစိုက်ဖို့လိုသလို၊ ဘုရားတာဝန်ယူထားပေးတဲ့အပိုင်းကိုလဲ စိတ်ချထားဖို့လိုတယ်။ လူ့ဘက်ကသာ ပျက်ကွက်ကောင်း ပျက်ကွက်မယ် ဘယ်တော့မှ ဘုရားဘက်ကတော့ ပျက်ကွက်မှာ မဟုတ်ဘူး။ ဒါကိုသိတဲ့ ဒါဝိဒ်က ဂေါလျက်ကို ရင်ဆိုင်ဖို့အတွက် မကြောက်ခဲ့ဘူး။ ကြုံနေရတဲ့ အရာတွေကို ရင်ဆိုင်ဖို့ ကြောက်ရွံ့တယ်ဆိုတာ ဘုရားတာဝန်ယူမယ့်အပိုင်း အပေါ်မှာ စိတ်မချတတ်လို့ပါပဲ။

ဩဂုတ်လ ၃၀ ရက်နေ့

ဘုရားကပယ်ရတဲ့အကြောင်းအရင်း

“ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။” ဓမ္မရာဇဝင်ပထမစောင် ၁၆:၇

ရှာမွေလဟာ ဧလျာဘကိုမြင်တဲ့အချိန်မှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လက်ခံနိုင်တဲ့ အပြင်ပန်း အရည်အချင်းတွေကို မြင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားကတော့ လုံးဝကို လက်မခံပဲ ပယ်လိုက်တယ်။ လူ့အနေနဲ့ ပြောရင် ဧလျာဘဟာ သားဉီးလဲဖြစ်သလို ငြင်းစရာမရှိပဲ လက်ခံလို့ရပေမဲ့ ဘုရားအမြင်ကတော့ နှလုံးသားကိုပဲကြည့်ခဲ့တယ်။ ဘုရားက အနာဂတ်ကိုသိတယ်။ ဧလျာဘရဲ့ နှလုံးသားက ဘာဖြစ်နေလို့လဲ? ဂေါလျက် စိန်လာခေါ်တဲ့အချိန်မှာ ဧလျာဘရဲ့ နှလုံးသားကို မြင်ခဲ့ရတယ်။ လူတိုင်း ကြောက်တဲ့ ဂေါလျက်ကို သူလဲ​ရင်ဆိုင်ဖို့ ကြောက်ရွံ့ခဲ့တယ်။ ဒါဝိဒ်က ရင်ဆိုင်ဖို့ ပြောတဲ့အချိန်မှာလဲ ဒါဝိဒ်အပေါ်မှာ သူမြင်တဲ့အမြင်ဟာ အင်မတန်မှ ဆိုးရွားလွန်းတယ်။ ဘုရား အသုံးပြုတဲ့သူတစ်ယောက်ကို အထင်သေး လွန်းတဲ့နှလုံးသားဟာ ဘုရားဘယ်လိုမှ သုံးလို့မရတဲ့အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပဲ။

ဩဂုတ်လ ၂၉ ရက်နေ့

အမြင်

“ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။” ဓမ္မရာဇဝင်ပထမစောင် ၁၆း၇

လူတစ်ယောက်ရဲ့ မြင်တဲ့အမြင်က သူ့ရဲ့နှလုံးသားထဲမှာ ဘာရှိသလဲဆိုတာကို ဖွင့်ဟပြတယ်။ ဧဝဟာ မြွေရဲ့သွေးဆောင်မှုကိုခံရတဲ့အချိန်မှာ ဘုရားသခင် မစားခိုင်းတဲ့အသီးဟာ အဆင်းလှတယ်၊ ပညာတိုးပွါးစေမယ်၊ နှစ်သက်သဘောကျစရာဖြစ်လာခဲ့တယ်။ ဘုရားနဲ့ဆန့်ကျင် တဲ့အရာကို ကောင်းတယ်လို့ မြင်နိုင်တာဟာ သူ့နှလုံးသားမှာ ဘုရားနဲ့ဆန့်ကျင်တဲ့အရာကို နေရာပေးမိလို့ဖြစ်တယ်။ ရှာမွေလကလဲ ဒီအတိုင်းပဲ ခံစားချက်တွေကိုနေရာပေးမိတဲ့အခါမှာ အမြင်ကလဲ ဘုရားသခင်မခန့်တဲ့သူတွေကို သဘောကျလက်ခံနိုင်လာတယ်။ ဘုရားခန့်အပ်တဲ့မှန်ကန်တဲ့သူကို မမြင်နိုင်တော့ဘူး။

ဩဂုတ်လ ၂၈ ရက်နေ့

မကြည့်နဲ့

“ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။” ဓမ္မရာဇဝင်ပထမစောင် ၁၆:၇

ခံစားချက်မှားရင် အကြည့်တွေကလဲ​အလိုလို လိုက်မှားတော့တာပဲ။ အကြည့်မှားရင် ပြောတဲ့စကားတွေလဲ မှားတော့တာပဲ။ ရှာမွေလပြောသမျှ အကုန်လုံး တစ်လုံးမကျန် ပြည့်စုံတဲ့ ပရောဖက်လို့မှတ်တမ်းတင်ခံရတဲ့သူ။ ဒီတကြိမ်တော့ ရှောလုကြောင့် ခံစားချက်များသွားခဲ့တယ်။ ဒါကြောင့် သူ့ဘဝမှာ ကြောက်ရွံ့ခြင်း နေရာယူလာပြီးတော့ ဘုရားခိုင်းတာ တောင် ထင်ထင်ရှားရှားမလုပ်ရဲပဲ ခိုးကြောင်ခိုးဝှက် လုပ်ခဲ့ရပြီးတော့ ၊ သူကြည့်တဲ့အကြည့်တွေရော၊ ပြောတဲ့ အပြောတွေရော မှားသွားခဲ့တယ်။ ဘုရားက သူရွေးချယ် အသုံးပြုမယ့်သူကို ခံစားချက်နဲ့ကြည့်ပြီး ရွေးချယ်တာ၊ ဆုံးဖြတ်တာကို သဘောမကျဘူး။ ဒါကြောင့် ဘုရား ပြင်ဆင်ထားတဲ့အရာကို ခံစားချက်နှင့် လူ့သတ်မှတ်နဲ့ မကြည့်မိစေနဲ့။

ဩဂုတ်လ ၂၇ ရက်နေ့

ဘုရားစံချိန်

“ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။” ဓမ္မရာဇဝင်ပထမစောင် ၁၆:၇

အပြင်ပန်းကြည့်ကောင်းဖို့ပဲ ဉီးစားပေးရင် တစ်နေ့ ဧလျာဘလိုပဲ အပယ်ခံရမယ်။ သားဉီးဖြစ်တယ်၊ အပြင်ပိုင်းဆိုင်ရာမှာ ပြောစရာ မရှိလောက်အောင်ကို ပြည့်စုံတယ်။ ဘုရားနဲ့အရင်းနှီးဆုံး ဝိညာဉ်ခေါင်းဆောင်ကိုတောင် လှည့်စားနိုင်ခဲ့တယ်။ ဘုရားကိုတော့လှည့်စားလို့ မရဘူး။ ဘုရားက အပြင်ပိုင်း အရည်အချင်းထက်၊ အတွင်း နှလုံးသားကိုပိုပြီး တန်ဖိုးထားတယ်။ ဉီးစားပေးတယ်။ နှလုံးသား စံချိန်မမှီရင် ဘယ်သူမှ၊ ဘယ်တော့မှ ဘုရားရွေးချယ်တဲ့ စံချိန်ကိုမှီမှာ မဟုတ်ဘူး။

ဩဂုတ်လ ၂၆ ရက်နေ့

ဘုရားမြင်သလို မြင်တတ်ခြင်း

“ထိုအခါ ထာဝရဘုရား​က ရှမွေလ​အား “​သူ​၏​ရုပ်ရည်အဆင်း​နှင့် အရပ်အမောင်း​ကို မ​ကြည့်​နှင့်​။ သူ့​ကို ငါ​ပယ်​ပြီ​။ ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။” ဓမ္မရာဇဝင်ပထမစောင် ၁၆:၇

ဘုရားသခင်က ရှောလုကို ပယ်လိုက်တဲ့ အခါမှာ ရှာမွေလဟာ ဝမ်းနည်းခံစားပြီးတော့ ဘုရားရှေ့မှာ ငိုကြွေး မြည်တမ်းခဲ့တယ်။ ဘုရားပယ်လိုက်ပေမဲ့ သူ့နှလုံးသားထဲကနေ မပယ်နိုင်ဘူးဖြစ်ခဲ့တယ်။ ရှောလုနေရာမှာ အခြားသူကို လွယ်လွယ်နဲ့အစားမထိုး နိုင်ခဲ့ဘူး။ ဘုရားက သူ့နေရာမှာ အသစ်ခန့်မယ်လို့ပြောတဲ့အခါမှာလဲ ရှာမွေလဟာ ဘုရားခိုင်းတာ လုပ်ဖို့အတွက် ကြောက်ရွံခဲ့တယ်။ မှားယွင်းတဲ့ ခံစားချက်၊ စိတ်ထားတွေကို နေရာပေးလိုက်မိတဲ့နောက်ပိုင်းမှာ ပြောသမျှ စကားတိုင်း ပြည့်စုံတဲ့၊ တစ်ခါမှ မမှားဖူးတဲ့ ရှာမွေလ အမြင်နဲ့ အပြော စတင်မှားလာတယ်။ ယေရှဲ ရဲ့သားအကြီး ဧလျာဘကို မြင်တဲ့အခါမှာ ဘုရားခန့်တဲ့ဘုရင်လို့ ထင်ခဲ့မိပြီး ဘိသိက်ဖို့တောင် လုပ်ခဲ့တယ်။ မှားယွင်းတဲ့ခံစားချက်နှင့် ကြောက်ရွံမူကို နေရာပေးရင် ဘယ်တော့မှ ဘုရားမြင်သလို မမြင်တတ်တော့ဘူး။ ဘုရားပြောသလို လဲမလုပ်နိုင်တော့ဘူး။

ဩဂုတ်လ ၂၅ ရက်နေ့

အဟောင်းတွေကနေ လွတ်ချင်ရင်

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ‭၅၁:၁၀

အတိတ်ကအရာတွေ အကြိမ်ကြိမ်ဘဝမှာ ပြန်ပြန်ဖြစ်လို့ စိတ်ညစ်နေတဲ့ သူတွေ၊ ဘယ်လို လွတ်မြောက်နိုင်မလဲ လို့ မေးတာ ခံရဖူးတယ်။ လူတိုင်း အတိတ်ကိုထားခဲ့ချင်ကြတာ ချည်းပါပဲ။ အထူးသဖြင့် ဆိုးတဲ့အတိတ်တွေကိုပေါ့။ ဒီအရာတွေကလဲ မပြီးနိုင်တော့ဘူး အမြဲလိုလို ပြန်ပြန်ဖြစ်နေတတ်တယ်။ မကောင်းတဲ့အတိတ်က အရာတွေကို ဘဝထဲမှာ အပြီးတိုင်ရပ်တန့်ချင်ရင်တော့ မကောင်းတဲ့ နှလုံးသားကို ပြောင်းလဲ​ပစ်မှပဲရမယ်။ အညှီရှိရင် ယင်ကောင် လာသလိုပဲ၊ မကောင်းတဲ့နှလုံးသားရှိနေသရွေ့တော့ မကောင်းတဲ့အတိတ်ကတော့ သင့်ဘဝထဲကို လာနေအုံးမှာပဲ။

ဩဂုတ်လ ၂၃ရက်နေ့

အိမ်မက်တွေ အကောင်အထည်ဖေါ်ဖို့

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ၅၁:၁၀ ‭

ဒါဝိဒ်ဆီမှာ ဘုရားထည့်ထားပေးတဲ့အိမ်မက်တွေများစွာရှိတယ်။ သူအပြစ်လုပ်ပြီးတော့ အိမ်မက်တွေ အကောင်အထည်ဖေါ်ဖို့ သွားတဲ့လမ်းမှာ လဲကျသွားခဲ့တယ်။ ဒါပေမဲ့ သူ့အိမ်မက်တွေ အားလုံးကို သူရှိတဲ့အချိန်မှာ ရော၊ မရှိတော့တဲ့အချိန်မှာပါ ဆက်လက်ပြီးတော့ အကောင်အထည်ဖေါ်ခွင့်ရခဲ့တယ်။ အကြောင်းက တော့ အားနည်းချက်တွေရှိတဲ့နှလုံးသားကို ထုတ်ပြီးတော့ အိမ်မက်တွေကို အကောင်ထည်ဖေါ်နိုင်တဲ့ နှလုံးသားအသစ်ကို ဘုရားဆီမှာတောင်းဆိုခဲ့တယ်။ ဒါကြောင့်လဲ အိမ်မက်တွေတစ်ခုမကျန် အကောင်အထည်ဖေါ်ဖို့အတွက် လုပ်ဆောင်နိုင်ခဲ့တာပေါ့။

ဩဂုတ်လ ၂၂ ရက်နေ့

မှန်ကန်သော ဆုတောင်း (၂)

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ၅၁:၁၀

အမှားလုပ်ပြီးတဲ့အခါမှာ မှန်တဲ့ဆုတောင်းချက်ကြောင့် ဒါဝိဒ်အသက်တာမှာ မှန်တဲ့လမ်းကြောင်းပေါ်ပြန်ရောက်လာတယ်။ ရှုပ်ထွေးမူတွေ၊ ခါးသီးမှုတွေကို ကြုံတွေ့ရပေမဲ့ ခဏလေးအတွင်းမှာ ပြန်ပြီးတော့လမ်းကြောင်းမှန်ပေါ်ရောက်ခဲ့တယ်။ ရှောလမုန်ကလဲ မှန်တဲ့ဆုတောင်းချက်ကြောင့်ပဲ မတောင်းတဲ့ဆုတွေပါ ဘုရားက ပေးပြန်တယ်။ မှန်တဲ့ဆုတောင်းချက်က မတောင်းတဲ့ဆုတွေကိုပါ သယ်ဆောင်လာပေးတယ်။ အတိတ်က အဟောင်းတွေက သံသရာ စက်ဝန်းလို ပြန်ပြန် ဘဝထဲကို မရောက်လာတာဟာ မှန်ကန်တဲ့ဆုတောင်းချက်ဖြစ်တဲ့ စိတ်သဘောသစ်၊ နှလုံးသားအသစ်ကြောင့်ပဲဆိုတာ ဒါဝိဒ်အသက်တာကိုကြည့်ပြီးတော့ သိခွင့်ရခဲ့တယ်။

ဩဂုတ်လ ၂၁ ရက်နေ့

မှန်ကန်သော ဆုတောင်း

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ‭၅၁:၁၀

ဆုသာတောင်းနေတာ မမှန်တဲ့ ဆုတောင်းချက်တွေ အများကြီးပဲ။ တချို့ဆိုရင် ကိုယ့်ဆုတောင်းချက်ကြောင့်ကို ပိုပြီးခက်ခဲစေတယ်ဆိုတာကို သဘောမပေါက် ကြဘူး။ တချို့သောအခက်အခဲတွေ ပြဿနာတွေက ဘုရားပေးတွေ့တာ မဟုတ်ဘူး ကိုယ့်ဆုတောင်းချက်ရဲ့အဖြေပါပဲ။ ဒါဝိဒ်ဟာ အပြစ်လုပ်တဲ့အခါမှာ အဲ့ဒီပြဿနာ ကိုဖြေရှင်ဖို့အတွက် ဘုရားဆီမှာ နောင်တနဲ့ဆုတောင်းခဲ့တယ်။ ဒီဆုတောင်းချက်က မှန်ကန်တယ်လို့ဆိုရမယ်။ သူဟာ လဲကျတဲ့နေရာကနေ ပြန်ထနိုင်ပြီးတော့ အဆုံးထိ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ခဲ့တယ်။

ဩဂုတ်လ ၂၀ ရက်နေ့

အသစ်သောနှလုံးသား

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ‭၅၁:၁၀

အပြစ်လုပ်ခြင်းက နှလုံးသားကို ဟောင်းနွမ်းဆွေးမြေ့သွားစေတယ်။အပြစ်ကြောင့် ယိုယွင်းသွားတဲ့နှလုံးသားကို ပြုပြင်ရုံနဲ့တော့ အသစ်မဖြစ်လာဘူး။ ဒါကို ဒါဝိဒ်က သိတယ်၊ ဒါကြောင့် ဘုရားကို နှလုံးသား အသစ်ကို ဖန်ဆင်းခိုင်းတယ်။ နှလုံးသားအသစ် ဘုရားဖန်ဆင်းပေးတဲ့အခါမှာ စိတ်သဘောအသစ်ကနေရာယူ လာတယ်။ မြဲမြံတည်ကြည်တဲ့ စိတ်သဘော၊ ဒီစိတ်သဘော မရှိရင် အပြောင်းအလဲလွယ်တဲ့ စိတ်၊ ခံစားချက်နောက်ကိုလိုက်တဲ့စိတ်ကပဲ နေရာယူသွားလိမ့်မယ်။

ဩဂုတ်လ ၁၉ ရက်နေ့

အသစ်ဖြစ်ချင်ရင်

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ၅၁:၁၀

အသစ်ကိုလူတိုင်းသဘောကျတယ်၊ လူတိုင်းလိုချင်တယ်။ အသစ်သောအရာတွေကိုထိတွေ့ခံစားဖို့အတွက် အရေးကြီးဆုံးကတော့ စိတ်သဘော အသစ်ဖြစ်ဖို့လိုတယ်။ ဘာဖြစ်လို့ အဟောင်းတွေပဲ တွေ့ကြုံနေတာလဲလို့ မေးရင် နှလုံးသား အသစ်မဖြစ်သရွေ့ ကြုံတွေ့ရတာတွေလဲ အဟောင်းတွေပဲဖြစ်နေအုံးမှာပဲလို့ ပြန်ဖြေရမယ်။ နှလုံသား အသစ်မဖြစ်သရွေ့ အရာရာဟာ အဟောင်းတွေနဲ့ပဲ ရင်ဆိုင်နေရအုံးမယ်။ နှလုံးသားအသစ်ဖြစ်မှပဲ သင်ခံစားထိတွေ့ခွင့်ရတာ အားလုံးက အသစ်ဖြစ်လာမှာပါ။

ဩဂုတ်လ၁၈ ရက်နေ့

ဘုရားစိတ်တော်နှင့်တွေ့သော စိတ်သဘော

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။”‭‭ဆာလံ‬ ‭၅၁:၁၀

လူတစ်ယောက် အပြစ်လုပ်တဲ့အခါမှာ အရင်ဆုံး ပျက်ဆီးသွားတာက စိတ်နှလုံးသားဖြစ်တယ်။ စိတ်နှလုံးသားယိုယွင်းသွားရင် ကျန်တဲ့အရာတွေပါ ကောင်းဖို့မလွယ်တော့ဘူး။ ဒါဝိဒ်ဟာ အပြစ်တစ်ခု ကျူးလွန်မိပြီး ဒီအပြစ်ကို ဖုံးကွယ်ဖို့အတွက် နောက်ထပ်အပြစ်ပေါင်းများစွာ ထပ်မံကျူးလွန်ခဲ့တယ်။ အပြစ်ရဲ့အကျိုးဆက်တွေထဲက အဆိုးဆုံးတစ်ခုကတော့ နှလုံးသားယိုယွင်းသွားခြင်းပဲ။ ဒါကြောင့်သူဟာ နောင်တရတဲ့အခါမှာ သူ့နှလုံးသားကို အသစ် ပြုပြင်ပေးဖို့နှင့် စိတ်သဘော အသစ်ကို တောင်းဆိုတယ်။ မှားယွင်းတဲ့ စိတ်သဘောကြီးနဲ့ မှန်ကန်တဲ့ လမ်းကို မလျှောက်နိုင်ဘူးဆိုတာ သူသိတယ်။

ဩဂုတ်လ ၁၆ရက်နေ့

အထူးကာကွယ်စောင့်ရှောက်ရမယ့်အရာများ (၆)

“မြွေ​သည် မိ​မိ​ပ​ရိ​ယာယ်​အား​ဖြင့် ဧ​ဝ​ကို​လှည့်​စား​သ​ကဲ့​သို့၊ သင်​တို့​သည် စိတ်​ဆွေး​မြေ့​ယို​ယွင်း၍၊ ခ​ရစ်​တော်​ကို အ​ကြွင်း​မဲ့​ချစ်​သော​စိတ် ပျောက်​မည်​ဟု စိုး​ရိမ်​ခြင်း​ရှိ၏။-”‭‭၂ ကောရိန္သု‬ ‭၁၁:၃

ဘဝမှာ တခြားအရာတွေပျောက်တာထက် ခရစ်တော်ကို အကြွင်းမဲ့ချစ်တဲ့စိတ်ပျောက် တာကတော့ အဆိုးဆုံးပါပဲ။ တမန်တော်ကြီးရှင်ပေါလုက သူ့အသင်းသားတွေကို အမြဲတမ်းသတိပေးတယ်၊ အမြဲတမ်းစိုးရိမ်တယ်။ မြွေရဲ့လှည့်စားမှုကြောင့် ဧဝရဲ့နှလုံးသား ဆွေးမြေ့ယိုယွင်းသွားပြီးတော့ ဘုရားကို ချစ်တဲ့စိတ် ပျောက်ဆုံးသွားတယ်။ ဒီအတိုင်းပဲ လောကနှင် ဝိညာဉ်ဆိုးတွေရဲ့လှည့်စားမှုကြောင့် ခရစ်တော်ကို အကြွင်းမဲ့ချစ်တဲ့စိတ်ပျောက်ပြီးတော့ ရှင်သန်မှာကိုသူက သတိပေးတယ်။ ဘုရားကိုအကြွင်းမဲ့ချစ်တဲ့စိတ် မပျောက်ဆုံး ဖို့အတွက် အမြဲတမ်းကာကွယ်စောင့်ရှောက်ဖို့လိုတယ်။

ဩဂုတ်လ ၁၅ ရက်နေ့

အထူးကာကွယ်စောင့်ရှောက်ရမယ့်အရာများ (၅)

“သင်​၏​စိတ်နှလုံး​ကို သတိဝီရိယ​ရှိသမျှ​နှင့် ထိန်းသိမ်းစောင့်ရှောက်​လော့​။ အကြောင်းမူကား ၎င်း​သည် အသက်​၏​အရင်းအမြစ်​ဖြစ်​၏​။”‭‭သုတ္တံကျမ်း‬ ၄:၂၃

အပြင်က အခြေအနေတွေက သင့်ဘဝကို ထိန်းချုပ်ထားတာမဟုတ်ဘူး။ အတွင်းထဲက နှလုံးသားကပဲ အရာရာကိုထိန်းချုပ်ထားတယ်။ အပြင်က အခြေအနေ ကောင်းနေပေမဲ့ နှလုံးသား မကောင်းရင် အရာရာမကောင်းနိုင်သလို၊ အပြင်မှာ အခြေအနေ မကောင်းပေမဲ့ နှလုံးသားကောင်းရင် အရာရာမဆိုးသွားနိုင်ဘူး။ နှလုံးသားကြောင့် အခြေအနေ ကို ပြောင်းလဲ သွားစေသူပဲဖြစ်ပါ။ အခြေအနေကြောင့် နှလုံးသား ပြောင်းလဲ သွားတဲ့သူတော့မဖြစ်စေနဲ့။


ဩဂုတ်လ ၁၄ ရက်နေ့

အထူးကာကွယ်စောင့်ရှောက်ရမယ့်အရာများ (၄)

“အချင်းချင်း​ချစ်​ခြင်း​မှတစ်ပါး မည်သည့်​အကြွေး​မျှ မ​တင်​စေ​ကြ​နှင့်။ သူတစ်ပါး​ကို​ချစ်​သော​သူ​သည် ပညတ်​တရား​ကို​ပြည့်စုံ​စေ​ပြီ။” ‭‭ရောမဩဝါဒစာ ၁၃:၈‬

လူတစ်ယောက်ကို မုန်းဖို့ သာလွယ်တာ ချစ်ဖို့ကျခက်တယ်။လူတွေက လွယ်တဲ့အလုပ်ပဲ လုပ်ဖြစ်ပြီးတော့ မုန်းတီးခြင်းကို အသက်တာမှာ ခွင့်ပြုနေကြတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာဟာ ပညတ်တရားအလုံးစုံရဲ့ ပြည့်စုံခြင်းဖြစ်တယ်။ သခင်ယေရှုက ပညတ်တရားရဲ့ အနှစ်ချုပ်ကိုမေးတဲ့ ဖါရိရှဲကို အနှစ်ချုပ်အနေနဲ့ ချစ်ခြင်းမေတ္တာလို့ ပြန်ဖြေခဲ့တယ်။ ဘုရားကို ချစ်ဖို့နဲ့ အချင်းချင်းချစ် ခြင်း ဘုရားချမှတ်ထားတဲ့ ပညတ်တရားတွေရဲ့ အချုပ်ပဲ။ ဒီလောက်အရေးကြီးတဲ့ချစ်ခြင်းမေတ္တာကို အသက်တာမှာ ပျောက်မသွားဖို့ အထူးဂရုစိုက်ဖို့လိုတယ်။

ဩဂုတ်လ ၁၃ ရက်နေ့

အထူးကာကွယ်စောင့်ရှောက်ရမယ့်အရာများ (၃)

“ယုံကြည်​ခြင်း​ဆို​သည်​မှာ မျှော်လင့်​ထား​သော​အရာ​များ​အပေါ်​စိတ်ချ​မှု​ရှိ​ခြင်း၊ မ​မြင်​ရ​သော​အရာ​တို့​အမှန်တကယ်​ရှိ​သည်​ဟု​မှတ်ယူ​ခြင်း​ဖြစ်​၏။”‭‭ဟေဗြဲဩဝါဒစာ‬ ၁၁:၁

မျှော်လင့်ခြင်းဆိုတာ ယုံကြည်ခြင်းအတွက် မရှိမဖြစ်ကုန်ကြမ်းဖြစ်တယ်။ ယုံကြည်ခြင်း ဖြစ်လာဖို့အတွက် မျှော်လင့်ခြင်းက အစပျိုးရတာဖြစ်ပြီးတော့ မျှော်လင့်ချက် သာဘဝမှာ မရှိတော့ရင် ယုံကြည်ခြင်းရှိလာနိုင်စရာအကြောင်း မရှိတော့ဘူး။ မျှော်လင့်ခြင်းလေးဆိုပြီးတော့ အထင်မသေးလိုက်နဲ့ ။ မျှော်လင့်ချက်မရှိတော့ရင်ဘဝဟာ သေသလိုပါပဲ။ ဒါကြောင့် ဘုရားနှင့် ပတ်သက်တဲ့ မင်္ဂလာရှိသောမျှော်လင့်စရာတွေကို အသက်တာမှာ မပျောက်သွားစေနဲ့။

ဩဂုတ်လ ၁၂ ရက်နေ့

အထူးကာကွယ်စောင့်ရှောက်ရမယ့်အရာများ (၂)

“ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။”‭‭ရှင်မဿဲခရစ်ဝင်‬ ‭၈:၂၆‬

ရွှေငွေထက်တန်ဖိုးရှိပြီးတော့ မဆုံးရှုံးအောင် အမြဲတမ်း ကာကွယ်စောင့်ရှောက်ရမယ့်အရာ နောက်တစ်ခုကတော့ ယုံကြည်ခြင်းပဲဖြစ်တယ်။ ဘုရားစိတ်တော်နှင့်တွေ့စေတဲ့ အရာ ဖြစ်သလို၊ သေးသေးလေး ရှိရင်တောင် ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိစေတဲ့ အရာဖြစ်တယ်။ ယုံကြည်ခြင်းမရှိတော့ရင်တော့ ဘဝမှာ ကြောက်စိတ်တွေနဲ့ပဲ ပြည့်နှက်နေမှာ သေချာတယ်။ မုန်တိုင်းကြုံတဲ့တပည့်တော်တွေကို ယေရူက သူတို့ရဲ့ ယုံကြည်ခြင်းမရှိခြင်းကို အပြစ်တင်တယ်။ ယုံကြည်ခြင်း ပျောက်ဆုံးသွားရင် ဘဝရဲ့ ကောင်းတဲ့အရာတွေ အားလုံးလဲ ဆုံးရှုံးကုန်မှာ သေချာတယ်။

ဩဂုတ်လ ၁၁ ရက်နေ့

အထူးကာကွယ် စောင့်ရှောက်ရမယ့်အရာများ

“ငါ​သည် ငြိမ်သက်​ခြင်း​ကို သင်​တို့​၌​ထားခဲ့​၏။ ငါ​၏​ငြိမ်သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လောက​ပေး​သည့်​အတိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။”ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇

ကျွန်တော်တို့ဘဝထဲက စာတန် အခိုးခြင်ဆုံးအရာက ရွှေလဲ မဟုတ်ဘူး ငွေလဲမဟုတ်ဘူး။ ရာထူးစည်းစိမ်တွေလဲ မဟုတ်ဘူး။ သူ အခိုးခြင်ဆုံးက အတွင်းထဲက ငြိမ်သက်ခြင်းပဲ။ လူတစ်ယောက်မှာ ဘုရားပေးတဲ့ ငြိမ်သက်ခြင်း မရှိတော့ရင် ကျန်တာ ဘာရှိရှိ အဆင်ပြေတော့မှာမဟုတ်ဘူး။ ငြိမ်သက်ခြင်းမရှိတော့ရင် အရာရာမှာ စိုးရိမ်ခြင်းနှင့်ကြောက်ရွံခြင်းက နေရာယူလာပြီးတော့ ဘုရားပြုတဲ့အမူတွေကို ဘာတစ်ခုမှ နားလည်နိုင်တော့မှာမဟုတ်သလို၊ ဘုရားထံကနေ ကြီးမားတဲ့ကောင်းကြီး မင်္ဂလာတွေလဲ လက်ခံရရှိတော့မှာ မဟုတ်ဘူး။ ငြိမ်သက်ခြင်းက ဘုရားပေးတဲ့ အကြီးဆုံးကောင်းကြီးမင်္ဂလာတွေထဲက တစ်ပါးပါ။ သင့်ရဲ့ငြိမ်သက်ခြင်းကို ဘယ်သူမှ မခိုးယူဖို့ ဂရုစိုက်ပါ။

ဩဂုတ်လ ၉ ရက်နေ့

ကျေးဇူးတော်မှ တစ်ပါး

“ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​သ​ခင် ဖြစ်​တော်​မူ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​လျှောက်​ဆို​ပါ​ပြီ။ ကျေး​ဇူး​တော်​မှ​တစ်​ပါး အ​ခြား​သော​မင်္ဂ​လာ​သည် အ​ကျွန်ုပ်၌ မ​ရှိ​ပါ။”ဆာလံ ၁၆:၂

သိုးကျောင်းသားလေး ဘဝကနေ တိုင်းပြည်တစ်ခုလုံးရဲ့ ရှင်ဘုရင်အဖြစ် ဘဝပြောင်းသွားတဲ့ ဒါဝိဒ်ရဲ့ဘဝမှာ နက်ရှိုင်းစွာ ယုံကြည်သက်ဝင်တဲ့အရာက သူရဲ့အရည်အချင်းကြောင့်၊ တော်လို့ တတ်လို့၊ ကြိုးစားနိုင်လွန်းလို့ မဟုတ်ဘူး။ ဘုရားပြုပေးတဲ့ ကျေးဇူးတော်ကြောင့်ပဲ။ ကျေးဇူးတော်ကလွဲပြီး အခြားအရာ၊ အခြားအကြောင်းအရင်းတစ်ခုမှ သူ့မှာမရှိဘူး။ ဘဝမှာ ကြီးမားစွာအောင်မြင် ကောင်းစားခြင်းကို ရောက်ချင်ရင်၊ ကြီးမားတဲ့အပြောင်းအလဲတွေကို မျှော်လင့်နေရင် ဒီယုံကြည်ခြင်း၊ ဒီခံယူချက် အရေးကြီးတယ်။ ကျေးဇူးတော်အပြင် ကိုယ်လုပ်ဆောင်နိုင်ခြင်း၊ ဒါမှမဟုတ် အခြားသူတွေ ရဲ့ကူညီမစခြင်း လိုအပ်တယ်လို့ မြင်နေသေးရင် သင့်ဘဝမှာ ဒါဝိဒ်ခံစားရတဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာအုံးမှာ မဟုတ်ဘူး။

ဩဂုတ်လ ၈ ရက်နေ့

ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​

‘သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏” ​ဟု ကျမ်းစာ​၌​ဆို​ထား​၏။ ‘ ရှင်ယာကုပ်ဩဝါဒစာ ၄:၆

ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို ခံစားနေရတဲ့သူတွေကို တွေ့တဲ့အခါမှာ ယုံကြည်သူ အချင်းချင်း ဘာကြောင့် သူဒီလို ခံစားရတာလဲ ? လို့မေးခွန်းထုတ်ဖူးလိမ့်မယ်။ ကျေးဇူးတော်က အားလုံးအတွက် အတူတူပဲလို့ ကွန်မြူနစ်ဆန်ဆန်တွေးဖူးတဲ့သူတွေအတွက်တော့ နားမလည်နိုင်စရာပါ။ ဘုရားရဲ့ကျေးဇူးတော် က တစ်ပါးထဲ၊ တစ်မျိုးထဲ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ ရှင်ယာကုပ်က ပြောတယ် ကျေးဇူးတော် ခံစားရတဲ့အခါမှာ မာန ထောင်လွှားမသွားပဲ ပိုပြီးတော့ နှိမ့်ချလေ ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို အသက်တာမှာခံစားရလေ လို့ဆိုတယ်။ မာနဟာ ကြီးမားတဲ့ကျေးဇူးတော်ကို အသက်တာမှာ မခံစားရဖို့အတွက် အဆီးအတား တစ်ခုပဲ။


ဩဂုတ်လ ၇ ရက်နေ့

ကြီးသော ကျေးဇူးတော်

“သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။- ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ တမန်တော် ၄:၃၃-၃၄

ကနဉီးအသင်းတော်မှာ ခေါင်းဆောင်တဲ့သူရော၊ အသင်းသားတွေရော ဆင်းရဲသား တစ်ယောက်မှ မရှိဘူးလို့ကျမ်းစာက မှတ်တမ်းတင်ဖေါ်ပြတယ်။ ဒီလောက် ခရစ်ယာန်တွေကို ညှင်းဆဲနေတဲ့ကာလကြီးမှာ၊ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုတွေ ကြုံနေရတဲ့ အချိန်ဖြစ်ပေမဲယ့် သူတို့ဟာ ဆင်းရဲခြင်းကနေ လွတ်ကင်းခဲ့တယ်။ တစ်ယောက်တောင် မရှိဘူး။ သူတို့ကြုံခဲ့ရတဲ့အရာတွေက ဆင်းရဲခြင်းမဟုတ်ပဲ အဖိုးအခဆိုတာ ကောင်းစွာ နားလည်သဘော ပေါက်ပြီးတော့ သခင်ယေရှုထမြောက်ခြင်း အကြောင်းကို တန်ခိုးနှင့် နေရာအနှံမှာ သက်သေခံ နိုင်ကြတယ်။ အမ့တော်ဆောင်တွေပဲ မဟုတ်ဘူး။ ယုံကြည်သူလူတိုင်းဟာ ရောက်တဲ့နေရာတိုင်းမှာ ခရစ်တော်ရဲ့ကောင်းမြတ်တဲ့သတင်းကို သယ်ဆောင်ဝေငှကြတယ်။ ဘာကြောင့်ဒီလို အရာတွေခံစားရသလဲဆိုရင် အသက်တာမှာ ကြီးသောကျေးဇူးတော်နှင့် ပြည့်စုံကြလို့ပါ။


ဩဂုတ်လ ၆ ရက်နေ့

ထပ်ဆင့်ကျေးဇူးတော်

“အကျွန်ုပ်​တို့​အားလုံး​သည် ထို​အရှင်​၏​ပြည့်စုံ​တော်မူ​ခြင်း​ထဲမှ ကျေးဇူး​တော်​အပေါ်၌ ထပ်ဆင့်​၍ ကျေးဇူး​တော်​ကို​ခံစား​ရ​ကြ​ပြီ။” ရှင်ယောဟန်ခရစ်ဝင် ၁:၁၆

ကျေးဇူးတော် က တစ်မျိုးထဲ မဟုတ်ဘူး၊ တခုထဲမဟုတ်ဘူး။ ပြီးခဲ့တဲ့ကာလတွေမှာကျေးဇူးတော် ခံစားရလို့ ပြီးသွားပြီ ဒီထက်ကြီးတာ ဒီထက်ကောင်းတာ မရှိတော့ဘူးလို့မထင်လိုက်ပါနဲ့။ ခံစားပြီးခဲ့တဲ့ ကျေးဇူးတော်ထက် ပိုကောင်းတဲ့ကျေးဇူးတော်များစွာ သင့်အတွက် ကျန်ပါသေးတယ်။ ကျေးဇူးတာ်ခံစားရတဲ့အကြောင်းအရင်းကလဲ သင်ကောင်းလို့၊ သင်လုပ်နိုင်လို့ မဟုတ်ရပါဘူး။ သခင်ယေရှုရဲ့ ပြည့်စုံခြင်း၊ လုပ်ပေးခြင်းကြောင့်သာလျှင် ကျေးဇူးတော် အထပ်ထပ်ကို ခံစားရခြင်းပါ။ ဒါကြောင့် ကျေးဇူးတော် မခံစားရမှာ ကိုယ့်အတွက် မဟုတ်မှာ စိုးရိမ်စရာမရှိပါဘူး။ ပိုကောင်းတဲ့ထပ်ဆင့်ကျေးဇူးတော် သင့်အတွက် ဘုရား ခံစားစေမှာပါ။


ဩဂုတ်လ ၅ ရက်နေ့

ထူးကဲသော ကျေးဇူးတော်

‘ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။ ‘

ဧဖက်ဩဝါဒစာ ၂:၇

ထူးခြားအောင်ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ လုပ်ယူလို့မရဘူး။ အခြားသူတွေထက် ထူးခြား နေစေတာက ဘုရားပြုပေးတဲ့ကျေးဇူးတော် ဖြစ်တယ်။ အသက်တာရဲ့အရာရာတိုင်းမှာ အခြားသူတွေနဲ့မတူစေပဲ ထူး စေတဲ့ ကျေးဇူးတော်ကို ဘုရားသားသမီးတိုင်း ခံစားရပါတယ်။ ဒါကြောင့်လောက သားတွေဘယ်လိုမှ လိုက်လို့မမှီသလို၊ နားလည်မလည် နိုင်ပါဘူး။ ဒါက တခြားအရာကြောင့်တော့လုံးဝ မဟုတ်ဘူး။ သခင်ယေရှုခရစ်တော်အားဖြင့်ခံစားရတဲ့ ကျေးဇူးတော်သက်သက်ကြောင့်ဖြစ်တယ်။ ဒီထူးခြားမှုအားဖြင့် ဘုရားက နောင်ကာလ အစဉ်ဆက် သူ့ရဲ့ဘုန်းကိုပြသဖို့အတွက် ရည်ရွယ်တယ်။


ဩဂုတ်လ ၄ ရက်နေ့

ခိုင်ခံ့စေသော ကျေးဇူးတော်

“ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။-” ၂ တိမောသေ ၂:၁

လဲပြိုစရာများစွာရှိတဲ့ လောကရဲ့အခြေအနေကြားထဲမှာ မလဲပြိုသွားပဲ ပိုပြီး ခိုင်ခံ့စေတာက ကျေးဇူးတော်ကြောင့်ပါ။ နေ့စဉ်သွေးဆောင်မှုတွေနဲ့ စိန်ခေါ်မှုတွေကြားထဲ ခြေမချော်သွားပဲ ပိုလို့တောင် ကြီးထွားတတ်လာစေတယ်။

ကြုံရသမျှ အရာတိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားကိုပေးတယ်။ ကျေးဇူးတော်က တစ်ခါတစ်ရံမှာ လိုချင်တဲ့ အရာတွေထက် သင့်ဘဝမှာ လိုအပ်တဲ့ အရာတွေကိုတာဝန်ယူဖြည့်ဆည်းပေးနေတယ်။

စုံစမ်းခြင်းတွေကြားထဲမှာ ဖိအားတွေကြားထဲမှာ ပိုလို့တောင် ရှင်သန် ကြီးထွားစေတာ က ကျေးဇူးတော်သက်သက်ကြောင့်ပါ။

ဩဂုတ်လ ၂ ရက်နေ့

ကျေးဇူး​တော်​ပလ္လင်​

“ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။” ဟေဗြဲဩဝါဒစာ ၄:၁၆

နေ့တိုင်းကိုယ်လုပ်နိုင်သလောက်ပဲ၊ ကြိုးစားမှုရလဒ်ကိုပဲမျှော်လင့်နေသလား ?

လိုအပ်တဲ့အချိန်တိုင်းမှာ လိုအပ်တာထက်ပိုကောင်းတဲ့အရာတွေကို ပြင်ဆင်ပေးနေတဲ့

ကျေးဇူးတော်ကိုပဲ မျှော်လင့်နေသလား? ကျေးဇူးတော်ပလ္လင်နားကို ယုံကြည်ခြင်းနှင့်ချဉ်းကပ်လေလေ အသက်တာမှာ ကျေးဇူးတော်ရဲ့ လုပ်ဆောင်ပေးမှုတွေကို မြင်တွေ့ရလေလေပါပဲ။

ပြဿနာကကျေးဇူးတော်ပလ္လင်နားကို ချဉ်းကပ်ရမယ့်အစား ကျေးဇူးတော်နှင့်ဝေးရာကို ဉီးတည်နေကြတဲ့အတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်တာထက်ပိုကောင်းတဲ့အရာကိုပြင်ဆင်ထားတဲ့ ဘုရားရဲ့ မစထောက်ပံ့ခြင်းကို မမြင်တွေ့ရခြင်းပါပဲ။ ကျေးဇူးတော်ပလ္လင်ကို တိုးဝင်လေလေ ကျေးဇူးတော်ရဲ့ လုပ်ဆောင်ပေးခြင်းကို အသက်တာမှာ တိုးပြီးမြင်ရလေ ဖြစ်ပါလိမ့်မယ်။

ဩဂုတ်လ ၁ ရက်နေ့

သွန်သင်ပေးသောကျေးဇူးတော်

ငါ​တို့​ကို ဆုံး​မ​သွန်​သင်၍၊ လူ​အ​ပေါင်း​တို့​ကို ကယ်​တင်​တတ်​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​သည် ထင်​ရှား ပေါ်​ထွန်း​လျက်​ရှိ၏။- တိတု‬ ‭၂:၁၁ ‬‬

ကျေးဇူးတော်ရဲ့နက်နဲတဲ့ လုပ်ဆောင်မှုတွေက ပြောလို့တောင် မကုန်ပါဘူး။ ကျေးဇူးတော်က အသက်တာ တိုးတက်ဖို့အတွက် အဓိက သွန်သင်ပေးတယ်။ ကယ်တာပဲ​မဟုတ်ဘူး သင်တာလဲ လုပ်ပေးတယ်။ မကောင်းတဲ့အရာတွေက နေရှောင်နိုင်ဖို့၊ ဘုရားအလိုတော်လမ်းကို ရွေးချယ်နိုင်ဖို့ စတဲ့ အရေးကြီးတဲ့ အရာတွေ အားလုံးကို ကျေးဇူးတော်က ဘဝအသက်တာမှာ သွန်သင်ပေးတယ်။ ကျေးဇူးတော်ရဲ့သွန်သင်မှုကို ခံရတဲ့သူတိုင်းဟာ လူ့ဉာဏ်နဲ့မမှီနိုင်အောင်ကို လျှင်မြန်စွာ တိုးတက်ကြီးထွားခြင်းကို ပိုင်ဆိုင်နိုင်တယ်။

ဇူလိုင်လ ၃၁ရက်နေ့

သွေးဆောင်သောကျေးဇူးတော်

“ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ကြွယ်​ဝ​စွာ ကျေး​ဇူး​ပြု​တော်​မူ​ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ​ခြင်း​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​သ​လော။-”။ ရောမ‬ ‭၂:၄

လူတွေက စာတန်ရဲ့အပြစ်သွေးဆောင်ခြင်းကိုပဲ တဖွဖွ ပြောနေ၊ တွေးနေပေမယ့်၊ တကယ်တော့ ဘုရားရဲ့ကျေးဇူးတော်က စာတန်ထက် အဆမတန်ကြီးတဲ့အားနဲ့ သင်တို့ကိုသွေးဆောင်နေပါတယ်။ နေ့တိုင်း မကောင်းတဲ့စာတန်ရဲ့သွေးဆောင်မှုနောက်ကို မလိုက်ပါသွားတာက ကိုယ့်ခွန်အားနှင့် မဟုတ်ပါဘူး။ ဘုရားရဲ့ကျေးဇူးတော်က ဘုရားရဲ့တရားလမ်းထဲကို သွေးဆောင်နေလို့ပါ။ ဆာလံဆရာဒါဝိဒ် ကိုယ်တိုင်ကလဲ​ ဘုရားက သူ့ကိုတရားလမ်းထဲကို သွေးဆောင်တယ်ဆိုတာ ဝန်ခံထားပါတယ်။ နေ့တိုင်း တရားလမ်းထဲကို ပို့ဆောင်ပြီးတော့ ဘုရားအလိုတော် ထဲကို ပိုမိုလျှောက်လှမ်းနိုင်ခြင်းက ကျေးဇူးတော်ရဲ့သွေးဆောင်မှုကြောင့်ပါ။

ဇူလိုင်လ ၃၀ရက်နေ့

လုံလောက်သော ကျေးဇူးတော်

“ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ‭‭၂ ကောရိန္သု‬ ၁၂:၉

ကျေးဇူးတော် လုံလောက် တယ်ဆိုတာ ဆုတောင်းချက်တိုင်း အဖြေရတာ မဟုတ်ပေမယ့် အားနည်းချက်တိုင်းကိုတော့ ဘုရားရဲ့တန်ခိုးကနေရာယူပေးတယ်။ တမန်တော်ကြီးရှင်ပေါလုက ဘုရားဆီဆုတောင်းတဲ့အခါမှာ၊ သူလိုချင်တဲ့အဖြေ မရပေမယ့် ဘုရားပေးတဲ့အဖြေက ပိုကောင်းတယ် ပိုကြီးတယ်ဆိုတာ သိခွင့်ရတယ်။ ကျေးဇူးတော်ရဲ့လုံလောက်ခြင်းက သင့်ဘဝရဲ့ အားနည်းချက်တိုင်းမှာ ဘုရားတန်ခိုးတော် နေရာယူပေးပြီးတော့ စုံလင်စေတာပါ။

ဇူလိုင်လ ၂၉ရက်နေ့

အလုံးစုံသောကျေးဇူးတော်

‘သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။ ‘ ကောရိန္သုဩဝါဒစာဒုတိယစောင် ၉:၈

အသက်တာက ကျေးဇူးတော်နှင့်ပြည့်ဝလာတဲ့အခါမှာ ဝိညာဉ်ပိုင်းဆိုင်ရာပဲ ထူးခြားတိုးတက်လာတာမဟုတ်ပါဘူး၊ စိတ်ပိုင်းဆိုင်ရာမှာရော ခန္ဓာပိုင်းဆိုင်ရာမှာရော ထူးခြားမှုတွေနဲ့ပြည့်လာတယ်။ လူတွေထင်နေတာက ကျေးဇူးတော်ဆိုတာ ငရဲက ကယ်တင်တယ်၊ ကောင်းကင်ပို့ပေးတယ်၊၊ တကယ်တော့ ကျေးဇူတော်က ဒီထက်ပိုပြီးတော့ နက်ရှိုင်းပြီး လေးနက်လွန်းပါတယ်။ ကျေးဇူးတော်နှင့် ပြည့်ဝလာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ မှာ အရာရာမှာ အမြဲတမ်းကျေနပ်မှုတွေနဲ့နေရာယူလာတယ်။ စိတ်ပိုင်းဆိုင်ရာမှာ အားမလို အားမရမှုတွေကချုပ်ငြိမ်းသွားတယ်။ ခန္ဓာပိုင်းဆိုင်ရာမှာလဲ ကောင်းတဲ့အရာတွေက ကြွယ်ဝ ပြည့်စုံမှုရှိလာတယ်။ ဘယ်လောက်တောင် ကျေးဇူးတော်က လုပ်ဆောင်ပေးသလဲ?

ဇူလိုင်လ ၂၈ရက်နေ့

ရေ​တွက်၍ မကုန်နိုင်သော ကျေးဇူး‌တော်

‘ဖြောင့်​မတ်​တော်​မူ​ခြင်း​နှင့် ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် ညွှန်​ကြား​ပါ​မည်။ ကျေး​ဇူး​တော်​တို့​ကို ရေ​တွက်၍ မ​ကုန်​နိုင်​ပါ။ ‘ ဆာလံကျမ်း ၇၁:၁၅

ယုံကြည်သူ ဘုရားသားသမီးတွေရဲ့အသက်တာကို သေချာ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ကျေးဇူးတော်နှင့်အစပြုပြီးတော့ ကျေးဇူးတော် အားဖြင့် ရပ်တည်နိုင်တာဖြစ်ပြီးတော့ အဆုံးထိလဲ ကျေးဇူးတော်ကပဲ မစပို့ဆောင်တယ်ဆိုတာတွေ့ရတယ်။ ကျေးဇူးတော်နှင့်ကင်းကွာပြီးတော့ ဘာမှလုပ်လို့မရသလို ၊ဘာမှလဲ မလုပ်နိုင်ဘူး။ ဆာလံဆရာ သူ့ဘဝမှာ ခံစားရတဲ့ ကျေးဇူးတော်က တမျိုးထဲမဟုတ်ဘူး၊ တခုထဲမှာ မဟုတ်သလို၊ တစ်ရက်စာပဲ မဟုတ်ဘူးဆိုတာ အကြိမ်ကြိမ် ဖေါ်ပြခဲ့တယ်။ သူခံစားရတဲ့ကျေးဇူးတော်တွေကို စာရင်းပြုစုလို့မရနိုင်သလို၊ ရေတွက်လို့တောင်မှ မဖြစ်နိုင်ဘူးလို့ သူဟာ ဖွင့်ဟတယ်။ တကယ်တော့ဆာလံဆရာဟာ ကျေးဇူးတော်ကာလ မှာ ရှင်သန်ခွင့်ရတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ ကျေးဇူးတော်ကာလ ရှင်သန်ခွင့်မရတဲ့သူတောင် ဒီလောက်များတဲ့ကျေးဇူးတော်ကိုခံစားရတယ်ဆိုရင် သခင်ယေရှုခရစ်တော်အားဖြင့် ရှင်သန်ခွင့်ရတဲ့ကျေးဇူးတော်ကာလက သင်နှင့်ကျွန်ပ်ဟာ ဘယ်လောက်များ ခံစားရမလဲဆိုတာ တွေးတောင် ကြည့်လို့မရနိုင်ပါဘူး။

ဇူလိုင်လ ၂၆ရက်နေ့

စစ်မှန်သောဝမ်းမြောက်ခြင်း (၆)

“အို ဇိ​အုန်​မြို့​သား​တို့၊ ဝမ်း​မြောက်၍ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဓ​မ္မ​ဆ​ရာ​ကို ပေး​တော်​မူ၍ အ​စ​အ​ဦး၌​လည်း အ​ရင်​မိုး​နှင့် နောက်​မိုး​ကို သင်​တို့​အ​ပေါ်​မှာ ရွာ​စေ​တော်​မူ​မည်။” ယောလ‬ ‭၂:၂၃

ဝမ်းမြောက်ခြင်းက ဘုရားအပေါ်မှာထားတဲ့ယုံကြည်ခြင်း ပမာဏနှင့် အများကြီးသက်ဆိုင်မှုရှိတယ်။ ယုံကြည်ခြင်းမရှိတဲ့သူကတော့ အခြေအနေနှင့်ခံစားချက်ပေါ်မှာပဲ ဘဝကို တည်ဆောက်ထားတယ်။ ဘုရားအပေါ်မှာ ယုံကြည်ခြင်းနှင့် ရပ်တည်တဲ့သူကတော့ လက်ရှိအခြေအနေ မှာ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားလုပ်နေတဲ့ အရာနှင့် မကြာခင် လုပ်တော့မယ့်အရာတွေအပေါ်မှာ စိတ်ချမှုအပြည့်နဲ့ ဝမ်းမြောက်နိုင်တယ်။ ဘဝရဲ့လိုအပ်တဲ့ ဝိညာဉ်ရေးရာ အထောက်အပံ့တွေကိုလဲ ဘုရားက ပေးနိုင်တဲ့အပြင် စီးပွါးရေး၊ လူမူရေး အားလုံးအတွက်လဲ ဘုရားက လိုအပ်တဲ့အရာကိုလိုအပ်တဲ့အချိန်မှာ ပြင်ဆင်ပေးထားတယ်ဆိုတာကို စိတ်ချတဲ့သူကတော့ အခြေအနေနဲ့ မဆိုင်တဲ့ဝမ်းမြောက်ခြင်းနဲ့ ရှင်သန်နိုင်တယ်။

ဇူလိုင်လ ၂၅ရက်နေ့

စစ်မှန်သောဝမ်းမြောက်ခြင်း (၅)

“ထာဝရဘုရား​၏​ဥပဒေသ​တို့​သည် ဖြောင့်မှန်​၍ စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​၏​။ ထာဝရဘုရား​၏​ပညတ်တော်​သည် သန့်ရှင်း​၍ မျက်စိ​ကို​အလင်းပေး​၏​။” ဆာလံကျမ်း‬ ၁၉:၈

စစ်မှန်တဲ့ ဝမ်းမြောက်ခြင်းကိုခံစားချင်တယ်ဆိုရင် ကိုယ်ရှင်သန်တဲ့ နည်းလမ်းက မှန်ကန်ဖို့လိုတယ်။ မှားတဲ့နည်းဉပဒေသ အပေါ်မှာ ဘဝကိုတည်ဆောက်ထားတဲ့ သူတွေအတွက် ဝမ်းမြောက်ခြင်းဆိုတာ ဘယ်လိုမှခံစားရဖို့မလွယ်ဘူး။ ဘုရားရဲ့ မှန်ကန်တဲ့နည်းလမ်းနဲ့ အသက်ရှင်တဲ့သူတွေအပေါ်မှာတော့ ကြာလေဝမ်းမြောက်စရာတွေနဲ့ ပြည့်နှက်တာကိုမြင်တွေ့ရလိမ့်မယ်။ ဝမ်းမြောက်ခြင်းဆိုတာ ဘယ်နည်းလမ်း အပေါ်မှာ ဘဝကို တည်ဆောက်ထားသလဲ ဆိုတာနဲ့ အများကြီး ဆိုင်တယ်။

ဇူလိုင်လ ၂၄ရက်နေ့

စစ်မှန်သောဝမ်းမြောက်ခြင်း (၄)

“အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။”‭‭ဆာလံကျမ်း‬ ၁၁၉:၁၄‭

လောကစည်းစိမ် ချမ်းသာကို ရရှိတဲ့အခါမှာ ဝမ်းမြောက်သလိုမျိုး ဘုရားရဲ့ သက်သေခံချက် လမ်းမှာ ဝမ်းမြောက်တတ်ဖို့လိုတယ်။ စည်းစိမ်ချမ်းသာခြင်းထက်ပိုတဲ့ ဝမ်းမြောက်ခြင်းက ဘုရားမျက်မှောက်တော်ကနေပဲ သက်ရောက်တယ်။ နေ့စဉ် ဘုရားနှင့်လျှောက်လှမ်းခြင်း၊ ဘုရားရဲ့ လမ်းထဲမှာ ဝမ်းမြောက်တတ်ခြင်းက ဘဝအသက်တာကို ပြုပြင်ပေးတယ်။ဘုရားနဲ့ဆိုင်တဲ့အရာမှာ ဝမ်းမမြောက်တတ်တဲ့သူလောက် ဘဝမှာ ရှုံးတဲ့သူမရှိဘူး။ အမြဲတမ်း တိုးတတ်ချင်တယ်၊ ဘုရားရဲ့အတူရှိခြင်းကို အထူးခံစားချင်တယ်ဆိုရင်တော့ စည်းစိမ်ဉစ္စာ တွေရသလို ဝမ်းမြောက်ခြင်းကို ဘုရားနဲ့ပတ်သက်တဲ့ အရာတွေလုပ်တိုင်းမှာ ဝမ်းမြောက်စွာနဲ့ လုပ်ဆောင်ပါ။

ဇူလိုင်လ ၂၃ရက်နေ့

စစ်မှန်သောဝမ်းမြောက်ခြင်း(၃)

ထာဝရဘုရား​ထံ​တော်​မှ ဝမ်းမြောက်​ခြင်း​သည် သင်​တို့​အဖို့ ခွန်အား​ဖြစ်​၏​”​ဟု ဆို​၏​။”

‭‭နေဟမိမှတ်စာ‬ ၈:၁၀

ဝမ်းနည်းကြေကွဲနေလို့ ဘာမှထူးထူးခြားခြားကောင်းတဲ့အရာဖြစ်မလာဘူး။ ဆိုးတဲ့အရာတွေတော့ ပြောလို့မကုန်အောင် ဖြစ်လာလိမ့်မယ်။ ပြဿနာကြုံလို့ စိတ်ခံစားချက်ကိုနေရပေးမိရင် ပိုအားနည်းလာမယ်။ (သု ၂၃၄း၁၀) အရိုးတွေဆွေးမယ် (သု ၁၄း၃၀)၊ ကိုယ့်ရဲ့ ကောင်းနေတဲ့၊ ကိုယ်ခန္ဓာမှာ အမာဆုံးအရာတွေတောင် ဆွေးမြေ့လာမယ်ဆိုတဲ့သဘော။ ဒီလောက်တောင် မကောင်းတဲ့အရာတွေဖြစ်လာမယ့် စိတ်ခံစားချက်ကို နေရာပေးမယ့်အစား၊ ဘုရားခင်ထံမှာ အားယူပြီးတော့ ဝမ်းမြောက်တတ်မယ်ဆိုရင် ပြဿနာတိုင်းကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ခွန်အား နှင့် ပညာအသက်တာမှာရောက်လာလိမ့်မယ်။

ဇူလိုင်လ ၂၂ရက်နေ့

စစ်မှန်သောဝမ်းမြောက်ခြင်း (၂)

“ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။” ‭‭ဟေရှာယအနာဂတ္တိကျမ်း‬ ၉:၃

နောက်ဆုံးသော အချိန်ကာလ နီးလာတာနဲ့အမျှ လောက ကြီးမှာ ဝမ်းမြောက်စရာအကြောင်းက ပိုရှားပါးလာတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘယ်အရာကမှ နှလုံးသားကို ဝမ်းမြောက်စေဖို့ မလုပ်ပေးနိုင်ဘူး။ ဝမ်းမြောက်ခြင်းကို ပေးနိုင်တဲ့ အရာတစ်ခုပဲ ရှိတယ် အဲ့ဒါကတော့ ဘုရားရဲ့မျက်မှောက်တော်ပါပဲ။ ဘုရား အတူရှိခြင်းကိုသဘောပေါက်ပြီး မျက်မှောက်တော်မှာ ရှင်သန်တတ်တဲ့သူအဖို့ကတော့ အလွန်ဝမ်းမြောက်ခြင်းကိုခံစားရပြီးတော့ ဘယ်သူမှ လုယူလို့မရနိုင်၊ဖျက်ဆီးလို့မရနိုင်ပါ။

ဇူလိုင်လ ၂၀ရက်နေ့

စစ်မှန်သော ဝမ်းမြောက်ခြင်း

“ငါ​သည် ထာဝရဘုရား​၌ ဝမ်းမြောက်​မည်​။ ငါ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၌ ရွှင်လန်း​မည်​။”‭‭ဟဗက္ကုတ်အနာဂတ္တိကျမ်း‬ ‭၃:၁၈

သင့်ရဲ့ဝမ်းမြောက်ခြင်းကို ဘယ်အပေါ်မှာ တည်ဆောက်ထားသလဲ? တချို့က အခြေအနေအပေါ်မှာ၊ တချို့က ခံစားချက်အပေါ်မှာ၊ တချို့ကျတော့လဲ ပတ်ဝန်းကျင်ပေါ်မှာ။ မတည်မြဲတဲ့ အရာတွေအပေါ်မှာ သင့်ဝမ်းမြောက်ကို တည်ဆောက်ထားတယ်ဆိုရင် သေချာတယ် ဘယ်တော့မှ ဝမ်းမြောက်ရမှာမဟုတ်ဘူး။ တည်မြဲတဲ့ ဘုရားအပေါ်မှာ ဝမ်းမြောက်တတ်ဖို့လိုတယ်။ ပရောဖက် ဟဗက္ကုတ်ရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် ဘာဆိုဘာမှမရှိတဲ့အခြေနေ၊ သိုးခြံ၊ နွားခြံ သာမက စပျစ်ပင်နဲ့ သင်္ဘောသဖန်းပင်ကလဲ ဘာမှ မျှော်လင့်လို့မရတဲ့ အခြေအနေမျိုး။ ဒီလိုကာလမျိုးမှာ ဝမ်းမြောက်နိုင်တယ်ဆိုတာ က သူ့ရဲ့ဝမ်းမြောက်ခြင်းကို ဘုရားအပေါ်မှာ တည်ဆောက်ထားလို့ဖြစ်တယ်။

ဇူလိုင်လ ၁၉ရက်နေ့

စိတ်နှလုံး (၆)

“ထာဝရဘုရား​သည် လူ​မြင်​သကဲ့သို့ မြင်​တော်မူ​သည်​မ​ဟုတ်​။ လူ​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​တတ်​၏​။ ထာဝရဘုရား​မူကား စိတ်နှလုံး​ကို ကြည့်​တော်မူ​၏​”​ဟု မိန့်​တော်မူ​၏​။”ဓမ္မရာဇဝင်ပထမစောင်‬ ‭၁၆:၇

ဘုရားက လူတွေကြည့်သလို ကြည့်တာမဟုတ်ဘူး။ လူတွေက အပြင်ပန်းကိုဦးစားပေးပြီး ကြည့်တတ်၊ ဆုံးဖြတ်တတ်ပေမယ့်၊ ဘုရားကတော့ အတွင်းနှလုံးသာကိုပဲ အမြဲတမ်း ဦးစားပေး ရွေးချယ်လေ့ရှိတယ်။ ဘုရားနဲ့ သွားလာတတ်ဖို့ဆိုရင် အတွင်း စိတ်နှလုံးကို ဂရုစိုက်တတ်ဖို့ အထူးလိုတယ်။ ဘုရားကြီးမားစွာ အသုံးပြုတယ်ဆိုတာ အပြင် ကအရာတွေကြောင့်မဟုတ်ဘူး။ အတွင်း စိတ်သဘောထားကြောင့်။ အပြင်က အရာတွေကို လူတွေကကြည့်ပြီး အထင်ကြီးတာ၊ အထင်သေးတာ လုပ်တတ်ပေမယ့် ဘုရားကတော့ အတွင်း နှလုံးသားကိုပဲ ကြည့်ပြီး အရာရာကို ဆုံးဖြတ်လေ့ရှိတယ်။

ဇူလိုင်လ ၁၈ရက်နေ့

စိတ်နှလုံး (၅)

“အကြောင်းမူကား မည်သူ​သည် ထာဝရ​ဘုရား​၏​စိတ်​တော်​ကို​သိ​၍ သူ့​ကို​သွန်သင်​လိမ့်​မည်နည်း။ ငါ​တို့​၌​မူကား ခရစ်တော်​၏​စိတ်​ရှိ​၏။” ကောရိန္သုဩဝါဒစာပထမစောင်‬ ၂:၁၆ ‬‬

ဘုရားရဲ့စိတ်တော် နှင့်တွေ့ပြီး၊ ဘုရားအလိုကျ အသက်ရှင်နိုင်ဖို့ဆိုတာ ကိုယ့်ရဲ့ ကြိုးစားမှု၊ အရည်အချင်းနဲ့ ဘယ်လိုမှ၊ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ဘုရားရဲ့စိတ်တော်နှင့် အတွေ့ဆုံး၊ အလိုတော် အဝန်ခံ နိုင်ဆုံးက ခရစ်တော်ဖြစ်ပြီးတော့၊ အဲ့ဒီ ခရစ်တော်ရဲ့စိတ် နှလုံးမျိုးရဖို့အတွက် ဘယ်သူကမှ သင်ပေးနိုင်မှာ မဟုတ်ဘူး။ ခရစ်တော်ရဲ့ စိတ်သဘောကို ဘုရားကပဲ သင့်အထဲမှာ ထည့်ပေးလိုက်တဲ့အခါမှာ အရာရာ အားလုံးဟာ ဘုရား၊ ဘုရားစိတ်တော်ကိုသိရုံသာမက လက်တွေ့ လုပ်ဆောင်နိုင်သူပါ ဖြစ်လာတယ်။

ဇူလိုင်လ ၁၇ရက်နေ့

စိတ်နှလုံး (၄)

“ကိုယ်တော်​သည် အတွင်းစိတ်​၌​မှန်ကန်မှု​ရှိ​ခြင်း​ကို နှစ်သက်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​အတွင်း​နှလုံးသား​ထဲ၌ ဉာဏ်ပညာ​ကို သွန်သင်​ပေး​တော်မူ​၏​။”‭‭ဆာလံကျမ်း‬ ၅၁:၆ ‭

ဘာကြောင့် ဘုရားထံက လာတဲ့ပညာ အသက်တာမှာ လက်ခံရရှိဖို့ ခက်ခဲနေရတာလဲ? လောကကြီးမှာ အောင်မြင်စွာရှင်သန်ဖို့အတွက် အရေးကြီးဆုံးကတော့ ဘုရားထံကလာတဲ့ ပညာ အထူးလိုအပ်တယ်။ လောကမှာ နေထိုင်စားသောက်ဖို့တောင် လောကပညာရှိဖို့လိုတယ်။ ဘုရားနဲ့ အတူလက်တွဲပြီးတော့ ကြီးမားတဲ့ အောင်မြင်မှုတွေဆီ အရောက်လှမ်းနိုင်ဖို့အတွက်လဲ ဘုရားထံကနေ လာတဲ့ပညာမပါပဲ ဘယ်လိုမှ​မဖြစ်နိုင်ဘူး။ ဘုရားထံကနေ လာတဲ့ ပညာရရှိဖို့အတွက် ဘုရားနှစ်သက်တဲ့ အတွင်းစိတ်သဘော မှန်ကန်ခြင်းကလဲ မရှိမဖြစ်လိုအပ်တယ်။

ဇူလိုင်လ ၁၆ ရက်နေ့

စိတ်နှလုံး (၃)

“စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။” ‭‭ရှင်မဿဲခရစ်ဝင်‬ ‭၅:၈

ဘုရားကို မြင်ရဖို့ ကွယ်နေတဲ့အရာတွေက သင့်ပတ်ဝန်းကျင်၊ အခြေအနေနှင့် လူတွေမဟုတ်ဘူး။ ကိုယ်တိုင်ရဲ့နှလုံးသား ဟာ ဘုရားကိုရှင်းလင်းစွာ မြင်ဖို့ အတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်နေတတ်တယ်။ နှလုံးသား မပြောင်းလဲမချင်း မြင်ရတဲ့အရာလဲ ပြောင်းမှာမဟုတ်ဘူး။ လူတချို့က ဘုရားနှင့် ဘုရားပေးတဲ့ရူပါရုံတွေကိုမြင်ချင်ပေမယ့် စိတ်နှလုံးသားမှာ ပြောင်းလဲခြင်းမရှိတဲ့ မြင်ခွင့်မရကြဘူး။ ဘုရားကိုမြင်ရင် အရာရာကိုရှင်းလင်းစွာမြင် လာလိမ့်မယ်။

ဇူလိုင်လ ၁၅ ရက်နေ့

စိတ်နှလုံး (၂)

“သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။” ယေရမိအနာဂတ္တိကျမ်း‬ ၂၉:၁၃

ဘုရားကို ရှာရုံနဲ့ လွယ်လွယ်လေးတော့ တွေ့နိုင်မှာ မဟုတ်ဘူး။ လူများစွာ စိတ်ပျက်ပြီးတော့ လက်လျော့လိုက်ရတဲ့အကြောင်းအရင်းက ဘုရားကို ရှာပေမယ့် မတွေ့ခဲ့ကြဘူး။ ဘုရားက ရှာတိုင်း အတွေ့ခံမယ်လို့ကတိပေးထားတာ မဟုတ်ဘူး။ ရှာတဲ့အခါမှာ စိတ်နှလုံးက အဓိကကျတယ်။ ဘယ်လို နှလုံးသားမျိုးနှင့်ရှာသလဲ? တချို့က ဘုရားကို အသုံး ချဖို့သက်သက်၊ ပြဿာနာ ပြေလည်ချင်ရုံသက်သက်ပဲရှာကြတယ်။ တကယ့် နှလုံးသားတစ်ခုလုံးနှင့်အကြွင်းမဲ့ ရှာတဲ့သူ အတွက်တော့ ဘုရားကိုမတွေ့စရာ အကြောင်း လုံးဝမရှိပါဘူး။

ဇူလိုင်လ ၁၄ ရက်နေ့

စိတ်နှလုံး (၁)

“ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။” ဆာလံ ၃၇:၄

စိတ်နှလုံးရဲ့ အလိုဆန္ဒတွေကို ပြည့်စုံစေနိုင်တဲ့ အခွင့်ကို လောကကမှ ဘုရားကလွဲပြီးတော့ ဘယ်သူမှ မဖြည့်ဆည်းပေးနိုင်ဘူး။ အိမ်ထောင်ရေး ပြဿနာတွေရဲ့ အများစုဟာ ကိုယ့်ရဲ့စိတ်ဆန္ဒတွေကို ပြည့်ဖို့အတွက် လူတွေဆီမှာ ရှာခြင်းကနေ စတင်တယ်။ ဘယ်သူကမှ စိတ်နှလုံး အလိုကို ပြည့်စုံနိုင်အောင် မလုပ်ပေးနိုင်ဘူး။ လူတွေဆီမှာရှာလေ ပိုစိတ်ပျက်ရလေဖြစ်လိမ့်မယ်။ ဘုရားနှင့်မွေ့လျော်ခြင်းကနေပဲ သင့်ဘဝရဲ့ စိတ်နှလုံး အလို ပြည့်စုံခြင်းကို ရရှိနိုင်တယ်။ နေ့စဉ် ဘုရားဝတ်မှာ မွေ့လျော်ခြင်းက နှလုံးသားရဲ့အလိုဆန္ဒတွေပြည့်စုံခြင်းကို ခြေလှမ်းနေတယ်ဆိုတာမမေ့စေချင်ဘူး။

ဇူလိုင်လ ၁၂ ရက်နေ့

တန်ခိုးတော် (၆)

“ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-”‭‭၂ ကော ၁၂:၉

အားနည်းချက်တွေကို ကြည့်ပြီးတော့ စိတ်ပျက်မိတဲ့ဘဝကနေ အားနည်းချက်တွေအပေါ်မှာ ဘုရားရဲ့တန်ခိုးတော်ကိုနေရာပေးဖို့ ဆက်ကပ်တဲ့သူဖြစ်လာဖို့လိုတယ်။ လူတိုင်းအားနည်းချက်ရှိပါတယ်။ နည်းတာနဲ့ များတာပဲကွာတယ်။ အားနည်းချက်တွေများနေလို့လဲ​စိတ်မပျက်လိုက်နဲ့၊ အားနည်းချက်တွေ အပေါ်မှာ ဘုရားရဲ့တန်ခိုးတော်ကိုနေရာပေးလိုက်ရင် အားနည်းချက်တွေက ကျေးဇူးတော် ကိုပိုခံစားဖို့၊ ဘုရားတန်ခိုးတော် နေရာပိုယူဖို့ ဖြစ်လာလိမ့်မယ်။ ဘယ်အားနည်းချက်ကမှ သင့်ကို ဆွဲချ သွားမှာမဟုတ်ဘူး။ ဘုရားတန်ခိုးတော်ကြောင့် ဝမ်းမြောက်စရာ၊ ပိုပြီး ဘုရားဘုန်း ထင်ရှားစရာ ဖြစ်လာလိမ့်မယ်။

ဇူလိုင်လ ၁၁ ရက်နေ့

တန်ခိုးတော်(၅)

“အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။” ရှင်မာကုခရစ်ဝင် ၆:၅၂

ဘယ်သူတွေက ဘုရားရဲ့တန်ခိုးတော်ကို စိတ်မဝင်စားသလဲ? ဘယ်သူတွေရဲ့အသက်တာမှာ ဘုရားတန်ခိုးတော် အကြိမ်ကြိမ်ထင်ရှားရင်လည်းဂရုမစိုက်ပဲအသက်ရှင်တတ်သလဲ?

