မေလ ၉ ရက်နေ့

တန်ဖိုးထားခံရသောသူ (၃)

“သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။- အ​ထက်​က အ​ပေါင်း​အ​သင်း​မ​ဟုတ်၊ ယ​ခု​တွင် ဘု​ရား​သ​ခင်၏ အ​ပေါင်း​အ​သင်း​ဖြစ်​ကြ၏။ က​ရု​ဏာ ကျေး​ဇူး​တော်​ကို အ​ထက်​က​မ​ခံ​ရ​သော်​လည်း ယ​ခု​တွင် ခံ​ရ​ကြ၏။” ‭‭ရှင်ပေတရုသြ၀ါဒစာပထမစောင် ၂း၉-၁၀

ဘုရားက သင်နှင့် ကျွန်ုပ်ကို မဖြစ်လို့ ကယ်ခဲ့တာမဟုတ်ဘူး၊ ချစ်လို့ကယ်တယ်ခဲ့တာပါ။ ကယ်တင်တဲ့အခါမှာလည်း အပြစ်ကလွတ်ရုံ၊ ငရဲက လွတ်ရုံဘဲမဟုတ်ပါဘူး၊ အမြတ်တနိုးတန်ဖိုးထားပြီးတော့ကို ကြီးမြတ်တဲ့သူ့ရဲ့ ကောင်းမြတ်ခြင်းကို ခံစားဖို့အတွက် ကိုယ့်ရဲ့အခြေအနေနဲ့ ဘယ်လိုမှ ထိုက်တန်ခြင်းမရှိ၊ ရရှိပိုင်ဆိုင်ခွင့်မရှိတဲ့ တန်ဖိုးကြီးတဲ့အရာတွေကိုပါ ခံစားခွင့်ပြုခဲ့တယ်။ ဒီအရာတွေက ဘုရားရဲ့ ကျွန်တော်တို့အပေါ်မှာထားတဲ့ ကြီးမားတဲ့ တန်ဖိုးထားမှုကိုဖေါ်ပြတယ်။

သင့်ကိုယ်သင် တန်ဖိုးထားချင်မှ ထားမယ်၊ ဘုရားကတော့ အဆုံးအစွန်ထိတိုင်အောင် မြတ်နိုးတန်ဖိုးထားတယ်။ တမန်တော်ကြီးရှင်ပေတရုက သခင်ယေရှုအားဖြင့် မှောင်မိုက်ထဲမှ အလင်းထဲကိုခေါ်သွင်းခြင်းခံရတဲ့အခါမှာ အလင်းထဲကိုရောက်ရုံဘဲမဟုတ်ဘူး။ တန်ဖိုးရှိတဲ့အရာတွေကို ရရှိခံစားဖို့ အတွက်ဖြစ်တယ်။ ဘာလို့ တန်ဖိုးရှိတဲ့အရာတွေကိုခံစားရတာလဲ? ဒီမေးခွန်းတော့ရှိပါတယ်။ ဘုရားက တန်ဖိုးရှိ

မေလ ၈ ရက်နေ့

တန်ဖိုးထားခံရသောသူ (၂)

“ဒါ​ဝိဒ်​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ဘ ယော​န​သန်​အ​တွက် ငါ​သည်​သင်၌ ဆက်​ဆက်​ကျေး​ဇူး​ပြု​မည်။ သင့်​အ​ဖို့ ရှော​လု​ပိုင်​သ​မျှ​သော​မြေ​ကို ငါ​ပြန်​ပေး​မည်။ သင်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ စား​ရ​မည်​ဟု​ဆို​သော်၊ မေ​ဖိ​ဗော​ရှက်​က၊ ကျွန်​တော်​ကဲ့​သို့​ဖြစ်​ရ​သော ခွေး​သေ​ကောင်​ကို ကိုယ်​တော်​ကြည့်​ရှု​ရ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​ပါ​သ​နည်း​ဟု ဦး​ချ၍​ပြန်​လျှောက်၏။” ‭‭ဓမ္မရာဇဝင်ဒုတိယစောင် ၉း၇-၈

အနိမ့်ဆုံးဘဝမှ အမြင့်ဆုံး ဘဝဆီသို့

အခြေအနေကိုကြည့်ရင်တော့ ဘာတန်ဖိုးမှမရှိသလိုဘဲ၊ ကိုယ့်အရည်အချင်း၊ အတန်းပညာနှင့် လုပ်နိုင်စွမ်းတွေကတော့ လူတောတိုးဖို့မပြောနဲ့ ကိုယ့်ဟာကိုယ်တောင် သိမ်ငယ်ပြီးတော့ ချောင်လေးတစ်ခုမှာ အချိန်တိုင်း ငိုနေရမယ့်ဘဝမျိုး။ ဒါပေမယ့် ဘုရားပြုပေးတဲ့ ကျေးဇူးတော်နှင့် ကောင်းကြီးဖြစ်တဲ့ဘဝကတော့ အခြေအနေ နဲ့မဆိုင်တဲ့ ထူးခြားတဲ့အရာဘဲ။ ဒါကို သဘောပေါက်ရင် လောကမှာ ဘယ်တော့မှ ဘယ်လိုအခြေအနေမျိုးမှာမှ စိတ်ဓါတ်ကျမှာမဟုတ်သလို၊ သိမ်ငယ်နေမှာလည်းမဟုတ်ဘူး။

ယောနသန်ရဲ့ သား မေဖိဗောရှက် အသက်တာက ကျွန်တော်တို့နဲ့ ထပ်တူကျတယ်။ သူဟာ အရှုံးတွေနဲ့ဘဝကိုစတင်ခဲ့တယ်။ ကိုယ့်ဟာကိုယ် ရပ်တည်ဖို့တောင် ခြေထောက်ကမစွမ်းဘူး။ သူ့ကိုသူ မြင်တဲ့အမြင်ကိုလည်းကြည့်ပါအုံး ခွေးသေကောင်။ အသက်ရှင်တဲ့ခွေးတောင်မဟုတ်ဘူး သေနေတဲ့ခွေး။ ဒီလို အခြေအနေနဲ့လူက အမြင့်ဆုံး ဒါဝိဒ်ရဲ့ စားပွဲမှာ နေ့တိုင်းစားရတယ်ဆိုတာ အခြေအနေနဲ့မဆိုင်တဲ့ကောင်းကြီးဘဲ။ ဒီလို ကြီးမားတဲ့ အရာတွေခံစားရတယ်ဆိုတာကလည်း သူအရည်အချင်း၊ သူ့ ကောင်းမှုကြောင့်တစ်ခုမှမဟုတ်ဘူး သူ့အဖေနဲ့ ဒါဝိဒ်ပြုခဲ့တဲ့ ပဋိညာဉ်ကြောင့်။ ဒီအရာဘဲ သူ့လိုလူကို အနိမ့်ဆုံးကနေ တန်ဖိုးထားခြင်းခံရတဲ့ဘဝကို ခံစားစေတယ်။ ဒီအတိုင်းပါပဲ သခင်ယေရှု ပြုခဲ့တဲ့ ကားတိုင်ရဲ့ ပဋိညာဉ်ကြောင့် လက်ရှိအခြေအနေနဲ့ လုံးဝကို မဆိုင်တဲ့ ကောင်းကြီး မင်္ဂလာ ခံစားတဲ့ဘဝ၊ တန်ဖိုးထားခံရတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရတယ်။ ဘုရားနှင့် နေ့တိုင်း မိတ်သဟာဖွဲခွင့် အဆီးအတားမရှိရတယ်။ ဘယ်လောက်တောင် တန်ဖိုးထားခံရတယ်ဆိုတာ ခံစားဖူးတဲ့သူဘဲသိတယ်။

မေလ ၇ ရက်နေ့

တန်ဖိုးထားခံရသောသူ

”မိ​စဉ်​ဘ​ဆက် ကျင်​လည်​သော အ​ချည်း​နှီး​ကျင့်​ကြံ​ပြု​မူ​ခြင်း​မှ၊ ရွှေ​ငွေ​အ​စ​ရှိ​သော ဖောက်​ပြန် ပျက်​စီး​တတ်​သော ဥ​စ္စာ​နှင့် သင်​တို့​ကို ရွေး​တော်​မူ​သည်​မ​ဟုတ်။- အ​ဘယ်​အ​ပြစ်​မျှ​မ​ရှိ၊ အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​သော သိုး​သ​ငယ်​ကဲ့​သို့​သော ခ​ရစ်​တော်၏ အ​သွေး​တော်​မြတ်​နှင့် ရွေး​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။-“ ရှင်ပေတရုသြဝါဒစာပထမစောင် ၁:၁၈-၁၉

တန်ဖိုးဖြတ်လို့မရသော

ဉစ္စာပစ္စည်းတိုင်းမှာ သူ့တန်ဖိုးနှင့် သူရှိတယ်။ ကာလတန်ဖိုး အတက်အကျ ဘယ်လောက်ဘဲရှိရှိ ငွေကြေးနှင့် တန်ဖိုးဖြတ်လို့ရပါသေးတယ်။ ငွေကြေးနှင့် ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရတဲ့၊ ဘယ်တော့မှ ခေတ်ကာလ တန်ဖိုးနှင့်ဘယ်လိုမှ တွက်ချက်လို့မရနိုင်တဲ့ အရာကတော့ သခင်ယေရှုခရစ်တော်ရဲ့ အသွေးတော်ပါဘဲ။ ဘယ်အပြစ်မှ မပါ၊ ဖေါက်ပြန်ခြင်းနှင့်ကင်းလွတ်ပြီးတော့ ဘုရားသခင် လက်ခံသော တစ်ခုတည်းသော အသွေးတော်မြတ်။ အပြစ်တင်ခွင့်နှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ်တဲ့ အသွေးတော်။ ဒီလို အဖိုးမဖြတ်နိုင်တဲ့ အသွေးတော်နဲ့ သင်နှင့် ကျွန်ပ်ကို ရွေးနုတ်တယ်ဆိုကတည်းက ဘုရားကဘယ်လောက် တန်ဖိုးထားသလဲဆိုတာ သဘောပေါက်ဖို့ပါ။

သခင်ယေရှုအသွေးတော်ရဲ့တန်ဖိုးကို သိရင် သင့်တန်ဖိုးကို တွက်ချက်လို့ရ ပြီ။ သင်ဟာ ဘုရားရဲ့ တန်ဖိုး အထွတ်အမြတ်ထားရတဲ့ သူပါ။ ကိုယ့်ကိုကိုယ်တန်ဖိုး ထားတဲ့ သူရှိသလို ဘာမှတန်ဖိုးမရှိဘူးလို့မြင်တဲ့သူတွေလည်းရှိတယ်။ တကယ်တော့ သခင်ယေရှုအသွေးတော်နဲ့ရွေးနုတ်ခံရတဲ့သူတိုင်းဟာ ဘုရားရဲ့ အမြင့်ဆုံး တန်ဖိုးထားခြင်းခံရတယ်ဆိုတာ သိဖို့လိုသလို ဘုရားတန်ဖိုးထားသလို ကိုယ့်ကိုကိုယ်လည်းတန်ဖိုးထားတတ်ဖို့လိုတယ်။

မေလ ၆ ရက်နေ့

ကိုးကွယ်ခြင်း (၆)

“ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။-” ‭‭ရှင်ယောဟန်‬ခရစ်ဝင် ၄:၂၃

ဘုရားသခင်ရဲ့အလိုတော်

ဘုရားရဲ့အလိုတော်ကိုရှာရင်းနဲ့ အလိုတော်နဲ့လွဲနေတဲ့သူတွေအများကြီးတွေ့ဖူးတယ်။ ဖေါင်စီးရင်း ရေငတ်သလိုပါပဲ။ တကယ်တော့ အရမ်းကြီးမရှုပ်ဘူး ဘုရားအလိုတော်ကို သိချင်ရင်၊ ဘုရားအလိုတော်ထဲမှာ ရှင်သန်ချင်ရင် ပထမဆုံး လုပ်ရမယ့်အရာက ဘုရားအလိုတော်ရှိတဲ့ပုံစံအတိုင်း ကိုးကွယ်ခြင်း နှင့် ဘုရားနဲ့အချိန်ယူဖို့ပါဘဲ။ နာမ်ဝိညာဉ်နှင့်၄င်း သစ္စာနှင့် ၄င်းကိုးကွယ်ခြင်းက ခမည်းတော်အလိုတော်ရှိတဲ့ပုံစံဖြစ်ပြီးတော့ အရင်က ကိုးကွယ်မှုတွေနဲ့အများကြီးကွာခြားတယ်။ ဒါကိုနားမလည်တဲ့သူတွေက အလိုရှိတဲ့ကိုးကွယ်ခြင်းနှင့်မချဉ်းကပ် အချိန်မယူပဲနဲ့ လွယ်လွယ်လေးဘဲရတဲ့ နည်းလမ်းတွေ၊ အစီအစဉ်တွေနဲ့ ဘုရာအလိုတော်ကိုသိဖို့၊ ဘုရားအလိုတော်အတိုင်း ရှင်သန်ဖို့ ကြိုးစားနေကြတယ်။ ဒါကြောင့်လဲ အလိုတော်နဲ့ ကြာလေ ဝေးလေ ဖြစ်နေတော့တာဘဲ။

ရှာမာရိအမျိုးသမီးက သခင်ယေရှုကိုမေးတယ်။ ဘယ်ကိုးကွယ်မှုက မှန်သလဲပေါ့။ သခင်ယေရှုက ရိုးရိုးလေးဘဲဖြေတယ်။ သူမှန်တယ်လို့ထင်တဲ့ အရာတွေတစ်ခုမှ အနာဂတ်မှာ အလုပ်ဖြစ်မှာမဟုတ်တော့ဘူး။ တချိန်တုန်းက မှန်ကောင်းမှန်မယ် ဒါပေမယ့်အနာဂတ်မှာ ဘုရား အလိုတော် ကဒီပုံစံနဲ့သွားလို့မရတော့ဘူး။ ဘာလို့ လူတွေက နောက်ကျ ကျန်ခဲ့သလဲဆိုရင် အရင်တုန်းက မှန်တယ်ဆိုပြီးတော့ ဒီအတိုင်းတစ်သက်လုံးမှန်မယ်လို့ထင်ထားတယ်။ တကယ်တော့ အဲ့လိုမဟုတ်ဘူး ဘုရားလုပ်တဲ့အပြောင်းအလဲတွေ၊ အသစ်သောအရာတွေကို ကိုးကွယ်ခြင်းနှင့်မချဉ်းကပ်ဘူးဆိုရင် နားလည် လက်ခံနိုင်မှာမဟုတ်ဘူး။ ကိုးကွယ်တဲ့အခါမှာလည်း အပေါ်ယံနဲ့ဘဲ လုံးဝမရဘူး။ အတွင်းကျကျ နေ့စဉ် သစ္စာနှင့် ချဉ်းကပ် ကိုးကွယ်တဲ့သူကဘဲ ခမည်းတော်ရဲ့နှလုံးသားကို သဘောပေါက်နားလည်နိုင်တယ်။ တစ်ဉီးချင်းစီပေါ်ထားတဲ့ဘုရားအလိုတော်က မတူပါဘူး ဒါကြောင့် တဉီးစီတိုင်း ဘုရားနဲ့သေချာ အချိန်ယူကိုးကွယ်မှသာလျှင် ကိုယ့်အပေါ်ထားတဲ့သီးသန့် ဘုရားအကြံအစည်များကိုသိရှိနားလည်နိုင်မယ်။

မေလ ၄ ရက်နေ့

ကိုးကွယ်ခြင်း (၅)

“ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။” ‭‭ထွက်မြောက်ရာကျမ်း ၂၀း၂၄

ကိုးကွယ်ခြင်းရဲ့နောက်ကွယ်

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ် ဆိုပြီး နယူတန်က နိယာမထုတ်ခဲ့တယ်။ ဒီနိယာမက တော်တော်များများမှာ မှန်တယ်ဆိုတာတွေ့ရတယ်။ စစ်မှန်တဲ့ကိုးကွယ်ခြင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်။ တဖက်သက်ကိုယ်ကဘဲ ကိုးကွယ်ပြီးတော့ ကျေနပ်နှစ်သိမ့်နေရတာမျိုး မဟုတ်ဘူး။ ဘုရားက စစ်မှန်တဲ့ကိုးကွယ်ခြင်းကို သူ့ဘက်ကနေ အမြဲတမ်းတုန့်ပြန်တယ်။ ဒီအတိုင်း ဘယ်တော့မှ လက်ပိုက်ကြည့်နေတာမဟုတ်ဘူး။ အာဗေလနှင့် ကာဣန ကိုးကွယ်တဲ့အခါမှာ ကောင်းကင်က မီးနဲ့တုန့်ပြန်သလို မျိုးပေါ့။ သူနှစ်သက်တယ်ဆိုတာကို သူက အမြဲတမ်း သက်သေပြတယ်။ သူမကြိုက်မနှစ်သက်တဲ့အရာကိုလည်းသူက လုံးဝကို လှည့်မကြည့်ဘူး။

မောရှေအားဖြင့် ကိုးကွယ်ခြင်းရဲ့ အနှစ်သာရနဲ့အတူ ကိုးကွယ်ခြင်းကို ဘုရားဘယ်လိုတုန့်ပြန်သလဲဆိုတာ ဘုရားကသေချာဖေါ်ပြတယ်။ ဘုရားမှာထားတဲ့အတိုင်း ယဇ်တွေ၊ ယဇ်ပလ္လင်တွေကိုသေချာပြင်ပြီးတော့ ဘုရားရှေ့မှာ နှလုံးသားနဲ့ကိုးကွယ်ခြင်း ရဲ့နောက်မှာ ကောင်းကင်ဘုံမှာ စိုးစံပြီး အားလုံးပိုင်သတဲ့ဘုရားက ကိုးကွယ်ခြင်းယဇ်ပလ္လင် မှာ ကိုးကွယ်တဲ့သူနဲ့ လာတွေ့တယ်။ ဒါတကယ့်အံ့ဖွယ်သောအရာဘဲ။ ကိုးကွယ်မှုရဲ့သက်ရောက်မှုကို တန်ပြန် ဘုရားဘက်ကနေ သက်ရောက်မှုလို့ ပြောရမယ်။ ကောင်းကင်ကနေ လက်ပိုက်ပြီးသဘောကျနေရုံဘဲမဟုတ်ဘူး။ သူကြွလာရုံနဲ့ဘဲ ဒီအတိုင်းပြီးတာမဟုတ်ပြန်ဘူး။ သူကိုယ်တိုင် ကြွလာတာနဲ့ တောင် တော်တော်လေးကို လုံလောက်နေပြီလို့ပြောစရာရှိပေမယ့် သူဟာ ကြွလာပြီး ကောင်းကြီး ပေးမယ်လို့ကတိပေးတယ်။ စစ်မှန်စွာ ကိုးကွယ်ခြင်းရဲ့နောက်မှာ ဘုရားနဲ့တွေ့ဆုံခြင်း ရှိပြီးအသက်တာထဲမှာ လူတိုင်း မခံစားရတဲ့ ကောင်းကြီးမင်္ဂလာမြောက်များစွာကို မြင်တွေ့ရမယ်။

မေလ ၃ ရက်နေ့

ကိုးကွယ်ခြင်း (၄)

“ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။” ‭‭ကမ္ဘာဦး‬ကျမ်း ၂၂း၉

အသက်ရှင်သောယဇ်

ကိုးကွယ်ခြင်းဆိုတာ ပုံစံနဲ့လုပ်ရတာမဟုတ်ဘူး ပုံမှန်နေ့စဉ် အသက်တာထဲမှာ အသက်ရှင်သောယဇ်အဖြစ် ကိုးကွယ်ရတာ။ လူတချို့က ကိုးကွယ်ခြင်းနှင့် ပတ်သက်ရင် ခေါက်ရိုးကျိုးသွားပြီ။ သီချင်းဆိုတာ အစီအစဉ်လုပ်တာကိုဘဲ ကိုးကွယ်တယ်လို့အမှတ် မှားသွားတယ်။ တကယ်တော့ဒါက ကိုးကွယ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းဘဲဖြစ်ပြီးတော့ ကိုးကွယ်ခြင်းအားလုံးမဟုတ်ဘူး။ စစ်မှန်တဲ့ကိုးကွယ်ခြင်းက အရင် ဓမ္မဟောင်းမှာလို သေနေတဲ့ယဇ်ကောင် နှင့် ကိုးကွယ်တာ မဖြစ်ရတော့ဘူး။ အသက်ရှင်သောယဇ်အနေနဲ့ ကိုးကွယ်တာဖြစ်ဖို့ ဘုရားအလိုတော်ရှိတယ်။ သင် ဘုရားကို စစ်မှန်သော အသက်ရှင်သောယဇ်နှင့်ကိုးကွယ်လေ သင့်အသက်တာမှာ သဘာဝလွန် အရာတွေက ထင်ရှားလေပဲ။