နှလုံးသား မိုက်မဲတဲ့သူတွေပါ။သူတို့ရဲ့အသက်တာမှာ နှလုံးသား မိုက်တဲ့အတွက် ဘုရားရဲ့တန်ခိုးတော်ကို စိတ်မဝင်စားသလို၊ ဖြစ်ခဲ့ဖူးတဲ့ ဘုရားရဲ့တန်ခိုးတော်လုပ်ပေးမှုကိုလည်းဘယ်တော့မှ ပမာဏမပြုတတ်ဘူး။ ကိုယ့်ရဲ့လုပ်ဆောင်နိုင်မှု၊ အရည်အချင်းပေါ်မှာပဲ ဘဝကိုတည်ဆောက်ထားတဲ့သူတွေဖြစ်တယ်။ နှလုံးသားကောင်းစားတဲ့သူတွေကတော့ ဘုရားရဲ့တန်ခိုးတော်ကို စိတ်ဝင်စားတယ်၊ ရှာတယ်။ ဘုရားရဲ့တန်ခိုးတော်မပါပဲ အသက်ရှင်လို့မရဘူးဆိုတာ ကောင်းကောင်းသိတယ်။

ဇူလိုင်လ ၁၀ ရက်နေ့

တန်ခိုးတော်(၄)

“ထို​တန်​ခိုး​တော်​ကား၊ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ၍ ခ​ရစ်​တော်၌​ပြု​ပြင်​သော မ​ဟာ​တန်​ခိုး အာ​နု​ဘော်​အ​ရှိန်​ကဲ့​သို့​ဖြစ်၏။-”‭‭ဧဖက်‬ ၁:၂၀

ဘုရားသင့်ကိုပေးတဲ့ တန်ခိုးတော်ဟာ ဘယ်လောက်တောင်ကြီးသလဲဆိုတာ သိပါသလား? လူတချို့က ကိုယ့်အသက်တာမှာရထားတဲ့ ဘုရားပေးတဲ့တန််ခိုးကိုမသိပဲ နှစ်ပေါင်းများစွာရှင်သန်ခဲ့ကြတယ်။ ထီပေါက်ပြီး မသိတဲ့လူလိုပဲ။ ထီလက်မှတ်ကြီးက သန်းချီတန်ပေမယ့် သူကတော့ လုံခြုံတဲ့နေရာမှာ သိမ်းထားပြီးတော့ သုံးလို့ရမှန်းမသိခဲ့သလိုပဲ။ ယုံကြည်သူများစွာက ဘုရားပေးတဲ့ တန်ခိုးတော်ကို ဘယ်လို အသုံးပြုရမလဲ? ဘယ်လောက် အသုံးဝင်သလဲဆိုတာကို မသိကြဘူး။ တကယ်တော့ ဘုရားပေးတဲ့တန်ခိုးတော် သခင်ယေရှုကို သေခြင်းကထမြောက်စေသလို သင့်ဘဝရဲ့သေနေတဲ့အရာရှိသမျှကလဲ ထမြောက်အောင် ကူညီပေးနိုင်တယ်။

ဇူလိုင်လ ၉ ရက်နေ့

တန်ခိုးတော်(၃)

“ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။” ကောလောသဲ‬ ၁:၂၉

တမန်တော်ထဲမှာ နောက်ကျပြီးတော့ ပြောင်းလဲကာ အမူတော်မှာပါဝင်ခဲ့ပေမယ့် အားလုံးရဲ့ရှေ့ကိုရောက်ခဲ့တဲ့ ပေါလု အသက်တာကိုကြည့်ရင် ဘုရားရဲ့တန်ခိုးတော်ဟာ သူ့ဘဝမှာ ဘယ်လောက် အလုပ်လုပ်ခဲ့သလဲဆိုတာကို တွေ့မြင်နိုင်တယ်။ ရှေ့က လူတွေအားလုံးထက် သာလွန်စေတဲ့အရာက သူ့အရည်အချင်း ကြိုးစားမှုကြောင့်မဟုတ်ပဲ ဘုရားရဲ့ တန််ခိုးတော် ပြုပြင်အားထုတ်မှုကြောင့်ဖြစ်တယ်လို့သူက ဝန်ခံထားတယ်။ နှစ်ပေါင်းများစွာလုပ်ရမယ့်အရာကို ဘုရားတန်ခိုးတော်ပါရှိတဲ့အခါမှာတော့ အချိန်အနည်းငယ်လေးတွေမှာ လုပ်ဆောင်အောင် မြင်နိုင်စေတယ်။ သူလုပ်ဆောင်နိုင်တာ အားလုံးဟာ ဘုရားတန်ခိုးတော်ရဲ့ ပြုပြင်လုပ်ဆောင်မှုကြောင့်သက်သက်ပါပဲ။

ဇူလိုင်လ ၈ ရက်နေ့

တန်ခိုးတော်(၂)

“ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-” ဧဖက်‬ ‭၆:၁၀

နိုင်ငံရေး၊စီးပွါးရေးနှင့် အရေးကိစ္စတိုင်းဟာ မတည်ငြိမ်မှုတွေ၊ လှုပ်ခါမှုတွေ အကြီးအကျယ်ခံနေရချိန်မှာ ခိုင်ခံ့မှုဆိုတာ တကယ့်ကို အရေးပါတဲ့အရာတစ်ခုဖြစ်လာတယ်။ ခိုင်ခံ့မှုမရှိရင် လှုပ်ခါမှုတွေထဲမှာ ပြိုလဲ သွားတဲ့သူဖြစ်လာနိုင်တယ်။ တမန်တော်ကြီးရှင်ပေါလုကတော့ အကြံပေးတယ် ခိုင်ခံ့ဖို့အတွက် သခင်ဘုရား အပေါ်မှာ တည်ဆောက်ဖို့လိုသလို၊ တန်ခိုးတော်နှင့်ရှင်သန်တတ်ဖို့လဲ အထူးလိုအပ်တယ်။ ဘုရားကို တော့သိပြီးတော့ ဘုရားတန်ခိုးတော်နှင့် မရှင်သန်တတ်ရင်တော့ သေချာတယ် ဒီလိုကာလ မျိုးမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ လဲပြိုသွားတဲ့အထဲမှာ သေချာပေါက် သင်ပါသွားနိုင်တယ်။


ဇူလိုင်လ ၇ ရက်နေ့

တန်ခိုးတော်

“သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။” ‭‭၁ ကောရိန္သု‬ ‭၂:၄-၅

ဘုရားရဲ့တန်ခိုးတော်က အသက်တာမှာ ဘာတွေယူဆောင်လာပေးသလဲ? ပထမဆုံး ယူဆောင်လာတာကတော့ ယုံကြည်ခြင်းဖြစ်တယ်။ လူ့ပညာနဲ့လာတဲ့ စကားလုံးတွေက အထဲမှာ ယုံကြည်ခြင်းကို မတည်ဆောက်ပေးဘူး။ လူတွေထင်နေတာက ယုံကြည်ခြင်းက ကြားနားခြင်းကနေပဲလာတယ်လို့ထင်နေကြတယ်။ ကြားနာခြင်းကနေ ရရှိနိုင်သလို၊ ဘုရားရဲ့တန်ခိုးတော်ကနေလဲ အသက်တာမှာ လိုအပ်တဲ့ ယုံကြည်ခြင်းကို ရရှိစေနိုင်တယ်။ တန်ခိုးတော်ကို နေရာပေးတဲ့ အသင်းတော်၊ မိသားစုမှာ ယုံကြည်ခြင်းဟာ အမြဲတိုးတက်အားကြီးနေလိမ့်မယ်။ ယုံကြည်ခြင်းကိုဖြစ်ပေါ်စေတဲ့ ဘုရားရဲ့တန်ခိုးတော်ကို နေရာပေးပါ။

ဇူလိုင်လ ၅ ရက်နေ့

ဘုရားအကြံအစည်(၆)

“မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။-” ‭‭ဧဖက်‬ ‭၁:၁၁

အခြေအပေါ်လိုက်ပြီး ဘုရားရဲ့အကြံအစည်က ပြောင်းလဲသွားမှာမဟုတ်သလို၊ အခြေအနေပေါ်မှာမူတည်ပြီးတော့ ဆွဲထားတဲ့ အကြံအစည်လဲမဟုတ်ဘူး။ ကမ္ဘာမတည်ရှိမှီကတည်းက သူ့ရဲ့ကြီးမားတဲ့စေတနာမေတ္တာတော် အပေါ်မှာအခြေခံပြီးတော့ ကြံစည်ထားတဲ့ကြီးမားတဲ့အကြံအစည်တော်ဖြစ်တယ်။ ရှေးမဆွက ကြံစည်ထားတဲ့အကြံအစည်ထဲမှာ ကယ်တင်ခြင်းခံစားဖို့ကနေ အမွေခံဖြစ်ဖို့အထိ အရာအားလုံးကို ထည့်သွင်း ထားတဲ့ ပြီးပြည့်စုံပြီး၊ ဘယ်လိုမှမဖျက်နိုင်၊ ဘယ်လိုမှ မတားဆီးနိုင်တဲ့ အကြံအစည်တော်ဖြစ်တယ်။ ကိုယ်မကြံစည်နိုင်ရင်တောင် ဘုရားအကြံအစည်တော်ကတော့ ပြည့်စုံလာအုံးမှာပဲ။

ဇူလိုင်လ ၄ ရက်နေ့

ဘုရားအကြံအစည် (၅)

“ဘု​ရား​သ​ခင်၏​အ​ကြံ​အ​မှု​ဖြစ်​လျှင် သင်​တို့​သည် မ​ဖျက်​ဆီး​နိုင်​ကြ။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​မ​ဖြစ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့​ဟု ပြော​ဆို၏။-” ‭‭တမန်တော်‬ ‭၅:၃၉

ဘုရားရဲ့အကြံအစည်သာ မှန်လျှင် ဘယ်သူကမှ မဖျက်နိုင်သလို၊ ဘယ်အခြေနေကြောင့် မှလဲ ရပ်တန့်အောင်မစွမ်းဆောင်နိုင်ဘူး။ လူတစ်ယောက်အပေါ်မှာထားတဲ့ ဘုရားအကြံအစည်ကိုတားဆီးဖို့ လုပ်ဆောင်တဲ့သူတိုင်းက ဘုရားရဲ့ အာဏာတော်ကို ဆန်တဲ့သူတွေ ဖြစ်တယ်။ ဘုရားကို ဆန့်ကျင် ပုန်ကန်တဲ့အသက်တာမဖြစ်ချင်ဘူးဆိုရင် ဘယ်တော့မှ အခြားသူတွေပေါ်မှာရော၊ ကိုယ့်အသက်တာမှာရော ဘုရားထားတဲ့အကြံအစည်တွေကို ဆန့်ကျင်ဖို့ မကြိုးစားနဲ့၊ ဝန်ခံလုပ်ဆောင်ဖို့ပဲ ဆုံးဖြတ်ပါ။ လူပေါင်းများစွာက ဘုရားအကြံအစည်ကိုဘေးဖယ်ထားပြီးတော့ ကိုယ့်စိတ်ကူးနဲ့ပဲရှင်သန်ဖို့ကြိုးစားရင်းနဲ့ ဘုရား ရဲ့အာဏာကို ဆန့်ကျင်နေမှန်းမသိကြဘူး။

ဇူလိုင်လ ၃ ရက်နေ့

ဘုရားအကြံအစည် (၄)

“ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။” ‭‭ဟေဗြဲဩဝါဒစာ‬ ‭၆:၁၇

လူကတော့ ပြောင်းလဲ တတ်ပါတယ်၊ ဒါပေမယ့် လူတွေ အပေါ်မှာထားတဲ့ ဘုရားရဲ့အကြံအစည်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကိုယ့်အသက်တာ အရင်လို မဟုတ်လို့ ဘုရားအကြံအစည်က လိုက်ပြီးတော့ပြောင်းလဲ သွားမယ်လို့တော့မထင်စေချင်ဘူး။ သင်ဘယ်လောက်ပဲ ပြောင်းလဲ သွားပါစေ သင့်အပေါ်မှာထားတဲ့ ဘုရားအကြံအစည်ကတော့ နည်းနည်းလေးမှ မပြောင်းလဲသွားဘူးဆိုတာ ယုံပါ။ ဘုရားက သူ့အကြံအစည်က ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာကို ယုံကြည်စိတ်ချ စေဖို့အတွက် ကတိသစ္စာပြုခြင်းဖြင့် အာမခံထားတယ်။


ဇူလိုင်လ ၂ ရက်နေ့

ဘုရားအကြံအစည် (၃)

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်၌ ကိုယ်​တော်၏​အ​ကြံ​အ​စည်​တို့​သည် အ​လွန်​ထူး​ဆန်း​ကြ​ပါ၏။ အ​လွန်​များ​ပြား​ကြ​ပါ၏။” ဆာလံ‬ ‭၁၃၉:၁၇

သာမန်ဘဝအသက်တာနှင့်ရှင်သန်ဖို့လောက်ပဲစိတ်ဝင်စားရင်တော့ ဘုရားရဲ့အကြံအစည်နဲ့ဝေးသွားမှာတော့ သေချာတယ်။ ရိုးရိုးရှင်းတဲ့ဘဝနဲ့ရှင်သန်ဖို့ပဲစိတ်ကူးယဉ်မယ်ဆိုရင်တော့ သင့်အပေါ်မှာ ဘုရားကြံစည်ထားတဲ့ အလွန်ထူးဆန်းတဲ့ အရာတွေနဲ့ဝေးသွားလိမ့်မယ်။ ဘုရားသင့်ဘဝအတွက် ကြံစည်ထားတဲ့အရာတွေက အလွန် များပြားသလို အလွန်လဲ ထူးဆန်းတယ်။ ဘုရားအကြံအစည်ထဲမှာရှင်သန်တဲ့သူတွေအသက်တာဟာ ကိုယ်တိုင်ရော ဘေးက ကြည့်တဲ့သူတွေအတွက်ရော ထူးဆန်းတာတွေ

ဇူလိုင်လ ၁ ရက်နေ့

ဘုရားအကြံအစည် (၂)

“အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။”‭‭ယေရမိအနာဂတ္တိကျမ်း‬ ‭၂၉:၁၁‬‬

အခက်အခဲနှင့် ဒုက္ခက မတူပါဘူး။ လူတွေက ကိုယ်ဘာကိုရင်ဆိုင်နေရတာလဲဆိုတာကို မသိဘူးဖြစ်နေတယ်။ ဘုရားအကြံအစည်ထဲမှာ သွားလာတဲ့သူတွေက အခက်အခဲတွေ၊စိန်ခေါ်မှုတွေကို ကြုံရနိုင်တယ်။ဒါတောင် အမြဲမဟုတ်ဘူး။ ခဏကြုံပြီးရင် ပိုကောင်းတဲ့ ဘုရားရဲ့အကြံအစည်ကိုမြင်တွေ့ခံစားရတယ်။ ဒုက္ခကတော့အဲ့လိုမဟုတ်ဘူး။ ဘယ်လောက်ပဲ ဒုက္ခကြုံကြုံ ကောင်းတဲ့အရာတွေကို ပြန်လည်ရိတ်သိမ်းရတယ်ဆိုမရှိဘူး။ ဘုရားအကြံအစည်ထဲကို မသွားလာလို့ ဒုက္ခနှင့်ရင်ဆိုင်ရတာ။

ဇွန်လ ၃၀ ရက်နေ့

ဘုရားအကြံအစည်

“မိုးကောင်းကင်​သည် ကမ္ဘာမြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​နည်းလမ်း​သည် သင်​တို့​၏​နည်းလမ်း​ထက်​၊ ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​ထက် သာ၍​မြင့်​၏​။” ‭‭ဟေရှာယအနာဂတ္တိကျမ်း‬ ၅၅:၉

ကိုယ့်အကြံအစည်နှင့်ပဲ အသက်ရှင်နေသလား ? ဒါမှမဟုတ် ဘုရားအကြံအစည်ထဲမှာ ရှင်သန်နေလား ? ဘယ်လို သိနိုင်မလဲ? အဖြေကတော့ရှင်းပါတယ် ကိုယ်တွေးနိုင်သလောက်၊ လုပ်နိုင်သလောက်နှင့် အစွမ်းအစရှိသလောက်ပဲ ဘဝမှာဖြစ်ပျက်နေတယ်၊ စားနေရတယ်ဆိုရင် သေချာတယ် သင်ဟာ ကိုယ့်အကြံအစည်ထဲမှာပဲ ရှင်သန်နေမိတယ်ဆိုတာ။ ဘဝက ပိုမြင့်တဲ့ နယ်ပယ်ထဲ မရောက်ပဲ အနိမ့်မှာပဲ တဝဲဝဲလည်နေသေးတယ်ဆိုရင် ပိုမြင့်ပြီးတော့ ပိုကောင်းတဲ့ ဘုရားအကြံအစည်ထဲမှာ မရှိသေးဘူး။ ကိုယ်အကြံအစည်ထက် အဆပေါင်းများစွာသာပြီးတော့ ပိုမြင့်မားတဲ့ နယ်ပယ်ထဲကို စတင်ပြီးတော့လျောက်လှမ်းနေရရင်တော့ သေချာတယ် သင်ဟာ ဘုရားအကြံအစည်ထဲမှာ စတင်လျှောက်လှမ်းနေပြီ။

ဇွန်လ ၂၈ ရက်နေ့

အမွေခံ (၆)

“ဤသည်ကား သင်​တို့​သည် ပျင်းရိ​ခြင်း​မ​ရှိ​ဘဲ ယုံကြည်​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​တို့​အားဖြင့် ကတိ​တော်​ကို​အမွေ​ဆက်ခံ​သော​သူ​တို့​အား အတုယူ​သူ​များ​ဖြစ်​ကြ​မည့်​အကြောင်း​တည်း။” ဟေဗြဲဩဝါဒစာ‬ ‭၆:၁၂

ကတိတော်ကိုအမွေဆက်ခံသူတိုင်းမှာ ရှိသင့်တဲ့ သင်ယူရမယ့်အရာ (၃)ခုရှိတယ်။ ပထမအချက်က ပျင်းရိခြင်းနှင့် ကင်းတာ။ ပျင်းရိခြင်းက အမွေဆက်ခံဖို့အတွက် ကျန့်ကြာစေတဲ့ အနှောင့်အယှက်တွေထဲကတစ်ခု။ အမွေခံဖြစ်ပေမယ့် ပျင်းရိခြင်းကိုနေရာပေးနေသရွေ့ ရသင့်တဲ့အမွေကိုရဖို့ ကြာနေလိမ့်မယ်။ ဒုတိယတစ်ခုကတော့ ယုံကြည်ခြင်းဖြစ်တယ်။ အမွေခံရမယ့်သူတိုင်းမှာ ရှိကိုရှိရမယ့် အရာဖြစ်တယ်။ ယုံကြည်ခြင်းမရှိတဲ့ ဘယ်သူကမှ ဘုရားပေးတဲ့ကတိတော် အမွေထဲကို ခြေချခွင့်ရမှာမဟုတ်ဘူး။ နောက်ဆုံးတစ်ခုကတော့စိတ်ရှည်ခြင်းပါ။ စိတ်မရှည်လို့၊ ကိုယ့်ခံစားချက်ကို မထိန်းလို့ ရသင့်တဲ့အရာကို ရသင့်တဲ့အချိန်မှာ မရလိုက်တဲ့ သူတွေအများကြီးရှိတယ်။

ဇွန်လ ၂၇ ရက်နေ့

အမွေခံ (၅)

“ထိုနည်းတူ ဘုရားသခင်​သည် မိမိ​အကြံအစည်​တော်​မ​ပြောင်းလဲ​နိုင်​ကြောင်း ကတိ​တော်​ကို​အမွေ​ဆက်ခံ​သူ​များ​အား ပိုမို​ထင်ရှား​စွာ​ပြ​လို​၍ ကတိ​သစ္စာ​ပြု​ခြင်း​ဖြင့် အာမခံ​တော်မူ​၏။”‭‭ဟေဗြဲဩဝါဒစာ‬ ‭၆:၁၇

ကတိတော်ကို အမွေဆက်ခံသူများအတွက် ဘုရားရဲ့အကြံအစည်ဟာ ဘယ်​တော့မှ မပြောင်းလဲသလို၊ ဘယ်လိုအခြေအနေ မျိုးမှာမဆိုလဲ ပျက်ဆီးသွားမှာမဟုတ်ဘူး။ ဘုရားဟာ မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲဘူး။ သူပေးမယ့်အကတိတော်အမွေဟာလဲ ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ဘူး။ ဒါက သူ့ရဲ့မြဲမြံတဲ့ ကတိသစ္စာတရားပဲ။ အမွေခံတစ်ယောက်အနေနဲ့ ဘုရားအပေါ်မှာ စိတ်ချတတ်ရင် အရာရာဟာ ကတိတော်ကိုအမွေခံဖို့ပဲ ဉီးတည်နေတယ်ဆိုတာ စိတ်ချပြီးတော့ ကြိုတင်ချီးမွမ်းတတ်လာပါလိမ့်မယ်။

ဇွန်လ ၂၆ ရက်နေ့

အမွေခံ (၄)

“အောင်မြင်​သော​သူ​သည် ဤ​အရာ​တို့​ကို အမွေ​ဆက်ခံ​ရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်မည်။” ‭‭ဗျာဒိတ်ကျမ်း‬ ၂၁:၇ ‭

သခင်ယေရှုခရစ်တော် ထဲမှာရှိတဲ့ အောင်မြင်ခြင်းကို သဘောပေါက်တဲ့သူရမယ့် အမွေဟာ သေးသေးလေးတော့မဟုတ်ဘူး။ ဘုရားသားဖြစ်ခြင်းကို နားလည်သဘောပေါက်ပြီးတော့ နေ့စဉ်ဘဝ အသက်တာကို ရှင်သန်တဲ့သူဟာ သာမန်လူတွေမရတဲ့အောင်မြင်ခြင်းကို ရရှိမှာဖြစ်သလို လူတိုင်းရခွင့်မရှိတဲ့ အမွေကို ဆက်ခံရလိမ့်မယ်။ ဘုရားသားဆိုတာက ဘုရားရဲ့ဖြစ်ခြင်းအတိုင်း ရှင်သန်ရပ်တည်တဲ့သူပါ။ သူ့ဘဝမှာ ဘုရားရဲ့ ပကတိကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ ဘုရားရဲ့တန်ခိုးတော်ဟာလဲ နေ့စဉ်လှုပ်ရှားအသက်ဝင်နေပါလိမ့်မယ်။

ဇွန်လ ၂၅ ရက်နေ့

အမွေခံ(၃)

“ငါ​ဆိုလို​သည်​ကား အမွေခံ​သည် အမွေ​ပစ္စည်း​ရှိသမျှ​ကို ပိုင်ဆိုင်​သူ​ဖြစ်​သော်လည်း ကလေး​သူငယ်​ဖြစ်​နေ​သေး​သရွေ့ ကျွန်​နှင့်​ခြားနား​ခြင်း​မ​ရှိ​ဘဲ”‭‭ဂလာတိဩဝါဒစာ‬ ၄:၁

အမွေခံတော့ မှန်ပေမယ့် ကြီးထွားတိုးတက်ခြင်းမရှိသရွေ့တော့ အစေခံတစ်ယောက်နဲ့ခြားနားမှာမဟုတ်ဘူး။ လက်ရှိအခြေအနေမှာ အစေခံ တစ်ယောက်လိုရှင်သန်ကြီးထွားနေရတာဟာ အမွေခံဖို့မရှိလို့မဟုတ်ဘူး။ အမွေခံဖို့ရှိပေမယ့် အချိန် ရောက်လာဖို့ စောင့်ဆိုင်းနေရတဲ့ကာလဆိုတာ နားလည်ထားဖို့လိုတယ်။ ဝိညာဉ်ရေးရာ ကလေးသူငယ်ဘဝကနေ ကြီးထွားရင့်ကျက်တဲ့ဘဝကို တက်လှမ်းတာနဲ့ အစေခံလိုဘဝကနေ အမွေခံဘဝကို ချက်ခြင်း ကူးပြောင်းသွားလိမ့်မယ်။

ဇွန်လ ၂၄ ရက်နေ့

အမွေခံ(၂)

“ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​လျှင်​အာ​ဗြ​ဟံ၏ အ​မျိုး​အ​နွယ်​ပင်​ဖြစ်၍၊ က​တိ​တော်​အ​တိုင်း အ​မွေ​ခံ၏​အ​ရာ၌ တည်​ကြ၏။”‭‭ဂလာတိ‬ ၃:၂၉

ဣသရေလ လူမျိုးတွေကို ကြည့်ရင် ကောင်းတာထက် မကောင်းတဲ့အရာတွေက ပိုများတယ်။ သူတို့တွေ ကောင်းကြီးရတာ၊ ချီးမြှောက်ခြင်းခံရတာက သူတို့အရည်အချင်းထက် အာဗြဟံ ထံကနေ လက်ဆင့်ကမ်း ရရှိတဲ့ ဝိညာဉ်ရေးရာ အမွေကြောင့် ဆိုပိုမှန်တယ်။ ခေါင်းမာတယ်၊ပုန်ကန်တတ်တယ်၊ ကောင်းကြီး ခံစားရင် ဘုရားကိုမေ့ပြီးကျောခိုင်းတတတဲ့သူတွေဖြစ်ပေမယ့် ဘုရားအာဗြဟံနှင့်ဖွဲ့ထားတဲ့ ပဋိညာဉ်ကြောင့် သူတို့ဟာ ကြီးမားတဲ့ကောင်းကြီးကို အမွေအဖြစ် လက်ခံရရှိပြီး ထူခြားတဲ့အသက်တာ ခံစားရတယ်။ ယနေ့မှာလဲ သခင်ယေရှုကြောင့် သင်နှင့်ကျွန်ပ်သည်လည်း ထိုဣသရေလ လူမျိုးတွေကို ထူးခြားစေတဲ့ ကောင်းကြီးမဂ်လာကို အမွေအဖြစ် လက်ခံရရှိရန် အခွင့်အရေး ရရှိနေတယ်။

ဇွန်လ ၂၃ ရက်နေ့

အမွေခံ

“ထာ​ဝ​ရ​ဘု​ရား​သည် ငါ​အ​မွေ​ခံ​ရာ​အ​ဖို့၊ ငါ​စား​သောက်​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​မွေ​အ​နှစ်​ကို စောင့်​ရှောက်​တော်​မူ၏။”‭‭ဆာလံ‬ ‭၁၆:၅

လူအများစုတွေးထင်နေတတ်ကြတာက ငါတို့မှာ ရစရာ အမွေမရှိဘူးဆိုတာပါပဲ။ တကယ်တော့ မှန်ကန်ကောင်းမွန်ပြီးတော့ တန်ဖိုးဖြတ်လို့မရတဲ့ အမွေရခွင့်ရှိပါတယ်။ ကိုယ်ပိုင်ရမယ့်အမွေကို မသိရင် ဘယ်လို လက်ခံရယူမှာလဲ? တကယ်တော့ အသက်ရှင်ပြီးတော့ လူတိုင်းပေါ်မှာ ကောင်းမြတ်တဲ့ ဘုရားက ကျွန်တော်တို့ရဲ့ ရသင့်တဲ့ စစ်မှန်တဲ့အမွေပါပဲ။ သူဟာ သင်ရသင့်တဲ့အမွေအဖြစ် သူ့ကိုယ်သူ ပေးချင်တဲ့ သူပါ။ ကိုယ်ခံရမယ့်အမွေကို သိပြီးတော့ တန်ဖိုးထားတတ်မယ်ဆိုရင် အရာရာဟာ ကျေးဇူးတော်ချီးမွမ်းစရာဖြစ်လာမှာသေချာပါတယ်။

ဇွန်လ ၂၁ ရက်နေ့

တိကျတဲ့အာမခံချက် (၆)

“ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။” ‭‭ရှင်ယောဟန်‬ ‭၁၆:၂၄

သခင်ယေရှုနာမနှင့် ဆုတောင်းရင် သေချာပေါက် အဖြေရမှာဖြစ်ပြီးတော့ ဝမ်းမြောက်ခြင်းနှင့်အဆုံးသတ်ခွင့်ရ မယ်လို့ တိကျတဲ့ အာမခံချက်ကိုပေးခဲ့တယ်။ ဒီလို အာမခံချက်မျိုးကို ဘယ်သူကပေးရဲလို့လဲ? ဘယ်သူကများ ပေးခဲ့လို့လဲ? မသေချာမရေရာတဲ့လောကကြီးမှာသေချာတဲ့အာမခံချက်ကို ပေးနိုင်တဲ့သူကတော့ သခင်ယေရှုပဲရှိတယ်။ သခင်ယေရှုရဲ့နာမကို အမှီပြုပြီးတော့ တောင်းသမျှဆုဟာ ပြည့်စုံဖို့ အတွက် တစ်ခုတည်းသော နာမဖြစ်တယ်။ တချို့ရမယ်လို့ မပြောထားဘူး တောင်းသမျှ ရမယ်လို့ အာမခံထားတယ်။ ဘယ်လောက် အံ့ဩဖွယ်ကောင်းတဲ့ အာမခံချက်လဲ။

ဇွန်လ ၂၀ ရက်နေ့

တိကျတဲ့အာမခံချက် (၅)

“ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။-” ရှင်ယောဟန်‬ ‭၁၄:၁၆

သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကျွန်တော်တို့နဲ့ အတူရှိပြီးတော့ နေ့ရက်စဉ်တိုင်းလိုအပ်တဲ့ သွန်သင်မှုတွေကိုလုပ်ဖို့အတွက် သခင်ယေရှုက အာမခံချက် ပေးခဲ့တယ်။ သခင်ယေရှုကောင်းကင်တက်ကြွခါနီးမှာ အားငယ်နေတဲ့ တပည့်တော်တွေကို အကြိမ်ကြိမ်မှာခဲ့တဲ့အရာလဲဖြစ်တယ်။ ယုံကြည်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခြင်းက အရည်အချင်းတွေ၊ လူ့ဘက်က လုပ်နိုင်စွမ်းတွေကြောင့် မဟုတ်ဘူး။ သခင်ယေရှုပေးခဲ့တဲ့ အာမခံချက်ကြောင့်သာဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ လူတချို့အတွက်ပဲ ပေးထားတာမဟုတ်ဘူး။ သခင်ယေရှုကို ယုံသူတိုင်းအတွက်ပေးထားတာပါ။ ဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို မရရှိမှာ ပူစရာမလိုဘူး။

ဇွန်လ ၁၉ ရက်နေ့

တိကျတဲ့အာမခံချက် (၄)

“အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။” ၂ ကော ၈:၉

သခင်ယေရှုဘာကြောင့် ဒီလောက်တောင် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရတာလဲ? ဘာကြောင့်များ ဘုရားစည်းစိမ်ကို စွန့်လွှတ်ခဲ့ရတာလဲ? အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ သူဟာ လူသားတိုင်းအတွက် ကိုယ်စားခံခဲ့တဲ့သူပါ။ လူတွေခံစားရမယ့် အရာခပ်သိမ်းအတွက် ကိုယ်စားခံခဲ့တဲ့အခါမှာ သူ့ကိုယ်ယုံကြည်သူတွေ ဘယ်တော့မှ ဒီလိုဆင်းရဲခြင်းမျိုး မခံရဖို့အတွက်ဖြစ်တယ်။ ဆင်းရဲခြင်းအမျိုးမျိုးမှ ကယ်လွှတ်မယ့်အာမခံချက် ပေးဖို့အတွက်သူဟာ ဆင်းရဲခြင်း အမျိုးမျိုးကို ခံခဲ့တယ်။

ဇွန်လ ၁၈ ရက်နေ့

တိကျတဲ့အာမခံချက် (၃)

“ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။” ယော ၁၄:၁၂

သခင်ယေရှုကို ယုံကြည်တယ်ဆိုတာ ဘယ်လို သိနိုင်မလဲ? လူတိုင်းကတော့ နှုတ်ကနေ ယုံကြည်တယ်လို့ပြောကြတာပဲမဟုတ်လား? တကယ်ယုံတယ်ဆိုရင် သက်သေရှိဖို့လိုတယ်။ ယုံကြည်တဲ့သူဟာ သခင်ယေရှုပြုတဲ့အမှုတွေကို ပြုတဲ့သူဖြစ်မယ်၊ ဒါတင်မကဘူး ဒီထက်ကြီးမားတဲ့ အရာတွေကိုလဲ​ပြုနိုင်တဲ့ သူဖြစ်လာမယ်။ ဘယ်လောက်တောင် အံ့ဩဖွယ် ကောင်းတဲ့အာမခံချက်လဲ? သင့်ဘဝမှာ သာမန် သေးသေးလေး တွေပဲလုပ်ပြီးတော့ ပြီးဆုံးသွားဖို့ ဘုရားအလိုတော် မဟုတ်

ဘူး။ ကြီးမားတဲ့အရာတွေကို သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် လုပ်ဆောင်ဖို့အတွက် ဘုရားက အလိုတော်ရှိတယ်။

ဇွန်လ ၁၇ ရက်နေ့

တိကျတဲ့အာမခံချက် (၂)

ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။ ရှင်​မဿဲ​ခ​ရစ်​ဝင်​ပြီး၏။”‭‭ရှင်မဿဲ‬ ၂၈:၂၀ ‭

ဘုရားသားသမီး တစ်ယောက်ရဲ့ဘဝမှာ ဘယ်တော့မှ အထီးကျန်တယ်ဆိုတာ မရှိတော့ပါဘူး။ အထီးကျန်တယ်လို့ ခံစားချက်က လူပေါင်းများစွာရဲ့ဘဝကို လဲဖြိုချတဲ့ မှားယွင်းတဲ့ခံစားချက်တစ်ခုပဲဖြစ်တယ်။ လူပေါင်းများစွာ ဟာ အထီး ကျန်တဲ့ဝေဒနာကို ခံစားနေရပြီးတော့ ဘယ်လိုကုသမှုမျိုးနဲ့မှ ပျောက်ကင်းနိုင်ဖို့ မလွယ်ပါဘူး။ ဘုရားကတော့ ကတိပေးတယ် ဘယ်တော့မှ တစ်ယောက်ထဲ အထီးကျန်တဲ့ဘဝမှာ သူ့သားသမီးတွေ မရှင်သန်စေဘူး။ အမြဲတမ်း အတူရှိမယ်။ ဘယ်လောက် ကောင်းလိုက်တဲ့ အာမခံချက်လဲ။

ဇွန်လ ၁၆ ရက်နေ့

တိကျတဲ့အာမခံချက်

“ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။”‭‭ရှင်မဿဲခရစ်ဝင်‬ ‭၆:၃၁

လူတွေကို စိုးရိမ်မှုအပေးဆုံးက စား၊ဝတ်၊နေရေး ပဲ မဟုတ်လား? နေ့စဉ်ကြားနေရတဲ့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေ၊ စားနပ်ရိက္ခာ ရှားပါးမှုတွေနဲ့ စစ်ပွဲ သတင်းတွေက စိုးရိမ်မှုကို ပိုပြီး မြင့်တက်စေတယ်။ ဒီအရာတွေအကုန်လုံးဖြစ်ပျက်လာ ခြင်းက ဘုရားသခင်ကြိုတင် ပရောဖက်ပြုချက်များ ပြည့်စုံခြင်းပါ။ ပရောဖက်ပြုချက်များ ပြည့်စုံသလို ဘုရားကြိုတင် ပေးထားတဲ့ ကတိတော်များလဲ ပြည့်စုံမယ်ဆိုတာကိုစိတ်ချစေခြင်တယ်။ ဘယ်လို အခြေအနေ မျိုးမဆို ဘုရားထောက်ပံ့မယ် တာဝန်ယူမယ်ဆိုတာကို ယုံကြည်ခြင်းနှင့် အသက်ရှင်တဲ့သူအတွက် အရာရာဟာ ကတိတော် ခံစားဖို့ဖြစ်လာမှာပါ။

ဇွန်လ ၁၄ ရက်နေ့

ဆုတောင်းခြင်းနောက်မှာ (၆)

“အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။”‭‭ ၄ ဓမ္မ ၂၀:၃

၁၅ မိနစ် နှလုံးသားအကြွင်းမဲ့ ဆုတောင်းခြင်းရဲ့နောက်မှာ ၁၅ နှစ် ဆက်ပြီးအသက်ရှင်ဖို့ အကြောင်းဖြစ်သွားတဲ့ ဟေဇကိမင်းကို မှတ်မိမယ်လို့ထင်တယ်။ ဘယ်တော့မှ မလွဲပဲ ပရောဖက်ပြုတတ်တဲ့ ဟေရှာယကြီး ရောက်လာပြီး သေတော့မယ်လို့ ပြောခဲ့ပေမယ့် နံရံဘက်ကို လှည့်ပြီး နှလုံးသားနဲ့ ဘုရားထံဆုတောင်းလိုက်တဲ့ နောက်မှာ ပရောဖက်ပြုချက်က သေခြင်းကနေ ရှင်ခြင်းကို ကူးပြောင်းသွားတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာတစ်ခုဖြစ်တဲ့ နေမင်းကြီးကတောင် အနောက်ကို ဆယ်ချက် ပြန်ဆုတ်သွားရတဲ့အထိ ဘုရားက သက်သေပေးခဲ့တယ်။

ဇွန်လ ၁၃ ရက်နေ့

ဆုတောင်းခြင်းနောက်မှာ (၅)

“သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။”. ရှင်လုကာ‬ ၁၁း၁၃‬‬

ဘယ်သူတွေရဲ့အသက်တာမှာ သန့်ရှင်းသောဝိညာဉ်တော် ပိုအလုပ်လုပ်တာ မြင်တွေ့ရသလဲ? ယုံကြည်သူအချင်းချင်းတောင်မှ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်လို့ရတဲ့ သူနှင့် အလုပ်လုပ်လို့မရတဲ့သူဆိုတာ ရှိတယ်။ တချို့သောသူတွေရဲ့အသက်တာမှာ သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးရော၊ အသီးအပွင့်ရော လုံးဝကို မမြင်ရဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဆုတောင်းသောသူ ရဲ့အသက်တာမှာ ပိုပြီးတော့ လူပ်ရှားလို့ရသလို၊ သူ့ရဲ့ ဆုကျေးဇူးတွေ၊ အသီးအပွင့်တွေကိုလဲ ပိုပြီး ထင်ရှားစွာမြင်တွေ့ရတယ်။ ဆုတောင်းတဲ့သူ ဟုတ်လား? မဟုတ်လား? ဆိုတာ သန့်ရှင်းသောဝိညာဉ်တော်က အဆုံးဖြတ်ပေးပါတယ်။

ဇွန်လ ၁၂ ရက်နေ့

ဆုတောင်းခြင်းနောက်မှာ (၄)

“ထိုသို့ အကျွန်ုပ်​သည် စိတ်နှလုံး​ထဲ၌ မြွက်ဆို​၍ မ​ပြီး​မီ ရေဗက္ကာ​သည် မိမိ​ပခုံး​ပေါ်တွင် ရေအိုး​တင်​လျက်​ထွက်လာ​ပြီး စမ်းရေတွင်း​သို့​ဆင်းသွား​၍​ရေခပ်​ပါ​သည်​။ အကျွန်ုပ်​က သူ့​အား ‘​ရေသောက်​ပါရစေ​’​ဟု ဆို​လျှင်” ကမ္ဘာဦးကျမ်း‬ ‭၂၄:၄၅

ဆုတောင်းချက်တောင် မဆုံးသေးဘူး ဘုရားက စအလုပ်လုပ်နေပြီဆိုတာ ဣဇါက်မိန်းမ သွားရှာတဲ့ အဖြစ်ပျက်မှာတွေ့ရတယ်။ အာဗြဟံရဲ့ ကျွန်က သူ့သခင်အတွက် ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ သူ့ရဲ့အရည်အချင်းနဲ့ မလုပ်ပဲ ဆုတောင်းခြင်းနှင့် ဆက်ကပ်အပ်နှံခဲ့တယ်။ ဒါကြောင့်လဲ ဘုရားပြင်ဆင်ပေးတဲ့ အကောင်းဆုံးဆိုတာကို တွေ့ခွင့်ရခဲ့တယ်။ ဆုတောင်းခြင်းအားဖြင့်ရတဲ့ အဖြေက ကြိုးစားမှုတွေ အရည်အချင်းတွေကြောင့်ရတာတဲ့အဖြေထက် ပိုကောင်းတယ်၊ ပိုပြီးတော့ လှပတယ်။ ဘုရား ပြုပေးတဲ့ အံ့ဩဖွယ်ရာအမှုတွေကို ဆုတောင်းတဲ့သူ ရဲ့အသက်တာမှာ အမြဲတွေ့ရတယ်။

ဇွန်လ ၁၁ ရက်နေ့

ဆုတောင်းခြင်းနောက်မှာ (၃)

“ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌” ဧဖက်ဩဝါဒစာ‬ ၃:၂၀ ‭

ဆုတောင်းချက်တွေတိုင်းပဲ ဘုရားက အလုပ်လုပ်တာ မဟုတ်ပါဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့ ဆုတောင်းချက်တွေက ကိုယ့်အတွက် မကောင်းတဲ့အရာတွေတောင် ရှိသေးတယ်။ အရာအားလုံးသိတဲ့ဘုရားက ဆုတောင်းချက်အတိုင်းသာ လုပ်ပေးရင် သူ့သားသမီး ဒုက္ခရောက်မလား ကောင်းကြီးဖြစ်မလား ဆိုတာ ပိုသိတယ်။ဒါကြောင့် ဆုတောင်းချက်တွေထက် အသက်တာမှာ ပိုပြီးတော့မဂ်လာဖြစ်စေမယ့်အရာတွေကို အမြဲပြုလေ့ရှိတယ်။ ဆုတောင်း ပြီးတဲ့နောက်မှာ ဘုရားရဲ့ တန်ခိုးတော် ဟာ သင့်အသက်တာမှာ ပိုကောင်းအောင် ပိုပြီးတော့ လှပအောင် အလုပ်လုပ်ပေးမယ်ဆိုတာ စိတ်ချယုံကြည်ပါ။

ဇွန်လ ၁၀ ရက်နေ့

ဆုတောင်းခြင်းနောက်မှာ (၂)

“ထို​သို့ ရှော​လ​မုန်​တောင်း​လျှောက်​သော ပ​တ္ထ​နာ​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည် နှစ်​သက်​တော်​မူ၏။” ‭‭၃ ဓမ္မ ၃:၁၀

တောင်းချင်ရာတောင်းလို့ ခွင့်ပေးခဲ့ပေမယ့် လိုချင်တာတွေမတောင်းပဲ ဘုရားခန့်အပ်တဲ့ နေရာအတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့ပညာကိုပဲတောင်းခဲ့တယ်။ ငယ်ရွယ်တဲ့သူတစ်ယောက်အတွက် လိုချက်တာတွေ များစွာရှိမှာပါ။ ဒါပေမယ့်လိုအပ်ချက်နှင့်လိုချင်တဲ့အရာကို ခွဲခြားသိမြင်ခဲ့ပြီး ဘုရားစေခိုင်းတဲ့အရာကိုပီပြင်စွာ လုပ်ဆောင်နိုင်ဖို့ ဘုရားပေးတဲ့ အစွမ်းကိုလိုအပ်တဲ့အကြောင်း မှန်ကန်စွာ သိမြင်ခဲ့တဲ့ ရှောလမုန်ရဲ့ဆုတောင်းချက်ကို ဘုရားက လွန်စွာသဘောကျခဲ့တယ်။ ဒါကြောင့်လဲ လိုအပ်တာပဲမပေးပဲ မတောင်းတဲ့ ဆုတွေများစွာကိုလဲ ပေးခဲ့တယ်။ ဆုတောင်းခြင်းထဲမှာ ဘုရားရဲ့စိတ်တော်နှင့် တွေ့ရှိခြင်းက ဘဝကို ထူးခြားပြောင်းလဲသွားစေခဲ့တယ်။

ဇွန်လ ၉ရက်နေ့

ဆုတောင်းခြင်းနောက်မှာ

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​အား​ဆု​တောင်း​တတ်၍၊ တောင်း​သော​ဆု​ကို ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ၏။” ၁ရာချုပ်‬ ‭၄:၁၀

ဒုက္ခအခက်အခဲတွေ ဝိုင်းရံတဲ့ကြားမှာ လူဖြစ်လာရတာ ယာဗက် တစ်ယောက်ထဲတော့မဟုတ်ဘူး။ မိဘရဲ့ ငြိုငြင်ခြင်းနှင့် ဆိုးရွားတဲ့ အမည်နာမသမုတ်ခြင်းခံရတာလဲ သူလိုလူတွေမှ အများကြီး။ ဒါပေမယ့် ယာဗက်လိုတော့ ဒီလို ဆိုးရွားတဲ့အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့သူကတော့ အနည်းငယ်ပဲရှိတယ်။ ခံစားချက်တွေ မကျေနပ်ချက်တွေနဲ့ပဲ ဘဝကိုခရီးဆက်ကြပြီးတော့ ကြုံရသမျှ အရာတွေကို မပြောင်းလဲနိုင်ခဲ့ဘူး။ ယာဗက်ရဲ့ ပြောင်းလဲမှုကြီးထဲမှာ တခြားအရည်အချင်းကြောင့်တော့မဟုတ်ဘူး။ သူဟာ ဘုရားကို ယုံယုံကြည်ကြည်နဲ့ကို ဆုတောင်းခဲ့ခြင်းလို့ နှုတ်ကပတ်တော်က မီးမောင်းထိုးပြတယ်။ သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းတွေဟာ သူရဲ့ ဆုတောင်းခြင်းနောက်မှာ သက်ရောက်လာတယ်။

ဇွန်လ ၇ ရက်နေ့

စကားလုံးတွေရဲ့တန်ခိုး (၆)

“ထို့ကြောင့် သူ​တို့​အား ‘​ငါ အသက်ရှင်​သည်​ဖြစ်၍ ငါ​ကြားသိ​အောင် သင်​တို့​ပြော​ခဲ့​သည့်​စကား​အတိုင်း သင်​တို့​အား ငါ အမှန်တကယ်​ပြု​မည်​။” တောလည်ရာကျမ်း‬ ‭၁၄:၂၇

ဘုရားက သူ့အလိုတော်အတိုင်း သင့်ဘဝမှာ လုပ်ပေးတာထက် သင့်နှုတ်ကနေ ပြောတဲ့စကားအတိုင်း သင့်အပေါ်မှာ လုပ်ဆောင်ပေးတယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။ ဣသရေလ လူမျိုးတွေ နှစ်ပေါင်းလေးဆယ် လုံးလုံး အခက်ပေါင်းများစွာကိုရင်ဆိုင်ပြီးတော့ ကတိတော်ထားတဲ့ ခါနန်ပြည်ကို မဝင်ရတာဟာ ဘုရား မပို့ပေးချင်လို့လဲ မဟုတ်သလို ၊မပို့ပေးနိုင်လို့လဲ မဟုတ်ဘူး။ ကန္တရထဲမှာ နှစ်ပေါင်းများစွာ တောလည် နေရတာ၊ အခက်အခဲတွေကို ရင်ဆိုင်နေရတာဟာ သူတို့ရဲ့ ပြောတဲ့စကားလုံးတွေကြောင့်ဆိုတာ သူတို့ သဘောမပေါက်ခဲ့ကြဘူး။ ဘုရားက သူတို့ပြောတဲ့စကားအတိုင်းပဲ သူတို့ဘဝမှာ ကြုံတွေ့စေတယ်။

ဇွန်လ ၆ ရက်နေ့

စကားလုံးတွေရဲ့ တန်ခိုး (၅)

“သင်​တို့​၏​နှုတ်​ထဲမှ မကောင်း​သော​စကား​တစ်ခွန်း​ကို​မျှ မ​ထွက်​စေ​နှင့်။ ကြား​ရ​သော​သူ​တို့​ကို ကျေးဇူးပြု​နိုင်​ရန် လိုအပ်​ချက်​နှင့်အညီ တည်ဆောက်​စရာ​ဖြစ်​စေ​သည့် ကောင်း​သော​စကား​တို့​ကို​သာ ပြောဆို​ကြ​လော့။” ဧဖက်ဩဝါဒစာ‬ ‭၄:၂၉

သင့်နှုတ်က ထွက်တဲ့ စကားလုံးတွေကတန်ခိုးရှိသလို၊ တန်ဖိုးလဲရှိတယ်။ ပြောတဲ့ စကားလုံးတွေက လေထဲမှာ လွင့်ပြယ် ပျောက်ဆုံးသွားတာ မဟုတ်ဘူး။ ပြောတဲ့စကား လုံးတိုင်းက ကောင်းတဲ့ဘက်မှာလဲ သုံးလို့ရသလို၊ မကောင်းတဲ့ အရာတွေအတွက်လဲ ဖြစ်စေနိုင်တယ်။ တမန်တော်ကြီး ရှင်ပေါလုက ပျက်ဆီးစေမယ့်စကားလုံးတွေကို မပြောထုတ်ဖို့ သေချာသတိပေးထားတယ်။ ကျေးဇူးပြုနိုင်တဲ့ စကားလုံးနဲ့ တည်ဆောက်စရာအဖို့ ကောင်းတဲ့စကားတွေကိုပဲ ပြောထုတ်ဖို့ မှာတယ်။

ဇွန်လ ၅ ရက်နေ့

စကားလုံးတွေရဲ့ တန်ခိုး (၄)

“လူ​သည် မိမိ​နှုတ်​၏​အသီးအပွင့်​ဖြင့် မိမိ​ဝမ်း​ကို​ပြည့်​စေ​၍ မိမိ​နှုတ်ခမ်း​၏​အမြတ်အစွန်း​ဖြင့် အလိုပြည့်စုံ​တတ်​၏​။” သုတ္တံကျမ်း‬ ၁၈:၂၀

လက်ကနေ လုပ်တဲ့စီးပွါး ရှိသလို၊ ပညာနဲ့လုပ်တဲ့စီးပွါး လဲရှိပါတယ်။ ဒါတင်မကဘူး နှုတ်ခမ်းကနေ ရတဲ့ စီးပွါးရေးလဲ ရှိသေးတယ်။ တချို့ဆို ဘာအရင်းအနှီးမှ မရှိပေမယ့် နှုတ်ခမ်းကို ရင်းနှီးမြှုပ်နှံပြီးတော့ အကျိုးဆောင်တဲ့အတွက် များစွာ စီးပွါးဖြစ်ထွန်းနေတာတွေလဲရှိတယ်။ သင့်နှုတ်ကနေ ယုံကြည်ခြင်းနှင့် ပြောတဲ့ စကားလုံးတိုင်းဟာ သင့်အသက်တာမှာ ခံစားရမယ့်အရာတွေကို ဆုံးဖြတ်တယ်။ နှုတ်ခမ်းကြောင့်ရတဲ့ အမြတ်အစွန်းက သေးသေးလေးတော့မဟုတ်ဘူး။ ကိုယ့်ဘဝရဲ့ အလိုဆန္ဒတွေကို ပြီးပြည့်စုံစေတဲ့အထိ တတ်စွမ်းနိုင်တယ်။

ဇွန်လ ၄ ရက်နေ့

စကားလုံးတွေရဲ့ တန်ခိုး (၃)

“အကြောင်းမူကား အသက်ရှင်​ခြင်း​ကို​နှစ်သက်​၍ ကောင်း​သော​နေ့ရက်​တို့​ကို တွေ့မြင်​လို​သော​သူ​သည် မိမိ​လျှာ​ကို​ချုပ်တည်း​၍ မကောင်း​သော​စကား​နှင့်​ကင်းလွတ်​စေ။ မိမိ​နှုတ်​ကို​လည်း​ချုပ်တည်း​၍ မုသား​မ​ပြော​မိ​စေ​နှင့်။” ‭‭ရှင်ပေတရုဩဝါဒစာပထမစောင်‬ ၃:၁၀

ကောင်းမွန်တဲ့နေ့ရက်တွေကို ကောင်းမွန်တဲ့စကားလုံးတွေကဖန်တီးတယ်။ ပြောလိုက်တဲ့စကားလုံးတွေတိုင်းက လေထဲမှာ လွင့်ပြီးတော့ မပျောက်သွားဘူး။ ပြောတဲ့စကားလုံးတွေက မမြင်ရပေမယ့် ပြောတဲ့အတိုင်း ဖြစ်လာတဲ့အချိန်ကျရင် မြင်ရတဲ့ ကာလရောက်လာလိမ့်မယ်။ ခံစားချက်နဲ့ ပြောတဲ့ စကားလုံးတွေဟာ အဓိပ္ပာယ်မရှိတဲ့ အနာဂတ်ကိုပဲ ဖန်တီးတယ်။ ယုံကြည်ခြင်းနှင့် ပြောတဲ့စကားလုံးတိုင်းဟာ လှပတဲ့ အနာဂတ်ကို ထုဆစ်တယ်။

ဇွန်လ ၃ ရက်နေ့

စကားလုံးတွေရဲ့ တန်ခိုး (၂)

“သူ​တို့ သုံးဖွဲ့စလုံး လက်ဝဲ​လက်​၌ မီးတုတ်​၊ လက်ယာ​လက်​၌ တံပိုး​ကို ကိုင်ဆောင်​ပြီး တံပိုး​ကို​မှုတ်​၍ ရေအိုး​ကို​ရိုက်ခွဲ​ကာ “​ထာဝရဘုရား​၏​ဓား​၊ ဂိဒေါင်​၏​ဓား​”​ဟု ကြွေးကြော်​ကြ​ပြီး”

‭‭တရားသူကြီးမှတ်စာ‬ ၇:၂၀

ကျွန်တော်တို့ နှုတ်ကထွက်တဲ့ စကားလုံးတွေဟာ လက်နက်တွေထက် ပိုပြီးတော့အစွမ်းထက်ပါတယ်။ ဂိဒေါင်ဟာ အဆမတန်များပြားတဲ့ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်တဲ့အခါမှာ ဓား၊ လှံတွေ မပါခဲ့ပေမယ့် ကြီးစွာသော အောင်မြင်ခြင်းကိုရရှိခဲ့တယ်။ အခြားသူတွေဟာ စစ်တိုက်ဖို့များနိုင်သမျှ များအောင် လူစုလေ့ရှိပေမယ့်ဘုရားက ဂိဒေါင်ကို ရှိတဲ့လူတွေကို လျော့ချခိုင်းတယ်။ သွားပြီးတိုက်တဲ့အခါမှာလဲ ဓားတစ်ချောင်းလေးတောင်မပါပဲ ဘုရားကြွေးကြော်ခိုင်းတဲ့အတိုင်း ထာဝရ ဘုရား၏ဓား၊ ဂိဒေါင်ရဲ့ဓားလို့ ကြွေးကြော်တယ်။ ဒီအရာက လက်နက်မပါပေမယ့် ရန်သူကို ကြီးစွာသောအောင်မြင်မှုဖြစ်စေခဲ့တယ်။

ဇွန်လ ၂ ရက်နေ့

စကားလုံးတွေရဲ့ တန်ခိုး

နူးညံ့သိမ်မွေ့​သော​စကား​သည်​လည်း အရိုး​ကို​ကျိုး​စေ​နိုင်​၏​။” သုတ္တံကျမ်း ၂၅:၁၅

ကိုယ်ခန္ဓာမှာ အမာဆုံးလို့ သတ်မှတ်ထားတဲ့ အရိုးတွေဟာ နူးညံ့သိမ်မွေ့တဲ့ စကားလုံးတွေရဲ့ တန်ခိုးနဲ့တွေ့ရင် ခံနိုင်ရည် မရှိပါဘူး။ စကားလုံးတွေဟာ မမြင်ရပေမယ့် မြင်ရပြီး သန်မာတဲ့ အရိုးတွေကို ချိုးဖဲ့ဖျက်ဆီးပစ်နိုင်တယ်။ ထားတစ်ချောင်းနဲ့ ထိုးတဲ့ ဒဏ်ရာထက် စကားတစ်လုံး ကြောင့်ရတဲ့ဒဏ်ရာဟာ ပိုကျက်ဖို့ခက်တယ်။ နှစ်ပေါင်းများစွာ အတွင်းအနာမကျက်ပဲ ခံစား နေရတဲ့ စကားတစ်လုံးရဲ့ တန်ခိုးကိုတော့ လျော့မတွက်သင့်ဘူး။ စကားလုံးတွေက မမြင်ရပေမဲ့ အစွမ်းတန်ခိုး ထက်တဲ့ လက်နက်လိုပဲ။


မေလ ၃၁ ရက်နေ့

စိတ်နှလုံးသား (၆)

“အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။” ‭‭ဆာလံ‬ ‭၅၁:၁၀

ဘုရားစကား နားမထောင်ပဲ လွန်ကျူးမိတဲ့ အရာ အတွက် ပေးဆပ်လိုက်ရတာက နှလုံးသားပါ။ နှလုံးသား စင်ကြယ်ခြင်း ဆုံးရှုံးတဲ့အခါမှာ ကျန်တဲ့အရာတွေ ဆုံးရှုံးတာထက် ပိုနစ်နာတယ်။ ဒါဝိဒ်က ဘုရားရဲ့အလေ့အလာကို အထူး သဘောပေါက်တယ်။ သူအမှားလုပ်တဲ့အခါမှာ မြင်ရတဲ့အရာတွေ အရင်ဆုံးဆုံးရှုံးမသွားပါဘူး။ ဘုရားနဲ့ မှန်ကန်စွာ ဆက်ဆံဖို့အတွက် လိုအပ်တဲ့ နှလုံးသားဟာ ပျက်ဆီးသွားတယ်။ အတွင်းစိတ်သဘော ပျက်ဆီးဆုံးရှုံးမှုဟာ အပြင်မှာ ဆုံးရှုံးရတာထက် ပိုနာတယ်။ ဒါကြောင့် ဒါဝိဒ်က အမှားလုပ်ပြီးတဲ့အခါမှာ ပျက်ဆီးသွားတဲ့ နှလုံးသားကို ဘုရားရှေ့မှာ ပြန်တည့်မတ်ဖို့အတွက် အသစ် တောင်းဆိုခဲ့တယ်။ နှလုံးသား မမှန်ပဲနဲ့တော့ ကျန်တဲ့အရာတွေ မှန်လာမှာမဟုတ်ဘူးဆိုတာကိုဒါဝိဒ်ကောင်းကောင်းသဘောပေါက်တယ်။


မေလ ၃၀ ရက်နေ့

စိတ်နှလုံးသား (၅)

“သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။” ၂ ကောရိန္သု‬ ‭၃:၁၄

နက်နဲတဲ့အရာတွေကို နားလည်ချင်ရင် နှလုံးသားကိုပြင်ဖို့လိုတယ်။ အကြိမ်ပေါင်းဘယ်လောက်ဖတ်ဖတ်၊ ဘယ်လောက်ရှင်းလင်းတဲ့ ဘာသာပြန်ထားတဲ့ အရာကိုပဲဖတ်ဖတ် နှလုံးသား မမှန်ရင်တော့ အနက်အဓိပ္ပါယ် အမှန်ကိုမသိနိုင်ဘူး။ ဘုရားကို မျက်စိနဲ့ ရှာလို့ တွေ့မှာ မဟုတ်ဘူး။ နှလုံးသားနဲ့ရှာမှပဲ တွေ့လိမ့်မယ်။ နှလုံးသားထဲမှာ ခရစ်တော် မအုပ်စိုးပဲနဲ့တော့ ဖုံးအုပ်ထားတဲ့ နက်နဲတဲ့အရာတွေကို လွယ်လွယ်လေးနဲ့တော့ နားလည်နိုင်မှာ မဟုတ်ဘူး။


မေလ ၂၉ ရက်နေ့

စိတ်နှလုံးသား (၄)

“လူ​သည် မိမိ​ပြုမူကျင့်ကြံ​သမျှ​သော​အမှုအရာ​တို့​ကို မှန်​သည်​ဟု ထင်မြင်​တတ်​၏​။ သို့သော် ထာဝရဘုရား​သည် စိတ်နှလုံး​ကို​ချိန်တွယ်​တော်မူ​၏​။”

‭‭သုတ္တံကျမ်း‬ ၂၁:၂

လုပ်ရပ်ထက် စိတ်ဓါတ်က ပိုအရေးကြီးပါတယ်။ အပြင်ပန်းလုပ်ရပ် ဘယ်လောက်ကောင်းသလဲဆိုတာ လူတွေကမြင်ပေမယ့် ဘယ်လိုနှလုံးသားနဲ့ လုပ်သလဲဆိုတာ ဘုရားကမြင်တယ်။ လူတွေက လုပ်ရပ်နဲ့ တိုင်းတာ စစ်ဆေးတတ်ပေမယ့် ဘုရားကတော့ စိတ်နှလုံးနဲ့ပဲတိုင်းတာ စစ်ဆေးတယ်။ နှလုံးသားကို ချိန်တဲ့အခါ လျော့သွားတဲ့အတွက် ဗေလရှာဇာမင်းတောင်မှ ဘုရား အပ်ထားတဲ့ အရာတွေ အကုန်လုံးကနေ ပြန်ရုတ်သိမ်းသွားသေးတာပဲမဟုတ်လား? နှလုံးသားကအရာရာကိုဆုံးဖြတ်တယ်ဆိုတာကို နေ့တိုင်း မမေ့နဲ့။


မေလ ၂၈ ရက်နေ့

စိတ်နှလုံးသား (၃)

“စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။-” ‭‭ရှင်မဿဲ‬ ၅:၈

ဘုရားကို လူတွေမြင်ရခြင်း၊ မမြင်ရခြင်းက နှလုံးသား နှင့်သာ သက်ဆိုင်တယ်။ ဘုရားကိုမြင်တွေ့ဖို့ ကြိုးစားတယ်ဆိုရင် တခြားဘယ်အရာကမှ​ သင့်ကို ဘုရားနှင့်တွေ့ ဆုံဖို့အတွက် မလုပ်ဆောင်ပေးနိုင်ဘူး။ ဘုရားကိုမြင်တွေ့ရဖို့အတွက် နှလုံးသား ကိုပဲပြင်ဆင်ဖို့လိုလိမ့်မယ်။ နှလုံးသားနဲ့ မရှာပဲနဲ့ ဘယ်တော့မှ စစ်မှန်တဲ့ ဘုရားကိုတွေ့ရမှာမဟုတ်ဘူး။


မေလ ၂၈ ရက်နေ့

စိတ်နှလုံးသား (၃)

“စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။-” ‭‭ရှင်မဿဲ‬ ၅:၈

ဘုရားကို လူတွေမြင်ရခြင်း၊ မမြင်ရခြင်းက နှလုံးသား နှင့်သာ သက်ဆိုင်တယ်။ ဘုရားကိုမြင်တွေ့ဖို့ ကြိုးစားတယ်ဆိုရင် တခြားဘယ်အရာကမှ​ သင့်ကို ဘုရားနှင့်တွေ့ ဆုံဖို့အတွက် မလုပ်ဆောင်ပေးနိုင်ဘူး။ ဘုရားကိုမြင်တွေ့ရဖို့အတွက် နှလုံးသား ကိုပဲပြင်ဆင်ဖို့လိုလိမ့်မယ်။ နှလုံးသားနဲ့ မရှာပဲနဲ့ ဘယ်တော့မှ စစ်မှန်တဲ့ ဘုရားကိုတွေ့ရမှာမဟုတ်ဘူး။


မေလ ၂၇ ရက်နေ့

စိတ်နှလုံးသား (၂)

“ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် အ​စဉ်​စိတ်​သ​ဘော မှား​ယွင်း​တတ်​ကြ၏။ ငါ၏ အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။-” ဟေဗြဲ‬ ‭၃:၁၀

လူတစ်ယောက် အနာဂတ်တံခါးကို ဖွင့် နိုင်တာရော၊ ပိတ်နိုင်တာရောက လူ့ရဲ့စိတ်နှလုံးပါပဲ။

စိတ်နှလုံးကြောင့်ပဲ ဘုရားရဲ့ အလေ့လာကို သိခွင့်ရနိုင်သလို၊ ဘုရားရဲ့အလိုတော်နှင့်လဲ ဝေးသွားနိုင်တယ်။

စိတ်နှလုံးသားကြောင့်ပဲ ဘုရားရွေးချယ် အသုံးပြုပြီးတော့၊ စိတ်နှလုံးသားကြောင့် တချို့တွေဟာ အသုံးပြုခြင်းကနေ အပယ်ခံခဲ့ရတယ်။

စိတ်နှလုံးကြောင့် ဘုရားပြင်ဆင်ထားတဲ့အကောင်းဆုံးသော အရာတွေဆီကို ဝင်စားခွင့်ရနိုင်သလို၊ စိတ်နှလုံးကြောင့်ပဲ ကတိတော်တွေထဲခြေချခွင့်မရလိုက်တဲ့သူတွေလဲရှိတယ်။

စိတ်နှလုံးသားဟာ လူတစ်ယောက်ရဲ့ ဘဝ အနာဂတ်ကို အဓိက ဆုံးဖြတ်ပေးတယ်ဆိုတာ မမေ့နဲ့။


မေလ ၂၆ ရက်နေ့

စိတ်နှလုံးသား

“သင်​တို့​သည် ဤ​လောက​၏​ပုံသဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်​သော​အရာ၊ နှစ်သက်​ဖွယ်​သော​အရာ၊ စုံလင်​သော​အရာ​တည်းဟူသော ဘုရားသခင်​အလို​တော်​ရှိ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​နိုင်​ရန် စိတ်နှလုံး​ကို အသစ်​ပြုပြင်​ခြင်း​ဖြင့် ပုံသဏ္ဌာန်​ပြောင်းလဲ​ခြင်း​ရှိ​ကြ​လော့။”ရောမဩဝါဒစာ‬ ၁၂:၂

ဘုရားရဲ့အလိုတော်ရှိသောအရာဟာ သင့်ဘဝအတွက် လွန်စွာကောင်းမြတ်တဲ့အရာဖြစ်တယ်။ အဆိုးတွေတစ်ခုမှမရှိဘူး။ ဘဝရဲ့ နယ်ပယ်အသီးသီးတိုင်းမှာ ကျေနပ်နှစ်သက်စရာတွေနဲ့ပဲ ပြည့်နေဖို့ဖြစ်တယ်။ လိုအပ်ချက်မရှိ အားနည်းမရှိ ပြီးပြည့်စုံပြီး စုံလင်လွန်းလှတယ်။ ဒါဟာ ဘုရားသင့်ဘဝမှာ အလိုတော်ရှိတဲ့အရာပါ။ ဒါကိုသင်သိနိုင်ဖို့ သဘောပေါက်နိုင်ဖို့ အရင်နှလုံးသားအတိုင်းဆိုရင်တော့ ဘယ်တော့မှ​မဖြစ်နိုင်ဘူး။ နှလုံးသားခံယူချက် အဟောင်းကြီးနဲ့ ကြီးမြတ်တဲ့ ဘုရားရဲ့ နှလုံးသားထဲကရှိတဲ့ အလိုဆန္ဒကို အပြည့်အဝသဘောပေါက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် စိတ်နှလုံးသားကို ဘုရားနှလုံးသားနဲ့ကိုက်ညီဖို့ ပြင်ဆင်ဖို့လိုတယ်။


မေလ ၂၄ ရက်နေ့

လုံးဝပြီးဆုံးသွားတဲ့အရာများ(၆)

“မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ ဟေရှာယ ၅၄:၄‬

အရှက်ကို အသက်နဲ့လဲသွားတဲ့သူတွေ အများကြီးရှိတယ်။ အရှက်ကွဲခြင်းကိုတွေ့ကြုံရတာ ဘယ်လောက်ထိ ဆိုးရွားသလဲဆိုတာ ကြုံဖူးတဲ့သူတွေသိတယ်။ ငယ်စဉ်ကတည်းက ရှက်ကြောက်ခြင်းနှင့်ကြီးပြင်းခဲ့ရတဲ့သူတွေ၊ ဒီလိုဘဝကနေ လွတ်မြောက်ချင်တဲ့သူတွေအတွက် ဘုရားက ထွက်မြောက်ရာလမ်းကိုပြင်ထားပေးတယ်။ သခင်ခရစ်တော်ရဲ့ ကားတိုင်ပေါ်က အရှက်ကွဲခြင်း အလုံးစုံဟာ သင်တို့ ရဲ့ ရှက်ကြောက်ခြင်း အလုံးစုံကနေ လွတ်မြောက်ဖို့ အကြောင်းဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ ကားတိုင်ပေါ်မှ အရှက်ကွဲခြင်းက သင့်ဘဝရဲ့ရှက်ကြောက်စရာအလုံးစုံကို အဆုံးသတ်ပစ်လိုက်တယ်။

မေလ ၂၃ ရက်နေ့

လုံးဝပြီးဆုံးသွားတဲ့အရာများ(၅)

‘နောက်​တစ်​ဖန် ကျိန်​ခြင်း​ဘေး တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ထို​မြို့၌ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ရှိ၍ ဘု​ရား​သ​ခင်၏ ကျွန်​တို့​သည် ဘု​ရား​ဝတ်​ကို ပြု​ကြ​လိမ့်​မည်။- ‘ဗျာဒိတ် ၂၂:၃

ကျိန်ခြင်း အမင်္ဂလာဆိုတာ ကိုယ်လုပ်တဲ့ အပြစ်ရဲ့အခပဲခံရတာ မဟုတ်ဘူး။ ကိုယ်မလုပ်ပေမယ့် ဘိုးဘေးတွေရဲ့ပြစ်မှားခြင်း အားလုံးကိုလဲ ကိုယ်ကခံရတာပါ။ ဘိုးဘေးတွေပြုလုပ်ခဲ့သမျှ အားလုံးကိုသာ ခံနေရမှတော့ ဒီဘဝတစ်ခုလုံး ကျိန်ခြင်းခံရင်တောင် လောက်မှာ မဟုတ်ဘူး။ ဒီလောက်ဆိုးတဲ့ ကျိန်ခြင်းအမင်္ဂလာကနေ သခင်ယေရှုရဲ့ သစ်တိုင်မှာ ကိုယ်စားခံခြင်းကအပြီး လွတ်မြောက်စေခဲ့တယ်။ ကားတိုင်မှ ခရစ်တော် ခံခဲ့တဲ့ ကျိန်ခြင်းအမင်္ဂလာကြောင့် ဘိုးဘေးတွေ လုပ်ခဲ့သမျှ အမှားတွေကြောင့် သက်ရောက်မယ့် ကျိန်စာတွေအားလုံးကနေ အပြီးတိုင် လွတ်မြောက်ခွင့်ရခဲ့တယ်။ ဘယ်အကြောင်းအရာ ကြောင့်မှ ကျိန်ခြင်းခံစရာ အကြောင်းလုံံးဝကိုမရှိတော့ပါ။ သခင်ယေရှုရဲ့ လုပ်ဆောင်ပေးမှုဟာ ကျိန်ခြင်း အမင်္ဂလာ ရှိသမျှကို လုံးဝအဆုံးသတ်စေခဲ့ပြီ။

မေလ ၂၂ ရက်နေ့

လုံးဝပြီးဆုံးသွားတဲ့အရာများ(၄)

“ထို​သူ​သည် လဲ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​လက်​ကို ကိုင်​မ​တော်​မူ၏။”ဆာလံ ‬၃၇:၂၄ ‭

အဆုံးမှာ ဘယ်လိုဖြစ်မလဲလို့ရင်တထိတ်ထိတ်နှင့် စောင့်နေရတဲ့ဘဝ ဆိုတာ ယုံကြည်သူမှာမရှိတော့ဘူး။ သခင်ယေရ့ကို ရကတည်းက အဆုံးဘယ်လိုသတ်မလဲဆိုတာ သိပြီးသား။ လက်ရှိမှာ ဘယ်လိုပဲကြုံကြုံ၊ ဘယ်လောက်ပဲ လဲကျလဲကျ ဒီပုံစံအတိုင်းနဲ့တော့ အဆုံးသတ်သွားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ အရှုံးနဲ့အဆုံးသတ်ရတဲ့ဘဝဟာ သခင်ယေရှုကို ရပြီးကတည်းက လုံးဝကို အဆုံးသတ်သွားပြီ။ ဆုံးရှုံးစရာကို မကျန်တော့တာ။ အဆုံးသတ်ကတော့ သေချာတယ် အောင်မြင်မှုတွေ၊ ဘုရားရဲ့ ပေးတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ပဲ အဆုံးသတ်ရမှာ သေချာတယ်။

မေလ ၂၁ ရက်နေ့

လုံးဝပြီးဆုံးသွားတဲ့အရာများ(၃)

“ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ‭‭ရှင်ယောဟန်‬ ၃:၁၆

နောက်ဆုံးသောကာလ နီးလာတာနှင့်အမျှ လောကကြီးမှာ အရာရာဟာ ပျက်စီးဖို့ပိုလွယ်လာတယ်။ ပျက်စီးခြင်းတွေ ဘယ်လောက်ပဲ နေရာယူယူ ဘုရားသားသမီးတွေကတော့ ပျက်စီးခြင်း အလုံးစုံကနေ လွတ်မြောက်ဖို့အတွက် အပြည့်အဝ အာမခံချက်ရရှိထားသူတွေဖြစ်တယ်။ လောက ကြီးရဲ့ပျက်ဆီးခြင်းတွေကို အပြီးပိုင်နုတ်ဆက်ခွင့်ရရှိထားသူတွေပါ။ပျက်စီးခြင်းကဘဝအသက်တာကနေ အပြီးပိုင် နှုတ်ဆက် သွားပါပြီ။

မေလ ၂၀ ရက်နေ့

လုံးဝပြီးဆုံးသွားတဲ့အရာများ(၂)

“သို့သော် ငါ​တို့​ကို ခရစ်တော်​၌ အစဉ်အမြဲ​အောင်ပွဲ​ခံ​စေ​၍ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၏​ရနံ့​ကို နေရာ​တိုင်း​၌ ငါ​တို့​အားဖြင့်​ပျံ့နှံ့​စေ​တော်မူ​သော​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ငါ​ချီးမွမ်း​၏။” ကောရိန္သုဩဝါဒစာဒုတိယစောင် ၂:၁၄

ရှုံးနိမ့်ခြင်းဆိုတာ သခင်ခရစ်တော်ကို ရပြီးတဲ့နေ့ကတည်းက ဘဝကို အပြီးပိုင်နုတ်ဆက်သွားခဲ့ပြီ။ ရှုံးနိမ့်ခြင်းအတွက် နေရာ နဲ့နေ့ရက် လုံးဝမရှိတော့ဘူး။ နေ့ရက်တိုင်းဟာ ထိုသခင်နဲ့အတူ အောင်ပွဲခံဖို့ပဲ။ တစ်နေ့ ပြန်ရှုံးနိမ့်မလားဆိုတဲ့ သံသယနှင့် မေးခွန်း လုံးဝမရှိတော့ဘူး။ ကိုယ်ရဲ့ အစွမ်းအစနဲ့ ကြိုးစားမှုရဲ့ ရလဒ် မဟုတ်တဲ့အတွက် ကိုယ်မလုပ်နိုင်တဲ့အချိန်တွေမှာလဲ စိုးရိမ်စရာ၊ ကြောက်စရာကိုမလိုတော့တာ။ အရာအားလုံးဟာ ထိုသခင်အားဖြင့်သာ ရရှိတဲ့အောင်ပွဲပါပဲ။

မေလ ၁၉ ရက်နေ့

လုံးဝပြီးဆုံးသွားတဲ့အရာများ

အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌​ထာဝရ​အလင်း​ဖြစ်​တော်မူ​၍ သင်​ငိုကြွေးမြည်တမ်း​ရ​သော​နေ့ရက်​တို့ အဆုံးသတ်​လေ​ပြီ​။” ဟေရှာယအနာဂတ္တိကျမ်း‬ ‭၆၀:၂၀

ဘယ်တော့မှ ထပ်မရှိတော့တဲ့အရာတွေ၊ ထပ်မကြုံတော့တဲ့အရာတွေထဲမှာ ငိုကြွေးမြည်တမ်းရခြင်းကထိပ်ဆုံးကပါတယ်။ ဘုရားနှင့်အတူ လျှောက်လှမ်းနေတဲ့ဘဝကို ငိုအောင် လုပ်နိုင်တဲ့အရာ၊ လုပ်နိုင်တဲ့အခြေအနေဆိုတာ လုံးဝ ကိုမရှိတော့ဘူး။ ဝမ်းနည်းခြင်းနှင့်ငိုကြွေးခြင်းဟာ သခင်ခရစ်တော်ကိုရပြီး၊ သူနှင့်ရှင်သန်တဲ့ ဘဝထဲမှာ နေရာကို မရှိတော့ဘူး။ လာမယ့်ဘဝထဲမှာ ငိုကြွေးခြင်းကို လာမရှာနဲ့တော့ စောရီးပဲ ဘယ်တော့မှ ဘာကြောင့်မှ မရှိတော့ဘူး။ အပြီးပိုင်အဆုံးသတ်သွားပြီ။

မေလ ၁၇ ရက်နေ့

နှုတ်ကပတ်တော် တည်ရှိတဲ့ အသက်တာ

လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။” ရှင်ယောဟန်ဩဝါဒစာပထမစောင်‬ ၂:၁၄

အသက်တာထဲမှာ နှုတ်ကပတ်တော် တည်ရှိတယ်ဆိုတာကိုဘယ်လိုသိနိုင်မလဲ?