ဣဇါက်ဟာ ဖခင် ကိုးကွယ်ဖို့ ဖခင်ခေါ်ဆောင်ရာသွားတဲ့လမ်းမှာ သူဟာ မေးခွန်းမေးတယ်… ထင်းလည်းပါတယ်၊ မီးလည်းပါတယ် ယဇ်ကောင်ဘယ်မှာလဲ? ဆိုပြီးတော့။ သူကိုယ်တိုင်က ယဇ်ကောင်မှန်းသူမသိခဲ့ဘူး။ သူဟာ ကိုးကွယ်ဖို့ အတွက်လိုအပ်တဲ့ ထင်းကိုသယ်နေရင်းနှင့် ကိုးကွယ်ဖို့အတွက် တစ်စုံတစ်ခုလိုတယ်ဆိုတာ စဉ်းစားမိတယ်။ ငယ်ငယ်ကတည်းက ကိုးကွယ်ခြင်းနှင့်ပတ်သက်ပြီးတော့ တကယ့်ကို သိကျွမ်းတယ်ဆိုတာ တွေ့ရတယ်။ နောက်မှ သူသိရတာဟာ သူကိုယ်တိုင်က ယဇ်ကောင်ဖြစ်တယ်ဆိုတာ သိခဲ့ရပြီးတော့သူဟာ မငြင်းဆန်ဘဲဝန်ခံခဲ့တယ်။ ဒါကတကယ့်ကိုခက်ခဲတဲ့ လုပ်ရပ် ဖြစ်ပေမယ့် ဘုရားသခင်ရဲ့နှလုံးသားကိုတို့ထိခဲ့ပြီးတော့ ကောင်းကင်တမန်ရဲ့ ကျယ်လောင်တဲ့အသံနှင့်အတူ အာဗြဟံရဲ့ ထားကို ရပ်တန့်စေခဲ့တယ်။ အသက်ရှင်တဲ့ ယဇ်အဖြစ်ပူဇော်တဲ့ ဣဇါက်အတွက် ကောင်းကင်တမန်နှင့် ကောင်းကင်ကအသံကိုကြားခွင့်ရတဲ့ အချိန်ဖြစ်ခဲ့တယ်။ ဘုရားပြင်ဆင်ထားတဲ့ အရာကိုလည်း ထင်ရှားစွာမြင်တွေ့ရတဲ့ နေရာဖြစ်ခဲ့တယ်။ ဒီနေ့သင့်ရဲ့ကိုးကွယ်ခြင်းက စစ်မှန်ပြီးတော့ အသက်ရှင်သောယဇ်ဖြစ်မယ်ဆိုရင် ကောင်းကင်ဆိုင်ရာ ဘုရားရဲ့ နက်နဲတဲ့အရာတွေကိုမြင်တွေ့ ခွင့်ရမှာဖြစ်ပြီးတော့ ဘုရားပြင်ဆင်တဲ့အကောင်းဆုံးသောအရာတွေကိုလည်း တွေ့မြင်ခံစားရမယ်ဆိုတာ သေချာတယ်။

မေလ ၂ ရက်နေ့

ကိုးကွယ်ခြင်း (၃)

“အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။-” ဟေဗြဲ‬ဩဝါဒစာ ၁၁:၄

သာ၍မြတ်​သော​ယဇ်​

ကိုးကွယ်ခြင်းဆိုတာ အပြင်ပိုင်းမှာ ဘာတွေလုပ်တယ်ဆိုတာထက် နှလုံးသားမှာ ဘာတွေရှိတယ်ဆိုတာ ပိုအရေးကြီးတယ်။ ကိုးကွယ်ခြင်းက အပြင်ပန်းလုပ်ဆောင်မှုတစ်ခုဘဲလုံးဝမဟုတ်ဘူး။ ကိုးကွယ်ခြင်းဆိုတာ နက်နဲပြီးတော့ လူတစ်ယောက်ရဲ့ဘဝကို အဆုံးအဖြတ်ပေးတဲ့ အရေးကြီးဆုံးထဲက အရေးကြီးဆုံးသောအရာဘဲ။ ကိုးကွယ်ခြင်းကို ပေါ့ပေါ့ဆဆ ထားတဲ့သူတစ်ယောက်ရဲ့အနာဂတ်နှင့် လေးလေးနက်နက်နဲ့ထားတဲ့အနာဂတ်ဟာ ဘယ်လိုမှကိုမတူနိုင်ဘူး။

ကာဣန နှင့် အာဗေလ နှစ်ဉီးစလုံးက ဘုရားကိုလာကိုးကွယ်ကြတာပါဘဲ။ အပြင်ပန်းမှာလည်း သူတို့လုပ်ဆောင်မှုရဲ့အကောင်းဆုံးသောအရာတွေကို ယူဆောင်လာကြတာပါဘဲ။ ဒါပေမယ့် ဘုရားက နှစ်ယောက်စလုံးရဲ့ယဇ်ကို လက်မခံဘူး။ ကိုးကွယ်ခြင်းဆိုတာ ကိုယ်ကကောင်းတယ်ထင်တဲ့အရာတွေဘဲလုပ်ဆောင် ရုံနဲ့မလုံလောက်ဘူး။ ဘုရားက အားနာမှုနဲ့လက်ခံမှာမဟုတ်ဘူးဆိုတာသိထားဖို့လိုတယ်။ အပြင်ပန်း ယဇ်တွေထက် အတွင်းထဲက ယုံကြည်ခြင်းကြောင့် သူတို့နှစ်ယောက်ရဲ့ ကိုးကွယ်ခြင်းက အကွာကြီးကွာခဲ့တယ်။ ဘုရားက ယုံကြည်ခြင်းနှင့် သူထံချဉ်းကပ်တဲ့ အာဗေလကို လက်ခံပြီးတော့ ယုံကြည်ခြင်းမပါပဲ ကိုယ်လုပ်ချင်ရာလုပ်တဲ့ ကာဣန ယဇ်ကို လက်မခံခဲ့ဘူး။ ဒီနေ့ သင့်ရဲ့ကိုးကွယ်ခြင်းကရော ယုံကြည်ခြင်းပါတဲ့ အာဗေလရဲ့ သာ၍ မြတ်​သော​ ကိုးကွယ်ခြင်းလား သာမန်ကိုးကွယ်ခြင်းလားဆိုတာ စမ်းစစ်ဖို့လိုတယ်။

မေလ ၁ ရက်နေ့

ကိုးကွယ်ခြင်း (၂)

“ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။” ကမ္ဘာဦး‬ကျမ်း ၁၂:၇

ကိုးကွယ်ခြင်းနှင့်အစပြုခြင်း

ဘုရားကို ကိုးကွယ်ဝတ်ပြုခြင်းက အားတဲ့အချိန် ဒါမှမဟုတ် အဆင်ပြေတဲ့အချိန်မှာ လုပ်ရတဲ့အရာတစ်ခုလုံးဝ မဟုတ်ဘူး။လူတချို့က ဘုရား ကိုအချိန်ပေးတယ်ဆိုတာ အချိန်ရှိမှ လုပ်ရတယ်လို့ အထင်မှားနေကြတယ်။တကယ်တော့ လုံးဝ မဟုတ်ပါဘူး။ ဒါကြောင့်လဲ လူတွေဟာ အသက်တာမှာလိုအပ်တဲ့ ထိုးဖေါက်မူတွေကို မျှော်လင့်သလောက်မရကြတာပါ။ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်တဲ့သူတွေအသက်တာကို လေ့လာကြည့်ရင် သူတို့ဟာ ကိုးကွယ်ခြင်းကို အလေးထားတယ် အမြဲတမ်း ဉီးစားပေးလုပ်လေ့ရှိတယ်ဆိုတာ တွေ့ရတယ်။

ယုံကြည်ခြင်းဖခင် အာဗြဟံရဲ့အသက်တာကို ကြည့်မယ်ဆိုရင်လည်း သူ့အသက်တာမှာ ကိုးကွယ်ခြင်းကို အလေးနက်ထားတယ်ဆိုတာ တွေ့ရတယ်။သူ သွားတဲ့နေရာတိုင်းမှာ လုပ်လေ့ရှိတာသုံးခုရှိတယ်။ ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ တဲဆောက်ခြင်းနှင့်ရေတွင်းတူးခြင်း။ ဒီသုံးခုဟာသူဘယ်နေရာရောက်ရောက်လုပ်လေ့ရှိတဲ့အရာပါ။ ယဇ်ပလ္လင်ဆောက်တယ်ဆိုတာက ဘုရားကို ကိုးကွယ်ခြင်းဖြစ်ပြီးတော့ တဲဆောက်တယ်ဆိုတာ မိသားစုနဲ့ဆိုင်တဲ့အရာပါ။ ရေတွင်းတူးခြင်းကတော့သူပဲမဟုတ်ဘူး အများသောသူတွေအတွက်ပါ။ ဒီအရာတွေထဲမှာသူဟာ ဘယ်ရောက်ရောက် ကိုးကွယ်ခြင်းကို ဉီးစားပေးလေ့ရှိတယ်။ အခြားအရာတွေကိုအရင် မလုပ်ဆောင်ဘဲ ကိုးကွယ်ခြင်းကိုအမြဲတမ်းဉီးစားပေး လုပ်လေ့ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါကြောင့်လဲ ဘုရားက အခြားသူတွေထက် အာဗြဟံကို ဉီးစားပေးကောင်းကြီးပေးတာပေါ့။ သင့်အသက်တာမှာလည်း ဘုရားကို ကိုးကွယ်ခြင်းကို ဉီးစားပေးတဲ့အလေ့အကျင့် လုပ်ပါ။ ဘုရားကလည်း သင့်ကိုအမြဲတမ်းဉီးစားပေး အသုံးပြုပါလိမ့်မယ်။

ဧပြီလ ၃၀ ရက်နေ့

ကိုးကွယ်ခြင်း

“နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။ မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။” ကမ္ဘာဦး‬ကျမ်း ၈:၂၀-၂၂

ကိုးကွယ်ခြင်းရဲ့နောက်မှာ

ဝိညာဉ်ရေးရာမှာ နက်နဲတဲ့ အရာတွေများစွာရှိတဲ့အထဲမှာ ကိုးကွယ်ခြင်းကတော့ထိပ်ဆုံးမှာရှိတယ်။ ကိုးကွယ်ခြင်းရဲ့နက်နဲရာကို လက်တွေ့ကိုးကွယ်ခြင်းထဲမှာ စီးမျှော နေတဲ့သူတွေဘဲ ခံစားနားလည်နိုင်တယ်။ ကိုးကွယ်ခြင်းအကြောင်းဘယ်လောက်ပံသိသိ၊ ဘယ်လောက်ပဲ ကြားဖူးကြားဖူး လက်တွေ့ လုပ်တဲ့သူလောက်တော့ ခံစားနားလည်နိုင်မှာမဟုတ်ဘူး။ စစ်မှန်စွာ ကိုးကွယ်တဲ့သူနောက်မှာ ကိုးကွယ်ခြင်းရဲ့ နက်နဲရာတွေက အမြဲလိုက်ခံစားနေရတယ်။ မှန်ကန်တဲ့ကိုးကွယ်ခြင်းနောက်မှာ အခြားအရာတွေအားလုံးပါ မှန် လာတယ်ဆိုတာ တွေ့မြင်ရလိမ့်မယ်။

နောဧဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ရေလွှမ်းမိုးခြင်းကိုကြုံခဲ့ရတယ်။ တလောကလုံး သေဘေးနှင့်ကြုံရပြီး သူနှင့် မိသားစု ၈ ယောက်သာ ကျန်ခဲ့တယ်။ ကြီးမားတဲ့ ပျက်ဆီးဆုံးရှုံးမှုကြီးကို လပေါင်းများစွာမြင်တွေ့ရပြီးနောက်မှာ သူဟာ ဘုရားကို ကိုးကွယ်ခြင်းယဇ်ပလ္လင် တည်ခဲ့တယ်။ ဒီကိုးကွယ်ခြင်းရဲ့ နောက်မှာ ဘုရားက နောဧကို ကတိပေးခဲ့တယ်။ နောက်တဖန် မြေကြီးကို မကျိန်ဖို့။ ကိုးကွယ်ခြင်းထဲမှာ ဘုရားက လူတွေကို အမျက်တော်ရဲ့ရလဒ်ကနေ ဖယ်ရှားပေးခဲ့တယ်။ ဒီလိုဆိုးရွားတဲ့အရာတွေ အသက်တာမှာ နောက်တဖန် မကြုံရဖို့ဘုရားက ကတိပေးတယ်။ သူမေ့သွားရင်လည်း သတိပေးမယ် သက်သေအနေနဲ့ သက်တန့်ကိုလည်း ကောင်းကင်မှာ ထားပေးထားတယ်။ ကိုးကွယ်းခြင်းရဲ့ သက်ရောက်မှုဟာ အင်တမန်ကိုကြီးမားတယ်။ နောက်မြေကြီးပေါ်မှာ အချိန်အမျိုးမျိုးကိုပြောင်းလဲစေပြီးတော့လူတွေအတွက် အကျိုးဖြစ်စေမယ့် အသီးအပွင့်တွေကိုလည်း မြင်တွေ့စေဖို့ဘုရားက သေချာ ကာလအမျိုးမျိုးကို ပြင်ဆင်ပေးတယ်။ ကိုးကွယ်းခြင်းနောက်မှာ သင့်အသက်တာရဲ့ကာလတွေဟာ အရင်က အရာတွေနဲ့မတူတော့ဘဲ ထူးခြားလာတော့မယ်။ အရင်ကနဲ့လုံးဝကို တူမှာမဟုတ်တော့ဘူး။ စစ်မှန်စွာကိုးကွယ်ခြင်းရဲ့နောက်မှာ သိသာတဲ့အပြောင်းအလဲတွေက လိုက်ပါစမြဲပဲဆိုတာ မမေ့နဲ့။

ဧပြီလ ၂၉ ရက်နေ့

ချက်ခြင်းလုပ်(၇)

“လူ​သား​သည်​မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာကို ဆောင်၍ ကိုယ်​အိမ်​သို့​သွား​လော။ သင့်​အား ငါ​ဆို​သည်​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။- ထို​သူ​သည်​လည်း လူ​အ​များ​ရှေ့​မှာ ချက်​ချင်း​ထ၍ အိပ်​ရာကို​ဆောင်​လျက်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​လျက် မိ​မိ​အိမ်​သို့​သွား​လေ၏။-” ရှင်လုကာ‬ခရစ်ဝင် ၅:၂၄-၂၅

ဘုရားစကားကိုချက်ခြင်း တုန့်ပြန်ခြင်းရလာဒ်

သခင်ယေရှုကျန်းမာစေတဲ့ သူတွေကို ကြည့်ရင် ဘာရောဂါဖြစ်တယ်ဆိုတာထက် ယုံကြည်ခြင်းနှင့် ဘယ်လိုတုန့်ပြန်သလဲဆိုတာ ပိုအရေးကြီးတယ်ဆိုတာ တွေ့ရတယ်။ သခင်ယေရှုက လူတွေကို ပေးပျောက်ပိုင်တဲ့ တန်ခိုးရှင်ဖြစ်ပေမယ့် ယုံကြည်ခြင်းနှင့်တုန့်ပြန်တဲ့သူတွေအသက် တာမှာ ဒီတန်ခိုးတော်ဟာ ထင်ရှားတယ်ဆိုတာ တွေ့ရတယ်။ သင့်အသက်တာမှာလည်း ဘယ်လိုပြဿနာ ဘယ်လိုအရာတွေကြုံနေရသလဲဆိုတာ အရေးမကြီးဘူး။ အဲ့ဒီအရာတွေထဲမှာ ဘုရားကလွတ်မြောက်စေနိုင်တယ်ဆိုတာ ယုံကြည်ဖို့နဲ့ သူပြောတဲ့စကားအတိုင်းချက်ခြင်းလုပ်ဖို့က အရေးပိုကြီးတယ်။​

လက်ခြေသေတဲ့သူကို သူ့သူငယ်ချင်းတွေက သခင်ယေရှုရှေ့ကိုရောက်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားကြတယ်။ ပုံမှန်အတိုင်းသွားရင် ဘယ်လိုမှရောက်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကိုသူတို့က လက်မလျော့ဘဲ ချက်ခြင်းရောက် မယ့်နည်းလမ်းကိုရှာကြံကြတယ်။ စွန့်စားမှုတွေပါတယ်ဆိုပေမယ့် ယုံကြည်ခြင်းက အခက်အခဲတွေထဲမှာ အမြဲတမ်း ချက် ခြင်းလုပ်ဆောင်ဖို့ နည်းလမ်းကို ရှာတွေ့တတ်တယ်။ ယုံကြည် ခြင်းနဲ့ကြည့်တဲ့သူနှင့် ခံစားချက်နဲ့ကြည့်တဲ့သူဟာဘယ်တော့မှ မတူဘူး။ နောက်တစ်ခေါက်မှဘဲ၊ အခွင့်အရေးရမှဘဲဆိုပြီးလှည့်မပြန်ဘူး။ သူများမမြင်တဲ့အခွင့်အရေးကို ယုံကြည်ခြင်းနဲ့မြင်ပြီးတော့ ခေါင်မိုးကနေ ယေရှုရှေ့ရောက်အောင် ချကြတယ်။ ဘာသာရေးသမားတွေကတော့ ထုံးစံအတိုင်း အပြစ်ပဲတင်ပြီးတော့ ဘာမှားမလဲဘဲ စောင့်ကြည့်နေကြတယ်။ သခင်ယေရှုက လက်ခြေသေတဲ့သူကို အမိန့်ပေးတယ်။ ဒီအမိန့်က သူအခြေအနေနဲ့ဆန့်ကျင်ဘက်ဘဲ။ ဒါပေမယ့်သူက ချက်ခြင်း တုန့်ပြန်ပြီးတော့ လက်တွေ့လုပ်ခဲ့တယ်။ သခင်ယေရှုပြောတဲ့အခါမှာ အခြေအနေတွေ ဖြစ်နိုင်သလား? မဖြစ်နိုင်ဘူးလားဆိုတာကို လုံးဝကိုမကြည့်ဘဲ လက်တွေ့လုပ်ဆောင် ခြင်းရဲ့ရလဒ်ကတော့ သူဟာ ချက်ခြင်းကျန်းမာခြင်းကို ရရှိခြင်းပါပဲ။ ဘုရားစကားကြားတဲ့အခါမှာ ဖြစ်နိုင်လား? မဖြစ်နိုင်လား? ဆိုတာထက် ယုံကြည်ပြီးတော့ လက်တွေ့လုပ်ဖို့ဘဲ တကယ်အရေးကြီးတယ်။ ချက်ခြင်း လုပ်တဲ့သူက သူများမရနိုင်တဲ့အရာကို ချက်ခြင်းရတယ်။

ဧပြီလ ၂၇ ရက်နေ့

ချက်ခြင်းလုပ်(၆)

“တွေ့​နိုင်​သည် ကာ​လ​တွင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ နီး​တော်​မူ​သည်​ကာ​လ​တွင် ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ​လော့။” ဟေရှာယ‬အနာဂတ္တိ ၅၅:၆

ကာလအချိန်ရှိတုန်း

ဘုရားနှင့်ဆိုင်တဲ့ ဝိညာဉ်ရေးရာ ကိစ္စတွေက အချိန်နဲ့ အလိုက်လုပ်ရတဲ့အရာတွေပါ။ မနက်ဖြန်လည်း နေထွက်လာအုံးမှာဘဲ ဒါကြောင့် အခွင့်အရေးရှိအုံးမှာပဲလို့လူတွေက ထင်တတ်တယ်။ တကယ်တော့ မနက်ဖြန် နေထွက် လာအုံးမှာမှန်ပေမယ့် မနက်ဖြန်အခွင့်အရေးမရနိုင်တဲ့ အရာတွေအများကြီးရှိတယ်။ အခွင့်အရေးရတုန်း ဝိညာဉ်ရေးရာနှင့် ပတ်သက်ပြီးတော့ ဒီနေ့လုပ်နိုင်တဲ့အရာတွေကို မနက်ဖြန်ကိုမရွေ့လိုက်ပါနဲ့ ဒီနေ့ဘဲလုပ်ပါ ချက်ခြင်းလုပ်ပါ။

ကျွန်တော်ဘဝမှာ အကြီးဆုံးရဖူးတဲ့နောင်တ တွေရှိတယ်။ အဲ့ဒီထဲမှာ အများဆုံးကတော့ လုပ်ခွင့်ရပါလျှက် နှင့် နောက်တစ်ခေါက်ဆိုပြီးတော့ ရွှေ့လိုက်မိတဲ့ အရာတွေက ပိုများတယ်။ နောက်တစ်ခေါက်ဆိုတာ ဘယ်တော့မှ မရတော့မှန်းသိခဲ့ရင် အဲ့ဒီတုန်းက ချက်ခြင်းကို လုပ်ပါတယ်။ ဘာမဟုတ်တဲ့ခံစားချက်လေးတစ်ခုနဲ့ ကြီးမားတဲ့အရာတွေကိုလက်လွှတ်လိုက်ရတာ အရမ်းကိုနစ်နာခဲ့တယ်။ အဲ့ဒီအထဲက တစ်ခုက ကယားပြည်နယ်ကိုပထမဆုံးရောက်ခဲ့တဲ့ အချိန်တုန်းက တစ်ရွာဝင် တစ်ရွာထွက်ဧဝံဂေလိလုပ်ရင်း ပြန်ရမယ့်ရက်ရောက်လာတော့ ရွာတစ်ရွာက သူတို့ရွာကို လာပြီး ဟောပြောပေးဖို့ ဖိတ်ခေါ်တယ်။ ပြန်ဖို့ အကုန်လည်းစီစဉ်ပြီးသားဖြစ်တာရယ် ဘာမှမဟုတ်တဲ့ခံစားချက် လေးတစ်ခုရယ်ကြောင့် သွားဖို့ ငြင်းဆိုလိုက်ပြီး နောက်တစ်ကြိမ်ပြန်လာမယ်လို့သာ နှစ်သိမ့်ပေးခဲ့တယ်။ အဲ့ဒီရွာကို နောက်လည်းရောက်အုံးမှာပါ ထင်ခဲ့ပေမယ့် ကယားပြည်မှာ နောက်တစ်ကြိမ်ရောက်လာပြီးတော့ ၄ နှစ်သာနေခဲ့တယ် တစ်ကြိမ်မှ အဲ့ဒီနေရာကို မရောက်ခဲ့တော့ဘူး။ ဘဝမှာ တကယ့်ကို အကြီးဆုံးရခဲ့တဲ့ နောင်တ တစ်ခုဖြစ်ခဲ့တယ်။ ဘုရားလမ်းဖွင့်ပေးတုန်း မလျှောက်ခဲ့ မိတာ ဘယ် တော့မှ မလျှောက်ရမယ့်လမ်း ဖြစ်မှန်းမသိခဲ့ဘူး။ တချို့သောအရာတွေမှာ နောက်ဆိုတာ လုံးဝကိုမရှိဘူးဆိုတာသိပါ။ အခုဆိုလည်း တစ်ချိန်တုန်းက သတင်းကောင်းဟောခဲ့တဲ့နေရာတွေ အမှုတော်မြတ်မှာ လုပ်ခွင့်ရတဲ့ နေရာတွေက လူတွေနေလို့မရတဲ့နေရာတွေဖြစ်ကုန်တာအများကြီးရှိတယ်။ လုပ်ခွင့်ရတုန်း လုပ်နိုင်တုန်းလေး အကောင်းဆုံးလုပ်ဖို့ အရးကြီးတယ်။မဟုတ်ရင်တော့ ရစရာ နောင်တပဲရှိပါလိမ့်မယ်။

ဧပြီလ ၂၆ ရက်နေ့

ချက်ခြင်းလုပ်(၅)

“ခ​ရီး​သွား​စဉ်​တွင်၊ စ​ခန်း​ဇ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို​တွေ့၍ ကွပ်​မျက်​ခြင်း​ငှာ ရှာ​ကြံ​တော်​မူ၏။ ထို​အ​ခါ၊ ဇိ​ပေါ​ရ​သည် ဓား​ကို​ယူ၍ သား၏​အ​ရေ​ဖျား​ကို​လှီး​ဖြတ်​ပြီး​မှ၊ လင်၏​ခြေ​ရင်း၌​ပျပ်​ဝပ်​လျက်၊ အ​ကယ်​စင်​စစ်​သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်​သည်​ဟု ဆို၏။ ထို​အ​ခါ မော​ရှေ​ကို လွှတ်​တော်​မူ၏။ မ​ယား​က​လည်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကြောင့်၊ သင်​သည် အ​ကျွန်ုပ်၌ အ​သွေး​နှင့်​ယှဉ်​သော​လင်​ဖြစ်၏​ဟု​ဆို​သ​တည်း။” ထွက်မြောက်ရာ‬ကျမ်း ၄:၂၄-၂၆

အရေးကြီးတဲ့အရာကိုအရင်လုပ်

အရေးပေါ် အလုပ်တွေနဲ့ ရှုပ်နေတာနဲ့ဘဲ အရေးကြီးတဲ့အရာတွေကို လက်လွတ်သွားတာမဖြစ်စေနဲ့။ ဘဝမှာ မလုပ်မဖြစ်တဲ့အရေးကြီးတဲ့အရာတွေရှိသလို မကြာခဏဆို ပေါ်လာတတ်တဲ့ အရေးပေါ်အလုပ်တွေကလည်း နည်းမှမနည်းတာ။ ဒါပေမယ့် အရေးကြီးတဲ့ အလုပ်တွေကိုမလုပ်ဘဲ နေတဲ့အထိတော့ အရေးပေါ်လုပ်တွေထဲမှာ မရှုပ်မိသွားစေနဲ့။ ကိုယ့်ဘဝရဲ့ ဘုရားနဲ့ပတ်သက်တဲ့အရေးကြီးအလုပ်တွေကို မပျက်မကွက်လုပ်ဖို့ ကိုယ့်ဟာကိုယ်ဟာအမြဲသတိပေးပါ။

ဘုရားရဲ့ခေါ်ခြင်းခံရပြီးတော့ ဣသရေလ လူတွေကိုကယ်ဖို့သွားတဲ့လမ်းမှာ မောရှေဟာ သေဖို့အကြောင်းဖြစ်လာတယ်။ ဒီအဖြစ်ပျက်ဟာ လူတိုင်း စိတ်ထဲမှာ မေးခွန်းအဖြစ်ရှိနေတယ်။ ဘုရားက ရွေးကောက်ပြီးတော့ သူလည်းသွားခိုင်းသေးတယ် ဘာလို့များမောရှေကို သေဖို့ လုပ်တော့မှာလဲ? မှန်တယ် ဘုရားခေါ်တယ်ဆိုတာလည်းမှန်တယ်။ ဘုရားအလုပ်ကိုလုပ်ဖို့သွားတယ်ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် မောရှေ အရေးကြီးဆုံးအလုပ်ကို လုပ်ဖို့ ပျက်ကွက်နေတယ်။ တကယ်ဆိုရင် အရေဖျားလှီးတယ်ဆိုတာ မွေးပြီးပြီးချင်း (၈) ရက်မှာ ချက်ခြင်းလုပ်ဖို့ အာဗြဟံကို ဘုရားက မှာထားတာပါ။ ဒီ ပဋိညာဉ်ဟာ ဘုရားနဲ့ အာဗြဟံတွက် အရေးကြီးတဲ့ သဘောတူညီချက်တစ်ခုဖြစ်တယ်။ အဆင်ပြေမှ​ အားမှ လုပ်ရမယ့်အရာမဟုတ်ဘူး။ ချက်ခြင်းလုပ်ရမယ့် အရေးကြီးတဲ့အရာတွေထဲကတစ်ခု။ ဒါကို မောရှေပျက်ကွက်ခဲ့တယ်။ ဘုရားနဲ့ဆိုင်တဲ့အရေးကြီးတဲ့အရာတွေကို မေ့နေတဲ့ သူတစ်ယောက်ကို ကြီးကြီးမားမားအသုံးပြုဖို့ဆိုတာ မလွယ်တဲ့ကိစ္စဆိုတာ ဒီမှာတွေ့ရတယ်။ ဘုရားသုံးချင်ပေမယ့် ဘုရားနဲ့ဆိုင်တဲ့အရာကို မလေးမစား လုပ်တဲ့သူကိုတော့ဘုရားက သုံးမှာမဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ အသေးစိတ်ကိုဂရိုစိုက်ပြီးတော့ ဘုရားမှာထားတဲ့အတိုင်း ချက်ခြင်းလုပ်ဆောင်တတ်တဲ့သူဖြစ်ဖို့တော့လိုတယ်။ အချိန်ဆွဲနေရင် ပေးရမယ့်အဖိုးအခမသေးဘူး။ ဒီနေရာမှာ မောရှေအမျိုးသမီးရဲ့ချက်ခြင်းဆုံးဖြတ်ချက်ချပြီး ပါးနပ်မှုကို မြင်ရတယ်။ သူ့ရဲ့ ချက်ခြင်း လုပ်ဆောင်မှုကြောင့်သာ မောရှေအသက်လွတ်သွားတယ်ဆိုတာ တွေ့ရတယ်။ မဟုတ်ရင်တော့ အခြေအနေက တမျိုးပြောင်းသွားနိုင်တယ်။ ချက်ခြင်းလုပ်သင့်တဲ့အရာတွေကိုမလုပ်ရင် ကြုံလာရမယ့် အဖိုးအခကတော့ မသေးဘူး။

ဧပြီလ ၂၅ ရက်နေ့

ချက်ခြင်းလုပ်(၄)

“အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။” ရှင်ယောဟန်‬ခရစ်ဝင် ၅:၄

အရင်ဆုံးလုပ်တဲ့သူ

ဘုရားနှင့်သွားလာအသက်ရှင်တယ်ဆိုတာ ဘာနဲ့မှမတူဘူး။ အခြားလုပ်တဲ့ အရာတွေနဲ့ ဘုရားနဲ့သွားလာခြင်းကိုမရောလိုက်နဲ့။ တချို့ဘုရားကထပ်အခွင့်အရေးပေး မှာပါဆိုပြီးတော့ အခုရတဲ့အခွင့်အရေးကို လက်လွှတ်ခံလိုက်တဲ့သူတွေလည်း အများကြီးရှိတယ်။ ဒုတိယ ရမယ့်အခွင့်အရေး မရောက်လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒုတိယလာမယ့်အခွင့်အရေးကိုယူပြီးတော့ ပထမ နေရာဘယ်တော့မှ မရောက်နိုင်ဘူးဆိုတာ သိထားဖို့လိုတယ်။ ဒုတိယအကြိမ်အခွင့်အရေးတော့ရောက်လာမှာပါ ဒါပေမယ့် အချိန်တော့အများကြီးစောင့်ရအုံးမယ်ဆိုတာ သိထားဖို့လိုတယ်။

ဗေသေသဒ အိုင်ကို ကြည့်ပြီးတော့ ဘုရားရဲ့သဘောသဘာဝကို အများကြီးသိမြင်နိုင်တယ်။ ကောင်းကင်တမန်က ရေလာလှုပ်ရှားတတ်တယ်။ ဒါပေမယ့်ဘယ်တော့လှုပ်ရှားမယ်ဆိုတာတော့ဘယ်သူမှ မသိဘူး။ လှုပ်ရှားပြီဆိုတာနဲ့ ချက် ခြင်း ဝင်တဲ့သူက ခံစားနေရတဲ့ရောဂါကနေ ကျန်းမာခြင်းခံစားရတယ်။ လှုပ်ရှားမှုရောက်လာပြီဆိုတာနဲ့ ချက်ခြင်းဝင် ဖို့တော့လိုတယ်။ အချိန်ဆွဲနေတယ် စဉ်းစားတွေဝေနေရင်တော့ နေခဲ့လိုက်တော့။ ရေလှုပ်ရှားတာနဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ရေထဲကိုခုန်ချ လိုက်ဖို့အရေးကြီးတယ်။ မဟုတ်ရင်တော့ ကျန်ခဲ့ပြီ။ ရေလှုပ်ရှားတဲ့အချိန်က နေ့ဖြစ်လို့ ည ဖြစ်လို့ ဆိုပြီးတော့လည်း စဉ်းစားနေလို့မရဘူး။ လိုချင်တယ်ဆိုရင်တော့ လှုပ်ရှားပြီဆိုတာနဲ့ ချက်ခြင်း ဝင်နိုင်ဖို့အရေးကြီးတယ်။ ဒီအရာမှာ ဘုရားနှလုံးသားကိုတွေ့ရနိုင်တယ်။ ဘုရားကသူနဲ့ပက်သက်ရင် ချက်ခြင်း လုပ်ဆောင်တာကိုသဘောကျတယ်။ ဘုရားဆီက သဘာဝလွန် အရာတွေကို ခံစားရဖို့အတွက် တွေဝေလို့တော့လုံးဝကို မရဘူးဆိုတာ သိပါ။ ဘုရားနှင့်ပက်သက်ပြီးတော့ အမြဲတမ်း ချက်ခြင်းလုပ်တတ်တဲ့သူက ကိုယ်အသက်တာအတွက်လည်း ဘုရား လုပ်ပေးတဲ့ အခြားလူမရနိုင်တဲ့အရာတွေကို ချက်ခြင်းရလေ့ရှိတယ်ဆိုတာ သိပါ။ စဉ်းစားတွေဝေတဲ့သူကတော့ သူများ ကျန်းမာတာ ကောင်းကြီးရတာကိုထိုင်ကြည့်နေရုံကလွဲပြီးဘာ ရှိအုံးမလဲ?

ဧပြီလ ၂၄ ရက်နေ့

ချက်ခြင်းလုပ်(၃)

“မိုး​သောက်​သော​အ​ခါ၊ ကောင်း​ကင်​တ​မန်​တို့​သည် လော​တ​ကို​ဆော်​လျက်၊ သင်​သည်​ထ၍ ဤ​အ​ရပ်၌​ရှိ​သော မ​ယား​နှင့် သ​မီး​နှစ်​ယောက်​တို့​ကို ယူ​သွား​လော့။ သို့​မ​ဟုတ်၊ မြို့၏​အ​ပြစ်၌ ဆုံး​ခြင်း​သို့​ရောက်​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ သူ​သည်​ဖင့်​နွှဲ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သ​နား​တော်​မူ​သော​ကြောင့်၊ ကောင်း​ကင်​တ​မန်​တို့​သည်၊ သူ​နှင့် သူ၏​မ​ယား၊ သူ၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ၍၊ မြို့​ပြင်​သို့ ထုတ်​ဆောင်​ကြ၏။” ကမ္ဘာဦး‬ကျမ်း ၁၉:၁၅-၁၆

နောက်ကျလို့ပေးလိုက်ရတဲ့ အခ

လူတွေက နောက်ကျတာလောက်တော့ ဘာမှမဖြစ်ဘူးလို့ဘဲ ထင်မှတ်နေကြတယ်။ နောက်ကျလို့ ပေးလိုက်ရတဲ့အခကို ဘယ်သူမှ​ကြိုတင်တွက်မထားဘူး။ နောက်ကျတာဟာအရာရာ အတွက်မကောင်းပါဘူး။ အထူးသဖြင့် ဝိညာဉ်ရေးရာမှာဆိုရင်ပိုလို့တောင်မကောင်းဘူး။ ဘုရားနဲ့ပတ်သက်သက်ပြီး တွေဝေနေတဲ့သူတွေဟာ ဘယ်တော့မှ အမြင့်ဆုံးကိုပျံသန်းဖို့အတွက် အားအင်တွေရှိမှာမဟုတ်ဘူး။ ဘုရားပြောရင် ချက်ခြင်းလုပ်တတ်တဲ့အကျင့်ရှိတဲ့သူတွေဘဲ အမြဲတမ်း အမြင့်ကို ပျံသန်းဖို့အတွက် အဆင်သင့်ဖြစ်စေတယ်။

ကောင်းကင်တမန်ဟာ ဖျက်ဆီးခြင်းခံရတော့မယ့် နေရာကနေ လောတနဲ့ သူမိသားစုတွေကို ထွက်ခွါဖို့ အကြိမ်ကြိမ်ပြောပေမယ့်သူတို့ဟာ ချက်ခြင်းလုပ်ဖို့အတွက် ပျက်ကွက်ခဲ့တယ်။ လောတရဲ့ တွေဝေမှုတွေနဲ့ သူပြောတာကို မယုံတဲ့ သူတွေကြားမှာ ဘုရားလုပ်ရမယ့်အလုပ်ကို နှောင့်နှေးစေတယ်။ နောက်ဆုံး ဘုရားရဲ့သနားခြင်း ကရုဏာကြောင့်သာ သူနှင့် သူ့မိသားစု မပျက်ဆီးဘဲ ထွက်မြောက်လာနိုင်တယ်။ ဒါပေမယ့် တွေဝေတတ်ပြီး ဘုရားစကားကို ချက်ခြင်းမလုပ်တတ်တဲ့ သူတွေရဲ့မိသားစုမှာ ထိခိုက်ပျက်ဆီးမှုရှိတယ်ဆိုတာတော့ သူ့အသက်တာကိုကြည့်ပြီးတော့ သင်ခန်းစာယူတတ်ဖို့တော့လိုတယ်။ သူ့ရဲ့ ချက်ခြင်း မလုပ်ဆောင်မှုဟာ လှည့်ကြည့်ပြီး ဆားတိုင်အဖြစ် ကျန်ခဲ့တဲ့ဇနီးသည်ဖြစ်လာဖို့ လမ်းဖွင့်ပေးလိုက်သလို၊ မှားယွင်းတဲ့အတွေးအခေါ်တွေနဲ့ အဖေနဲ့ ပြန်အိပ်ပြီးတော့ ဘုရားအမျက်တော် ခံရတဲ့အမျိုးတွေကိုမွေးထုတ်ပေးတဲ့သမီးတွေထွက်ပေါ်လာစေတယ်။ ဒီအရာတွေက ဘုရားပြောရင် ချက်ခြင်းမလုပ်တတ်တဲ့ ဆိုးကျိုးတွေထဲက တစ်ခုဘဲလို့ဆိုရမယ်။ ဘဝမှာ ဘယ်တော့မှ နောက်ကျခြင်းရဲ့ အခကို လျော့မတွက်မိစေနဲ့။ လောတဟာ ကြီးမားတဲ့ အခွင့်အရေးကို ပိုင်ဆိုင်ခွင့်ရပေမယ့် နောက်ကျခြင်းကြောင့် အခွင့်အရေးထဲမှာ ဝမ်းနည်းခြင်းတွေရောနှောမိသလို ဖြစ်သွားစေတယ်။ ဒါကြောင့် ဘုရားစကားကိုနားထောင်ဖို့ နောက်ကျတယ်ဆိုတာ အဖိုးအခသိပ်များတယ်ဆိုတာမမေ့စေချင်ဘူး။

ဧပြီလ ၂၃ ရက်နေ့

ချက်ခြင်းလုပ် ၂

“မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။” ဓမ္မရာဇဝင်တတိယစောင် ၁၇:၁၂

အောင်မြင်သူတွေရဲ့ လျှို့ဝှက်ချက်

အောင်မြင်သူတွေရဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာ လူတိုင်းသိချင်ကြတယ်။ အောင်မြင်သူတွေ ဘာလို့များ ဒီလောက်ထိ အောင်မြင်ရတာလဲ? သူတို့ဆီမှာ ပြောမပြတဲ့ လျှို့ဝှက်ထားတဲ့အရာတွေရှိသလား? အောင်မြင်သူတိုင်းမှာ မတူတဲ့ အကြောင်းပြချက်တွေတော့ရှိစမြဲပါပဲ။ ဒါပေမယ့် တူညီတဲ့အချက်တွေလည်းရှိတယ်။ အခြေခံတူညီတဲ့အချက်တွေထဲမှာ သူတို့ဟာဘယ်တော့မှ အချိန်မဆွဲဘဲ လျှင်မြန်စွာပြုမူ အကောင်ထည်ဖေါ်ကြခြင်းပါပဲ။ တုန့်ဆိုင်း၊ တွေဝေနေတဲ့သူတွေဟာ ကောင်းတဲ့အကြံတွေရှိရင်တောင် သူများလက်ဉီးတာကိုဘဲ ထိုင်ကြည့်နေရတတ်တယ်။ ကျွန် တော်တို့မှာလည်း လုပ်ဖို့ကောင်းတဲ့ အောင်မြင်မယ့်အကြံတွေရှိတတ်ပေမယ့် မအောင်မြင်တာဘာကြောင့်လဲဆိုရင် အကောင်အထည်ဖေါ် ဖို့၊ လက်တွေ့လုပ်ဆောင်ဖို့ တုန့်ဆိုင်းနေလို့ပါပဲ။ အထူးသဖြင့် ဘုရားစကားပြောတဲ့အခါမှာ အကြိမ်ကြိမ်စဉ်းစားတွက်ချက်ပြီးတော့ လုပ်ဆောင်ဖို့ တွေဝေနေခြင်းက အဆိုးတကာထဲမှာ အဆိုးဆုံးပါပဲ။

ကျမ်းစာထဲမှာ ဘုရားအကြီးအကျယ်အသုံးပြုတဲ့ သူတွေကိုကြည့်ပြီးတော့လည်း ဒါကိုတွေ့နိုင်တယ်။ ပရောဖက်ကြီး ဧလိယ အသက်တာ ကိုကြည့်တဲ့အခါမှာ လျှင်မြန်စွာ လုပ်ဆောင်ခြင်းက ဘယ်လောက်တောင် အရေးပါသလဲဆိုတာ တွေ့ရတယ်။ ခေရိတ်ချောင်းနားမှာ ကျီးအကျွေးမွေးခြင်းကို ခံနေရချိန်မှာ ဘုရားက ပြောတယ် မုဆိုးမဆီကိုသွားဖို့အတွက် ဒီစကားကိုကြားတဲ့အခါမှာ ဧလိယဟာ ချက်ခြင်းသွားခဲ့တယ်။ တကယ်လို့ သူသာ ချက်ခြင်းဘုရားစကားကို မတုန့်ပြန်ပဲ နောက်နေ့မှပဲသွားခဲ့မယ်ဆို ဘာဖြစ်မလဲ? မုဆိုးမ သူနှင့်သူ့သားစားဖို့နောက်ဆုံး မု့န်လုပ်ဖို့အတွက်ထင်းကောက်နေပြီ မဟုတ်လား? နောက်နေ့ မပြောနဲ့ ဒီနေ့တောင် နောက်ကျသွားခဲ့ရင် ဘုရားရဲ့လုပ်ဆောင်မှုကို မြင်ရမှာမဟုတ်တော့ဘူး။ ဒီအဖြစ်ပျက်က ကျွန်တော်တို့ကိုဘာပြောနေသလဲ? တချိ့သောနိမိတ်လက္ခဏာတွေ၊ ဘုရားကောင်းကြီးတွေကို အသက်တာမှာ ဘာလို့မမြင်ရသလဲဆိုတာ ဒီအရာကိုကြည့်ပြီးတော့ တွေ့နိုင်တယ်။ ဘုရားချိန်းချက်ထားတဲ့ အရာတွေကို ကိုယ့်အသက်တာရဲ့တွေဝေခြင်း၊ တုန့်ဆိုင်းခြင်းက တားဆီးထားတယ်။ ဒီနေ့လုပ်ရမယ့် ဘုရားစကားကို နောက်နေ့ကိုမရွှေ့ပါနှင့်။ ဒီနေ့ ဘုရားပြုမယ့် နိမိတ်လက္ခဏာက မနက်ဖြန်ဆို ကျန်မှာ မဟုတ်တော့ဘူးဆိုတာသိပါ။

ဧပြီလ ၂၂ ရက်နေ့

ချက်ခြင်း လုပ်(၁)

“မော​ရှေ​က​လည်း၊ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ​မ​ကျန်​စေ​နှင့်​ဟု ဆို​သော်​လည်း၊ အ​ချို့​တို့​သည် မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ၊ နံ​နက်​တိုင်​အောင် ကျန်​စေ​သ​ဖြင့်၊ ပိုး​ဖြစ်၍​နံ​လေ​သော်၊ မော​ရှေ​သည် အ​မျက်​ထွက်၏။ ထို​သူ​အ​သီး​အ​သီး​တို့​သည် နေ့​တိုင်း​မိ​မိ​တို့​စား​လောက်​သ​မျှ​ကို သိမ်း​ယူ​ကြ၏။ နေ​ပူ​သော​အ​ခါ​အ​ရေ​ဖြစ်​လေ၏။” ထွက်မြောက်ရာ‬ ကျမ်း ၁၆:၁၉

ဘုရားက အချိန်နဲ့ အလုပ်လုပ်တယ်ဆိုတာသိပါသလား? သူ လုပ်တဲ့အချိန်ကိုက် လုပ်ဆောင် အသက်ရှင်တတ်တဲ့သူဟာ အမြဲတမ်း အခြားသူတွေနဲ့မတူတဲ့ကောင်းကြီး ရရှိပိုင်ဆိုင်ခွင့်ရတယ်။ လူတွေက အခြားသူတွေထက်တော့ သာချင်တယ် အခြားသူတွေထက်တော့ ဘုရားစကားကို အချိန်ကိုက် နားထောင်ဖို့အတွက် ဆန္ဒမရှိကြဘူး။ ဘုရားစကား နားထောင်လို့ဘဲ မလုံလောက်ဘူး အချိန်နဲ့ တပြေးညီ လုပ်ဆောင်တတ်ဖို့လိုတယ်။ တချို့က မေးတယ် ဘုရားစကား နားထောင်ရဲ့သားနဲ့ ဘာလို့ကောင်းကြီးမရတာလဲ? ဒါဆိုရင်ပြန်မေးချင်တယ် ဘုရားပြောတဲ့အတိုင်း ချက်ခြင်းတုန့်ပြန်လုပ် ဆောင်တာလား? တချို့က ဘုရားစကားပြောတာ လွန်ခဲ့တဲ့ နှစ်က သူက အခုမှ နားထောင်ပြီးတော့ ချက်ခြင်း ကောင်းကြီးတော့ရချင်တယ်။ ကိုယ်တိုင်တောင် ချက်ခြင်း လက်တွေ့မလုပ်ဘဲ ကောင်းကြီးကျတော့ချက်ခြင်း ရချင်လို့တော့ဘယ်ရမလဲ?