ကိုယ့်ဟာကိုယ်တော့ နှုတ်ကပတ်တော်ရှိတယ်လို့ လူအချို့က ထင်နေပေမယ့်၊ တကယ်တမ်းကျတော့ နှုတ်ကပတ်တော် လုံးဝမရှိတဲ့သူတွေအများကြီးရှိတယ်။ တမန်တော်ကြီးရှင်ယောဟန်ပြောတဲ့ နှုတ်ကပတ်တော် တည်ရှိတဲ့သူတွေအသက်တာမှာမြင်ရတဲ့အရာတွေကတော့ ခွန်အားနှင့်ပြည့်စုံခြင်းပါပဲ။ နှုတ်ကပတ်တော်က ဘုရားထံကလာတဲ့ စစ်မှန်တဲ့ မကုန်ခမ်းနိုင်တဲ့ ခွန်အားကိုပေးတယ်။ ကိုယ်ဟာကိုယ်ခွန်အားမရှိဘူးလို့ထင်တဲ့သူတွေ အသက်တာမှာ နှုတ်ကပတ်တော် တည်နေဖို့လိုနေသေးတယ်ဆိုတာ ဖေါ်ပြပါတယ်။ နောက်တစ်ချက်ကတော့ မကောင်းသောအရာတွေကို အောင်မြင်ခြင်းပါ။ နှုတ်ကပတ်တော် တည်တဲ့သူရဲ့အသက်တာဟာ ဘယ်တော့မှ မကောင်းတဲ့အရာတွေထဲမှာ မကျရူံးသွားဘူး။ နှုတ်ကပတ်တော်က ပေးတဲ့ခွန်အား အစွမ်းအားဖြင့် မကောင်းတဲ့အရာမှန်သမျှကို အောင်မြင်စွာဖြတ်ကျော်နိုင်တယ်။

မေလ ၁၆ ရက်နေ့

သိလေလေ တိုးပွားလေလေ

‘ဘုရားသခင်​နှင့်​ငါ​တို့​၏​သခင်​ယေရှု​ကို သိ​ခြင်း​အားဖြင့် ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။’ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၂

နေရင်းထိုင်ရင်းနဲ့တော့ ပွားများခြင်းဆိုတာ မြင်ရမှာမဟုတ်ဘူး။ ပွားများစေတဲ့အကြောင်းအရင်းကတော့ရှိတယ်။ လုပ်နိုင်လို့ တိုးပွားတာတော့မဟုတ်ဘူး။ ကြိုစားခြင်းရဲ့ရလဒ်လို့ထင်နေပြန်လဲ မှားနေသေးတယ်။ တကယ်တော့ တိုးပွားခြင်းရဲ့ရလဒ်က တိုးပွားစေတဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘုရားကို ပိုမိုသိကျွမ်းခြင်းပါပဲ။ ဘုရားကို သိခြင်းတိုးလာလေလေ အသက်တာမှာ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို တိုးပြီးတော့ မြင်ရလေလေပါပဲ။ ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်း အသက်တာမှာ တိုးပြီးရလာတဲ့ တစ်ခုတည်းသောအကြောင်းအရင်းကတော့ ထိုသခင်ကို ပိုပြီးသိကျွမ်းခြင်း ကြီးထွားလာလို့ပါပဲ။

မေလ ၁၅ ရက်နေ့

ဂရုစိုက်ရမယ့်အရာ နှင့် ဂရုမစိုက်ရမယ့်အရာ

“ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။” ရှင်ပေတရုဩဝါဒစာပထမစောင်‬ ‭၅;၇

ဂရုစိုက်ရမယ့် ဘုရားရဲ့တတ်နိုင်ခြင်း၊ လုပ်ဆောင်ပေးခြင်း၊ မေတ္တာတွေကို ဂရုမစိုက်ပဲ။ ဂရုမစိုက်ရမယ့် ခံစားချက်တွေကို ရှေ့တန်းတင်နေသရွေ့တော့ စစ်မှန်တဲ့ ဘုရားသားတစ်ယောက်ရဲ့ အသက်တာ မျိုးတွေ့ရမှာမဟုတ်ဘူး။ သင့်ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေအားလုံးကို အရာခပ်သိမ်းတတ်နိုင်တဲ့ ဘုရားဆီမှာ စိတ်ချအပ်နှံထားပါ။ သူဖြေရှင်းပေးမယ်၊ သူတတ်နိုင်တယ်ဆိုတာကို စိတ်ချရင် ဘယ်လောက်ကြီးတဲ့ အခက်အခဲအတွက် စိတ်ညစ်မနေပါနဲ့။ ဘုရားတတ်နိုင်ခြင်းကိုပဲ ဂရုစိုက်ပါ။ စိုးရိမ်စရာတွေအတွက် နေရာသင့်ဘဝမှာ ရှိတော့မှာမဟုတ်ပါဘူး။

မေလ ၁၄ ရက်နေ့

ပရောဖက်ပြုခြင်း

“အကြောင်းမူကား ပရောဖက်ပြု​ဟောပြော​ချက်​သည် မည်သည့်​အခါ​မျှ လူ​၏​အလိုဆန္ဒ​အရ​ဖြစ်ပေါ်​လာ​သည်​မ​ဟုတ်။ သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​နှိုးဆော်​ခြင်း​ကို ခံရ​သော​သူ​တို့​သည် ဘုရားသခင်​ထံမှ​လာ​သော​စကား​ကို ဟောပြော​ကြ​ခြင်း​ဖြစ်​၏။” ရှင်ပေတရုဩဝါဒစာဒုတိယစောင်‬ ၁:၂၁ ‭

ခံစားချက်ထဲကလာတဲ့အရာတွေက မကြာခင်မှာ ရေငွေ့လိုပဲ ပျောက်ကွယ်သွားလိမ့်မယ်။ ဘုရားနှိုးဆော်မှုကနေလာတဲ့အရာတွေကတော့ တစ်နေ့တခြား အကောာင်အထည်ပေါ်လာလိမ့်မယ်။ လူ့ရဲ့အလိုဆန္ဒတွေကိုပြောထုတ်မိတယ်ဆိုရင် လူ့ခွန်အားနှင့်အကောင်အထည်ဖေါ်မှ အောင်မြင်မယ်။ ဘုရားဖေါ်ပြတဲ့အရာတွေကတော့ ဘုရားကိုယ်တိုင် လုပ်ဆောင်ပေးလိမ့်မယ်။ ဒီဖေါ်ပြချက်က ခံစားချက်ကလား? ဘုရားဆီကလား? ဆိုတာသိရဖို့တော့ အချိန်လေးတော့နည်းနည်းစောင့်ဖို့လိုတယ်။

မေလ ၁၃ ရက်နေ့

အမွေဆက်ခံရမယ့်သူရဲ့ နှလုံးသား

“သင်​တို့​သည် ကောင်းချီး​မင်္ဂလာ​ကို အမွေ​ဆက်ခံ​ရ​မည့်အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည်​ဖြစ်၍ အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို ကဲ့ရဲ့​ပြစ်တင်​ခြင်း​ဖြင့်​လည်းကောင်း မ​တုံ့ပြန်​ဘဲ ကောင်းချီး​ကို​သာ​ပေး​ကြ​လော့။” ‭‭ရှင်ပေတရုဩဝါဒစာပထမစောင်‬ ၃:၉

ကိုယ့်ရဲ့ခေါ်ခြင်းကိုသေချာ သိတဲ့သူနဲ့ မသိတဲ့သူ က လွန်စွာကွာခြားပါတယ်။ အဓိက ထင်ရှားတဲ့ လက္ခဏာကတော့ အဆိုးတွေကြုံလာရင် ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့ အပေါ်မှာ ကြည့်ရင်သိနိုင်တယ်။ ကိုယ်ဟာ ကောင်းကြီးမင်္ဂလာကို ဆက်ခံမယ့်အတွက် ဘုရားက ခေါ်ထားတယ်ဆိုတာ သေချာတဲ့သူအတွက် ဘယ်လောက်ပဲ ဆိုးတဲ့အရာပဲ ကြုံလာကြုံလာ၊ ဘယ်လိုကဲ့ရဲ့ပြစ်တင်မှုတွေကို ခံရပါစေ ဘယ်တော့မှ ကြုံရတဲ့အတိုင်း ပြန်လည် မတုံ့ပြန်ံ ကောင်းကြီးပေးခြင်းနဲ့သာ တုံ့ပြန်လေ့ရှိတယ်။

မေလ ၁၂ ရက်နေ့

လှပစွာ ပြင်ဆင်ထားတယ်

“ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို သူ့​အချိန်​နှင့်​သူ​လှပ​အောင်​ပြင်ဆင်​တော်မူ​ပြီး လူ​၏​စိတ်နှလုံး​ထဲ၌ ထာဝရ​ကာလ​ကို​လည်း ထည့်သွင်း​ထား​တော်မူ​၏​။”ဒေသနာကျမ်း‬ ‭၃:၁၁

ဘုရားက သူ့အချိန်နှင့်သူ လှပစွာ ပြင်ဆင်လုပ်ဆောင်တတ်တယ်ဆိုတာ မမေ့စေချင်ဘူး။ သူနဲ့လျှောက်လှမ်းတဲ့သူတိုင်းအတွက် အချိန်တိုင်း၊ နေရာတိုင်းဟာ ဘုရားရဲ့လှပစွာ ပြင်ဆင်ထားတဲ့အရာကို ခံစားဖို့ပဲဆိုတာ ယုံပါ။ အဆိုးဆုံးတွေထဲမှာလဲ သူပြင်ဆင်ထားတဲ့ လှပတဲ့ လက်ရာတော်ကို မြင်တွေ့ခွင့်ရမယ်။ အကောင်းဆုံးဆိုတဲ့အရာတွေက ကိုယ့်ရဲ့ အရည်အချင်း၊ လုပ်နိုင်ခြင်းတွေကြောင့်တော့ တစ်ခုမှ မဟုတ်ဘူး။ အားလုံး သူပြင်ဆင်ပေးထားတဲ့ အရာတွေပဲဆိုတာ သိနားလည်ပြီးတဲ့နောက်ပိုင်း အရာရာအတွက် အကောင်းမြင်လာတယ်၊ အရာရာဟာ ကျေးဇူးတော်ချီးမွမ်းဖို့ပဲဖြစ်လာတယ်။

မေလ ၁၀ ရက်နေ့

အားကြီးတဲ့သူ (၆)

အားနည်း​သူ​က​လည်း “ငါ​သည် ခွန်အားကြီး​သူ​ဖြစ်​၏”​ဟု ဆို​စေ​။” ယောလအနာဂတ္တိကျမ်း‬ ၃:၁၀

ယုံကြည်ခြင်းဆိုတာက အခြေအနေကို ပြောဖို့မဟုတ်ဘူး။ ခံစားချက်ကိုလဲ ဝန်ခံဖို့မဟုတ်ဘူး။ ဘုရားစကားကို သဘောတူပြီးတော့ ပြောထုတ်ဝန်ခံတတ်ဖို့အရေးကြီးတယ်။ အားနည်းသူက အခြေအနေတိုင်း ဝန်ခံဖို့ နှုတ်ကပတ်တော်က မသင်ပေးဘူး။ အခြေအနေထက် ကျော်လွန်ပြီးတော့ ဘုရားရဲ့စကားကို ဝန်ခံတတ်ခြင်းက အသက်တာမှာ ဘုရားရဲ့တန်ခိုးတော် သက်ရောက်လာဖို့အတွက် တံခါးဖွင့်ပေးလိုက်တယ်။ အားကြီးသူဆိုတာ အရာရာလုပ်နိုင်တဲ့သူမဟုတ်ဘူး၊ အရာရာမှာ ဘုရားစကားကိုယုံရဲ ပြောရဲတဲ့သူပဲ။

မေလ ၉ ရက်နေ့

အားကြီးသောသူ (၅)

“ထို​သူ၏ သား​မြေး​တို့​သည် မြေ​ပေါ်​မှာ​အား​ကြီး​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​သော သူ​တို့၏​အ​မျိုး​အ​နွယ်​သည် မင်္ဂ​လာ​ရှိ​တတ်၏။” ဆာလံ‬ ‭၁၁၂:၂

ဘုရားနှင့်သွားလာတဲ့ သူတွေရဲ့ သားစဉ်မြေးဆက်ဟာ မြေကြီးပေါ်မှာ အားကြီးတဲ့သူတွေဖြစ်ပါလိမ့်မယ်။ မိဘတွေ တကယ်ပဲ ဘုရားကိုကြောက်ရွံ့သလား? တကယ်ပဲ ဘုရားနှင့်သွားလာသလား? ဆိုတာ သူ့ရဲ့သားသမီးတွေရဲ့ အသက်

ရှင်မှုကနေ အဖြေထုတ်ပေးပါတယ်။ အားနည်းတဲ့မျိုးဆက်တွေကနေ အားကြီးတဲ့ မျိုးဆက်တွေဖြစ်စေချင်ရင် ကိုယ်တိုင် ဘုရားနှင့် မှန်ကန်တဲ့ အသက်ရှင်မှုကိုသေချာတည်ဆောက်ပါ။

မေလ ၈ ရက်နေ့

အားကြီးတဲ့သူ (၄)

“ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။” ထွက်မြောက်ရာ‬ ၁:၇

နှစ်ပေါင်း ၄၀၀ ကျော် အဖိနှိပ်ခံ၊ ကျွန်ပြုခံခဲ့ပေမယ့်အားမနည်းသွားဘူး၊ မလျော့သွားတဲ့ ဣသရေလလူမျိုးတွေကို ကြည့်တဲ့အခါမှာ ဘုရားအတူပါရှိခြင်း၊ ဘုရားကောင်းကြီးပေးခြင်းက ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာ ပိုသိလာတယ်။ လူတွေဖိနှိပ်တိုင်း၊ သင့်ကိုပစ်ပယ်ထားတိုင်း၊ ဒုက္ခပေးတိုင်း သင်ဟာယုတ်လျော့ အားနည်းသွားမယ့်သူမဟုတ်ဘူး။ မထင်မရှားနဲ့ ပျောက်ကွယ်မယ့်အထဲမှာ သင်မပါဘူး။ ပိုပြီးတော့ အားကြီးလာမယ်၊ ပိုပြီးတော့ ပွါးများမယ်။ ဘုရားသခင်ရဲ့ ကတိတော်ကြောင့်ဖြစ်တယ်။

မေလ ၇ ရက်နေ့

အားကြီးတဲ့သူ (၃)

“ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ရှိ​တော်မူ​သည်​ဖြစ်​၍ သူ​သည် အားကြီးသည်ထက်ကြီး​လာ​လေ​၏​။” ၁ရာ ၁၁:၉

ဘုရားအတူပါရှိတဲ့အခါမှာ ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ ဘုရားမပါရှိတုန်းက အားနည်းခဲ့တဲ့အရာတွေပျောက်သွားပြီး ပိုပြီးအားကြီးလာတာပါပဲ။ ဘုရားနဲ့သွားလာတဲ့သူဟာ တစ်နေ့ထက် တစ်နေ့ ပိုပြီးတော့ အားကြီးမားတဲ့သူဖြစ်လာမယ်။ အားအင်ကုန်ခမ်းတယ်၊ အားမရှိဘူးဆိုတာ ဘုရားနဲ့အတူ သွားလာတဲ့သူရဲ့အသက်တာမှာ မရှိဘူး။ သာမန် သိုးကျောင်းသားလေးတစ်ယောက်ဟာ အားကြီးတဲ့ ဘုရင်ကြီးတစ်ဉီးဖြစ်စေတာက ဘုရားအတူပါရှိခြင်းပါပဲ။

​မေလ ၆ ရက်နေ့

အားကြီးတဲ့သူ(၂)

“ဘု​ရား​သ​ခင်​သည် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ကြံ့​အား​ကြီး​သ​ကဲ့​သို့ အား​ကြီး၏။” တောလည်ရာ‬ ၂၃:၂၂ ‭

ဘုရားက ဣသရေလ လူမျိုးကိုအဲဂုတ္တုကနေကယ်လွှတ်တဲ့အခါမှာ သာမန်ကယ်လွတ်ရုံလေးပဲမဟုတ်ဘူး။ သူတို့ရဲ့အရည်အချင်းနဲ့ ဘယ်လိုမှ မလွတ်မြောက်နိုင်တဲ့အခြေနေမှာ ဘုရားက ရွှေငွေပါလျှက် လွတ်မြောက်စေတယ်။ သခင်ယေရှုပေးတဲ့ ကယ်တင်ခြင်းကလဲ ငရဲကလွတ်ရုံပဲမဟုတ်ဘူး၊ ကြွယ်ဝခြင်း ပါခံစားဖို့ဖြစ်တယ်။ ဣသရေလ လူမျိုးတွေက အဲဂုတ္တုမှ ထွက်မြောက်လာတဲ့အခါမှာ ဘုရားက သူတို့ကို အားကြီးတဲ့ သူတွေ ဖြစ်စေတယ်။ ကတိတော်မြေကိုသွားတဲ့လမ်းခရီးတစ်ခုလုံးမှာ ရင်ဆိုင်ရတဲ့ အရာရာကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့အတွက် ခွန်အားပါထည့်ပေးတယ်။ နေ့စဉ်သင်ကြုံရတဲ့အရာတွေကိုအောင်မြင်စွာကျော်လွှားသွားစေဖို့အတွက် လိုအပ်တဲ့ ခွန်အား၊ အစွမ်းအစအားလုံးဘုရားကထည့်ပေး ပြီးသားပါ။ သင်ဟာ အားကြီးတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာယုံပါ။

မေလ ၅ ရက်နေ့

အားကြီးတဲ့သူ

“သို့​ဖြစ်၍၊ အား​ရှိ​သော​ငါ​တို့​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ အား​နည်း​သော​သူ​တို့၏ အား​နည်း​ခြင်း​ကို သည်း​ခံ​ရ​ကြ​မည်။-” ‭‭ရောမ‬ ‭၁၅:၁

ဝိညာဉ်ရေးရာမှာ အားကြီးတဲ့သူနဲ့ အားနည်းတဲ့သူကိုဘယ်လိုခွဲသလဲ? သင်ဟာ အားနည်းတဲ့သူလား? အားကြီးတဲ့သူလား? တမန်တော်ကြီးရှင်ပေါလုက အားကြီးတဲ့သူဟာ ကိုယ်အလို သို့မလိုက်တဲ့သူ လို့ဆိုတယ်။ ကိုယ့် အတွက်ပဲ ရှေ့တန်းတင်တဲ့သူ မဟုတ်ဘူး။ အားနည်းတဲ့သူကို လက်ခံပေးတဲ့၊ နားလည်ပေးတဲ့သူ၊ သည်းခံနိုင်တဲ့သူလို့ဆိုတယ်။ လုပ်ဆောင်ဖို့ပဲ အားကြီးလို့မရဘူး။ သည်းခံခြင်းမှာလဲ အားကြီးဖို့လိုတယ်။ အားနည်းတဲ့သူကို နားလည် လက်မခံပေးပဲနဲ့ သင်ဟာဘယ်တော့မှ​အားကြီးတဲ့သူ စာရင်းမှာ ပါမလာ နိုင်ဘူး။

မေလ ၃ ရက်နေ့

အစွမ်းသတ္တိ (၉)

“သင်၏​တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည် သံ​နှင့်​ကြေး​ဝါ​ဖြင့် ပြီး​ကြ​လိမ့်​မည်။ သင်၏​နေ့​ရက်​ကာ​လ​ဖြစ်​သည်​အ​တိုင်း သင့်​အ​စွမ်း​သ​တ္တိ ဖြစ်​လိမ့်​မည်။” တရားဟောရာ‬ ‭၃၃:၂၅

ရန်သူတွေ ထိုးဖေါက်နှောက်ယှက်လို့မရတဲ့ ဘဝ၊ လောကမှာအသက်ရှင်သမျှ အစွမ်းသတ္တိ အပြည့်နဲ့ရှင်သန်လို့ရတဲ့ဘဝကို ဘုရားပေးနိုင်တယ်။ လူတွေရဲ့ယုံကြည်ခံယူချက်က အသက်အရွယ်ကြီးလာရင် အစွမ်းသတ္တိတွေ လျော့ကျသွားပြီးတော့ ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူးလို့ ထင်မှတ်နေတယ်။ တကယ်တော့ အဲ့ဒီ ခံယူချက်က မှားပါတယ်။ ဘုရားပေးချင်တဲ့ဘဝကတော့ သင့်နေရက်ဖြစ်တဲ့အတိုင်း သင့်အစွမ်းသတ္တိက ရှိနေ၊ အသုံးဝင်နေအုံးမှာဖြစ်ပြီးတော့ ဘယ်လို ရန်သူမျိုးမဆို၊ ဘယ်လို အခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်အုံးမှာပါ။

မေလ ၂ ရက်နေ့

အစွမ်းသတ္တိ (၈)

“နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။” ဧဖက် ၆:၁၀

တမန်တော်ကြီး ရှင်ပေါလုက ဧဖက်အသင်းတော်ကို ပြည့်စုံရမယ့် အရာ ၃ ခုအကြောင်း သေချာမှာတယ်။ ခဲယဉ်းဆုတ်ယုတ်တဲ့ ခေတ်ကာလကြီးထဲမှာ အောင်မြင်စွာဖြတ်ကျော်နိုင် ဖို့အတွက် နေ့တိုင်း သခင်​ဘုရား​၌​ ပြည့်ဝစွာ တည်နေဖို့လိုတယ်။ ဒုတိယအချက်ကတော့ ကိုယ်တော်ရဲ့အစွမ်းသတ္တိ နှင့်ဆိုင်တဲ့ တန်ခိုးအရှိန်အဝါထဲမှာပါ။ ဘုရားပေးတဲ့အစွမ်းကို အသုံးပြုတဲ့သူဘဝမှာအမြဲတမ်း သူများနဲ့မတူတဲ့ တန်ခိုးတော်ရဲ့အရှိန်ကိုမြင်တွေ့ရလိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ ခွန်အား နှင့်ပြည့်စုံခြင်းဖြစ်တယ်။ ဒီအရာ ၃ ခု နှင့်ပြည့်စုံတဲ့သူကိုတော့ ဘယ်သူကမှ အလွယ်တကူ ဆွဲချလို့မရနိုင်တော့ပါဘူး။

မေလ ၁ ရက်နေ့

အစွမ်းသတ္တိ (၇)

“ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​သာ ဖြောင့်​မတ်​ခြင်း​နှင့် အ​စွမ်း​သ​တ္တိ​ကို ရ​ပါ​သည်​ဟု လူ​တိုင်း​လျှောက်​ရ​မည်။ ကိုယ်​တော်​ကို မ​နာ​လို​သော သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။” ဟေရှာယ ၄၅:၂၄ ‬

ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိဟာ ဘုရားတစ်ပါးတည်း အားဖြင့်သာရရှိတယ်။ ကိုယ့်ရဲ့ လုပ်နိုင်ခြင်း၊ မလုပ်

နိုင်ခြင်းက သင့်ရဲ့ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို မရနိုင်

သလို၊ မတိုးပွါးနိုင်ဘူး။ လူတွေက အစွမ်းသတ္တိရဲ့ အရင်းအမြစ်ဟာ ဘုရားဖြစ်တယ်ဆိုတာကို သဘောမပေါက်သလို မဝန်ခံကြဘူး။ တကယ်တော့ ဘုရား မပေးရင်၊ ဘုရားကြောင့်သာ မဟုတ်ရင် ဘာအစွမ်းသတ္တိမှ သင့်ဘဝမှာ ရှိမှာမဟုတ်ဘူး။ ဘုရားရဲ့ကောင်းမြတ်ခြင်းကသာ ဘဝမှာ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်တဲ့ အစွမ်းသတ္တိကို ရရှိပိုင်ဆိုင်ခွင့်ရတယ်။

ဧပြီလ ၃၀ ရက်နေ့

အစွမ်းသတ္တိ(၆)

“သို့​မ​ဟုတ် ငါ၏​အ​စွမ်း​သ​တ္တိ​ကို ကိုး​စား၍၊ ငါ​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​စေ။ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စေ​သော။” ဟေရှာယ ၂၇:၅

ဘုရားပေးတဲ့ အစွမ်းသတ္တိရဖို့ဘယ်လောက်တောင် အရေးကြီးသလဲ? ဘုရားပေးတဲ့အစွမ်းသတ္တိကို မရရင်၊ ကောင်းစွာအသုံးမပြုတတ်ရင် ကြီးမားတဲ့ဆုံးရှုံးမှုနှင့်ရင်ဆိုင်ရမယ်။ အဆိုးဆုံးကတော့ ဘုရားနှင့် ရင်းနှီးစွာမိတ်ဖွဲ့ခြင်းပါပဲ။ ဘုရားနှင့် မိတ်ဖွဲ့ဖို့အတွက် ဘုရားပေးတဲ့အစွမ်းသတ္တိက ကူညီပေးတယ်။ တန်ခိုးကြီးတဲ့ဘုရား၊ ဘုန်းကြီးတဲ့ဘုရား နှင့် ဘယ်လိုများ မိတ်ဖွဲ့ရမလဲဆိုတာကို မသိတဲ့ သူတွေက၊ ဘုရားပေးတဲ့အစွမ်းသတ္တိကိုမသိလို့ ဒါမှမဟုတ် အသုံးမပြုတတ်လို့ပါ။၊ သိတဲ့သူ အသုံးပြုတတ်တယ် သူဆိုရင် သေချာတယ် ဘုရားနှင့် ခိုင်မာတဲ့ မိတ်ဆွေဖွဲ့ခြင်းကို ကောင်းစွာတည်ဆောက်နိုင်တယ်။

ဧပြီလ ၂၉ ရက်နေ့

အစွမ်းသတ္တိ(၅)

“ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။” ဟေရှာယ ၄၀:၂၉‬

ရင်ဆိုင်ရတဲ့ အရာတွေ ကြီးမားလွန်းလို့ အားအင်ကုန်ခမ်းနေပြီလား?

ဖြေရှင်းရတဲ့ ပြဿနာတွေ များလွန်းလို့ ပင်ပန်းနွမ်းနယ်နေပြီလား?

လောကကြီးနှင့် လူတွေဆီမှာ မျှော်လင့်တတ်တဲ့သူတွေကတော့ အမြဲတမ်း အားကုန်ပြီးတော့ ပင်ပန်းတာ၊ စိတ်ပျက် တာပဲအဖတ်တင်မယ်။ ဘယ်လောက်ပဲရင်ဆိုင်ရတာကြီးမားပါစေ၊ အခက်အခဲတွေများပါစေ လိုတဲ့အစွမ်းသတ္တိနှင့် အားအင် တွေကိုဖြည့်ပေးနိုင်တဲ့ ဘုရားကို ရထားတဲ့သူအတွက်၊ အဲ့ဒီ ဘုရားကိုစိတ်ချမှု၊ ယုံကြည်မှုနဲ့အသက်ရှင်တဲ့သူအတွက်ကတော့ အမြဲတမ်း အားအင် ဖြည့်ဆည်းပေးခြင်းခံရမယ်။ အစွမ်းသတ္တိနှင့်ပြည့်စုံနေမှာ သေချာတယ်။ အစွမ်းသတ္တိ နဲ့ပြည့်စုံတဲ့သူအတွက် ပင်ပန်းတယ်၊ မောတယ်ဆိုတာ မရှိဘူး။


ဧပြီလ ၂၈ ရက်နေ့

အစွမ်းသတ္တိ (၄)

“အကျွန်ုပ်​ခေါ်​သော​နေ့​၌ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို အစွမ်းသတ္တိ​နှင့်​ပြည့်​စေ​တော်မူ​၏​။” ဆာလံ ၁၃၈:၃

ဘုရားကိုခေါ်တဲ့အခါမှာ ဘယ်လိုထူးတာလဲ? ဘုရား ကိုခေါ်လို့ အချည်းအနှီးဖြစ်တာ ဘာတစ်ခုမှ မရှိဘူး။ ဆာလံဆရာကတော့ ပြောတယ် ဘုရားကို ခေါ်တဲ့အခါမှာ စိတ်ဝိညာဉ်ထဲမှာ အစွမ်းသတ္တိ နှင့်ပြည့်စုံစေတယ်။ ဒီအစွမ်းသတ္တိဟာ လောကမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေအားလုံးကို ရင်ဆိုင် နိုင်ဖို့ခွန်အားပေးတယ်။ ဘာပဲလိုလို ဘုရားကို ခေါ်ပါ လိုအပ်တဲ့ အစွမ်းသတ္တိကို ဘုရားက ဖြည့်ပေးမယ်။

ဧပြီလ ၂၆ ရက်နေ့

အစွမ်းသတ္တိ(၃)

“ဘုရားသခင်​က တစ်ကြိမ်​မိန့်​တော်မူ​ပြီး နှစ်ကြိမ် ငါ​ကြား​ရ​သော​အရာ​ဟူမူကား အစွမ်းသတ္တိ​ကို ဘုရားသခင်​ပိုင်​တော်မူ​၏​။” ဆာလံ ၆၂:၁၁

ဘုရားထံကနေ မိန့်တော်မူတဲ့ အသံအကြိမ်ကြိမ် ကြားရတာကတော့ အစွမ်းသတ္တိကို ဘယ်သူမှမပိုင်ဘူး ဘုရား တစ်ပါးတည်းပဲ ပိုင်တယ်။ ဘုရားမပေးရင် အစွမ်းသတ္တိဆိုတာ ရစရာမရှိဘူး။ ဘုရားကို အားကိုးပြီးတော့ အသက်ရှင်တဲ့သူတွေ ဘဝမှာ ဘုရားပေးတဲ့အစွမ်းသတ္တိနှင့်ပြည့်စုံတဲ့သူ တစ်ယောက်ဖြစ်လာမယ်။ ဘုရားကို အားမကိုးတဲ့သူ ဘဝမှာတော့ အစွမ်းသတ္တိမရှိတာ မထူးဆန်းပါဘူး။ အကြိမ်ကြိမ် ဘုရားအသံကတော့ အစွမ်းသတ္တိဟာ ဘုရားတစ်ပါးတည်းပဲပိုင်တယ်။ သူပဲ​ပေးနိုင်တယ်။

ဧပြီလ ၂၄ ရက်နေ့

အစွမ်းသတ္တိ (၂)

“အစွမ်းသတ္တိ​နှင့်​ခန့်ညားထည်ဝါမှု​သည် သူ​၏​အဝတ်တန်ဆာ​ဖြစ်၍ သူ​သည် လာ​မည့်​နေ့ရက်​များ​အတွက် ရယ်မော​နိုင်​၏​။” သုတ္တံ ၃၁:၂၅

ဘုရားပေးတဲ့အစွမ်းသတ္တိကို ကောင်းမွန်စွာအသုံးပြုတတ်သူတစ်ယောက်ဟာ ဘယ်တော့မှ ဆုံးရှုံးတဲ့ဘဝမှာ ကြာကြာမနေရဘူး။ ရှုံးနိမ့်ခြင်းဆိုတာ အသက်ရှင်တဲ့ဘုရားနှင့် ဘုရားပေးတဲ့အစွမ်းသတ္တိကို မသိတဲ့သူတွေရဲ့ဘဝထဲမှာပဲ နေရာယူနိုင်တယ်။ ဘုရားပေးတဲ့ အစွမ်းသတ္တိကို သဘောပေါက်ပြီးတော့၊ အကောင်းဆုံး အသုံးပြုနိုင်တဲ့သူတွေဘဝကတော့ အမြဲတမ်းလုံခြုံတယ်၊ တိုးတက်မယ်၊ အဆိုးဆုံးနေ့ရက်တွေကို ဝမ်းမြောက်ခြင်းအပြည့်နဲ့ဖြတ်သန်းနိုင်တဲ့သူတွေဖြစ်မယ်။


ဧပြီလ ၂၃ ရက်နေ့

အစွမ်းသတ္တိ

“ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​နှင့် အစွမ်းသတ္တိ​ဖြစ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ အမှန်တကယ်​တွေ့​ရ​သည့် ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။” ဆာလံ ၄၆:၁

ဘဝရဲ့စစ်မှန်တဲ့ အားကိုးခိုလှုံရာ နှင့် အစွမ်းသတ္တိဟာ ဘုရားပါ။ ဒါကြောင့် ငါ့ဘဝမှာ အားကိုးမရှိဘူး၊ အစွမ်းသတ္တိမရှိဘူးဆိုတဲ့ စကားကိုလွယ်လွယ်လေး မပြောလိုက်နဲ့။ ဒီစကားက ဘာကိုဝန်ခံတာလဲဆိုရင် ငါဘဝမှာ ဘုရားမရှိဘူးလို့ ပြောလိုက်တာနဲ့အတူတူပဲ။ ဘုရားက ပြဿနာတိုင်းရဲ့ ခိုလှုံရာဖြစ်ပြီးတော့ ဘဝမှာလိုအပ်တဲ့ အစွမ်းသတ္တိတိုင်းကိုပေးနိုင်တဲ့ တစ်ပါးတည်းသော သူဖြစ်တယ်။ ဆင်းရဲဒုက္ခတိုင်းမှာ ဘုရားနဲ့သာအသက်ရှင်ရင်သေချာပေါက်လွတ်မြောက်ရာလမ်းကို တွေ့ရှိအောင် ကူညီမစမယ့်သူဖြစ်တယ်။


ဧပြီလ ၂၂ ရက်နေ့

အမြင့်ဆုံး ချီးမြှောက်ခံရဖို့

“​ငြိမ်ဝပ်​စွာ​နေ​၍ ငါ​သည်​ဘုရားသခင်​ဖြစ်ကြောင်း သိမှတ်​ကြ​လော့​။ ငါ​သည် လူမျိုးတကာ​တို့​အလယ်​တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်တွင် ချီးမြှောက်​ခြင်း​ရှိ​လိမ့်မည်​။​” ‭‭ဆာလံ ၄၆း၁၀‬‬

အသက်တာမှာ အမြင့်ဆုံး ချီးမြှောက်ခံရဖို့အတွက် ဘာအရည်အချင်းတွေလိုအပ်သလဲ? သင့်အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းအားတွေက ဒီအချိန်မှာ ချီးမြှောက်ခံရဖို့မပြောနဲ့ ဒီအချိန်မှာ ပြဿနာတွေပြေလည်ဖို့တောင် မလုံလောက်ဘူးဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ လူတွေက ကိုယ့်ရဲ့ ကြိုးစားမှုနဲ့အရည်အချင်းကြောင့်ပဲ ဘဝမှာကောင်းတဲ့အရာတွေရလာမယ်လို့ ထင်နေတတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး၊ ဆာလံဆရာက ပြောတယ် ငြိမ်ဝပ်စွာနေပြီးတော့ အရာခပ်သိမ်းကို ထိန်းချုပ်ထားတဲ့ အသက်ရှင်တဲ့ ဘုရားကိုပဲ သိကျွမ်းဖို့၊ အာရုံပြုဖို့မှာတယ်။ ဒီအရာက အမြင့်ဆုံးချီးမြှောက်ခြင်းခံရဖို့အတွက် လိုအပ်တဲ့အရာပဲ။ စိတ်ပူနေလို့၊ ကြောက်နေလို့ ဘာမှထူးမှာမဟုတ်ဘူး။ ငြိမ်သက်ခြင်း နှင့် ဘုရားအလုပ်လုပ်ခြင်းကို ယုံကြည်ကိုးစားတတ်ခြင်းကပဲ ဘဝကို အမြင့်ဆုံးချီးမြှောက်ပါလိမ့်မယ်။


ဧပြီလ ၂၁ ရက်နေ့

ကြွယ်ဝပြည့်စုံစေသောကျေးဇူးတော်

“သင်​တို့​သည် အရာရာ​၌ အစဉ်အမြဲ ကျေနပ်​တင်းတိမ်​မှု​အပြည့်အဝ​ရှိ​၍ ကောင်း​သော​အမှု​ရှိသမျှ​တို့​နှင့် ကြွယ်ဝ​ပြည့်စုံ​မည့်​အကြောင်း ဘုရားသခင်​သည် အလုံးစုံ​သော​ကျေးဇူး​တော်​ကို သင်​တို့​အပေါ် ကြွယ်ဝ​စွာ​ချ​ပေး​ရန် တတ်နိုင်​တော်မူ​၏။” ‭‭၂ကော ၉:၈

ကျေးဇူးတော်က ငရဲကနေ လွတ်မြောက်စေပြီးတော့ ကောင်းကင်ပို့ပေးရုံပဲ မဟုတ်ဘူး။

ကျေးဇူတော်က အနာရောဂါကနေ ကျန်းမာစေရုံတင်မကဘူး

ကျေးဇူတော်က ဆုံးရှုံးနေတဲ့ ဘဝကနေ ပြောင်းပြန်လှန်ပစ်ပြီး အောင်မြင်သူဖြစ်စေရုံတင်မကဘူး။

ကျေးဇူးတော်က မဖြစ်နိုင်၊ မတတ်နိုင်တဲ့အရာတွေကို ဖြစ်စေနိုင်၊ တတ်နိုင်စေနိုင်တဲ့သူ ဖြစ်စေရုံတင်မကဘူး

ကျေးဇူးတော်က သင့်ဘဝရဲ့ လိုအပ်ချက်အရာတိုင်းကို ထောက်ပံ့ပေးပြီးတော့ လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်တိုင်းမှာ ဖြည့်ဆည်းပေးနိုင်တယ်။ ကျေးဇူးရဲ့ကြွယ်ဝခြင်းကို ယုံကြည်တဲ့သူတိုင်းရဲ့အသက်တာမှာ မြင်တွေ့ရတယ်။ တကယ်တော့ ကျေးဇူးတော်ဆိုတာ အကန့်အသတ်မဲ့တဲ့ တစ်ဖက်သတ်ဘုရားပြုပေးတဲ့ မဟာအခွင့်အရေးကြီးပါ။

ဧပြီလ ၁၉ ရက်နေ့

သခင်အလိုရှိတယ်

“တစ်စုံတစ်ယောက်​က သင်​တို့​အား တစ်စုံတစ်ခု​ပြော​လျှင် ‘သခင်​ဘုရား​အလို​ရှိ​သည်’​ဟု ပြော​ကြ​လော့။ ထိုသို့​ပြော​လျှင် ၎င်း​တို့​ကို ချက်ချင်း​ပို့​ပေး​လိမ့်မည်”​ဟူ၍ မိန့်​တော်မူ​၏။” မဿဲ ၂၁:၃

ယေရုရှလင်မြို့ထဲကိုဝင်တဲ့အခါမှာ လိုအပ်တဲ့ မြည်းကိုသွားယူတဲ့ တပည့်တော်တွေကို သခင်ယေရှုက ပိုက်ဆံမပေးလိုက်ဘူး။ လူတွေမေးရင် သခင်ဘုရားအလိုရှိတယ်လို့ သာပြောခိုင်းတယ်။ သခင်အလိုရှိတဲ့အခါမှာ လိုအပ်တဲ့အရာတိုင်းက အတား အဆီးမရှိ ရောက်လာတယ်။ ဆီးတားတဲ့သူတစ်ယောက်မှ မရှိဘူး။ သင့်ဘဝမှာလဲ သခင်အလိုတော်ရှိတယ်ဆိုတဲ့အသံကိုကြားရင် ဘယ်လိုအရာဖြစ်ဖြစ် ခွင့်ပြုပေးတတ်ဖို့လိုသလို၊ သင့်ဘဝမှာ ဘုရားအလိုတော်ရှိတဲ့အရာတွေကလဲ ဘယ်လိုအခြေအနေမှာမဆို သင့်ဆီကို ရောက်လာမယ်ဆိုတာ ယုံကြည်စိတ်ချစေချင်တယ်။ သခင်အလိုတော်ရှိတဲ့အခါမှာ အရာခပ်သိမ်းက ချက်ခြင်းဆိုသလို အတားအဆီးမရှိ ရောက်ရှိလာပါလိမ့်မယ်။

ဧပြီလ ၁၈ ရက်နေ့

အံ့ဖွယ်သောအမှု

“ယေရှု​က​လည်း ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏။ ဤ​အမှု​သည် ထာဝရ​ဘုရား​အားဖြင့်​ဖြစ်လာ​၍ ငါ​တို့​၏​မျက်မှောက်​၌ အံ့ဩဖွယ်​ဖြစ်​၏’ဟု ကျမ်းစာ​ထဲ၌ မ​ဖတ်​ဖူး​ကြ​သလော။” မဿဲ ၂၁:၄၂

ဘုရားပြုတဲ့ အံ့ဖွယ်သောအမှု များစွာရှိတဲ့အထဲက တစ်ခုကတော့ အပယ်ခံထားတဲ့ ဘဝကနေ လူတွေအားကျခံရတဲ့ဘဝကို ပို့ဆောင်ပေးခြင်းပါပဲ။ လူတွေပယ်ထားလို့ အားမငယ်နှင့်။ သင်က ဉီးစားပေးနေရမှာ မပါရလို့လဲ စိတ်မပျက်သွားနဲ့။ ဒီအရာက တစ်သက်လုံး အတွက်မဟုတ်ဘူး။ ဘုရားကိုဆက်ပြီးအားကိုးရင်းအသက်ရှင်ပါ။ အခုချိန်မှာ အပယ်ခံရပေမယ့် ဘုရားအံ့ဖွယ်အမှုပြုတဲ့နေ့ရက်ရောက်လာတဲ့အခါမှာတော့ အရာရာဟာ ပြောင်းပြန်ဖြစ်သွားမယ်။

ဧပြီလ ၁၇ ရက်နေ့

ဘေးအန္တရာယ် အပေါင်းမှ

“ထာဝရဘုရား​သည် ဘေးအန္တရာယ်​အပေါင်း​တို့​မှ သင့်​ကို​စောင့်ရှောက်​တော်မူ​လိမ့်မည်​။ သင်​၏​အသက်​ကို​စောင့်ရှောက်​တော်မူ​လိမ့်မည်​။” ‭‭ဆာလံ ၁၂၁း၇‬‬

နောက်ဆုံးသော နေ့ရက်ကာလထဲ ဝင်ရောက်လာတာနဲ့အမျှ ကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်တွေက တစ်ခုပြီးရင်ဆိုင်နေရတယ်။ အရင်တုန်းက မကြုံဖူးတဲ့ အရာတွေကို ကြုံလာရတဲ့အခါမှာ လောကကြီးမှာလုံခြုံမှုဆိုတာ ရှာလေဝေးလေဖြစ်လာပေမယ့် ဘုရားကတော့ကတိပေးထားတယ်။ ဘယ်လို ဘေးအန္တရယ်တွေ ကျရောက်ပါစေ သူကာကွယ်ပေးမယ်၊ လုံခြုံစေမယ်။ သင့်ရဲ့အသက်အတွက် ဒီလိုကာလမှာ အပြည့်အဝ အာမခံနိုင်တဲ့ တစ်ဉီးသော သူက အသက်ရှင်တဲ့ ဘုရားပဲရှိပါတယ်။

ဧပြီလ ၁၆ ရက်နေ့

ဘယ်သူဆန့်ကျင်ရဲသလဲ?

“သို့ဖြစ်လျှင် ဤ​အရာ​များ​ကို​ထောက်၍ မည်သို့​ဆို​ရ​မည်နည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်​၌​ရှိ​တော်မူ​လျှင် မည်သူ​သည် ငါ​တို့​ကို ဆန့်ကျင်​နိုင်​မည်နည်း။” ရောမ ၈:၃၁

ဘုရားအတူပါရှိခြင်းက အရာရာထက် ပိုအရေးကြီးတယ်။ ငွေရှိတာ မရှိတာထက်၊ ပညာအရည်အချင်းရှိတာ မရှိတာထက်၊ ကူညီမစမယ့်သူ ရှိတာ မရှိတာထက်၊ ဘုရားအတူပါရှိခြင်းက အရေးပိုကြီးပါတယ်။ ဘုရားအတူပါရှိတဲ့အခါမှာ ဘယ်သူကမှ သင့်ကို ဆန့်ကျင်လို့ မရသလို၊ တားဆီးလို့လဲ မရဘူး။ ဘုရားအတူပါရှိတဲ့သူကို ကန့်သတ်လို့ရတာ၊ ရပ်တန့်စေနိုင်တာ ဘာတစ်ခုမှ မရှိဘူး။

ဧပြီလ ၁၅ ရက်နေ့

ဘုရားသခင် ငါ့ဘက်မှာ ရှိတဲ့အခါ

“ဘု​ရား​သ​ခင်​သည် ငါ့​ဘက်​မှာ​နေ​တော်​မူ​သော​ကြောင့်၊ ငါ​အော်​ဟစ်​သော​အ​ခါ ရန်​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ​ကြ​မည်​ကို ငါ​သိ၏။” ဆာလံ ၅၆:၉‬

ဘုရားသခင်က ကိုယ့်ရဲ့ဘက်မှာရှိလား? မရှိဘူးလား? ဆိုတာ လူတွေ အမြဲတမ်းမေးခွန်းထုတ်လေ့ရှိတတ်ပါတယ်။ နှုတ်ကပတ်တော်က ဘုရားသခင်ကိုယ့်ဘက်မှာ ရှိတဲ့အခါမှာ ဖြစ်လာတဲ့ အသက်တာကို အမြဲတမ်းဖေါ်ပြတယ်။ ဘုရားရပ်တည်ပေးတဲ့အသက်တာဟာ အသက်တာမှာ ထူးခြားတဲ့အရာတွေ အများကြီးဖြစ်ပါတယ်။ အဲ့အထဲမှာတော့ ဘယ်တော့မှ ရန်သူတွေရှေ့မှာ လဲမကျသွားတဲ့အရာလဲ ပါတယ်။ ဘုရားကသာ သေချာရပ်တည်ပေးတယ်ဆိုရင် ဘယ်လောက်ပဲ ရန်သူများများ သင်ဘယ်တော့မှ၊ ဘယ်လို အခြေအနေမျိုးမှာမှ လဲကျ သွားမှာမဟုတ်ဘူး၊ ရန်သူတွေကပဲ လဲကျ သွားမှာသေချာတယ်။

ဧပြီလ ၁၄ ရက်နေ့

မှန်သောကြောက်ရွံ့ခြင်းရဲ့ ရလဒ်

“ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ​လော့။ ကြောက်​ရွံ့​သော​သူ​တို့၌ ဆင်း​ရဲ​ခြင်း​မ​ရှိ​ရာ။” ‭‭ဆာလံ‬ ၃၄း၉ ‬‬

ဘုရားကိုကြောက်ရွံ့ခြင်းရှိ၊ မရှိဘယ်လိုသိနိုင်မလဲ? တချို့က သူတို့ အသက်တာဟာ ဘုရားကိုကြောက်ရွံ့ခြင်း နှင့် ရှင်သန်တယ်လို့ပြောပေမယ့် မှန်တဲ့ရလဒ် ကိုတော့ မမြင်တွေ့ရဘူး။ မှန်တဲ့ကြောက်ရွံ့ခြင်းမှာ အသီးအပွင့်ရှိတယ်။ ဆာလံဆရာက ပြောတယ် ကြောက်ရွံ့ခြင်းရှိတဲ့ သူရဲ့အသက်တာမှာ ဆင်းရဲခြင်းမရှိဘူးတဲ့။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကတိတော်လဲ။ တကယ်ကြောက်ရွံ့သလားဆိုတာ အသက်တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဘယ်ဆင်းရဲခြင်းကမှ ဘုရားကိုကြောက်ရွံ့တဲ့သူရဲ့ဘဝကို မခြိမ်းခြောက်နိုင်ဘူး။

ဧပြီလ ၁၂ ရက်နေ့

ဆွဲကိုင်တာ မှန်တဲ့အခါမှာ

“Whoever pursues righteousness and love finds life, prosperity and honor.” Proverbs‬ ‭21‬:‭21‬ ‭NIV‬‬

ဘဝမှာ မလွှတ်တမ်းဆွဲကိုင်ရမယ့်အရာ၊ နေ့စဉ်ဖွေရှာရမယ့်အရာတွေရှိတယ်။ အသက်ရှင်ဖို့အတွက် ငွေတစ်ခုထဲကို သည်းသည်းမဲမဲ ရှာနေတာတွေက ကြီးမားတဲ့အပြောင်းအလဲတွေကို မယူဆောင်လာဘူး။ မှန်ကန်တဲ့အရာကို ဉီးစားပေးတဲ့အခါမှာ ကြီးမားတဲ့အပြောင်းလဲတွေကိုအသက်တာမှာ ခံစားဖို့အတွက် တံခါးဖွင့်ပေးတယ်။ ဖြောင့်မတ်ခြင်းနှင့် ကရုဏာကို လက်ကိုင်ဆွဲတဲ့သူတွေဟာ အခြားသူတွေမရနိုင်တဲ့ အသက်၊ ကြွယ်ဝခြင်းနှင့် ဂုဏ်အသရေထင်ရှားခြင်းကို ခံစားရတယ်။

ဧပြီလ ၁၁ ရက်နေ့

မေတ္တာနှင့်ပြည့်စုံသောသူ (၄)

“ချစ်​ခြင်း​မေတ္တာ​သည် ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​အပေါ် မကောင်း​သော​အမှု​ကို​မ​ပြု​တတ်။ ထို့ကြောင့် ချစ်​ခြင်း​မေတ္တာ​သည် ပညတ်​တရား​၏​ပြည့်စုံ​ရာ​ဖြစ်​၏။” ရောမ ၁၃:၁၀

ပတ်ဝန်းကျင်အပေါ် နှင့် လူတွေအပေါ်မှာ ကောင်းကြီးဖြစ်စေတာဘယ်လိုလူမျိုးတွေလဲ? ဘုရားရဲ့ ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံတဲ့သူတွေလို့ပဲ ဖြေရမယ်။ ဘုရားရဲ့ မေတ္တာနှင့် ပြည့်စုံတဲ့သူဟာ အခြားသူတွေကိုလဲ ချစ်တတ်တယ်၊ ကောင်းကျိုးဖြစ်စေတဲ့သူတွေ ဖြစ်လာတယ်။ ဘုရားမေတ္တာကို နားမလည်တဲ့သူတွေကပဲ အခြားသူတွေ အကျိုးကို ဖျက်ဆီးတာ။ ဒါကြောင့် တမန်တော်ကြီးပေါလုက ပြောတာ အကျင့်တရားတွေ၊ ပညတ်တရားတွေရဲ့ပြည့်စုံရာက ချစ်ခြင်းမေတ္တာပဲ။ မေတ္တာနှင့်သာပြည့်စုံရင် ဘုရားသတ်မှတ်ချက်အားလုံးကို လဲပြည့်စုံစေတဲ့သူဖြစ်လာမှာသေချာတယ်။

ဧပြီလ ၁၀ ရက်နေ့

မေတ္တာနှင့်ပြည့်စုံသောသူ (၃)

“အကြောင်းမူကား ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​ပေး​တော်မူ​သော​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သွန်းလောင်း​ခြင်း​ခံရ​ပြီ​ဖြစ်​၏။” ရောမ ၅:၅

သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝတဲ့အခါမှာ ထင်ရှားလဲ လက္ခဏာတွေထဲက တစ်ခုက မေတ္တာနှင့်ပြည့်စုံခြင်းပါပဲ။ ဘုရားမေတ္တာကို ကိုယ့်အစွမ်းနဲ့ဘယ်လိုမှ နားလည်လက်ခံနိုင်မှာမဟုတ်ဘူး။ အခြေအနေတွေကိုကြည့်ပြီးတော့လဲ နားလည်နိုင်မှာမဟုတ်ဘူး။ ဘုရားရဲ့မေတ္တာကို ကောင်းမွန်စွာနားလည်နိုင်ဖို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့အကူအညီ အထူးလိုအပ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလေလေ ဘုရားမေတ္တာနဲ့ ပြည့်စုံလေလေပါပဲ။

ဧပြီလ ၉ ရက်နေ့

မေတ္တာနှင့်ပြည့်စုံသောသူ (၂)

“ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-” ‭‭ဧဖက်‬ ‭၃း၁၉ ‬‬

တမန်တော်ကြီးရှင်ပေါလုက ဧဖက်အသင်းတော်အတွက် ဆုတောင်းပေးတဲ့အထဲမှာ ဝိညာဉ်ရေးရာရဲ့ အရေးကြီးတဲ့အချက်ကို မြင်တွေ့ရတယ်။ အဲ့ဒါကတော့ ကိုယ်ရဲ့ ဉာဏ်နှင့် ဘယ်လိုမှ မသိနိုင်တဲ့ ခရစ်တော်ရဲ့ မေတ္တာကို သိနားလည်ဖို့ပါ။ လူ့အစွမ်းအစ လူ့ရဲ့ ဉီး နှောက် ဘယ်လိုမှနားမလည်နိုင်ဘူး။ ဝိညာဉ်တော် မစကူညီမှပဲ ဖြစ်နိုင်မယ်။ ဘုရားရဲ့ မေတ္တာနှင့်ပြည့်စုံလေလေ ဘုရားရဲ့ပြည့်စုံခြင်းအသက်တာမှာ ပိုမိုမြင်တွေ့ခံစားရလေလေ ပါပဲ။

ဧပြီလ ၈ ရက်နေ့

မေတ္တာနှင့် ပြည့်စုံသောသူ

“ချစ်​ခြင်း​မေတ္တာ​၌ ကြောက်ရွံ့​ခြင်း​မ​ရှိ။ ကြောက်ရွံ့​ခြင်း​သည် အပြစ်ဒဏ်​ခံရ​ခြင်း​နှင့်​သက်ဆိုင်​သည်​ဖြစ်၍ စုံလင်​သော​ချစ်​ခြင်း​မေတ္တာ​သည် ကြောက်ရွံ့​ခြင်း​ကို ဖယ်ရှား​တတ်​၏။ ထို့ကြောင့် ကြောက်​တတ်​သော​သူ​သည် ချစ်​ခြင်း​မေတ္တာ​နှင့်​မ​ပြည့်စုံ​သေး။” ၁ယော၄း၁၈‬‬

ဘုရားရဲ့မေတ္တာကို ခံစားလေလေ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေကနေ လွတ်မြောက်လေလေပဲ။ ဘာလို့ကြောက်သလဲဆိုရင် ဘုရားကိုယ့်အပေါ်မှာ ထားတဲ့ ချစ်ခြင်းမေတ္တာကို နက်ရှိုင်းစွာ နားမလည်လို့ဖြစ်တယ်။ ဒါကြောင့် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းက ဘဝကိုဉီးဆောင်နေတယ်။ ဘုရားရဲ့ ကြီးမားတဲ့မေတ္တာကို သဘောပေါက်နားလည်တဲ့အခါမှာတော့ ဘယ်အရာကိုမှ ကြောက်တဲ့စိတ် သင့်ဆီမှာ ရှိမှာမဟုတ်တော့ဘူး။ ကြောက်ရွံ့ခြင်းကို အောင်မြင်တာက ဘုရားရဲ့ မေတ္တာကို နက်ရှိုင်းစွာ နားလည် သဘောပေါက်ခြင်းတစ်ခုပဲရှိတယ်။

ဧပြီလ ၇ ရက်နေ့

အဓိကအကြောင်းအရင်း

“ထို့ကြောင့် ဤ​အရာ​သည် လူ​၏​အလိုဆန္ဒ​အပေါ်၌​လည်းကောင်း၊ ကြိုးစား​အားထုတ်​မှု​အပေါ်၌​လည်းကောင်း မ​မူတည်​ဘဲ ကရုဏာ​ထား​တော်မူ​သော​ဘုရားသခင်​အပေါ်၌​သာ မူတည်​၏။” ရောမ ၉း၁၆ ‬‬

လူတစ်ယောက်အောင်မြင်တာ၊ ကောင်းစားတာ၊ ချီးမြှောက်ခံရတာဟာ တခြားဘယ်အရာပေါ်မှာမှ မမူတည်ဘူး။ လုပ်နိုင်ခြင်း၊ တော်ခြင်း၊ တတ်ခြင်းရှိတိုင်းသာ အောင်မြင်ကြမယ်ဆိုရင် လောကမှာ ဒီလိုလူမျိုးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့ တွေထင်သလောက် မအောင်မြင်ပဲ ကျရှုံးသွားကြတယ်။ အောင်မြင်ခြင်း၊ တိုးတက်ခြင်း၊ကောင်းစားခြင်းရဲ့အဓိက အကြောင်းအရင်းက ဘုရားရဲ့ ကရုဏာပေါ်မှာပဲမူတည်တယ်။ ဘုရားကရုဏာမပါပဲ ဘာမှဖြစ်လာမှာ မဟုတ်သလို ဘာမှလဲ​လုပ်နိုင်မှာမဟုတ်ဘူး။

ဧပြီလ ၅ ရက်နေ့

မော်ဒန်မြင့် ခေတ်သစ် ဖါရိရှဲ မဖြစ်စေနဲ့

“သင်​တို့​သည် မျက်စိ​ရှိ​လျက်​နှင့်​မ​မြင်​ကြ​သလော။ နား​ရှိ​လျက်​နှင့်​မ​ကြား​ကြ​သလော။သင်​တို့​မ​မှတ်မိ​ကြ​သလော။” ‭‭မာကု၈:၁၈

သခင်ယေရှုက တချိန်လုံး ဘာသာရေး အရေခြုံတွေ ဖြစ်တဲ့ ဖါရိရှဲတွေကို အပြစ်တင်တဲ့အရာက တခြားအရာမဟုတ်ဘူး။ သူတို့လောက် ကျမ်းစာ အလွတ်ရတာလဲ သူတို့ပဲ၊ ဆုတောင်းလိုက်တာလဲ မပြောနဲ့၊ သူများကိုဆုံးမလိုက်တဲ့နေရာမှာလဲ အခြားသူတွေ တစ်ယောက်မှ​ကို နေစရာမရှိလောက်အောင်ကို ပြောနိုင်တယ်။ ပြဿနာက ဝိညာဉ်မျက်စိ၊ ဝိညာဉ်နား ကန်းနေတာပါပဲ။ ဒါကြောင့်လဲ​နှုတ်ကပတ်တော်ထဲက အံ့ဖွယ်အရာတွေကိုလဲ​မမြင်နိုင်သလို၊ ဘုရားပြုနေတဲ့အံ့ဖွယ်အရာတွေကိုလဲ လက်မခံနိုင်ဘူး။ သူတို့လုပ်တဲ့အရာကပဲ ကမ္ဘာပေါ်မှာ အမှန်ဆုံးလို့ အထင်ရောက်နေတာ။ ဘုရားသာ မျက်စိမဖွင့်ပေးရင်၊ နားသာမပွင့်ခဲ့ရင် ဖါရိရှဲ ဝိညာဉ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခေတ်သစ် မော်ဒန်မြင့် ဖါရိရှဲတွေကခေတ်ဟောင်းထက်ပိုပြီး အဆင့်မြင့်ပြီး ပိုဆိုးနိုင်တယ်။

ဧပြီလ ၄ ရက်နေ့

ကိုယ်တော်ရဲ့လမ်း

“အကျွန်ုပ်​သည် စည်းစိမ်ဥစ္စာ​အလုံးစုံ​တို့​အပေါ်​၌ ရွှင်မြူး​ခြင်း​ရှိ​သကဲ့သို့ ကိုယ်တော်​၏​သက်သေခံချက်​လမ်း​၌ ရွှင်မြူး​ခြင်း​ရှိ​ပါ​၏​။” ဆာလံ ၁၁၉:၁၄

ဝမ်းမြောက်ရွှင်မြူး ဖို့ဆိုတာ လောကရဲ့အခြေနေ နဲ့ အဖြစ်ပျက်တွေထဲမှာတော့မဖြစ်နိုင်တော့ပါဘူး။ ကိုယ်စိတ်ကြိုက် ရွေးချယ်တဲ့လမ်းတွေ ရဲ့အဆုံး ဟာလဲ အမြဲတမ်း ဝမ်းမြောက်ခြင်း ပျောက်ဆုံး သွားတတ်ပါတယ်။ လောကရဲ့ စီးစိမ် ဉစ္စာတွေကလဲ ဘယ်တော့မှ ဝမ်းမြောက်ခြင်းကိုမပေးနိုင်ပါဘူး။ ဘုရားပို့ဆောင်တဲ့လမ်း ကို လျောက်တဲ့သူ အဖို့တော့ နေ့စဉ် ဝမ်းမြောက်ခြင်း ခံစားရပါတယ်။ လောကရဲ့စည်းစိမ်ဉစ္စာ အလုံးစုံကို ခံစားရတဲ့ ဝမ်းမြောက်ခြင်း ထက်သာတဲ့ ဝမ်းမြောက်ခြင်းဟာ ဘုရားနဲ့အတူ ဘုရားပိုဆောင်တဲ့လမ်းမှာ လျှောက်လှမ်းတဲ့သူရဲ့ဘဝအသက်တာမှာပဲ မြင်တွေ့ ခွင့်ရတာပါ။

ဧပြီလ ၃ ရက်နေ့

ကိုယ်တော်​၌​တည်​နေခြင်း

“သင်​တို့​မူကား ကိုယ်တော်​ထံမှ​ခံစား​ရ​သော​ဘိသိက်​ကျေးဇူး​သည် သင်​တို့​၌​တည်ရှိ​သည်​ဖြစ်၍ မည်သူ​က​မျှ သင်​တို့​ကို​သင်ပေး​ရန် မ​လိုအပ်​ပေ။ ထို​ဘိသိက်​ကျေးဇူး​သည် မှန်ကန်​၍ လိမ်လည်​ခြင်း​ကင်း​လျက် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား သင်ပေး​တော်မူ​သည်​ဖြစ်၍ သင်​တို့​အား သင်ပေး​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၌​တည်​နေ​ကြ​လော့။” ‭‭၁ ယော ၂း၂၇ ‬‬