ဘုရားကသူ့လူမျိုးတွေကို ကန္တာရထဲမှာ သူနှင့်အတူ အလုပ်လုပ်တတ်ဖို့သင်ပေးတယ်။ ဣသရေလ လူမျိုးတွေရဲ့ တကယ့်အရေးကြီးတဲ့ ဝိညာဉ်ရေးရာတွေကို တောထဲမှာဖြတ်သန်းနေတဲ့အချိန်တွေမှာတွေ့ရတယ်။ ဒါပေမယ့် သူတို့ဟာဒါကို နားလည်သဘောပေါက်ခြင်းမရှိဘဲ ကျရူံးခဲ့ကြတယ်။ ဘုရားက သူတို့စားဖို့အတွက်နေ့စဉ်ထောက်ပံ့ပေမယ့် သူတို့ လိုချင်တဲ့အချိန်တိုင်းမှာ ရှိစေတာမဟုတ်ဘဲ ဘုရားပေးတဲ့အချိန်မှာ သူတို့ ကအချိန်မှိ သိမ်းယူတတ်ဖို့သင်ပေးတယ်။ဒီသင်ခန်းစာ အရမ်းကိုကောင်းလွန်းတယ်။ သိမ်းယူတဲ့အချိန်ကော သိမ်းထားရမယ့်အချိန်ကော ဘုရားက အတိအကျ မှာထားပြီးတော့အဲ့ဒီအတိုင်း မလိုက်နာတဲ့သူတွေက ဘုရားပြင်ဆင်ပေးတဲ့အရာကိုမမြင်ရသလို ရှိတဲ့အရာတွေကလည်း ကောင်းကြီးမဖြစ်ဘဲ ပြဿနာဖြစ်လာတယ်။ နေထွက်တာနဲ့ မန္နမုန့်ဟာ အရည်ပျော်ပြီဖြစ်လို့ ကိုယ်အဆင်ပြေတဲ့အချိန်မှာ သွားကောက်ဖို့စိတ်ကူးတဲ့သူတွေအတွက်က ဘာမှ မြင်တွေ့ရမှာမဟုတ်ဘူး။ ဘုရားမပြင်ဆင်ပေးတာမဟုတ်ဘူး ကိုယ့်ဘက်က နောက်ကျတယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။ နောက် သိမ်းထားတဲ့အရာကလည်း ဘုရားသတ်မှတ်တဲ့အချိန်ကျော်ပြီး သိမ်းလို့ မရဘူး။ တကယ်လို့သိမ်းထားရင် ကောင်းကြီးမဖြစ်တော့ဘူး ပြဿနာဖြစ်လာတော့တာ။ ဒီအရာက ဘုရားပြောရင် အချိန်ကိုက် လုပ်ဆောင်ဖို့အတွက် တကယ့်ကို အရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်တယ်။ ချက်ခြင်း မလုပ်ဘူး မှာထားတဲ့အချိန်ကာလအတွင်းမှာ မလုပ်ဆောင်ဘူးဆိုရင် သေချာတယ် ဘာမှ​မြင် တွေ့ရမှာမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။

ဧပြီလ ၂၀ ရက်နေ့

ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း

”အကျွန်ုပ်​သည် ကြောက်ရွံ့​သောအခါ ကိုယ်တော်​ကို ယုံကြည်ကိုးစား​ပါ​၏​။ ဘုရားသခင်​ကို​အမှီပြု​၍ နှုတ်ကပတ်တော်​ကို ငါ​ချီးမွမ်း​မည်​။ ငါ​သည် ဘုရားသခင်​ကို ယုံကြည်ကိုးစား​သည်​ဖြစ်၍ ကြောက်ရွံ့​မည်​မ​ဟုတ်​။ လူ​သည် ငါ့​ကို​မည်သို့​ပြု​နိုင်​မည်နည်း​။“ ‭‭ဆာလံကျမ်း‬ ‭၅၆:၃-၄

ကြောက်တဲ့အရာသာမတူရင်မတူမယ် ကြောက်တဲ့စိတ်ကလေး ရှိကြတာတော့တူကြပါတယ်။ တချို့က နာမည်ပျက်မှာ ကြောက်တယ်၊ တချို့က ဆင်းရဲမှာကြောက်တယ်၊ တချို့က ကြီးမားတဲ့ အကောင်ကြီးတွေကို ကြောက်တတ်သလို တချို့ကျတော့လည်း သေးငယ်တဲ့ အကောင်လေးတွေကိုကြောက်ပြန်ရော။ ဘယ်လိုပဲ ဖြစ်ဖြစ် ကြောက်ရွံ့ခြင်းကတော့ လူတိုင်းမှာ ပုံစံအမျိုးမျိုးနှင့် နေရာယူတတ်ကြတယ်။ ဒီကြောက်ရွံ့တဲ့စိတ်ကို နေရာပေးထားရင် သင့်အသက်တာကို တမျိုးမဟုတ်တမျိုး ဒုက္ခပေးလိမ့်မယ်။ ကြောက်ရွံ့တဲ့စိတ်က အသက်တာကို ဆွဲချစေတဲ့ အဆိုးဆုံးအရာတွေထဲက တစ်ခုဖြစ်တယ်။

ဒါဆိုရင် ကြောက်ရွံ့တဲ့စိတ်ကို တိုက်ထုတ်ဖို့အတွက် ဘယ်လိုလုပ်ရမလဲ? ဒီမေးခွန်းက အကောင်းဆုံးမေးခွန်းတွေထဲကတစ်ခုဖြစ်ပြီးတော့ နှုတ်ကပတ်တော်ကဘဲ အဖြေရှင်းလင်းစွာပေးထားပါတယ်။ ဆာလံဆရာက ကြောက်ရွံ့ခြင်းတွေ ကြုံတဲ့အခါမှာသူက ဘုရားကို ပိုကိုးစားဖို့၊ ယုံကြည်ခြင်းနှင့်ဘဲ ဖြတ်သန်းဖို့ဆုံးဖြတ်ခဲ့တယ်။ ကြောက်ရွံ့ခြင်းနှင့် ယုံကြည်ခြင်းက ဘယ်တော့မှ အတူမနေဘူး။ ယုံကြည်ခြင်း ကြီးလာရင် ကြောက်ရွံ့တဲ့စိတ်က ပျောက်သွားလိမ့်မယ်။ နောက်သူက ဘုရားကိုအမှီပြုပြီးတော့ နှုတ်ကပတ်တော် အတိုင်း ချီးမွမ်းတယ်။ အခြေအနေအပေါ်မှာ ကြည့်ပြီးတော့ ရှင်သန်တာမဟုတ်ဘဲ နှုတ်ကပတ်တော်အပေါ်မှာ ကြည့်ပြီးတော့ရှင်သန်တာပါ။ ဘယ်တော့မှမမှားနိုင်တာက နှုတ်ကပတ််တော်ပဲ။ နှုတ်ကပတ်တော်ကိုစိတ်ချတတ်လာလေ သင့်အသက်တာမှာ ကြောက်ရွံ့စိတ်က နည်းသွားလေဘဲ။ လူတွေ​ဘယ်လောက်ဘဲ ဆိုးရွားစွာကြံစည်လေပါစေ ဘယ်တော့မှ​ထိခိုက်ပျက်ဆီးသွားမှာမဟုတ်ဘူးဆိုတာ ဘုရားကိုယုံတဲ့သူနဲ့ နှုတ်ကပတ်တော်ကိုသဘောပေါက်တဲ့သူက နားလည်တယ်။

ဧပြီလ ၁၉ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၁၀)

“မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။-” ဟေဗြဲ‬သြ၀ါဒစာ ၁၁း၂၄-၂၆

နောင်ရလတ္တံ့သောအကျိုး

ယုံကြည်ခြင်းက အခုရမယ့် အခွင့်အရေးအတွက်ဘဲမျှော်ကိုးပြီးအသက်ရှင်တာမဟုတ်ဘူး။ အခု အဆင်ပြေဖို့အတွက်ဘဲ ကြည့်တာဟာ ယုံကြည်ခြင်းရဲ့ ရလဒ်မဟုတ်ဘူး။ အနာဂတ်ကိုမျှော်မြင်ပြီးတော့ နောက်ရမယ့်အကျိုးကိုမြင်တတ်တာနောက်ရမယ့် အရာအတွက် လုပ်ဆောင်တတ်တာဟာ ယုံကြည်ခြင်းရဲ့လုပ်ဆောင်မှုဘဲ။ အခုအတွက်ဘဲမကြည့်ပါနှင့် အခုအတွက်ဘဲအသက်မရှင်ပါနဲ့။ ဧသောနှင့်ယာကုပ်ရဲ့အဓိကကွာခြားချက်ကလည်း ဒီအရာပါပဲ။ ဧသောဟာ အခုရမယ့် ပဲဟင်းကိုဘဲမြင်ပြီးတော့ ယာကုပ်က အနာဂတ်ရမယ့် သားဉီးကောင်းကြီးကိုမြင်တယ်။

မောရှေဟာ အဲဂုတ္တုမှာ ကြီးမားတဲ့စီးစိမ်တွေ ခံစားရပေမယ့် ဘုရားလူတွေနဲ့အတူ ပေးရမယ့်အဖိုးအခကိုဘဲ ရွေးချယ်ခဲ့တယ်။ ဒီပေးရတဲ့အဖိုးအခဟာ တချိန်မှာကြီးမားတဲ့ရိတ်သိမ်းမှုကိုဖြစ်စေမယ်ဆိုတာ သူကောင်းကောင်းမြင်တယ်၊ ဒါကြောင့်လဲ သာမန်စည်းစိမ်ထက် သာပြီးမြတ်တဲ့စည်းစိမ်ကို သူရွေးချယ်ခဲ့တယ်။ သာမန် စည်းစိမ်ထက် ပိုမြတ်တဲ့အရာကိုရွေးချယ်ခြင်းကြောင့် ပေးလိုက်ရတဲ့အဖိုးအခတွေ များစွာရှိတယ်။ဒါပေမယ့် သူဂရုမစိုက်ဘူး။ ယုံကြည်ခြင်းရှိတဲ့သူတိုင်းဟာ အဖိုးအခပေးရတဲ့ကာလတော့ကိုယ်စီရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းရိတ်သိမ်းခြင်းကလည်း စောင့်နေတယ်ဆိုတာမောရှေအသက်တာကိုကြည့်ရင်တွေ့ရတယ်။

ဧပြီလ ၁၈ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၉)

“မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။-” ဟေဗြဲသြ၀ါ‬ဒစာ ၁၁း၂၃

ကြောက်ရွံ့ခြင်းကနေ အောင်မြင်ခြင်း

ရှင်ဘုရင်ရဲ့အမိန့်ထက် ကြောက်စရာကောင်းတာ ဘာများရှိအုံးမှာလဲ? အပြင်းထန်ဆုံးနှင့် ကြောက်စရာအကောင်းဆုံးပဲမဟုတ်လား? ဒါဆိုရင် အဲ့ဒီလိုကြောက်စရာကောင်းတဲ့ အရာကိုတောင်မှ မကြောက်ဘဲ ကျော်လွန်နိုင်စေတဲ့အရာက ဘာများပါလိမ့်။ ယုံကြည်ခြင်းက လွဲပြီးတော့ ဘာများရှိအုံးမှာလဲ? ဟုတ်ပါတယ် ယုံကြည်ခြင်းက ကျွန်တော်တို့ဘဝမှာ ဘယ်လိုမှ မကျော်လွန်နိုင်တဲ့ကြောက်ရွံ့ခြင်းကို အောင်မြင်စေတဲ့ တစ်ခုတည်းသောအရာဖြစ်တယ်။ ယုံကြည်ခြင်းကသာလျှင် သင့်ဘဝရဲ့ကြောက်ရွံ့တဲ့အရာတွေကို ရင်ဆိုင်ဖို့အဓိက လိုအပ်တဲ့အရာတစ်ခုပါပဲ။

မောရှေကိုမွေးတော့ ရှင်ဘုရင်ကသားမွေးလာရင်သတ်ဖို့ အမိန့်ထုတ်ထားတာပါ။ ဘယ်လောက်ဘဝမှာ ဆိုးတာကြုံရကြုံရ မောရှေလောက်တော့မဆိုးဘူး လို့ထင်ပါတယ်။ သူဟာ မမွေးခင်သေဖို့ အမိန့်ချပြီးသားပါ။ ဒါပေမယ့် သူ့ရဲ့မိဘတွေက ဒီအရာကိုကျော်လွန်ဖို့အတွက် ယုံကြည်ခြင်းရှိခဲ့တယ်။ ဒီယုံကြည်ခြင်းကဘဲ သူတို့သားတစ်ယောက်ထဲကိုလွတ်မြောက်စတောမဟုတ်ဘဲ၊ သူ့လူမျိုးတစ်ခုလုံးလွတ်မြောက်စေဖို့အတွက် ဖြစ်စေခဲ့တယ်။ ယုံကြည်ခြင်းနှင့်အသက်ရှင်တဲ့အခါမှာ တစ်ခါအတွက်၊ တစ်ခုအတွက်ဘဲ ကောင်းကြီးဖြစ်တာလုံးဝမဟုတ်ဘူး။ ကြီးမားတဲ့အရာတွေပါ ဆက်တိုက်ဆိုသလို ကောင်းကြီးဖြစ်စေတာ။ ယုံကြည်ခြင်းနှင့် အသက်ရှင်ရင်ဆိုင်လို့ ဘယ်တော့မှ​မမှားဘူးဆိုတာ ဒီအဖြစ်ပျက်က သိစေတယ်။

ဧပြီလ ၁၇ ရက်နေ့

ယုံကြည်သည်ဖြစ်၍ (၈)

“ယော​သပ်​သည် သေ​ဆဲ​ရှိ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ထွက်​မြောက်​ခြင်း​အ​ရာ​ကို ပြ၍၊ မိ​မိ​အ​ရိုး​တို့၏ အ​ကြောင်း​ကို မှာ​ထား​လေ၏။” ဟေဗြဲ‬သြ၀ါဒ‭စာ ၁၁း၂၂

ထွက်မြောက်ရာလမ်းပြတဲ့သူ

ယုံကြည်ခြင်းရှိတဲ့သူက ကိုယ်တိုင်လမ်းမရှိတဲ့သူ၊ လမ်းပျောက်တဲ့သူ ဘယ်တုန်းက အဲ့ဘဝကိုမရောက်သလို အခြားသူတွေကိုလည်း သူလို့ပဲ ထွက်မြောက်ရာလမ်းကိုပြညွှန်တဲ့သူဖြစ်တယ်။ လူတချို့က လမ်းမရှိတာမဟုတ်ဘူး သူတို့အသက်တာမှာ ဘုရားပြင်ပေးတဲ့ လမ်းကိုမြင်ဖို့အတွက် ယုံကြည်ခြင်းမရှိတာပါ။ ယုံကြည်ခြင်းရှိတဲ့သူအတွက် အမြဲတမ်းထွက်မြောက်ရာလမ်းရှိတယ်။ ယုံကြည်ခြင်းမရှိတဲ့သူကတော့ရှိတဲ့လမ်းကိုတောင်မမြင်ဘူး။

ယောသပ်ဟာ ယုံကြည်ခြင်းနှင့် အနာဂတ်ကိုအမြဲတမ်းမြင်တဲ့သူဖြစ်တယ်။ သူ့အကိုတွေ မမြင်တဲ့ အနာဂတ်ကိုလည်း မြင်တဲ့အတွက် အမုန်းခံရပြီးတော့ ရောင်းစားခံရတယ်။ သူတို့ရောင်းစားတဲ့ရည်ရွယ်ချက်က အိမ်မက်ကိုရောက်မယ့်လမ်းကိုပျောက်သွားအောင်လုပ်တာပါ၊ ဒါပေမယ့် သူတို့ ဘယ်လိုမှ မလုပ်နိုင်ခဲ့ဘူး။ ယုံကြည်ခြင်းမရှိတဲ့သူက သူများသွားမယ့်လမ်းကိုအမြဲတမ်းပိတ်ဖို့ကြိုးစားတယ်။ ယုံကြည်ခြင်းရှိတဲ့သူအတွက်ကတော့ ဘယ်သူကမှ ဘယ်လိုအကြောင်းကြောင့်မှ ဘယ့်သူလမ်းကိုမှ မပိတ်ပစ်နိုင်ဘူး။ သူတို့ ပိတ်ပစ်လိုက်လို့ ယောသပ်က လမ်းမပျောက်သွားတဲ့အပြင် လမ်းကြောင်းပွင့်သွားတယ်။ အဲ့ဒီ ယောသပ်ကြောင့်ပဲ သူတို့ ဟာ အစာခေါင်းပါးတဲ့ကာလမှာ ခိုလှုံဖို့အတွက် လမ်းကြောင်းရသွားခဲ့တယ်မဟုတ်လား? ဒါတင်မပြီး သေးပါဘူး ယောသပ်က ဒီနေရာကို ဘုရားထားတာ အမြဲတမ်းမဟုတ်ဘူးဆိုတာ သိတယ်။ သူရှိတဲ့ကာလမှာ အဆင်ပြေနေပေမယ့် ဒီထက်ပိုပြီးတော့ ဘုရားပို့မယ့်နေရာကိုသူ့လူမျိုးတွေရောက်သွားဖို့ သူ့မှာ ဆန္ဒရှိတယ်။ ဒါကြောင့်သူဟာ သေဆုံးသွားတာတောင်မှ ဒီအတိုင်း မမြှုပ်လိုက်ဘဲ သူ့လူမျိုးတွေ ထွက်ခွါမယ့်နေ့ရက်နဲ့ နေရာ သူပါလိုက်ပါနိုင်ဖို့ အတွက် မသေခင်မှာ သေချာမှာခဲ့တယ်။ ဒီအရာက သူသေရင်တောင် သူ့လူမျိုးတွေ ထွက်မြောက်ဖို့အတွက် သေချာတဲ့လမ်းကို ပြခဲ့တာပါဘဲ။ ယုံကြည်ခြင်းရှိတဲ့သူက အခြားသူတွေရဲ့လမ်းကို ဘယ်တော့မှ မပိတ်ပစ်တဲ့အပြင် အမြဲတမ်းလမ်းပြပေးတဲ့သူအဖြစ်ပဲအသက်ရှင်တယ်။

ဧပြီလ ၁၆ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၇)

“ဣ​ဇာက်​သည်​လည်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​နာ​ဂတ်​အ​ရာ​တို့​ကို အ​မှတ်​ပြု၍ ယာ​ကုပ်​နှင့် ဧ​သော​ကို ကောင်း​ချီး​ပေး၏။- ယာ​ကုပ်​သည်​လည်း၊ သေ​ချိန်​နီး​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်၏ သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး၍၊ တောင်​ဝှေး​ထိပ်​အ​ပေါ်​မှာ ကိုး​ကွယ်​လေ၏။-” ဟေဗြဲ‬ဩဝါဒစာ ၁၁:၂၀-၂၁

အနာဂတ်ကိုကြည့်ခြင်း

ယုံကြည်ခြင်းမျက်စိဟာ အရမ်းကိုထူးဆန်းတယ်။ ယုံကြည်ခြင်းမရှိတဲ့သူတွေရဲ့မျက်စိဟာ အတိတ်နှင့် လက်ရှိ အရာတွေကိုဘဲမြင်တယ်။ ယုံကြည်ခြင်းမျက်စိဟာ လူတိုင်းမမြင်နိုင်တဲ့ အနာဂတ်ကိုမြင်တယ်။ ယုံကြည်ခြင်းရှိတဲ့သူ မြင်ရတဲ့အရာကို လူတိုင်းမမြင်ရဘူး။ လက်ရှိအခြေအနေနှင့် အတိတ်ကိုပဲမြင်သရွေ့ သင်ဟာ ယုံကြည်ခြင်း မရှိသေးဘူးဆိုတာသိပါ။ ယုံကြည်ခြင်းမျက်စိနှင့်မကြည့်ရင် မြင်မြင်သမျှ မကောင်းတဲ့အရာတွေဘဲဖြစ်နေလိမ့်မယ်။

ဣဇါက်ဟာသူ့သားနှစ်ယောက်ကိုကောင်းကြီးပေးတဲ့အခါမှာ အတိတ်နှင့် လက်ရှိအခြေအနေပေါ်မှာဘဲ ကောင်းကြီးပေးခဲ့တာမဟုတ်ဘူး။ သူဟာ အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုမြင်ပြီးတော့ကောင်းကြီးပေးခဲ့တယ်။ လက်ရှိအချိန်မှာ ယာကုပ်ဟာ ဘယ်လိုမှ ဧသောကို ကျော်လွန် ပြီးတော့ မယှဉ်နိုင်ဘူး။ ဒါပေမယ့် ယုံကြည်ခြင်းကတော့ အရည်အချင်းတွေ၊ ဖြစ်နိုင်ခြေတွေကိုကျော်လွန်ပြီးတော့ မြင်တယ်။ ယာကုပ်လည်း ဒီအတိုင်း ယောသပ်သား နှစ်ယောက်ကို ကောင်းကြီးပေးတဲ့အခါမှာ ကြီးစဉ်ငယ်လိုက်မပေးပဲ ယုံကြည်ခြင်းနှင့် ထုံးစံတွေ ဖြစ်နိုင်ခြေတွေကိုကျော်လွန်ပြီးတော့ကောင်းကြီးပေးတယ်။ အဲ့ဒီကောင်းကြီးပေးတဲ့အတိုင်းပဲလည်း အားလုံးဖြစ်လာတယ်။ ဘယ်လောက်များထူးဆန်းလဲ? သင့်အသက်တာမှာလည်း ဒီအတိုင်းပဲ​အရာရာကို ခံစားချက်နှင့်မကြည့်ပဲ ယုံကြည်ခြင်းမျက်စိနှင့်ကြည့်မြင်ဖို့ အရမ်းကို အရေးကြီးတယ်။ မဟုတ်ရင် ဘယ်တော့မှ အခြေအနေနဲ့ ထုံးစံတွေကိုကျော်လွန်ပြီးတော့အောင်မြင်မှာမဟုတ်ဘူး။

ဧပြီလ ၁၅ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၆)

“ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။-” ဟေဗြဲ‬ဩဝါဒစာ ၁၁:၁၉

ဘုရားတတ်နိုင်သည်ကို အောက်မေ့ခြင်း

သင်နေ့စဉ် သတိရအောက်မေ့နေတဲ့အရာတွေကဘာတွေလဲ? ဒါတွေကို ပြောပြရင် သင့်အနာဂတ်က ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်ပြောပြနိုင်တယ်။ လူတွေက သူတို့ ဖြစ်ချင်တာကတခြား စိတ်ထဲမှာ အောက်မေ့နေတာကတခြားဖြစ်နေပြီးတော့ မဖြစ်လာရင် ဘုရားအပြစ်တင် လိုက်သေးတယ်၊ ဝမ်းနည်းဖို့ကောင်းတယ်။ ဘုရား သင့်ဘဝအတွက် မလုပ်ပေးတာမဟုတ်ဘူး။ သင့်ရဲ့မှန်ကန်တဲ့ ယုံကြည် ခြင်းအလုပ်လုပ်ဖို့လိုတယ်။ သင့်ထင်မှတ်ခြင်းမှန်ကန်မှဘဲ ကျန်တဲ့အရာတွေအားလုံးမှန်နိုင်မယ်ဆိုတာ မမေ့နဲ့။

အာဗြဟံ အသက်တာမှာ ရှားရှားပါးပါးရထားတဲ့သားတစ်ယောက်ကိုဘုရားကတောင်းတယ်။ ဒီသားရဖို့အတွက် သူဟာ ၂၅ နှစ်တောင် စောင့်ခဲ့ရတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေထဲမှာတောင် ၂၅နှစ်ထပ်စောင့်ရတယ်ဆိုတော့စဉ်းစားကြည့်ပါ။ အခု ရလာတော့လည်း ဘုရားကအဲ့ဒီသားသူ့ကိုယဇ်ပူဇော်ဖို့ တောင်းတယ်။ အာဗြဟံ အတွက် တကယ့်ကိုကြီးမားတဲ့စိန်ခေါ်မှုကြီးပဲမဟုတ်လား? အာဗြဟံ က ဘုရားတောင်းတဲ့ တစ်ဉီးတည်းသောသားကို ပေးတယ်။လူတိုင်းမလုပ်နိုင်တဲ့ အလုပ်ကိုလုပ်ခြင်းပဲ။ ဘာလို့လုပ်နိုင်သလဲ? ရှင်းပါတယ် သူ့ရဲ့အတွင်းထဲမှာ သူက ဘုရားသေသွားရင်တောင်မှ ပြန်ထမြောက်စေနိုင်တယ်လို့ ယုံနေတယ်။ တကယ်တော့သူ့ခေတ်မှာ ဘယ်သူမှ မထမြောက်ဖူးဘူး။ သေပြီးရင် ထမြောက်တယ်ဆိုတာ ရှိကို မရှိဘူး။ ဒါပေမယ့် မရှိဖူးရင်လည်း ဘုရားက သူ့အသက်တာမှာ ဖြစ်စေမယ်ဆိုတာ အထူးယုံကြည်တယ်။ ဒါကြောင့် သူ့သားဟာ စကားပုံအဖြစ်တောင်တင်စားခံရတဲ့အထိ ဘုရား ကောင်းကြီးပေးပြီးတော့ ပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ယုံကြည်ခြင်း ရှိတဲ့သူအတွက် ဖြစ်နိုင်တဲ့အရာတွေဘဲဖြစ်လာတာမဟုတ်ဘူး၊ မဖြစ်နိုင်တဲ့မဖြစ်ဖူးတဲ့အရာတွေပါ ဖြစ်လာတာပါ။ ဘုရားတတ်နိုင်တယ်လို့သာ အကြွင်းမဲ့ယုံကြည်ပါ။

ဧပြီလ ၁၃ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၅)

“သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။-” ဟေဗြဲ‬ဩဝါဒစာ ၁၁:၁၁

အရွယ်လွန်မှ

သင့်ဘဝမှာ ဘယ်အရာတွေကဖြစ်ဖို့ လွန်သွားပြီးပြီလဲ? ဘယ်အရာတွေကဖြစ်ဖို့ အချိန် မရှိတော့ဘူးလဲ? ဒါတွေကိုကြည့်ပြီးတော့ ဝမ်းနည်းစရာမလိုပါဘူး။ ဒီအရာတွေက သင့်ဘဝမှာ မဖြစ်နိုင်တော့တာလုံးဝမဟုတ်ဘူး။ အချိန် လွန်သွားတဲ့အရာတွေ သင့်မှာ ယုံကြည်ခြင်းသာ ရှိရင် အမှန် တကယ် ဖြစ်လာပါအုံးမယ်။ ဖြစ်လာခဲ့ဖူးတဲ့သူတွေလည်းများစွာရှိတယ်။ သူတို့လည်း သင့်လိုပဲ မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမယ့်အထင်ရဲ့နေရာမှာ ယုံကြည်ခြင်းကို အစား ထိုးလိုက်တဲ့အခါမှာ အရွယ်လွန်ပြီးမှ မဖြစ်နိုင်တော့တဲ့ကြီးမားတဲ့အရာတွေအကုန်လုံး ဖြစ်လာတော့တာပဲ။

အရွယ်လွန်မှ ကြီးမားတဲ့အရာကို လုပ်ဆောင်နိုင်တဲ့ တန်ခိုးကို ဆာရာဟာ ယုံကြည်ခြင်းအားဖြင့်ရတယ်လို့ ကျမ်းစာက မှတ်တမ်းတင်ထားတယ်။ အရွယ်လွန်သွားပေမယ့် ဘုရားရဲ့တန်ခိုးတော်က အဲ့ဒီလွန်သွားတဲ့အရာတွေကိုဖြစ်စေနိုင်တယ်။ ဘုရားရဲ့တန်ခိုးတော်က ဘယ်လိုလူတွေအပေါ်မှာသက်ရောက်သလဲဆိုရင် ကတိထားတဲ့သူက ကတိထားတဲ့အတိုင်း တတ်နိုင်တယ်လို့ယုံကြည်ခြင်းရှိပြီးတော့အဲ့ဒီယုံကြည်ခြင်းအတိုင်းပဲ စိတ်စွဲလန်း နေတဲ့သူအပေါ်မှာ သက်ရောက်တယ်။ ဒီတန်ခိုးတော်ရောက်လာပြီဆိုရင် သေချာတယ် သင့်အသက်တာမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအကုန် လုံး သေချာပေါက်ဖြစ်လာအုံးမှာပါပဲ။

ဧပြီလ ၁၂ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၄)

“နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။” ဟေဗြဲ‬သြဝါဒစာ ၁၁း၇

ယုံကြည်ခြင်းစိတ်ရှိသောကြောင့် သင်္ဘောတည်ဆောက်ခြင်း

ယုံကြည်ခြင်းဆိုတာက ဘာမှ​မလုပ်ဘဲဖြစ်လာမယ့် အရာကိုထိုင်စောင့်နေတာမဟုတ်ဘူး။ လူများစွာ ယုံကြည်ခြင်းကိုနားလည်မှုလွဲနေကြတယ်။ ယုံကြည်ခြင်းဆိုတာ ဘာမှ​မလုပ်ပဲ အလိုလိုဖြစ်လာမယ်လို့ ယုံပြီးတော့ ဘာမှ မလုပ်ဘဲ ဖြစ်လာသမျှကိုဘဲ လက်ခံခြင်းမဟုတ်ဘူး။ ကျွန်တော် ၂၇ နှစ် အမှုတော်မြတ်မှာ ဘုရားနှင့်သွားလာတဲ့အခါမှာတွေ့ကြုံခဲ့ရတဲ့အရာများစွာထဲကနေ သင်ယူမိတဲ့ အရာကတော့ ယုံကြည်ခြင်းဆိုတာ ယုံတဲ့အရာကို လက်တွေ့ ယုံတဲ့အတိုင်းအကောင်အထည်ဖေါ်ခြင်းပါပဲ။ လူတချို့ကိုတွေ့ဖူးတယ် သူတို့က ယုံတယ်လို့လည်း ပါးစပ်ကတဖွဖွ ပြောတယ်၊ ဒါပေမယ့်ယုံတဲ့အတိုင်း ဘာတစ်ခုကိုမှ မလုပ်ဘူး။ ဒါဆိုရင်တော့ သူတို့ ယုံတဲ့အရာကိုတော့ ပြန်စစ်ဖို့လိုနေပြီ။ ယုံတယ်ဆိုရင် တကယ်ယုံကြည်ခြင်းရှိတယ်ဆိုရင်တော့ ယုံတဲ့အတိုင်း လက်တွေ့ လုပ်ဖို့ အရမ်းကို လိုအပ်တယ်။

နောဧဟာ ဘုရားကိုရော ဘုရားစကားကိုရောယုံတယ်။ ဒါကြောင့် ဘုရားပြောတဲ့အတိုင်း သူယုံကြည်တဲ့အတွက် ဒီအတိုင်းမနေဘဲ အနာဂတ်အတွက်အကောင်းဆုံးပြင်ဆင်ပြီးတော့ သင်္ဘောဆောက်တယ်။ ဒီသင်္ဘောက သူ့ရဲ့ယုံကြည်ခြင်းကို အကောင်အထည်ဖေါ်ခြင်း ဘဲဖြစ်တယ်။ သူယုံတဲ့အတိုင်း သူဟာ လက်တွေ့လုပ်တဲ့အတွက် အဲ့ဒီ ယုံကြည်ခြင်းက သူနှင့် အိမ်သူအိမ်သားတွေအတွက် ကယ်တင်ရာကိုဖြစ်စေတယ်။ ကြီးမားတဲ့ ပျက်ဆီးခြင်း လောကကြီးမှာ ကြုံတဲ့အခါမှာ သူနှင့် သူ့အိမ်သူအိမ်သားတွေက ယုံကြည်ခြင်းရဲ့အသီးအပွင့်ကိုခံစားရတယ်။ ဘယ်လောက်တောင် အံ့ဖွယ်ကောင်းလိုက်သလဲ? သင်လည်းယုံတယ်ဆိုပြီး ဒီအတိုင်း မနေနဲ့ ယုံတဲ့အတိုင်းလက်တွေ့အသက်ရှင်ဖို့ အကောင်အထည်ဖေါ်ဖို့လိုတယ်။ သင်ယုံကြည်ခြင်းက စစ်မှန်တယ်ဆိုရင် သေချာတယ် အဲ့ဒီယုံကြည်ခြင်းအသီးအပွင့်ကို သေချာ ပေါက်အသက်တာမှာ ခံစားရမယ်။

ဧပြီလ ၁၁ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၃)

“ဧ​နောက်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သေ​ခြင်း​နှင့်​လွတ်၍ ဘ​ဝ​ပြောင်း​ရ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို ဘ​ဝ​ပြောင်း​စေ​တော်​မူ​သော​ကြောင့်၊ သူ​သည် နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ။ သူ​သည် ဘ​ဝ​မ​ပြောင်း​မီ ဘု​ရား​သ​ခင်၏ စိတ်​တော်​နှင့် တွေ့​သော​သူ​ဖြစ်​သည်​ဟု သက်​သေ​ခံ​ခြင်း​ကို ရ​လေ၏။-” ဟေဗြဲ‬ဩဝါဒစာ ၁၁:၅

ဘဝပြောင်း

သေးသေးလေးတွေတောင် ပြောင်းလဲဖို့မလွယ်တာ ကြီးမားတဲ့အရာတွေ ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? ဟုတ်တယ် ပြောင်းလဲမှုဆိုတာ အချိန်ယူရတယ်၊ ပြောင်းလဲမှုဆိုတာ ဆင့်ကဲဖြစ်စဉ်တစ်ခုပါ။ ချက်ခြင်းကြီး နေ့ချင်းညချင်း ပြောင်းလဲဖို့တာ လွယ်တာတော့မဟုတ်ပေမယ့် မဖြစ်နိုင်ဘူးဆိုတာတော့မဟုတ်ပါဘူး။ ယုံကြည်ခြင်းရှိရင် မဖြစ်နိုင်ဘူးဆိုတာ ဘာဆိုဘာမှကိုမရှိတာပါ။

ဧနောက်ဆိုတဲ့လူတစ်ယောက်ရှိတယ် သူဟာ အသက် ၆၅ နှစ်မှာ ဘုရားအသံကြားပြီးတော့ နေ့စဉ် ဘုရားနှင့်လျှောက်လှမ်းခဲ့တယ်။ နှစ်ပေါင်း၃၀၀ တောင်မှ သူဟာ ကြားရတဲ့ ဘုရားအသံအားလုံးကို အကြွင်းမဲ့ယုံကြည်ပြီးတော့ကို လျှောက်လှမ်းတာ။ သူ့ရဲ့ယုံကြည်ခြင်းက သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲစေတယ်။ လူတိုင်းကြုံတွေ့ရတဲ့သေခြင်းကို သူ မကြုံတွေ့ရရှာဘူး။ သူများတွေ့တာ ငါလည်းတွေ့မှာဘဲလို့ မထင်စေချင်ဘူး။ ယုံကြည်ခြင်း ရှိတဲ့သူအတွက်တော့ သူများကြုံတဲ့အရာတွေလည်း ကြုံတွေ့စရာမလိုဘူး။ အရေးကြီးတာက သင့်မှာ အဲ့ဒီအရာတွေကိုကျော်လွှားသွားမယ်ဆိုတဲ့ယုံကြည်ခြင်း စစ်စစ်တစ်ခုဘဲလိုတာ။ ယုံကြည်ခြင်းရှိရင် သေးသေးလေးတွေဘဲ မဟုတ်ဘူး ကြီးမားတဲ့အရာတွေပါ ပြောင်းလဲသွားနိုင်တယ်။

ဧပြီလ ၁၀ ရက်နေ့

ယုံကြည်သည်ဖြစ်၍(၂)

“အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။-” ဟေဗြဲ‬ဩဝါဒစာ ၁၁:၄

သာ၍ မြတ်​သော​ယဇ်​

အခြားသူထက် သာချင်ကြတာတော့ လူတိုင်း စိတ်ထဲမှာရှိတဲ့ အရာပါဘဲ။ ဒါပေမယ့် ကိုယ့်ကို ဘယ်အရာကသာစေလဲဆိုတဲ့အရာကိုတော့ လူတိုင်းမသိကြပါဘူး။ ပိုကောင်းတဲ့အရာ၊ ဘုရားပိုနှစ်သက်တဲ့အရာကိုလုပ်ချင်ကြပေမယ့် လူရဲ့ကြိုးစားမှု၊ လူရဲ့ တတ်နိုင်ခြင်းကတော့ ဘယ်တော့မှ ပိုကောင်းလာဖို့ဆိုတာ မသေချာပါဘူး။ ပိုကောင်းလာစေတဲ့ အဓိကအချက်ကတော့ ယုံကြည်ခြင်းကလွဲပြီးတော့ ဘာများရှိအုံးမလဲ? ငရဲသွားရမယ့် လူသားတစ်ယောက်ကို အမြင့်ဆုံးကောင်းကင်အထိ ဝင်ခွင့်ရစေတဲ့ ယုံကြည်ခြင်းကလွဲရင် ဘာများရှိအုံးမလဲ?

အာဗေလဆိုတဲ့ နာမည် အဓိပ္ပါယ်ကိုက တန်ဖိုးမရှိတဲ့သူလို့ ဆိုလိုတယ်။ ဒီလို လူတစ်ယောက်က အခြားသူထက် သာဖို့ဆိုတာ ဘယ်လိုများဖြစ်နိုင်မှာလဲ? ဒါပေမယ့်ထူးဆန်းတာက ဘုရားက အာဗေလကို အခြားသူတွေထက်ပိုပြီးတော့မြတ်တဲ့ယဇ်ကို ပူဇော်တယ်လို့ဆိုတယ်။ ဒါဆိုရင် ဘယ်လိုများ ပိုမြတ်ပိုကောင်းသွားရတာလဲဆိုရင်အဖြေကတော့ ယုံကြည်ခြင်းနှင့် လုပ်ဆောင်လို့ ဆိုပြီးတော့ ကျမ်းစာကအဖြေပေးထားတယ်။ အခြားသူတွေထက်သာစေတဲ့ အရာ က အပြင်က ယဇ်ကောင်ထက် သူ့နှလုံးသားထဲမှာရှိတဲ့ယုံကြည်ခြင်းကြောင့်ပဲ။ ဘာလုပ်လုပ် ယုံကြည်ခြင်းရှိဖို့လိုတယ်။ ယုံကြည်ခြင်းမပါရင် ဘုရားစိတ်တော်နှင့်မတွေ့နိုင်သလို ဘုရား လက်ခံဖို့ဆိုတာလည်းမသေချာဘူး။ သာလွန်တဲ့ အရာကိုဖြစ်စေနိုင်တဲ့ ယုံကြည်ခြင်းကို နေ့စဉ်အသက်တာမှာ မရှိမဖြစ် လိုအပ်တယ်ဆိုတာ သိပါ။ တခြားအရာတွေ မပါလို့ ရပေမယါ့ ယုံကြည်ခြင်း မပါလို့ကတာ့ လုံးဝကို မရဘူး။

ဧပြီလ ၉ ရက်နေ့

ယုံကြည်သည်ဖြစ်၍

“ကျမ်း​စာ၌ အ​ဘယ်​သို့​လာ​သ​နည်း။ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။-” ရောမဩဝါဒစာ ၄း၃

ဘယ်လူသားကမှ မပြည့်စုံပါဘူး။ ဒါပေမယ့် မပြည့်စုံဘူးဆိုပြီးတော့ ဒီအတိုင်းအသက်ရှင်ဖို့ကလည်း မှန်တာတော့မဟုတ်ဘူး။ အားနည်းချက်ရှိသလို အားသာတဲ့အရာလည်း လူတိုင်းမှာရှိစမြဲပဲ။ အဲ့ဒီအားသာချက်က အားနည်းချက်ကို ဖုံးသွားအောင်အထိတော့ အသုံးပြုတတ်ဖို့တော့လိုတယ်။ အားနည်းချက်တွေကို ကွယ်သွားလောက်အောင်ကို သင့်အားသာချက်ကို အသုံးပြုတတ်ရင်၊ အားနည်းတဲ့အရာက ဘာမှမဟုတ် သလိုတောင် ဖြစ်သွားလိမ့်မယ်။