ခရစ်တော်ထဲမှာ တည်နေတဲ့သူ တစ်ယောက်ခံစားရတဲ့ ကောင်းကြီးနည်းတာမဟုတ်ဘူး။ ဘယ်လို ခရစ်တော်အထဲမှာ တည်နေရမလဲလို့ မေးခွန်းထုတ်မယ်ဆိုရင် ကိုယ့်ရဲ့ကြိုးစားမှုနဲ့ မဖြစ်နိုင်ဘူးဆိုတာကို သိဖို့လိုတယ်။ ဘုရားပေးတဲ့ တည်စေနိုင်တဲ့ အစွမ်းကိုပေးတဲ့ ဘိသိက်လိုတယ်။ ဘုရားပေးတဲ့ အထူးခွန်အားဖြစ်တဲ့ ဘိသိက်ဟာ သင့်ဘဝမှာ ခရစ်တော်အထဲမှာ တည်နေဖို့အတွက် မစနိုင်တယ်။ အဲ့ဒီဘိသိက်ဟာ သင်ပေးတယ် ဘာကိုသင်ပေးသလဲဆိုရင် ခရစ်တော်အထဲမှာ တည်နေတဲ့အသက်တာကို ဖြစ်ပေါ်စေဖို့အတွက်။ လူတွေထဲက မရနိုင်တဲ့ သွန်သင်ပေးမှုကို ဘိသိက်ဟာ လုပ်ဆောင်ပေးတယ်။ ဘုရားပေးတဲ့ ဘိသိက်ရရင် လူတိုင်းမရနိုင်တဲ့ ကိုယ်တော်​၌​တည်​ခြင်းအသက်တာကို သေချာပေါက်ရပြီ။

ဧပြီလ ၂ ရက်နေ့

နှလုံးသားယဇ်ပလ္လင်

“At each and every sunrise you will hear my voice as I prepare my sacrifice of prayer to you. Every morning I lay out the pieces of my life on the altar and wait for your fire to fall upon my heart.” Psalms 5:3 TPT

နံနက်တိုင်း နှလုံးသား ယဇ်ပလ္လင်မှာ ကိုးကွယ်ခြင်း ယဇ်ကိုပူဇော်ပြီးတော့ ဘုရားရဲ့ ဝိညာဉ်တော်မီးကို မျှော်လင့်ပါ။ သန့်ရှင်းသောဝိညာဉ်တော်မီးက ဘယ်တော့မှငြိမ်းလို့မရဘူး။ နှလုံးသား နှင့် ကိုးကွယ်ခြင်းကလဲ ဘယ်တော့မှ ရပ်တန့်လို့မရဘူး။ ဘုရားက နေ့တိုင်း ကိုယ့်ရဲ့အသံကိုနားထောင်ပြီးတော့ ကိုယ်ရဲ့ ဆုတောင်းချက်တွေကို အဖြေပေးတယ်ဆိုတာ နေ့တိုင်းသင့်ရဲ့ နှလုံးသား အကြွင်းမဲ့ ကိုးကွယ်ဝတ်ပြုခြင်း နှင့်အများကြီးဆိုင်တယ်။ ဒါဝိဒ်ဟာ နှလုံးသားနှင့် ကိုးကွယ်တဲ့နေရာမှာ အခြားသူတွေ သဘောမပေါက်တဲ့ အရာကို နက်နဲစွာ သဘောပေါက်နားလည်ခဲ့တယ်။ နံနက်တိုင်း နက်ရှိုင်းစွာ ကိုးကွယ်ခြင်းရဲ့နောက်ကွယ်မှာ သူဟာ ထူးခြားစွာပြောင်းလဲ တိုးတက်ခဲ့တဲ့သူတစ်ယောက်ဖြစ်လာတယ်။ သူဘာလုပ်လုပ် ထူးခြားတယ်၊ သူ့ရဲ့နေ့ရက်တိုင်းဟာ ကောင်းကြီးမင်္ဂလာနဲ့ ပြည့်နှက်နေတယ်ဆိုတာ အခြားအကြောင်းကြောင့်မဟုတ်ဘူး။ ဘုရားကို နံနက်တိုင်း နှလုံးသား အကြွင်းမဲ့ ကိုးကွယ်ချဉ်းကပ်တတ်လို့ပဲ။

ဧပြီလ ၁ ရက်နေ့

ဆင်ခြင်အောက်မေ့ခြင်း

“အကျွန်ုပ်​သည် လွန်ခဲ့သော​နေ့ရက်​များ​ကို သတိရ​လျက် ကိုယ်တော်​၏​လုပ်ဆောင်​တော်မူ​ချက်​ရှိသမျှ​တို့​ကို ဆင်ခြင်အောက်မေ့​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​ဖြင့်​ပြုလုပ်​သော​အရာ​များ​ကို အကျွန်ုပ်​တွေးတောဆင်ခြင်​ပါ​၏​။”. ဆာလံကျမ်း ၁၄၃:၅

ဘာတွေတွေးတော ဆင်ခြင်နေသလဲ? စိုးရိမ်ခြင်း (သို့) စိတ်ချမူဟာ ဆင်ခြင်တွေးတောခြင်းရဲ့ရလဒ်ပါ။ မှားယွင်းတဲ့ ဆင်ခြင်အောက်မေ့ခြင်းက စိုးရိမ်ခြင်းကိုယူဆောင်လာသလို၊ ဘုရားနှုတ်ကပတ်တော်နှင့် လုပ်ဆောင်ပေးခြင်းကို ဆင်ခြင်အောက်‌မေ့တဲ့သူ အသက်တာမှာတော့ စိတ်ချမှုကိုယူဆောင်လာတယ်။ ဆင်ခြင်မှုမှားရင် ကျန်တဲ့အရာတွေ အားလုံး မှားယွင်းသွားနိုင်တယ်။ ဆင်ခြင်မှုမှန်ရင်တော့ အသက်တာမှာ အားလုံး မှန်လာလိမ့်မယ်။ ဆာလံ ဆရာက ပြီးခဲ့တဲ့ကာလရဲ့ မကောင်းတဲ့အရာတွေကို ပြန်သတိမရဘူး။ အရှုံးတွေနဲ့ စိတ်ပျက်စရာတွေကို ပြန်မတွေးဘူး။ ဘုရားလုပ်ပေးတဲ့ အရာတွေ၊လက်တော်ရဲ့လုပ်ဆောင်မူတွေပဲ ပြန်တွေးတယ်။ ဒါကြောင့်လဲ အရာရာကို မစိုးရိမ်ပဲ စိတ်ချမှုအပြည့်နဲ့ ဖြတ်သန်းနိုင်တာပေါ့။

မတ်လ ၃၁ ရက်နေ့

ကယ်တင်နိုင်သော တစ်ပါးတည်းသူ

“ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။” ‭‭တမန်တော်‬ ၄း၁၂‬‬

နာမည်ပြောလိုက်တာနဲ့ အရာရာ အဆင်ပြေသွားတဲ့ နိုင်ငံနှင့် ခေတ်ကြီးထဲမှာ ကျွန်တော်ကြီးလာတာ။ နာမည်တစ်ခု တန်ဖိုး ဘယ်လောက်ရှိသလဲ ဆိုတာ ကျွန်တော် ကောင်းကောင်းသိခွင့်ရတယ်။ နာမည်လေး ပြောလိုက်တာနဲ့ ဝင်လို့မရတဲ့ နေရာတွေ အကုန်လုံးဝင်၊ ထွက်လို့ရတယ်။ နာမည်ပြောလိုက်တာနဲ့ မရဘူးဆိုတဲ့ ကိစ္စတွေ အကုန် ရသွားတယ်။ လောကကြီးရဲ့နာမည်တွေတောင် ဒီလောက်စွမ်းရင် အမြင့်ဆုံး အရာရာကို လုပ်ဆောင်ပေးနိုင်တဲ့ ကယ်တင်ရှင်ရဲ့နာမက ဘယ်လောက်တောင် စွမ်းမလဲ? ကောင်းကင်အောက်မြေကြီးပေါ်မှာ သခင်ယေရှုနာမလောက် ကြီးမြတ်တဲ့နာမ မရှိသလို အရာရာ လုပ်ဆောင်ပေးနိုင်တဲ့နာမ တခြားမရှိဘူး။ ယုံကြည်ခြင်းနှင့်ခေါ်ကြည့်ပါ ထူးကို ထူးလာမယ်။

မတ်လ ၂၉ ရက်နေ့

ခွန်အားပေးတဲ့ သူရှိလို့

“ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။ ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။” ဆာလံ‬ ‭၄၆:၁-၂

ကြောက်စရာကောင်းတဲ့အခြေအနေမှာ စိုးရိမ်ကြောက်ရွံ့ခြင်းမရှိပဲ ဖြတ်ကျော်နိုင်တာဟာ ခွန်အားပေးတဲ့သူ ရှိလို့ပါပဲ။ ဘုရားက ကောင်းစားနေတဲ့အချိန်၊ အဆင်ပြေတဲ့အချိန်မှာပဲ ဘေးမှာရှိတာမဟုတ်ဘူး။ အဆိုးဆုံးအခြေအနေတွေမှာလဲ ပြိုလဲမသွားအောင် ကူညီမစတယ်။ ကျော်လွှားနိုင်အောင် ခွန်အားပေးတယ်။ ဘုရားရဲ့တူပါရှိခြင်းက လောက ကြီးတစ်ခုလုံး တုန်လှုပ်နေရင်တောင်မှ မတုန်မလှုပ်ပဲ ကောင်းမွန်စွာ ဖြတ်ကျော်သွားစေနိုင်တယ်။ အရာရာမှာ ခွန်အားပေးတဲ့သူရှိလို့ ဘယ်အရာကိုမဆို အောင်မြင်စွာ ကျော်လွှားသွားစေနိုင်တယ်။

မတ်လ ၂၈ ရက်နေ့

မခေါ် မီကပင် ထူးမည်

“ငါ​သည် သူ​တို့​မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။” ဟေရှာယ‬ ‭၆၅:၂၄

ဘုရားကို ခေါ်ရင်တောင်မှ မထူးတဲ့ သူတွေ ရှိသလို ၊ တချို့တွေခေါ်ရင်တော့လဲ ဘုရားက ထူးပါတယ်။ ခေါ်မှထူးမယ်ဆိုတဲ့ဘဝကိုလဲ မကျေနပ်နေနဲ့။ ဘုရားနှင့် ပိုရင်းနှီးတဲ့အခါမှာ အရင်ထက်ပိုတဲ့ အခွင့်အရေးတွေ ရောက်လာတယ်။ ခေါ်ရင် မထူးတဲ့ဘဝကနေ ခေါ်မှထူးတဲ့ ဘဝကိုရောက်လာတယ်။ နောက် ဆုံးတော့ ခေါ်တောင်မခေါ်ရသေးဘူး ဘုရားက ကြိုပြီးတော့ ထူးတဲ့ဘဝကို ရောက်လာစေတယ်။ ဘယ်လောက်တောင် ကြီးမားတဲ့အခွင့် အရေးလဲ? ဘုရားက သင့်ဘဝကို အခြားသူတွေ​ မရနိုင်တဲ့ ဘဝထဲကို ပို့ဆောင်ပေးတယ်။

မတ်လ ၂၇ ရက်နေ့

တန်ဖိုးကြီးပြီးများပြားလှတဲ့ သင့်အတွက် ဘုရားအကြံအစည်

“အို ဘုရားသခင်​၊ ကိုယ်တော်​၏​အတွေးအကြံ​တို့​သည် အကျွန်ုပ်​အတွက် တန်ဖိုးကြီး​လှ​ပါ​၏​။ ၎င်း​တို့​အားလုံး​၏​ပမာဏ​သည် များပြား​လှ​ပါ​၏​။” ဆာလံ ၁၃၉:၁၇

              ကိုယ်ဟာကိုယ် တန်ဖိုးမရှိဘူးထင်နေတုန်းလား?

               ဘာတစ်ခုမှ ကြံစည်မရလို့ စိတ်ညစ်နေတာလား ?

ကိုယ့်အကြံအစည် ကိုယ့်အတွေးအခေါ်နဲ့ပဲ သွားနေရင်တော့ ဒီအတိုင်းပဲ ဖြစ်နေအုံးမှာပဲ။ အရည်အချင်းတစ်ခုထဲကို ကြည့်ပြီးတော့ တန်ဖိုး သတ်မှတ်လိုက်ရင်တော့မှားသွားမှာပေါ့။ တန်ဖိုးကြီးပြီးတော့ များပြားလှတဲ့ အကြံအစည်တွေ ဘုရား သူ့သားသမီးတွေအတွက် ကြံစည်ထားတယ်။ လူ့အနေနဲ့ မမြင်နိုင် မသိနိုင်သေးရင်တောင် ဘုရားက တန်ဖိုးထားပြီးတော့ ပြင်ဆင်ပေးထားတယ်။ တန်ဖိုးကြီးတဲ့ အကြံအစည်တော်နှင့် မရေတွက်နိုင်တဲ့ ပြင်ဆင်ပေးထားမူတွေကို အရှေ့မှာ ပြင်ဆင် ထားပေးတယ်။

မတ်လ ၂၆ ရက်နေ့

သတိနဲ့ စောင့်ကြည့် ဂရုစိုက်ခြင်းခံရသောသူ

“The Lord watches over you— the Lord is your shade at your right hand;” Psalms‬ ‭121‬:‭5‬ ‭NIV‬‬

အရေးကြီး ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်ကြီးတွေရဲ့ဘေးမှာ သူတို့ကို အထူးစောင့်ရှောက်တဲ့ ကာကွယ်ရေး တပ်တွေကို မြင်ဖူးတယ်မဟုတ်လား? ဒီလိုလူတွေလာရင် လုံခြုံရေးက အထူးတင်းကြပ်ပြီးတော့ ပတ်ဝန်းကျင်ကို မျက်တောင် မခတ်ပဲ စောင့်ကြည့်နေတဲ့ သန်မာတဲ့ အစောင့်တွေလဲ ပါလာတတ်တယ်။ ဒါက အထူးပုဂ္ဂိုလ်တွေအတွက်ပဲလို့ လောကကြီးမှာ တော့ထင်တတ်ပါတယ်။ တကယ်တော့ ဘုရားက သူ့သားသမီးတိုင်းကို ဒီလိုကာကွယ်စောင့်ရှောက်မှုထက်ပိုအောင် စောင့်ကြည့် ဂရုစိုက်နေတယ်။ ပတ်လည်မှာ ကောင်းကင်တမန်တွေ ရော သူကိုယ်တိုင်လဲ သင့်ကိုလုံခြုံစေဖို့ ဘေးကင်းဖို့ အမြဲတမ်း စောင့် ကြည့်နေတယ်။ ဘဝမှာ ဘုရားရဲ့ ဂရုစိုက်ခြင်းကိုနားလည်သဘောပေါက်တဲ့အခါမှာ ဘယ်အရာကမှ သင့်ကို စိုးရိမ်အောင် ၊ကြောက်ရွံ့အောင် လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

မတ်လ ၂၅ ရက်နေ့

ကျွန်ုပ် ဝေစု

“အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​သည် အားအင်ကုန်ခန်း​သော်လည်း ဘုရားသခင်​သည် အစဉ်အမြဲ အကျွန်ုပ်​စိတ်နှလုံး​၏​အစွမ်းသတ္တိ​၊ အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။” ဆာလံ ၇၃:၂၆

လူ့ရဲ့ သဘာဝဟာ အားအင်ကုန်ခမ်းတတ်ပါတယ်။ စိတ်ဓါတ်လဲ ခဏခဏ ကျတတ်ပါတယ်။ ဆာလံဆရာက ဝိညာဉ်ရေးရာ လျှို့ဝှက်ချက်တစ်ခုကို တွေ့ပြီးနောက်ပိုင်းမှာ အဲ့လို အခြေအနေကနေ လွတ်မြောက်လာတယ်။ ကိုယ်ခန္ဓာ​နှင့်​အကျွန်ုပ်​၏​စိတ်နှလုံး​ ဘယ်လောက်ပဲ အားအင်ကုန်ခမ်းပါစေ ပြန်လည် ဖြည့်စွမ်းပေးမယ့် ဘုရားကိုပိုင်ဆိုင်ထားတယ်။ အကြိမ်ကြိမ်လဲကျလဲ ထူမမယ့်သူ ရှိမှတော့ ကြောက်စရာမလိုသလို၊ ကုန်သမျှ အားအင်တိုင်းကို ဖြည့်စွမ်းပေးမယ့် ဘုရားကို ပိုင်ထားမှတော့ ဘယ်တော့မှ အားကုန်ပြီးတော့ ရှေ့မဆက်နိုင်တဲ့ဘဝကိုရောက်သွားမှာ မဟုတ်ဘူး။ အမြဲတမ်း အားအင်ပြည့်ဝပြီးတော့ လန်းဆန်းနေမှာ သေချာတယ်။

မတ်လ ၂၄ ရက်နေ့

အရာအားလုံး လုပ်နိုင်တယ်

“ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-” ‭‭ဖိလိပ္ပိ‬ ၄း၁၃‬‬

ဒီဟာလဲမလုပ်နိုင်ဘူး၊ ဟိုဟာလဲမလုပ်နိုင်ဘူးလို့ ဘာလို့ထင်ရတာလဲ? ငါလုပ်ရင်ဖြစ်မှာ မဟုတ်ဘူး ဆိုတဲ့အတွေးက ဘာမှမလုပ်ခင်ကတည်းက လက်နက်ချ အညံခံပြီးသား အတွေးအခေါ်ပါ။ တကယ်တော့ ကိုယ့်ခွန်အားနှင့် လုပ်ရင်မဖြစ်နိုင်ပေမဲ့ ဘုရားပေးတဲ့ ခွန်အားကတော့ အရာအားလုံးကို လုပ်နိုင်ဖို့အတွက် မစတယ်။ တမန်တော်ကြီးရှင်ပေါလုက သူ့ခွန်အားနှင့် အားလုံးလုပ်နိုင်တယ်လို့ မပြောပါဘူး။ အားလုံးလုပ်နိုင်စေတဲ့ ဘုရားပေးတဲ့ခွန်အားကို သူသဘောပေါက်တယ်၊ ယုံကြည်တယ်။ ဘုရားပေးတဲ့ခွန်အားက အချို့အရာတွေပဲ လုပ်နိုင်ပြီးတော့ အချို့အရာတွေကိုတော့ မလုပ်နိုင်ဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ အရာအားလုံးကို လုပ်ဆောင်နိုင်ဖို့ တတ်နိုင်တယ်။

မတ်လ ၂၂ ရက်နေ့

ဘယ်တော့မှ မပြောင်းလဲဘူး

“ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့​နှင့် နောင်​ကာလ​အစဉ်အဆက် ပြောင်းလဲ​ခြင်း​မ​ရှိ။” ‭ဟေဗြဲဩဝါဒစာ ၁၃း၈‬‬

ကုန်စျေးနှုန်းတွေ ပြောင်းလဲလာတယ်၊ အခြေအနေတွေ ပြောင်းလဲလာတယ်၊ လူတွေရဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ ပြောင်းလဲလာတယ်။ အရာရာပြောင်းလဲတတ်တဲ့ လောက ကြီးထဲမှာ ဘယ်တော့မှ မပြောင်းလဲ​တတ်တာ သခင်ယေရှုပဲ။ အရင်တုန်းက ချစ်သလို အခုလဲ ချစ်တယ် နောင်လဲ ချစ်နေအုံးမယ်။ အရင်တုန်းက ဂရုစိုက်သလို အခုလဲဂရုစိုက်တယ် နောင်လဲဂရုစိုက်မယ်။ အရင်တုန်းက လိုအပ်သမျှ တာဝန်ယူ ထောက်ပံ့သလို အခုလဲ တာဝန်ယူတယ် နောင်လဲတာဝန်ယူမယ်။ ဒီလို ဘုရားမျိုးရထားမှတော့ ဘာကို တွေးပြီးတော့ ပူနေအုံးမှာလဲ?

မတ်လ ၂၁ ရက်နေ့

ရှာတဲ့ သူတွေ့မယ်

“ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် က​ရု​ဏာ​တ​ရား​ကို​ရှာ​သော​သူ​သည် အ​သက်​ရှင်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ ဂုဏ်​အ​သ​ရေ​ထင်​ရှား​ခြင်း​ကို တွေ့​တတ်၏။” ‭‭သုတ္တံ‬ ‭၂၁း၂၁‬‬

မွေးကတည်းကနေ သေတဲ့အထိ လူတွေက ရှာဖွေမှုတွေကို အဆက်မပြတ် လုပ်ဆောင်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ရှာတာသာမတူတာ ရှာနေတာခြင်းကတော့ အတူတူပဲ။ မှန်ကန်တဲ့အရာကို ရှာဖွေတတ်ဖို့ အရေးကြီးတယ်။ ရှာတာ မှားရင် တွေ့တဲ့အရာလဲ မှားနေအုံးမှာပဲ။ ရှောလမုန်မင်းကြီးက အကြံပေးတယ် ဖြောင့်မတ်ခြင်းနှင့် ကရုဏာတရားကို ရှာဖို့။ သခင်ယေရှုကလဲ နိုင်ငံတော် နှင့် ဖြောင့်မတ်ခြင်းတရားကို ရှာတဲ့သူကို သူတို့လိုတဲ့အရာကို ထပ်ပြီးပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား။ မှန်တဲ့အရာကိုရှာတဲ့သူက မှန်တဲ့အရာကိုပဲတွေ့တယ်။ အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း နှင့် ဂုဏ် အသရေ ထင်ရှားကို လူတိုင်း မတွေ့ဘူး။ ဖြောင့်မတ်ခြင်းနှင့်ကရုဏာတရားကို ရှာတဲ့သူအသက်တာမှာပဲတွေ့ပါလိမ့်မယ်။

မတ်လ ၂၀ ရက်နေ့

ဘယ်လို အားရှိအောင် လုပ်ရမလဲ?

ထာဝရဘုရား​ထံ​တော်​မှ ဝမ်းမြောက်​ခြင်း​သည် သင်​တို့​အဖို့ ခွန်အား​ဖြစ်​၏​”​ဟု ဆို​၏​။” နေဟမိ ၈:၁၀

နေ့တိုင်းရင်ဆိုင်ရတဲ့ အရာတွေအတွက် လုံလောက်တဲ့ ခွန်အားလိုတယ်။ အားကုန်စေတဲ့ အရာတွေများစွာ ရှိပြီး ပြန်လည် အားဖြည့်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိရင် ခဏလေးအတွင်းမှာ အားကုန်ပြီးတော့ ရှေ့ဆက်လို့ မရဖြစ်ပါလိမ့်မယ်။ နေဟမိကတော့ အကြံပေးတယ် ဝမ်းနည်းခြင်းက အားကုန်စေတယ်။ ဘုရားထံမှာ ဝမ်းမြောက်ခြင်းကတော့ ခွန်အားဖြစ်စေတယ်။ ကိုယ့်ကိုကိုယ် သခင်ဘုရားအထဲမှာ ဝမ်းမြောက်တတ်ဖို့လိုတယ်။ ဘယ်လိုအရာပဲ ကြုံကြုံစိတ်ညစ်နေမယ့်အစား ဝမ်းမြောက်စွာနဲ့ ဖြတ်ကျော် တတ်ရင် ကြာလေ အားကုန်ခမ်းလေ မဖြစ်ပဲ ပိုပြီးအားပြည့်လေ ဖြစ်လာလိမ့်မယ်။ ကြုံရတဲ့အရာရာတိုင်းမှာ ဘုရားထဲမှာ အားယူပြီး ဝမ်းမြောက်စွာနဲ့ ဖြတ်ကျော်ပါ။ ကြာလေ အားတိုးပွါးတာကိုမြင် ရပါလိမ့်မယ်။

မတ်လ ၁၉ ရက်နေ့

တန်ခိုးစွမ်းအားကိုပေးသူ

“He gives strength to the weary and increases the power of the weak.” Isaiah‬ ‭40‬:‭29‬ ‭NIV‬‬

ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့သူတွေတိုင်း ကြုံရလေ့ရှိတဲ့မောပန်းခြင်းနှင့် ပင်ပန်းခြင်းအတွက် လောကမှာတော့ ပြန်လည်ဖြည့်တင်းဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ တစ်ချို့ဆို ခြေကုန်လက်ပန်းကျပြီးတော့ စောစောစီးစီးဘဝကို အရှုံးပေးသွားတဲ့သူတွေများကြီးပဲ။ ပင်ပန်းတဲ့သူကို ခွန်အားနှင့်ဖြည့်ပေးပြီး အားနည်းတဲ့သူ့ကို တန်ခိုးနဲ့ ပြည့်စေနိုင်တဲ့သူက ဘုရားတစ်ပါးတည်းပဲရှိတယ်။ သူက သင့်ဘဝကို တာဝန်ယူနိုင်တယ်။ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကြားမှာ ယနေ့တိုင်အောင် အားမလျော့ပဲ တိုးပွါးနေတဲ့ လျှို့ ဝှက်ချက်တော့ ဘုရားဆီကနေရတဲ့ ခွန်အား၊ အစွမ်းသတ္တိနှင့် တန်ခိုးကြောင့်ပါပဲ။


မတ္လ ၁၉ ရက္ေန့

မတ်လ ၁၈ ရက်နေ့

ထပ်ချပ်မကွာအတူလိုက်နေတယ်

“အကယ်စင်စစ် အကျွန်ုပ်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကောင်းမြတ်​တော်မူ​ခြင်း​နှင့်​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​နှင့်အတူ​လိုက်ပါ​လာ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​၌ အစဉ်အမြဲ​နေ​ရ​ပါ​လိမ့်မည်​။” ‭ဆာလံကျမ်း‬ ၂၂:၆ ‭

အချို့လူတွေရဲ့နောက်မှာ အတိတ်အရိပ်မည်းကြီးက တကောက်ကောက် လိုက်ပါနေလို့ စိတ်ဖိဆီးနေရတယ်။ အချို့ကျတော့လဲ နတ်ဆိုးတွေက သူတို့နောက်ကနေ လိုက်နေတယ်လို့ ခံစားနေပြန်ရော။ အချို့ကျတော့လဲ သူတို့သွား လေရာရာ အဆိုးတွေကပဲ အရိပ်သဖွယ်လိုက်နေတယ်လို့ နှုတ်ကနေ တဖွဖွပြောနေတတ်တယ်။ ယုံကြည်သူ ဘုရားသားသမီးတွေ နောက်က တကောက်ကောက် လိုက်နေတာ အရင်က လုပ်ခဲ့တဲ့အပြစ်တွေလဲ မဟုတ်ဘူး။ နတ်ဆိုးတွေလဲမဟုတ်ဘူး။ ဆိုးရွားတဲ့ ကံကြမ္မာတွေလဲ မဟုတ်ဘူး။ အမြဲမခွါပဲ တကောက်ကောက် အသက်ရှင်သမျှ ကာလပတ်လုံး လိုက်နေတာကတော့ ဘုရားရဲ့ ကောင်းမြတ်ခြင်း နှင့် မေတ္တာ ကရုဏာတော်ပါပဲ။

မတ်လ ၁၇ ရက်နေ့

ကောင်းကျိုးအတွက် ပူးပေါင်းခြင်း

“ဘုရားသခင်​ကို​ချစ်​သော​သူ​များ​တည်းဟူသော အကြံအစည်​တော်​အတိုင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ​များ​အတွက် ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုအရာ​တို့​ကို ပူးပေါင်း​လုပ်ဆောင်​စေ​၍ ကောင်းကျိုး​ဖြစ်​စေ​တော်မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။” ‭‭ရောမ ၈း၂၃‬‬

ဘုရားသားသမီးတစ်ယောက်အနေနဲ့ ပထမဆုံးယုံရမှာက ဘုရားသင့်အပေါ်မှာ ထားတဲ့ အကြံအစည်က အလွန်ကြီးမားပြီးတော့ တစ်နေ့ သေချာပေါက် ပြည့်စုံမယ်။ ဘယ်အရာကမှ ဘယ်လိုအခြေအနေမျိုးမှ မဖျက်ဆီး နိုင်ဘူးဆိုတာကို စိတ်ချဖို့လိုတယ်။ ကြုံတွေ့ရတဲဲ့အခြေအနေတွေ၊ အဖြစ်ပျက်တွေနှင့် လူတွေက သင့်အပေါ်မှာထားတဲ့ ဘုရားရဲ့ ခေါ်ခြင်းနှင့်အကြံအစည်ကို လုံးဝမဖျက်ဆီးနိုင်ဘူး။ ဘယ်လိုပဲ ကြုံကြုံ ဘုရားကြံစည်ထားတဲ့အကြံအစည်ကို ပြည့်စုံဖို့အတွက်ပဲ ပူးပေါင်းလုပ်ဆောင်ဖို့ပဲဖြစ်ပါလိမ့်မယ်။

မတ်လ ၁၅ ရက်နေ့

မေတ္တာကရုဏာကို တည်စေသူ

“ရှေးယခင်​ကပင် ထာဝရဘုရား​သည် ကိုယ်ထင်ရှားပြ​၍ “​ငါ​သည် သင့်​ကို ထာဝရ​မေတ္တာ​နှင့်​ချစ်​၏​။ ထို့ကြောင့် ငါ​၏​မေတ္တာကရုဏာ​ကို သင်​၌ တည်​စေ​ပြီ​။” ယေရမိ ၃၁:၃

လူအချင်းချင်း ချစ်တာကတော့ တခဏပဲ။ ဘုရားရဲ့အချစ်ကတော့ ထာဝရအချစ်။ ပြည့်စုံတဲ့သူ ကိုယ့်အပေါ်မှာ ကောင်းတဲ့သူကို လူတိုင်းချစ်နိုင်တယ်။ အားနည်းချက်အပြည့်နဲ့ ဘယ်တော့မှ မစုံလင်တဲ့သူကို ချစ်နိုင်တာကတော့ ဘုရားတစ်ပါးတည်းပဲရှိတယ်။ ကောင်းလို့ချစ်ခဲ့တာမဟုတ်ဘူး။ ဘုရားအချစ်ကို ခံရလို့ ကောင်းသွားတာပဲရှိတယ်။ ဒီနေ့ အရင်ကရော အခုရော နောင်ရော ဘယ်တော့မှ မပြောင်းလဲတဲ့မေတ္တာနဲ့ ချစ်နိုင်တာ လောကကြီးမှာ ဘုရားတစ်ပါးတည်းပဲရှိတယ်။ တစ်လောလုံး သင့်အနားမှာ မရှိရင်လဲ၊ ဘယ်သူကမှ သင့်ကို မချစ်ရင်လဲ သူဟာ သင့်ကိုချစ်နေဆဲ၊ နောင်လဲ ချစ်နေအုံးမှာပဲ၊ ဒါကြောင့် ဘယ်လိုအခြေနေ၊ ဘယ်လို အရာမျိုးကြုံကြုံ သူမချစ်တော့ဘူးလို့ မတွေးမိစေနဲ့။ သူဟာအမြဲ တမ်းချစ်နေတဲ့ တစ်ဉီးတည်းသောသူပါပဲ။

မတ်လ ၁၄ ရက်နေ့

အမြဲတမ်းအောင်မြင်သူ

“သို့သော် ငါ​တို့​သည် ငါ​တို့​ကို​ချစ်​တော်မူ​သော​အရှင်​အားဖြင့် ထို​အမှု​ခပ်သိမ်း​တို့​ကို​ခံရ​စဉ်​၌​ပင် လုံးလုံးလျားလျား​အောင်မြင်​လျက်​ရှိ​ကြ​၏။” ရောမ ၈:၃၇

လောကကြီးမှာ အမြဲတမ်းအောင်မြင်တဲ့သူဆိုတာ မရှိဘူး။ အရင်တုန်းက အောင်မြင်ခဲ့တဲ့သူတွေက ဒီနေ့မှာ မအောင်မြင်တော့ပဲ သူတို့ထက် ပိုပြီးတော်တဲ့သူတွေကို အောင်မြင်ခြင်းသရဖူကို လွှဲပြောင်းပေးလိုက်ရသလို၊ ဒီနေ့ အောင်မြင်တဲ့သူတွေလဲ မကြာခင်သူတို့ထက် ပိုပြီးတော်တဲ့၊ ကြိုးစားတဲ့သူတွေဆီကို လက်လွှဲပေးလိုက်ရအုံးမှာပဲ။ ဝိညာဉ်ရေးရာမှာတော့ အဲ့လိုမဟုတ်ဘူး။ ဘုရားရဲ့ ချစ်ခြင်းဟာ ဘယ်လောက်ကြီးမားပြီး အသက်တာကို အောင်မြင်စေသလဲ ဆိုရင် အခြေအနေတိုင်းမှာ ပြီးပြည့်စုံတဲ့အောင်မြင်သောအသက်တာကိုဖြစ်စေတယ်။ အသာရတဲ့အချိန်ပဲမဟုတ်ဘူး ခံရတဲ့အချိန်မှာလဲ အောင်မြင်ဆဲပဲ။ ဒါကို တမန်တော်ကြီးရှင်ပေါလုက သဘောပေါက်သွားခဲ့တယ်။ ကြီးမားတဲ့အခက်အခဲတွေ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို သူရင်ဆိုင်ရပေမယ့် ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာဟာ သူ့ကို ပြီးပြည့်စုံတဲ့အောင်မြင်သူ ဖြစ်စေတုန်းပဲ ဆိုတာ သူ ယုံကြည်တယ်။

မတ်လ ၁၃ ရက်နေ့

ဘယ်တော့မှ မကုန်သွားဘူး

“ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။” ယေရမိမြည်တမ်း ၃;၂၂

လောကမှာ ရှိရှိသမျှအရာက ကုန်သွားတတ်သလို တစ်ခါတစ်လေ ရှိရင်တောင် သုံးလို့မရတဲ့ သက်တမ်းကုန်တတ်တဲ့ အရာတွေချည်းပဲ။ ဘုရားရဲ့သနားခြင်း ကရုဏာကတော့ ဘယ်တော့မှ မကုန်ဆုံးတတ်သလို၊ သက်တမ်းကုန်ဆုံးသွားတယ်ဆိုတာလဲ မရှိဘူး။ နေ့ရက်တိုင်းတောင် အသစ်အသစ်ချပေးလိုက်သေးတယ်။ ဘုရားရဲ့ ကရုဏာသာ ကုန်သွားမယ်။ သက်တမ်း လွန်သွားမယ်ဆိုရင် လောကကြီးက မတွေးရဲစရာပဲ။ နေ့ရက်စဉ်တိုင်း၊ ကြုံလာတဲ့အရာတိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်စေတာက ဘုရားရဲ့ကရုဏာတော်ကြောင့်ပါပဲ။

မတ်လ ၁၂ ရက်နေ့

ထပ်ချပ်မကွာ အတူလိုက်နေတယ်

“အကယ်စင်စစ် အကျွန်ုပ်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကောင်းမြတ်​တော်မူ​ခြင်း​နှင့်​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​နှင့်အတူ​လိုက်ပါ​လာ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​၌ အစဉ်အမြဲ​နေ​ရ​ပါ​လိမ့်မည်​။”‭‭ဆာလံကျမ်း‬ ၂၂:၆ ‭

အချို့လူတွေရဲ့နောက်မှာ အတိတ်က အရိပ်မည်းကြီးက တကောက်ကောက် လိုက်ပါနေလို့ စိတ်ဖိဆီးနေရတယ်။ အချို့ကျတော့လဲ နတ်ဆိုးတွေက သူတို့နောက်ကနေ လိုက်နေတယ်လို့ ခံစားနေပြန်ရော။ အချို့ကျတော့လဲ သူတို့သွား လေရာရာ အဆိုးတွေကပဲ အရိပ်သဖွယ်လိုက်နေတယ်လို့ နှုတ်ကနေ တဖွဖွ ပြောနေတတ်တယ်။ ယုံကြည်သူ ဘုရားသားသမီးတွေ နောက်က တကောက်ကောက် လိုက်နေတာ အရင်က လုပ်ခဲ့တဲ့အပြစ်တွေလဲ မဟုတ်ဘူး။ နတ်ဆိုးတွေလဲမဟုတ်ဘူး။ ဆိုးရွားတဲ့ ကံကြမ္မာတွေလဲ မဟုတ်ဘူး။ အမြဲမခွါပဲ တကောက်ကောက် အသက်ရှင်သမျှ ကာလပတ်လုံး လိုက်နေတာကတော့ ဘုရားရဲ့ ကောင်းမြတ်ခြင်း နှင့် မေတ္တာ ကရုဏာတော်ပါပဲ။

မတ်လ ၁၁ ရက်နေ့

မေတ္တာ ကရုဏာတော်

““ငါ့​ခြေ​ချော်​ပြီ​”​ဟု အကျွန်ုပ်​ဆို​သောအခါ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​တော်မူ​၏​။” ဆာလံကျမ်း‬ ‭၉၄:၁၈

လောကကြီးမှာ ခြေချော်လဲဖို့ကိစ္စတွေက များမှ များ။ တွဲခေါ်ဖို့ထက် တွန်းချမယ့်သူတွေက ပိုများတ​ယ်။ တစ်ခါတစ်လေ ငါတော့ လုံးဝလဲကျပြီလို့ ထင်တဲ့အချိန်တွေလဲ ရှိတတ်တယ်။ ဆာလံဆရာကိုယ်တိုင်က ဒီလိုအခြေနေ မျိုးကိုကြုံခဲ့ရတယ်။ ငါလဲကျတော့မယ်လို့ ပြောတောင်ပြောပြီးပြီ။ ဘာလို့များမလဲကျသွားရတာလဲဆိုရင် ဘုရားရဲ့မေတ္တာကရုဏာတော်က လဲကျမသွားအောင် ဖေးမထားလို့။ ဘယ်လိုအခြေအနေမျိုးမှာမဆိုလဲမကျသွားအောင် အမြဲတမ်းဖေးကူပေးနေတဲ့ အရာရှိတယ်။ အဲ့ဒါကတော့ ဘုရားရဲ့မေတ္တာ ကရုဏာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို လဲမကျသွားအောင် အမြဲတမ်း အားပေးလမ်းပြနေတဲ့ ဘုရားရဲ့မေတ္တာရှိနေသရွေ့ ဘယ်တော့မှ ကျဆုံးသွားမှာ မဟုတ်တာသေချာတယ်။

မတ်လ ၁၀ ရက်နေ့

ကြွယ်ဝခြင်း (၆)

“မြေ​ကြီး​ဘ​ဏ္ဍာ စုံ​လင်​ရာ​အား​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ရာ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ချုံ၌​နေ​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏ ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။” တရားဟော ၃၃:၁၆

ယောသပ်ဟာ ညီအကိုတွေထက် အငယ်ဖြစ် သော်လည်း ကြွယ်ဝခြင်းနှင့် အောင်မြင်ခြင်းအရာမှာတော့ ညီအကိုတွေထဲမှာ ဉီးဆောင်တဲ့ သူတစ်ယောက်ဖြစ်လာတယ်။ဘာကြောင့် ညီအကိုထဲမှာ အဘက်ဘက်မှာ သာလွန်တဲ့သူတစ်ယောက်၊ ပြည့်စုံ ကြွယ်ဝတဲ့သူတစ်ယောက် ဖြစ်လာရသလဲ? အဖြေကတော့ ကျေးဇူးတော်က သူတို့အသက်တာမှာ သက်ရောက်လို့ဖြစ်တယ်။ ဒါကြောင့် အဘက်ဘက်မှာ အခြား ညီအကိုတွေထက်သာလွန်ခြင်းကို ဖြစ်စေတယ်။ ခရစ်ယာန်ဆိုတာတူပေမယ့် ခံစားရတဲ့ကောင်းကြီးမတူတာ ကျေးဇူးတော်ကို အမှီပြုတဲ့သူနဲ့ ကိုယ့်ခွန်အားကိုအမှီပြုတဲ့သူ မတူလို့ပါ။ ကျေးဇူးတော် သက်ရောက်တဲ့ ယောသပ်တောင် ညီအကိုတွေထဲမှာ မတူတဲ့ကောင်းကြီး ဖြစ်စေရင် သင့်အသက်တာမှာလဲ အခြားသူတွေမတူတဲ့ ပြည့်စုံကြွယ်ဝခြင်း ဘုရားက ဖြစ်စေလိမ့်မယ်။

မတ်လ ၈ ရက်နေ့

ကြွယ်ဝခြင်း (၅)

“အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။-” ၃ယော ၁:၂

အရာရာမှာ ကောင်းစားဖို့၊ ကျန်းမာဖို့က နှလုံးသားက အဓိကဆိုတာ မကြာခဏ ကြားဖူးမှာပါ။ ကောင်းစားတဲ့နှလုံးသားဆိုတာ လူ့အနေနဲ့ ရှိဖို့လွယ်တာမှ မဟုတ်တာ။ လူ့ရဲ့နှလုံးသားဟာ မကောင်းတဲ့ အရာတွေနဲ့ပဲပြည့်နှက်နေပြီးတော့ ကောင်းတဲ့အရာရှိဖို့ထက် မကောင်းတဲ့အရာတွေကိုနေရာပေးဖို့ပဲ ပိုစိတ်ဝင်စားတယ်။ ကောင်းစားတဲ့နှလုံးသားဆိုတာ ခရစ်တော်ရဲ့စိတ်သဘောကလွဲပြီး ကျန်တဲ့ဘယ်အရာမှ မရှိဘူး။ ခရစ်တော်ရဲ့စိတ်သဘောကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လက်ခံရရှိတဲ့အခါမှာ တော့ လူ့အနေနဲ့မရှိနိုင်တဲ့ ကောင်းစားတဲ့နှလုံးသားကို သင်ရရှိနိုင်တယ်။ ခရစ်တော်ရဲ့နှလုံးသားကိုရရှိတဲ့သူတိုင်းက အရာရာမှာ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းကို ခံစားရမှာ သေချာတယ်။

မတ်လ ၇ ရက်နေ့

ကြွယ်ဝခြင်း (၄)

“အ​ကြင်​သူ​သည် ရ​တတ်၏။ ထို​သူ၌ ကြွယ်​ဝ​ပြည့်​စုံ​စေ​ခြင်း​ငှာ ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏။ ထို​သူ၌​ရှိ​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်။-” မဿဲ‬ ‭၁၃:၁၂

လူ့အထင်နဲ့ ဘုရားလုပ်ရပ်ဟာ ခေတ်ကာလ တိုင်းမှာ လွဲနေသလိုပဲ အခုလဲလွဲနေတုန်းပါပဲ။ လူတွေက လောကရဲ့ အတွေးအခေါ်တွေအပေါ်မှာ အခြေခံပြီးတော့ ဘုရားက အလုပ်လုပ်မယ် လို့တွေးထင်မိတတ်ကြတယ်။ တကယ်တော့ ဘုရားက ဘယ်တော့မှ လူ့အတွေးအခေါ်နဲ့အလုပ်မလုပ်ဘူး။ သူ့ရဲ့နည်းလမ်းအတိုင်းပဲအလုပ်လုပ်တယ်။ လူတွေက ဆင်းရဲသားတွေကို သနားပြီးတော့ ကြွယ်ဝခြင်းကိုပေးရင်ကောင်းမယ်လို့ ထင်တတ်တယ်။ ဘုရားနည်းလမ်းက အဲ့လိုမဟုတ်ဘူး။ ရတတ်တဲ့သူတွေကပဲ ကြွယ်ဝခြင်းကို ပိုပြီးရရှိခံစားရတယ်။ ဒါကြောင့်လဲ ကြွယ်ဝတဲ့သူတွေကပဲ ပိုပြီးကြွယ်ဝ လာတော့ ပေါ့။ ဆင်းရဲသားကနေ ရုတ်တရတ် ချမ်းသာလာတယ်ဆိုတာ ရာခိုင်းနှုန်းအရမ်းနည်းတယ်။ ရတတ်တယ်ဆိုတာက ဘုရားရဲ့နည်းလမ်းကိုသိပြီးတော့ အသက်ရှင်တဲ့သူတွေ ဒါကြောင့်သူတို့ဟာ ဆက်ပြီးတော့ ဘုရားရဲ့ကြွယ်ဝခြင်းကို ထပ်အပ်နှံခြင်းခံရတယ်။ ဘုရားရဲ့နည်းလမ်းမသိပဲ ရှင်သန်တဲ့သူတွေကတော့ ဆင်းရဲရုံတင်မဟုတ်ဘူး ရှိတဲ့အရာတွေ တောင် ထပ်ရှိနေဖို့အာမခံချက်မရှိဘူး။

မတ်လ ၆ ရက်နေ့

ကြွယ်ဝခြင်း (၃)

“သင်​၏​ဘဝ​ကို ကောင်းမြတ်​သော​အရာ​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​သဖြင့် သင်​၏​ပျိုရွယ်မှု​သည် လင်းယုန်​ကဲ့သို့ အသစ်ပြုပြင်​ခြင်း​ကို​ခံရ​၏​။” ‭‭ဆာလံကျမ်း‬ ၁၀၃း၅‬‬

ဆာလံဆရာကပြောတယ် ကျေးဇူးတော်အပေါင်းကိုမမေ့နဲ့တဲ့။ ကျေးဇူးတော်ဆိုတာ ကယ်တင်ခြင်းတစ်ခုထဲ မဟုတ်သလို ကောင်းကင်ဝင်ခွင့်ရဖို့တစ်ခုထဲအတွက်လဲ မဟုတ်ဘူး။ ကျေးဇူးတော် အပေါင်းထဲမှာ ကျန်းမာခြင်း၊ အောင်မြင်ခြင်း၊ ကြွယ်ဝခြင်း စတဲ့ အရာအားလုံးက ပါဝင်ပါသေးတယ်။ သင့်ရဲ့ဘဝကို ကောင်းမြတ်တဲ့ အရာတွေရှိရုံပဲမဟုတ်ဘူး၊ ပြည့်စုံကြွယ်ဝစေတယ်။ သင်ဟာလိုအပ်ချက်တွေနဲ့ ချွတ်ခြုံကျတဲ့ဘဝကို ရောက်သွားမှာ မဟုတ်ဘူး။ ဘုရားပြုပေးတဲ့ကျေးဇူးတော်ထဲမှာ ပိုပြီးတောင် ပြည့်စုံကြွယ်ဝလာအုံးမယ်ဆိုတာ ယုံပါ။

မတ်လ ၅ ရက်နေ့

ကြွယ်ဝခြင်း (၂)

“ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။” ‭‭တရားဟော ၈း၁၈

ဘယ်အရာက ဘုရားသားသမီးတွေကိုကြွယ်ဝစေတာလဲ? ဣသရေလ လူမျိုးတွေကို ကျွန်ဘဝကနေ ကတိတော်နယ်မြေဆီကို ပို့ဆောင်တဲ့အခါမှာ စထွက်ကတည်းကလဲ အဲဂုတ္တုလူတွေဆီကနေ ရွှေ၊ ငွေပါလျှက် ထုတ်ဆောင်သလို လမ်းမှာလဲ ဘုရားက သဘာဝလွန် ထောက်ပံ့ပေးခဲ့တယ်။ ဘုရားက သူ့လူမျိုးများကို တစ်ခုသတိပေးတယ်။ ကိုယ့်အစွမ်းနဲ့ စည်းစိမ်ရတယ်ဆိုတဲ့ အပြစ်ကိုသတိနဲ့ရှောင်ဖို့။ လူ့ရဲ့အစွမ်းနဲ့ ဘုရားပေးတဲ့ကြွယ်ဝခြင်းကို ဘယ်လိုမှမရနိုင်ဘူး။ ဘုရားပေးတဲ့အစွမ်းကြောင့်သာလျှင် စစ်မှန်တဲ့ကြွယ်ဝခြင်းကို ရရှိခံစားနိုင်တယ်။

မတ်လ ၄ ရက်နေ့

ကြွယ်ဝခြင်း

“​မိမိ​အစေအပါး​၏​ကောင်းစား​ခြင်း​ကို နှစ်သက်​တော်မူ​သော​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု သူ​တို့​သည် အစဉ်မပြတ်​မြွက်ဆို​ကြ​ပါစေသော​။” ဆာလံ ၃၅:၂၇

ဘုရားနှစ်သက်တဲ့အရာက ဘာလဲ? သူ့သားသမီးတွေဆင်းရဲ မွဲတေပြီးတော့ ခက်ခဲတာကိုလား? ဒါမှ မဟုတ် ကြွယ်ဝပြည့်စုံပြီးကောင်းစားတာကိုလား? နှုတ်ကပတ်တော် ကရှင်းလင်းစွာ ဖေါ်ပြတာကတော့ ဘုရားက သူ့သားသမီးတွေကို ကောင်းစားတာ၊ ပြီးပြည့်စုံတဲ့ ဘဝအသက်တာမှာ ကျင်လည်တာကိုသဘောကျတယ်။ မိဘတွေတောင် ကိုယ့်သားသမီးတွေကို ကောင်းစားတာကိုမြင်ချင်တာမဟုတ်လား။ ကောင်းကင်ဘုံအဖက ပိုပြီးတောင် မြင်ချင်ပါသေးတယ်။ မုန့်ကိုတောင်းရင် ကျောက်ခဲကို ပေးမယ့်သူ၊ ငါးကိုတောင်းရင် တောင်မြွေကိုပေးမယ့် မိဘမရှိသလိုပဲ။ ဘုရားက သူ့သားသမီးတွေအတွက် ကောင်းစားပြီးတော့ ပြီးပြည့်စုံတဲ့ဘဝကို ခံစား ကျေနပ်အားရတယ်။

မတ်လ ၃ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် (၇)

“ကောင်းကင်တမန်​က​လည်း သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ‭‭လုကာ ၁း၃၅ ‬‬

သင့်ဘဝကို ဘာတွေ ကလွှမ်းမိုး ထားသလဲ? လောကကြီးက လွှမ်းမိုးထားတယ်ဆိုရင် လောကရဲ့ ဝိညာဉ်ဆိုးက သင့်ကိုလွှမ်းမိုး ထားလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်တဲ့အခါမှာတော့ ဘုရားတန်ခိုးတော်ရဲ့လွှမ်းမိုးခံရမယ်။ ဘုရားရဲ့ တန်ခိုးတော် လွှမ်းမိုး ခြင်း ခံရတဲ့အခါမှာ ဘဝမှာ မဖြစ်နိုင်တာတွေ၊မဖြစ်ဘူးတာတွေအားလုံးက ဖြစ်လာတယ် မာရိဘဝမှာ ဘုရားအလို‌တော် ပြည့်စုံဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော် ရဲ့သက်ရောက်မှုက လုပ်ဆောင်ပေးတယ်။ သန့်ရှင်းသော ဝိညာဉ်တော် ရဲ့ သက်ရောက်မှုမပါပဲ၊ လောကရဲ့လွှမ်းမိုးမှုကနေ လွတ်ဖို့မလွယ်ဘူး။

မတ်လ ၁ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် (၆)

“သို့သော် ငါ့​နာမ​၌ ခမည်းတော်​စေလွှတ်​တော်မူ​မည့် ကူညီ​မစ​သူ​တည်းဟူသော သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား​သွန်သင်​တော်မူ​၍ ငါ​ပြောဆို​ခဲ့​သမျှ​သော​အရာ​တို့​ကို သင်​တို့​အား ပြန်လည်​သတိရ​စေ​တော်မူ​လိမ့်မည်။” ယောဟန် ၁၄:၂၆

ဝိညာဉ်ရေးရာ နှင့်ပတ်သက်ပြီး ဘုရားဖွင့်ပြတဲ့အရာတွေ၊ ဝိညာဉ်ခေါင်းဆောင်တွေ သွန်သင်ပေးတဲ့အရာတွေကို တစ်ခါတစ်လေ မေ့လျော့သွားတတ်တယ်။ နှစ်ပေါင်းများစွာ ခံယူလာတဲ့အရာတွေက ဘာမှအရာမထင်တော့ဘူးလားလို့ တောင် ထင်မိတယ်။ တကယ်တော့ လူ့ရဲ့ မှတ်မိနိုင်စွမ်းနဲ့တော့ ဝိညာဉ်ရေးရာ ကောင်းတဲ့အရာတွေကို မှတ်ထားနိုင်ဖို့တော့မလွယ်ဘူး။ ဒါပေမယ့် သန့်ရှင်းသောဝိညာဉ်တော်ရောက်လာတဲ့အခါမှာတော့ မေ့လျော့နေတဲ့ အရာမှန်သမျှကို ပြန်လည် မှတ်မိသတိရစေဖို့ ကူညီပေးတယ်။ လိုအပ်တဲ့အချိန် လိုအပ်တဲ့ဖွင့်ပြချက်တွေ၊ သင်ယူထားတဲ့ အရာတွေကို ပြန်လည် သတိရစေဖို့ သန့်ရှင်းသောဝိညာဉ်တော်က ကူညီမစပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် (၅)

“စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။” ရောမ‬ ‭၈:၂၇

ဆုတောင်းခြင်း တိုင်းက ဘုရားအလိုတော် နှင့်အညီ ဖြစ်တာတော့မဟုတ်ဘူး။ တချို့ဆုတောင်းပေမယ့် ဘာသာရေးဆန်တဲ့ ဆုတောင်းခြင်းတွေ အများကြီးရှိတယ်။ ဖါရိရှဲတွေလဲ ဆုတောင်းတာပဲ။ ဒါပေမယ့် ဘာသက်ရောက်မှုမှမရှိသလို၊ ပြောင်းလဲမှုလဲ မရှိဘူး။ အထူးသဖြင့် ဘုရားအလိုတော်နှင့် အညီ ဖြစ်ဖို့ကတော့ဝေးတယ်။ ဘုရားအလိုတော် အညီ ဖြစ်ဖို့က သန့်ရှင်းသောဝိညာဉ်တော် ကူညီမစခြင်း အထူးလိုအပ်တယ်။ ဘုရားစိတ်တော်နှင့် ထိတွေ့ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်မပါပဲ ဘယ်လိုမှ ဘယ်တော့မှ မဖြစ်နိုင်ဘူး။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် (၄)

“ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ရောမ‬ ‭၈:၂၆

ကိုယ်မတတ်နိုင်တာတွေကိုကြည့်ပြီးတော့ အားငယ်ဖို့၊ စိတ်ပျက်ဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မတတ်နိုင်ခြင်း၊ အားနည်းခြင်းတွေကို ကူညီမစမယ့် အနီးဆုံးမိတ်ဆွေ ရှိတယ်။ သူက မတတ်နိုင်တဲ့ အရာအားလုံးကို အနီးကပ်နေပြီးတော့ ကူညီမစဖို့ ဘုရားက စေလွှတ်ပေးခဲ့တာပါ။ သန့်ရှင်းသောဝိညာဉ်တော်ကိုလက်မခံတာ၊ လက်ခံရဲ့သားနဲ့ သူ့ရဲ့လုပ်ဆောင်ပေးမှုကို အသိအမှတ် မပြုတာလောက် ဆုံးရှုံးတာ တခြားမရှိတော့ဘူး။ နေ့စဉ် သူ့ကို အသိအမှတ်ပြုပါ၊ စကားပြောပါ။ လိုအပ်တဲ့အရာတိုင်းအတွက် သူ့ဆီမှာ နည်းခံပါ။ ဘဝမှာ မတတ်နိုင်ဘူးဆိုတဲ့အရာတွေ လျော့နည်းပျောက်ကွယ်သွားပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် (၃)

ရန်​သူ​သည် ရေ​လွှမ်း​မိုး​သ​ကဲ့​သို့​ဝင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ဆီး​တား​တော်​မူ​မည်။” ‭‭ဟေရှာယ‬ ‭၅၉:၁၉

ရန်သူတွေကြောင့် စိုးရိမ်နေတဲ့ဘဝထဲကနေ လွတ်မြောက်စေတာက သန့်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို သိကျွမ်းလေ စိုးရိမ်စိတ်လျော့နည်းလေပဲ။ စိုးရိမ်စိတ်က ဘဝရဲ့ကောင်းတဲ့အရာတွေကို ယူသွားတယ်။ ဘုရားက သန့်ရှင်းသောဝိညာဉ်တော်နှင့်လျောက်လှမ်းတဲ့အခါမှာ ရန်သူရဲ့ တိုက်ခိုက်မှုမှန်သမျှကို ကြောက်စရာမလိုပဲ ရှင်သန်နိုင်စေတယ်။ ရန်သူရဲ့ အားကြီးစွာတိုက်ခိုက်မှုတိုင်းကို သန့်ရှင်းသောဝိညာဉ်တော်က လျှင်မြန်စွာ တု့န်ပြန်ဆီးတားတယ်ဆိုတာ ယုံပါ။ ဘယ်လောက်ပဲ အားကြီးတဲ့ရန်သူဖြစ်ပါစေ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးတော်ကိုတော့ မကျော်လွန်နိုင်ပါ။ ဝိညာဉ်တော်ထဲမှာ နေ့စဉ် စိတ်ချမှုရှိစွာနဲ့ ရှင်သန်ပါ။

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော် (၂)

“ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း၌ မွေ့​လျော်​သည်​ဖြစ်၍၊ မိ​မိ​မျက်​စိ​မြင်​သည်​အ​တိုင်း တ​ရား​မ​စီ​ရင်၊ မိ​မိ​နား​ကြား​သည်​အ​တိုင်း မ​ဆုံး​ဖြတ်​ဘဲ၊” ဟေရှာယ‬ ၁၁:၃

သန့်ရှင်းသောဝိညာဉ်ထံမှ သက်ရောက်တဲ့ ကောင်းတဲ့အရာတွေထဲက တစ်ခုက ဘုရားကို ကြောက်ရွံ့ခြင်းမှာ မွေ့လျော်တာပါ။ ဘုရားကို ကြောက်ရွံ့ခြင်း က သူ့ဟာသူ အလိုလို ပေါ်လာတဲ့အရာတစ်ခုမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ပေးမှသာ ဒီစိတ်သဘောက အသက်တာမှာ သက်ရောက်နိုင်တယ်။ လူပေါင်းများစွာက ဘုရားကို ချစ်ပေမယ့် ကြောက်ဖို့မေ့နေကြတယ်။ ဒါကြောင့်လဲ အသက်တာမှာ နေချင်သလို နေကြတာ။ ဘုရားကိုကြောက်ရွံ့ပြီးတော့ အသက်ရှင်တဲ့သူဟာ မှန်တဲ့သန့်ရှင်းသောဝိညာဉ်ထံက စိတ်သဘော နှင့်ပြည့်စုံတဲ့ သူဖြစ်တယ်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့

သန့်ရှင်းသောဝိညာဉ်တော်

“ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဉာဏ်​ပ​ညာ​ကို ပေး​သော​ဝိ​ညာဉ်၊ ကြံ​စည်​တတ်​စွမ်း​နိုင်​သော​သ​တ္တိ​ကို ပေး​သော​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို​သိ၍ ကြောက်​ရွံ့​သော​သ​ဘော​ကို​ပေး​သော ဝိ​ညာဉ်​တော်​သည် ထို​သူ​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။” ဟေရှာယ‬ ‭၁၁:၂

ကောင်းတဲ့အကြံတွေ လူတိုင်းကိုယ်စီမှာ ရှိကြပေမယ့် မရှိနိုင်တာက အဲ့ဒီ ကြံစည်ထားတဲ့အရာတွေကို အကောင်အထည်ဖေါ်ဖို့အတွက် တတ်စွမ်းနိုင်တဲ့ တန်ခိုးပါ။ ဒါကြောင့်လဲ စိတ်ကူးအိမ်မက်တွေကလေထဲမှာပဲ ပျောက်ကွယ်သွားရပြီးတော့ ဘယ်တော့မှ အကောင်အထည် မဖြစ်လာခဲ့ ကြဘူး။ လူတချို့က နှစ်ပေါင်းများစွာ စိတ်ကူးအကြံအစည်တွေရှိပေမယ့်အကောင်အထည်မဖေါ်နိုင်ပဲ သူများ အကောင်အထည်ဖေါ်သွားတာကိုပဲ ငေးကြည့်နေရတယ်။ စိတ်ကူးကောင်းရှိရုံနဲ့မအောင်မြင်နိုင်ဘူး။ အဲ့ဒီစိတ်ကူးတွေကို အကောင်အထည်ဖေါ်နိုင်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ပေးတဲ့ အစွမ်း လိုတယ်။ သန့်ရှင်းသောဝိညာဉ်တော် ကူညီမစတဲ့အခါမှပဲ အကြံအစည်တွေကို အကောင်အထည်ဖေါ်နိုင်တဲ့ ကြံစည် တတ်စွမ်းနိုင်ခြင်းသတ္တိ သင့်ဘဝထဲ ရောက်လာပြီး ကောင်းတဲ့စိတ်ကူးတွေဟာ မျက်မြင်အကောင်အထည်အဖြစ် ပုံပေါ်လာပါလိမ့်မယ်။​

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့

ကြီးထွားပါ (၆)

ယုံကြည်သူတစ်ယောက်အသက်တာမှာ ဝိညာဉ်၊စိတ် ၊ခန္ဓာ သုံးခုစလုံးကြီးထွားဖို့လိုတယ်။တချို့က ကိုယ်ခန္ဓာကြီးထွားပေမဲ့ စိတ်ပိုင်းနှင့် ဝိညာဉ်ပိုင်းမှာ ကြီးထွားဖို့ နောက်ကျနေတတ်တယ်။ စိတ်နှလုံး ကောင်းစားခြင်း (ကြီးထွား) ရှိတဲ့အခါမှာ အရာရာမှာ ကောင်းစားလာမယ်လို့ နုတ်ကပတ်တော်က ဆိုတယ် မဟုတ်လား။ အတွင်း ဝိညာဉ် ကြီးထွားခြင်း မရှိပဲ အပြင်ပိုင်းပဲ ကြီးထွားတဲ့အခါမှာ အသက်တာမှာ အရာရာ ကောင်းစားခြင်း ကိုမမြင်တွေ့ရတတ်ပေ။ အရာရာမှာ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းကို မြင်တွေ့ခြင်ရင် စိတ်နှင့်ဝိညာဉ်ပိုင်းဆိုင်ရာကိုကြီးထွားဖို့အတွက် ဂရုစိုက်ဖို့အထူးလိုတယ်။ ဝိညာဉ်ပိုင်းဆိုင်ရာ ကြီးထွားဖို့ကိုဂရုစိုက်ရင် ကျန်တဲ့ နယ်ပယ်မှာ ကြီးပွားလာ တာကိုမြင်တွေ့ရလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့

ကြီးထွားပါ (၅)

“ဖြောင့်​မတ်​သော​သူ​သည် စွန်​ပ​လွံ​ပင်​ကဲ့​သို့​ပွင့်​လန်း၍ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​ကဲ့​သို့ ကြီး​ပွား​လိမ့်​မည်။” ဆာလံ ၉၂’၁၂

ဖြောင့်မတ်သူဆိုတာ ထင်ရှားတဲ့ အမှတ်သားနဲ့ပြည့်နှက်နေတဲ့သူပါ။ အထူးထင်ရှာတဲ့အရာက လူတွေ အံ့သြစရာ ကောင်းလောက်အောင် မြင်သာတဲ့ ကြီးထွားခြင်းဖြစ်တယ်။ နှုတ်ကပတ်တော်က ပြောတယ် ဖြောင့်မတ်သူဟာ စွန်ပလွံပင်ကဲ့သို့ ပွင့်ပြီး အာရဇ်ပင်ကဲ့သို့ ကြီးပွားတယ်။ စွန်ပလွံပင်က အခြားအပင်တွေ မပေါက်နိုင်တဲ့ ကန္တရမှာ ပေါက်တဲ့အပင်ဖြစ်ပြီးတော့ အရိပ်ပဲပေးတာမဟုတ်ဘူး အသီးလဲချိုတယ်၊ အဟာရလဲရှိတယ်။ ပတ်ဝန်းကျင်က ကြီးထွားဖို့ အားမပေးပေမယ့် သူဟာ ပတ်ဝန်းကျင်ကို ဆန့်ကျင်ပြီးတော့ ကြီးထွားနိုင်တယ်။ လေဗနုန်တောင်ပေါ်က အာရဇ်ပင် ကျတော့ ပြင်းထန်တဲ့လေကို အံတုပြီးတော့ လှပစွာနဲ့ ရှင်သန်တယ်။ သူ့ရဲ့ဖြောင့်တန်းပြီးတော့မွှေးကြိုင်တဲ့အနံ့က ပြင်းထန်တဲ့လေကို ဂရုမစိုက်ပဲ ရှင်သန်တယ်။ လေက သူ့ကို မဖျက်ဆီးပစ်နိုင်ပဲ သူ့ရဲ့မွှေးရနံ့ကိုပဲ တစ်တောလုံးကို ဆောင်သွားရတယ်။

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့

ကြီးထွားပါ (၄)

“ထို​ကြောင့်၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို မြည်း​စမ်း​ကြ​သည်​ဖြစ်၍၊ အ​မျိုး​မျိုး​သော မ​နာ​လို​ခြင်း၊ လှည့်​ဖြား​ခြင်း၊ လျှို့​ဝှက်​ခြင်း၊ ငြူ​စူ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ရှိ​သ​မျှ​ကို ပယ်​ရှား၍၊ ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွား​စ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။-” ၁ပေ ၂:၁-၃

နှုတ်ကပတ်တော်ဟာ ဝိညာဉ်ရေးရာကြီးထွားဖို့အတွက် အရေးကြီးတဲ့ လိုအပ်ချက်် တစ်ခုဖြစ်တယ်။ လူတချို့ နှုတ်ကပတ်တော်ကိုလဲ ခံယူ တယ်ပြောပေမဲ့ ဘာလို့များ မကြီးထွားတာလဲလို့ မေးခွန်းထုတ်ကြတယ်။ နှုတ်ကပတ်တော် ခံယူနေရင်းနဲ့မကြီးထွားတဲ့ အကြောင်းအရင်းကို တမန်တော်ကြီးရှင်ပေတရုက သေချာရှင်းပြတယ်။ နှုတ်ကပတ်တော်ကို ခံယူနေပေမယ့် အတွင်းထဲမှာ ပယ်ရှားသင့်တဲ့ မကြီးထွားစေသောအရာတွေကို နေရာပေးထားမိလို့ဖြစ်တယ်။ မှားယွင်းတဲ့စိတ်နေစိတ်ထားနှင့် မကောင်းမြင် တတ်ခြင်းက ဘယ်လောက်ပဲ နှုတ်ကပတ်တော်ကို ခံယူနေပါစေ အသက်တာကို မကြီးထွားစေပါဘူး။ ကြီးထွားခြင်းကို တကယ် လိုချင်ရင်တော့ ပယ်ရှားသင့်တဲ့ မှားယွင်းတဲ့ ခံစားချက် တွေ၊ခံယူချက်တွေကို ပယ်ရှားဖို့တော့လိုတယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့

ကြီးထွားပါ(၃)

“ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။” တမန်တော်ဝတ္ထု ၁၉:၂၀

နေ့စဉ်မှန်ကန်စွာ နှုတ်ကပတ်တော်နှင့် အချိန်ယူတဲ့သူတစ်ယောက်အသက်တာမှာ ဘုရားရဲ့တန်းခိုတော်ဟာအရှိန်ကြီးစွာနှင့် နေရာယူလာတယ်။ နှုတ်ကပတ်တော်ကို ခံယူတယ်ပြောပြီး ဘုရားတန်ခိုးတော် ထဲမှာ မကြီးထွားရင်တော့ တစ်စုံတစ်ခုမှားယွင်းနေတာသေချာတယ်။ လူပေါင်းများစွာက နှုတ်ကပတ်တော်ကို ဖတ်ပေမယ့် ဘာသာရေး ခံယူချက်အနေနဲ့ပဲ ဖတ်တာများတယ်။ ဘာသာရေး ရှုထောင်ကနေပဲဖတ်ပြီးတော့ ဘုရားရဲ့တန်ခိုးတော် အသက်တာမှာ မသက်ရောက်ရင်တော့ ပြန်ဆပ်ကပ်ဖို့လိုနေပြီ။ နှုတ်ကပတ်တော်ထဲမှာ ရှင်သန်လေ ဘုရားတန်ခိုးတော်သင့်အထဲမှာ ကြီးထွားနေရာယူလေပဲ။

ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့

ကြီးထွားပါ(၂)

“ငါ​သည် စိုက်​ပျိုး​သော​သူ​ဖြစ်၏။ အာ​ပေါ​လု​သည် ရေ​လောင်း​သော​သူ​ဖြစ်၏။ အ​ပင်​ကို​ကြီး​ပွား​စေ​သော​သူ​ကား၊ ဘု​ရား​သ​ခင်​ပေ​တည်း။-”၁ ကော ၃:၆

ကြီးထွားဖို့အတွက် လိုအပ်ချက်တွေများစွာလိုတယ်။ ကြီးထွားတယ်ဆိုတာ လူတွေရဲ့လုပ်ဆောင်မှုတွေလဲ ပါသလို၊ အရေကြီးဆုံးကတော့ ဘုရားသခင်ရဲ့လုပ်ဆောင်ပေးမှုပဲ။ စိုက်ပျိုးတဲ့သူလဲ လိုအပ်သလို ရေလောင်းပေးမယ့်သူလဲ လိုအပ်တယ်။ သူတို့ရဲ့ လုပ်ဆောင်ပေးမှုမပါရင် ကြီးထွားဖို့မလွယ်သလို ဘုရားရဲ့မစခြင်းမပါရင် ပိုတောင်မလွယ်ဘူး။ ဘုရားက လူတစ်ယောက်ကို ကြီးထွားတိုးတက်စေချင်ရင် ကြီးထွားတိုးတက်စေတဲ့သူတွေကို သင့်ဘဝထဲမှာ လွှတ်ပေးလိမ့်မယ်။ အဲ့ဒီလူတွေ သင့်အနားကိုရောက်လာပြီဆိုရင် သေချာတယ် သင်ဟာ ဘုရားရဲ့ကြီးထွားတိုးတက်မှုအစီအစဉ်ထဲမှာ စတင်လည်ပတ်နေပြီ။

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့

ကြီးထွားပါ

“ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။”