အာဗြဟံက ပြည့်စုံတဲ့သူတစ်ယောက်တော့မဟုတ်ဘူး။ သူ့မှာ အားနည်းချက်တွေရှိတယ်။ ဒါပေမယ့် သူရဲ့အားသာချက်ကတော့ ဘုရားကို အကြွင်းမဲ့ယုံကြည်တာပါပဲ။ ဒီယုံကြည်ခြင်းက ဘုရားသဘောကျတဲ့ အရာဖြစ်နေတော့ သူ့ရဲ့အားနည်းချက်တွေကို ဘုရားက ဖြည့်ဆည်းပေးဖို့အတွက် ဖြစ်လာစေတယ်။ အားလုံးလုပ်နိုင်ဖို့မဖြစ်နိုင်ဘူး။ အားလုံးလုပ်နိုင်တဲ့ ဘုရားကို ယုံနိုင်ဖို့ပဲ အရေးကြီးတယ်။ ယုံနိုင်တဲ့သူအသက်တာမှာ မဖြစ်နိုင်ဘူးဆို ပျောက်ကွယ်သွားတယ်။ အားနည်းချက်တွေလည်း အရာမထင်တော့ဘူး။ အဲ့ဒီယုံကြည်ခြင်းကပဲ သူ့ကိုမရှိနိုင်တဲ့ အရာတွေကိုရှိစေတယ်။ မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေတယ်။ သူအရာရာကိုကျော်လွှားနိုင်ခဲ့တာ တခြားအရာကြောင့်မဟုတ်ဘူး ယုံကြည်ခြင်းကြောင့်ပဲ။ ယုံကြည်ခြင်းက အားနည်းချက်တွေကိုဖြည့်ပေးရုံဘဲမဟုတ်ဘူး မရှိသေးတဲ့အရာတွေကိုအသက်တာမှာ ရှိစေလာဖို့အတွက် အဓိက လိုအပ်ချက်ပါဘဲ။

ဧပြီ ၈ ရက်နေ့

အောက်မေ့စရာအဖို့ ( ပြောင်းလဲခြင်းတွေအစပြုခြင်း -၉)

”ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-“ တမန်တော်ဝတ္ထု ၁၀:၄

ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေထဲမှာ မှတ်တမ်းတင် ဂုဏ်ပြုစရာကောင်းလောက်အောင် အောက်မေ့အမှတ်စရာ အကြောင်းအရာတွေဘာတွေရှိလဲ? ဘုရားက သင်နဲ့ပတ်သက်ပြီးတော့ မကောင်းတဲ့အရာတွေကိုပဲမှတ်ထားမယ်လို့တော့ မထင်စေချင်ဘူး။ လူချို့ကတော့ ဘုရားက ကိုယ်နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အရာတွေကိုပဲ မှတ်တမ်းတင်ထားမယ်လို့ တွေးနေမိတတ်တယ်။ တကယ်တော့အဲ့လို မဟုတ်ပါဘူး။ ဘုရားက အမြဲတမ်းကောင်းတဲ့အရာတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ရပ်ဟာ ဘုရားမှတ်တမ်းမှာ ရေးထိုးခြင်းခံရပြီဆိုရင်သေချာတယ် သူ့ရဲ့အသက်တာထဲမှာ ကြီးမားတဲ့အရာတွေ ပြောင်းလဲမှုဖြစ်လာတော့မယ်ဆိုတာပါပဲ။

ကောနေလိဆိုတဲ့ တပ်မှူးဟာ သူ့လုပ်ငန်းနှင့် မဆိုင်၊ လူမျိုးနှင့် မဆိုင်တဲ့ ဘုရားမှတ်တမ်းမှာ မှတ်တမ်းဝင်တဲ့ အရာကိုလုပ်ခဲ့တယ်။ သူ့ရဲ့လုပ်ရပ်ဟာ လူတွေရှေ့မှာပဲ လုပ်တာမဟုတ်ဘဲ ဘုရားမှတ်တမ်းမှာ ဝင်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒါကြောင့် ဘုရားက သူ့ရဲ့ကောင်းကင်တမန်ကိုစေလွှတ် ပြီးတော့ အပြောင်းအလဲဖြစ်စေမယ့်အရာကို လမ်းညွှန်ပေးခဲ့တယ်။ သူ့ရဲ့ ဆုတောင်းခြင်းနှင့် ပေးကမ်းခြင်းက ဘုရား ရှေ့မှာ ရောက်တဲ့အထိမှတ်တမ်းတင်ခြင်းခံရတယ်။ မှတ်တမ်းထဲမှာပါတဲ့သူတိုင်းဟာ အပြောင်းအလဲတွေ စတင်ဖို့အတွက် အခွင့်အရေးတွေအမြဲတမ်းရောက်လာတယ်။ သင့်သမိုင်းပြောင်းလဲဖို့အတွက်ဆို လူမှတ်တမ်းလောက်နဲ့တော့မရဘူး။ ဘုရားမှတ်တမ်းဝင်တဲ့အထိ ဖြစ်တဲ့အရာတွေလိုတယ်။ ဘုရားမှတ်တမ်း မှာဝင်ပြီ ဆိုရင် သေချာတယ် သင့် အသက်တာမှာ ပြောင်းလဲမှုတွေဖြစ်လာဖို့အတွက် အခွင့်အရေးတွေ တံခါးပွင့်လာတော့မယ်။

ဧပြီလ ၆ ရက်နေ့

မကုန် မလျော့ (ပြောင်းလဲခြင်းတွေအစပြုခြင်း -၈)

”ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။“ ဓမ္မရာဇဝင်‬ တတိယစောင် ၁၇:၁၅-၁၆

ဆီကုန်၊ ဆန်ကုန်၊ ပိုက်ဆံကုန်တာ မြန်တဲ့ ခေတ်ကြီးမှာ မကုန်မလျော့တဲ့ ကောင်းကြီးများ ပိုင်ဆိုင်ချင်တာ လူတိုင်းရဲ့အိမ်မက်ဖြစ်လိမ့်မယ်။ ခေါင်ပါးတဲ့အချိန်ဆိုပိုဆိုးတယ်။ အရာရာ ကုန်တာအရမ်းမြန်တယ်။ သားသမီးတွေကတော့ မသိသာပေမယ့် မိဘတွေ၊ တာဝန်ယူရတဲ့သူတွေဆိုရင် ဒီရဲ့ဒဏ်ကို ကောင်းကောင်းသိတယ်။ တလောက လုံးခေါင်းပါးနေတာ ငါ့ မိသားစုလည်း ခေါင်းပါး မှာပေါ့လို့တော့ မယုံလိုက် မတွေးလိုက်နဲ့။ တကယ်တော့ ဘုရားအကြံအစည်က သူများခက်ခဲတိုင်း သင်လည်းခေါင်းပါး မယ်ဆိုတာမျိုးမဟုတ်ဘူး။ အခြေအနေနဲ့ မဆိုင်တဲ့ကောင်းကြီးမျိုး သင့်ကို ပေးချင်တာ။

မုဆိုးမနှင့်သားဟာ နောက်ဆုံးည စာအတွက် ထင်းကောက်နေကြတယ်။ သူတို့ မကြာခင်ကြုံလာမယ့်ခေါင်းပါးခြင်းအတွက် လက်တစ်ဆုပ်စာ မုန့်ညက်နဲ့ ဘယ်လိုခရီးဆက်မလဲ? တကယ် အဖြေမရှိခဲ့ဘူး။ ဒီအချိန်မှာ ဧလိယဆိုတဲ့ပရောဖက်ကြီးရောက်လာတယ်။ သူတို့ကိုယ်သူတို့ ဘာမှ မရှိလို့ အားငယ်နေပေမယ့် ဘုရားကတော့ တစ်လောကလုံးမှာ ပရောဖက်ကြီးကို ဧည့်ခံကျွေးမယ့်အလှူရှင်ကြီးအနေနဲ့ရွေးကောက်ထားတာ သူတို့မသိခဲ့ကြရှာဘူး။ သင့်အခြေအနေက ဘာလဲဆိုတာထက် ဘုရား ဘာအတွက် ရွေးကောက်ထားသလဲဆိုတာ ပိုအရေးကြီးတယ်။ ဘုရားပို့ဆောင်ပေးခြင်းကြောင့် ဧလိယ ရောက်လာတာတဲ့အခါမှာတော့ ဘုရားခေါ်ခြင်းထဲကို သူ ဝင်မလား မဝင်ဘူးလားဆိုတာ ရွေးချယ်ရတော့တာပါပဲ။ ဘုရားခေါ်ခြင်းရောက်လာတဲ့အခါမှာ ကိုယ်ရဲ့တုန့်ပြန်မှုက လွန်စွာအရေးကြီးတယ်။ သင်ဘယ်လိုတုန့်ပြန်မလဲဆိုတာက ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲ ဆိုတဲ့အရာအတွက် အဓိက အချက်ဘဲ။ မုဆိုးမက အခြေအနေအပေါ်မှာ မရပ်တည်ဘဲ ဘုရားရဲ့ခေါ်ခြင်းကို ဝန်ခံခဲ့တယ်။ ဒီအတွက် ရလဒ်ကတော့ ဘုရားရဲ့သဘာဝလွန်ထောက်ပံ့ခြင်းသူ့ဆီရောက်လာတယ်။ အစာခေါင်းပါးတဲ့ကာလ တစ်ခုလုံး သူနဲ့သူ့မိသားစုတောင်မဟုတ်ဘူး ဘုရား ခေါ်ခြင်းအတိုင်း ပြည့်စုံအောင်လုပ်နိုင်တဲ့သူဖြစ်လာတယ်။

ဧပြီလ ၅ ရက်နေ့

သခင်အမိန့်တော်ရှိလျှင် (ပြောင်းလဲခြင်းတွေအစပြုခြင်း -၇)

”ရှိ​မုန်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် တစ်​ည​လုံး​ကြိုး​စား​သော်​လည်း တစ်​ကောင်​ကို​မျှ မ​ရ​ပါ။ သို့​ရာ​တွင် အ​မိန့်​တော်​ရှိ​လျှင် ပိုက်​ကွန်​ကို ချ​ပါ​မည်​ဟု လျှောက်​လေ၏။“ ရှင်လုကာ‬ ၅:၅

အခြေအနေတွေပြောင်းလဲဖို့ထိုင်စောင့်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ? ကျွန်တော်ဘဝမှာလည်းအခြေအနေများပြောင်းလဲမလားလို့ ထိုင်စောင့်နေခဲ့ဖူးတယ်။ မပြောင်းလဲတဲ့အပြင် ပိုတောင်ဆိုးလာလို့ ဘုရားကိုရော အခြားသူတွေကိုရောအပြစ်တင်ပြီးတော့ စိတ်ဓါတ်ကျဖူးတယ်။ အခြေအနေကို သင်က မပြောင်းလဲနိုင်ဘူးဆိုတာ သိရင်ကို တော်တော်လေး တိုးတက်လာပြီ။ အခြေအနေ ပြောင်းလဲမှ ကိုယ်ပြောင်းလဲမယ်ဆိုတာလည်းတကယ်တော့မဟုတ်ဘူး။ လူတိုင်းစဉ်းစားတဲ့ မှားယွင်းနေတဲ့အတွေးထဲကတစ်ခုပဲ။

ပေတရု ငါးမျှားတယ် တညလုံး တကောင်တောင်မရဘူး။ ဒါနဲ့ သူများလုပ်လေ့ရှိတဲ့အတိုင်း မနက်မှာ ပိုက် လျော်ပြီးတော့အိမ်ပြန်မလို့ဘဲ ယေရှုရောက်လာတယ်။ တရားဟောပြီးတော့ဒီအတိုင်းမပြန်ဘူး ရေနက်ရာအရပ်ကိုရွှေ့ခိုင်းတယ် ပေတရုကလည်း ချက်ခြင်းပြန်ဖြေတယ်။ လုပ်ပြီး ပြီ မလုပ်ခဲ့တာမရှိတော့ဘူး။ အရင်က မလုပ်တာမှမဟုတ်တာ အကုန်လုပ်တယ် ဘာမှမထူးဘူး။ အခုထူးတာ သခင်ယေရှုအမိန့်ပေးနေတာပါ၊ အသနားခံနေတာမဟုတ်ဘူး၊ ညှိနှိုင်းနေတာလည်း မဟုတ်ဘူး။ ကိုယ်တော်အမိန့်တော်ရှိတယ်ဆိုရင် လုပ်မယ်၊ ဒါကတခါမှ ပေတရုဘဝမှာမရှိဖူးတဲ့ ဆုံးဖြတ်ချက်။ သူများခိုင်းတာ လုပ်ဖို့ဆိုတာ တကယ့်ကို မလွယ်တဲ့ကိစ္စ။ အခြေအနေ မပြောင်းပေမယ့် ပေတရုဆုံးဖြတ်ချက်ကိုပြောင်းခဲ့တယ်။ ဒီအတွက်ရလဒ်က တစ်ခါမှ မရဖူးတဲ့ငါး သူ့ဘဝမှာရလာတယ်။ ဒီငါးက သူ့ဘဝကို မပြောင်းလဲစေပါဘူး။ သူ့ဘုရား ပေါ်ထားတဲ့ ယုံကြည်ခြင်းကဘဲ ဘဝကိုပြောင်းလဲစေတယ်။ ကြိုးစားရှာတဲ့ငါးတွေကို ထားခဲ့ပြီးတော့ယေရှုနောက်လိုက်တဲ့အထိ သူဆုံးဖြတ်ခဲ့တယ်။ ကြီးမားတဲ့အပြောင်းလဲတွေက အလိုလိုရောက်လာတာမဟုတ်ဘူး။ သခင့်စကားပေါ်မှာ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်ပိုင်းမှာမှ ဖြစ်ပေါ်လာတာပါ။​

ဧပြီလ ၄ ရက်နေ့

ကြံစည်ထားတဲ့အတိုင်း (ပြောင်းလဲခြင်းတွေအစပြုခြင်း -၅)

”ထို​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​အ​လို​ငှာ ကျမ်း​စာ​ကို မ​ဖတ်​မ​ရွတ်​ဘဲ​မ​နေ၊ နေ့​ည​မ​ပြတ် ကြည့်​ရှု​ဖတ်​ရွတ်​ရ​မည်။ သို့​ပြု​လျှင် သင်​သည်​အ​ကြံ​ထ​မြောက်၍ အောင်​မြင်​လိမ့်​မည်။“ ယောရှုမှတ်စာ ၁း၈

စိတ်ကူးထားသမျှ ဖြစ်လာတဲ့ ဘဝဆိုတာ လူတိုင်းရဲ့ ဖြစ်ချင်တဲ့ အရာ မဟုတ်လား? ကျွန်တော်လည်းရရှိပိုင်ဆိုင်ချင်တယ်။ ကြီးမားတဲ့အပြောင်းအလဲကြီးတွေဖြစ်ဖို့ အမြဲတမ်း စိတ်ကူးထဲမှာ နေရာယူနေတာ။ အပြင်မှာ အကောင်ထည်ဖေါ် ဖို့ကျတော့ ဘုရားမပါဘဲ ဘုရားမလုပ်ဘဲ ဘယ်ဖြစ်နိုင်မလဲ? စစ်မှန်တဲ့ စိတ်ကူးအကောင်အထည်ဖေါ်ဆောင်နိုင်ခြင်းဘဝကို ဘယ်လိုရနိုင်မလည်းဆိုတာ နှုတ်ကပတ်တော်က အတိအလင်းဖေါ်ပြထားပါတယ်။

ခေါင်းဆောင်ကြီး မောရှေမရှိတဲ့နောက်ပိုင်း သူ့နေရာကို ယောရှုဆက်ခံရတယ်။ မောရှေလို ခေါင်းဆောင်နေရာဝင်ယူတယ်ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ဘူး။ ပိုဆိုးတာက မောရှေတောင် မလုပ်နိုင်တဲ့ ခါနန်ပြည်ကို ကိုယ်က ဉီးဆောင်ပြီးတော့ ဝင်ရမှာ။ တကယ့်ကို ကြီးလေးတဲ့တာဝန်ကြီးတစ်ခု။ လူငယ် ခေါင်းဆောင်သစ်တစ်ယောက် အနေနဲ့ ဘယ်လောက်တောင် တာဝန်ကြီးလေးသလဲ? ဒီအရာကိုထမ်းဆောင်ဖို့အတွက် အောင်မြင်နိုင်မယ့်အရာကို ဘုရားကယောရှုကို နည်းလမ်းပေးတယ်။ နည်းလမ်းကတော့ လူတိုင်းနီးပါးသိတဲ့အရာပါ။ နှုတ်ကပတ်တော်ကို နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ဖို့ပါပဲ။ ကျမ်းစာဖတ်တယ်ဆိုတာ ပြောင်းလဲကာစတွေ လူငယ်တွေအတွက်ဘဲမဟုတ်ဘူး။ တကယ့်ခေါင်းဆောင်ကြီးတွေအတွက် ဘုရားပေးတဲ့အကြံဖြစ်တယ်။ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့ဆိုတာ သေးငယ်တဲ့အရာတွေကနေဘဲအစပြုရတာပါ။ သေးငယ်တဲ့အရာတွေကိုတောင် မပြောင်းလဲနိုင်ရင် ကြီးမားတဲ့အပြောင်းအလဲကြီးလည်းဖြစ်လာဖို့ဆိုတာ မသေချာပါဘူး။ ဒါကြောင့် ကျမ်းစာနေ့တိုင်းဖတ်တဲ့ အလေ့အကျင့် ရအောင် အသက်တာကိုပြောင်းလဲပါ၊ ကျန်တဲ့အရာတွေ ပြောင်းလဲလာပါလိမ့်မယ်။

ဧပြီလ ၃ ရက်နေ့

ပိုကောင်းတဲ့အရာပေးချင်လို့ပါ (ပြောင်းလဲခြင်းတွေအစပြုခြင်း -၅)

”သောက်​ပါ။ သင်၏​ကု​လား​အုတ်​တို့​ဖို့​လည်း ရေ​ခပ်​ပါ​မည်​ဟု ပြန်​ဆို​သော​သ​မီး​က​ညာ​သည်၊ ကိုယ်​တော်​ကျွန်၏​သား​ဖို့၊ ခန့်​ထား​တော်​မူ​သော မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု​လျှောက်​ဆို၏။“ ကမ္ဘာဦး‬ ‭၂၄:၄၄

ဘုရားက ကျွန်တော်တို့ဆီကနေ တစ်စုံတစ်ခု တောင်းတယ်ဆိုတာ လိုချင်လို့မဟုတ်ပဲ၊ သူပေးချင်တဲ့ကြီးမားတဲ့အရာ တစ်စုံတစ်ခုရှိလို့ဘဲဖြစ်တယ်။ ကျွန်တော်ဘဝမှာလည်း ကြီးမားတဲ့အရာတွေ ဘုရားဆီက လက်ခံရရှိခြင်း မတိုင်မှီမှာ အမြဲတမ်း ဘုရားက တစ်စုံတစ်ခု တောင်းဆိုလေ့ရှိတယ်။ ဒီအရာက စစ်ဆေးခြင်းဖြစ်တယ်လို့ သတိတောင် မထားမိလိုက်ဘူး။ ဘုရား ကျွန်တော်ဆီကနေ လိုအပ်တာ ဘာတစ်ခုမှမရှိပါဘူး။ ကျွန်တော်တို့နှလုံးသားကိုသိချင်ရုံသက်သက်ဘဲ တောင်းဆိုတာပါ။

အာဗြဟံရဲ့ ကျွန် သူ့ရဲ့သခင်အတွက် သတို့သမီးရှာတဲ့အကြောင်းကိုကြည့်ရင် ဘုရားရဲ့နှလုံးသားကိုပိုမြင်လာတယ်။ သူက သခင့်အတွက် သတို့သမီးကိုတွေ့ရာ အမျိုးသမီးနဲ့ မဖြစ်စေချင်ဘူး။ ဘုရားဆီကနေ သက်သေတောင်းတယ်။ ဘုရားအလိုတော်ရှိတဲ့ အမျိုးသမီးဖြစ်မယ်ဆိုရင် သူရေတောင်းတဲ့အခါမှာ ရေပေးတဲ့ အမျိုးသမီး ဖြစ်ဖို့။ တကယ်တွေ့တော့လည်း ရေဗက္ကာက သူရေတစ်ခွက်ပဲတောင်းတာ သူ့အတွက်ဘဲ မဟုတ်ဘူး ကုလားအုတ်တွေအတွက်ပါ ရေပေးခဲ့တယ်။ ဘယ်လောက်များ အံ့ဖွယ်ကောင်းလဲ? သူက ရေပဲတောင်းတာပါ ရေပေးတဲ့အမျိုးသမီးကို သူ့မှာပါလာတဲ့အဖိုးထိုက်တဲ့ လက်ဆောင်တွေကော နောက်ဆုံး သူ့ရဲ့သခင်လေးကိုပါ ပေးခဲ့တယ်။ ဘုရားသင့်ဆီက တစ်ခုခု တောင်းခဲ့ရင် မငြင်းလိုက်နဲ့။ ပိုကောင်းတဲ့အရာပေးခြင်လို့တောင်းတယ်ဆိုတာသိပါ။

ဧပြီလ ၂ ရက်နေ့

ပိုကောင်းတဲ့အရာစောင့်နေတယ် (ပြောင်းလဲခြင်းတွေအစပြုခြင်း -၄)

”ငယ်​သား​က၊ ဤ​မြို့၌ အ​သ​ရေ​ထင်​ရှား​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​ရှိ၏။ သူ​ပြော​သ​မျှ​သော စ​ကား​သည် ဧ​ကန်​အ​မှန် ပြည့်​စုံ​တတ်၏။ သူ့​ထံ​သို့ သွား​ကြ​စို့။ ငါ​တို့ သွား​ရ​သော​လမ်း​ကို သူ​ပြ​ကောင်း​ပြ​လိမ့်​မည်​ဟု ဆို၏။“ ဓမ္မရာဇဝင်ပဌမစောင် ၉:၆

ရှာတာတစ်ခု တွေ့တာတစ်ခု

ဘဝမှာပျောက်နေတဲ့အရာတွေအတွက် ရှာဖွေရတာဘယ်လောက် ခက်ခဲသလဲဆိုတာ ရှာဖူးတဲ့သူတိုင်း သိပါတယ်။ တချို့က အနာဂတ်ပျောက်နေတယ်။ တချို့ကျတော့ ယုံကြည်ခြင်းတွေပျောက်နေတယ်။ ကိုယ့်ဘဝရဲ့ကောင်းမွန်တဲ့အရာတွေ ပျောက်ဆုံးနေတာ ဒီအတိုင်း ထိုင်ကြည့်နေလို့တော့မရဘူး။ တချို့အရာတွေက အလိုလိုတော့ ရောက်လာမှာမဟုတ်ဘူး။ သခင်ယေရှုကိုယ်တိုင်က ရှာကြလော့ ရှာလျှင် တွေ့မည်လို့ ကတိပေးထားတယ်မဟုတ်လား? သင့်ဘဝရဲ့ အပြောင်းအလဲတွေကိုမြင်ချင်တယ်ဆိုရင် ပျောက်နေတဲ့အရာတွေကို တွေ့အောင် ရှာဖို့တော့လိုတယ်။ ဘုရားသခင် နဲ့ အတူ သွားလာပြီးတော့ရှာမယ်ဆိုရင်တော့ သေချာပေါက် ရှာတဲ့အရာပဲမဟုတ်ဘူး ရှာတာထက်ပိုကောင်းတာ ကိုတွေ့စေမယ်။

ဖခင်ရဲ့စေခိုင်းမှုကြောင့် ပျောက်နေတဲ့မြည်းကို ရှာဖို့အတွက် ရှောလုနဲ့ငယ်သား ခရီးထွက်လာတယ်။ ဘယ်လိုမှ ရှာမတွေ့တဲ့အဆုံး ရှောလုကိုယ်တိုင် လက်လျော့ဖို့အတွက် စဉ်းစားမိတယ်။ ဒါပေမယ့် ငယ်သားက လက်မလျော့ဘဲ ဘုရား ရဲ့ ပရောဖက်ဆီသွားဖို့ အကြံပေးခဲ့တယ်။ ကိုယ့်ဟာကို ရှာလို့မရတဲ့အရာတွေအတွက် စိတ်ပျက် မနေပဲ ဘုရားနဲ့ပတ်သက်တဲ့သူတွေရဲ့အကူအညီယူတတ်ဖို့လည်း အရေးကြီးတယ်။ ရှာမွေလဆီ သွားတဲ့အခါမှာ ပျောက်နေတဲ့ မြည်းအတွက်ပဲ သွားတာပါ။ ဒါပေမယ့် ဘုရားရဲ့ပိုကောင်းတဲ့အစီအစဉ်က ရှောလုအတွက်စောင့်နေတယ်။ သူရှာတဲ့ မြည်းကိုပြန်တွေ့ရုံဘဲမဟုတ်ဘူး။ ပျောက်ဆုံးနေတဲ့ အနာဂတ်ကိုပါတွေ့ခဲ့တယ်။ သူ့ကို ဘုရားက ရွေးကောက်ပြီးတော့ ဣသရေလရဲ့ရှင်ဘုရင်အနေနဲ့ပါ ချီးမြှောက်ခဲ့တယ်။ ဘုရားနှင့် ရှာဖို့ ဆုံးဖြတ်တဲ့သူအတွက် ပျောက်တဲ့အရာဘဲမဟုတ်ဘူး ပိုကောင်းတဲ့အရာတွေက စောင့်နေတယ်။

ဧပြီလ ၁ ရက်နေ့

အဘယ်အကျိုးကိုရမလဲ? (ပြောင်းလဲခြင်းတွေအစပြုခြင်း -၃)

”ထို​သို့ ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို ကြား​သော​သူ​တို့​သည် ရှော​လု​ထံ​တော်၌ ကြား​လျှောက်​သော်၊ ဒါ​ဝိဒ်​ကို ခေါ်​တော်​မူ၏။“ဓမ္မရာဇဝင်ပဌမစောင် ၁၇:၃၁

ပြောတဲ့စကားတွေက အင်မတန်အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ စကားလုံးတွေဆိုတာကလည်း နှလုံးသားကိုမြစ်ဖျားခံပြီးမှဘဲ ပေါ်ထွက်လာတာမဟုတ်လား? ဒီလို စကားလုံးတိုင်းက လေထဲမှာဘဲ ပျောက်ကွယ်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ နှလုံးသားကိုမြစ်ဖျားခံပြီးမှ စတင်စီးထွက်လာတဲ့ နှုတ်ခမ်းဖျားက စကားလုံးတွေက ကြီးမားတဲ့ အပြောင်း အလဲကြီးတွေကို ထုဆစ်တယ်။ အပြောင်းအလဲတွေကိုတော့မြင်ချင်တယ် ပြောနေကျစကားတွေကို မပြောင်းလဲဘူးဆိုရင် တော့ ဘယ်တော့မှ မြင်တွေ့ရမှာမဟုတ်ဘူး သေချာတယ်။

ဒါဝိဒ်က ဂေါလျက်ရဲ့ စိန်ခေါ်သံကိုကြားတဲ့အခါမှာ အခြားသူတွေလိုမကြောက်ဘဲ သူဟာ ပိုရဲရင့်လာတယ်။ အခြားသူတွေက ထွက်ပြေးဖို့ ရှောင်ဖို့စဉ်းစားနေချိန်မှာ သူကတော့ ဂေါလျက်ကိုသတ်တဲ့သူ ရမယ့်ဆုလဒ်တွေကို တွက်ချက်နေတယ်။ လူတိုင်းကိုလည်း ဘာဆုလဒ်ရမလည်းဆိုတာကိုဘဲ လိုက်လံမေးတယ်။ အကိုတွေ ဒေါသထွက်တဲ့အထိပဲဆိုပါတော့။ တိုင်းပြည်တစ်ခုလုံးမှာ ဘယ်သူမှ ဆုလဒ်ကို စိတ်မဝင်စားဘူး။ ဘာလို့လည်း သူတို့နဲ့မဆိုင်ဘူးလို့ဘဲ တွေးနေကြလို့။ ဒါဝိဒ်ကတော့ သူနဲ့ဆိုင်တဲ့ ဆုလဒ်ကို အရမ်းကိုစိတ်ဝင်စားတယ်။ ဒါကြောင့် ဒါကိုဘဲတွေး၊ ဒါကိုဘဲပြောနေတာပေါ့။ ဘယ်လောက်တောင်ကြီးမားတဲ့ ဆုလဒ်လဲ? ဒီဆုလဒ်ထဲမှာ စစ်မှုထမ်းကနေ လွတ်ကင်းခွင့်ပါ ပါသေးတယ်။ သူ ဒီစကားကိုပြောတာပဲရှိပါသေးတယ် ရှောလု ဆီကို သတင်းကရောက်သွားတယ်။ ဒါကြောင့်သူ့ကိုတွေ့ဖို့ အတွက် ဘုရင်တကူးတက ခေါ်ရတယ်။ သာမန်သိုးကျောင်းသားလေးတစ်ယောက် ဘုရင်ကခေါ်တွေ့ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးကြီး မဟုတ်လား? နောက်ပိုင်းအားလုံးသိတဲ့အတိုင်း ဒါဝိဒ်ဆိုတာ လူတိုင်းနှုတ်ခမ်းဖျားမှာ ရေပန်းစားတော့တာပဲ။ ဘာတွေတွေးနေသလည်းဆိုတာ ဘာတွေပြောမလည်းဆိုတဲ့ အရာရဲ့မြစ်ဖျားခံတဲ့အရပ်ဘဲ။ ဘာတွေပြောနေသလည်းဆိုတာ ဒက ဘာတွေဖြစ်လာမလည်းဆိုတဲ့အရာအတွက် ကြီးမားတဲ့သက်ရောက်မှုကိုဖြစ်ပေါ်စေတယ်။

မတ်လ ၃၀ ရက်နေ့

ဆင်းရဲခြင်းမှ လွတ်မြောက်တဲ့အထိ (ပြောင်းလဲခြင်းတွေအစပြုခြင်း -၂)

”အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။“ ဓမ္မရာဇဝင်ပဌမစောင် ၁:၁၁

ဆင်းရဲခြင်းအမျိုးမျိုးရှိတယ်။ ငွေကြေးချို့တဲ့တာဘဲ ဆင်းရဲတာမဟုတ်ဘူး။ စိတ်ဆင်းရဲတာလည်း ဆင်းရဲခြင်းတမျိုးဘဲ။ တချို့က အိမ်ထောင်ရေးမှာ သားသမီးမရလို့ ၊ ညှိလို့မရလို့စတဲ့ အရာတွေကြောင့် ဆင်းရဲခြင်းကြုံနေရတာတွေလည်းရှိတယ်။ တချို့က ဘယ်လောက်ပဲ ငွေကြေးတွေပြည့်စုံနေပါစေ၊ လူတွေရဲ့အချစ်ခံနေရပေမယ့် ကိုယ်တိုင် မလုပ် နိုင်တဲ့အရာတွေကြောင့် ဆင်းရဲခြင်းနှင့် ကြုံနေရတာတွေရှိတယ်။ ဟန္ဒ အသက်တာမှာ ကြုံရတဲ့ဆင်းရဲခြင်းကတော့ သားသမီးမရနိုင်တာပါပဲ။ ဒီဆင်းရဲခြင်းကြောင့် သူဟာ နေ့နေ့ ညည ငိုကြွေးနေရတယ်။ ရန်သူဟာ သူ့ကို အဘက်ဘက်မှာ ကျရှုံးသွားအောင် ထိုးနှက်တိုက်ခိုက်တယ်။

ဆင်းရဲခြင်းကနေ လွတ်ကင်းဖို့အတွက် သူ့ခင်ပွန်းမှာရှိတဲ့ ငွေကြေးနှင့် အချစ်ကတောင် ဘာမှ မလုပ်ပေးနိုင် ဘူး။ နောက်ဆုံး သူ ဘုရားမျက်မှောက်တော်မှာ မျက်ရည်နှင့် တိုးဝင်တယ်။ ဒီအရာက သူ့အသက်တာကို ကြီးမားတဲ့အပြောင်းလဲဖြစ်လာစေတယ်။ ဆုတောင်းခြင်းဆိုတာ ဘာသာရေးအရ လုပ်ဆောင်ခြင်းမဟုတ်ဘူး။ ဘာသာရေးထဲကနေ ဆုတောင်းနေတာကတော့ အချိန်ကုန်တာပဲအဖတ်တင်မှာ ဘာ ထူးခြားမှုမှ ဖြစ်လာမှာလည်းမဟုတ်ဘူး။ ဘုရားထံမှာ ယုံကြည် ခြင်းနှင့် ဆုတောင်းတဲ့သူ အသက်တာမှာတော့ ဘယ်တော့မှ ဘယ်လိုမှ မလွတ်နိုင်တဲ့ဆင်းရဲခြင်း အမျိုးမျိုးက နေ လွတ်ကင်းနိုင်တယ်။ ဟန္ဒရဲ့ဆုတောင်းဟာ ဘယ်လောက် တန်ခိုးပါသလဲဆိုရင် ကလေးရရုံလေးဘဲမဟုတ်ဘူး။ မွေးလာတဲ့ကလေးက ဘုရားကြီးမားစွာ အသုံးပြုတဲ့ သမိုင်းဝင်တဲ့ သူတစ်ယောက်ဖြစ်လာတယ်။ ဆုတောင်းခြင်းက အရာရာကိုပြောင်းလဲစေနိုင်တယ်။ ဘယ်တော့မှ မလွတ်နိုင်တဲ့ ဆင်းရဲခြင်းကနေလဲ လွတ်မြောက်စေတယ်။

မတ်လ ၂၉ ရက်နေ့

စိတ်ချမှုရတဲ့အထိ (ပြောင်းလဲခြင်းတွေအစပြုခြင်း -၁)

”ဂိ​ဒေါင်​သည်​လည်း ဘု​ရား​သ​ခင်​အား၊ ကိုယ်​တော်​သည် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​မှန်​လျှင်၊“ တရားသူကြီး‬ ‭၆:၃၆

ကြောက်စိတ်ဆိုတာ လူတိုင်းမှာ ရှိတတ်ပါတယ်။ ကြောက်တဲ့အရာသာမတူရင်မတူမယ် ကြောက်တတ်တဲ့စိတ်ကလေးကတော့ တူညီတတ်ပါတယ်။ တချို့က ပိုးဟပ်သေးသေးလေးတွေကိုကြောက်တယ်၊ တချို့က မြွေတွေကိုကြောက်တယ်။တချို့က ဆင်းရဲမှာ၊ အရှက်ကွဲမှာကြောက်တယ်။ ဒီကြောက်စိတ်တွေက အသက်တာမှာ ပုံစံတမျိုးမျိုးနှင့် နေရာယူတတ်တယ်။ ဒီကြောက်စိတ်ကို ဖယ်ရှားနိုင်ရင် သင့်ဘဝထဲက မကောင်းတဲ့အရာတွေ အားလုံးကို ဖယ်ထုတ်နိုင်ပြီ။ ဒီကြောက်စိတ်ကို တခြားဘယ်အရာနဲ့မှ​ဖယ်ထုတ်လို့ မရဘူး။ ယုံကြည်ခြင်း၊ ဆုတောင်းခြင်းကလွဲရင် ဒီကြောက်စိတ်ဟာ အသက်တာထဲကနေ ထွက်သွားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။

ဂိဒေါင် အသက်တာမှာလည်း ကြောက်စိတ် ရှိခဲ့တယ်။ ဒီကြောက်စိတ်ရှိရင် ဘုရားကိုတောင် အထင်လွဲ အမြင်လွဲမှုတွေရှိတတ်တယ်။ ဂိဒေါင်လည်း ဘုရားကို အထင်မှားခဲ့ဖူးတယ်။ ဘုရားရဲ့ခေါ်သံကြားပြီးတဲ့အခါမှာတော့ သူဟာ ဘုရားဆီကနေ စိတ်ချမှုအပြည့်ရတဲ့အထိ အကြိမ်ကြိမ်ဆုတောင်းခြင်းနဲ့သက်သေတောင်းခဲ့တယ်။ ဒီအရာက သူ့အထဲက ကြောက်စိတ်ကို တိုက်ပွဲဝင်နေတာပါ။ ကြီးမားတဲ့အပြောင်းအလဲကြီးတွေ အပြင်မှာ မဖြစ်ခင်မှာ သင့်အထဲက ကြောက်စိတ်ကို အရင်တိုက်ထုတ်ဖို့လိုတယ်။ ဘုရား ရဲ့အလိုတော်ဆိုတာ သေချာတဲ့အထိ ဆုတောင်းခြင်းနှင့် တိုက်ပွဲဝင်ပြီးတဲ့အခါမှာတော့ ကြီးမားတဲ့အပြောင်းအလဲတွေ လုပ်ဖို့အတွက် လုံးဝကို မကြောက်ရွံ့တဲ့သူ ဖြစ်လာတယ်။ လူ ၃၀၀ထဲနဲ့ အင်အားများတဲ့ ရန်သူကိုရင်ဆိုင်ဖို့ဆိုတာ ကြောက်စိတ်ကို မကျော်နိုင်ပဲနဲ့တော့ဘယ်တော့မှ​ဖြစ်လာမှာမဟုတ်ဘူး။ စိတ်ချမှုရတဲ့အထိဆုတောင်းပါ၊ ဆုတောင်းခြင်းထဲကနေရတဲ့ စိတ်ချမှုဟာ ဘယ်လို အခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင် မှာသေချာတယ်။

မတ်လ ၂၈ ရက်နေ့

မျှော်လင့်တဲ့အတိုင်း ဖြစ်လာဖို့ (ဘုရားသခင်အတူရှိခြင်း -၈)

”ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​တ​မန်​ဟ​ဂ္ဂဲ​က၊ ငါ​သည် သင်​တို့​နှင့် အ​တူ​ရှိ၏​ဟု၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို လူ​များ​တို့​အား ဆင့်​ဆို​လေ၏။“ ဟဂ္ဂဲ‬ ‭၁:၁၃

လူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီရှိတယ်။ ဖြစ်မလာသေးလို့သာ အကောင်ထည်ပေါ်လာရင်တော့ အားလုံး အံ့ဩသွားရမယ့် ကြီးမားတဲ့အရာတွေချည်းဘဲ။ ဘာကြောင့်များ ဒီမျှော်လင့်ချက်တွေ စိတ်ကူးအိမ်မက်တွေက အကောင်ထည်မပေါ်လာသေးတာလဲ? အဖြေက တော့ရှင်းပါတယ် ဘုရားအတူပါရှိခြင်းကို ကောင်းစွာသဘောမပေါက်သလို၊ ဘုရားအတူပါရှိတယ် ယုံကြည်ခြင်းနှင့်လုပ်ပါလို့ အားပေးမယ့် လူတွေ လိုအပ်နေသေးလို့ပါ။

ဗိမ္မာန်တော်ကို ပြန်ဆောက်တဲ့အခါမှာ ဣသရေလ လူမျိုးတွေက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့ တစ်ဝက်တစ်ပျက်မှာ စိတ်ပျက်ခဲ့ဖူးတယ်။ ဗိမ္မာန်တော်ဆောက်ဖို့လည်း အချိန်မရောက်သေးဘူးလို့ အချင်းချင်း ငြီးတွားခဲ့ကြတယ်။ ဒီအတွက် ရလဒ်ကတော့ မျှော်လင့်တဲ့အတိုင်း မဖြစ်လာတော့တာဘဲ။ စီးပွါးရေးမှာ၊ မိသားစုမှာ လုပ်ဆောင်သမျှ မျှော်လင့်တဲ့အရာတွေနဲ့ ဝေးကွာခဲ့တယ်။ ပရောဖက်အားဖြင့် ဘုရားက သတိပေးတယ်။ ဘုရားအတူပါရှိတယ် လုပ်စရာရှိတဲ့အရာကို အကောင်းဆုံးလုပ်ဆောင်ဖို့။ ဘုရားနဲ့ဆိုင်တဲ့အရာတွေကို မလုပ်ရဲရင် ဘယ်တော့မှ ကိုယ့်မျှော်လင့်တဲ့အရာတွေဆီရောက်မှာမဟုတ်ဘူး။ မျှော်လင့်ချက်တွေကို ပြည့်စုံစေတာ တစ်ခုဘဲရှိတယ် ဘုရားအတူပါရှိခြင်းဘဲ။ဘုရားမပါရင်တော့ သင့်အသက်တာမှာ ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်သလို ဘယ်အိမ်မက်မှလဲပြည့်စုံလာမှာမဟုတ်ဘူး။

မတ်လ ၂၇ ရက်နေ့

စကားတစ်ခွန်းမှ မပျက် ( ဘုရားသခင်အတူရှိခြင်း -၇)

‘ရှ​မွေ​လ​သည် အ​စဉ်​အ​တိုင်း​ကြီး၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ​သ​ဖြင့်၊ သူ၏​စ​ကား​တစ်​ခွန်း​မျှ ပျက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။’ ၁ ဓမ္မရာဇဝင် ၃:၁၉

ပြောတဲ့စကား တစ်ခုချင်းစီတိုင်းက တန်ခိုးပါပြီးတော့ ပြည့်စုံတယ် ဆိုတာ ဘယ်လောက်များ အံ့ဩစရာ ကောင်းလိုက်သလဲ? ဒီလို ကောင်းကြီးမျိုးကို လူတိုင်း လိုချင်ကြမှာပါ။ ကိုယ်ပြောတဲ့ စကားတိုင်းဟာ အမှန်တကယ်ဖြစ်လာတယ်ဆိုတာ တိုက်ဆိုင်တာတော့မဟုတ်ဘူး။ လူတွေက စကား လုံးတွေရဲ့ တန်ဖိုးနှင့်တန်ခိုးကို မသိဘူး။ မကောင်းတဲ့စကား တွေပြောရင် မကောင်းတာတွေဖြစ်လာသလို ကောင်းတဲ့စကားတွေပြောတဲ့အရာအတွက် ကောင်းတဲ့အရာတွေဖြစ်လာတယ်။ တချို့ကျတော့ မကောင်းတဲ့စကားတွေ ပြောရင် သာ ပြည့်စုံတာ ကောင်းတဲ့စကားတွေပြောရင် ပြည့်စုံမူမရှိဘူး။ မကောင်းတဲ့စကားတွေ အသက်တာမှာ ပြည့်စုံဖို့အတွက် က ဘာသတ်မှတ်ချက်မှမလိုဘူး။ ကောင်းတဲ့စကားတွေပြည့်စုံဖို့ကျတော့ သတ်မှတ်ချက်ရှိတယ်။

ရှာမွေလဟာ ငယ်ငယ်လေးကတည်းကနေ သူ့ရဲ့စကားတွေဟာ နေရာတိုင်းကို ပျံ့နှံ့တယ်။တစ်ခွန်းမကျန်ပြည့်စုံတယ်။ သူဟာ ယဇ်ပုရောဟိတ်မဖြစ် သေးပါဘူး။ ဒါပေမယ့် သူ့အသက်တာမှာ ပြောသမျှဟာ အမှန်တကယ်ဖြစ်လာတယ်။ ဒီအတွက် အဓိက အရာက ဘာများဖြစ်မလဲ? အဖြေကတော့ ဘုရားသခင်အတူရှိခြင်းပါပဲ။ ဘုရားအတူရှိတဲ့အခါမှာတော့ အသက်တာမှာ ပြောသမျှစကားတွေဟာ တန်ဖိုးရှိသလို တန်ခိုးလည်းရှိလာတယ်။ ပြောသမျှ အားလုံးဖြစ်ဖို့ ခက်ခဲတဲ့အရာတွေတောင် ပြည့်စုံလာတယ်။ ဘုရားအတူမပါရှိတဲ့သူအတွက်တော့ မကောင်းတာတွေပဲ ပြည့်စုံတယ်။ ဘုရားအတူပါရှိတဲ့သူအတွက်တော့ ကောင်းတာတွေအားလုံး ပြည့်စုံတယ်။