‭‭၂ ပေ ၃း၁၈

ဘုရားသားသမီးဆိုတာ ကျေးဇူးတော်ကိုသိရုံ၊ သဘောပေါက်ရုံ၊ ခံစားရုံပဲမဟုတ်ဘူး။ လူပေါင်းများစွာ ကျေးဇူးတော်ကို သိရှိနားလည်ခံစားပြီး ကျေးဇူးတော်ကြောင့် များစွာသောအရာတွေ ဖြစ်ပျက်ပြောင်းလဲကြပေမယ့်ကျေးဇူးတော်ထဲမှာ ကြီးထွားဖို့တော့ မေ့နေကြတယ်။ ကျေးဇူးတော်ထဲမှာ ကြီးထွားတဲ့သူကတော့ဘယ်သူနဲ့မတူတဲ့ ဘုရားဘုန်းကို အသက်တာမှာ ခံစားရရှိနိုင်တယ်။ ကျေးဇူးတော်ခံစားရုံမဟုတ်ပဲ ကျေးဇူးတော်ထဲမှာ ကြီးထွားတဲ့သူဖြစ်ပါ။ ကြီးစွာသော ဘုရားဘုန်း အသက်တာမှာ လွှမ်းခြုံခြင်းကို ခံစားရလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့

ရှိမှာမဟုတ် (၆)

“အို အချင်း​ရန်သူ​၊ ငါ့​ကြောင့် သင်​ဝမ်း​မ​မြောက်​နှင့်​။ ငါ​သည် လဲကျ​သော်လည်း ပြန်ထ​မည်​။ မှောင်မိုက်​၌ နေ​ရ​သော်လည်း ထာဝရဘုရား​သည် ငါ​၏​အလင်း​ဖြစ်​တော်မူ​လိမ့်မည်​။”

‭‭မိက္ခာ ၇:၈

ဘုရားနဲ့နီးကပ်စွာအသက်ရှင်တဲ့သူအတွက် အရှုံးပေးတယ်ဆိုတာ၊ အလျော့ပေးတယ်ဆိုတာ ဘယ်တော့မှ ရှိလာတော့မှာမဟုတ်ဘူး။ အကြိမ်ကြိမ်ဆွဲချလို့လဲကျသွားရင် တောင်မှ ချော်လဲရောထိုင်ဘယ်တော့မှ မလုပ်ဘူး။ လက်လျော့အရှုံးပေးတယ်ဆိုတာ ဘုရားသားသမီးရဲ့အဘိဓာန်မှာ မရှိဘူး။ လဲရင်ပြန်ထမယ် ထူပေးတဲ့ဘုရား က အနားမှာရှိတယ်။ အားနည်းရင်အားပေးမယ့် အားကြီးတဲ့ဘုရားက အနီးနားလေးမှာပဲ။ ဒါကြောင့် ရန်သူတွေ ဝမ်းမြောက်ခွင့်ဆိုတာ ဘုရားသားသမီးတွေပေါ်မှာ ဘယ်တော့မှ​ရှိလာတော့မှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့

ရှိမှာမဟုတ် (၅)

“သင်​၌ နေ​ဝင်​ခြင်း​၊ လ​ကွယ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​၌​ထာဝရ​အလင်း​ဖြစ်​တော်မူ​၍ သင်​ငိုကြွေးမြည်တမ်း​ရ​သော​နေ့ရက်​တို့ အဆုံးသတ်​လေ​ပြီ​။” ဟေရှာယ ၆၀:၂၀

ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ရှုံးနိမ့်ခြင်းဆိုတာ မှောင်မိုက်ခြင်းထဲမှာ အသက်ရှင်တဲ့သူတွေအတွက် နေ့စဉ် ကြုံတွေ့ရတဲ့အရာပါ။ မှောင်မိုက်ထဲမှာ ကောင်းတဲ့အရာမရှိဘူး။ အလင်းရှင် အသက်တာထဲမှာ ရောက်လာတဲ့အခါမှာ မှောင်မိုက်ခြင်းနဲ့ဆိုင်သမျှ ပျောက်ကွယ်သွားတယ်။ အလင်းကတော့ မှောင်မိုက်ခြင်းနဲ့အားလုံးဆန့်ကျင်ဘက်ပဲ။ သင်တကယ်ပဲ အလင်းထဲမှာ ကျင်လည်တဲ့အခါမှာ ဘုရားကသင့်ရဲ့ အနီးဆုံးမှာ အသက်ရှင်တဲ့အခါမှာ မှောင်မိုက်ခြင်းအလုံးစုံရော မှောင်မိုက်ခြင်းနဲ့ဆိုင်တဲ့အရာတွေအားလုံးရော ပျောက် ကွယ်သွားတယ်။ ဘုရားရဲ့အလင်းထဲကျင်လည်နေတဲ့သူအတွက် မှောင်မိုက်ခြင်းရဲ့ အမင်္ဂလာများအားလုံး အသက်တာမှာ ရှိတော့မှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့

ရှိမှာမဟုတ် (၄)

“မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-” ရောမ‬ ‭၈:၃၇

ယုံကြည်သူတစ်ယောက်အတွက် အကြီးမားဆုံး ရှုံးနိမ့်ခြင်းက ချစ်တဲ့ ဘုရားနဲ့ ဝေးကွာခြင်းပါပဲ။ စာတန်က နည်းလမ်းပေါင်းစုံနဲ့ လူနဲ့ဘုရားကို ဝေးနိုင်သမျှ ဝေးအောင်လုပ်ဆောင်တယ်။ အခက်အခဲတွေ၊ ပြဿနာတွေ၊ အနာရောဂါတွေကို အသုံးပြုပြီးတော့ ဘုရားအပေါ်မှာ အထင်လွဲအောင် အမြဲတမ်း ကြိုးစားနေတယ်။ ဘုရားရဲ့ကျေးဇူးတော်ကို မှန်ကန်စွာနားလည်တဲ့သူကတော့ ဘယ်လို အခက်အခဲ၊ ဘယ်လိုပြဿနာ ကြုံတွေ့ရပါစေ၊ ဘယ်တော့မှ ဘယ်လိုမှ ဘုရားအပေါ်အထင်မလွဲဘူး။ ဘုရားနဲ့ဝေးမသွားဘူး။ ပိုပြီးတော့ ဘုရားနဲ့နီးကပ် လာသေးတယ်။

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့

ရှိမှာမဟုတ် (၃)

“ထို​သူ​သည် လဲ​သော်​လည်း ဆုံး​ရာ​သို့​မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​လက်​ကို ကိုင်​မ​တော်​မူ၏။” ‭‭ဆာလံ ၃၇း၂၄‬

မကောင်းတဲ့အရာတွေက ဘဝမှာ အမြဲတမ်းနေရာယူမှာမဟုတ်ဘူး။ မကျန်းမာခြင်း နဲ့ကြုံရင်တောင် တစ်သက်လုံး ရောဂါရဲ့ အောက်မှာ ပြားပြားဝပ် လဲကျသွားမှာမဟုတ်ဘူး။ ဒီလိုပဲ ဆင်းရဲခြင်း၊ အဆင်မပြေခြင်း၊ ခက်ခဲခြင်းတွေအောက်မှာ ဒူးထောက် ခစားပြီးတော့ ဆုံးရှုံးသွားရမယ့်အထဲမှာ ဘုရားသားသမီးမပါဘူး။ တစ်ခါတစ်လေ ကြုံခဲ့ရင်တောင် အမြဲကြုံရမယ်လို့ အတွေးအခေါ်မမှားစေချင်ဘူး။ ဘုရားရဲ့လက်တော်အောက်မှာ ဘယ်အရာကမှ​သင့်ကို ဆွဲချလို့မရဘူး။ ဘုရားရဲ့လက်တော် ဆွဲကိုင်ထားလို့ မကောင်းတဲ့ တခြားအရာတွေရဲ့ ချုပ်ကိုင်ခြင်းကို ဘယ်တော့မှ ခံရမှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့

ရှိမှာမဟုတ် (၂)

“ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။” ၂ ကော ၄:၁

လူပဲ စိတ်ပျက်တာတွေ အားနည်းတာတွေရှိမှာပေါ့လို့ လွယ်လွယ်ပြောနေတာတွေ ရပ်တန့်လိုက်ပါ။ တကယ်တော့ လူချင်းတူရင်တူမယ် ခံစားရတဲ့အရာကတော့မတူပါ။ ဘုရားရဲ့ကြီးမားတဲ့ ကရုဏာကျေးဇူးတော်ကို ခံစားရတဲ့သူတစ် ယောက်ဟာ သာမန်လူတစ်ယောက်နဲ့ ဘယ်လိုမှမတူပါ။ အခြားသူတွေ စိတ်ပျက် အားလျော့ပေမယ့် ဘုရားရဲ့ကျေးဇူးကရုဏာတော်ကို ခံစားရတဲ့ သူတွေကတော့ ဘယ်တော့မှ စိတ်ပျက်အားလျော့ခြင်းဆိုတာ ရှိမှာမဟုတ်ပါ။ ဘယ်လို အတားအဆီးတွေအခက်အခဲတွေ ကြုံတွေ့ပါစေ တမန် တော်ကြီးရှင်ပေါလုကတော့ ဘယ်တော့ စိတ်မပျက် အားမလျော့ ဘူးလို့ဆိုတယ်။ အခက်အခဲ မရှိလို့မဟုတ်ပါဘူး။အခက်အခဲထက် အဆပေါင်းများစွာကြီးမားတဲ့ ကရုဏာ ကျေးဇူးတော်ရှိလို့ပါ။

ဖေဝေါ်ဝါရီလ ၁၀ ရက်နေ့

ရှိမှာမဟုတ်

‘Trust ye in the LORD for ever: for in the LORD JEHOVAH is everlasting strength: ‘ Isaiah 26:4

ဘုရားဟာ သင့်ရဲ့ ထာဝရခွန်အား အစွမ်းသတ္တိ ဖြစ်တဲ့အတွက်၊ သင် အားနည်းသွားတယ်ဆိုတာ ရှိလာတော့မှာမဟုတ်ဘူး။ သင့်တစ်ဖက်မှာ ရှိတဲ့သူတွေက ဘယ်တော့များ အားနည်းပျောက်ကွယ်သွားမလဲ? အားနည်းပြီးတော့ လဲကျသွားမလဲ? လို့ အမြဲတမ်းစောင့်မျှော်နေကြပေမဲ့။ ထာဝရအစွမ်းသတ္တိ ခွန်အားဖြစ်စေတဲ့ ဘုရားကို အားကိုးခိုလှုံတတ်တဲ့သူအဖို့တော့ အားနည်းတယ်ဆိုတာ ရှိကိုရှိလာတော့မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၈ မှာ တုန်းက အားအင်အပြည့်နဲ့ အမှုတော်မြတ်ကို စခဲ့တဲ့အခါမှာ လူတွေက ဒပြောတယ် ကောက်ရိုးမီးပါ။ မကြာခင် အားလျော့ပျောက်ကွယ်သွားလိမ့်မယ်တဲ့။ ၂၈ နှစ်ကြာလာတဲ့အခါမှာ ဒီမီးဟာ ကောက်ရိုးမီးမဟုတ်ဘူး တောမီးတစ်ခုထက်ကြီးတဲ့ပမာဏကို ရောက်ရှိလာပြီးတော့ အရင်ထက် အားမနည်းတဲ့အပြင်အဆပေါင်းများစွာ ပိုအားကြီးသွားတယ်ဆိုတာ ကိုယ်တွေ့ပဲ။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့

မရှိ (၆)

‘အို ဘုရားရှင်​၊ ဘုရား​များ​ထဲတွင် ကိုယ်တော်​နှင့်တူသော​ဘုရား​မ​ရှိ​ပါ​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့်တူသော အမှု​လည်း မ​ရှိ​ပါ​။ ‘ ဆာလံကျမ်း ၈၆း၈

အသက်ရှင်ပြီး လူတွေကိုချစ်တဲ့ ဘုရားနဲ့တူတဲ့ဘုရား ဘယ်ဘုရား ရှိအုံးမလဲ? ကိုးကွယ်ခံချင်တဲ့ ဘုရားတွေပဲ များနေတယ် ကယ်တင်ပေးတဲ့ဘုရားကတော့တစ်ပါးတည်းပဲ။ ပေးကမ်းူဒါန်းဖို့ပဲ တောင်းဆိုပြီးတော့ တဖက်သတ်မေတ္တာနဲ့ ကောင်းချီးပေး လမ်းပြတဲ့ ဘုရားကတော့ ဘုရားတစ်ပါးတည်းပဲရှိတယ်။ အတိတ်မှာလဲ သူပြုပေးခဲ့တဲ့ အမှုတွေဟာ ဘယ်သူမှ တုပလို့မလုပ်နိုင်ခဲ့သလို၊ လုပ်လဲ မလုပ်ခဲ့ကြဘူး။လက်ရှိကာလမှာ သူပြုပေးနေတဲ့ အံ့ဖွယ်အမှုတွေဟာ ယုံတဲ့သူတိုင်း အပေါ်မှာ ပြည့်နှက်နေပြီးတော့ အနာဂတ်မှာလဲ ဘယ်သူမှ မလုပ်ပေးနိုင်တဲ့ အရာတွေကို သူ့သားသမီးတွေပေါ်မှာ ဆက်လက် လုပ်ဆောင်ပေးအုံးမယ်ဆိုတာ သေချာတယ်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့

မရှိ (၅)

“ပု​ရွက်​ဆိတ်​သည် ဆ​ရာ​မ​ရှိ၊ ပဲ့​ပြင်​သော​သူ​မ​ရှိ၊ မင်း​မ​ရှိ​ဘဲ​လျက်၊ နွေ​ကာ​လ​နှင့် စ​ပါး​ရိတ်​ရာ​ကာ​လ၌ မိ​မိ​စား​စ​ရာ​အ​စာ​ကို ရှာ​ဖွေ​သို​ထား​တတ်၏။” သုတ္တံ‬ ‭၆:၇-၈

လူပျင်းတစ်ယောက်ကို ပညာရှိစေဖို့အတွက် ပုရွက်ဆိတ် ထံကိုသွားပြီးတော့ သင်ယူစေတယ်။ ပုရွက်ဆိတ်မှာ မရှိတဲ့ အရာတွေ အများကြီးပဲ ။ သင်ယူစရာ ကောင်းတယ်ဆိုတာ ရှိတဲ့အရာတွေ အများကြီးကနေ လုပ်ဆောင်တာ မဟုတ်ဘူး။ မရှိတဲ့အရာတွေ အများကြီး ရှိပေမဲ့ အနာဂတ်အတွက် အကောင်းဆုံး ပြင်ဆင်တယ်။ မရှိတာတွေကို အကြောင်းပြပြီးတော့ စိတ်ပျက်နေမယ့်အစား အကောင်းဆုံးလုပ်ချင်တဲ့ ဆန္ဒသာရှိမယ်ဆိုရင် လူများစွာအတွက် ကောင်းကြီး ဖြစ်စေတဲ့ အရာဖြစ်လာတယ်ဆိုတာ ပုရွက်ဆိတ်တွေက သက်သေပါပဲ။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့

မရှိ (၄)

“ကောင်းကင်ဘုံ​၌ ကိုယ်တော်​မှတစ်ပါး အကျွန်ုပ်​တွင် မည်သူ​ရှိ​သနည်း​။ မြေကြီး​ပေါ်၌​လည်း ကိုယ်တော်​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ အကျွန်ုပ်​အလို​မ​ရှိ​ပါ​။” ဆာလံကျမ်း ၇၃:၂၅

ကောင်းကင်ဘုံရဲ့ အရှင်သခင် ဘုရားသခင်က သင့်ဘက်မှာရပ်တည်တယ်ဆိုတာ သင်သိပါသလား? တစ်လောကလုံး သင့်ဘက်မှာ မရှိရင်တောင်မှ၊ သင်လိုအပ်တဲ့အရာတွေ သင့်နားမှာ မရှိရင်တောင်မှ အမြင့်ဆုံးသောဘုရား သခင်က သင့်ဘက်မှာ ခိုင်ခံ့စွာရပ်တည်နေတယ်။ ဘာလို့ ဘုရားက သင့်ဘက်မှာရပ်တည်သလဲလို့မေးခွန်းထုတ်

ရင်တော့ မြေကြီးပေါ်မှာ စွဲလန်းစရာ အားကိုးစရာတွေများစွာရှိတဲ့အထဲမှာ ဘုရားကိုပဲ အားကိုးပြီးရပ်တည်တယ်။ ဘုရားကိုပဲလိုအပ်တယ်လို့ ဝန်ခံတယ်။ ဘုရားကလွဲပြီး အခြားမရှိတဲ့သူရဲ့ဘဝအသက်တာမှာ ဘုရားကလဲ သူ့ဘက်မှာ ပြတ်သားစွာရပ်တည်တာ မဆန်းပါဘူး။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့

မရှိ (၃)

“ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ ဘု​ရား​သ​ခင်၏ က​တိ​တော်​ကို တွေး​တော​ခြင်း​မ​ရှိ၊ ယုံ​ကြည်​အား​ကြီး​သ​ဖြင့် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍၊-” ရောမ ၄:၂၀

ဘုရားရဲ့ ကတိတော်ကို ဖြစ်ရော ဖြစ်နိုင်ပါ့မလား ဆိုပြီးတော့ တွေးတောနေပြီဆိုရင်တော့ အဲ့ဒီကတိတော် သင့်အသက်တာမှာ ပြည့်စုံဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ရှင်ယာကုပ်က သတိပေးတယ် တွေးတောခြင်းရှိတဲ့သူက လေခပ်ပြီးတော့ လှုပ်ရှားတဲ့ လှိုင်းတံပိုးနဲ့တူတယ် ပြုလေသမျှမှာ မတည်ကြည်သောသူ ဖြစ်ပြီးတော့ ဘုရားလက်တော်ကနေ ဘာတစ်ခုမှ မရနိုင်ဘူး။ အာဗြဟံ ဘုရားထံကနေ ကြီးမားတဲ့အရာတွေလက်ခံရရှိခဲ့ခြင်းက ဘုရားကတိတော်အပေါ်မှာ သံသယနဲ့ တွေးခေါ်ခြင်းလုံးဝ မရှိခဲ့ခြင်းကြောင့်ဖြစ်တယ်။ မရှိသင့်တာ ရှိနေပြီဆိုရင် တော့ ရှိသင့်တာတွေ မရှိနိုင်တော့မှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့

မရှိ (၂)

“ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မ​မူ​သော​အ​မှု မ​ရှိ​ဟု ပြော​ဆို​လျှင်၊-”

ရှင်လုကာ ၁း၃၇

ဘုရားကို အကြွင်းမဲ့ယုံတယ်ဆိုတာ ဘုရားမတတ်နိုင်တာ တစ်ခုမှမရှိဘူးဆိုကို စိတ်ချတာပါ။ သူဟာ အရာခပ်သိမ်း လုပ်ပေးနိုင်ရုံသာမက အရာခပ်သိမ်းကို သူ့သားသမီးအတွက် လုပ်ပေးချင်တဲ့သူဆိုတာကို ယုံကြည်စိတ်ချခြင်းပါ။ ဘုရားကို ယုံပေမယ့် ဘုရားအားလုံး လုပ်နိုင်တယ်ဆိုတာကိုတော့ လူအချို့က စိတ်ချမှုမရှိဘူးဖြစ်နေတယ်။ သင့်အခက်အခဲအားလုံးကို သူဖြေရှင်းပေးနိုင်တယ်။သူမတတ်နိုင်တာ၊ မလုပ်ပေးချင်တာ မရှိဘူးဆိုတာကို စိတ်ချတဲ့နေ့ဟာ သင့်ဘဝမှာ ပြဿနာရဲ့ခြိမ်းခြောက်မှုတွေ မရှိတော့တဲ့နေ့ပါပဲ။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့

မရှိ

“ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။” ဆာလံ ၄၆း၂

ဘုရားသခင်အတူရှိခြင်းကို သဘောပေါက်သွားတဲ့အခါမှာ လောကမှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကိုယ့်ကိုခြိမ်းခြောက်နေတဲ့ ပြဿနာတွေအပေါ်မှာ ကြောက်လန့်ခြင်းမရှိတော့ပါ။ ကြောက်လန့်ခြင်းဆိုတာ တစ်ယောက်ထဲ အထီးကျန်တဲ့သူတွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်မျိုး။ ကိုယ်အားကိုးရတဲ့သူ ရှိတဲ့အချိန်မှာ ဒီကြောက်စိတ်က ဘယ်လိုမှ ရှာလို့ကို မရတော့ဘူး။ ကြောက်စရာကောင်းတဲ့အခြေအနေမှာ မကြောက်မလန့်ပဲ ရှင်သန်နိုင်စေတာ ဘုရားအတူပါရှိခြင်းနှင့် ဘုရားရဲ့ တတ်နိုင်ခြင်းကို ယုံကြည်ခြင်းစိတ်ချတဲ့ သူကလွဲပြီး အခြားသူရဲ့အသက်တာမှာ ရှာလို့တွေ့နိုင်မှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့

ဖြောင့်မတ်သောသူ မှန်လျှင်(၆)

“လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။” သုတ္တံ‬ ‭၂၈:၁

စိုးရိမ်စိတ်နှင့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ထက် ရှောင်လွဲ နေတတ်တဲ့အထဲမှာ ဖြောင့်မတ်သောသူ မပါဘူး။ အခက်အခဲတော့ လူတိုင်းမှာ ရှိပါတယ်။ အဲ့ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်သလဲ ဆိုတာကိုကြည့်ပြီးတော့ သင်ဘယ်သူလဲဆိုတာကို သိနိုင်တယ်။ ဖြောင့်မတ်သူဟာ အခြေအနေတိုင်းမှာ ခြင်္သေ့ကဲ့သို့ရဲရင့်တဲ့သူပါ။ ဖြောင့်မတ်

ခြင်းကို သဘောပေါက်တဲ့သူပဲ အရာရာကို ခြင်္သေ့ကဲ့သို့ ရဲရင့်စွာရင်ဆိုင် နိုင်လိမ့်မယ်။ ဖြောင့်မတ်ခြင်းကို သဘောမပေါက်တဲ့သူက တော့စိုးရိမ်မှုတွေ၊ အားငယ်မှုတွေနဲ့ ပြည့်နေတဲ့သူပဲဖြစ်မယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့

ဖြောင့်မတ်သောသူ မှန်လျှင်(၅)

“တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။-” ဂလာတိ ၃:၁၁

ဖြောင့်မတ်သူဆိုတာ အခြေအနေပေါ်မှာ ရပ်တည်တဲ့သူမဟုတ်ဘူး။ ခံစားချက်ပေါ်မှာ ပြောဆို လုပ်ဆောင်တဲ့သူမဟုတ်ဘူး။ လူတွေရဲ့ အယူအဆတွေပေါ်မှာ ဘဝကို တည်ဆောက်ထားတဲ့သူမဟုတ်ဘူး။ ဘုရားအပေါ်မှာ ထားတဲ့ ယုံကြည်ခြင်း တစ်ခုထဲနဲ့ ဘဝကို ရှင်သန် ရှေ့ဆက်နေတဲ့သူတွေဖြစ်တယ်။ ဘုရားက ဖြောင့်မတ်သူလို့သတ်မှတ်တာ အခြားအရာတွေကြောင့်မဟုတ်ဘူး။ ယုံကြည်ခြင်း တစ်ခုထဲကြောင့်ပါ။ ဒါကြောင့် အရာရာကို ယုံကြည်ခြင်းနှင့် မရှင်သန်ပဲနဲ့ တော့ ဖြောင့်မတ်သူတစ်ယောက်ဘဝ ဘယ်လိုမှ ရှေ့မဆက်နိုင်ဘူး။

ဇန်နဝါရီလ ၃၀ ရက်နေ့

ဖြောင့်မတ်သောသူ မှန်လျှင်(၄)

“ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။” ဆာလံ‬ ‭၃၄:၁၇

ငါ့ရဲ့ ဆုတောင်းသံကို ဘုရားနားမထောင်ဘူးလို့ခံစားရရင်၊ သင့်ကို သင် ပြန်စစ်ရမယ်။ ဖြောင့်မတ်သူဆိုတာကို သင်သေချာ သဘောပေါက်ရဲ့လား? တချို့က ကိုယ့်

ဆုတောင်းသံကို ဘုရားနားထောင်မယ်၊ နားမထောင်ဘူးဆိုတာကိုတောင် မသေချာဘူးလို့ခံစားနေကြတယ်။ သင်ဟာ ဖြောင့်မတ်သူဆိုရင် စိတ်ချမှုရှိဖို့လိုတယ် ဘုရားက သင့်အသံကို သေချာပေါက်နား ထောင်မယ်၊ အဖြေပေးမယ်ဆိုတာ၊ ဖြောင့်မတ်သောသူဟာ ခပ်သိမ်းသော ဆင်းရဲခြင်းထဲမှာ ပိတ်လှောင်ခံရမယ့်သူတွေမဟုတ်ဘူး။ ခပ်သိမ်းသော အခက်အခဲပြဿနာတွေကနေ လွတ်ကိုလွတ်မယ့်သူတွေဖြစ်တယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့

ဖြောင့်မတ်သောသူ မှန်လျှင်(၃)

“ဖြောင့်မတ်​သော​သူ​သည် ဆင်းရဲဒုက္ခ​ထဲမှ​လွတ်မြောက်​၍ ဆိုးယုတ်​သော​သူ​သည် သူ့​အစား​ဝင်​ရ​၏​။” သုတ္တံကျမ်း ၁၁:၈

ဖြောင့်မတ်သူဟာ ခပ်သိမ်းသော ဒုက္ခထဲက လွတ်မြောက်ဖိုအတွက် အခွင့်အရေးရှိတယ်။ ဘုရားက ဖြောင့်မတ်သူကို ဒုက္ခမခံခိုင်းဘူး။ သူများဒုက္ခကိုအစားထိုးဖိုလဲ တာဝန်မပေးဘူး။ သူများဒုက္ခတွေကို အစားထိုးဝင်ရောက်ခံရတာက ဆိုးယုတ်တဲ့သူတွေပဲ။ ဖြောင့်မတ်သူဟာ အမြဲတမ်း ဆင်းရဲဒုက္ခ မျိုးစုံကနေ နည်းလမ်းပေါင်းစုံအားဖြင့်ဘုရားက နေ့စဉ် ကယ်လွှတ်ပေးနေတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့

ဖြောင့်မတ်သောသူ မှန်လျှင်(၂)

“မ​တ​ရား​သော​သူ​သည်​ချေး​ငှား၍ မ​ဆပ်​ဘဲ​နေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သ​နား​သော​စိတ်​ရှိ၍ ပေး​တတ်၏။” ‭ဆာလံ‬ ‭၃၇:၂၁

လူတစ်ယောက်ရဲ့ဖြောင့်မတ်ခြင်းက သူ့ရဲ့ငွေကြေးပေါ်ထားတဲ့စိတ်နေသဘောထားပေါ်မှာလဲ အများကြီးသက်ရောက်မှုရှိတယ်။ တချို့က ငွေကြေး ချေးယူပြီး ဘယ်တော့မှ ပြန်မဆပ်တတ်ဘူး။ ကိုယ်ခက်ခဲတဲ့အချိန်မှာ ကူညီပေးတဲ့သူတွေအပေါ်မှာ ကျေးဇူးမသိတဲ့အပြင်၊ ပြန်တောင်းတဲ့အခါမှာ မောက်မာလိုက်သေးတယ်။ ဒါဟာ ဖြောင့်မတ်သောသူတစ်ယောက်ရဲ့ လက္ခဏာ လုံးဝမဟုတ်ဘူး။ တကယ့် ဖြောင့်မတ်သူတစ်ယောက်ဟာ သူများဟာ ချေးပြီး ပြန်ဆပ်ရုံမကပဲ အမြဲတမ်း လိုအပ်တဲ့သူတွေကို ကူညီဆောင်မလေ့ ရှိတဲ့သူပဲ။ ဖြောင့်မတ်သူ တစ်ယောက်လို သနားပြီး ကျေးဇူးပြုတဲ့သူ ဖြစ်ပါ။

ဇန်နဝါရီလ ၂၇ ရက်နေ့

ဖြောင့်မတ်သောသူ မှန်လျှင်

‘ဖြောင့်​မတ်​သော​သူ​သည် ခု​နစ်​ကြိမ်​လဲ​သော်​လည်း ထ​ပြန်​လိမ့်​မည်။ မ​တ​ရား​သော​သူ​မူ​ကား၊ လဲ​သော​အ​ခါ ဆုံး​ရှုံး​လိမ့်​မည်။’ သုတ္တံ ၂၄:၁၆

ချော်လဲ ရောထိုင်လုပ်တဲ့အထဲမှာ ဖြောင့်မတ်သူ တစ်ယောက်မှ မပါဘူး။ ဖြောင့်မတ်သူဆိုတာ တစ်ခါမှမလဲကျဖူးတဲ့သူမဟုတ်ဘူး။ အကြိမ်ကြိမ်လဲကျဖူးပေမယ့် လဲကျတဲ့အကြိမ်တိုင်းကို လဲကျတဲ့နေရာပဲ စိတ်ပျက်ပြီးတော့ ရပ် တန့်သွားတာမျိုးမလုပ်ဘူး။ ရှေ့ဆက်သွားဖို့အတွက် အမြဲတမ်း လဲကျတဲ့နေရာကနေ ပြန်ထတယ်။ လဲကျလို့ပြန်မထပဲ ဆုံးရှုံးသွားတယ်ဆိုရင်တော့ မတရားတဲ့သူစာရင်းထဲမှာသေချာပေါက်ပါသွားလိမ့်မယ်။ ဘယ်လိုအခြေမျိုးကနေမဆို သေချာပေါက် ပြန်ထနိုင်စေတာ ဖြောင့်မတ်သူရဲ့အမှတ်

လက္ခဏာပဲ။

ဇန်နဝါရီလ ၂၅ ရက်နေ့

ဘုရားရဲ့မေတ္တာ (၇)

“ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ ဧဖက် ၃း၁၉

လောကကြီးထဲမှာ ကိုယ့်ဉာဏ်နှင့်မမှီနိုင်တဲ့အရာတွေများစွာရှိတယ် အဲ့အထဲမှာ ဘုရားရဲ့ချစ်တဲ့ မေတ္တာလဲပါတယ်။ ဘုရား သူ့သားသမီးတွေအပေါ်မှာ ထားတဲ့မေတ္တာကို လောက သားတွေ မသိနိုင်တာမဆန်းပေမယ့်၊ တစ်ခါတစ်လေ ဘုရားသားသမီးတွေတောင် သိဖို့ နားလည်ဖို့ ခက်ခဲတဲ့အချိန်တွေများကြီးရှိတယ်။ ဘုရားရဲ့နက်ရှိုင်းတဲ့မေတ္တာကို သိနားလည်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အကူအညီမပါပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘုရားရဲ့အချစ်ကို နားလည်တဲ့သူပဲ အသက်တာမှာ ကြီးမားတဲ့ပြောင်းလဲမူကြီးတွေကို မြင်တွေ့ခံစားရတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့

ဘုရားရဲ့မေတ္တာ (၆)

“သို့သော် ကရုဏာ​တော်​နှင့်​ကြွယ်ဝ​တော်မူ​သော​ဘုရားသခင်​သည် ငါ​တို့​ကို​ချစ်​တော်မူ​သည့် ကြီးမား​သော​မေတ္တာ​တော်​အားဖြင့်” ဧဖက်ဩဝါဒစာ ၂း၄

ဘုရားရဲ့ကယ်တင်ခြင်းဆိုတာ မဖြစ်လို့ ကယ်တင်တာမဟုတ်ဘူး။ ချစ်လို့ကယ်တင်ခဲ့တာပါ။ ကျေးဇူးတော်ဟာ ဘုရားရဲ့ကြီးမားတဲ့ မဟာမေတ္တာတော်ကနေ မြစ်ဖျားခံတယ်။ ဘုရားက ချစ်ခြင်းမေတ္တာဖြစ်ပြီးတော့ အဲ့ဒီမေတ္တာကြောင့်ပဲ မကောင်းတဲ့အရာရာထဲကနေ ကယ်တင်ခဲ့တယ်။ ဘဝမှာ ကောင်းတဲ့အရာတွေဖြစ်လာတယ်ဆိုတာ ဘုရားမေတ္တာ သက်သက်ကြောင့်ပါပဲ။ ဘုရားပြုပေးတဲ့ အရာတွေက ဘုရားရဲ့မေတ္တာကိုဖေါ်ပြနေသလို၊ ဘုရားမေတ္တာကိုသိလာလေလေ အသက်တာမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးက နေရာယူလေပါပဲ။

ဇန်နဝါရီလ ၂၃ ရက်နေ့

ဘုရားရဲ့မေတ္တာ (၅)

“ထာ​ဝ​ရ​ဘု​ရား​သည် အ​ဝေး​ကထင်​ရှား၍ မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို​ငါ​ချစ်၏။ ထို​ကြောင့်၊ က​ရု​ဏာ​ကျေး​ဇူး​ကို သင်၌ ကြာ​မြင့်​စွာ​ပြ၏။” ယေရမိ ၃၁:၃

လူ့ရဲ့မေတ္တာကကုန်တတ်တယ်။ အကန့်အသတ်ရှိသလို၊သတ်မှတ်ချက်တွေလဲအပြည့်ပဲ။ သက်တမ်း ကုန်ဆုံးသွားပြီဆိုရင် ဘယ်တော့မှ၊ ဘယ်လိုမှပြန်ဆက်ဖို့မလွယ်တော့ဘူး။ တချိန်တုန်းက ချစ်တယ်ဆိုတဲ့လူတွေ အခုမျက်နှာချင်းတောင် မဆိုင်နိုင်တော့အထိဖြစ်ကုန်တယ်။ ဘုရားရဲ့မေတ္တာကတော့ လူ့မေတ္တာနဲ့တခြားစီပဲ အကန့်အသတ်လဲမရှိသလို၊ကုန်ဆုံးရက်လဲမပါလာဘူး။ အရည်အချင်းသတ်မှတ်ချက်တွေ အပေါ်မှာမမူတည်ပဲ ထာဝရကာလတိုင်အောင် အဆုံးအစမဲ့ချစ်တဲ့ ဘုရားဖြစ်တယ်၊ သင့်ဘက်က ဘယ်လို အားနည်းချက်တွေရှိရှိ သူ့ဘက်က သင့်ကို အချစ်မပြတ်ဘူး။

ဇန်နဝါရီလ ၂၂ ရက်နေ့

ဘုရားရဲ့မေတ္တာ (၄)

‘ခ​ရစ်​တော်၏​ချစ်​ခြင်း​မေ​တ္တာ​နှင့် ငါ​တို့​ကို အ​ဘယ်​သူ​ကွာ​စေ​မည်​နည်း။- ‘ရောမ ၈:၃၅

ရှင်ပေါလု ကြုံခဲ့ရတဲ့ အခက်အခဲတွေက ကြီးလွန်းတယ်လို့ တချို့ကတော့ထင်လိမ့်မယ်။ သူခံရတဲ့ အရာတွေ များစွာ ကဘာကြောင့်များသူ့ကို စိတ်မပျက်စေတာလဲလို့ သင်မေးခွန်းထုတ်ကောင်းထုတ်လိမ့်မယ်။ တကယ်တော့ သူ အမှုတော်မြတ်မှာ ဘယ်လောက် ကြီးမားတဲ့အရာတွေ ကြုံရပေမယ့် စိတ်မပျက်၊ နောက်မဆုတ်ပဲ ခရီးဆက်စေတာက သူ့အပေါ်မှာ ဘုရားချစ်တဲ့ မေတ္တာ ဖြစ်တယ်။ အဲ့ဒီမေတ္တာ ကြောင့် ဘယ်လိုအရာတွေပဲ ကြုံကြုံသူဟာ အကောင်းဆုံးရင်ဆိုင်ပြီးတော့ ဖြတ်သန်းသွားလာနိုင်တာပါ။

ဇန်နဝါရီလ ၂၁ ရက်နေ့

ဘုရားရဲ့မေတ္တာ (၃)

“ငါ​သည် သူ​တို့​ကို ကရုဏာ​ကြိုး​၊ မေတ္တာ​ကြိုး​ဖြင့် ဆွဲခေါ်​ခဲ့​၏​။ သူ​တို့​မေးရိုး​မှ နဖားကြိုး​ကို ဖယ်ရှား​ပေး​ခဲ့​၏​။ ကိုယ်​ကို​ညွှတ်​၍ သူ​တို့​ကို အစာကျွေး​ခဲ့​၏​။” ဟောရှေ ၁၁:၄

ဆွဲအားတွေ​ပြင်းထန်လွန်းတဲ့ လောကကြီးထဲမှာ ဒီနေ့ထိတိုင်အောင် မကောင်းတဲ့ဘက်ကို မပါသွားရတဲ့ အဓိက အကြောင်းအရင်းက အရာရာထက် ပိုကြီးမားတဲ့မေတ္တာ ကြိုးနဲ့ ဘုရားက ဆွဲခေါ်နေလို့ပါ။ နာကျင်စေမယ့် အရာတွေနဲ့မဆွဲဘူး။ နာကျင်စေတဲ့ လောကရဲ့ နဖားကြိုးတွေကိုတောင် ဖယ်ရှားပေးသေးတယ်။ နေ့တိုင်းမှာ လိုအပ်တဲ့ အရာတွေကိုလဲ လိုလေသေးမရှိ ထောက်ပံ့ ပေးသေးတယ်။ ဒီလောက်ကြီးမားတဲ့ မေတ္တာ ဘယ်မှာရှိအုံးမလဲ?

ဇန်နဝါရီလ ၂၀ ရက်နေ့

ဘုရားရဲ့မေတ္တာ (၂)

“ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-”  ၁ယော ၄:၈

ဘုရားကို သိတဲ့သူနဲ့ မသိတဲ့သူ ဘာကွာသလဲ လို့မေးရင် ချစ်ခြင်းမေတ္တာပေါ်မှာပဲ အခြေခံတယ်လို့ဖြေရ လိမ့်မယ်။ တချို့က အချစ်မခံရဘူးဆိုပြီးတစ်ချိန်လုံးငြီးတွားနေတယ်။ တကယ်တော့လူတွေရဲ့ အချစ်မခံရ ရင်တောင် အမြင့်ဆုံးဘုရားရဲ့ ချစ်တာခံစားခွင့်ရနေတာ သတိမထားမိကြလို့ပါ။ အချစ်မခံစားရဘူးဆိုတာက ဘုရားကို နက်ရှိုင်းစွာ မသိဘူးဆိုတဲ့သဘောပါ။ ချစ်ခြင်းမေတ္တာ ဘုရားကိုသိလေ ချစ်ခြင်းမေတ္တာကိုနက်ရှိုင်းစွာ သိမြင်ခံစားလေပါပဲ။

ဇန်နဝါရီလ ၁၈ ရက်နေ့

ဘုရားရဲ့မေတ္တာ

(ယော ၃း၁၆)

လူတွေက ဘုရားရဲ့မေတ္တာကို တိုင်းတာတဲ့အခါမှာ တိုင်းတာတဲ့ပေတံမှားနေလို့ ဘုရားမေတ္တာ အမှန်ကိုမသိကြဘူး။ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ တိုင်းတာရင် ဘယ်တော့မှ ဘုရားမေတ္တာကို သင်မြင်တွေ့ရမှာမဟုတ်ဘူး။ ခံစားချက်တွေနဲ့ တိုင်းတာလို့လဲမရသလို၊ အဆင်ပြေခြင်းမပြေခြင်းစတာတွေနဲ့လဲ ဘုရားရဲ့မေတ္တာကို လုံးဝတိုင်းတာလို့ရမှာမဟုတ်ဘူး။ ဘုရားရဲ့မေတ္တာကို သိနိုင်တဲ့ အရာကတော့ သူ့ရဲ့တပါးတည်းသောသားတော်ကို လူသားတိုင်း အပြစ်လွှတ်ဖို့အတွက် ကားတိုင်ပေါ်မှာ စတေး ခံခြင်းကိုကြည့်ခြင်း အားဖြင့်ထင်ရှားစွာမြင်နိုင်တယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့

ပညာရှိသောသူ (၇)

“ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍” ဧဖက်ဩဝါဒစာ‬ ‭၅:၁၅

ပညာရှိတဲ့သူနှင့် ပညာမဲ့တဲ့သူ ဘာကွာလဲလို့မေးရင် ပညာရှိတဲ့သူက ကိုယ့်အသက်တာကို ဖြစ်သလို မရှင်သန်ဘူး။ တစ်ခါတည်းရတဲ့ဒီဘဝကို အကျိုးရှိစွာ အသုံးပြုဖို့အတွက် အမြဲတမ်းသေချာပြင်ဆင်တယ်။ ပြင်ဆင်ခြင်းအတွက် မရှိမဖြစ်ကတော့ ဆင်ခြင်အောက်မေ့ခြင်းဖြစ်တယ်။ သေချာ မဆင်ခြင်ရင် ပြင်ဆင်ခြင်းမှာ အားနည်းပြီးတော့ ဘဝကို ကြုံသလို အသက်ရှင်ဖို့ပဲဖြစ်သွားလိမ့်မယ်။ ပညာမဲ့တဲ့သူကတော့ဘယ်တော့မှ​သူ့ဘဝရဲ့ တန်ဖိုးရှိတဲ့အရာတွေကို သေချာမပြင်ဆင်ပဲအသုံးပြုတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့

ပညာရှိသောသူ (၆)

“ပ​ညာ​ရှိ​တို့​နှင့် ပေါင်း​ဖော်​သော​သူ​သည် ပ​ညာ​ရှိ​တတ်၏။ လူ​မိုက်​တို့​နှင့် ပေါင်း​ဖော်​သော​သူ​မူ​ကား၊ ပျက်​စီး​တတ်၏။” သုတ္တံ ၁၃:၂၀

ဘုရားအသုံးပြုခဲ့တဲ့ဆရာကြီး တစ်ယောက်က အမြဲပြောလေ့ရှိတာက သင်ဘယ်သူလဲဆိုတာ သင်ပေါင်းတဲ့သူကို ကြည့်ပါတဲ့။ ပညာရှိတဲ့သူက လူတိုင်းနဲ့ မပေါင်းသင်းဘူး။ သူ့ဘဝကို တကယ် တိုးတက်ပြောင်းလဲစေမယ့် သူတွေကိုပဲ ရွေးပေါင်းတယ်။ ကိုယ့်ဘဝကို ပျက်ဆီးစေမယ့်သူတွေနဲ့ဘယ်တော့မှ မပေါင်းသင်းဘူး။ ပညာရှိတဲ့သူတွေနဲ့ပေါင်းသင်းခြင်းအားဖြင့် အသက်တာကိုတိုးတက်စေတဲ့ ပညာကို သင့်ဘဝထဲကိုရမယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့

ပညာရှိသောသူ (၅)

“အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သော​သူ​ကဲ့​သို့ ဖြစ်​သ​နည်း။ နက်​နဲ​သော​အ​နက်​ကို အ​ဘယ်​သူ​နား​လည်​သ​နည်း။ ပ​ညာ​သည် ပ​ညာ​ရှိ​သော​သူ၏​မျက်​နှာ​ကို ထွန်း​လင်း​စေ​တတ်၏။ ထို​သူ၏​မျက်​နှာ​သည် အ​ထူး​သ​ဖြင့် ရဲ​ရင့်​သော​အ​ဆင်း​ရှိ​တတ်၏။” ဒေသနာ‬ ‭၈:၁

ပညာရှိတဲ့သူရဲ့ ထင်ရှားတဲ့အသက်တာကိုပြပါဆိုရင် ရဲရင့်ခြင်းလို့ဖြေရမယ်။ ကြောက်ရွံ့ခြင်းကတော့ ပညာရှိတဲ့သူအသက်တာမှာ နေရာမရှိဘူး။ ပညာမရှိတဲ့အခါမှာ ဘာမှ မဟုတ်တဲ့အရာတွေကို အကြောင်းမဲ့ စိုးရိမ်ကြောက်ရွံ့နေတတ်တယ်။ ဘုရားနှင့် ဆိုင်သော နက်နဲသောအရာကို နားလည်လေလေ အသက်တာမှာ ရဲရင့်ခြင်းနှင့် ရှင်သန်နိုင်လေလေ ဖြစ်တယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့

ပညာရှိတဲ့သူ (၄)

သု ၆း၆-၁၁

ပညာရှိတဲ့သူက အရာရာတိုင်းကနေ သင်ယူနိုင်စွမ်းရှိတယ်။ သင်ပေးတဲ့သူ ရှိမှ မဟုတ်ဘူး။ သင်ယူတတ်တဲ့နှလုံးသားဟာ ပညာရှိတဲ့သူရဲ့အမှတ်တံဆိပ်တစ်ခုပဲ။ လူတစ်ချို့က သေချာသင်ပေးတာတောင် ပညာမယူတတ်ကြဘူး။ သင်ယူတတ်မယ်ဆိုရင် သင့်ပတ်ဝန်းကျင်မှာ သင်ယူစရာတွေနဲ့ပြည့်နှက်နေတယ်ဆိုတာကို သိလာလိမ့်မယ်။ သင်ကြားခံယူတတ်တဲ့သူက လူတွေဆီကနေ တောင်မဟုတ်ဘူး တိရိစ္ဆာန်တွေဆီကတောင် သင်ယူလို့ရတယ်။ လူပျင်းတစ်ယောက်ကို ပညာရှိလာဖို့အတွက် ဘုရားက ကျောင်းကို မသွားခိုင်းဘူး။ ပုရွက်ဆိတ်ထံကိုသွားပြီး‌တော့ သင်ကြား ခံယူမှုကို ပြုဖို့အကြံပေးတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့

ပညာရှိတဲ့သူ (၃)

(သု ၁၅း၂၀)

ဖခင် (၃)မျိုးရှိတယ်။ ပထမ ဖခင်ကတော့ ကောင်းကင်ဘုံဖခင်၊ ဒုတိယကတော့ ဝိညာဉ်ရေးရာမှာ ပြုစုပေးတဲ့ဖခင်နှင့် မွေးဖွားခဲ့တဲ့ဖခင်။ ပညာရှိတဲ့သူဟာ ဖခင်တွေ ဝမ်းမြောက်ခြင်းကို ဖြစ်စေတဲ့သူတွေပါ။ ဖခင်တွေ ဘယ်လောက်အရေးကြီးသလဲ ဆိိုတာကို သဘောပေါက်ပြီးတော့ တန်ဖိုးထား တဲ့သူတွေ။ ဖခင်တွေရဲ့ ဝမ်းမြောက်ခြင်းဟာ ဘဝအသက်တာမှာ ကြီးစွာသော ကောင်းကြီးမင်္ဂလာကို ယူဆောင်လာပေးတယ်ဆိုတာ ပညာရှိတဲ့သူတွေက နားလည်တယ်။ ပညတ်တော် ဆယ်ပါးမှာတောင် ကတိတော်နှင့်ခံစားဖို့ပါ တစ်ပါတည်းရှိတဲ့ပညတ်က မိဘကို ရိုသေစွာပြုခြင်းမဟုတ်လား? ပညာရှိတဲ့သူတွေက အဲ့ဒီ ရှားရှားပါးပါး ပေးထားတဲ့ကတိတော်ကို ခံစားရသူတွေပါ။

ဇန်နဝါရီလ ၁၁ ရက်နေ့

ပညာရှိတဲ့သူ (၂)

“ပ​ညာ​ရှိ​သော​သူ​သည် နား​ထောင်​သ​ဖြင့်၊ ပ​ညာ​အ​တတ် တိုး​ပွား​ရ​လိမ့်​မည်။” သုတ္တံ‬ ‭၁:၅

ပညာနှင့် အသက်ရှင်တဲ့သူရဲ့လက္ခဏာက ဘာလဲလို့မေးရင် အဖြေကတော့ နားထောင်တတ်၊ သင်ယူတတ်ခြင်းပါပဲ။ ဘဝမှာ သင်ယူတတ်တဲ့သူတွေအတွက် သင်ခန်းစာများစွာ သင်ကြားခံယူနိုင်တယ်။ တစ်ချို့သော သင်ခန်းစာတွေက ကျောင်းကနေ သင်ပေးတာ မဟုတ်ပဲ ဘဝကနေ သင်ပေးတာဖြစ်တယ်။ တွေ့ကြုံရသမျှမှာ ပညာရှိတဲ့သူကတော့ ဆုတ်ယုတ်သွားမှာမဟုတ်ပဲ တိုးပွါး တိုးတက်လာတဲ့သူတွေပါ။

ဇန်နဝါရီလ ၁၀ ရက်နေ့

ပညာရှိတဲ့သူ

“အ​ကြင်​သူ​သည် ပ​ညာ​ရှိ၏၊ ထို​သူ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို​ဆင်​ခြင်၍၊ ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို နား​လည်​လိမ့်​မည်။” ဆာလံ‬ ၁၀၇:၄၃

ကြုံရတဲ့အရာတွေပေါ်မှာ ပညာရှိတဲ့သူတွေက မှန်ကန်စွာ ဆင်ခြင်တတ်ပြီး ထိုအမှုအရာအထဲမှာ ဘုရားရဲ့ကရုဏာ ကျေးဇူးကို နားလည်တယ်။ အခက်အခဲထဲမှာ ဘုရားကို အထင်လွဲတဲ့သူတွေကတော့ ပညာမဲ့တဲ့သူတွေပဲ။ ပညာရှိတဲ့သူတွေက အရာရာမှာ ဘုရားရဲ့ကရုဏာကို မြင်တွေ့ပြီးတော့ ပညာမဲ့တဲ့သူတွေက အရာရာကို အမျက်တော်လို့ပဲသတ်မှတ်တယ်။

ဇန်နဝါရီလ ၉ ရက်နေ့

အမြင့်ဆုံးကို ရောက်စေသောနှလုံးသား (၅)

(၁ပေ ၅း၆)

ကိုယ်ကိုကိုယ်နှိမ့်ချတဲ့အခါမှာ ဘုရားရဲ့ချီးမြှောက်ခြင်းက ဘဝအသက်တာထဲကို ရောက်လာဖို့တံခါးဖွင့်ပေးလိုက်

တယ်။ လူတစ်ယောက်တကယ် နှိမ့်ချလား? မနှိမ့်ချဘူးလား? ဆိုတာ သူ့အသက်တာမှာ ဘုရားရဲ့ချီးမြှောက်ခြင်း လက်တော် ကိုကြည့်ပြီးသိနိုင်တယ်။ တချို့က နှိမ့်ချသလိုလိုနဲ့ အမှန်တကယ် မနှိမ့်ချတဲ့သူတွေရှိတယ်။ တချို့က မာနကြီးတယ် ထင်ရပေမယ့် ဘုရားအမြင်မှာ နှိမ့်ချတဲ့သူတွေရှိတယ်။ လူတွေကို ညာလို့ရပေမယ့် ဘုရားကိုတော့ဘယ်သူကမှ ညာလို့ မရဘူး။ ဘုရားရဲ့လက်တော်က နှိမ့်ချတဲ့ နှလုံးသားပိုင်ရှင်တွေကို အမြဲတမ်းချီးမြှောက်တယ်။

ဇန်နဝါရီလ ၈ ရက်နေ့

အမြင့်ဆုံးကို ရောက်စေသောနှလုံးသား (၄)

(၂ရာ ၉း၁၃)

အမြင့်ဆုံး ရှင်ဘုရင်တွေက သူ့တို့အနားမှာ အကောင်းဆုံး၊ အလှဆုံး အတော်ဆုံးတွေပဲထားတာ အားလုံးအသိပဲမဟုတ်လား? မကောင်းတာ၊ မတော်တာ၊ မလှတာဘယ်သူမှ မထားချင်ကြဘူး။ ဒါဝိဒ်ကတော့သူ့အနားမှာ သူနဲ့အတူ နေ့တိုင်း စားသောက်တဲ့အခါမှာ လူ့အနေနဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ မေဖိဗောရှက်ကို ထားပြီးစားသောက်စေတယ်။ အမျိုးတော်တာလဲမဟုတ်ပေမယ့် သူ့ရဲ့ ပဋိညာဉ်အပေါ်မှာ ထားတဲ့ နှလုံးသားကိုမြင်ရတယ်။

ဇန်နဝါရီလ ၇ ရက်နေ့

အမြင့်ဆုံးကို ရောက်စေသောနှလုံးသား (၃)

လူတစ်ယောက်ကို အမြင့်ဆုံး ဆွဲတင်ပေးနိုင်တာ နှလုံးသားဖြစ်သလို အနိမ့်ဆုံးကို ဆွဲချနိုင်တာကလည်း နှလုံးသားပဲဖြစ်တယ်။ အမြင့်ဆုံးရာထူးမှာရှိပေမယ့် နှလုံးသား မမြင့်တဲ့ ရှောလုဟာ အချိန် တစ်ခုရောက် လာတဲ့အခါမှာတော့ နှလုံးသား ရှိတဲ့အတိုင်း နိမ့်ဆင်းသွားသလို၊ အနိမ့်ဆုံး သိုးကျောင်းသားလေး နေရာမှာ နေရပေမယ့် နှလုံးသား ကောင်းစားတဲ့အခါမှာ နှလုံးသားရှိတဲ့အတိုင်း ဘုရားက အမြင့်ဆုံးကိုချီးမြှောက်ခဲ့တယ်။

ဇန်နဝါရီလ ၆ ရက်နေ့

အမြင့်ဆုံးကို ရောက်စေတဲ့နှလုံးသား (၂)

၃ယော၁း၂

အသက်တာတော့ ကောင်းစားချင်တယ် နှလုံးသားတော့ တစ်စက်လေးမှ မကောင်းဘူးဆိုရင် ဘယ်လိုလုပ်မလဲ? နှုတ်ကပတ်တော်က သေချာမှာတယ် အပြင်မှာ ဖြစ်ပျက်သမျှအားလုံးက နှလုံးသားအပေါ်မှာ ရာနှုန်းပြည့်မူတည်တယ်ဆိုတာကို။ လူတွေက နှလုံးသားကိုပဲ ကြည့်တာ အပြင်အရေးမကြီးဘူးလို့ပြောတယ်။ တကယ် နှလုံးသား ကကောင်းစားရင်၊ ဘုရားနှစ်သက်ရင် အပြင်မှာလည်း နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုကိုသေချာပေါက်မြင်ရမယ်ဆိုတာ လူတွေက မသိချင်ယောင်ဆောင်နေကြတယ်။

ဇန်နဝါရီလ ၄ ရက်နေ့

အမြင့်ဆုံးကို ရောက်စေတဲ့နှလုံးသား

မဿဲ ၇း၁၃

လမ်းကတော့ ကျဉ်းတဲ့လမ်း လျှောက်ရမယ်။ ဒါပေမယ့် နှလုံးသားကတော့မကျဉ်းမြောင်းသွားစေနဲ့။ လူတစ်ချို့က ကျယ်တဲ့လမ်းကိုတော့ လျှောက်နေရင်တောင် နှလုံးသားက ကျဉ်းမြောင်းနေကြတယ်။ အမြင့်ဆုံးကိုရောက်စေတဲ့အရာက နှလုံးသားပေါ်မှာ အများကြီးမူတည်တယ်။ သခင်က လမ်းကျဉ်းကို လျှောက်ခိုင်းပေမယ့် နှလုံးသားတော့ မကျဉ်းခိုင်း ပါဘူး။ ကျယ်ဝန်းတဲ့ နှလုံးသားကတော့ ထားဖို့ အမြဲတမ်း မှာတယ်။


ဇန်နဝါရီလ ၃ ရက်နေ့

ဘုရားသခင်နှင့် မကစားနဲ့ (၅)

တမန်တော် ၅း၁-၆

သေးသေးလေးလို့ထင်ပြီး လုပ်လိုက်ပေမယ့် ကြီးမားတဲ့ အရာတွေ ဖြစ်သွားတာတွေအများကြီးရှိတယ်။​ အာနာနိနှင့်ရှဖိရေ လင်မယားက ဘုရားနှင့် ဘုရားလူကို လျော့တွက်ခဲ့မိတယ်။ ဘုရားက ဘယ်သူ့ကိုမှ အတင်းအကြပ် မလုပ်ခိုင်းပါဘူး။ စေတနာနှင့် ကိုယ့်ဆုံးဖြတ်ချက်နှင့်ပဲ လုပ်တာကိုသဘောကျတာပါ။ လှည့်စားခြင်းကိုတော့ ဘုရားကသဘောမကျဘူး။ ဒါကြောင့် ကောင်းတာ လုပ်ပြီးတော့ သူတို့ဘဝမှာ မကောင်းတာ ကြုံခဲ့ရတယ်။ ဘုရားဘိသိက်တဲ့လူတွေ၊ ဘုရားနဲ့ပက်သက်တဲ့အရာတွေကို ဘယ်တော့မှ ပေါ့ပေါ့တန်တန်ထားပြီး မလုပ်မိစေနဲ့ ။ ကြုံလာရမယ့်အရာက တွတ်လို့တောင်မရဘူး။

ဇန်နဝါရီလ ၂ ရက်နေ့

ဘုရားသခင်နှင့် မကစားနဲ့ (၄)

ယောန ၄း၁-၃

ခံစားချက်တွေထက် ဘုရားရဲ့ စကားကို ဉီးစားမပေးနိုင်သရွေ့ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်သက်ချမ်းသာခြင်းကို ခံစားရမှာမဟုတ်ဘူး။ တချို့ဘုရားနှင့်သွားလာနေရင်းတောင်မှ အသက်တာမှာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းတွေ ပျောက်ဆုံးနေကြတယ်။ ဘုရားနဲ့ အသက်ရှင်လျှောက်လှမ်းတယ်ဆိုတာ ကိုယ့်စိတ်ကူးနဲ့ကိုယ်၊ ကိုယ့်အတွေးနဲ့ကိုယ် သွားလာလို့မရဘူး။ ဘုရားစကားအတိုင်း အတိကျ အသက်ရှင်ဖို့လိုတယ်။ ယောနလိုပေါ့ ဘုရား သွားခိုင်းတာ တစ်ခု သူသွားနေတာ တခြားဖြစ်နေတဲ့အခါမှာ မလိုလားအပ်တဲ့ပြဿနာတွေ အသက်တာမှာ မဖိတ်ခေါ်ပဲရောက်လာတယ်။ ဘုရားနဲ့ ကစားဖို့ ကြိုးစားတဲ့အခါမှာ ရလဒ်က ကောင်းတာထက် မကောင်းတဲ့အရာက ပိုများတယ်။

ဇန်နဝါရီလ ၁ ရက်နေ့

ဘုရားသခင်နှင့် မကစားနဲ့ (၃)

(၁ရာ ၁၅း၂၂-၂၄)

ပိုကောင်းမယ်ထင်ပြီးတော့ လုပ်တာထက် ဘုရားပြောတဲ့အတိုင်းတိတိကျကျ လုပ်တာပိုပြီးတော့ ဘုရားသဘောကျတယ်။ လူတွေက ဘုရားပြောတာတော့လုပ်ချင်ပေမယ့်တိတိကျကျ လုပ်ဖို့ကျတော့ ပျက်ကွက်ပြန်ရော။ကိုယ်လုပ်ချင်သလောက် ကောင်းမယ်ထင်တာ လောက်လေးပဲလုပ်ပြီးတော့ ကိုယ်မလုပ်ချင်တဲ့အပိုင်းတော့ ချန်ထားတတ်ကြတယ်။ ရှောလုလို လူမျိုးတွေပေါ့။ ဘုရားစကားထက် ကိုယ့်အကြံအစည် စိတ်ကူးလေးတွေနဲ့ ကောင်းမယ်ထင်ရာ လုပ်ပြီးတော့ ရှေ့ဆက်ချင်ကြတယ်။ ဘုရားနဲ့ ကစားတာ အဖိုးအခတော့အရမ်းကြီးတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့

ဘုရားသခင်နှင့် မကစားနဲ့ (၂)

(က ၂၅း၂၉-၃၄)

ဘုရားနဲ့ဆိုင်တဲ့အရာတွေကို တန်ဖိုးမထားတတ်တဲ့သူက တန်ဖိုးအမဲ့ဆုံးလူဖြစ်တယ်။ ဧသောဟာ ခဏတာဆာလောင်မှု ကိုဖြေဖျောက်ဖို့အတွက် ဘုရားပေးထားတဲ့သားဉီးအရာကို ရောင်းခဲ့တယ်။ ဒီအရောင်းအဝယ်အတွက် စာချုပ်မရှိဘူး။အသိသက်သေမရှိဘူးဆိုပေမယ့် ဘုရားရှေ့မှာတော့ တရားဝင်ဖြစ်ခဲ့တယ်။ ဘုရားနဲ့ဆိုင်တဲ့အရာတွေကို ဘယ်တော့မှ ပေါ့ပေါ့တန်တန်မထားနဲ့ ။ သူ့ရဲ့ရူပါရုံ ထက် အစာအိမ်က ပိုအရေးကြီးတဲ့နေရာမှာ ထားမိတဲ့အတွက် ဘုရားပေးတဲ့ရူပါရုံကို လက်လွှတ်ခဲ့ရတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့

ဘုရားသခင်နှင့် မကစားနဲ့

(က ၃း၈-၁၀)

ရှေ့မှာ တစ်မျိုး ကွယ်ရာတစ်မျိုးအသက်ရှင်တဲ့သူတွေဟာ ဘုရားနဲ့ ကစားဖို့အတွက် ကြိုးစားနေတဲ့သူတွေပဲ။ ဘုရားကို ဘယ်သူမှ လှည့်စားလိုမရဘူး။ ခေတ်အဆက်ဆက်မှာလဲ လူတွေက ကြိုးစားဖူးတယ် ဘယ်သူမှ မအောင်မြင်ကြဘူး။ အဲ့အထဲမှာ ထိပ်ဆုံးကတော့ အာဒံနှင့် ဧဝပါတယ်။ ဘုရားစကားနားမထောင်ရုံတင်မကဘူး ဘုရားထံကနေ ပုန်းကွယ်ဖို့ကြိုးစားတယ်။ ဒါတင်မကဘူး အပြစ်ကို ဝန်မခံပဲ သူများကိုလက်ညိုးထိုးအပြစ်ပုံချတယ်။ဘယ်တစ်ခုကမှ အပြစ်ကနေလွတ်ဖို့ ထွက်ပေါက်မဟုတ်ပဲ အပြစ်တစ်ခုပေါ် တစ်ခုဆင့်လာတာပဲ ပိုသွားတယ်။ လာမယ့်နှစ်သစ်မှာ ပြီးခဲ့တဲ့ကာလတွေနဲ့ မတူျင်ဘူးဆိုရင် အဖြေကတော့ ရှင်းပါတယ် ဘုရားနဲ့ ကစားနေတာ ရပ်ပြီးတော့ မှားခဲ့တဲ့အပြစ်တွေဝန်ခံပြီး၊ မှားခဲ့တာတွေကို ပြင်ဆင်ပြီး ရှင်သန်ဖို့လိုတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့

စစ်မှန်တဲ့ နှိမ့်ချခြင်း(၆)

‘စိတ်​နှိမ့်​ချ​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ​ခြင်း​ကျေး​ဇူး​ကြောင့် စည်း​စိမ်၊ ဂုဏ်​အ​သ​ရေ၊ အ​သက်​ကို ရ​တတ်၏။ ‘ သုတ္တံ ၂၂း၄

မှားယွင်းတဲ့ ဘာသာရေးအတွေးအခေါ်များစွာထဲကတစ်ခုက ဆင်းရဲခြင်းဟာ နှိမ့်ချခြင်းရဲ့ အသွင်ပုံစံဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ ဆင်းရဲခြင်းက နှိမ့်ချခြင်းရှိတဲ့သူရဲ့အသက်တာမှာ ဘယ်တော့မှ ဘုရားပေးမတွေ့တဲ့အရာပဲ။ ဘုရားရဲ့ကတိတော်ကဘာလဲ? စိတ်နှိမ့်ချတဲ့သူဟာ စည်းစိမ်၊ ဂုဏ်အသရေနှင့် အသက်ခံစားရမယ်။ နှိမ့်ချခြင်းဟာ ဆင်းရဲခြင်းကို ဖြစ်စေမယ်ဆိုတဲ့ ဘုရားပြောထားတာ ဘယ်နေရာမှာမှ မတွေ့ဘူး။ နှိမ့်ချတယ်လိုပြောပြီး ဘာလိုများ ဆင်းရဲခြင်းထဲကနေ မလွတ်သလဲဆိုရင် အဖြေက ရှင်းပါတယ်။ နှလုံးသားထဲက တကယ့် စစ်မှန်တဲ့နှိမ့်ချခြင်း မဟုတ်လိုပါပဲ။

ဒီဇင်ဘာလ ၂၇ ရက်နေ့

စစ်မှန်တဲ့ နှိမ့်ချခြင်း(၅)

“စိတ်​နှိမ့်​ချ​သော​သူ​တို့​မူ​ကား၊ ပြည်​တော်​ကို​အ​မွေ​ခံ၍၊ များ​ပြား​သော​ငြိမ်​သက်​ခြင်း၌ မွေ့​လျော်​ကြ​လိမ့်​မည်။” ဆာလံ ၃၇:၁၁

လူတစ်ယောက်ရဲ့အတွင်းနှလုံးသား နှိမ့်ချလား? မနှိမ့်ချဘူးလား? ဆိုတာ မမြင်ရပေမယ့်၊ နှိမ့်ချတဲ့ သူခံရတဲ့ ကောင်းကြီးမင်္ဂလာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့နှလုံးသားကို သိန်ိုင်ပါတယ်။ အသီးအားဖြင့် အပင်ရဲ့သဘောကိုသိနိုင်သလိုပါပဲ။ သူ့ရဲ့ ရလဒ်ကိုကြည့်ပြီးတော့ နှလုံးသားကို တွက်ကြည့်လို့ရပါတယ်။ နှိမ့်ချတဲ့သူဟာ အမွေခံရမယ်သူဖြစ်သလို ဘယ်လို အခြေအနေ မျိုးမဆို ငြိမ်သက်ခြင်းနဲ့ပဲ ကျော်လွန်ဖြတ်သန်းနိုင်တဲ့သူလို့ ကျမ်းစာက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့

စစ်မှန်တဲ့ နှိမ့်ချခြင်း(၄)

‘ကိုယ်​ကို​ကိုယ် ချီး​မြှောက်​သော​သူ မည်​သည်​ကား နှိမ့်​ချ​ခြင်း​သိုရောက်​လ​တ္တံ့။ ကိုယ်​ကို​ကိုယ်​နှိမ့်​ချ​သော​သူ မည်​သည်​ကား ချီး​မြှောက်​ခြင်း​သို ရောက်​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ‘ လုကာ ၁၄း၁၁

စစ်မှန်တဲ့နှိမ့်ချခြင်းရဲ့ နောက်မှာ ဘုရားထံကလာတဲ့ ချီးမြှောက်ခြင်းရှိတယ်။ လူ့အမြင်နဲ့ ဘယ်အရာကိုမှ ဆုံးဖြတ်လို့မရဘူး။ လူတချိုက မာနကြီးတယ်မြင်ပေမယ့် ဘုရားက နှလုံးသားကိုကြည့်တဲ့ဘုရားပါ။ ဘုရားရှေ့မှာ နှိမ့်ချတဲ့နှလုံးသားရှိတဲ့သူက ဘယ်တော့မှ နိမ့်ကျတဲ့ဘဝကို မရောက်ဘူး။ လူတွေက မာနကြီးတယ်လို ယူဆပေမယ့် ဘုရားရှေ့မှာ နှိမ့်ချတဲ့သူတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုပြီး ချီးမြှောက်ခြင်း ခံစားရပြီးတော့ လူတွေရှေ့မှာ နှိမ့်ချတယ်လို့ မြင်နေပြီးတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီး နိမ့်ကျလာတဲံ့တွေ အများကြီးပဲ။ ဒါကြောင့် အထင်နဲ့မဆုံးဖြတ်နဲ့ ဘုရားပေးတဲ့ရလဒ် ရတဲ့အထိ စောင့်ကြည့်ဖို့လိုတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့

စစ်မှန်တဲ့ နှိမ့်ချခြင်း(၃)

“ထို​ဝိ​ညာဉ်​တော်​သည် သာ၍​များ​သော ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ထောင်​လွှား​စော်​ကား​သော​သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏​ဟု လာ​သ​တည်း။” ရှင်ယာကုပ် ၄:၆

သန့်ရှင်းသောဝိညာဉ်တော်ထံမှ ပိုကြီးပြီး ပိုများတဲ့ကျေးဇူးပြုခြင်းကို လိုချင်တယ်ဆိုရင် မရှိမဖြစ်ရှိရမယ့်အရာက နှိမ့်ချခြင်းပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်ကို အကြိမ်ပေါင်းများစွာ ရေ နှင့်ခိုင်းနှိုင်းထားတယ်။ ရေက အမြဲတမ်း မြင့်ရာကနေ နိမ့်ရာကိုစီးဆင်းသလိုပါပဲ။ သန့်ရှင်းသောဝိညာဉ်တော်က နှိမ်ချသောသူရဲ့အသက်တာမှာ ပိုပြီးအရှိန်ပြင်းစွာ စီးဆင်းတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့

စစ်မှန်တဲ့ နှိမ့်ချခြင်း(၂)

သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-” ဖိလိပ္ပိ ၂:၃

ကိုယ်က အခြားသူထက် ပိုကောင်းတယ်၊ ပိုသာတယ် လို့မြင်ပြီး အခြားသူတွေကို ဘာမှ မဟုတ်တဲ့ သူတွေလို့မြင်တာဟာ မာနကြီးခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်တယ်။ ဘုရားသခင် ရှိစေချင်တဲ့ နှိမ့်ချခြင်းက အခြားသူတွေကို အကောင်းမြင်နိုင်၊အကောင်းပြောနိုင်တာပါ။ တကယ်ကောင်းနေလို့ကောင်းတယ်လိုမြင်တာမဟုတ်ဘူး။ နှိမ့်ချတဲ့နှလုံးသားရှိလို့သာ လူတွေကို အကောင်းမြင်၊ အကောင်းပြောနိုင်တာပါ။ သခင်ခရစ်တော်ဟာ လွန်စွာမြင့်မြတ်တဲ့ ဘုရားဖြစ်ပေမယ့် အင်မတန်နိ့မ်ကျတဲ့ လူတွေအတွက် သူ့ရဲ့တန်ဖိုး ရှိလာတဲ့ အသွေးအသက်နဲ့ ရွေးဝယ်ပြီးတော့ ကယ်တင်ခဲ့ခြင်းဟာ သူ့ရဲ့ နှိမ့်ချတဲ့ နှလုံးသားကြောင့်သာဖြစ်တယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့

စစ်မှန်တဲ့ နှိမ့်ချခြင်း

“ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-” ဖိလိပ္ပိ ၂:၃

တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် နှိမ့်ချတယ်လိုထင်နေတတ်တဲ့ မာနကြီးကို လူတွေက သတိမထားမိဘူး။ နှိမ့်ချခြင်းဆိုတာ ကိုယ်ကြိုက်သလို အနက်ဖွင့်ဆိုလိုမရဘူး။ နှုတ်ကပတ်တော်နှင့်ညီတဲ့နှိမ့်ချခြင်းဆိုတာ ရန်တွေ့လိုတဲ့စိတ် ၊ တပ်မက်တဲ့စိတ်တွေရှိသရွေ့ဘယ်တော့မှ အသက်တာမှာ မြင်တွေ့ရမှာမဟုတ်ဘူး။ ရန်တွေ့ချင်တဲ့စိတ်က မာနကြီးခြင်းရဲ့ထင်ရှားတဲ့လက္ခဏာပဲ။ စစ်မှန်တဲ့နှိမ့်ချခြင်းကတော့ ရန်ငြိမ်းခြင်းကို သယ်ဆောင်လာတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့

ဘုရားသခင်ရဲ့ရွေးကောက်ခြင်း (၅)

“ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်း၊ သားမဖွားမီ၊ ထိုသားတို့သည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်မီ၊-” ရောမ ၉:၁၁

ဘုရားသခင်ရဲ့ ရွေးကောက်ခြင်းက လူ့ရဲ့လုပ်ဆောင်နိုင်မှု၊ တော်ခြင်းတတ်ခြင်း နှင့် လုံးဝပတ်သက်မှု မရှိဘူး။ ဒါကြောင့် ဘုရားရွေးကောက်ခံရတဲ့သူတွေဟာ ခေတ်အဆက်ဆက်မှာ ဝေဖန်တိုက်ခိုက်ခံရလေ့ရှိတယ်။ အရည်အချင်းရှိတဲ့သူတွေ၊ တတ်ကျွမ်းတဲ့သူတွေကို ကျော်ပြီးတော့ လူ့အနေနဲ့ အားနည်းတဲ့သူတွေ မရေရာတဲ့သူတွေကို ဘုရားက ရွေးကောက်ပြီး အသုံးပြုခြင်းကြောင့်ဖြစ်တယ်။ ဘုရားရွေးကောက်ခြင်းကိုသဘောပေါက်ပြီး အသက်ရှင်တတ်ဖို့ လွန်စွာအရေးကြီးတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့

ဘုရားသခင်ရဲ့ရွေးကောက်ခြင်း (၄)

“ငါ​ရွေး​ကောက်​သော​သူ၏ လှံ​တံ​သည် အ​ပွင့်​ပွင့်​လိမ့်​မည်။ တောလည်ရာ ၁၇:၅

လူရွေးချယ်ထားတဲ့သူ မလုပ်နိုင်တဲ့အရာကို ဘုရား ရွေးကောက်ထားတဲ့သူတွေလုပ်နိုင်တယ်။ လူရွေးချယ်ထားတဲ့သူကို ဖယ်လို့ရပေမယ့် ဘုရားရွေးကောက်ထားတဲ့သူတွေကိုတော့ လူကဖယ်လို့မရဘူး။ ဘုရားရွေးကောက်ထားတဲ့ သူက ဘယ်တော့မှ သာမန်ဘဝနှင့်အသက်မရှင်ဘူး။ သဘာဝလွန်တန်ခိုး နှင့် အမြဲတမ်း ရှင်သန်တယ်။ သူ့ဘဝအသက်တာမှာ ဘုရားပြုတဲ့ နိမိတ်လက္ခဏာတွေနှင့်အမြဲတမ်း ပြည့်နှက်နေတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့

ဘုရားသခင်ရဲ့ရွေးကောက်ခြင်း (၃)

“ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို​ကို ရွေး​ကောက်​တော်​မူ၏။-” ၁ ကော ၁:၂၇

မပြည့်စုံတဲ့သူတွေ အားနည်းတဲ့သူတွေကို ရွေးကောက်ပြီးတော့ ဘုရားအသုံးပြုခြင်းက အားကြီးပါတယ်၊ ပြည့်စုံပါတယ်လို့ ကိုယ့်ဟာကိုယ်ထင်နေတဲ့သူတွေ နောင်တရဖိုဖြစ်တယ်။ ဘုရားသခင်ရဲ့ အသုံးပြုခြင်းက ကိုယ့်အရည်အချင်းနဲ့မဆိုင်ပဲ ဘုရားရွေးကောက်ခြင်းနဲ့သာဆိုင်တယ်ဆိုတာ သိထားဖိုလိုတယ်။ ဘုရားရွေးကောက်တဲ့အခါမှာ အရည်အချင်းတွေ၊ နောက်ခံသမိုင်းတွေ မရှိရင်လဲ ကြီးမားစွာဘုန်းထင်ရှားဖို့ဖြစ်နိုင်တယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့

ဘုရားသခင်ရဲ့ရွေးကောက်ခြင်း (၂)

“သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။” ယောဟန် ၁၅:၁၆

ကိုယ်က ဘုရားကို ရွေးချယ် တယ်လို့ထင်ရင်မှားသွားမယ်။?ဘုရားက ရှေးမဆွကတည်းက တစ်ယောက်ချင်းစီ တိုင်းကို ကြီးမားတဲ့အကြံအစည်နှင့် ရွေးချယ်ထားပြီးသားပါ။ ကိုယ်ကလုပ်နိုင်လို့ ရွေးချယ်ခံရတယ်လို့ထင်ရင်လဲ မမှန်သေးဘူး။ ဘုရားရဲ့ ရွေးကောက်ခြင်းကြောင့် ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်ခြင်းသာဖြစ်တယ်။ လုပ်သမျှမှာအောင်မြင်တယ်တာ ဘုရား ရွေးကောက်ခြင်း သက်သက်ကြောင့်ပါ။

ဒီဇင်ဘာလ ၁၇ ရက်နေ့

ဘုရားသခင်ရဲ့ရွေးကောက်ခြင်း

‘ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ‘ ဧဖက် ၁:၄

ဘုရားသခင်ရဲ့ ရွေးကောက်ခံရခြင်းကို နားမလည် သဘောမပေါက်သေးလျှင် အသက်တာထဲမှာ ဘယ်တော့မှ ထူးထူးခြားခြား တွေဖြစ်လာမှာမဟုတ်ဘူး။ ကိုယ့်ရဲ့လုပ်ဆောင်နိုင်ခြင်းအပေါ်မှာ ဘုရားက ရွေးကောက်ခဲ့တာမဟုတ်ပါ။ သင်ဘာမှ မလုပ်ဆောင်သေးချိန်မှာပင် ရှေးမဆွ အကြံအစည်တော်အားဖြင့် ခရစ်တော်ထဲမှာ ရွေးကောက်ခဲ့ပြီးသားဖြစ်သလို ထိုရွေးကောက်ခြင်းကလည်း ကောင်းကင်ဘုံရဲ့ ဓ​မ္မ​မင်္ဂ​လာ​များကို ခရစ်တော်အားဖြင့် ခံစားဖို့ရန်ဖြစ်တယ်။ ရွေးကောက်ခံထားပြီးကြောင်းမသိလျှင် ကျန်တဲ့အရာတွေအသက်တာမှာ ရှိလာမှာမဟုတ်တော့ပေ။

ဒီဇင်ဘာလ ၁၆ ရက်နေ့

ကျေးဇူးတော် (၆)

“ကိုယ်တော်​၏​ကျေးဇူး​တော်​အားဖြင့် ဇိအုန်​ကို​ကောင်းစား​စေ​တော်မူ​ပါ​။ ဂျေရုဆလင်​မြို့ရိုး​တို့​ကို တည်ဆောက်​တော်မူ​ပါ​။” ဆာလံကျမ်း ၅၁:၁၈

ကယ်တင်တဲ့ကျေးဇူးတော်ကို လက်ခံပေမယ့် ကြွယ်ဝ ကောင်းစားစေတဲ့ကျေးဇူးတော်ကိုလက်မခံပဲ ငြင်းပယ်တဲ့သူတွေအသက်တာမှာ ဘယ်တော့မှ ဘုရားသခင်ပေးတဲ့ ချမ်းသာခြင်းကို မြင်တွေ့ရမှာမဟုတ်ဘူး။ ကျေးဇူးတော်က အသက်တာထဲလုပ်ဆောင်ပေးတဲ့အရာပေါင်းများစွာရှိတယ်။ ကောင်းစားစေရုံတင်မကဘူး လိုအပ်တဲ့တည်ဆောက်

ပြုပြင်ခြင်းတွေကိုလည်း ကျေးဇူးတော်ကလုပ်ဆောင်ပေးတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့

ကျေးဇူးတော် (၅)

“ကောင်းကင်တမန်​က​လည်း “မာရိ၊ ကြောက်ရွံ့​ခြင်း​မ​ရှိ​နှင့်။ အကြောင်းမူကား သင်​သည် ဘုရားသခင်​ထံမှ ကျေးဇူး​တော်​ကို​ခံစား​ရ​လေ​ပြီ။” လုကာ ၁:၃၀

ကျေးဇူးတော်ကို သိကျွမ်းခြင်းက သင်ရင်ဆိုင်နေရသမျှသောအရာတွေကိုရင်ဆိုင်ဖို့အတွက် ကြောက်ရွံ့နေမှုအပေါင်းကနေ လွတ်မြောက်စေတယ်။ အသက်တာမှာ ကြောက်ရွံ့ခြင်း ကြီးနေတယ်ဆိုတာက ကျေးဇူးတော်ကို အုပ်စိုးခွင့်မပေးထားသေးလို့ပါ။ ကျေးဇူးတော်သာတကယ်အုပ်စိုးနေရာယူလာရင် ဘယ်ကြောက်ရွံ့ခြင်းကမှ သင့်အသက်တာမှာ နေရာယူ နိုင်တော့မှာမဟုတ်ဘူး။

ဒီဇင်ဘာလ ၁၃ ရက်နေ့

ကျေးဇူးတော်(၄)

“သို့ဖြစ်၍ ငါ့​သား၊ သင်​သည် ခရစ်တော်​ယေရှု​၌​ရှိ​သော ကျေးဇူး​တော်​အားဖြင့် ခွန်အား​နှင့်​ပြည့်စုံ​လော့။” ၂တိ ၂:၁

ဘုရားရဲ့ကြီးမားတဲ့ကျေးဇူးတော်ကို အမှီပြုခြင်းမရှိရင် ခွန်အားကြီးမားတဲ့သူတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး။ ဘုရားရဲ့ကျေးဇူးတော်က လူတစ်ယောက်ကို ကယ်တင်ရုံ လုပ်ဆောင်ပေးတာမဟုတ်ဘူး။ ကယ်တင်ခြင်းရပြီးတဲ့အခါမှာလဲ ရင်ဆိုင်ရသမျှ အမှုအရာတွေမှာ ကြီးမားတဲ့ခွန်အားနှင့်ရှင်သန်နိုင်အောင် ကူညီမစတယ်။ ကျေးဇူးတော်ထဲမှာ တကယ်ရှင်သန်တဲ့လူလောက် ခွန်အားကြီးတဲ့သူ၊ ခွန်အားအပြည့်နှင့် ရှင်သန်နိုင်တဲ့သူ အခြားမရှိဘူး။

ဒီဇင်ဘာလ ၁၂ ရက်နေ့

ကျေးဇူးတော် (၃)

“ထို​သူ၏​ပြည့်​စုံ​ခြင်း​မှ​လည်း ကျေး​ဇူး​တစ်​ပါး၌ ထပ်​ဆင့်၍ ကျေး​ဇူး​တစ်​ပါး​ကို ငါ​တို့​ရှိ​သ​မျှ​သည်​ခံ​ရ​ကြ​ပြီ။-” ရှင်ယောဟန် ၁:၁၆

ကျေးဇူးတော်ဆိုတာ အားနည်းခြင်း၊ မပြည့်စုံခြင်းမှ ပြည့်စုံကောင်းမွန်တဲ့ဘဝ၊ အားကြီးတဲ့ဘဝကိုပဲ ပို့ဆောင်ပေးရုံတင်မကပါဘူး။ ပြည့်စုံတဲ့ဘဝ၊ အားကြီးတဲ့ဘဝပိုင်ဆိုင်ထားရုံနဲ့မပြီးသေးပဲ ပိုကောင်းသောအရားများ ထပ်ဆင့် ထပ်ဆင့်ပြီးတော့ ပို့ဆောင်ပေးပါတယ်။ အစိုးတွေကနေပဲ လွတ်မြောက်စေတာမဟုတ်ပဲ လက်ရှိခံစားနေရတဲ့အကောင်းတွေထက် ပိုကောင်းသောအရာများစွာကို ဆင့်ကဲ့ပြီးခံစားစေနိုင်တဲ့ ဘုရားရဲ့ တစ်ဖက်သတ် လုပ်ဆောင်ပေးခြင်းပါ။ ကိုယ့်ရဲ့ပြည့်စုံခြင်း၊ အစွမ်းအစအပေါ်မှာ မမူတည်ပဲ သခင်ယေရှုရဲ့ ပြည့်စုံခြင်းကြောင့် ယုံကြည်တဲ့သူတိုင်းခံစားရတဲ့ ဘုရားပြင်ဆင်ပေးထားတဲ့ လွန်စွာထူးခြားသော သဘာဝလွန် မျက်နှာသာပါပဲ။

ဒီဇင်ဘာလ ၁၁ ရက်နေ့

ကျေးဇူးတော် (၂)

“ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် သင့်​ကို နောင်​တ​လမ်း​သို့ သွေး​ဆောင်​သည်​ကို မ​သိ​မ​မှတ်​ဘဲ၊ ရောမ ၂:၄

အပြစ်ရဲ့သွေးဆောင်မူ အကြောင်းကို လူတွေက ပုံကြီးချဲ့ပြီး ပြောနေကြပေမယ့် ကျေးဇူးတော်ရဲ့သွေးဆောင်မှုကိုတော့ မေ့နေကြတယ်။ တကယ်တော့ အပြစ်တရားထက် အဆပေါင်းများစွာ ကြီးမားတဲ့ကျေးဇူးတရားရဲ့သွေးဆောင်မှုက အသက်တာကို များစွာပြောင်းလဲမှုဖြစ်စေတယ်။ အပြစ်သွေးဆောင်မှုကြောင့်လူပေါင်းများစွာ အသက်တာပြိုလဲနေတာပဲမဟုတ်ဘူး ကျေးဇူးတော်ကြောင့် ပိုများတဲ့လူတွေ ကြီးမားစွာ ဘုရားအသုံးပြု နေတာ ကောင်းကြီးခံစားနေရတာကို မြင်တတ်ဖို့လိုတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့

ကျေးဇူးတော်

“ငါ​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မ​ပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​ကို ပညတ်​တရား​အားဖြင့်​ရရှိ​နိုင်​လျှင် ခရစ်တော်​သည် အချည်းနှီး​အသေခံ​တော်မူ​ပြီ။” ဂလာတိဩဝါဒစာ ၂:၂၁

ကျေးဇူးတော်ကိုပယ်တဲ့သူဘဝမှာ ကောင်းတဲ့ အရာတွေခံစားဖို့လဲ အပယ်ခံရမှာပဲ။ လူတွေက အပယ်ခံရမှာ ကြောက်တယ်။ဒါပေမဲ့ ဘုရားသခင်ရဲ့ အပယ်မခံရစေသော တစ်ခုတည်းသောအရာဖြစ်တဲ့ ကျေးဇူးတော်ကို ကျတော့ အပြည့်အဝ လက်မခံကြဘူး။ လုပ်သမျှ၊ ကြုံသမျှမှာ ကျေးဇူးတော်အပေါ်မှာ ရပ်တည် အသက်ရှင်မှုှုရှိပဲ၊ တရားဟောင်းအပေါ်မှာပဲ တွေးခေါ်ရှင်သန်နေကြတယ်။ ကျေးဇူးတော်ကို ပယ်ခြင်းဟာ ခရစ်တော်ရဲ့လုပ်ပေးသမျှကို ပယ်ခြင်းဖြစ်ပြီးတော့ ကောင်းတဲ့အရာတွေ တစ်ခုမှအသက်တာမှာမရောက် လာဖို့အတွက် ဆီးတားလိုက်ခြင်းပါပဲ။

ဒီဇင်ဘာလ ၉ ရက်နေ့

တန်ဖိုးထားပါ (၅)

“အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-” ၁ပေတရု ၁:၁၉

လူတစ်ယောက်ရဲ့တန်ဖိုးကို သူပိုင်ဆိုင်တဲ့ငွေကြေး၊ ရထားတဲ့ဘွဲ့၊ ရှိတဲ့အရည် အချင်းနဲ့ပဲ တိုင်းတာရင်တော့ ဘယ်တော့မှ မှန်ကန်တဲ့ တန်ဖိုးထွက်မှာမဟုတ်ဘူး။ အထူး သဖြင့် ယုံကြည်သူတစ်ယောက်ရဲ့တန်ဖိုးဟာ သူ့မှာရှိတဲ့အရာတွေနဲ့တွတ်လို့မရဘူး။ သူ့ကို ရွေးချယ်ဝယ်ယူထားတဲ့ သခင်ယေရှုရဲ့ တန်ဖိုးဖြတ်လို့မရတဲ့အသွေးတော်နှင့် တွက်ချက်မှသာ လျှင်မှန်ကန်တဲ့ တန်ဖိုးကိုသဘောပေါက်လိမ့်မယ်။ သခင်ယေရှုရဲ့အသွေးတော်ရဲ့တန်ဖိုးဟာ အဖိုးဖြတ်လို့မရသလိုပဲ သင့်ရဲ့ စစ်မှန်တဲ့တန်ဖိုးကလဲ သခင်ယေရှုအသွေးနဲ့ ထပ်တူ တန်တယ်။

ဒီဇင်ဘာလ ၇ ရက်နေ့

တန်ဖိုးထားပါ (၄)

“သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။” ထွက်မြောက်ရာ ၂၀:၁၂

ကောင်းကြီးခံစားရာ နေရာကိုဝင်စားပြီးတော့ ကြာကြာ မခံစားလိုက်ရတာမျိုးမဖြစ်ရလေအောင် ဘုရားက သတိပေးထားတယ်။ ကတိတော် ခံစားရုံပဲ ဘုရားကမဖြစ်စေချင်ဘူး။ သင့်ကိုမွေးတဲ့ မိဘတွေ၊ ဝိညာဉ်ရေးရာမှာပြုစုပျိုးထောင်ပေးတဲ့ ဝိညာဉ်မိဘတွေကို တန်ဖိုးထားပြီးတော့ ပြုစုဖို့လိုတယ်။ မိဘတွေ၊ ခေါင်းဆောင်တွေကို လေးစားတန်ဖိုးမထားတဲ့ ဘယ်သူကမှ ဘုရားပေးတဲ့ ကတိတော် ထဲမှာ ကြာကြာ ရပ်တည်ခွင့်ရမှာမဟုတ်ဘူး။

ဒီဇင်ဘာလ ၆ ရက်နေ့

တန်ဖိုးထားပါ (၃)

အစား​တစ်​နပ်​အတွက် မိမိ​၏​သားဦး​အရိုက်အရာ​ကို​ရောင်း​သည့် ဧသော​ကဲ့သို့ ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။” ဟေဗြဲဩဝါဒစာ ၁၂:၁၆

တစ်ချို့သော အခွင့်အရေးတွေ၊ ကောင်းကြီးမင်္ဂလာတွေက ဘုရားက ကိုယ့်ကိုပေးပေမယ့် တန်ဖိုးမထားတဲ့အတွက် ကျော်သွားတဲ့အချိန်တွေ ရှိတယ်။ လူတွေသတိမထားမိတဲ့အချိန်မှာ ကောင်းတဲ့အရာတွေက ကိုယ့်ကို လွန်သွားတတ်တယ်။ ဧသောဟာ ဘုရားပေးတဲ့ သားဉီးအရာကို ဘာမဟုတ်တဲ့ ပဲဟင်းတစ်ခွက်နဲ့ လဲဖို့ဆုံးဖြတ်ခဲ့တယ်။ တန်ဖိုးမထားတဲ့သူအတွက် တန်ဖိုးရှိတဲ့အရာတွေက ဘယ်တော့မှ ကြာကြာ သူ့ဆီမှာ မနေတတ်ဘူး။ နောက်မှ နောင်တရပေမယ့် တချို့သောအရာတွေက ပြန်ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ကိုဘုရားပေးတဲ့အရာရာတိုင်းကို တန်ဖိုးထားပါ။ သင့်ရဲ့တန်ဖိုးလဲ ပြောင်းလဲ လာပါလိမ့်မယ်။

ဒီဇင်ဘာလ ၅ ရက်နေ့

တန်ဖိုးထားပါ(၂)

ညီအစ်ကို​ထက် ပို၍​ခင်တွယ်​တတ်​သော​မိတ်ဆွေ​လည်း ရှိ​၏။” သုတ္တံကျမ်း ၁၈:၂၄

တန်ဖိုးဖြတ်လို့မရတဲ့အထဲမှာ ဘဝမှာ ရင်းနှီးခွင့်ရတဲ့ မိတ်ဆွေ စစ်တွေလဲပါတယ်။ ညီအကိုမောင်နှမ ထက်တောင်မှ ပိုပြီးကောင်းမွန်တဲ့မိတ်ဆွေစစ်တွေ အသက်တာမှာ ဘုရားပေးတွေ့တဲ့အခါမှာ တန်ဖိုးထားတတ်ဖို့လိုတယ်။ ဆုံးရှုံးမှုထဲမှာ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုကတော့ မိတ်ဆွေစစ်တွေကိုလက်လွှတ််လိုက်ရတာပါပဲ။ ဒါကြောင့် ဘယ်တော့မှ မိတ်ဆွေတွေနဲ့ ဝေးစေမယ့် အလုပ်တွေမလုပ်မိပါစေနှင့်။ ဒီလို မိတ်ဆွေတွေကို တန်ဖိုးထားတတ်သူအသက်တာမှာ အမြဲတမ်း တန်ဖိုးရှိတဲ့အသက်တာကိုပိုင်ဆိုင်ခွင့်ရတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့

တန်ဖိုးထားပါ

“အကျွန်ုပ်​တို​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။” ဆာလံကျမ်း ၉၀း၁၂

တန်ဖိုးအရှိဆုံးအရာတွေထဲမှာ ထိပ်ဆုံးက တစ်ခုကို ပြောပါဆိုရင်တော့ အချိန်လို့ပဲပြောရမယ်။ အချိန်က အစားထိုးလိုမရနိုင်သလို၊ ဆွဲထားလိုလဲမရနိုင်တဲ့အရာပါ။ အားလုံးကို တူညီတဲ့အချိန်ပေးထားပေမယ့်တန်ဖိုးထားတဲ့အပေါ်မှာမူတည်ပြီးတော့ အချိန်က ပြန်ပေးတဲ့ လက်ဆောင်ကလဲ ကွာသွားတယ်။ အချိုအတွက် တစ်နာရီ ဟာ ၁သောင်း တန်ပေမယ့် အချိုအတွက် တစ်နာရီဟာ သန်းပေါင်းများစွာ တန်တယ်။ တန်ဖိုးထားတဲ့သူအတွက် တန်ဖိုး ပြန်ပေးတဲ့သဘောပါပဲ။

ဒီဇင်ဘာလ ၃ ရက်နေ့

မရှိရင်

မျှော်လင့်ခြင်းမရှိတဲ့သူဆီမှာ အနာဂတ်ဆိုတာ မရှိဘူး သူတိုဘဝဟာ ရှင်လျှက်နှင့် သေနေသလိုပါပဲ၊ ရေးသားထားတဲ့ ဘုရားစကားကို ဖတ်ရူ့လေ့လာခြင်းမရှိရင်ဘုရားအသံကြားခွင့် ရှိလာမှာမဟုတ်ဘူး၊ တကယ်ကြားခြင်ရင် အမြဲဖတ်ရူ့လေ့လာဖိုလိုတယ်။ သည်းခံခြင်းမရှိရင် ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး၊ ပန်းဝင်တဲ့စာရင်းမှာ နာမည်ပါခြင်ရင် သည်းခံခြင်းလေးတော့ဆောင်ထား။ ချစ်ခြင်းမေတ္တာမရှိတဲ့သူတွေက ဘုရားကိုမသိဘူး

ဘုရားရဲ့ ဂုဏ်သတ္တိတွေ သူတိုအသက်တာမှာ မြင်ခွင့်ရမှာမဟုတ်ဘူး၊ ဆုတောင်းခြင်း မရှိရင် သဘာဝလွန်အဖြစ်ပျက်တွေ ရှိလာမှာမဟုတ်ဘူး၊ သာမန်ဘဝမှာ ပျော်နေတဲ့သူတွေက ဘယ်တော့မှ ဆုတောင်းခြင်းမှာ ပျော်မှာမဟုတ်ဘူး။ သစ္စာမရှိတဲ့သူ ဘဝမှာ ကောင်းတဲ့အရာတွေက ကြာကြာ ရှိမှာမဟုတ်ဘူး၊ ရှေရှည် အောင်မြင်ခြင်ရင်တော့ သစ္စာရှိခြင်းကို ကိုင်ဆွဲထားဖိုတော့လိုတယ်၊ ဆာငတ်ခြင်းမရှိရင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဝပြောဖိုမလွယ်ဘူး သန့်ရှင်းသောဝိညာဉ်တော်က ဆာငတ် ခြင်းရှိတဲ့သူတွေနဲ့ပဲပို အလုပ်လုပ်တယ်၊ စိုက်ပျိုးခြင်း မရှိရင် ရိတ်သိမ်းခြင်းဆိုတာ လဲ ဘယ်တော့မှ​ရှိလာမှာမဟုတ်ဘူး၊ ကိုယ်စိုက်တဲ့ အရာပဲ အဆပေါင်းများစွာအသက်တာမှာ ပြန်ရိတ်သိမ်းရမယ်၊ သန့်ရှင်းသောဝိညာဉ်တော် မရှိရင် လောကကို အောင်နိုင်တဲ့ တန်ခိုးလဲ သင့်မှာ ရှိမှာမဟုတ်ဘူး။ သန့်ရှင်း သောဝိညာဉ်တော်ကသာလျှင် အရာရာကို လုပ်နိုင်တဲ့ တန်ခိုးသင့်ကိုထည့်ပေးနိုင်တယ်။

ဒီဇင်ဘာလ ၂ ရက်နေ့

မရှိရင် (၉)

“ထို​သို​မ​ရှိ​သော်​လည်း၊ သင်​တို​အ​ပေါ်​သို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို​သည် တန်​ခိုး​ကို​ခံ​ရ၍။“ တမန်တော် ၁း၈

တန်ခိုးမရှိတဲ့ သာမန်ဘဝနှင့် ရှင်သန်ဖို့စိတ်ကူးမယဉ်နဲ့။ လောကမှာ ငွေမရှိရင် မျက်နှာငယ်သလိုပဲ ဝိညာဉ်ရေးရာမှာလဲ တန်ခိုးမရှိရင် အားငယ်နေရမယ်။ တန််ခိုးမရှိတဲ့ ဘဝနှင့် ကြီးမားတဲ့အရာတွေမလုပ်နိုင်ဘူး။ ယုံကြည်သူ တစ်ယောက်အတွက် လောကကိုအောင်မြင်တဲ့တန်ခိုးက သန့်ရှင်းသောဝိညာဉ်တော်ထံကနေလာတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကိုလက်မခံရင် သင်လိုအပ်နေတဲ့ တန်ခိုးကိုဘယ်တော့မှ ရမှာမဟုတ်ဘူး။ တန်ခိုးမရှိရင်တော့သင်ဟာ သာမန်ဘဝနဲ့ပဲ ရှင်သန် နေရလိမ့်မယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့

မရှိရင် (၈)

‘မျက်​ရည်​ကျ​လျက် မျိုး​စေ့​ကြဲ​သော​သူ​တို​သည် ရွှင်​လန်း​လျက် စ​ပါး​ရိတ်​ကြ​လိမ့်​မည်။ ‘ ဆာလံ ၁၂၆း၅

သခင်ယေရှုက တရားဟောတဲ့အခါမှာ အမြဲတမ်း စိုက်ပျိုးရေးနဲ့ဉပမာပေးလေ့ရှိတယ်။ ဒီနိယာမဟာ အသက်တာမှာ အမြဲတမ်းသိထားသင့်တဲ့ အရာတစ်ခုဆိုမမှားဘူး။ မစိုက်ပဲ ရိတ်ချင်လိုမရဘူး။ စိုက်ထားတဲ့အရာကိုပဲ ရိတ်သိမ်းရမယ်။ စိုက်တဲ့အခါမှာ ပေးတဲ့ အဖိုးအခဟာ ရိတ်သိမ်းတဲ့အခါမှာရမယ့် ကောင်းကြီးကိုဆုံးဖြတ်တယ်။ အဖိုးအခပေးခြင်းမရှိပဲ အားလုံးကို အခမဲ့လိုျင်တဲ့နှလုံးသားကတော့ မှန်တဲ့နှလုံးသားမဖြစ်နိုင်ဘူး။ ဒီနေ့ ကြီးမားတဲ့ အောင်မြင်ခြင်းတွေကို ရိတ်သိမ်းနေကြတဲ့သူတွေဟာ တချိန်တုံးက မျက်ရည်နှင့်မျိုးစေ့ကြဲခဲ့ကြတဲ့သူတွေပါ။ ဒီနေ့လဲ သင်ဟာ မျိုးစေ့ မကြဲ ထားဘူးဆိုရင် သေချာတာကတော့အနာဂတ်မှာ ရီတ်စရာ ဘာမှ ရှိမှာမဟုတ်ဘူး။

နိုဝင်ဘာလ ၂၉ ရက်နေ့

မရှိရင် (၇)

“ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို​သည် ဝ​ပြော​ခြင်း​သို ရောက်​ကြ​လ​တ္တံ့။-” မဿဲ ၅း၆

ကယ်တင်ခြင်းက ကျေးဇူးတော်ကို ယုံကြည်ခြင်းတစ်ခုထဲအားဖြင့်သာ လက်ခံရရှိနိုင်ပါတယ်။ ဒီလိုပါပဲ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပတ်သက်တဲ့ ဆုကျေးဇူးတွေ၊ ဘိသိတ်တွေကလဲ ဆာငတ်ခြင်း အားဖြင့်သာ အသက်တာထဲမှာ ရောက်ရှိနေရာယူလာတာပါ။ ဘုရားနှင့်ပက်သက်ပြီးတော့ ဆာငတ်တောက်လောင်ခြင်း မရှိတဲ့သူတွေအသက်တာမှာ ဘယ်တော့မှ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊ တန်ခိုးတော်တွေမမြင်တွေ့ရတတ်ဘူး။ မှန်ကန်တဲ့ ဆာငတ်ခြင်းမရှိရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အတူပါရှိခြင်းကို မြင်တွေ့ရဖိုမလွယ်ဘူး။

နိုဝင်ဘာလ ၂၈ ရက်နေ့

မရှိရင် (၆)

“သေးငယ်​သော​အမှု​၌ သစ္စာရှိ​သော​သူ​သည် ကြီး​သော​အမှု​၌​လည်း သစ္စာရှိ​၏။ လုကာ ၁၆း၁၀

ဘဝမှာ ရေရှည်တည်တံ့ပြီးတော့ ကောင်းကြီးခံစားခြင်တယ်ဆိုရင် သစ္စာရှိခြင်းကတော့ မရှိမဖြစ်လိုအပ်တယ်။ သစ္စာမရှိတဲ့သူဟာ ရေရှည် ဘုရားအသုံးပြုလိုမရဘူး ဒါကြောင့် ခဏလေးတော့ ကောင်းကြီးခံစားခြင်ခံစားမယ်၊ အောင်မြင်ချင်ရင် အောင်မြင်မယ်၊ နာမည်ကျော်ချင်ကျော်မယ် ကြာရင်တော့ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကြာရှည်စွာ ခံစားရမယ့်ကောင်းကြီးမဂ်လာဟာ သစ္စာရှိတဲ့သူတွေ အသက်တာမှာပဲ​မြင်တွေ့ရတယ်။ သစ္စာမရှိရင် ကောင်းတဲ့အရာတွေလဲ ဘဝမှာ ကြာကြာမရှိနိုင်ဘူး။

နိုဝင်ဘာလ ၂၇ ရက်နေ့

မရှိရင် (၅)

သူ​တော်​ကောင်း​ဆု​တောင်း၍ အ​ရှိန်​ကြီး​သော​ပ​တ္ထ​နာ​သည် အ​လွန်​တန်​ခိုး​ပါ၏။-” ယာကုပ် ၅း၁၆

သာမန်လူတစ်ယောက်က သာမန်ထက်ထူးခြားတဲ့အရာတွေ လုပ်နိုင်တယ်ဆိုတာ ဆုတောင်းခြင်းကြောင့်ပါ။ ဆုတောင်းခြင်းက သင့်ဘဝကို အခြားသူတွေဘဝတွေနဲ့များစွာခြားနားသွားစေတယ်။ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ် ဘဝကနေ မဖြစ်နိုင်မလုပ်နိုင်တဲ့အရာတွေကိုလုပ်နိုင်၊ ဖြစ်နိုင်အောင် ကူညီပံ့ပိုးပေးတယ်။ ဆုတောင်းခြင်းမရှိရင် ထူးခြားတဲ့သဘာဝလွန်အရာတွေ ရှိမှာမဟုတ်ဘူး။ ဆုတောင်းခြင်းမရှိရင် ကိုယ်လုပ်ဆောင်မှုရလဒ်ကိုပဲ အသက်တာမှာ ရရှိမှာဖြစ်ပြီး ဆုတောင်းတဲ့သူအသက်တာမှာတော့ ဘုရားလုပ်ပေးတဲ့အရာတွေကိုမြင်တွေ့ခံစားရစေမှာပါ။

နိုဝင်ဘာလ ၂၆ ရက်နေ့

မရှိရင် (၄)

“ချစ်​ခြင်း​မ​ရှိ​သော​သူ​သည် ဘု​ရား​သ​ခင်​ကို​မ​သိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ချစ်​ခြင်း​မေ​တ္တာ ဖြစ်​တော်​မူ၏။-” ၁ယော ၄း၈

မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘုရားမပါပဲ ဘယ်တော့မှ မပြည့်စုံဘူး။ လူတစ်ယောက် ဘဝမှာ ဘုရားနှင့် အသက်ရှင်တယ်ဆိုပြီးတော့ ချစ်ခြင်းမေတ္တာထဲမှာမကျင်လည်ဘူးဆိုရင် မှန်ကန်တဲ့ အသက်ရှင်မှုမဖြစ်နိုင်ဘူး။ ချစ်ခြင်းမေတ္တာရဲ့ အရင်းအမြစ်က ဘုရားသခင်ဖြစ်သလို ချစ်ခြင်းမေတ္တာဆိုတာ ဘုရားကိုယ်တိုင်ဖြစ်တယ်။ ဒါကြောင့်ရှင်ပေါလုကဆိုတာ ချစ်ခြင်းမေတ္တာရှိတဲ့သူက အကျင့်တရားနှင့်ပြည့်စုံတယ်ဆိုပြီးတော့။ ချစ်ခြင်းမေတ္တာမရှိတဲ့သူဘဝမှာ ဘုရားဆိုတာလဲ ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ ဘုရားမပါပဲ ချစ်တဲ့ အချစ်တွေက ဘယ်တော့မှ မှန်ကန်တဲ့ချစ်မေတ္တာလိုမခေါ်ဆိုနိုင်ဘူး။

နိုဝင်ဘာလ ၂၅ ရက်နေ့

မရှိရင် (၃)

“သင်​တို​သည် အ​လျှင်း​မ​ချို​တဲ့​ဘဲ စေ့​စပ်​စုံ​လင်​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း​စိတ်​သည် အ​ကုန်​အ​စင် ပြု​ပြင်​ပါ​စေ။” ယာကုပ် ၁း၄

ပန်းတိုင်တော့ရောက်ချင်တယ် ဒါပေမယ့် သည်းခံတဲ့စိတ်မရှိရင် ဘယ်တော့မှ ပန်းတိုင်ရောက်မှာမဟုတ်ဘူး။ ပန်းတိုင်ဆိုတာ လူတိုင်းမှာရှိပေမယ့် လူတိုင်းကတော့ပန်းတိုင်ရောက်အောင်သွားနိုင်ကြတာမဟုတ်ဘူး။ စုံလင်ပြည့်စုံတဲ့ အသက်တာကို ရရှိပိုင်ဆိုင်ဖိုရန် သည်းခံခြင်းစိတ်ကမရှိမဖြစ်လိုအပ်တယ်။ သည်းခံခြင်းစိတ်က အသက်တာရဲ့ အားနည်းချက် အားလုံးကို ပြုပြင်ပေးတယ်။ ပြုလေသမျှမှာ သည်းခံသောစိတ်နှင့် လုပ်ဆောင်တတ်သူတွေသာ ပန်းတိုင်ကို ရောက်ရှိရုံသာမက ပဲ ရရှိတဲ့အောင်မြင်ခြင်းကိုလဲ ရေရှည်ထိန်းသိမ်း နိုင်သူတွေဖြစ်နိုင်တယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့

မရှိရင် (၂)

“ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍၊-” ၂ တိ ၃:၁၆

ကျမ်းစာဖတ်ခြင်းမရှိတဲ့သူ အသက်တာမှာ ဘုရားစကားသံရောက်လာမှာမဟုတ်ဘူး၊ ဒါကြောင့် သူတို့ကပဲ ဘုရားကို တဖက်သတ် ပြောနေပေမယ့် ပြန်ပြောသံကို နှစ်ပေါင်းများစွာကြာလဲ မကြားရနိုင်ဘူးဖြစ်နေတယ်။ လူများစွာက ဘုရားအသံကြားချင်တယ်လို့ နှုတ်ကနေ တွင်တွင်ပြောနေပေမယ့် ကြားနိုင်မယ့် နည်းလမ်းကိုတော့ လက်တွေ့လုပ်ဖို့ပျက်ကွက်ခဲ့ကြတယ်။ ဘုရားအသံရှင်းလင်းစွာကြားချင်ရင် ရေးသားထားတဲ့ဘုရားစကားကို အရင်ဆုံး အသက်တာမှာ နေရာပေးဖို့လိုတယ်။ ရေးသားထားတဲ့ဘုရားစကားကို နေ့စဉ်ဖတ်ရွတ်မယ်ဆိုရင် မကြာခင်မှာ ကိုယ်တိုင်ပြောတဲ့စကားကိုလဲ သေချာပေါက်ကြားရပါလိမ့်မယ်။

နိုဝင်ဘာလ ၂၂က်နေ့

မရှိရင် (၁)

“And now these three remain: faith, hope and love. 1 Corinthians 13:13

မိုးတိမ်တွေက ပြင်းထန်စွာရွာသွန်းမယ့် မိုးတွေရဲ့အစပျိုးခြင်းဖြစ်သလို၊ မျှော်လင့်ခြင်းကလဲ ဘုရားစိတ်တော်နှင့်တွေ့စေတဲ့ ယုံကြည်ခြင်းဖြစ်လာဖို့ အတွက်လိုအပ်တဲ့ အရာပါပဲ။

မျှော်လင့် ခြင်းမရှိတဲ့ဘဝတွေဟာ ရှင်လျှက်နဲ့သေနေသလိုပါပဲ။ မျှော်လင့်ခြင်းက တစ်ခါတစ်ရံမှာ လေထဲ တိုက်အိမ်ဆောက်သလို ဖြစ်နေတတ်ပေမယ့် မျှော်လင့်ခြင်းဆိုတဲ့ကုန်ကြမ်းမရှိပဲ နဲ့ ဘယ်တော့မှ ယုံကြည်ခြင်း မရှိလာနိုင်ဘူး။ ဘုရားနဲ့ဆိုင်တဲ့ ကောင်းမွန်တဲ့မျှော်လင့်ခြင်းက သင့်ရဲ့အသက်တာကို အဆိုးတွေမလုပ်မိစေဖို့ ကွယ်ကာပေးတယ်။ ဘုရားသခင်သင့်အတွက် အကောင်းဆုံးအရာတွေ လုပ်ဆောင်ပေးမယ်ဆိုတာကို မျှော်လင့်ပါ။ သင်မျှော်လင့်တဲ့အရာတွေ တစ်နေ့သင့်ဆီကို သေချာပေါက်ရောက်လာပါလိမ့်မယ်။

နိုဝင်ဘာလ ၂၁ရက်နေ့

ဘုရားကိုသိကျွမ်းခြင်း (၃)

“ထာ​ဝ​ရ​အ​သက်​ဟူ​မူ​ကား၊ မှန်​သော​ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​သော ကိုယ်​တော်​ကို​လည်း​ကောင်း၊ စေ​လွှတ်​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို​လည်း​ကောင်း၊ သိ​ကျွမ်း​ခြင်း​တည်း။-” ရှင်ယောဟန် ၁၇:၃

ထာဝရအသက်ဆိုတာ သေပြီးမှရမယ်လို့ တလွဲထင်နေတတ်သူတွေရှိတယ်။ တကယ်တော့ မှန်ကန်သော အဘခမည်းတော်နှင့် အပြစ်ငရဲမှာ ကယ်လွှတ်တော်မူပြီး အဘနှင့်ပြန်လည်သင့်မြတ်စေတဲ့ သခင်ယေရှုခရစ်တော်ကို သိကျွမ်းခြင်းက ထာဝရအသက်ဖြစ်တည်ခြင်းဆိုတာ သိတဲ့သူကနည်းတယ်။ ဘုရားကို မှန်ကန်စွာ ရင်းနှီးသိကျွမ်းခြင်းမရှိပဲ ထာဝရအသက်ရပြီးပြီ လို့ သတ်မှတ်လို့မရဘူး။ ဘုရားနှင့်သိကျွမ်းရင်းနှီးခြင်းကနေပဲ အသက်ကို ရရှိခံစားရတယ်။

နိုဝင်ဘာလာ ၂၀ရက်နေ့

ဘုရားကိုသိကျွမ်းခြင်း (၂)

“ငါ​တို့​သည် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် ထို​အမှုအရာ​အားဖြင့် ဘုရားသခင်​ကို ငါ​တို့​သိကျွမ်း​သည်​ကို​သိ​ကြ​၏။” ရှင်ယောဟန်ဩဝါဒစာပထမစောင် ၂:၃

ဘုရားရဲ့နည်းလမ်းတွေအတိုင်း အသက်မရှင်ပဲနဲ့ ဘုရားနဲ့ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်တယ်လို့ ဘယ်ပြောလို့ရမလဲ? အမှန်တကယ် ဘုရားနှင့် သိကျွမ်းရင်းနှီးတဲ့သူတိုင်းက ဘုရားရဲ့ နိယာမအတိုင်း အသက်ရှင်ပြီးတော့ ဘုရားစကားအတိုင်း နာခံလုပ်ဆောင်တတ်တဲ့သူဖြစ်တယ်။ လူတစ်ယောက်ရဲ့ဘဝမှာ သူအသက်ရှင်တဲ့အရာကို ကြည့်ပြီးတော့ ဘုရားနှင့် ဘယ်အတိုင်းအတာမှာ ရင်းနှီးကျွမ်းဝင်သလဲဆိုတာ သိနိုင်တယ်။ အာဗြဟံရဲ့ ဘုရားကိုသိကျွမ်းခြင်းက ဘယ်သူနဲ့မှမတူတဲ့ မိတ်ဆွေအဆင့်ဖြစ်သလို သူ့ရဲ့နာခံခြင်း၊ ဘုရားကိုချစ်ခြင်းကလဲ ဘယ်သူနဲ့မတူဘူး။

နိုဝင်ဘာလာ ၁၉ရက်နေ့

ဘုရားကိုသိကျွမ်းခြင်း

မိ​မိ​တို ဘု​ရား​သ​ခင်​ကို သိ​သော​သူ​တို​မူ​ကား၊ ကြီး​စွာ​သော​အား​နှင့် ပြု​ကြ​လိမ့်​မည်။” ဒံ ၁၁း၃၁

လူတစ်ယောက် ဘုရားကို တကယ်သိကျွမ်းခြင်းရှိသလား? မရှိဘူးလား? ဘယ်လိုသိနိုင်မလဲ။ အပေါ်ယံကြည့်ရုံနဲ့တော့ မသိနိုင်ဘူး။ သေချာတာကတော့ အမှန်တကယ် ဘုရားကိုသိတဲ့သူတွေဟာ သာမန်လူတွေလိုတော့မဟုတ်ဘူး။ ပရောဖက် ဒံယေလကတော့ ဒီလိုဆိုတယ် ဘုရားကိုသိတဲ့သူဟာ အားနည်းတဲ့သူတွေ၊ အားငယ်တဲ့သူတွေတော့ လုံးဝမဟုတ်ဘူး။ ကြီးစွာသော အားနှင့် ပြုမူလုပ်ဆောင်တဲ့သူတွေဖြစ်တယ်။ ဘာလုပ်လုပ် ကြီးစွာသောအားနှင့် ပြုမူအသက်ရှင်တဲ့သူဖြစ်ဖို ဘုရားကို သိကျွမ်းခြင်းမှာ တိုးတက်လာဖို့လိုတယ်။

နိုဝင်ဘာလာ ၁၈ရက်နေ့

သဘောချင်း တူတဲ့သူ

“အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ လူ​နှစ်​ဦး​သုံး​ဦး​သုံး​ဦး​တို့​သည် ငါ၏​နာ​မ​ကို​ထောက်၍ စည်း​ဝေး​ကြ၏။ ထို​အ​ရပ်၌ သူ​တို့​အ​လယ်​မှာ ငါ ရှိ​သည်​ဟု​မိ​န့်​တော်​မူ၏။” ရှင်မဿဲ ၁၈း၂၀

         သဘောချင်း တူတဲ့သူ၊ လူမျိုးချင်း တူဖို့ထက်၊ ခံယူချက် တူတဲ့သူတွေထက် အသင်းတော်အဖွဲ့အစည်းချင်း တူဖို့ထက်၊ အသားအရောင် တူတဲ့သူဖြစ်ဖို့ထက် နေထိုင်တဲ့နိုင်ငံချင်း တူတဲ့သူ ဖြစ်ဖို့ထက် သခင်ခရစ်တော်မှာ ညီအကိုမောင်နှမချင်းဖြစ်တယ် ဘုရားဘုန်းတော်၊ ဘုရားနိုင်ငံတော်အတွက် လုပ်ဆောင်မယ်ဆိုတဲ့ သဘောချင်းတဲ့သူဖြစ်ဖို့ ပိုပြီးတော့အရေးကြီးတယ်။ ဒီလိုလူတွေ သဘောတူပြီးစုဝေးလာပြီဆိုရင်တော့ ကြီးမားတဲ့အရာတွေဖြစ်လာဖို့သေချာနေပြီ။

နိုဝင်ဘာလ ၁၆ရက်နေ့

တကယ်လို့များ (၉)

“အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊-” ရှင်မဿဲ ၂၇း၄

      တကယ်လို့များ ယုဒရှာကာယုတ်သာ စစ်မှန်တဲ့နောင်တနှင့် ဘုရားထံကိုပြန်လှည့်လာမယ်ဆိုရင်၊ ဘုရားရဲ့ရွေးကောက်ခံရခြင်းအပေါ်မှာ တန်ဖိုးထားပြီး အကောင်းဆုံး အသက်ရှင်ခဲ့မယ်ဆိုရင်၊ ကိုယ်စိတ်ခံယူချက်တွေနောက်မလိုက် သခင်ယေရှုနောက်သာ လုံးလုံးလိုက်ခဲ့မယ်ဆိုရင်၊ နတ်ဆိုးဝင်ဖို့အတွက် အခွင့်အရေးတွေကို မပေးခဲ့မိဘူးဆိုရင်၊ ငွေကြေးကိုချစ်တာ ဘုရားကိုချစ်တာထက် မကျော်လွန်ခဲ့ဘူးဆိုရင်၊ သေချာတာကတော့ ကျန်တဲ့ တမန်တော်တိုလိုပဲ ကမ္ဘာကြီးမှောက်လှန်တဲ့သူတစ်ယောက် ဖြစ်နေခဲ့မှာပါ။ ဒါပေမဲ့ အမှားတွေကိုပဲကျူးလွန်ခဲ့မိရုံမက နောင်တနဲ့ဘုရားထံကိုပြန်မလှည့်လာခဲ့တဲ့အတွက် ရရှိခဲ့တဲ့ ကြီးမားတဲ့အခွင့်အရေးတွေကို လက်လွှတ်ဆုံးရူံးခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။

နိုဝင်ဘာလ ၁၅ရက်နေ့

တကယ်လို့များ (၈)

“ကမ်း​နား​မှာ​လှေ​ကို ဆိုက်​ပြီး​လျှင်၊ ထို​သူ​တို့​သည် ရှိ​သ​မျှ​တို့​ကို စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။”လုကာ ၅:၁၁

တကယ်လို့များ ပေတရုသာ ယေရှုနောက်မလိုက်ပဲ ဖမ်းမိတဲ့ ငါးတွေနဲ့ သာ အချိန်ကုန်ခဲ့မယ်ဆိုရင်၊ သခင်ယေရှုအမိန့်တော်အတိုင်း ရေနက်ရာသာ မရွေ့ ခဲ့ဘူးဆိုရင်၊ လှေနှစ်စင်းနစ်လုမတတ် ဖမ်းမိတဲ့ငါးတွေကို ကြည့်ပြီး အသက်တာမှာ တစ်စုံတစ်ခု အပြောင်းအလဲမဖြစ်ခဲ့ဘူးဆိုရင်၊ ရှိသမျှကိုစွန့်ပစ်ပြီးတော့ သခင်ယေရှုရဲ့နောက်တော်သို့ မလိုက်ခဲ့မိဘူးဆိုရင်၊ သေချာတာကတော့ ကနဉီးအသင်းတော်ရဲ့ဖခင်ကြီးတစ်ဉီး ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူး။ သာမန် ငါးဖမ်းသမားဘဝနဲ့ပဲ အဆုံးသတ်ပြီးတော့လူမသိ သူမသိပဲနဲ့ ဘဝကို အဆုံးသတ်သွားလိမ့်မယ်။ လူသန်းပေါင်းများစွာကို လွှမ်းမိုးနိုင်တဲ့ ခေါင်းဆောင်ကြီးတစ်ဉီး၊ လူကိုဖမ်းမိတဲ့သူသာမက သိုးထိန်းကြီးတစ်ဉီးအဖြစ်၊ ကောင်းကင်တံခါးသော့တွေအပ်နှင်းခြင်း ခံရတဲ့သူဖြစ်လာစေတာက ဘုရားစကားကိုကြားတဲ့အခါမှာ တွေဝေမနေပဲ ချက်ခြင်းလုပ်ဆောင်ခဲ့ခြင်းကြောင့်ပဲ။

နိုဝင်ဘာလ ၁၄ရက်နေ့

တကယ်လို့များ (၇)

“နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။-” တမန်တော် ၁၃း၂၂

တကယ်လို့ များ ဒါ​ဝိဒ်​က ဘုရားစိတ်တော်နှင့်တွေ့တဲ့ သူတစ်ယောက်မဖြစ်ခဲ့ဘူးဆိုရင်သိုးတွေ ထိန်းရင်းနှင့် မကျေနပ်ချက်တွေ၊ ကိုယ့်ရဲ့ခံစားချက်တွေကိုပဲ ရှေ့တန်းတင်ခဲ့မယ်ဆိုရင်အလုပ်လုပ်ရင်းနှင့် ကြုံတွေ့ရတဲ့ပြဿနာတွေကိုကောင်းမွန်စွာ မကိုင်တွယ်ခဲ့ဘူးဆိုရင်၊ ရောက်တဲ့နေရာတိုင်းမှာ ကြုံတွေ့တဲ့ အခြေအနေတိုင်းမှာ ဘုရားကို နှလုံးသားနှင့်မချီးမွမ်း မကိုးကွယ်ခဲ့ဘူးဆိုရင်၊ ဣသရေလ လူတွေကိုလာပြီးတော့စိန်ခေါ်တဲ့ ဂေါလျက်ကြီးကို မရင်ဆိုင်ခဲ့ဘူးဆိုရင်၊ သေချာတာကတော့ သာမန်သိုးကျောင်းသားဘဝနဲ့ အဆုံးသတ်သွားမှာ ပါ။ ဘဝရဲ့အနိမ့်အမြင့်တွေမှာ ဘုရားကို နှလုံးသားနှင့် ချီးမွမ်းကိုးကွယ်ရင် ကြုံတွေ့ရတဲ့အရာရာတိုင်းပေါ်မှာ ဘုရားကို အားကိုးပြီးတော့ဖြေရှင်းရင်း ဘုရားနှလုံးသားနှင့် ထပ်တူကျသွားတဲ့နောက်မှာတော့ သိုးကျောင်းသားကနေ ဘုရင်ကြီးအဖြစ်ဘုရားက ပြောင်းလဲပေးလိုက်တယ်။

နိုဝင်ဘာလ ၁၃ရက်နေ့

တစ်ကယ်လို့များ (၆)

စောင့်​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌​သင်၏​အာ​ဏာ​ကို ယ​ခု​မှ​စ၍ အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​ပြီ။” ၁ဓမ္မ ၁၃:၁၃

တကယ်လို့များ ရှောလုက ဘုရားစကားကို နားထောင်ပြီးတော့ ရှာမွေလကို စောင့်ခဲ့မိတယ်ဆိုရင်အခြေအနေတွေကိုမကြည့်၊ လူတွေကိုမကြည့်ပဲ ဘုရားကိုပဲစေ့စေ့ မျှော်ကြည့်တတ်မိခဲ့မယ်ဆိုရင်ခံစားချက်မနောက်မလိုက်ပဲ ဘုရားနောက်ကိုပဲ လုံးလုံးလိုက်မိခဲ့တယ်ဆိုရင်၊ သူ့ထံကနေ ဘုရင်ဖြစ်မယ့်ကောင်းကြီးမင်္ဂလာက ဒါဝိဒ်ထံကို ရွေ့သွားစရာ အကြောင်းမရှိဘူး။ သူ့ရဲ့သားစဉ်မြေးဆက်က ဘုရားခန့်အပ်တဲ့ဘုရင် နေရာမှာ အခန့်သားထိုင်ပြီးတော့ အုပ်ချုပ်ခွင့်ရမှာ။ မစောင့် မိတာလေး တစ်ခုက ကြီးမားတဲ့အရာတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ ဘုရားနှင့်ပတ်သက်ရင်မလောပါနှင့် စိတ်ရှည်ပါ။

နိုဝင်ဘာလ ၁၂ရက်နေ့

တစ်ကယ်လို့များ (၅)

“မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-” ဟေဗြဲ ၁၁:၂၃

တကယ်လို့များ မောရှေ ရဲ့မိဘတွေသာ ဘုရားကိုမကြောက်ပဲ ရှင်ဘုရင်ရဲ့အမိန့်တော်ကိုသာကြောက်ခဲ့မယ်ဆိုရင်၊ ရှိဖရနှင့်ပုအာတို့ကလဲ ဘုရားထက် ဘုရင့် စကားကိုနားထောင်ခဲ့မယ်ဆိုရင်၊ အဆိုးဆုံးအခြေအနေမှာ အကောင်းဆုံး ယုံကြည်ခြင်းနဲ့သာမဖြတ်ကျော်ခဲ့ကြရင် သေချာတာကတော့ ဣသရေလ လူမျိုးတွေကို ခေါင်းဆောင်ပြီး ကျွန်ဘဝကနေ ကယ်ထုတ်မယ့် မောရှေဆိုတာ ပေါ်လာစရာ အကြောင်းမရှိဘူး။ အဆိုးဆုံးအခြေအနေကြောင့်လူတွေ ပျက်ဆီး ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေ ကြုံရပေမယ့် အကောင်းဆုံးယုံကြည်ခြင်းနှင့်ဖြတ်ကျော်တဲ့သူတိုင်းဟာ ပိုကောင်းတဲ့အရာတွေ မြင်တွေ့ခံစားရစမြဲပါ။ ယနေ့ရင်ဆိုင်ရနေရတဲ့ အရာတွေကြောင့်စိတ်မပျက်နှင့် အကောင်းဆုံး ယုံကြည်ခြင်းနှင့်သာ ဆက်လျောက်ပါ။အကောင်းဆုံးသောအရာတွေပေါ်ထွက်လာမယ်။

နိုဝင်ဘာလ ၁၁ရက်နေ့

တစ်ကယ်လို့များ (၄)

သို့ဖြစ်၍ အကျွန်ုပ်​သည် ဤမျှလောက်​ကြီးမား​သော​မကောင်းမှု​ကို​ပြု​၍ ဘုရားသခင်​ကို ပြစ်မှား​ရ​ပါ​မည်လော​”​ဟု ဆို​လေ​၏​။” ကမ္ဘာဦး ၃၉:၉

တကယ်လို့များ ယောသပ်ဟာ ဘုရားသခင်ထံက လာတဲ့ အိမ်မက်ရူပါရုံတွေကို မယုံခဲ့ဘူးဆိုရင်၊ အမှောင်ဖုံးလွှမ်းတဲ့ ကာလတွေမှာ ဘုရား အတူမရှိခဲ့ဘူးဆိုရင်၊ ပေါတိဖါဇနီး သွေးဆောင်တဲ့အခါမှာ ဘုရားကိုမကြောက်ပဲ နီးရာဓားဖြစ်တဲ့အလုပ်ရှင်ကိုပဲ ကြောက်ခဲ့မယ်ဆိုရင် လူသန်းပေါင်းများစွာ ကြုံတွေ့ရမယ့် အငတ်ဘေးကြီးကနေ ကယ်တင်တဲ့ သူတစ်ယောက် ဘယ်တော့မှ​ဖြစ်လာတော့မှာမဟုတ်တာသေချာတယ်။ သူ့ရဲ့ဆွေမျိုး (၇၀) အတွက် ရှင်သန်ဖို့ ကူညီနိုင်တဲ့သူလဲ မဖြစ်နိုင်တော့သလို၊ ချစ်ရတဲ့အဖေနဲ့လဲ ပြန်လည်ဆုံတွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဘုရားပေးတဲ့အိမ်မက်တွေကို ယုံကြည်ပြီးတော့ ဘုရားအတူရှိခြင်းအားဖြင့် သွေးဆောင်မူတွေကိုကျော်လွန်ခဲ့ခြင်းက လူသန်းပေါင်းများစွာရဲ့ဘဝတွေကို ကယ်တင်ပေးခဲ့နိုင်သူဖြစ်လာတယ်။

နိုဝင်ဘာလ ၉ရက်နေ့

တစ်ကယ်လို့များ (၃)

“ယာကုပ်​ကို ငါ​ချစ်​၏။ ဧသော​ကို​မူကား ငါ​မုန်း​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။” ရောမ ၉:၁၃

တစ်ကယ်လို့များ ယာကုပ်က မမွေးခင်ကတည်း ဘုရားပေးတဲ့ပရောဖက်ပြုချက်ကိုမရခဲ့ဘူးဆိုရင် တစ်ကယ်လို့များယာကုပ်က ဘုရားပေးတဲ့ ကတိတော်ကို မယုံကြည်၊ လိုချင်တဲ့ပြင်းပြတဲ့ စိတ်မရှိခဲ့ဘူးဆိုရင် တစ်ကယ်လို့များ ယာကုပ်က ကောင်းကင်တမန်နှင့် လုံးထွေးတဲ့အခါမှာ လွယ်လွယ်လေးနဲ့ လက်လျော့ အရှုံးပေးလိုက်မယ်ဆိုရင် တစ်ကယ်လို့များ ယာကုပ်က ဉီးလေးလာဗန်ရဲ့လှည့်စားမှုတွေကိုရင်ဆိုင်ဖို့ ဘုရားဆီက ရူပါရုံသာ မရခဲ့ဘူးဆိုရင်

ယာကုပ်ဆိုတာ လူလိမ်ဘဝနဲ့ပဲ​ဘဝကိုအဆုံးသတ်သွားပြီးတော့ သားဉီးကောင်းကြီးမင်္ဂလာနှင့် ဝေးသွားပါလိမ့်မယ်။သမိုင်းတစ်ခုလုံး ရဲ့ ဖခင်ကြီးတစ်ဉီးအနေနဲ့ ရပ်တည်နိုင်စေတာက ဘုရားပြောတဲ့စကားကို ယုံကြည်ပြီးတော့ လွယ်လွယ်နဲ့ လက်မလျော့ခဲ့လို့ပဲ မဟုတ်လား? သင်လဲ လက်မလျော့သေးသရွေ့ အခွင့်အရေး ရှိပါသေးတယ်။

နိုဝင်ဘာလ ၈ရက်နေ့

တစ်ကယ်လို့များ (၂)

“သင်​သည် ဤ​အ​မှု​ကို​ပြု၍၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို၊ ငါ့​အား​မ​ငြင်း​သော​ကြောင့်၊” ကမ္ဘာဦး ၂၂:၁၆

တကယ်လို့များ အာဗြဟံက ဘုရားတောင်းတဲ့ တစ်ဦးတည်းသော သားကို မပေးရဲပဲ ငြင်းခဲ့မယ်ဆိုရင် သေချာတာကတော့ ကောင်းကင်ကြယ်တွေလို များပြားတဲ့ သူတွေရဲ့ အဘ နေရာမှာ ဘယ်တော့မှ ရောက်လာတော့မှာ မဟုတ်ဘူး။ ဘုရားတောင်းတာ သာ မပေးရဲရင် သူလိုတဲ့အရာတွေလဲ အသက်တာမှာ လွယ်လွယ်နဲ့ ဘယ်ရမလဲ။ သူလိုတာ အားလုံး ဘုရားပေးတာက ဘုရားတောင်းတာ အားလုံး သူပေးရဲခဲ့လို့ ပါ။ ဘုရားသခင်က လူတွေ လိုအပ်တဲ့ သူ့ရဲ့ တစ်ပါးတည်းသော သားကို လောကသားတွေအတွက်အရင်ပေးတာ မဟုတ်ဘူး။ အာဗြဟံကသူ့ရဲ့သားကို ဘုရားတောင်းတဲ့ အတိုင်း အရင်ပေးတာပါ။

နိုဝင်ဘာလ ၇ရက်နေ့

တစ်ကယ်လို့များ

“အာ​ဗြံ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။” ကမ္ဘာဦး ၁၅:၆

တကယ်လို့များ အာဗြဟံသာ ဘုရားအသံမကြား ခဲ့ဘူး၊ ကြားခဲ့ရင်လဲနာခံဖို့ယုံကြည်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင်ဘယ်လိုဖြစ်မလဲ? သေချာတာကတော့ သမိုင်းတစ်ခုလုံးက ပြောင်းပြန်ဖြစ်သွားမယ်။ သားသမီးမရှိပဲ အမြုံဘဝနဲ့အဆုံးသတ်လိုက်ရတဲ့ လူမသိသူမသိပဲအဆုံးသတ်ခဲ့ရတဲ့ သာမည လူတစ်ယောက်သာ ဖြစ်မှာသေချာတယ်။ သမိုင်းတစ်ခုလုံးမှာ အလွှမ်းမိုးဆုံးနဲ့ အရေးကြီးဆုံး လူအဖြစ်မှတ်တမ်းတင်ခဲ့ပြီး အကြီးမားဆုံး သမိုင်းဝင် အဖြစ်ရှင်သန်ခဲ့ခြင်းဟာ ဘုရး အသံကြားခွင့်ရခဲ့တာကြောင့်ရော၊ ကြားခဲ့တဲ့ဘုရားစကားကို ယုံကြည်ခဲ့ခြင်းကြောင့် သာဖြစ်တယ်။

နိုဝင်ဘာလ ၆ရက်နေ့

ကောင်းတယ်လို့ပဲပြောပါ

“ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လုပ်ဆောင်မှု​၏​အသီးအပွင့်​ကို​စား​ရ​မည်​ဖြစ်​သောကြောင့် ကောင်း​ပေ​သည်​ဟု သူ​တို့​အား ပြောကြား​လော့​။” ဟေရှာယ ၃:၁၀

ဘာတွေဖြစ်လာမလဲဆိုတာ ကိုယ်ဘယ်သူလဲဆိုတာနဲ့ပဲဆိုင်တယ်။ အခြေအနေတွေဘယ်လိုပဲဖြစ်နေပါစေ၊ လူတွေဘာတွေပဲ ကိုယ့်အပေါ်မှာ လုပ်နေပါစေ အရေးမကြီးဘူး၊ ဖြောင့်မတ်သူ အတွက်တော့ ကိုယ်စိုက်ထားတဲ့ကောင်းတဲ့အသီးအပွင့်တွေကို ဘုရားက အချိန်တိုင်းနေရာတိုင်းမှာခံစားစေမယ်။ လက်ရှိမှာ အဆိုးတွေဖြစ်နေရင်လဲ​ကောင်းမယ်လို့ပဲ သူတို့ကိုပြောရမယ်လို့ ပရောဖက်ဟေရှာယအားဖြင့် ဘုရားက ဆိုတယ်။

နိုဝင်ဘာလ ၅ရက်နေ့

သေးသေးလေးပါ

“ဤ​အမှု​သည် ထာဝရဘုရား​အဖို့ သေးငယ်​သော​အမှု​သာ​ဖြစ်​၏​။

နိုင်ငံသုံးခုပေါင်းပြီး စစ်ချီလာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲကို ဘုရင်တွေလည်း မဖြေရှင်းနိုင်သလို၊ လူတွေမှာလည်းအဖြေမရှိခဲ့ပါ။ စစ်မရောက်ခင်ကတည်းက သောက်ရေ မရှိတဲ့အတွက် ဆုံးရှုံးရဖို့ကြုံခဲ့ရပြီး လူတွေ အတွက် ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့အရာကို ဘုရားလူထံ ရောက်လာတဲ့အခါမှာတော့ လွယ်လွယ်လေးနဲ့ ဖြေရှင်းပေးခဲ့တယ်။ လူတွေအတွက်ခက်တိုင်း ဘုရားအတွက် ခက်ခဲတတော့မဟုတ်ဘူး။ ဘုရားကို အားကိုးမယ်၊ ဘုရားနည်းနဲ့ဖြေရှင်းမယ်ဆိုရင် အခက်အခဲဆိုတာကို ရှိမှာမဟုတ်တော့ဘူး။

နိုဝင်ဘာလ ၂ရက်နေ့

ချီးမြှောက်ခြင်းနှင့် ဂုဏ်အသရေ

ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။” ၁ဓမ္မ ၂:၃၀

လူတိုင်းချီးမြှောက်ခြင်းကိုသဘောကျနှစ်သက်သလို၊ ဂုဏ်အသရေရှိချင်ကြတဲ့သူချည်းပဲ။ လူဆီကလာတဲ့ချီးမြှောက်ခြင်းနှင့်လူရှေ့မှာရတဲ့ ဂုဏ်အသရေတောင် ကြီးမားတဲ့ အခွင့်အရေးတွေ ယူဆောင်လာပေးတယ်ဆိုရင် ဘုရားဆီကနေလာတဲ့ ချီးမြှောက်ခြင်းနှင့်ဂုဏ်အသရေက ဘယ်လောက်တောင် ကောင်းမလဲစဉ်းစားကြည့်။ ဘုရားဆီကနေ တကယ်ပဲချီးမြှောက်ခြင်းနှင့် ဂုဏ်အသရေကို လိုချင်တယ်ဆိုရင် တခြားအရာမလိုပါဘူး။ ဘုရားကို အမှန်တကယ် ချီးမြှောက် တတ်ဖို့ပဲလိုပါတယ်။

နိုဝင်ဘာလ ၁ရက်နေ့

မျက်နှာမပျက်

“သူ​တို့​သည် ခဲ​ယဉ်း​သော​ကာ​လ၌ မျက်​နှာ​မ​ပျက်၊ အ​စာ​ခေါင်း​ပါး​သည်​ကာ​လ၌ ဝ​စွာ​စား​ရ​ကြ၏။” ဆာလံ ၃၇:၁၉

ဘဝ ပျက်လောက်တဲ့ အခက်အခဲ မပြောနဲ့၊ မျက်နှာ ပျက်လောက်တဲ့အခက်အခဲတောင်ရင်ဆိုင်ရဖို့ မရှိဘူး။ အခက်အခဲဆိုတာ ကြုံရရင်တောင်၊ ပြိုကျပျက်ဆီးပြီး ဘဝပျက်ဆီးအောင်မလုပ်နိုင်ပါဘူး။ ဘုရားနှင့်တည်ဆောက်တဲ့ဘဝလောက်ခိုင်ခံ့ပြီးတော့ ပြီးပြည့်စုံတာ အခြားမရှိဘူး။ ဘုရားတည်ဆောက်တာကိုလည်း ဖြိုချနိုင်လောက်အောင် အားကြီးတဲ့ သူမရှိဘူး။ ဘယ်လိုအခြေအနေ မျိုးမဆို တာဝန်ယူပြီးတော့ ကောင်းကြီးပေးနိုင်တဲ့ဘုရားကို ပိုင်ဆိုင်ထားတာလောက်မြတ်တဲ့ဘဝ ဘာရှိသေးလဲ?

အောက်တိုဘာလ ၃၁ရက်နေ့

ဘယ်တော့မှ မမေ့နဲ့

“အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။” ဆာလံ ၁၀၃:၂

ဘယ်လောက်ပဲ မှတ်ဉာဏ်ကောင်းတယ်ပြောပြော လူဟာ မေ့တတ်ပါတယ်။ မမေ့သင့် မမေ့ထိုက်တဲ့အရာတွေကို မေ့သွားတယ်ဆိုရင် ကိုယ့်အတွက် အင်မတန်နစ်နာတယ်။ တခြားအရာတွေမေ့ချင်မေ့ပါစေ ဘုရားပြုပေးတဲ့ ကျေးဇူးတော်အပေါင်းကိုတော့ ဘယ်တော့မှ မမေ့လိုက်နဲ့။ ကျေးဇူးတော်ကို မေ့လျော့ သွားရင်တော့ သင့်ဘဝမှာ ကောင်းတဲ့အရာတွေအားလုံးနဲ့ကင်းကွာသွားဖြစ်စေလိမ့်မယ်။ နေ့စဉ်အောင်မြင်စွာ ရှင်သန်နေရခြင်းရဲ့တစ်ခုထဲသော လျှို့ဝှက်ချက်က ကျေးဇူးတော်အပေါင်းရဲ့ မစပို့ဆောင်မှုကြောင့်ဖြစ်တယ်။

အောက်တိုဘာလ ၃၀ရက်နေ့

အထဲက လုပ်ဆောင်ပေးနေသော တန်ခိုးတော်

“ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။” ကောလောသဲ ၁:၂၉

လူတွေက မလုပ်နိင်ဘူး၊ မတတ်နိုင်ဘူးကိုလွယ်လွယ်ပြောတတ်ကြတယ်။ အရည်အချင်းအပေါ်မှာ ကြည့်ပြီးတော့လုပ်ရင်တော့ ဟုတ်တာပေါ့။ ဘုရားသားသမီးတွေက အရည်အချင်းနဲ့ အသက်ရှင်တာမှမဟုတ်တာ။ အထဲမှာ ရှိတဲ့ ဘုရားရဲ့တန်ခိုးတော် အားဖြင့် ရှင်သန်တတ်မယ်ဆိုရင်မလုပ်ဆောင်နိုင်တာ ၊မတတ်နိုင်တာ ဆိုတာ ရှိကိုရှိတော့မှာမဟုတ်ဘူး။

အောက်တိုဘာလ ၂၉ရက်နေ့

ကောင်းကျိုးချမ်းသာအတွက် အကြံအစည်

“သင်​တို့​သည် အကျွန်ုပ်​ကို မကောင်း​ကြံစည်​ခဲ့​သော်လည်း ယနေ့​မြင်​ရ​သည့်​အတိုင်း များစွာ​သော​လူ​တို့​အသက်ချမ်းသာ​ရာ​ရ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​အတွက် ကြံစည်​တော်မူ​၏​။” ကမ္ဘာဦး ၅၀:၂၀

အဆိုးတွေ ကြုံလို့ ဘဝက ဆိုးသွားတာမဟုတ်ပါဘူး။ ဒုက္ခပေးတဲ့သူတွေ ၊ကိုယ့်ကို တိုက်ခိုက် နှောင့်ယှက်သူတွေကြောင့်လဲ ဘဝက ဆိုးရွားသွားစရာမရှိဘူး။ ယောသပ် ဘဝအသက်တာကိုပဲကြည့်။သူ့လောက် အဆိုးဆုံး လုပ်ကြံခံရတာ ဘယ်သူရှိအုံးမလဲ? အကိုတွေ ရဲ့ လုပ်ရပ်က ဘဝတစ်ခုလုံးကို အဆုံးသတ်သွားစေအောင် လုပ်ဆောင်ခဲ့ပေမယ့် ဘုရားအကြံစည်ကို ဖျက်ဆီးဖို့တော့ မလုပ်ဆောင်နိုင်ခဲ့တာသေချာတယ်။ သူတို့ရဲ့ မကောင်းဆုံးအကြံအစည်က ဘုရားရဲ့အကောင်းဆုံးအကြံစည်ကို ပြည့်စုံဖို့အတွက် ကူညီတဲ့အရာတစ်ခုပဲဖြစ်လာခဲ့တယ်။

အောက်တိုဘာလ ၂၈ရက်နေ့

မရမချင်း

ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။” ကမ္ဘာဦး ၃၂:၂၆

ယာကုပ်ဟာ ဘုရားထံကလာတဲ့ ကောင်းကြီးနဲ့ပတ်သက်ပြီးတော့ ဘယ်အရွယ်ပဲရောက်ရောက်လိုချင်တဲ့စိတ် မပြောင်းသွားဘူး။ တချို့က ငယ်ငယ်ကလိုချင်တဲ့အရာ လူငယ်ဖြစ်လာတော့မလိုချင်တော့တဲ့အရာတွေရှိသလို၊ အသက်ကြီးလာရင် ပိုဆိုးသွားတယ်။ ယာကုပ်က ကလေးဘဝ မှာရော လူငယ်ဘဝမှာရော သားသမီးတွေအများကြီးနဲ့ဖခင်တစ်ယောက် ဖြစ်လာတဲ့အချိန်မှာပါ ဘုရားထံကလာတဲ့ကောင်းကြီးနဲ့ပတ်သက်ရင် ဘယ်တော့မှ​ မပြောင်းလဲသွားဘူး။ အကိုနဲ့တွေ့တဲ့အချိန်လည်း ဘုရားကောင်းကြီး သူ့ကိုပေးဖို့ပြောခဲ့ သလို အဖေနဲ့တွေ့တဲ့အချိန်လည်း ဒါပဲထပ်တောင်းဆိုတယ်။ နောက်ဆုံး ဘုရားသခင်နှင့် ထိတွေ့တဲ့အခါမှာလည်းသူ့ရဲ့ ပြင်းပြတဲ့ ဆန္ဒဟာ မပြောင်းသွားဘူး။

အောက်တိုဘာလ ၂၆ ရက်နေ့

ပြင်ဆင်ထားတယ်

“ထို​အရပ်​ကို “​ထာဝရဘုရား ပြင်ဆင်​တော်မူ​မည်​”​ဟူသော​အမည်​ဖြင့် အာဗြဟံ​ခေါ်​သည့်​အတိုင်း ယနေ့​တိုင်အောင် “​ထာဝရဘုရား​၏​တောင်​ပေါ်၌ ပြင်ဆင်​ထား​ပေ​လိမ့်မည်​”​ဟု ဆို​လေ့​ရှိ​၏​။” ကမ္ဘာဦးကျမ်း ၂၂:၁၄

လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ ဘုရားပြင်ဆင်ထားတာ မြင်ခြင်တယ်ဆိုရင်၊ ဘုရား ပြောတဲ့အတိုင်း နာခံပြီးတော့ ပြတဲ့အရပ်ကို သွားတတ်ဖို့လိုတယ်။ ဘုရားပြောတဲ့ အရပ်မှာ သင့်မှာမရှိတဲ့ လိုအပ်တဲ့အရာ မှန်သမျှကို သင့်အတွက် ဘုရားကကြိုတင်ပြင်ဆင်ထားပြီးသားဆိုတာ နာခံပြီးသွားတဲ့ သူတိုင်းက တွေ့ရှိရမယ်။ ရှိတဲ့အရပ်မှာပဲ ဘုရားပြင်ဆင်ပေးပါ လို့ဆုတောင်းနေတဲ့သူတချို့အတွက်ကတော့ ပြင်ဆင်ထားတာနဲ့ လွဲနေအုံးမှာသေချာတယ်။ တချို့မေးခွန်းတွေရဲ့အဖြေက နာခံခြင်းနဲ့လုပ်ဆောင်ပြီးမှာပဲ ရပါလိမ့်မယ်။

အောက်တိုဘာ ၂၅ရက်နေ့

အလျှင်အမြန်(၅)

“အ​ဘ​ဣ​ဇာက်​က​လည်း၊ ငါ့​သား၊ ဤ​မျှ​လောက် လျင်​မြန်​စွာ​တွေ့​ရ​သော​အ​ကြောင်း​ကား၊ အ​ဘယ်​သို့​နည်း​ဟု သား​အား​မေး​လျှင်၊ အ​ဘ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ရှိ​ရာ​သို့ ဆောင်​ခဲ့​တော်​မူ​သော​ကြောင့်၊ လျင်​မြန်​စွာ​တွေ့​ရ​ပါ​သည်​ဟု ပြန်​ဆို​လေ၏။” ကမ္ဘာဦး ၂၇:၂၀

ခက်ခဲတဲ့အလုပ်ထဲမှာ ရှာဖွေရတဲ့အရာလဲတစ်ခုအပါအဝင်ဖြစ်တယ်။ တခြားအရာတွေမပြောနဲ့ အိမ်မှာ နေရင်းတောင် ကိုယ့်ပစ္စည်းနဲ့ကိုယ်တောင် ပျောက်နေတဲ့အရာတွေကို ရှာတွေ့ဖို့ တော်တော်လေးအချိန်ပေးရတယ်။ ကောင်းကြီးပေးဖို့ စားစရာရှာခိုင်းတဲ့နေရာကနေ ဧသောအစားယာကုပ်ရောက်လာတဲ့အခါမှာ ဣဇါက် အံ့ဩခဲ့ရတယ်။ ဘာကြောင့်များ ဒီလောက်တောင် မြန်တာလဲ? ဧသောနေရာမှာ အစားဝင်ခဲ့တဲ့ ယာကုပ်က ပြန်ဖြေတယ် ကျွန်တော်ရဲ့ကြိုးစားမှုကြောင့်ဆိုရင်တော့ ကြာနိုင်တယ် ဒါပေမယ့် ဘုရားက ကျွန်တော်ရှာနေတဲ့အရာကို ယူဆောင်လာတဲ့အတွက် လျင်မြန်စွာ ရရှိတယ်လို့ဖြေတယ်။ ဒီအရာက တကယ့်ကို အရေးကြီးတဲ့ အရာတစ်ခုဖြစ်တယ်လို့ယုံတယ်။ ကိုယ်ရှာတာထက် ဘုရားက ကိုယ်ရှာနေတဲ့အရာကို ဆောင်ယူခဲ့ရင် လူတွေ လုပ်နိုင်တာထက် ပိုလျင်မြန်စွာ တွေ့ရှိပါလိမ့်မယ်။

အောက်တိုဘာလ ၂၄ရက်နေ့

အလျှင်အမြန်(၄)

“ထိုအခါ အာဗြဟံ​သည် တဲ​ထဲ၌​ရှိ​သော​စာရာ​ထံသို့ အလျင်အမြန်​ဝင်သွား​ပြီး “​အကောင်းဆုံး​ဂျုံမှုန့် သုံး​စေအာ​ကို​နယ်​၍ မုန့်ပြား​များ အမြန်​လုပ်​ပါ​”​ဟု ဆို​၏​။” ကမ္ဘာဦးကျမ်း ၁၈:၆

ယုံကြည်ခြင်းဖခင်လို့ ခေါ်ခြင်းခံရတဲ့ အာဗြဟံက ဘုရားနှင့်ပတ်သက်ပြီးတော့ပဲ အမြဲတမ်းတက်ကြွနေတာမဟုတ်ပဲ ဧည့်သည်ဝတ်ပြုခြင်းမှာလည်း အမြဲတမ်း တက်ကြွနေတတ်တယ်။ အသက်အရွယ်နှင့်မဆိုင်တဲ့ လျှင်မြန်ခြင်း သူ့ဆီမှာတွေ့ရတယ်။ ဘာကြောင့်များ အသက် တရာကျော်ပေမယ့် ဘုရားရဲ့ရွေးကောက်ခြင်းနှင့် ချီးမြှောက်ခြင်း ရောက်လာသလဲလို့ မေးခွန်း ထုတ်ခဲ့မယ်ဆိုရင် ဘယ်အရာကိုမဆို အလျှင်အမြန် လုပ်ဆောင်လေ့ရှိတဲ့ အရာကလဲ ချန်ထားခဲ့လို့ရမယ် မထင်ဘူး။ သူဟာ ဖခင်နဲ့ မတူတဲ့အရာကလဲ ဒီအရာပဲ။ သူ့ဖခင်နာမည်က တေရဖြစ်ပြီး အဓိပ္ပါယ်က နှေးကွေးခြင်းလို့အဓိပ္ပ္ပါယ်ရတယ်။ ဒါကြောင့် သူနဲ့မခွဲမခွါသရွေ့ ကြီးမားတဲ့ကောင်းကြီးတွေ​ မရ ရှိခဲ့ဘူး။

အောက်တိုဘာလ ၂၃ရက်နေ့

အလျှင်အမြန်(၃)

“သို့​ပြု​လျှင် သင်၏​အ​လင်း​သည် မိုး​သောက်​သော အ​လင်း​ကဲ့​သို့​ပေါ်​ထွန်း၍၊ အ​လျင်​အ​မြန် ကျန်း​မာ​ခြင်း​သို့​ရောက်​လိမ့်​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သင့်​ရှေ့၌ သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နောက်၌ လုံ​ခြုံ​စေ​လိမ့်​မည်။” ဟေရှာယ ၅၈:၈

အလင်းသွား နှုန်းလောက်မြန်တာ ဘာများရှိအုံးမလဲ? ဘုရားက မှန်ကန်တဲ့သူ့မျက်နှာ ရှာတဲ့သူတွေ နောက်မှာ ဘုန်းတော်နှင့်လွှမ်းခြုံပြီးတော့ရှေ့ကနေ ဖြောင့်မတ်ခြင်း ပါရမီကို သွားစေတယ်။ အလင်းလိုတောက်ပပြီးတော့ မကျန်းမာခြင်းတွေဟာ အလျှင်အမြန်ကွယ်ပျောက် ကာ ကောင်းမွန်တဲ့ နေ့ရက်တွေကို ပို့ဆောင်ပေးလိမ့်မယ်။ အလင်းရဲ့သားတစ်ယောက်ရဲ့ဘဝလောက် လျှင်မြန်တဲ့နှုန်းနဲ့ ရှင်သန်နိုင်တာ ဘာများရှိအုံးမလဲ? အမှောင်တွေ သေချာ ပေါက်ဘေးကိုဖယ်ပေးရမယ်။

အောက်တိုဘာလ ၂၂ရက်နေ့

အလျှင်အမြန်(၂)

“အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့​ဖြစ်​စေ၍၊ ငါ၏​မြင့်​ရာ အ​ရပ်​ပေါ်​မှာ ငါ့​ကို​နေ​ရာ​ချ​တော်​မူ​မည်။ ဟဗက္ကုတ် ၃:၁၉

ဘာမှ မျှော်လင့်စရာမရှိတဲ့ အခြေ၊ အဆိုးဆုံး အရာတွေကို ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာ သင်ဘယ်လို ရင်ဆိုင်တုန့်ပြန်သလဲ? အရေးကြီးဆုံးက ဘာတွေရင်ဆိုင်နေရတယ်ဆိုတာထက် ဘယ်လို ရင်ဆိုင်တုန့်ပြန်သလဲ ဆိုတာပါပဲ။ ပရောဖက်ဟဗက္ကုတ်က သူ့ရင်ဆိုင်ရတဲ့အရာတွေက ဘာတစ်ခုမှ ရစရာမရှိတဲ့အခြေအနေတွေဖြစ်ပေမယ့် ဘုရားနှင့် ဝမ်းမြောက်စွာဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တယ်။ သူနားလည်ယုံကြည်ထားတဲ့အရာက ဘာလဲဆိုရင် ဘုရားကပဲသူ့ရဲ့အရာခပ်သိမ်းဆိုတာပါပဲ။ ဒါကြောင့် ဘုရားက သူ့ရဲ့ခြေကို သမင်လိုပဲ မြန်စေပြီးတော့မြင့်ရာအရပ်မှာ နေရာချ မယ်ဆိုတာသူစိတ်ချတယ်။

အောက်တိုဘာလ ၂၁ရက်နေ့

အလျှင်အမြန်

“ငါ့​ခြေ​ကို သ​မင်​ခြေ​ကဲ့​သို့ လျင်​မြန်​စေ၍၊ ငါ၏​မြင့်​ရာ​အ​ရပ်​ပေါ်​မှာ ငါ့​ကို​တင်​ထား​တော်​မူ၏။” ဆာလံ ၁၈:၃၃

ဆာလံဆရာဒါဝိဒ်အသက်တာကို ကြည့်ရင် ဘုရားသခင်ရဲ့ ဆွဲခေါ်ပို့ဆောင်ခြင်းက ဘယ်လောက်လျှင်မြန်သလဲဆိုတာကို တွေ့ရတယ်။ သိုးကျောင်းသား ဘဝကနေ လူတိုင်းရောက်ချင်တဲ့ နန်းတော်ထဲကို အခက်အခဲတွေကို ကျော်လွန်ပြီး အလွန်မြန်သောနှုန်းနဲ့ ရောက်ရှိသွားတယ်။ ဘယ်လိုကြောင့်များ ဒီလို အသက်တာမျိုးပိုင်ဆိုင် ခွင့်ရသလဲလို့ မေးရင်တော့ ဘုရားသခင်က သူ့ရဲ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေတယ်လို့သူက ပြန်ဖြေထားတယ်။ သင်သွားနေတဲ့ပန်းတိုင်ကိုရောက်ဖို့ လိပ်ရဲ့ခြေလှမ်းတွေနဲ့ သမင်ရဲ့ခြေလှမ်းတွေတူမှာမဟုတ်ဘူး။ ဘုရားက ဘယ်သူမှ လိိုက်လို့မမှီနိုင်တဲ့ သမင်ရဲ့ ခြေလို ဖြစ်စေမယ်။ ဘယ်တော့မှ​အနိမ့်မှာ မထားဘူး၊ မြင့်တဲ့အရပ်မှာပဲသင့်ကို ခြေချခွင့်ပေးမယ်။

အောက်တိုဘာလ ၁၉ရက်နေ့

ကျန်းမာခြင်း (၄)

“အ​ကြောင်း​မူ​ကား၊ ထို​တ​ရား​စ​ကား​ကို တွေ့​ရ​သော​သူ​တို​သည် အ​သက်​ရှင်​ခြင်း၊ တစ်​ကိုယ်​လုံး​ကျန်း​မာ​ခြင်း​အ​ကြောင်း​ကို တွေ့​ရ​ပြီ။” သုတ္တံ ၄:၂၂

တစ်ကိုယ်လုံး ကျန်းမာခြင်း အကြောင်းကို တွေ့ချင်ရင် တခြားနေရာမှာ ရှာလို့မရနိုင်ဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုအတွက် ကျန်းမာဖို ကုသတဲ့ ဆေးဟာ အခြား အစိတ်အပိုင်းကို ထိခိုက်စေတဲ့ဘေးထွက်ဆိုးကျိုး ရှိတတ်တယ်။ အစားအစာ တစ်မျိုးက တစ်ခုအတွက်ကောင်းပေမယ့် အခြားတစ်ခုအတွက်တော့ မကောင်းပြန်ဘူး။ ဘယ်အရာကိုမှ မထိခိုက်ပဲ ကျန်းမာစေတဲ့ တစ်ကိုယ်လုံးကျန်းမာစေတဲ့ အရာကတော့ နှုတ်ကပတ်တော်တရားစကားထဲမှာပဲရှိတယ်။

အောက်တိုဘာလ ၁၈ရက်နေ့

ကျန်းမာခြင်း (၃)

“လျှာ​သည် အ​သက်​သေ​ခြင်း​နှင့် ရှင်​ခြင်း​ကို​အ​စိုး​ရ၏။ လျှာ​ကို​နှစ်​သက်​သော​သူ​သည်​လည်း၊ လျှာ၏​အ​သီး​ကို စား​ရ၏။” သုတ္တံ ၁၈:၂၁

နေမကောင်းလို့ ဆေးခန်းသွားပြတဲ့အခါမှာ ဆရာဝန်က ကိုယ်ခန္ဓာရဲ့ အခြေအနေကိုသိရအောင် လျှာကိုစစ်ဆေးကြည့်ရှုလေ့ရှိတယ်။ လျှာက ကျန်းမာရေးကို ကောင်း၊ မကောင်းဖေါ်ပြနိုင်တယ်။ နှုတ်ကပတ်တော်ကလဲ လျှာက သေခြင်းနှင့်ရှင်ခြင်းကို ထိန်းချုပ်ထားတယ်လိုဆိုတယ်။ ကျန်းမာတဲ့ လျှာက ကျန်းမာတဲ့ကိုယ်ခန္ဓာကိုဖန်တီးတယ်။ တကိုယ်လုံးကျန်းမာချင်တယ်ဆိုရင် လျှာကို ထိန်းသိမ်း ဖို့လိုတယ်။ ကျန်းမာခြင်းကို နှုတ်ကနေ ယုံကြည်ခြင်းနှင့် မြွတ်ဆိုတဲ့အခါမှာ ဘုရားသခင်ရဲ့ကျန်းမာခြင်းက သင့်အသက်တာကို နေရာယူလာလိမ့်မယ်။

အောက်တိုဘာလ ၁၇ရက်နေ့

ကျန်းမာခြင်း (၂)

“နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။” ဆာလံ ၁၀၇:၂၀

အသက်တာမှာ ဘုရားရဲ့နှုတ်တော်ထွက် စကားကိုရဖို့ဘယ်လောက်တောင် အရေးကြီးသလဲ? ကျန်းမာခြင်းအတွက် လိုအပ်တဲ့နှုတ်ကပတ်တော် ရရှိလာတဲ့အခါမှာ ဘယ်တော့မှ​မပျောက်နိုင်တဲ့ ရောဂါတွေလဲ ရုတ်တရက် ကျန်းမာခြင်းကို လက်ခံရရှိစေတယ်။ လူပေါင်းများစွာ ကျန်းမာခြင်းကို လက်ခံမရရှိခြင်းက နှုတ်ကပတ်တော်ကိုအရင် မရရှိသေးလို ပါ။ နှုတ်ကပတ်တော်ကို တကယ် အသက်တာမှာ နေရာပေးလိုက်တာနဲ့ လိုအပ်တဲ့ ကျန်းမာခြင်းကိုမြင်တွေ့ရမှာသေချာတယ်။ နှုတ်ကပတ်တော်က ကျန်းမာခြင်းကို ယူဆောင်လာရုံတင်မကဘူး။ သင့်ကို ဖျက်ဆီးနေတဲ့အရာများစွာမှလဲ ရွေးနုတ်ကယ်တင်နိုင်တယ်။

အောက်တိုဘာလ ၁၆ ရက်နေ့

ကျန်းမာခြင်း

“အ​ချင်း​ချစ်​သူ၊ သင်၏​စိတ်​နှ​လုံး​သည် ကောင်း​စား​သ​ကဲ့​သို့၊ သင်​သည် အ​ရာ​ရာ၌​ကောင်း​စား​ခြင်း​နှင့် ကျန်း​မာ​ခြင်း​ရှိ​မည်​အ​ကြောင်း ငါ​ဆု​တောင်း၏။-” ၃ ယော ၁:၂

ကောင်းစားတဲ့ နှလုံးသားဟာ ကျန်းမာတဲ့ ဘဝကို ယူဆောင်လာပေးတယ်။ နှလုံးသားဟာ အသက်တာရဲ့ အခြေအမြစ်ဖြစ်လို့ နှလုံးသားကို အထူးသဖြင့် စောင့်ရှောက်ဖို့ ရှောလမုန်က သတိပေးတယ်။ နှလုံးခုန်တာ ရပ်သွားရင် ကျန်တာ အားလုံးလည်း ပြီးဆုံးသွားတယ်မဟုတ်လား? ကောင်းမွန်တဲ့နှလုံးသားနဲ့ အရာရာကို တွေးခေါ်တတ်ရင် သေချာတယ် ကောင်းမွန်ပြည့်စုံတဲ့ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။

အောက်တိုဘာလ ၁၅ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံးသား (၈)

“ငါ့​ကြောင့် လူ​တို​သည် သင်​တို​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို​ဖြင့် သင်​တို​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို​သည် မင်္ဂလာရှိ​ကြ​၏။” ရှင်မဿဲခရစ်ဝင် ၅:၁၁

မင်္ဂလာဆိုတာ အမြဲတမ်းကိုယ်ပြောတာ ကိုယ်လုပ်တာကို ထောက်ခံတာ၊ အားပေးတာ၊ အကောင်းပြောပြီးတော့ လူတွေချီးကျူးဂုဏ်ပြုခြင်းခံရတာပဲ မင်္ဂလာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ မှန်ကန်တဲ့ယုံကြည်ချက်၊ ဘုရားဖွင့်ပြခြင်းတွေကြောင့် လူတွေရဲ့ မဟုတ်မမှန် ပြောဆိုဝေဖန် တာ၊ တိုက်ခိုက်တာတွေလဲ ခံရတဲ့အခါမှာ စိတ်ပျက်ဖို့၊ နောက်ဆုတ်ဖို့မဟုတ်ပဲ။ အမှားလုပ်လို့ကြုံရတာမဟုတ်ပဲ ဘုရားရဲ့နိုင်ငံတော်၊ နှုတ်ကပတ်တော်ကြောင့် ကြုံရတာ မှန်ရင် ဘုရားပေးတဲ့မင်္ဂသေချာပေါက် ခံစားရမယ်ဆိုတာ ယုံပါ။ အကောင်းပြောခံရမှပဲ ကောင်းတဲ့မင်္ဂလာရရှိတာမဟုတ်ပါဘူး။ ဘုရားနဲ့ပတ်သက်ပြီး မမှန်ပဲ အကောင်းမပြောခံရရင်လဲ မင်္ဂလာ ခံစားရပါတယ်။

အောက်တိုဘာလ ၁၄ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံးသား (၇)

“သူ​တစ်​ပါး​ချင်း ခိုက်​ရန်​ပြု​ခြင်း​ကို ငြိမ်း​စေ​တတ်​သော​သူ​တို​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို​သည် ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-”

ရှင်မဿဲ ၅:၉

ဘုရားသားဆိုတာ လူတွေနဲ့ လိုက်ပြီးရန်ဖြစ်နေတဲ့သူတွေလဲ မဟုတ်ဘူး။ အချင်းချင်းကြားမှာ ရန်တိုက်ပေးနိုင်တဲ့သူလဲမဟုတ်ဘူး။ ဘုရားသားလို့ မပြောဖို့သိနိုင်တဲ့ အရာကတော့ ဘယ်သူနဲ့မှလဲ ရန်ဖြစ်တာမရှိသလို အချင်းချင်းကြားမှာလဲ ရန်ငြိမ်းခြင်းကို ယူဆောင်လာတဲ့ သူပဲ။ ရန်ပွဲတွေရဲ့ အဓိက တရားခံဟာနှလုံးသားကြောင့်ပါပဲ။ နှလုံးသား မမှန်တဲ့သူတွေက ရန်ဖြစ်ဖို့ပဲ တာစူနေကြတယ်။ ဘုရားသဘောနှင့်ရှင်သန်တဲ့သူတွေကတော့ ရန်လုပ်တဲ့သူရှိရင်တောင်မှ သခင်ခရစ် တော်ရဲ့ တရားအတိုင်းပဲ တုန့်ပြန်တယ်။ တခြားနည်းလမ်းနဲ့တော့ ဘုရားသားဆိုတာ ဖေါ်ထုတ် တာထက် ရန်ငြိမ်းခြင်းအားဖြင့် ထုတ်ဖေါ်တာဟာမှန်ကန်တဲ့နည်းလမ်း တစ်ခုပါပဲ။

အောက်တိုဘာလ ၁၂ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံးသား (၆)

“စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့သည်ဘု​ရား​သ​ခင်​ကိုမြင်​ရ​ကြ​လ​တ္တံ့။-” ရှင်မဿဲ ၅း၈

ဘုရားသခင်ကို လူ့မျက်စိနှင့် မမြင်ရနိုင်တာမဟုတ်ပါဘူး။ ဘုရားကလဲ ဘယ်တော့မှ သူ့ကို မြင်ရမှာမဟုတ်ဘူးလို့မပြောဘူး။ ဓမ္မဟောင်းကျမ်းမှာသာ ဘုရားကိုမြင်ဖို့ခက်တာပါ။ ကျေးဇူးတော်ကာလမှာတော့ဘုရားကိုမြင်ချင်ရင် နည်းလမ်းရှိပါတယ်။ ဘုရားကိုမြင်တာ မမြင်တာဆိုတဲ့အရာမှာ အဓိက ကျတဲ့အရာကတော့နှလုံးသားပါပဲ။ သခင်ယေရှုကတော့ ဆိုတယ် ဘုရားကို မြင်နိုင်တဲ့ နှလုံးသားကတော့ ဖြူစင်တဲ့စိတ်နှလုံးသားပိုင်ရှင်တွေပါပဲ။ ဘုရားကိုမြင်ဖို့ ဘုရားနှလုံးသားလေးတော့ရှိဖို့လိုတယ်။ တခြားနှလုံးသားနှင့်တော့ ဘယ်တော့မှ ဘယ်လိုမှ ဘုရားကိုမြင်နိုင်မှာမဟုတ်ဘူး။

အောက်တိုဘာလ ၁၁ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံးသား (၅)

“သ​နား​စုံ​မက်​တတ်​သော​သူ​တို​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို​သည် သ​နား​စုံ​မက်​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့။-” ရှင်မဿဲ ၅:၇

ကောင်းသောရှာမာရိအကြောင်းကို သခင်ယေရှုဟောပြောတဲ့အခါမှာ လူပေါင်းများစွာကို မေးခွန်းတစ်ခုမေးခဲ့တယ်။ လမ်းမှာလဲနေတဲ့ ဓါးပြနှိပ်စက်ခဲ့တဲ့သူ နဲ့ စပ်ဆိုင်တဲ့သူဟာ ဘယ်သူလဲ ?

ယဇ်ပုရောဟိတ်တွေ ကျော်သွားခြင်းခံရတယ်၊ လေဝိ လူတွေ လှည့်တောင် မကြည့်ခဲ့တဲ့ လူနာကို၊ လူတွေအထင်သေး ရွံရှာတဲ့ ရှာမာရိလူတစ်ယောက်က အနာကို ဆီနဲ့လူးပေးပြီး စပျစ်ရည် နဲ့ သက်သာစေရုံသာမကပဲ ကုသဖိုအတွက် သူ့ရဲ့မြည်းနဲ့ခေါ်သွားပြီး ကုန်ကျငွေကို တာဝန်ယူခဲ့တယ်။ လူတွေက မကောင်းဘူးလိုသတ်မှတ်တဲ့ ရှာမာရိလူဟာ အမူတော်ဆောင်ကြီးတွေ မြင့်မြတ်ပါတယ် ဆိုတဲ့လူတွေ မလုပ်နိုင်တဲ့ အရာကိုလုပ်ဆောင်ခဲ့တယ်။ ဒီနေရာမှာ ယေရူက မေးခွန်းတစ်ခုမေးတယ်။ ဘယ်သူဟာ ဒီလူနာနဲ့စပ်ဆိုင်သလဲတဲ့။ အဖြေက သနားသောသူလို ဖြေကြတယ်။ ဒီနေ့ သနားစုံမက်ခြင်း မရှိတဲ့ သူအတွက်ကတော့ အရာရာ သူနဲ့ ဆိုင်မှာမဟုတ်ဘူး။ သနားစုံမက်တတ်တဲ့သူအတွက်ကတော့ ဖြစ်ပျက်သမျှအားလုံးက သူ့ နဲ့ဆိုင်တာ ချည်းပဲမို့ အရာရာကို သနားတဲ့စိတ်နှင့် ကူညီလုပ်ဆောင်ပေးဖိုအဆင်သင့်ရှိတယ်။

အောက်တိုဘာလ ၁၀ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံးသား(၄)

“ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို​သည် ဝ​ပြော​ခြင်း​သို ရောက်​ကြ​လ​တ္တံ့။-” ရှင်မဿဲ ၅:၆

ကယ်တင်ခြင်းက သခင်ယေရှုကို ယုံကြည်ခြင်း အားဖြင့်သာလက်ခံရရှိသလိုပဲ သန့်ရှင်းသောဝိညာဉ်တော် နှင့်ပြည့်ဝခြင်းကလည်း ဆာငတ်ခြင်း နှလုံးသားအားဖြင့်သာရနိုင်တယ်။ အသက်တာမှာ ပြည့်ဝခြင်းကိုမြင်ချင်ရင် ဘုရားရဲ့ဖြောင့်မတ်ခြင်းကို ဆာငတ်တတ်တဲ့နှလုံးသားဟာ အဓိက ကျတယ်။ လူတွေဟာ ဘုရားနှင့်ဆိုင်တဲ့အရာတွေကို ဆာငတ်ခြင်းပျောက်ဆုံးလာတာနဲ့အမျှ ဝပြောခြင်းလဲ ရှားပါးလာတယ်။ ဘုရားနဲ့ဆိုင်တဲ့အရာတွေကို ဆာငတ်တတ်တဲ့သူတွေအသက်တာကိုကြည့်ရင် ဘုရားက သူတိုအသက်တာကို ဘယ်လောက်တောင် ဝပြောခြင်းနှင့်ဖြည့်ပေးလေ့ရှိသလဲ ဆိုတာ တွေ့ရတယ်။ အထူးသဖြင့်ဒါဝိဒ် ရဲ့ဆာငတ်တဲ့နှလုံးသား ဟာ စံနမူနာပဲ။ ဒါကြောင့်လဲ ဘုရားက သူ့ကို သိုးကျောင်းသားလေးဘဝကနေ လူတိုင်း အားကျတဲ့ ကောင်းမွန်တဲ့အရာတွေနှင့် ပြည့်ဝတဲ့ဘဝကို ပိုင်ဆိုင်ခွင့် ပေးခဲ့တယ်မဟုတ်လား။

အောက်တိုဘာလ ၉ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံးသား(၃)

“စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို​သည် ပြည်​တော်​ကို အ​မွေ​ခံ​ရ​ကြ​လ​တ္တံ့။-” မဿဲ ၅:၅

မြေကြီးပေါ်မှာ ပိုင်ဆိုင်ခွင့်နှင့် အုပ်စိုးခွင့် ဘယ်သူတွေကို ဘုရားကပေးမှာလဲ? ဒီမေးခွန်းကို တောင်ပေါ်ဒေသနာ ကအဖြေပေးထားတယ်။ စိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းရှိတဲ့သူတွေက မြေပေါ်မှာ အုပ်စိုးခွင့်နှင့် အမွေခံစားခွင့်ရမယ်။ ဘုရားက အရည်အချင်းကိုကြည့်တဲ့ဘုရားမဟုတ်ဘူး။ နှလုံးသားကိုပဲကြည့်တဲ့ဘုရား။ တချိန်တုန်းက အဲဂုတ္တုကနေ ကယ်ထုတ် ခြင်း အမှုကို ဉီးဆောင်ခဲ့တဲ့ မောရှေကိုယ်တိုင် ဒီနှလုံးသားရှိခဲ့တယ်။ ဒါကြောင့်လဲ​ဒီလောက်ကြီးတဲ့ အလုပ်ကိုလုပ်ဆောင်နိုင်တာ။ သခင်ယေရှုကိုယ်တိုင်ကလည်း သူ့ထံမှာ နည်းခံဖိုနဲ့ သူ့နှလုံးသားကို သင်ယူဖိုပြောတဲ့အခါမှာ နူးညံ့သိမ်မွေ့ခြင်းနှလုံးသားက သက်သာခြင်း ဝန်ပေါ့ခြင်း အတွက် လိုအပ်တယ် ဆိုတာ ပြောခဲ့တယ်။

အောက်တိုဘာလ ၈ ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံသား (၂)

“စိတ်​မ​သာ​ညည်း​တွား​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ထို​သူ​တို့​သည် သက်​သာ​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-” ‭‭ရှင်မဿဲ‬ ‭၅:၄

ဆင်းရဲခက်ခဲနေတဲ့သူတွေ၊ နာကြင်ခံစားနေရတဲ့သူတွေ၊ ငိုကြွေး နေတဲ့သူတွေ အတွက် ထပ်တူခံစားပြီးတော့ စိတ်မသာညည်းတွားနေတဲ့သူဘယ်သူရှိလဲ? ဖြစ်ပျက်နေတဲ့ အရာတွေအပေါ်မှာ၊ လူတွေ ဘုရားကို မရှာပဲ လောက ကြီးထဲမှာ ပျော်ပါးပြီးဖြစ်ချင်တိုင်းဖြစ်နေတဲ့အရာတွေကြောင့် ဝမ်းနည်းကြေကွဲပြီး သူတို့ကိုယ်စားဘုရားရှေ့မှာ မျက်ရည်ကျပြီး ဆုတောင်းပေးနေတဲ့သူတွေ၊ ဒီလိုလူတွေဟာ တကယ့်ကို ဘုရားရဲ့နှလုံးသားကို ရရှိပိုင်ဆိုင်ထားတဲ့သူတွေပဲ။ ကိုယ်ကြောင့်၊ ကိုယ့်အခက်အခဲတွေကြောင့်မဟုတ်ပဲ အခြားသူတွေအတွက် ကိုယ်စားပြုပြီးတော့ ဘုရားရှေ့မှာ ညည်းတွား ဆုတောင်းပေးနေတဲ့ အဖြေကို ဘုရားကပေးမှာ။ သူတို့ လိုချင်တဲ့ အဖြေကို ဘုရားက ပေးမယ်။ မင်္ဂလာရှိတဲ့နှလုံးသားဟာ တကိုယ်ကောင်းဆန်ခြင်းမရှိပဲ အခြားသူတွေအတွက် ကိုယ်စားပြုတတ်တဲ့ စိတ်အမြဲရှိတယ်။

အောက်တိုဘာလ ၇ ရက်နေ့

မင်္ဂလာဖြစ်စေသောနှလုံသား

“စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-”‭‭ရှင်မဿဲ‬ ‭၅:၃

သခင်ယေရူရဲ့ ပထမဆုံး ဟောကြားတဲ့ တောင်ပေါ်ဒေသနာ ကိုလေ့လာတဲ့အခါမှာ ကောင်းကင်နိုင်ငံသားတစ်ယောက်အနေနနဲ့ နှလုံးသားကိုဘယ်လောက်တောင် ဂရုစိုက်ရမလဲ ဆိုတာ ကို တွေ့ရတယ်။ ကောင်းကင်နိုင်ငံသား တိုင်းရဲ့ စံနုန်းဟာ နှလုံးသားကိုပဲ ဗဟိုပြုပြီးတော့တိုင်းတာတယ်။ အခြားမည့်သည့်အရာပေါ်မှာမှ​မတိုင်းတာဘူးဆိုတာကို သိပါ။ ကောင်းကင်နိုင်ငံသားဆိုတဲ့ အမှတ်တံဆိပ်ကို ပြောပါဆိုရင် နှိမ့်ချခြင်း လို့ပြောရမယ်။ ကောင်းကင်နိုင်ငံ သားလို့ မပြောပဲ သိစေနိုင်တဲ့ အဓိကအချက်ကတော့ နှိမ့်ချတဲ့ နှလုံးသားပါပဲ။

အောက်တိုဘာလ ၅ရက်နေ့

ဘုရားအတွက် တောက်လောင်ကြသူများ (၆)

“ထို​သို ကယ်​လွှတ်​တော်​မ​မူ​သော်​လည်း အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်၏​ဘု​ရား​တို​ကို အ​ကျွန်ုပ်​တို​သည် ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု ပြန်​လျှောက်​ကြ၏။” ဒံယေလ ၃:၁၈

ဘုရားသခင်ကလွဲပြီး ကျန်တဲ့အရာတွေကိုဘယ်တော့မှ ဉီးမညွှတ်ဘူးလို ဆုံးဖြတ်ထားတဲ့သူတွေအတွက် ဗာဗုန်လုန်မှာ ရှင်သန်ရတာ လွယ်တာတော့မဟုတ်ဘူး။ ဘုရားအတွက်တောက်လောင် နေကြသူများအတွက်တော့ လွယ်တဲ့အရာတွေကိုပဲလုပ်ဖို ဆုံးဖြတ်ထားကြတာမဟုတ်ဘူး။ အဖိုးအခတွေထဲမှာ ကိုးကွယ်ခြင်းအပေါ်မှာ သစ္စာရှိစွာ ကိုးကွယ်တဲ့သူတွေပေး ရတဲ့အဖိုးအခကအကြီးဆုံးပဲ။ ဘုရားအတွက်တောက်လောင်နေတဲ့ သူတွေအတွက်ကတော့ (၇ )ဆပိုပြင်းတဲ့ မီးပုံက မခြိမ်းခြောက်နိုင်ခဲ့ဘူး။ သူတိုရဲ့တောက်လောင်မှုက ပိုခဲ့ပြီးတော့ မီးတောက်တွေတောင်မှ အပူမပေးနိုင်တဲ့အထိကို ပြင်းထန်ခဲ့တယ်။ ဘုရားအတွက် မီးတောက်နေတဲ့သူအတွက် တခြား အပူမီးတွေက မလောင်ကျွမ်းနိုင်ဘူး။

အောက်တိုဘာလ ၄ရက်နေ့

ဘုရားအတွက် တောက်လောင်ကြသူများ (၅)

သို​ဖြစ်​လျှင် အ​ပြစ်​ကြီး​သော​ဤ​အ​မှု​ကို ကျွန်​တော်​ပြု၍ ဘု​ရား​သ​ခင်​ကို အ​ဘယ်​သို​ပြစ်​မှား​နိုင်​သ​နည်း​ဟု သ​ခင်၏​မ​ယား​ကို​ငြင်း၍ ပြန်​ဆို၏။” ကမ္ဘာဦး ၃၉:၉

ဘုရားကိုပြစ်မှားတဲ့အလုပ်တော့ ဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ယောသပ်အတွက်တော့ အလုပ်ရှင်ရဲ့သွေးဆောင်မှုတွေကို နေ့တိုင်းကြုံတွေ့ရပေမယ့် အောင်မြင်စွာကျော်လွှားနိုင်ခဲ့တယ်။ သူကြောက်တာ အလုပ်ရှင်မဟုတ်ဘူး။သူကြောက်တာ ဘုရင်မဟုတ်ဘူး။ သူကြောက်တာ အမြင့်ဆုံး ဘုရား။ ဘုရားကိုပြစ်မှားမိပြီး ဘုရားနဲ့ဝေးကွာတဲ့ဘဝနှင့်ရှင်သန်ရမှာသူကြောက်တယ်။ မိဘနဲ့ဝေးတဲ့နေရာမှာလည်းသူအောင်မြင်စွာရှင်သန်နိုင်တယ်။ ငယ်ငယ်လေးနဲ့ တိုင်းတစ်ပါးမှာလည်း သူဟာအောင်မြင်စွာ အသက်ရှင်နိုင်ပေမယ့် ဘုရားနဲ့ဝေးရာမှာတော့ သူမရှင်သန်နိုင်ဘူးဆိုတာသိတယ်။ ဒါကြောင့် ဘုရားနဲ့ဝေးမဲ့ အရာတွေကို လုပ်မိမှာသူကြောက်တယ်။ ဒီအရာကသူ့ရဲ့ အမြင့်ဆုံး အောင်မြင်မှုကို ပိုဆောင်ပေးတဲ့ အရာလိုပြောလိုရသလို အိမ်မက်တွေ ကိုပြည့်စုံစေခဲ့တဲ့ လျှို့ဝှက်ချက်လို့လည်း ဆိုနိုင်တယ်။


အောက်တိုဘာလ ၃ ရက်နေ့

ဘုရားအတွက် တောက်လောင်ကြသူများ (၄)

“သ​မင်​ဒ​ရယ်​သည် ရေ​စီး​သော​ချောင်း​ကို တောင့်​တ​သ​ကဲ့​သို၊ အ​ကျွန်ုပ်​ဝိ​ညာဉ်​သည် ကိုယ်​တော်​ကို တောင့်​တ​ပါ​သည်​ဘု​ရား။” ဆာလံ ၄၁း၁

သမင်ဒရယ်လေးတွေအတွက် ရေစီးနေတဲ့ချောင်းက အသက်ရှင်ဖိုမရှိ မဖြစ်လိုအပ်တယ်။ ရေစီးနေတဲ့ချောင်းသာမရှိ ဘယ်လိုမှ မရှင်သန်နိုင်ဘူး။ နေ့တိုင်း အချိန်တိုင်းအတွက်လိုအပ်တယ်။ ဆာလံဆရာ ဒါဝိဒ်က ဒီအရာကို မြင်တဲ့အခါမှာ သူ့ဘဝအတွက်လည်း အသက်ရှင်တဲ့ဘုရားက မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီးတော့ နေ့တိုင်းအချိန်တိုင်း ဘုရားမပါပဲ ဘယ်လိုမှ မရှင်သန်နိုင်ဘူးဆိုတာ အမြဲဝန်ခံတယ်။ သိုးထိန်းလေးဘဝကနေ တိုင်းပြည်တစ်ခုလုံးရဲ့ဘုရင် အနေနဲ့ ဖြစ်လာတာ သူ့အရည်အချင်း၊ သူ့ရဲ့အစွမ်းအစကြောင့်မဟုတ်ဘူး ၊ ဘုရားအတူပါရှိခြင်းကို တန်ဖိုးထားပြီးတော့ နေ့စဉ် ဘုရားကို ဆာငတ် တောင့်တတတ်တဲ့ နှလုံးသားကြောင့်ပါပဲ။

အောက်တိုဘာလ ၂ ရက်နေ့

ဘုရားအတွက် တောက်လောင်ကြသူများ (၃)

“အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။” ဆာလံ ၅၁း၁၁

ကျန်တဲ့အရာ​တွေ ရုပ်သိမ်းချင်ရုပ်သိမ်းပါ ။ ဘုရားမျက်မှောက်တော်ထဲမှာ ရှိနေစေဖို့အတွက် လိုအပ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကိုတော့ မရုပ်သိမ်းလိုက်ပါနှင့်။ အပြစ်လုပ်မိပြီးတဲ့အခါမှာ ဒါဝိဒ်ရဲ့ဆုတောင်းပါ။ ဒီဆုတောင်းချက်ကိုကြည့်ပြီးတော့ ဒါဝိဒ်ဟာ ဘယ်အရာအတွက် တောက်လောင်နေတာလဲဆိုတာကိုမြင်စေတယ်။ ရာထူးတွေ စည်းစိမ်တွေ အောင်မြင်ကျော်ကြားမှုတွေ ဘယ်အရာကိုမှ မရုပ်သိမ်းဖိုမတောင်းဆိုဘူး။ ဒီအရာတွေထက် သူ့ဘဝကို အဓိပ္ပါယ်ရှိစေတဲ့ သန့်ရှင်းသောဝိညာဉ်တော် အတူရှိခြင်းကိုပိုပြီးတန်ဖိုးထားတယ်။ ကျန်တဲ့အရာတွေဘယ်လောက်ရှိရှိ သန့်ရှင်းသောဝိညာဉ်တော်မရှိတော့ရင်တော့ သင့်ဘဝဟာ ရှင်လျှက်နှင့်သေနေသလိုပါပဲ။

အောက်တိုဘာလ ၁ရက်နေ့

ဘုရားအတွက်တောက်လောင်ကြသူများ(၂)

“တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊” ထွက်မြောက်ရာ ၃၃:၁၈

မောရှေလောက် ဘုရားနှင့် နီးစပ်ပြီး ထိတွေ့ခွင့်ရှိတာ ဘယ်သူများရှိအုံးမလဲ? အကြိမ်ကြိမ် ဘုရားနှင့် နေ့ရက်ပေါင်းများစွာ အတူတူဖြတ်သန်းခွင့်ရတဲ့သူ။ အသက်အရွယ်အရပြောရင်လည်းတရာကျော်ပြီ။ ဘုရားနှင့်ပတ်သက်တဲ့ သူ့ရဲ့ဆာငတ်မှုနှင့် တောက်လောင်မှုကြီးက ဘယ်လောက်ပဲ ဘုရားနှင့် နီးစပ်ခွင့်ရရ သူဟာ ဆာငတ်နေတုန်းပဲ။ တစ်ရက်မှာ ဘုရားကို သူတောင်းဆိုတယ်။ ကိုယ်တော်ရဲ့ ဘုန်းကို မြင်ချင်တယ်။ သူသိခွင့်ရတာတွေ၊ ထိတွေ့ခွင့်ရတာတွေ လောက်နဲ့ မကျေနပ်နိုင်ဘူး။ ပိုပြီးတော့ ထိတွေ့ခွင့် ပိုပြီးတော့ နီးစပ်ခွင့်လိုချင်သေးတယ်။ ဒီလို တောက်လောင်တဲ့သူတွေကိုမှ ဘုရားက မသုံးရင် ဘယ်သူတွေကိုသုံးအုံးမှာလဲ? သင့်ရဲ့တောက်လောင်မှုမကုန်ဆုံးသရွေ့ ဘုရားနဲ့ပတ်သက်တဲ့ အရာတွေမှာ ရှေ့ဆက်ရွေ့လျားနေအုံးမယ်။ တောက်လောင်မှုကုန်ဆုံးသွားတာနဲ့ ရှေ့ဆက်မသွားတော့ပဲ ရှိတဲ့နေရာမှာ ပဲရပ်တန့်သွားပါလိမ့်မယ်။

စက်တင်ဘာလ ၃၀ ရက်နေ့

ဘုရားအတွက် တောက်လောင်ကြသူများ

“ထို​လု​လင်​ကို မ​ထိ​မ​ခိုက်​နှင့်။ အ​လျှင်း​မ​ပြု​နှင့်။ သင်​သည် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သည်​ဟု ယ​ခု​ငါ​သိ၏။ အ​ကြောင်း​မူ​ကား၊ သင်၏​သား၊ သင်၌​တစ်​ယောက်​တည်း​သော​သား​ကို​ငါ​တောင်း၍၊ သင်​သည်​ငါ့​ကို​မ​ငြင်း​ဟု မိန့်​တော်​မူ၏။” ကမ္ဘာဦး ၂၂:၁၂

လူတွေက ထင်တတ်ကြတယ် ငယ်တုန်းတော့ ဘုရားအတွက် တက်ကြွတောက်လောင် တက်ကြွပေမယ့် အသက်အရွယ်တစ်ခု၊ အောင်မြင်မှုအခြေအနေတစ်ခုရောက်လာရင်ရော ဆက်လက်တက်ကြွတောက်လောင် နိုင်ပါအုံးမလား? ဘုရားနဲ့ပတ်သက်ပြီးတော့ တက်ကြွတောက်လောင်မှုဆိုတာ အရွယ်နှင့်ရော အခြေအနေနဲ့ပါလုံးဝမဆိုင်ဘူးဆိုတာ သိစေချင်တယ်။ ကိုယ်ရဲ့ နှလုံးသားနှင့်ပဲဆိုင်တဲ့အရာပါ။ အာဗြဟံ ဆို အသက် တရာကျော်အထိ ဘုရားနှင့်ပတ်သက်ပြီးတော့ လွန်စွာတက်ကြွတဲ့သူတစ်ယောက်ဆိုတာ တွေ့ရတယ်။ အသက်တရာကျော်မှ ကတိတော်နှင့်ရတဲ့သားကို ဘုရားတောင်းတဲ့အခါမှာ မငြင်းပဲ ပေးရဲတယ်။ သူ့တက်ကြွမှုဟာ အမူအရာပဲမဟုတ်ဘူး ခဏတာပဲမဟုတ်ဘူး။ တစ်ဘဝစာလုံး ဖြစ်တယ်ဆိုတာ ငြင်းလို့မရဘူး။ တစ်ခဏတာ တောက်လောင်မှုမျိုး မဟုတ်ပဲ အာဗြဟံလို တစ်ဘဝစာ တက်ကြွတောက်လောင်မှုမျိုးနှင့် ဘုရားအတွက် တောက်လောင်တဲ့ မျိုးဆက်ဖြစ်ပါစေ။

စက်တင်ဘာလ ၂၈ ရက်နေ့

ဘုရားသခင်ရဲ့ မဟာကရုဏာ (၆)

“ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သို့ ရောက်​ပါ​စေ။ က​ရု​ဏ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။”၂ ဓမ္မ ၂၄:၁၄

သင့်ရဲ့ အမှားထက် ဘုရားရဲ့ကရုဏာက ပိုကြီးမားတယ်။ လူတွေက တစ်ခါတစ်လေ ကိုယ့်ရဲ့အမှားကပဲ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဘယ်တော့မှ ဘယ်လိုမှ မလွတ်မြောက်နိုင်တော့တဲ့ အရာလိုထင်တတ်တယ်။ တကယ်တော့ဘုရားရဲ့ကရုဏာလောက်တော့ မကြီးတာ အမှန်ပါပဲ။ ဒါဝိဒ်က ဘုရားရှေ့မှာ အမှားလုပ်မိတဲ့အခါမှာ ဘုရားက သုံးခုရွေးခိုင်းတယ်။ ဒါဝိဒ်က တစ်ခုမှ မရွေးဘူး။ သူရွေးရင် မှားမှာ သေချာတယ်။ ကရုဏာ ကြီးမားတဲ့ ဘုရားကိုပဲရွေးခိုင်းတဲ့အခါမှာ ဘုရားက အသက်သာဆုံးကိုရွေးပေးတာတောင် မှ အဲ့ဒီထက်သက်သာစေတယ်။ ဒါဝိဒ် သိတာ တစ်ခုရှိတယ်။ ဘုရားရဲ့ကရုဏာ ဟာ သူ့အမှားထက် အဆပေါင်းများစွာပိုကြီးတယ်ဆိုတာပါပဲ။

စက်တင်ဘာလ ၂၇ ရက်နေ့

ဘုရားသခင်ရဲ့ မဟာကရုဏာ (၅)

“ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။” ယေရမိမြည်တမ်း ၃:၂၂-၂၃

လူတွေက သင်ကျရှုံးမယ့်အချိန်ကို စောင့်နေကြတယ်။ ဘယ်တော့များ အပေါ်က နေပြုတ်ကျမလဲပေါ့။ အောင်မြင်တာလည်း ကိုယ့်အရည်အချင်းကြောင့်မဟုတ်သလို၊ နေ့စဉ် ဆက်လက်ပြီးအောင်မြင်ခြင်းထဲမှာ လျှောက်လှမ်းသွားလာဖို့ကလည်း ကိုယ်တတ်နိုင်ခြင်းကြောင့်မဟုတ်ဘူး။ ဘုရားရဲ့တစ်ဖက်သက်လုပ်ဆောင်ပေးတဲ့ ကရုဏာ သက်သက် ကြောင့်ပဲ။ ဘုရားသားသမီး တစ်ယောက်ဆုံးရှုံးမယ့်အချိန်ကိုစောင့်နေရင်တော့ မောတာပဲ အဖတ်တင်မယ်။ သူက မကုန်နိုင်တဲ့ ကရုဏာကြောင့် ဆုံးရှုံးခြင်းမရောက် သလို နေ့တိုင်း အသစ် ခံစားနေရတဲ့ ကရုဏာတော်ကြောင့် ပိုလို့တောင် ဆုံးရှုံးစရာ အကြောင်းနဲ့ဝေးသွားတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့

ဘုရားသခင်ရဲ့ မဟာကရုဏာ (၄)

“အ​သက်​ရှင်​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​အ​ကြောင်း​ရှိ​စေ​ခြင်း​ငှာ၊ ဖောက်​ပြန်​ခြင်း၊ ညစ်​စွန်း​ခြင်း၊ ညှိုး​နွမ်း​ခြင်း​နှင့်​ကင်း​စင်​သော အ​မွေ​တော်​ကို ငါ​တို့​သည် ခံ​ရ​စေ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော​အား​ဖြင့်၊ ကြီး​စွာ​သော က​ရု​ဏာ​တော်​နှင့်​အ​ညီ ငါ​တို့​ကို တစ်​ဖန် ဖြစ်​ဖွား​စေ​တော်​မူ​သော၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-” ၁ပေ၁:၃

ဘုရားရဲ့မဟာကရုဏာက အသက်တာကိုဘာတွေယူဆောင်လာပေးလဲ? လူတွေက ဘုရားရဲ့ကရုဏာကို သဘောပေါက်တဲ့သူကနည်းတယ်။ တကယ်တော့ ကြီးမားတဲ့မဟာကရုဏာက ကြီးမားပြီးကောင်းတဲ့အရာတွေများစွာကိုအသက်တာထဲမှာ ယူဆောင်လာပေးတယ်။ တမန်တော်ကြီးပေတရုက ဒီလိုဆိုတယ် ကရုဏာက အသက်ရှင်ခြင်းနှင့်ဆိုင်တဲ့ မျှော်လင့်ချက်များစွာကို ယူဆောင်လာပေးတယ်။ မကောင်းတဲ့လက္ခဏာတွေနဲ့ကင်းတဲ့ ဘုရားရဲ့အမွေတော်ကိုရရှိပိုင်ဆိုင်ဖို့လည်း ဘုရားရဲ့ကရုဏာကပဲ မစလုပ်ဆောင်ပေးတယ်။ ကရုဏာက အသက်တာသစ်မှာမွေးဖွားဖို့ ကူညီဆောင်မတယ်။ ဘုရားရဲ့ ကရုဏာကြောင့်သာမဟုတ်ရင် သင်ဟာဘယ်တော့မှ အသစ်သော အရာတွေကို ပိုင်ဆိုင်ရရှိနိုင်မှာမဟုတ်ဘူး။ ကောင်းမွန်တဲ့အသစ်သောအရာများစွာကို အသက်တာထဲမှာမွေးဖွားစေတာ ဘုရားရဲ့ မဟာကရုဏာကြောင့်ပါ။

စက်တင်ဘာလ ၂၅ ရက်နေ့

ဘုရားသခင်ရဲ့ မဟာကရုဏာ (၃)

“အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည်၊ ကောင်း​သော​သူ မ​ကောင်း​သော​သူ​တို့​အ​ပေါ်၌ ကိုယ်​တော်၏​နေ​ကို ထွက်​စေ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ မ​ဖြောင့်​မတ်​သော​သူ​တို့ အ​ပေါ်၌ မိုး​ကို ရွာ​စေ​တော်​မူ၏။-”ရှင်မဿဲ ၅:၄၅

ဘုရားရဲ့ ကြီးမားတဲ့ ကရုဏာက ကောင်းတဲ့သူ တွေအတွက်ပဲမဟုတ်ဘူး။ အရည်အချင်း ရှိတဲ့သူတွေအတွက်ပဲမဟုတ်ဘူး။ လူသားတိုင်းကို သူ့ရဲ့ကြီးမားတဲ့ ကရုဏာကို ခံစားစေချင်တဲ့သူပါ။ တခြားအရာကို မကြည့်နဲ့ နေပူတာ၊ မိုးရွာတာကိုပဲ ကြည့်ရင်တောင် သူ့ရဲ့ ကရုဏာကို သိမြင်နိုင်တယ်။ ကောင်းတဲ့သူတွေအတွက်သာ နေပူမိုးရွာမယ်ဆိုရင် မကောင်းတဲ့သူတွေအတွက် တော်တော်လေး ခက်ခဲဖြစ်ကြလိမ့်မယ်။ မိုးခေါင်ရေရှားခြင်းကြောင့် ငတ်မွတ်ခေါင်ပါးခြင်း ကြုံတွေ့ နိုင်သလို၊ နေရဲ့အလင်းရောင်ကို မရရင်လည်း လူတွေရှင်သန်ဖို့ခက်လိမ့်မယ်။ လူတွေကို မခက်ခဲစေချင်တဲ့ ကရုဏာရှင်ဘုရားက အခြေအနေပေါ်မှာပဲကြည့်ပြီးတော့ လုပ်ဆောင်ပေးတာမဟုတ်ပဲ။ သူ့ရဲ့သနားခြင်း ကရုဏာကြောင့် ကောင်းမြတ်ခြင်းတွေကို လူတိုင်းကို ခံစားစေတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့

ဘုရားသခင်ရဲ့ မဟာဂရုဏာ (၂)

“အကယ်စင်စစ် အကျွန်ုပ်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကောင်းမြတ်​တော်မူ​ခြင်း​နှင့်​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​နှင့်အတူ​လိုက်ပါ​လာ​လိမ့်မည်​။ အကျွန်ုပ်​သည်​လည်း ထာဝရဘုရား​၏​အိမ်​တော်​၌ အစဉ်အမြဲ​နေ​ရ​ပါ​လိမ့်မည်​။” ဆာလံကျမ်း ၂၃:၆

ငါတစ်ယောက်တည်း၊ ငါနဲ့အတူ ဘယ်သူမှ မရှိဘူး။ လိုအပ်တဲ့ အရာတွေလည်း ငါမပိုင်ဆိုင်ဘူးလို့များ တွေးပြီးစိတ်ဓါတ်ကျမိနေသလား? တကယ်တော့ ဘုရားက ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နဲ့အတူရှိမယ်လို့ ကတိပေးထားတယ်မဟုတ်လား? ဒါကြောင့် ဘုရားသားသမီးတွေအနေနဲ့ မြင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဆွေမျိုးမိဘတွေ အတူမရှိနိုင်ပေမယ့် ဘုရားကတော့အမြဲတမ်းအတူရှိတယ်။ သင့်လက်ထဲမှာ ပိုင်ဆိုင်တာ ဘာတစ်ခုမှ မရှိသေးရင်တောင်မှ ဘုရားရဲ့ ကောင်းမြတ်ခြင်းနှင့် မေတ္တာကရုဏာ သည် အသက်ထက်ဆုံးသင်နဲ့အတူ ရှိနေပါသေးတယ်။ ငွေကြေးတွေထက် ပိုင်ဆိုင်မှုတွေထက် ပိုပြီးတော့ အာမခံချက်ပေးနိုင်တဲ့ ဘုရားရဲ့ မဟာကရုဏာက သင့်အသက်တာမှာ တခဏတာလေးပဲ ရရှိခံစားရတာမဟုတ်ဘူး။ အသက်ထက်ဆုံး သင်နဲ့အတူ ပါရှိပြီးတော့ သင့်ကိုလမ်းပြပို့ဆောင်နေဆဲပါ။

စက်တင်ဘာလ ၂၃ ရက်နေ့

ဘုရားသခင်ရဲ့ မဟာဂရုဏာ

“ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။” ယေရမိမြည်တမ်း‬ ‭၃:၂၂

ကျေးဇူးတော်က မခံသင့်မခံထိုက်တဲ့ အခွင့်အရေးကို ခံစားရခြင်း ဖြစ်ပြီးတော့ ဂရုဏာကတော့ခံသင့် ခံထိုက်တဲ့အပြစ်ဒဏ်ကနေ လွတ်ကင်းချမ်းသာခွင့်ရခြင်းပါ။ တကယ်ဆို လူသားတိုင်း အပြစ်ကြောင့်ခံရမယ့် ပြစ်ဒဏ်က သေးသေးလေးမဟုတ်ဘူး။ လွန်ကျူးမိတဲ့အတိုင်းသာ ခံစားရမယ်ဆိုရင် ဘယ်လိုမှ ဆပ်လို့ကျေမှာ မဟုတ်ဘူး။ အပြစ်ဒဏ် ဘယ်လောက်ကြီးကြီး ဘုရားဂရုဏာလောက်တော့ မကြီး တာအမှန်ပါပဲ။ ဘုရားရဲ့ဂရုဏာကို မသိတဲ့အချိန်မှာတော့ ဘယ်တော့ အပြစ်ဒဏ်ခံရမလဲဆိုပြီးတော့အောက်မေ့တတ်တယ်။ ဘုရားရဲ့ဂရုဏာကို သိရှိသဘောပေါက်ပြီးတဲ့နောက်ပိုင်းတော့ ပြစ်မှားခြင်းကြောင့်ရမယ့် အကျိုးဆက်တွေဟာ ကိုယ်နဲ့ လုံးဝ မဆိုင်တော့ဘူးဆိုတာ နားလည်လာတယ်။ မကုန်ဆုံးနိုင်တော့ဂရုဏာကြောင့် ဘယ််တော့မှ မရှုံးတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရရှိခြင်းပါ။

စက်တင်ဘာလ ၂၁ ရက်နေ့

အကန့်အသတ်မဲ့ ယုံကြည်ခြင်း (၆)

“ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မြင်​လျှင်၊ လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-” ရှင်မာကု ၂:၅

မြင်လို့ ယုံတာက ယုံကြည်ခြင်းလို့မခေါ်ဘူး။ဒါပေမယ့် ယုံကြည်ခြင်းကတော့ မြင်ရတယ်။ လက်ခြေသေတဲ့သူကို ထမ်းခေါ်လာတဲ့ သူငယ်ချင်း(၄)ယောက်ကို ဘယ်အရာမှ တားလို့မရဘူး။ ပတ်လည်ဝိုင်းထားတဲ့ လူတွေကလည်း နေရာမပေးချင်ကြပေမယ့် သူတို့က ယေရှုရှေ့ရောက်အောင် မရမက နည်းလမ်းရှာခဲ့ကြတယ်။ ယုံကြည်ခြင်းရှိရင် ဘယ်လောက်ပဲ အတားအဆီးတွေများပါစေ အမြဲတမ်း နည်းလမ်းရှိတယ်။ ယုံကြည်ခြင်းမရှိတဲ့သူအတွက်တော့ အရာရာဟာ အတားအဆီးဖြစ်နေတာပါပဲ။ သူတို့ရဲ့ လက်မလျော့တဲ့ ယုံကြည်ခြင်းကိုမြင်တဲ့အခါမှာ ယေရှုက သူတို့ရဲ့သူငယ်ချင်းကို ကျန်းမာစေတယ်။

စက်တင်ဘာလ ၂၀ရက်နေ့

အကန့်အသတ်မဲ့ ယုံကြည်ခြင်း (၅)

“ကိုယ်တော်​က​လည်း“သင်​တို့​၏​မ​ယုံကြည်​မှု​ကြောင့်​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​တွင် မုန်ညင်းနက်​စေ့​ခန့်မျှ ယုံကြည်​ခြင်း​ရှိ​ပါက ဤ​တောင်​ကို ‘ဤ​နေရာ​မှ ထို​နေရာ​သို့ ရွေ့​လော့’​ဟု ပြော​လျှင် ၎င်း​သည် ရွေ့သွား​လိမ့်မည်။ သင်​တို့​အတွက် မ​ဖြစ်နိုင်​သော​အရာ​လည်း တစ်စုံတစ်ခု​မျှ​ရှိ​မည်​မ​ဟုတ်။”မဿဲ ၁၇း၂၀

လောကမှာ အလုပ်လုပ်ဖို့ အခက်အခဲဆုံးသူ က အရည်အချင်းမရှိတဲ့သူမဟုတ်ဘူး။ ယုံကြည်ခြင်းမရှိတဲ့သူပဲ။ ယုံကြည်ခြင်းမရှိရင် ဘာလုပ်လုပ် အောင်မြင်မှာမဟုတ်ဘူး။ တွေးတဲ့အရာတွေလည်းမမှန်ဘူး။ ပြောတဲ့အရာတွေလည်းလွဲ။ ဘယ်တော့မှ မှန်ကန်ကောင်းမွန်တဲ့အရာတွေဖြစ်လာမှာမဟုတ်ဘူး။ ယုံကြည်ခြင်းအများကြီးတောင်မဟုတ်ဘူး မုန်ညင်းစေ့လောက်ကလေးပဲရှိရင်တောင် အပြင်မှာ ဖြစ်ပျက်လာမယ့်အရာတွေက အကြီးကြီးတွေ၊ ယုံကြည်ခြင်း မုန်ညင်းစေ့ လောက်က တောင်တွေကိုရွှေ့နိုင်တယ်ဆိုရင် ယုံကြည်ခြင်း တောင်ကြီးလောက်ရှိရင် အာကာသတစ်ခုလုံးတောင် ပြောင်းပြန်ဖြစ်သွားနိုင်တယ်။

စက်တင်ဘာလ ၁၉ရက်နေ့

အကန့်အသတ်မဲ့ ယုံကြည်ခြင်း (၄)

“ထိုအခါ ယေရှု​သည် သူ​တို့​၏​မျက်စိ​ကို​တို့​လျက်“သင်​တို့​၏​ယုံကြည်​ခြင်း​အတိုင်း သင်​တို့​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​သော်” ‭‭ရှင်မဿဲခရစ်ဝင်‬ ‭၉:၂၉

အနာရောဂါတွေနဲ့ သခင်ယေရှုဆီကို လာတိုင်း ယေရှုက မေးလေ့ရှိတဲ့ မေးခွန်းရှိတယ်။ ယုံကြည်လား?ဆိုပြီးတော့။ သူဟာ ဘုရားဖြစ်ပြီးတော့အရာခပ်သိမ်းတတ်နိုင်ပေမယ့် သူတတ်နိုင်တာကို ယုံကြည်တဲ့သူတွေဆီမှာပဲ အဲ့ဒီတန်ခိုးတော်က သက်ရောက်ပြီး ထင်ရှားတယ်။ ဘုရား တတ်နိုင်ခြင်းတန်ခိုးတော်က အကန့်အသတ်မရှိပေမယ့် အဲ့ဒီတန်ခိုးတော်ကို ကန့်သတ်ထားတာက သင့်ရဲ့ယုံကြည်ခြင်းပဲ။ ယုံကြည်ခြင်းတံခါးဝကို ပိတ်ထားရင်တော့ ဘုရားတန်ခိုးတော်ကို အသက်တာမှာ မြင်ရမှာမဟုတ်ဘူး။ ယုံကြည်ခြင်းကို တိုးမြှင့် လိုက်ရင်တော့ ဘုရားတန်ခိုးတော်က အကန့်အသတ်မရှိ အသက်တာမှာဝင်ရောက်လာပါလိမ့်မယ်။

စက်တင်ဘာလ ၁၈ ရက်နေ့

အကန့်အသတ်မဲ့ ယုံကြည်ခြင်း (၃)

“တပ်​မှူး​အား သင်​သွား​လော့။ ယုံ​ကြည်​သည်​နှင့်​အ​ညီ သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​ချင်း​တွင် သူ၏​ငယ်​သား​သည် အ​နာ​ရော​ဂါ​ကင်း၍ သက်​သာ​ခြင်း​သို့ ရောက်​လေ၏။-”ရှင်မဿဲ ၈:၁၃

လောကမှာ အခက်အခဲဆုံးအရာက မယုံနိုင်ခြင်းပဲ။ ယုံကြည်ခြင်းရှိရင် ဘာမဆို ဖြစ်နိုင်တယ်လို့ သခင်ယေရှုအကြိမ်ကြိမ်ပြောပေမယ့် ယုံကြည်ခြင်းမရှိပဲ ရှင်သန်ကြတာခက်တယ်။ ယုံကြည်ခြင်း နိယာမနှင့်ဖန်ဆင်းခြင်းခံရတဲ့ လောကကြီးထဲမှာ ယုံကြည်ခြင်းကိို အသုံးမပြုပဲ ဘယ်လိုမှ ရှင်သန်လို့မရဘူး။ ယုံကြည်ခြင်းရှိတဲ့သူအတွက် အခက်အခဲတွေက ဆီးတားလို့မရသလို၊ မဖြစ်နိုင်ခြင်းတွေက မရပ်တန့်စေနိုင်ဘူး။ သင့်ဘဝမှာ ဖြစ်ပျက်နေသမျှ အားလုံးက သင်ယုံကြည်တဲ့အတိုင်း ဖြစ်တာပါ။ ယုံကြည်ခြင်း ရှိတဲ့သူတစ်ယောက်ကို ဘယ်အရာကမှ ကန့်သတ်ဆီးတားလို့ မရနိုင်ဘူး။

စက်တင်ဘာလ ၁၇ ရက်နေ့

အကန့်အသတ်မဲ့ယုံကြည်ခြင်း (၂)

“ယေရှု​က​လည်း“တတ်နိုင်​လျှင်​ဟု​ဆို​ရ​သလော။ ယုံကြည်​သော​သူ​အတွက် အရာ​ခပ်သိမ်း​သည် ဖြစ်နိုင်​၏”​ဟု မိန့်​တော်မူ​၏။” ရှင်မာကုခရစ်ဝင်၉:၂၃

လုပ်နိုင်တဲ့သူထက် ယုံနိုင်တဲ့သူဘဝမှာ ပိုပြီး ဘုရားအမှုပြုတာကို မြင်ရတယ်။ စာတန်က လူတွေရဲ့အသက်တာမှာ တခြားနေရာမှာ အနှောင့်အယှက်မပေးဘူး။ ယုံကြည်ခြင်း စိတ်ကိုပဲ ကန့်သတ်ပြီးနှောင့်ယှက်ဖို့ကြိုးစားတယ်။ ယုံကြည် ခြင်းကို ကန့်သတ်နိုင်ပြီဆိုရင် ကျန်တဲ့အရာတွေကို ဘာမှ လုပ်စရာမလိုပဲ အလိုလို ကန့်သတ်နိင် လိမ့်မယ်ဆိုတာ သူသိတယ်။ သင့် စိတ်ထဲက ယုံကြည်ခြင်းကို ကန့်သတ်ထားတဲ့အရာတွေကို ဖယ်လိုက်ပါ။ အပြင်မှာ မြင်ရတဲ့ အကန့်အသတ် တွေအားလုံး ပြိုကျသွားပါလိမ့်မယ်။ အကန့်အသတ်မဲ့ ယုံကြည်ခြင်းရှိရင် အရာခပ်သိမ်း ဖြစ်လာပါလိမ့်မယ်။

စက်တင်ဘာလ ၁၆ရက်နေ့

အကန့် အသတ်မဲ့ ယုံကြည်ခြင်း

“သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း ယုံကြည်​ခြင်း​ဖြင့် တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို သင်​တို့​ရ​ကြ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။” ရှင်မဿဲခရစ်ဝင် ၂၁:၂၂

ဘယ်အရာက သင့်ကို ကန့်သတ်ထားတယ်လို့ ထင်သလဲ? စာတန်က သင့်ကို ကန့်သတ်လို့မရဘူး သူကိုယ်တိုင်တောင် ဘုရားက ကန့်သတ်ထားတာ။ လူတွေက သင့်ကို ကန့်သတ်လို့မရဘူး။ ပတ်ဝန်းကျင်ကလည်း သင့်ကို ကန့်သတ်လို့မရဘူး။ အခြေအနေတွေ အဖြစ်ပျက်တွေကလည်း သင့်ကို ကန့်သတ်လို့မရဘူး။ သင့်ကို ကန့်သတ်လို့ရတာ သင့်ကိုယ်တိုင်ပဲ ရှိတယ်။ ယုံကြည်ခြင်းမရှိရင် ဘဝမှာ အကန့်အသတ်တွေရှိနေလိမ့်မယ်။ ယုံကြည်ခြင်း ရှိလာရင် တော့ အကန့်အသတ်တိုင်းကို ကျော်လွန်ပြီးတော့ ရှင်သန်နိုင်လိမ့်မယ်။ ယုံကြည်ခြင်းပါပြီးတော့ လုပ်သမျှအောင်မြင်မယ်၊ တောင်းသမျှဆုတွေ ရမယ်။ ကိုယ်လုပ်မှ ကိုယ်ရမှာမဟုတ်ဘူး။ ကိုယ်ယုံမှ ကိုယ်ရမယ်။

စက်တင်ဘာလ ၁၄ ရက်နေ့

ဘုရားသခင်ရဲ့ လမ်း (၆)

“ပင်လယ်ပြင်​၌ လမ်းမ​ကို​လည်းကောင်း​၊ လှိုင်းထန်​သော​ရေပြင်​၌ လမ်း​ကို​လည်းကောင်း ဖြစ်​စေ​တော်မူ​သော​၊” ‭‭ဟေရှာယအနာဂတ္တိကျမ်း‬၄၃:၁၆

ဘုရားရဲ့လမ်းကရှိနေ၊ မြင်နေရတဲ့လမ်း ဖြစ်ချင်မှဖြစ်လိမ့်မယ်။ သိနေသွားနေကျ လမ်းဟုတ်ချင်မှ ဟုတ်လ်ိမ့်မယ်။ ဘုရားသွားစေချင်တာ သေချာတယ်ဆိုရင် ယုံကြည်ခြင်းနှင့်သွားပါ။ ဘုရားက သူ့သားသမီးတွေအတွက်အမြဲတမ်း လမ်းမရှိတဲ့အရပ်မှာ လမ်းကိုဖွင့်ပေးတဲ့သူပါ။ ရိုးရိုးနေရာမှာတောင်မဟုတ်ဘူး ။ ပင်လယ်ပြင်လိုနေရာမျိုးမှာတောင် လမ်းမကို ဖြစ်စေပြီးတော့ လှိုင်းထန်တဲ့ ရေပြင်မှာ လမ်းကိုဖြစ်စေတဲ့သူ၊ ဒါဟာ အပြောသက်သက်မဟုတ်ပဲ လက်တွေ့တကယ်ဖြစ်ပျက်ခဲ့ပြီးသားလည်းဖြစ်တယ်။ ဣသရေလ လူမျိုးတွေကို ပယ်လယ်နီအလယ်မှာ လမ်းပေါ်စေပြီး ဖြတ်သန်းသွား လာစေသလို လှိုင်းထန်တဲ့ ရေပြင်မှာလည်း ပေတရုကို ရေပေါ်လမ်းလျှောက်စေခဲ့တယ်။ သင့်ဘဝအသက်တာမှာလည်း ရှိနေတဲ့လမ်းကနေ ပို့ဆောင်ပေးမှာ မဟုတ်ဘူး။ မရှိတဲ့လမ်းကို ဖြစ်စေပြီး အကောင်းဆုံး ပြင်ဆင် ပို့ဆောင်ပေးမယ်။

စက်တင်ဘာလ ၁၃ ရက်နေ့

ဘုရားသခင်ရဲ့ လမ်း (၅)

“ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​သည် မည်သူ​နည်း​။ ကိုယ်တော်​သည် ထို​သူ​ရွေးချယ်​ရ​မည့်​လမ်း​ကို သူ့​အား​သွန်သင်ပြသ​တော်မူ​လိမ့်မည်​။ သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းမွန်​စွာ​နေထိုင်​ရ​၍ သူ​၏​သားစဉ်မြေးဆက်​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။” ‭‭ဆာလံကျမ်း‬ ၂၅:၁၂-၁၃

ဘယ်လမ်း သွားရမလဲ ရွေးဖို့ အခက်တွေ့နေသလား? လူတိုင်းကြုံရတတ်ပါတယ် ဘယ်လမ်းက ကိုယ်အတွက် အကောင်းဆုံးဖြစ်မလဲ? ဘယ်လမ်းကို သွားရမလဲဆိုတာ ရွေးရတဲ့ခက်တဲ့အချိန်ဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ ဆာလံဆရာကတော့ပြောတယ် ဘုရားကိုကြောက်ရွံ့ ရိုသေတတ်တဲ့သူတွေကို ဘုရား က အမြဲတမ်း သူရွေးရမယ့်လမ်းကို သွန်သင်ပြသတယ်။ သင်ကိုယ်တိုင် ရွေးချယ်တဲ့လမ်းထက် ဘုရားရွေးပေးတဲ့လမ်းကို သိမြင်ပြီးလျောက်ချင်တယ်ဆိုရင် ဘုရားကိုကြောက်ရွံ့တဲ့စိတ်နှင့်ရှင်သန်ပါ။ ဘုရားကိုယ်တိုင်သွန်သင်ပြသပြီး ရွေးချယ်တဲ့လမ်းက သင့်တစ်ဘဝစာသာကောင်းစားမှာမဟုတ်ဘူး။ သားစဉ်မြေးဆက်တိုင်အောင် ထူးခြားပြီးကောင်းးစားမယ်။

စက်တင်ဘာလ ၁၂ ရက်နေ့

ဘုရာသခင်ရဲ့လမ်း (၄)

‘အ​ကြောင်း​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့၏​လမ်း​ကို ထာ​ဝ​ရ​ဘု​ရား​သိ​ကျွမ်း​တော်​မူ​၏။ မ​တ​ရား​သော​သူ​တို့​၏​လမ်း​သည် ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​သ​တည်း။’ ဆာလံ ၁:၆

ဘုရားသိကျွမ်းတဲ့လမ်းကို လျှောက်တဲ့ သူနှင့် မတရားတဲ့သူ လျှောက်တဲ့လမ်းက မတူဘူး။ ဘုရားသခင် သင့်ကိုလမ်းပြပို့ဆောင်တဲ့လမ်းမှာ မစင်ကြယ်တဲ့သူ လျှောက်မသွားရ။ ဟေ ၃၅း၈ ကိုယ်တိုင်တော် ခရီးသွားမယ်။ ဟေ ၃၅း၈ သားရဲတကောင်မှ ရှာမတွေ့၊ ဟေ၃၅း၉ လမ်းလွဲသောသူ တစ်ယောက်မှမရှိ။ ဟေ ၃၅း၉ ငြီးတွားခြင်းနှင့် ဝမ်းနည်းခြင်း နေရာယူလို့မရ။ ဟေ ၃၅း၉ ဘယ်လောက် ကောင်းလိုက်တဲ့လမ်းလဲ? ဖြောင့်မတ်သူကတော့ ဘုရား နဲ့အတူလျှောက်ရတဲ့ လမ်းကိုပဲ လျှောက်ခွင့်ရပြီးတော့ ဆုံးရှုံးခြင်းဆိုတာ ရှာလို့တောင်မတွေ့ နိုင်ဘူး။ မတရားတဲ့သူလျှောက်တဲ့လမ်းကတော့ အဆိုးဆုံးက ဘုရားမပါခြင်းပဲ။ ရလဒ်ကတော့ အောင်မြင်ခြင်းနှင့် အလှမ်းဝေး ကွာခြင်းပါပဲ။

စက်တင်ဘာလ ၁၁ ရက်နေ့

ဘုရာသခင်ရဲ့လမ်း (၃)

‘ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​သ​ဘော၊ ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ အ​ပြစ်​ရှိ​သော​သူ​တို့​ကို လမ်း​ပြ​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​ကို တ​ရား​လမ်း၌ သွေး​ဆောင်​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့​အား ခ​ရီး​တော်​တို့​ကို သွန်​သင်​တော်​မူ၏။ ‘ဆာလံ ၂၅:၈-၉

ဘုရားသခင်ရဲ့လမ်းကို လူတိုင်း လျှောက်ခွင့် ဘုရားက ပေးထားတယ်။ လူတွေကောင်းလို့ အရည်အချင်းရှိလို့ ဘုရားရဲ့လမ်းထဲကို လျှောက်လှမ်းခွင့်ရတာမဟုတ်ဘူး။ ဘုရားရဲ့ ကောင်းမြတ်ခြင်း နှင့် ဖြောင့်မတ်သောသဘောကြောင့်ဖြစ်တယ်။ အားနည်းချက်ရှိတဲ့သူ မပြည့်စုံတဲ့သူတွေကိုတောင် ဘုရားက မကျန်စေချင်ဘူး။ ပြည့်စုံမှ အပြစ်နဲ့ ကင်းမှ ဘုရားလမ်းကို လျှောက်လှမ်းခွင့်ပေးတာမဟုတ်ဘူး။ ဘုရားရဲ့လမ်းကို လျှောက်ရင်း သင်ဟာ ပိုပြည့်စုံလာမယ် ပိုပြီးတော့ သန့်ရှင်းခြင်းနှင့် ပြည့်ဝလာလိမ့်မယ်။ နှ်ိမ့်ခြင်းသဘော ဖြစ်တဲ့ သွန်သင်ခံခြင်လေ ဘုရားက သင့်ကို သူ့ရဲ့လမ်းကို ပိုပြီးသင်ပေးပါလိမ့်မယ်။

စက်တင်ဘာလ ၁၀ ရက်နေ့

ဘုရားသခင်ရဲ့လမ်း (၂)

“သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။” ‭‭ဆာလံ‬ ‭၈၄း၇

ဘုရားရဲ့လမ်းကို နေ့စဉ်လျှောက်လှမ်းတဲ့သူတွေမှာ တွေ့ရတဲ့ အရာကတော့ ဘယ်တော့မှ အားမလျော့သွားပဲပိုပြီး အားကြီးလာခြင်းပါပဲ။ ကိုယ့်စိတ်ကြိုက်လမ်းလျှောက်လှမ်းတဲ့သူတွေကတော့ ကြာရင်အားအင်ကုန်ခမ်းပြီးတော့ စိတ်ပျက်အားလျော့သွားတတ်ကြတယ်။ လူတွေက နှစ်ပေါင်း နှစ်ဆယ်ကျော် ဘုရားသခင်ရဲ့ခေါ်ခြင်း နောက်လိုက်လာပြီးတဲ့အခါမှာ ဘုရားရဲ့ လမ်းကိုလိုက်ရတာ စိတ်ပျက်တဲ့အချိန် အားကုန်သွားတဲ့အချိန်မရှိဘူးလားလို့မေး တတ်ကြတယ်။ ကျွန်တော် နှစ်ပေါင်းများစွာ ဘုရားပြတဲ့လမ်း လျှောက်လှမ်း တဲ့အခါမှာ ရှိတဲ့အားမကုန်တဲ့အပြင် အရင်ထက်ပိုပြီး အားတွေ ပိုတိုးလာတယ်။ စိတ်ဓါတ်မကျတဲ့အပြင် ပိုပြီးတော့ တက်ကြွလာသေးတယ်။ ဘုရားလျှောက်ခိုင်းတဲ့လမ်းသာမှန်ပါစေ အားတွေလျော့ သွားမှာမဟုတ်ဘူး ပိုတိုးလာတာပဲရှိပါလိမ့်မယ်။

စက်တင်ဘာလ ၉ ရက်နေ့

ဘုရာသခင်ရဲ့လမ်း

“ကိုယ်​တော်​ကို အား​ပြု​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထို​သို့​သော​သူ​တို့​သည် လမ်း​ခ​ရီး​တော်​တို့​ကို နှ​လုံး​သွင်း​တတ်​ကြ​ပါ၏။” ဆာလံ‬ ‭၈၄:၅

နေ့တိုင်းမှာ ရွေးစရာ (၂)ခုရှိတယ်။ တစ်ခုကတော့ ကိုယ်စိတ်ကြိုက်၊ ကိုယ့်စိတ်ကူးအတိုင်း ရွေးချယ်တဲ့လမ်း။နောက်တစ်လမ်းကတော့ ဘုရားသခင် သင့်ကိုလျှောက်စေချင်တဲ့လမ်း။ ဒီလမ်းနှစ်ခုဟာ နေ့တိုင်း သင်ရွေးချယ်ရတယ်။ ဘယ်လမ်းကို သင်ရွေးသလဲဆိုတာက သင့်ဘဝရဲ့ အပြောင်းအလဲတွေကို ဆုံးဖြတ်ပေးတယ်။ ဘုရားရဲ့လမ်းအတိုင်း သွားလာတဲ့သူတွေက ကိုယ့်အားကိုယ်ကိုးပြီးရှင်သန်တဲ့သူတွေမဟုတ်ဘူး။ ကိုယ်ဉာဏ် ပေါ်မှာ ရွေးချယ်ဆုံးဖြတ်တာမဟုတ်ဘူး။ ဘုရားကို ရာနှုန်းပြည့် အားပြု ပြီးတော့ရှင်သန်တဲ့ သူတွေဖြစ်တယ်။ ဘုရားပြတဲ့ လမ်းကိုလျှောက်လှမ်းတဲ့သူတွေက ဘုရားကလွဲပြီးတော့ အားကိုးစရာ မရှိ၊ အခြားအရာတွေကိုအားပြုလို့မရပဲ ဘုရားကိုပဲ အပြည့်အဝ အားပြုထားတဲ့သူတွေပါ။​

စက်တင်ဘာလ ၇ ရက်နေ့

ဘုရားသခင့်ရဲ့နိုင်ငံတော်(၆)

‘ယေ​ရှု​က၊ ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်၍ ကြည့်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် မ​ထိုက်​မ​တန်​ဟု မိန့်​တော်​မူ၏။’ ရှင်လုကာ ၉:၆၂

နောက်ပြန်လှည့်တယ်ဆိုတဲ့ စကားက ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာ မရှိဘူး။ လဲကျရင် (၇) ကြိမ်ပြန်ထ ခွင့်ရှိပေမယ့် နောက်ပြန်လှည့်တဲ့အတွက်တော့ ဘုရားသခင်နိုင်ငံတော်မှာ နေရာမရှိဘူး။ ဘယ်လောက်ပဲ ဆိုးသွမ်းပါစေ၊ မကောင်းတဲ့လူဘယ်လောက်ဖြစ်ပါစေ၊ ဘုရားသခင်ရဲ့ကျေးဇူးတော်က ထိုက်တန်တဲ့ဘဝကို ပို့ဆောင်ပေးတယ်။ အားနည်းချက် ဘယ်လောက်ပဲရှိရှိ၊ ဘယ်လောက်ပဲ ပညာမတတ်တဲ့သူပဲဖြစ်ပါစေ သခင်ယေရှုအားဖြင့် ထိုက်တန်တဲ့သူဖြစ်စေတယ်။ ဒါပေမယ့် နောက်ပြန်လှည့်တဲ့ သူအတွက်တော့ ထိုက်တန်တဲ့အရာ ဘာဆိုဘာမှမရှိတော့ဘူး။ နောက်လှည့်ကြည့်တဲ့ လောတ မယားလိုဆားတိုင်အဖြစ်နဲ့ပဲ ကျန်ခဲ့လိမ့်မယ်။ ဘုရားနိုင်ငံတော်သား တစ်ယောက်အနေနဲ့ ဘယ်‌တော့မှ နောက် မလှည့်ပဲ ရှေ့မှာရှိတဲ့ ပန်းတိုင်ကို ချီတက်တဲ့ သူ ဖြစ်ပါ။ မထိုက်တန်တဲ့လုပ်ရပ်ကို ဘယ်တော့မှ မလုပ်မိစေနဲ့။

စက်တင်ဘာလ ၆ ရက်နေ့

ဘုရားသခင့်ရဲ့နိုင်ငံတော် (၅)

“ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။-”ရှင်မဿဲ ၁၈:၄

ကြီးမြတ်သောသူရဲ့ နှလုံးသား

ကောင်းကင်နိုင်ငံဟာ လောကနိုင်ငံနဲ့ လုံးဝမတူပါ။ လောကကြီးက ကြီးမြတ်သူဖြစ်ဖို့ လုပ်ဆောင်ရမယ့် အရာတွေများစွာရှိပေမယ့် ဘုရားနိုင်ငံတော်မှာတော့ နှလုံးဟာ အဓိကကျတယ်။ လုပ်ဆောင်မှုတွေထက် နှလုံးသားကို ကြည့်တဲ့ ဘုရားပါ။ လုပ်နိုင်တဲ့ သူထက် ဘုရားနှစ်သက်တဲ့ နှလုံးသား ရှိတဲ့သူကိုပိုချီးမြှောက်တယ်။ သူငယ်တယောက်လို ပဲ ဟန်ဆောင်မှုကင်းပြီး နှိမ့်ချ တဲ့သူတွေဟာ ဘုရားနိုင်ငံတော် မှာ အမြင့်ဆုံး ချီးမြှောက်ခံရမယ့် သူတွေပဲ။ နှိမ့်ချတဲ့နှလုံးသားဟာ ဘုရားနိုင်ငံတော်မှာ အမြင့်ဆုံးချီးမြှောက်ခံရမယ့် အကြီးမြတ်ဆုံးသောတွေပဲ။

စက်တင်ဘာလ ၅ ရက်နေ့

ဘုရားသခင်ရဲ့ နိုင်ငံတော် (၄)

‘ငါ​သည် ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​မှန်​လျှင်၊ အ​ကယ်​စင်​စစ် သင်​တို့၌ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော် တည်​ချိန်​ရောက်​လေ​ပြီ။- ‘ ရှင်မဿဲ ၁၂:၂၈

ဘုရားသခင့်ရဲ့နိုင်ငံတော် တည်ချိန်ရောက်ပြီ

အဆိုးတွေကို ဖယ်ရှားမောင်းထုတ်ခြင်း မပြုလုပ်ပဲ ဘယ်လိုကောင်းတဲ့အရာကို တည်ဆောက်မလဲ? နတ်ဆိုးတွေကို မနှင်ထုတ် မဖယ်ရှားပဲ ဘုရားရဲ့နိုင်ငံတော်ကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နတ်ဆိုးနှင်ထုတ်ခြင်းက သခင်ယေရှုအမှုတော်မြတ်ရဲ့ အရေးကြီးတဲ့ နေရာမှာပါဝင်ခဲ့တယ်။ ဘာသာရေးသမားတွေကတော့ နတ်ဆိုးနှင်ထုတ် တာကို နတ်ဆိုးနှင့်ပေါင်းတယ်လို့မြင်ခဲ့တာ အခုမှမဟုတ်ဘူး။သခင်ယေရှုခေတ်ကတည်းကပဲ။ ဓမ္မဟောင်းကျမ်းတစ်ခုလုံးမှာလည်း နတ်ဆိုးမောင်းထုတ်ခဲ့တာဆိုလို့ ဒါဝိဒ်ပဲရှိခဲ့တာကိုး။သူကလည်းတကယ့် ဘုရားဘုန်းတော်နှင့်ပြည့်တဲ့ နိုင်ငံကိုတည်ဆောက်ခဲ့တဲ့သူ။ မှောင်မိုက်ခြင်းနဲ့ပြည့်နှက်တဲ့ စာတန်နိုင်ငံကို ဖယ်ရှားပြီးမှပဲ အလင်းနှင့်ပြည့်တဲ့ဘုရားနိုင်ငံတော်ကိုတည်ဆောက်နိုင်မယ်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနှင့် နတ်ဆိုးတွေကို မောင်းထုတ်ခြင်းဟာ ဘုရားနိုင်ငံတော်ကို တည်ဆောက်ခြင်းရဲ့အခြေခံပဲ။ ဘုရားနိုင်ငံတော် တည်ဆောက်ချင်တယ်ဆိုရင် တခြားနည်းလမ်းနဲ့တော့မရဘူး။ သန့်ရှင်းသောဝိညာဉ်တော်ကို အမှီပြုပြီး နတ်ဆိုးတွေကို ဖယ်ရှားရှင်းလင်းခြင်းတော့ လုပ်ကိုလုပ်ရမယ်။

စက်တင်ဘာလ ၄ ရက်နေ့

ဘုရားသခင်ရဲ့ နိုင်ငံတော် (၃)

“အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် စကား​၌​မ​တည်​ဘဲ တန်ခိုး​၌​တည်​၏။” ကောရိန္သုဩဝါဒစာပထမစောင် ၄:၂၀

အပြောပဲမဟုတ်

လူတွေက စကားလုံးလှလှလေးတွေကြားျင်တာပဲမဟုတ်သလို ဘုရားကလည်းစကားအပြောလေးတွေကြားမှာပဲ နှစ်သိမ့်ပေးတဲ့ လေထဲတိုက်အိိမ်ဆောက်တဲ့ဘဝနဲ့ပဲ သူ့ရဲ့ နိုင်ငံတော်ကိုတည်ဆောက်မှာမဟုတ်ဘူး။ ဘုရားရဲ့နိုင်ငံတော်ဟာ ပြောတာနဲ့ပဲ မပြီးသွားဘူး။ တန်ခိုးနှင့်အမြဲတမ်းသက်သေထူတယ်။ စကားလုံးတွေကြားမှာ ချောင်ပိတ်မမိစေနှင့်။ အပြောလေးတွေနဲ့ပဲ ကျေနပ်နေတဲ့ သူမဖြစ်နဲ့။ ပြောတဲ့အတိုင်းထက်တောင် ပိုပြီးတော့ဖြစ်ပေါ်လာတဲ့ ဘုရားရဲ့တန်ခိုးတော်ကို အမှီပြုပြီး ရှင်သန်ဖို့လိုတယ်။ ဘုရားနိုင်ငံသားတွေဟာ အပြောနဲ့ပဲ လုပ်တဲ့သူမဟုတ်ပဲ တန်ခိုးနှင့် သက်သေထူတဲ့သူဖြစ်ကြောင်း တစ်လောကလုံးသိဖို့အချိန်ရောက်ပြီ။ အပြောသမားများနေပြီးတော့ တန်ခိုးနှင့်ရှင်သန်တဲ့သူ နည်းနေသေးလို့ ထိရောက်သင့်သလောက် မထိရောက်သေးဘူး။

စက်တင်ဘာလ ၃ ရက်နေ့

ဘုရားသခင်ရဲ့နိုင်ငံတော် (၂)

“ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-” ရောမ ၁၄း၁၇

နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ်

ဘုရားသခင်နိုင်ငံတော်ဟာ ဘယ်အပေါ်မှာ တည်ဆောက်ထားတာလဲ? လောကရဲ့ အသက်ရှင် ‌‌ေမ်းခြင်းက နေ့စဉ် စားဝတ်နေရေး ပြေလည်ခြင်း မပြေလည်ခြင်း အပေါ်မှာ တည်ဆောက်ထားပေမယ့် ဘုရားနိုင်ငံတော် ကတော့ လောကလိုမဟုတ်ဘူး။ လူတွေက စားဝတ်နေရေး အဆင်ပြေရင် တမျိုးမပြေရင်တမျိုး ပြောင်းလဲတတ်သလို၊ လူတန်းစားကိုလည်း စားဝတ်နေရေး အပေါ်မူတည်ပြီးတော့ ခွဲခြားတတ်တယ်။ စားဝတ်နေရေး ပြေလည်သူ လူချမ်းသာများနဲ့ မပြေလည်သူ လူဆင်းရဲဟူပြီးတော့ ခွဲခြားသတ်မှတ်တယ်။ ဘုရားနိုင်ငံကတော့ ဒီလိုမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသီးအပွင့်တွေ အပေါ် အခြေခံအုတ်မြစ် တည်ဆောက်ထားတယ်။ ဝိညာဉ်တော်ရဲ့ အသီးအပွင့် မရှိပဲနဲ့ ဘယ်လိုမှ ဘုရားနိုင်ငံတော်ထဲမှာ ရှင်သန်ကြီးထွားနိုင်မှာမဟုတ်ဘူး။

စက်တင်ဘာလ ၂ ရက်နေ့

ဘုရားသခင်ရဲ့နိုင်ငံတော်

‘ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။ ‘ ရှင်မဿဲခရစ်ဝင် ၆:၃၃

ဉီးစားပေးတာမှန်ရင်

ဘုရားသခင် နိုင်ငံတော်သားတစ်ယောက်အနေနဲ့ ဉီးစားပေးရမယ့်အရာကို မမေ့စေချင်ဘူး။ စားဝတ်နေရေးဉီးစားပေးစနစ်ကနေ နိုင်ငံတော်ဉီးစားပေးစနစ်ထဲကို မကူးပြောင်းနိုင်သရွေ့ စိုးရိမ်ခြင်းရဲ့ဖိစီးမှုအောက်မှာပဲရှိနေအုံးမယ်။ စားဝတ်နေရေး အဆင်ပြေဖို့အတွက် ဖြောင့်မတ်ခြင်း တရားကိုဘေးဖယ်ထားသရွေ့ ထပ်လောင်းပေးမယ့်အရာတွေရောက်လာဖို့ ကြန့်ကြာနေအုံးမှာပဲ။ ဘုရားနိုင်ငံတော်သာ ပထမဆိုတဲ့ မှန်ကန်တဲ့ ဉီးစားပေးတဲ့အရာ မှန်ကန်လာတယ်ဆိုရင် စိုးရိမ်နေတဲ့ စားဝတ်နေရေး အရာတွေက လိုအပ်တာထက် ပိုလျှံစွာ အသက်တာကို ရောက်လာပါလိမ့်မယ်။

ဩဂုတ်လ ၃၁ ရက်နေ့

မျက်နှာပွင့်လန်းခြင်း

“အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-” တမန်တော် ၇:၁၀

ဘုရားပေးတဲ့မျက်နှာသာက ဘယ်လောက်တောင် ကောင်းလိုက်သလဲဆိုရင် သင့်ကို အလုံးစုံသော ဒုက္ခဆင်းရဲခြင်းထဲကနေ ကယ်တင်ပြီးတော့၊ အကောင်းဆုံးသော နေရာကို ပြင်ဆင်ပို့ဆောင်ပေးတယ်။ အကိုတွေက ယောသပ်ကို အိမ်မက်ပျက်ဆီးဖို့ရန် ကျွန်အဖြစ်ရောင်းစားလိုက်ပေမယ့်၊ ပေါတိဖါဇနီးက ယောသပ်ကို သူ့အလိုမလိုက်တဲ့အတွက် ထောင်ထဲမှာ အဆုံးသတ်သွားဖို့ လုပ်ဆောင်ပေမယ့် ဘုရားရဲ့မျက်နှာသာ လူတွေပေးတဲ့ဒုက္ခဆင်းရဲအလုံးစုံကနေ လွတ်မြောက်စေပြီး အိမ်မက်ကိုပြည့်စုံစေတဲ့ဘဝကို ပို့ဆောင်ပေးတယ်။ ဘုရားပေးတဲ့မျက်နှာသာရှိတယ်ဆိုရင် ဘယ်သူမှ ဘယ်လိုမှ သင့်ကို ဒုက္ခဆင်းရဲထဲကို တွန်းမချနိုင်ဘူးဆိုတာ ယုံပါ။

ဩဂုတ်လ ၃၀ ရက်နေ့

အမြဲတည်သော မျက်နှာသာ

“For His anger is but for a moment, His favor is for life; Weeping may endure for a night, But joy comes in the morning.” Psalms‬ ‭30‬:‭5‬ ‭NKJV‬‬

ဘုရားရဲ့ အမျက်တော်ဆိုတာ ကြောက်ဖို့ကောင်းပေမယ့် အမြဲခံစားဖို့အတွက်မဟုတ်ဘူး။ အမျက်တော်ထက် မျက်နှာသာဟာ ပိုကောင်းတယ်၊ ပိုကြီးတယ်။​ မျက်နှာသာရခြင်းကတော့ အမြဲခံစားဖို့အတွက် ဖြစ်တယ်။ လူတွေက အမျက်တော် အကြောင်းကိုပဲ ပုံကြီးချဲ့ပြီးတော့ ပြောဆိုဝန်ခံနေကြတယ်။ တကယ်တော့ အမျက်တော်ထက် ပိုကောင်းတဲ့ ပိုကြီးတဲ့မျက်နှာသာတော်အကြောင်းကိုတော့ ပြောဖို့ဝန်ခံဖို့မေ့နေတတ်ကြတယ်။ အမျက်တော်ကြောင့် လူတွေဟာ ငိုကြွေးခြင်း၊ ဝမ်းနည်းခြင်းတွေ ဘယ်လောက်ပဲခံစားရခံစားရ နေ့ရက်တိုင်းမှာ အသစ်သောမျက်နှာသာ ကျေးဇူးကြောင့် ငိုကြွေးခြင်းကိုအဆုံးသတ်ပြီး သီချင်းဆိုရတဲ့အခွင့်ကို ရတယ်။ နေ့ရက်သစ်တိုင်းမှာ မျက်နှာသာရခြင်းကြောင့် ငိုကြွေးသောကရောက်ခြင်းကနေ ဝမ်းမြောက်ကခုန်ချီးမွမ်းခြင်းဘဝကို ရရှိစေတယ်။

ဩဂုတ်လ ၂၉ ရက်နေ့

သူများမရနိုင်တာ ယူဆောင်ပေးသောမျက်နှာသာ

“ဣ​သ​ရေ​လ​သည် အ​သက်​ကြီး​စဉ်​အ​ခါ သား​ယော​သပ်​ကို​ရ​သော​ကြောင့်၊ အ​ခြား​သော​သား​အ​ပေါင်း​တို့​ကို​ချစ်​သည်​ထက် ယော​သပ်​ကို​သာ၍​ချစ်၏။ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အင်္ကျီ​ကို​ချုပ်၍​ပေး၏။” ကမ္ဘာဦးကျမ်း ၃၇:၃

လူတွေ လွယ်လွယ်ကူကူ မရနိုင်တဲ့အရာတွေကို ဘုရားမျက်နှာသာခံစားရတဲ့သူတွေအသက်တာမှာ လွယ်လွယ်ကူကူရရှိခံစားတယ်။ ဘယ်လောက်တောင် ရသလဲ ဆိုရင် ညီအကိုချင်းတောင် မနာလိုဖြစ်ရတဲ့အထိကိုရရှိတာ။ သူများရတာပဲ သင်ရတယ်ဆိုရင် သင့်မှာ ဘုရားမျက်နှာသာလိုတယ်။ ဘုရားမျက်နှာသာက အခြားသူတွေ မရနိုင်ဘူးလို့ထင်တဲ့အရာတွေကို အလွယ်တကူ သင့်ဆီကို ရောက်လာစေတယ်။ ယောသပ်ကို သူ့ဖခင်က ချစ်တဲ့အတွက် အခြားသူတွေထက်သူဟာ မျက်နှာသာရတယ်။ အဲ့ဒီမျက်နှာသာဟာ လူတိုင်း လိုချင်မျှော်လင့်နေတဲ့ အရာတွေ၊ လူတိုင်း မရနိုင်တဲ့အရာတွေကိုယူဆောင်လာပေးတယ်။ ဘုရားက သင့်ကို ထူးခြားတဲ့မျက်နှာသာခံစားရတဲ့ သူဖြစ်စေချင်တယ်။

ဩဂုတ်လ ၂၈ ရက်နေ့

အပြောင်းအလဲများကို ယူဆောင်လာသောမျက်နှာသာ

“သူ​တို့​တောင်း​သည်​အ​တိုင်း၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပေး​ချင်​သော​စေ​တ​နာ​စိတ်​ကို ထာ​ဝ​ရ​ဘု​ရား​ဖြစ်​စေ​တော်​မူ၏။ မော​ရှေ​သည်​လည်း၊ အဲ​ဂု​တ္တု​ပြည်​တွင် ဖာ​ရော​ဘု​ရင်၏​ကျွန်​များ၊ လူ​များ​ရှေ့၌ ကြီး​စွာ​သော​အ​သ​ရေ​ရှိ​လေ၏။” ထွက်မြောက်ရာ ၁၁း၃

အရင်က မဖြစ်ဖူး၊ မဖြစ်နိုင်ရင် နောက်မှာ မဖြစ်လာဘူးလို့တော့ မထင်လိုက်နဲ့။ ဘုရားမျက်နှာသာ သင့်ဘဝမှာ ရောက်လာရင် မဖြစ်ဖူး၊ မဖြစ်နိုင်တာတွေအားလုံးက ပြောင်းလဲသွားပြီးတော့ အခက်အခဲမရှိ ဖြစ်လာလိမ့်မယ်။ ဘယ်လောက်များ ထူးဆန်းအံ့ဩဖို့ကောင်းသလဲ? ဘုရားရဲ့မျက်နှာသာ ခံစားရတဲ့ဘဝလောက်ကောင်းတာ ဘာများရှိအုံးမလဲ? အရင်ကအထင်သေးခံရတဲ့ မောရှေက မျက်နှာသာရောက်လာတဲ့အချိန်မှာ အထင်ကြီးလေးစားခြင်းခံရတဲ့ မောရှေဖြစ်လာတယ်။ လူတွေ ရဲ့အမြင်ဟာ မျက်နှာသာ ရတဲ့အခါမှာ လုံးဝကို ပြောင်းလဲသွားတယ်။ အရင်က ဘာမှ တောင်းဆိုလို့မရတဲ့ ဣသရေလ လူမျိုးတွေအတွက် စေတနာနှင့်ပေးျင်တဲ့စိတ်ကိုလည်း ဘုရားကထည့်ပေးတယ်။ မျက်နှာသာ ခံစားတဲ့ဘဝလောက် ကောင်းတာ မရှိဘူးဆိုတာ သိစေျင်တယ်။ အရည်အချင်းရှိတိုင်းအောင်မြင်တာမဟုတ်ဘူး။ ဘုရားမျက်နှာသာ ရှိမှပဲ မမျှော်မှန်းနိုင်လောက်အောင် တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။

ဩဂုတ်လ ၂၇ ရက်နေ့

မျက်နှာသာရသောအခွင့်

“ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ မျက်​နှာ​ရ​သော​အ​ခွင့်​ကို​ငါ​ပေး၍၊ သင်​တို့​သည် ထွက်​သွား​သော​အ​ခါ လက်​ချည်း​မ​သွား​ရ​ကြ။” ထွက်မြောက်ရာ ၃:၂၁

ဘုရားထံကနေ မျက်နှာသာရခြင်းကဘယ်လောက်တောင် အသက်တာကို ပြောင်းလဲသွားစေလဲ? အရင်က ဘာတောင်းတောင်းမပေးတဲ့ အဲဂုတ္တုလူတွေက အခုတောင်းခြင်းသမျှ တောင်းလို့ရတဲ့ အထိဘုရားက ပြောင်းလဲသွားစေတယ်။ ဘုရားကို ဝတ်ပြုဖို့ သုံးရက်လေး တောင်းတာ တောင်မပေးဘူး။ အင်မတန်မှ ခေါင်းမာတဲ့ လူမျိုး၊ နှစ်ပေါင်း ၄၀၀ ကျော် အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးထားတဲ့လူမျိုးကို စေတနာစိတ်နှင့် ပေးကမ်းတဲ့သူတွေဖြစ်လာအောင် ဘုရားထံကလာတဲ့ မျက်နှာသာက ပြောင်းလဲစေတယ်။ ဘုရားမျက်နှာသာ သင့်ဆီရောက်လာရင် အရင်က သင့်ကိုနာကျင်စေတဲ့ လူတွေက ကြင်နာမှုတွေသူတွေ ဖြစ်လာလိမ့်မယ်။

ဩဂုတ်လ ၂၆ ရက်နေ့

မျက်နှာသာ ခံစားရတဲ့အချိန်

“You will arise and have compassion on Zion, for it is time to show favor to her; the appointed time has come.” Psalms‬ ‭102‬:‭13‬ ‭NIV‬‬

ရုန်းကန်နေရတဲ့ဘဝကနေ အရာရာအဆင်ပြေပြီးတော့ အခက်အခဲဆိုတာ ဘာလဲလို့မေးရတဲ့ကာလ ဘယ်အချိန်ရောက်မှာလဲလို့ မေးရင်၊ အဖြေကတော့ ဘုရားရဲ့ မျက်နှာသာခံစားရတဲ့ အချိန်ကာလ သင့်ဘဝထဲမှာ ရောက်လာရင် အခက် အခဲတွေအားလုံးက အခွင့်အရေးဖြစ်ပြောင်းသွားလိမ့်မယ်။ နှစ်ပေါင်းများစွာ မလွတ်နိုင်တဲ့ကျွန်ဘဝကနေ ထားတွေ တုတ်တွေ မကိုင်ဆွဲပဲ၊ သွေးထွက်သံယိုမဖြစ်ပဲ လွတ်မြောက်လာတဲ့ ဣသရေလ လူမျိုးတွေ အဖြစ်ပျက်ကိုပဲကြည့်။ မျက်နှာသာရချိန်ရောက်တဲ့အခါမှာ ရန်သူတွေက ဘယ်လို ဆီးတားဆီးတား မတားနိုင်တော့ဘူး။ ဘုရား မျက်နှာသာဟာ သင့်ဘဝရဲ့ အကောင်းဆုံးတွေကို ယူဆောင်လာတယ်။မျက်နှာသာ ခံစားရတဲ့အချိန် သင့်ဘဝမှာ ရောက်ပါစေ။

ဩဂုတ်လ ၂၄ ရက်နေ့

အနာဂတ်ကိုမြင်သူ

“ရှိမုန်​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​ယောဟန်​တို့​သည်​လည်း အံ့အားသင့်​ကြ​၏။ ယေရှု​က​လည်း“မ​ကြောက်​နှင့်။ သင်​သည် ယခု​မှစ၍ လူ​ကို​ဖမ်း​လိမ့်မည်”​ဟု ရှိမုန်​အား မိန့်​တော်မူ​၏။” ရှင်လုကာခရစ်ဝင် ၅:၁၀

လူတွေက တစ်ခုခုဆို အတိတ်ကိုကြည့်ပြီးတော့ ဆုံးဖြတ်ချက်ချကြတယ်။ အလုပ်ခန့်ရင်လည်း အတိတ်ကလုပ်ခဲ့တဲ့အရာတွေကိုကြည့်ပြီး ခန့်သင့်မခန့်သင့် ဆုံးဖြတ်ကြတယ်။ အတိတ်က ကောင်းကောင်းအသက်ရှင်ခြင်း၊ မရှင်ခြင်းက လူတစ်ယောက် အတွက် အရေးကြီးတယ်လို့သတ်မှတ်ပြီးတော့ လူတစ်ယောက်ရဲ့ ဖြစ်တည်ခြင်းကို အမြဲတမ်း အတိတ်ရဲ့ ဘောင်ထဲမှာခတ်ပြီးတော့မှ ပုံဖေါ်လေ့ရှိတယ်။ သခင်ယေရှုကတော့အဲ့လို မဟုတ်ပါဘူး။ သူဟာ လူတစ်ယောက်ကို ကြည့်တဲ့အခါမှာ အတိတ်ထက် အနာဂတ်ကိုပဲ မြင်ပေးတယ်။ သူ့ရှေ့မှာ ပြပ်ဝပ်ပြီး အပြစ်များလှပါတယ်လို့ ကြေကွဲပြီးတော့ပြောနေတဲ့ ပေတရုကို သူဘယ်လိုမှ မမျှော်မှန်းနိုင်တဲ့ နောက်တဆင့် ဘဝကို သွားရမယ်လို့ ကြေငြာပေးတယ်။ တကယ်တော့ နောက် ၃နှစ်အကြာမှာ ပေတရုက လူပေါင်းများစွာအရှေ့မှာရပ်ပြီး သက်သေခံနေတဲ့ လူများစွာကို ဘုရားနိုင်ငံတော်မှာ ခေါ်သွင်းမယ့် သူအဖြစ်ဘုရားက မြင်ပြီးတော့ ပြောတာပါ။ လက်ရှိအခြေအနေနဲ့ မဆိုင်တဲ့ ဘဝကို မြင်ပေး ပို့ဆောင် ပေးတာ သခင်ယေရှုပဲရှိတယ်။

ဩဂုတ်လ ၂၃ ရက်နေ့

ပိုကောင်းတဲ့အနာဂတ်

“ရှိမုန်​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​ယောဟန်​တို့​သည်​လည်း အံ့အားသင့်​ကြ​၏။ ယေရှု​က​လည်း“မ​ကြောက်​နှင့်။ သင်​သည် ယခု​မှစ၍ လူ​ကို​ဖမ်း​လိမ့်မည်”​ဟု ရှိမုန်​အား မိန့်​တော်မူ​၏။” ရှင်လုကာခရစ်ဝင် ၅:၁၀

ဘုရားပြုတဲ့နိမိတ်လက္ခဏာကိုမြင်တဲ့အခါမှာ ပေတရုအထဲမှာ ခံစားရတဲ့အရာ နှစ်ခုရှိတယ်။ တစ်ခုကတော့ မထိုက်တန်ဘူးဆိုပြီး အားငယ်စိတ် ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ကြောက်စိတ်ပါ။ တကယ်တော့ ဒီစိတ်နှစ်ခုက အသက်တာမှာ နေရာပေးသင့်တဲ့ စိတ်မဟုတ်ဘူး။ တချို့သောသူတွေအသက်တာမှာ နိမိတ်လက္ခဏာပေါင်းများစွာ ခံစားရပေမယ့် ဘာလို့အသက်တာမှာ တိုးတက်ပြောင်းလဲမှုမဖြစ်သလဲလို့မေးရင် ဒီခံစားချက်နှစ်ခုကို လက်ညှိုးထိုးပြရမယ်။ မထိုက်တန်ဘူးလို့ ခံစားတဲ့စိတ်က ဘုရားနဲ့အဝေးကို ထွက်သွားဖို့တွန်းအားပေးတယ်။ ဘုရားက နိမိတ်လက္ခဏာကို ပြုပေးတာ ထိုက်တန်လို့မဟုတ်ဘူး။ ချစ်လို့၊ နောက်ပြီးသူ့ကို ယုံကြည်လို့။ ထိုက်တန်လို့ နိမိတ်လက္ခဏာ ခံစားနေရတဲ့သူ တစ်ယောက်မှ လောကမှာမရှိဘူး။ ဒီခံစားချက်နှစ်ကို အသက်တာထဲကနေ မောင်းထုတ်နိုင်ပြီဆိုရင် သေချာတယ် သင့်ကို ဘုရားက ပိုကောင်းတဲ့အနာဂတ်ကို ပို့ဆောင် ပေးတော့မယ်။

ဩဂုတ်လ ၂၂ ရက်နေ့

နိမိတ်လက္ခဏာကြောင့်

“ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-”ရှင်လုကာ ၅:၈

အသက်တာမှာ ဘုရားပြုတဲ့ နိမိတ်လက္ခဏာ အံ့ဖွယ်အမှုတွေ ဘာလို့များ လိုအပ်တာလဲ? အဲ့ဒါတွေမရှိလဲ အသက်ရှင်လို့ရတာပဲလို့ လူတချို့က ထင်နေတယ်။ တချို့ နက်နဲသောဖွင့်ပြချက်တွေ၊ ဘုရားခေါ်သံတွေကို နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတွေ မပါပဲ လုံးဝမသိနိုင်၊ မကြားနိုင်ဘူး။ ပေတရုလို အင်မတန်မာကြောတဲ့ သူတစ်ယောက် တုန်လှုပ်ပြီးတော့ တစ်ခါမှ​သူ့ကိုယ်သူ မမြင်ဖူးတဲ့အမြင်တွေ မြင်စေတာက ဘုရားပြုတဲ့နိမိတ်လက္ခဏာအံ့ဖွယ်အရာတွေကြောင့်ပါ။ သခင်အရှေ့မှာ ပြပ်ဝပ်ပြီးတော့ သူ့အပြစ်တွေကို ဝန်ခံခဲ့ရုံတင်မကဘူး။ သူတစ်ညလုံး ကြိုးစားရှာခဲ့တဲ့အရာတွေကို ဘာမှမဟုတ်တဲ့အရာဆိုတာ သဘောပေါက်သွားပြီးတော့ အားလုံးကိုထားခဲ့နိုင်တာလဲ ဒီအရာကြောင့်ပဲ။ သူ့ဘဝ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ နေရာကနေ သာပြီးမြင့်တဲ့ နယ်ပယ်ကို တတ်လှမ်းနိုင်ခဲ့တာဟာ ဘုရားပြုတဲ့ နိမ်ိတ်လက္ခဏာ ကြောင့် သာဖြစ်တယ်။

ဩဂုတ်လ ၂၁ ရက်နေ့

အရင်က မရဖူးသော်လည်း

“ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။”ရှင်လုကာ ၅:၅

အတွေ့အကြုံဆိုတာ အကောင်းဆုံးဆရာဆိုပေမယ့်လည်း တစ်ခါတစ်ရံမှာ အဆိုးဆုံး မိတ်ဆွေလည်းဖြစ်တတ်တယ်။ တစ်ချို့သောအရင်က အတွေ့အကြုံတွေကြောင့် ရှေ့ဆက်ရမယ့်ဘဝအတွက် ခြေလှမ်းမလှမ်းရဲပဲ ချော်လဲ ရောထိုင် လုပ်နေကြတဲ့သူတွေအများကြီးပဲ။ အရင်က မဖြစ်ဖူး၊ မလုပ်နိုင်ခဲ့ပေမယ့် အရင်နဲ့မတူတဲ့ အရာတွေကိုလုပ်နိုင်ဖို့ ဘုရားက အမိန့်ပေးပေမယ့် မဖြစ်ခဲ့ဖူးတာတွေကို တွေးပြီးတော့ မလုပ်ရဲတော့တဲ့သူတွေအများကြီးပဲ။ ပေတရုရဲ့အရင်က တစ်ကောင်မှ​မရတဲ့ အတွေ့အကြုံက အခု သခင်အမိန့်ပေးတဲ့အခါမှာလည်းလာပြီးတော့ ဆီးတားနေတယ်။ ဒီလိုဆီးတားခြင်းခံနေရတဲ့ သူတွေ အများကြီးရှိတယ်။ ယနေ့ သခင်အမိန့်ပေးနေတယ် ပြန်လုပ်ကြည့်ပါ။ သခင်ပြောရင် အရင်က မဖြစ်ဖူးရင်တောင် အခု ဖြစ်ရုံတင်မကပဲ ဖြစ်ချင်တာထက်ပိုနေမယ်ဆိုတာ ယုံပါ။

ဩဂုတ်လ ၂၀ ရက်နေ့

ရေနက်ရာရပ်မှ ကောင်းကြီးမင်္ဂလာ

“ယေ​ရှု​က​လည်း၊ ကြောက်​ရွံ့​ခြင်း မ​ရှိ​နှင့်။ သင်​သည်​ယ​ခု​မှ​စ၍ လူ​တို့​ကို​ဖမ်း​မိ​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-” ရှင်လုကာ ၅:၁၀

ပေတရု တညလုံးရှာနေတာ ငါးပါ။ ဘယ်လောက်ကြိုးစားကြိုးစား ရှာမတွေ့ခဲ့ဘူး။ တချို့သော ကိုယ်လိုချင်တဲ့အရာတွေ၊ ကိုယ်ရှာနေတဲ့အရာတွေက မတွေ့တာဟာ ကြိုးစားမှုမရှိလို့လဲမဟုတ်ဘူး၊ ကိုယ်မကျွမ်းကျင်လို့လဲမဟုတ်ဘူး ဘုရားမပါလို့ မတွေ့တာပါ။ လောကမှာ လုပ်နိုင်တိုင်း၊ လုပ်တတ်တိုင်း ဖြစ်လာတာမဟုတ်ဘူး။ အရာရာကိုပိုင်တဲ့ ဘုရားက လုပ်ခွင့်ပေးမှပဲဖြစ်လာတယ်ဆိုတာ ပေတရုအသက်တာအားဖြင့်တွေ့ရတယ်။ သခင်ယေရှုက တစ်ခွန်းအမိန့်ပေးတဲ့အခါမှာ ဒီအမိန့်ဟာ သူ့ကြိုးစားမှုနဲ့မရနိုင်တဲ့ အရာတွေကို တံခါးဖွင့်ပေးတယ်။ ဒါကြောင့်သူဟာ လှေနှစ်စင်း နစ်လုမတတ် ငါးတွေကို ရှာတွေ့ခဲ့တယ်။ ဘုရားအခွင့်ပေးတဲ့အခါမှာ ဘယ်လောက်တောင် အံ့ဖွယ်ကောင်းလောက်အောင် အသက်တာမှာ ကောင်းကြီးခံစားခဲ့ရသလဲ? ဒါတောင်မကပဲ ဘုရားက ပေတရုကို နောက်တဆင့် တက်လှမ်းဖို့အခွင့်ပေးတယ်။ ငါးဖမ်းတဲ့ ဘဝကနေ လူကိုဖမ်းမိတဲ့ဘဝ ကိုတက်လှမ်းဖို့ အခွင့်ပေးခဲ့တယ်။ ဘုရားအခွင့်ပေးတဲ့အခါမှာ သင်လိုချင်တဲ့အရာထက် သင်လုပ်ချင်တဲ့အရာတွေထက် ပိုပြီး ကြီးမားတဲ့အရာတွေကို လုပ်ခွင့်၊ ပိုင်ဆိုင်ခွင့်ရနိုင်တယ်။

ဩဂုတ်လ ၁၉ ရက်နေ့

ရှိတဲ့နေရာကို ရွေ့

“စ​ကား​တော်​ပြတ်​သော​အ​ခါ၊ ရေ​နက်​ရာ​အ​ရပ်​သို့ ရွေ့​ဦး​လော့။ ပိုက်​ကွန်​ကို​ချ၍ ငါး​ကို​အုပ်​စမ်း​လော့​ဟု ရှိ​မုန်​အား​မိန့်​တော်​မူ၏။-” ရှင်လုကာ‬ ‭၅း၄

ကိုယ်ရှိတဲ့နေရာနဲ့ ကိုယ်ရှာတဲ့အရာလွဲနေရင်လဲ လိုျင်တာကိုမတွေ့ရတတ်ဘူး။ လူတချို့တစ်ဘဝလုံး ရှာတာ အချိန်တွေ၊ ငွေတွေ သာကုန်သွားတယ် လိုျင်တာ မရဘူးဖြစ်နေတယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို လိုျင်တယ်လို့ ပြောပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ကိုလုံးဝ လက်မခံတဲ့ပတ်ဝန်းကျင်မှာပဲ တစ်သက်လုံး ရှိနေပြီးတော့ ဘုရားက ဘာလို့များ မပေးရတာလဲလို့ စောဒက တတ်နေသလိုမျိုးပေါ့။ လိုျင်တဲ့အရာကို ရျင်တယ်ဆိုရင် ရှိတဲ့အရပ်ကို ရွေ့တတ်ဖို့လိုတယ်။ ကိုယ်လိုျင်တာနဲ့မကိုက်တဲ့ ဝန်းကျင်မှာ ရှင်သန်ပြီးတော့ ဘုရားက ကိုယ်လိုတာ မပေးဘူးလို့ တော့ အပြစ်တင်မစောပါနဲ့။ တကယ်လိုျင်တယ်ဆိုရင် ရှိတဲ့ အရပ်ကိုရွေ့ တတ်ဖို့တော့လိုတယ်။ ပေတရုက ရှာနေတဲ့ ငါးက သူရှိတဲ့ နေရာမှာ မရှိဘူး။ ဒါကြောင့်ရေနက်ရာအရပ်ကို ရွေ့ခိုင်းလိုက်တာ။ တစ်ခါတစ်လေ ဘုရားက ကိုယ်ရှိတဲ့နေရာကို ငါးကို မပို့ပေးဘူး။ ငါးရှိတဲ့နေရာကိုပဲ ကိုယ့်ကို သွားစေတယ်။ ကိုယ်ဆုတောင်းတဲ့အရာက ကိုယ့်ဆီ မရောက်လာရင် ဆုတောင်းတဲ့အဖြေရှိတဲ့နေရာကို ကိုယ်က သွားရမယ်ဆိုတာ သဘောပေါက်ပေါ့။

ဩဂုတ်လ ၁၇ ရက်နေ့

မျက်နှာသာ (၆)

“Lord, by Your favor You have made my mountain stand strong; You hid Your face, and I was troubled.” Psalms‬ ‭30‬:‭7‬ ‭NKJV‬‬

လဲပြိုဖို့ လွယ်တဲ့အကြောင်းအရာများစွာကြားမှာ မလဲပြိုသွားပဲ ပိုပြီး ခိုင်ခံ့စေတဲ့အကြောင်းအရာက တခြားအရာကြောင့်မဟုတ်ဘူး။ သတင်းတွေ ယုံကြည်ခြင်းကိုလဲပြိုသွားဖို့ တိုက်စားနေတယ်။ ကုန်စျေးနှုန်းတွေက ဆက်ရှင်သန်ချင်စိတ် မရှိအောင် လာတွန်းတိုက်ကြတယ်။ အခြေအနေတွေက မျှော်လင့်ချက်တွေကို လာပြီး တိုက်ခိုက်တဲ့အခါမှာ လဲပြိုဖို့ဆိုတာ အချိန်မရွေး နေရာမရွေးမှာဖြစ်သွားနိုင်ပေမယ့် ဘုရားရဲ့ မျက်နှာသာဟာ လဲပြိုစရာ အခြေအနေကြားထဲမှာ ပိုပြီးခိုင်ခံ့သန်မာစေတယ်။

ဒီလိုအခြေအနေမျိုးမှာ လဲမပြိုသွားဘူးဆိုတာ ကိုယ့်ရဲ့ အားထုတ်မှုလုံးဝ မဟုတ်ဘူး။ မျက်နှာသာ ကြောင့်ပါ။ ဘုရားမျက်နှာသာမရှိရင်တော့ အရာရာအားလုံး အဆင်ပြေတဲ့ကြားမှာပဲ ဆင်းရဲခြင်းသို့ရောက်ပြီ။ နေ့ရက်တိုင်း ဘုရားမျက်နှာသာနှင့်ရှင်သန်တဲ့အခါမှာ ပိုပြီး သန်မာလာတယ်၊ပိုပြီး တောက်ပလာစေတယ်။

ဩဂုတ်လ ၁၆ ရက်နေ့

မျက်နှာသာ (၅)

“For whoever finds me finds life, And obtains favor from the Lord; Proverbs 8:35 NKJV

ဘုရားရဲ့မျက်နှာသာမရှိပဲ ရှင်သန်လို့ မရဘူးဆိုတာ သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ မျက်နှာသာမရှိပဲ ရှင်သန်တာလောက် ခက်ခဲတာ မရှိတော့ဘူး။ ဘုရားသားသမီးဖြစ်ရုံနှင့် ကယ်တင်ခြင်းရရုံနဲ့တော့ လောက ကြီးကိုအောင်မြင်ဖို့ဆိုတာ အဝေးကြီးပဲ။ မျက်နှာသာနှင့်ရှင်သန်တဲ့သူကတော့ ကိုယ်ကြိုးစားလို့မရနိုင်တဲ့ အရာတွေကို နေ့စဉ်ခံစားရတဲ့သူဖြစ်လာတယ်။ ဒါဆိုရင်မေးခွန်းက အဲ့ဒီမျက်နှာသာကို ဘယ်မှာသွားရှာမလဲ? တခြားဘယ်နေရာမှာမှ အဲ့ဒီမျက်နှာသာ သင်ရှာလို့တွေ့မှာမဟုတ်ဘူး။ ရှောလမုန်မင်းကြီးက ဒီလိုဆိုတယ် ဘုရားကိုတွေ့တဲ့သူ ကပဲ အဲ့ဒီဘုရားရဲ့မျက်နှာကို ပါ တွေ့ရှိခံစားမယ်။ ဘုရားကို ရှာတာ အချည်းအနှီးမဟုတ်ဘူး။ ဘုရားနဲ့ဆိုင်တဲ့အရာတွေက ကျွန်တော်တို့ ဘဝမှာ အချိန်ဖြုန်းတာမဟုတ်ဘူး။ ဘုရားကိုရှာဖို့အချိန်ပေးတဲ့အခါမှာ ဘုရားရဲ့ မျက်နှာသာ လည်းအသက်တာမှာ တိုးပွားလာတယ်။ မျက်နှာသာရခြင်း တိုးလာရင် ကျန်တဲ့ကောင်းတဲ့အရာတွေလည်းတိုးတာမှာအသေချာပဲ။

ဩဂုတ်လ ၁၅ရက်နေ့

မျက်နှာသာ (၄)

“ထို​သို့​ပြု​လျှင် ဘု​ရား​သ​ခင်​ရှေ့ လူ​တို့​ရှေ့​မှာ​မျက်​နှာ​ရ၍၊ ကျေး​ဇူး​ကို​ခံ​ရ​လိမ့်​မည်။” သုတ္တံ ၃း၄

ဘုရားရဲ့ မျက်နှာသာ ရှိခြင်းရဲ့ ကောင်းကြီးမင်္ဂလာတွေကို သိရှိပြီးတဲ့အခါမှာ ထပ်သိဖို့ လိုအပ်တဲ့အရာကတော့ အဲ့ဒီမျက်နှာသာကို ဘယ်လို အသက်တာမှာ ရနိုင်မလဲ ဆိုတာပါပဲ။ ဘုရားက သူထံကနေ ဘယ်လိုမျက်နှာသာရနိုင်မလဲဆိုတာ နည်းလမ်းကို နှုတ်ကပတ်တော်ထဲမှာ အကြိမ်ဖန်များစွာ ဖေါ်ပြထားပါတယ်။ မျက်နှာသာ နှင့်နေ့စဉ်အသက်တာကို ရှင်သန်တဲ့ ဘုရားသားသမီး တစ်ယောက် ဘုရားကသင့်ကို ဖြစ်စေချင်တယ်။ ရှောလမုန်မင်းကြီး ပြောတယ် လူရှေ့ဘုရားရှေ့မှာ မျက်နှာရဖို့အတွက် ဘုရားရဲ့ တရားကိုနေ့စဉ် မမေ့ပဲ နှလုံးသားထဲမှာ နေ့စဉ်စောင့်ရှောက်ဖို့။ ဒီလို ဘုရားရဲ့တရားစကား နှင့်သာရှင်သန်ရင် ဘယ်သူမှ လွယ်လွယ်မရနိုင်တဲ့ မျက်နှာသာကို သင့်ရဲ့နေ့စဉ်အသက်တာမှာ မြင်တွေ့ရမယ်။ ဘယ်လောက်များကောင်းလိုက်သလဲ? မျက်နှာသာရဲ့ ကျေးဇူးကို ခံစားရတဲ့ သူဖြစ်ပါစေ။

ဩဂုတ်လ ၁၄ ရက်နေ့

မျက်နှာသာ(၃)

သို့သော် နောဧ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မျက်နှာရ​သော​သူ​ဖြစ်​၏​။“ ကမ္ဘာဦးကျမ်း ၆:၈

မကြာခင် ပျက်ဆီးတော့မယ့် အခြေအနေဆိုးကြီးထဲကနေ လွတ်မြောက်ခွင့်ရမယ့်ဆိုရင် လူတိုင်းလိုချင်ကြမှာပဲ။ ဒီ အခွင့်အရေးကိုရခဲ့တဲ့ လူကတော့ နောဧပါပဲ။ ကြိုသိခွင့် ရရုံသာမကဘူး ကြိုတင် ပြင်ခွင့်လည်းရပါသေးတယ်။ တယောက်မကျန် ရင်ဆိုင်ခဲ့ရတဲ့ စီရင်ခြင်းကနေ တစ်မိသားစုသာရတဲ့ အခွင့်အရေးကို သူ ဘာကြောင့်ရတာလဲ။ အဖြေက တော့ ဘုရားရဲ့ မျက်နှာသာကြောင့်ဖြစ်တယ်။ မျက်နှာသာက သူများမရတာ ရရှိရုံသာမက သူများတွေရင်ဆိုင်ရတဲ့ ပျက်ဆီးခြင်းကနေ လွတ်မြောက် ခွင့်ရခဲ့တယ်။ အဲ့ဒီ မျက်နှာသာ သင်ရရင် တလောကလုံး မရတာ သင် ရရှိပြီးတော့ သူများ ရင်ဆိုင်ရတဲ့ ခက်ခဲမှုတွေကနေ လွတ်မြောက် လိမ့်မယ်။

ဩဂုတ်လ ၁၃ ရက်နေ့

မျက်နှာသာ (၂)

“ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ မျက်​နှာ​ရ​သော​အ​ခွင့်​ကို​ငါ​ပေး၍၊ သင်​တို့​သည် ထွက်​သွား​သော​အ​ခါ လက်​ချည်း​မ​သွား​ရ​ကြ။”ထွက်မြောက်ရာ ၃း၂၁

မျက်နှာသာ ရတဲ့ဘဝ နှင့် မရတဲ့ ဘဝ ဘယ်လောက်တောင် ကွာခြားသလဲ? ကောင်းကင်နှင့်မြေကြီးကွာသလို ကွာတယ်။ အရင်က အဲဂုတ္တု လူတွေထံမှာ ရွှေငွေ တောင်းတာမဟုတ်ဘူး ဘုရားကိုဝတ်ပြုဖို့ သုံးရက်လေး တောင်းတာတောင်မပေးဘူး။ နှစ်ပေါင်းများစွာ ကျွန်ဖြစ်ပြီးတာတောင်မှ ဘုရားကို ကိုးကွယ်ဖို့အတွက် သုံးရက်လေးပဲ သွားဖို့ခွင့်တောင်းတာမပေးတဲ့ သူတွေက ဘုရားမျက်နှာသာရောက်လာတဲ့အခါမှာတော့ သူတို့တောင်းသမျှကို ပေးဖို့ စေတနာစိတ်ကို ဖြစ်စေတယ်။ ဣသရေ လူတွေ နှုတ်ကနေ တောင်းဆိုသမျှ အကုန်ပေးတယ်။ သင့်နှုတ်ကနေ ပြောသမျှ အားလုံးတစ်ခုမကျန်ဖြစ်လာတယ်ဆိုတာ ဘုရားမျက်နှာသာ ပါရှိခြင်း သက်သက်ကြောင့် ဖြစ်တယ်။ သင့်နှုှုကနေ ပြောဆိုသမျှ ပြည့်စုံစေတဲ့ ဖြစ်လာစေတဲ့ ဘုရားမျက်နှာသာ နေ့တိုင်းအထူးလိုအပ်တယ်။

ဩဂုတ်လ ၁၂ ရက်နေ့

မျက်နှာသာ

“ကောင်း​သော​ဉာဏ်​ရှိ​သော​သူ​သည် မျက်​နှာ​ရ​တတ်၏။ ပြစ်​မှား​သော​သူ​တို့ လမ်း​မူ​ကား၊ ခက်​သော​လမ်း​ဖြစ်၏။”သုတ္တံကျမ်း ၁၃:၁၅

ဘုရားရဲ့ မျက်နှာသာမရပဲနဲ့ စိန်ခေါ်မှုှုားပြီးတော့ ခက်ခဲ ကြမ်းတမ်းတဲ့လမ်းတွေ အပေါ်မှာ အလွယ်တကူ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။ မျက်နှာသာက အခြားသူတွေ ခက်ခဲစွာ ဖြတ်ကျော်နေရတဲ့အရာတွေကို လွယ်ကူချောမွေ့စွာ ကျေးဇူးတော်ချီးမွမ်းပြီးဖြတ်ကျော်နိုင်ဖို့ ကူညီမစတယ်။ လူတိုင်းက ခက်ခဲတဲ့ လမ်းတွေကို လွယ်ကူစွာဖြတ်ကျော်ခြင်ကြပေမယ့် ဘယ်လို လူတွေကပဲ ဖြတ်ကျော်ခွင့်ရသလဲဆိုတာ မသိကြဘူး။ ဘုရားမျက်နှာသာ မပါရင် ဘယ်လိုမှ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ ဒီအရာကို ကောင်းသောဉာဏ်ရှိသောသူကပဲ နားလည်သဘောပေါက်ပြီးတော့ မျက်နှာသာကိုရရှိဖို့ အာရုံစိုက်ကြတယ်။ ဉာဏ်မရှိတဲ့သူကတော့ ကိုယ့်ရဲ့တော်ခြင်းတတ်ခြင်း လုပ်နိုင်ခြင်းကိုပဲအာရုံစိုက်ပြီး၊ ကိုယ်လုပ်ရင် ရပါတယ်ဆိုပြီးတော့ ဘုရားကို ဂရုမစိုက်ပဲ နေျင်သလိုနေ လုပ်ျင်သလိုလုပ်ပြီးတော့ ဘုရားရဲ့မျက်နှာသာမပါပဲ ရှင်သန်ကြတယ်။ ဒါကြောင့်သူတို့သွားတဲ့လမ်းက ခက်မြဲခက်နေဆဲပါပဲ။ ဘုရား မျက်နှာသာပါတဲ့လူကတော့ သူများတွေ အတွက် ခက်ခဲပေမယ့် သူအတွက်တော့ လွယ်ကူချောမွေ့စွာ ဖြတ်သန်းခွင့် ရတယ်။

ဩဂုတ်လ ၁၀ ရက်နေ့

တန်ခိုးတော် (၆)

“ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​၏​လုပ်ဆောင်​မှု​အားဖြင့် ယုံကြည်​သော​ငါ​တို့​အပေါ်​သက်ရောက်​သည့် ကိုယ်တော်​၏​တန်ခိုး​သည် မည်မျှ​ထူးကဲ​ကြီးမား​သည်​ကို​လည်းကောင်း သင်​တို့​အား​သိ​စေ​မည့်​အကြောင်း တောင်းလျှောက်​၏။” ဧဖက်ဩဝါဒစာ‬ ‭၁:၁၉

တမန်တော်ကြီးရှင်ပေါလုက ဧဖက်အသင်းတော်အတွက် ဆုတောင်းပေးတယ်။ တကယ့်ကို အရေးကြီးတဲ့ ဆုတောင်းချက်ပါပဲ။ ယုံကြည်သူတွေအပေါ်မှာ ဘုရားတန်ခိုးအရှိန်အဝါဖြင့် လုပ်ဆေောင်ပေးမှုတွေ သက်ရောက်ဖို့။ ယုံကြည်သူဖြစ်ပြီးတော့ ဘုရားတန်ခိုးတော်ရဲ့လုပ်ဆောင်ပေးမှုကို သဘောမပေါက်ရင်၊ တန်ခိုးတော်မမြင်တွေ့ရရင် သာမန် လူတွေဘဝနှင့်ဘာမှ ထူးမှာမဟုတ်ဘူး။ ဘုရားတန်ခိုးတော်ရဲ့လုပ်ဆောင်ပေးမှုကသာလျှင် ယုံကြည်သူတွေရဲ့ဘဝကို များစွာ ခြားနားသွားစေတယ်။ ကိုယ်တော်ရဲ့တန်ခိုးတော် ဘယ်လောက်ကြီးမားပြီး၊ အသက်တာမှာ သက်ရောက်ရင် ထူးကဲတဲ့ ဘဝကို ရောက်စေမယ်ဆိုတာသိဖို့ ဝိညာဉ်ခေါင်းဆောင်ကြီးရှင်ပေါလုက ဆန္ဒရှိတယ်။ ဘုရားရဲ့တန်ခိုးတော် အစွမ်းသတ္တိအားဖြင့် နေ့စဉ်အသက်ရှင်ပါ။ ဘယ်သူနဲ့မှ မတူတဲ့ဘဝအသက်တာကိုမြင်တွေ့ ခံစားရမယ်။

ဩဂုတ်လ ၉ ရက်နေ့

တန်ခိုးတော် (၅)

“ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-” ၂ ကောရိန္သု ၁၂:၉

လူတိုင်း အားနည်းချက် ကိုယ်စီရှိကြပါတယ်။ အားနည်းချက်ရှိတာ အားငယ်ဖို့ စိတ်ပျက်ဖို့မဟုတ်ပါဘူး။ ဒါပေမယ့် လူတိုင်း အားနည်းချက်ရှိတာပဲဆိုပြီး အကြောင်းပြချက်ပေးပြီးတော့ အခွင့်အရေးယူဖို့တော့မဟုတ်ဘူး။ လူ့ရဲ့ အားနည်းချက်မှာ ဘုရားရဲ့ တန်ခိုးတော် နေရာပေးတတ်ဖို့လိုတယ်။ အားနည်းချက်ကို ဒီအတိုင်း ထားဖို့မဟုတ်ဘူး။ အားနည်းခြင်းမှာ ဘုရားတ