မတ်လ ၂၆ ရက်နေ့

ချီးမြှောက်ခြင်းခံရခြင်းအကြောင်းအရင်း (ဘုရားသခင်အတူရှိခြင်း-၆)

”ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယော​ရှု​ကို​ခေါ်၍ ငါ​သည် မော​ရှေ​နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ သင်​နှင့်​အ​တူ​ရှိ​သည်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သိ​ကြ​မည်​အ​ကြောင်း၊ သူ​တို့​မျက်​မှောက်၌ သင့်​ကို ယ​နေ့​ငါ​ချီး​မြှင့်​စ​ပြု​မည်။“ ယောရှု‬မှတ်စာ ၃:၇

သင်အားကျရတဲ့သူတွေလိုဘဲ

လူတိုင်းမှာ အားကျ အတုယူရတဲ့သူဆိုတာ ရှိစမြဲမဟုတ်လား? ကျွန်တော်ကိုယ်တိုင်လည်း အားကျ အတုယူရတဲ့ ဝိညာဉ်ခေါင်းဆောင်တွေရှိတယ်။ ပြောင်းလဲကာစဆို သူတို့ကိုကြည့်ပြီးတော့ ဘယ်လိုလုပ်ပြီးတော့ သူတို့လို ဖြစ် လာနိုင်မလဲ? ဆိုပြီးတော့အမြဲတွေး တတ်တယ်။ သူတို့ရဲ့လုပ်နေတဲ့အရာတွေကို ကြည့်ပြီးတော့ ဘယ်လိုမှ သူတို့လို မလုပ်နိုင်လောက်ဘူးလို့လည်း အမြဲအားငယ်မိတာလည်းရှိတယ်။ တကယ်တော့ အားငယ်စရာ မဟုတ်ပါဘူး။ သူတို့လုပ်နိုင်တယ်ဆိုတာလဲ သူတို့အရည်အချင်းတော်ခြင်း တတ်ခြင်းကြောင့်မဟုတ်ဘဲ ဘုရားအတူရှိခြင်းကြောင့်သာဖြစ်တယ်။

ယောရှုလည်းသူနှစ်ပေါင်းစွာ နောက်လိုက်ခဲ့ရတဲ့ ခေါင်းဆောင်ကြီးမောရှေကို အားကျခဲ့ရတဲ့သူပါ။ ကြီးမားနိမိတ်လက္ခဏာတွေကို အနီးကပ်မြင်တွေ့ခွင့် ရတဲ့သူ။ ပြဿနာတွေကိုလည်း မောရှေရဲ့ ဖြေရှင်းမှုတွေနဲ့ လုပ်ဆောင် နိုင်ခဲ့တာတွေကိုကြည့်ပြီးသူလည်း ဒီလိုဘဲဖြစ်မယ်လို့ ထင်တယ်။ တနေ့ မောရှေမရှိတဲ့အခါမှာ ချက်ခြင်းကြီးသူ ဒီနေရာကိုယူရမယ်ဆိုတော့ ဖြစ်ပါ့မလားလို့ တွေးမိမှာအမှန်ဘဲ။ ဒါပေမယ့် ဘုရားကပြောတယ် မောရှေနဲ့အတူရှိသလို ငါမင်းနဲ့အတူရှိမယ်။ မောရှေလုပ်နိုင် ဉီးဆောင်နိုင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်က ဘုရားအတူပါရှိခြင်းပဲ။ သူ့လိုလုပ်နိုင်ဖို့အတွက် တခြားအရာတွေထက် ဘုရားအတူပါရှိခြင်း ပိုလိုအပ်တယ်။ ဘုရားအတူပါရှိတယ်ဆိုရင် သင်အားကျနေတဲ့ သူတွေလုပ်နိုင်သလို လုပ်နိုင်မှာဖြစ်ပြီးတော့ သူတို့ကို ချီးမြှောက်သလိုမျိုးပဲ ဘုရားက သင့်ကိုလည်းသေချာပေါက်ချီးမြှောက်ပါလိမ့်မယ်။

မတ်လ ၂၅ ရက်နေ့

ဘယ်သူမှ မထိခိုက်စေရ (ဘုရားသခင်အတူရှိခြင်း-၅)

”အကြောင်းမူကား ငါ​သည် သင်​နှင့်အတူ​ရှိ​၏။ မည်သူမျှ သင့်​ကို မတရား​နှိပ်စက်​၍ ထိခိုက်​စေ​မည်​မ​ဟုတ်။ ဤ​မြို့​တွင် ငါ​နှင့်ဆိုင်သော​လူ များစွာ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။“
‭‭တမန်တော်ဝတ္ထု‬ ‭၁၈:၁၀

ထိခိုက်လို့မရ


ပတ်ဝန်းကျင် အခြေအနေတွေက ဆိုးလာလေ ကျွန်တော်တို့အထဲက စိုးရိမ်စိတ်တွေက တိုးလာလေပဲမဟုတ်လား? စိုးရိမ်စိတ်၊ ကြောက်စိတ်တွေက အသက်တာမှာ နေရာယူလာတာနဲ့အမျှ ဘုရားကိုယုံတဲ့ယုံကြည်ခြင်းကလည်းပျောက်ရှကုန်တယ်။ ယုံကြည်ခြင်းမရှိရင် အသက်တာမှာ ဘုရားပြုမယ့်အမှုတွေ မြင်ရတော့မှာမဟုတ်သလို ကောင်းမွန် တဲ့အနာဂတ်တွေလည်းပျောက်ကုန်တယ်။ ဒါကြောင့် ဘယ်လို ပဲအခြေအနေဆိုးဆိုး ယုံကြည်ခြင်းကိုတော့ မပျောက်ဖို့ဂရုစိုက် ဖို့လိုတယ်။ နုတ်ကပတ်တော်ထဲမှာ အောင်မြင်တဲ့သူတွေ ကိုကြည့်တဲ့အခါမှာ အခြေအနေတွေက သူတို့ကို ထိန်းချုပ်မထားနိုင်ဘူး။ သူတို့ကပဲအခြေအနေတွေကို ပြောင်းလဲစေတာဖြစ်တယ်။
တမန်တော်ကြီးရှင်ပေါလုရဲ့အသက်တာမှာ ကြီးမားပြီးတော့ကြောက်စရာကောင်းတဲ့အရာတွေများစွာ ကြုံခဲ့ရတယ်။ ဘယ်လိုအရာကြုံကြုံ မကြောက်ပဲ သူရင်ဆိုင်နိုင်တဲ့ အကြောင်းအရင်းကတော့ ဘုရားရဲ့ တိကျတဲ့ကတိတော်အပေါ်မှာ ယုံကြည်ခြင်းနှင့် ရှင်သန်လို့ပါပဲ။ ဘုရားက သူ့ကိုကတိပေးတယ် ဘယ်လိုအခြေအနေမှာမဆို အတူရှိမှာဖြစ် ပြီးတော့ ဘယ်သူကမှ သင့်ကို မတရားနှိပ်စက်လို့ ထိခိုက်လို့ မရဘူးဆိုတာပါပဲ။ ဘယ်လို အခြေအနေတွေရင်ဆိုင်ရရင်ဆိုင်ရ သူ့အတွက် ကြောက်စရာမကောင်းခဲ့တာ ဘုရားအတူရှိခြင်းကို သဘောပေါက်လို့ပါပဲ။ ဘယ်လို အခြေအနေမဆို ဘုရား သင်နဲ့အတူရှိတယ်။ ဘုရား သင့်ကို အောင်မြင်စွာကျော်လွှားဖို့တာဝန်ယူတယ်။

မတ်လ ၂၃ ရက်နေ့

ပြုလေရာမှာအောင်မြင်ခြင်း (ဘုရားသခင်အတူရှိခြင်း-၄)

”ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။ သူ့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​ရှိ​တော်​မူ၍၊ သူ​ပြု​လေ​ရာ​ရာ၌ အောင်​စေ​တော်​မူ​ကြောင်း​ကို သ​ခင်​လည်း​သိ​မြင်၏။“ ကမ္ဘာဦးကျမ်း ၃၉:၂-၃

ဘာပဲလုပ်လုပ်

ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွားအောင်မြင်တယ်ဆိုတာ နည်းတဲ့ကောင်းကြီးမဟုတ်ဘူး။ အရည်အချင်းတွေက လူတွေကို ထိပ်ဆုံးရောက်အောင် မပို့နိုင်ဘူး။ ပို့ခဲ့ရင် တောင်မှ ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ကိုယ့်ရဲ့တတ်နိုင်ခြင်း လုပ်နိုင်ခြင်းနဲ့ လုပ်သမျှမှာအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာပဲလုပ်လုပ် ဘယ်မှာပဲလုပ်လုပ် အောင်မြင်စေနိုင်တာကတော့ ဘုရားတစ်ပါးတည်းပဲတတ်နိုင် တယ်။ယောသပ်ဟာ ညီအကိုတွေရဲ့ အနိုင်ကျင့်တာ၊ မတရားရောင်းစားတာခံခဲ့ရတယ်။ သူများလုပ်လို့ဆုံးရှုံးသွားရမယ်ဆိုရင် ယောသပ်ဘဝ ဘယ်လိုဖြစ်မလဲ? အင်အားကောင်းတဲ့သူတွေသာ နိုင်ရမယ်ဆိုရင် ယောသပ်လိုလူတွေ ပြာဖြစ်နေတာကြာပြီ။ ယောသပ်ဘက်မှာ အကိုတွေမရှိလည်း၊ ယောသပ်အနားမှာ ရပ်တည်ပေးမယ့်သူ တစ်ယောက်မှ မရှိပေမယ့် အောင်မြင်ခြင်းပေးနိုင်တဲ့ဘုရားက သူနဲ့အတူရှိတယ်။ ဒါကြောင့်လည်း ဘယ်လောက်ပဲ လူတွေ ဝိုင်းပြီးအနိုင်ကျင့်လည်း သူဟာ ရှုံးနိမ့်မသွားပဲ ပိုတောင်အောင်မြင်ခဲ့တယ်။ လူတွေမေ့ထားလည်း သူဟာ ရှုံးနိမ့်မသွားပါဘူး၊ ဘုရားအတူပါရှိတဲ့အခါမှာ အောင်မြင်ခြင်းဆိုတာ နေရာတိုင်း လုပ်သမျှတိုင်းပေါ်မှာ သက်ရောက်လာတယ်။ အရေးကြီးတာက ဘုရားအတူပါရှိခြင်းကို သဘောပေါက်ပြီးတော့အသက်ရှင်တတ်ဖို့လိုတယ်။ တခြားအရာတွေမပါလည်း ဘုရားပါတယ်ဆိုရင် သေချာတယ် အောင်မြင်ပါအုံးမယ်။

မတ်လ ၂၂ ရက်နေ့

ရှိတဲ့နေရာမှာ ကောင်းကြီးပေးမယ် (ဘုရားသခင်အတူရှိခြင်း-၃)

”ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။“ ကမ္ဘာဦးကျမ်း ၂၆:၃

ပြဿနာချင်းတူရင်တောင်

ပြဿနာချင်းတူရင်တောင်ဖြေရှင်းပုံခြင်းတူချင်မှ တူတယ်။ ပြဿနာတိုင်းကို တပုံစံထဲဖြေရှင်းလို့မရဘူး။ သူများပြဿနာကို ဖြေရှင်းတဲ့ပုံလေ့လာပြီးတော့ အဲ့ဒီအတိုင်းကိုယ်လိုက်လုပ်ရင် အဆင်ပြေချင်မှ ပြေမယ်။ ဘဝဆိုတာ ပုံသေနည်းနဲ့သွားလို့ရတဲ့အရာမဟုတ်ဘူးဆိုတာ သဘောမပေါက်ကြဘူး။ ဣဇါက်လက်ထက် အစာခေါင်းပါးခြင်းကြုံတော့ ဘုရားက ဘယ်ကိုမှ မထွက်သွားခိုင်းပဲရှိတဲ့နေရာပဲ နေပြီးတော့ မျိုးစေ့ကြဲခိုင်းတယ်။ ဘုရားက သူအတူရှိမယ်လို့ ကတိပေးပြီးတော့ ကောင်းကြီးပေးခဲ့တယ်။ စကားနားထောင်တဲ့ ဣဇါက်ဟာ တစ်နှစ်ချင်းမှာ အဆတစ်ရာတောင် တိုးပွားတယ်လို့ မှတ်တမ်းတင်ထားတယ်။ ရှုနင်မြို့က အမျိုးသမီးကတော့ အဲ့လိုမျိုးမဟုတ်ပြန်ဘူး။ ဧလိရှဲ မကြာခင် ကြုံမယ့် အစာခေါင်းပါးခြင်းကို တခြားနေရာမှာသွားနေပြီးတော့ရှောင်ဖို့ပြောထားတယ်။ အစာခေါင်းပါးတဲ့ပြဿနာချင်းကြုံတာ တော့အတူတူပဲ ဒါပေမယ့် ဘာမတူဘူးလည်းဆိုတော့ ဖြေရှင်းပုံဖြေရှင်းနည်းမတူဘူး။

အရေးကြီးတာ ဘယ်သူတွေပြဿနာကိုဘယ်လိုဖြေရှင်းသလဲဆိုတာ မဟုတ်ဘူး။ ဘုရားအတူပါရှိခြင်းကိုသဘောပေါက်ဖို့ပဲအရေးကြီးတာပါ။ ဘုရားအတူပါရှိရင် ဘယ်လိုအခြေအနေမျိုးမဆို ကျော်လွှားသွားနိုင်မှာသေချာတယ်။ ဘုရားအတူရှိခြင်းကိုသဘောမပေါက်ဘူး၊ စိတ်မချဘူးဆိုတော့ သေချာတဲ့အခြေအနေတွေတောင် ကိုယ့်အတွက် ဘာတစ်ခုမှ သေချာမှာမဟုတ်ဘူး။ ဘုရားအတူပါရှိခြင်းကို နားလည်ပြီးတော့ သူပြောတဲ့အတိုင်း အကောင်းဆုံး နာခံခြင်းကသာလျှင် ကြုံလာသမျှ အခက်အခဲတိုင်းကို အောင်မြင် တိုးပွားခြင်းနှင့် ဖြတ်သန်းနိုင်ပါလိမ့်မယ်။

မတ်လ ၂၁ ရက်နေ့

မပြည့်စုံမချင်း (ဘုရားသခင်အတူရှိခြင်း-၂)

”ကြည့်ရှု​လော့​။ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ သင်​သွား​လေရာရာ​၌ သင့်​ကို​စောင့်ရှောက်​၍ ဤ​ပြည်​သို့ သင့်​ကို ပြန်ခေါ်လာ​ဦး​မည်​။ အကယ်စင်စစ် သင့်​အား​ငါ​ကတိပေး​သည့်​အရာ မ​ပြည့်စုံ​မ​ချင်း ငါ​သည် သင့်​ကို​စွန့်ပစ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။“ ကမ္ဘာဦး ၂၈:၁၅

အမှန်ပြည့်စုံလာမယ်

ဘုရားပေးထားတဲ့ကတိတော်တွေအသက်တာမှာ မပြည့်စုံလာမှာ မကြောက်ပါနှင့်။ တစ်ခါတစ်လေ ဘုရားပေးတဲ့ကတိတော်တွေပြည့်စုံဖို့အတွက် ကိုယ့်ဘက်ကနေ လုပ် ဆောင်ဖို့ တတ်နိုင်ပါ့မလားလို့ တွေးမိတဲ့အချိန်တွေရှိတတ်တယ်။ ကိုယ့်အရည်အချင်းနှင့် ဒီကတိတော်တွေဆီအရောက် လှမ်းဖို့အတွက်ဘယ်လိုများ လုပ်ဆောင်ရပါ့မလဲဆိုပြီးတော့ မေးခွန်းထုတ်မိတဲ့အချိန်တွေ သံသယဝင်မိတဲ့အချိန်တွေလည်းများစွာရှိတယ်။ တကယ်တော့ ဘုရားပေးတဲ့ရူပါရုံတွေ၊ ကတိတော်တွေဟာလူ့ရဲ့အရည်အချင်း စွမ်းဆောင်မှုနဲ့ဘယ် တော့မှ မပြည့်စုံနိုင်ဘူး။ ဘုရားပေးတဲ့ကတိ‌တော်က ဘုရားရဲ့လုပ်ဆောင်ပေးမှုတစ်ခုတည်းနဲ့သာပြည့်စုံနိုင်တယ်။ယာကုပ်ကို ဘုရားက ပထမဆုံးပေးတဲ့အိမ်မက်ရူပါရုံမှာ သူ့ကိုယ်သူမိတ်ဆက်ပြီးတော့ သူဟာ ယာကုပ် အသက်တာမှာ ခံစားရမယ့် ကောင်းကြီးမင်္ဂလာတွေရဲ့အရင်း အမြစ်ဖြစ်သလို၊ ဘိုးဘေးတွေကိုပေးထားတဲ့ကတိတော်တွေကို ပြည့်စုံစေမယ့်သူဆိုတာကိုသိစေတယ်။ တစ်ယောက်ထဲကြောက်ပြီးတော့ အားငယ်နေတဲ့ ယာကုပ်အတွက် အားဖြစ်ခဲ့တယ်ဆိုရင် အမှန်ပဲ။ ဘုရားက ကတိပေးတဲ့ဘုရားပဲမဟုတ် ဘူး သူပေးတဲ့ကတိတစ်ခုချင်းစီတိုင်းကိုပြည့်စုံစေတဲ့သူလည်း ဖြစ်တယ်။ အရေးကြီးဆုံးကတော့ သူနဲ့အတူ လျှောက်လှမ်းခြင်းကိုတန်ဖိုးထားပြီးတော့ ဂရုစိုက်ဖို့လိုတယ်။ ဘုရားအတူရှိခြင်းကို သဘောပေါက်ရင်၊ သင့်ဘဝထဲမှာ ဘုရားအတူပါရှိနေသေးရင် ကတိတော်တွေပြည့်စုံလာဖို့လည်းအခွင့်အရေးရှိသေးတယ်။

မတ်လ ၂၀ ရက်နေ့

လူတစ်ယောက်ကို လုပ်ကြံသကဲ့သို့ (ဘုရားသခင်အတူရှိခြင်း-၁ )

”ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။“ သူကြီး ၆:၁၆

ဘုရားအတူမရှိတဲ့ အခါ

တခြားအရာတွေမရှိလို့ မအောင်မြင်တာမဟုတ်ဘူး။ ဘုရားအတူမရှိလို့သာ မအောင်မြင်ကြတာပါ။ ကျန်တဲ့အရာတွေက သင့်ရဲ့အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်းကို အဆုံးအဖြတ်မပေးနိုင်ဘူး။ ဘုရားအတူပါရှိခြင်းကသာလျှင် အောင်မြင်ခြင်း ဆုံးရှုံးခြင်းကိုအဖြေထုတ်ပေးနိုင်တယ်။ ဂိဒေါင်အသက်တာမှာ ဘုရားနဲ့ဝေးကွာတဲ့အရပ်မှာ အသက်ရှင်တဲ့အခါမှာ ရန်သူ တွေဟာ အင်မတန် အင်အားများလွန်းပြီးကြောက်စရာကောင်းတယ်လို့မြင်တယ်။ ဘာလုပ်လုပ် ကြောက်ရွံ့ခြင်းအောက်မှာဘဲ ရှင်သန်ပြီးတော့လုပ်ဆောင်ရတယ်။ များလှတဲ့ရန်သူတွေကိုလည်းဒီတစ်သက်ဘယ်လိုမှ မရင်ဆိုင်နိုင်တော့ဘူးလို့ သတ်မှတ်ခဲ့တယ်။ ဘုရားအတူရှိခြင်းကို သဘောမပေါက်တဲ့ လူတိုင်းမှာဒီလိုခံစားချက်တွေအမြင်တွေရှိတယ်။ ဘုရားအတူမရှိတဲ့အခါမှာ အရာရာဟာ ကိုယ့်ထက်အင်အားကြီးမားလွန်းပြီးတော့ ဘယ်အရာကိုမှ ကိုယ်ရင်မဆိုင်နိုင် လောက်ဘူးလို့ ပဲ မြင်လာတယ်။

ဘုရားအတူပါရှိခြင်း

ဂိဒေါင်ဆီကို ကောင်းကင်တမန်ရောက်လာတဲ့အခါမှာ အားကြီးတဲ့စစ်သူရဲ ဘုရားက သင်နဲ့အတူရှိတယ်လို့နှုတ်ဆက် ခဲ့တယ်။ ဒီနှုတ်ဆက်ခြင်းကို ဂိဒေါင်ချက်ခြင်း သဘောမပေါက်ခဲ့ဘူး။ သူနဲ့ဘုရားအတူရှိတဲ့အခါမှာ ကြောက်ရွံ့တဲ့သူတစ် ယောက်ကနေ အားကြီးတဲ့သူတစ်ယောက်ဘဝကို မိနစ်ပိုင်းလေး ပြောင်းလဲသွားတာကို သူလက်မခံနိုင်ဖြစ်ခဲ့တယ်။ ဘုရားအတူပါရှိတဲ့အခါမှာ နှစ်ပေါင်းများစွာကြာမှ ပြောင်းလဲမှုတွေဖြစ်လာတာမဟုတ်ဘူး။ မိနစ်ပိုင်းလေးအတွင်းမှာပဲကြီးမားတဲ့အပြောင်းလဲတွေဖြစ်လာတယ်။ ဘုရားအတူပါရှိခြင်းကို ဂိဒေါင်က မေးခွန်းထုတ်တယ်။ ဘာကြောင့်များ သူ့လူမျိုးတွေက ဒီလိုကြုံရတာလဲ? အဖြေကတော့ ဘုရားကစွန့်ခဲ့လို့ဖြစ်တယ်။ အခု ဘုရားရဲ့အကြည့်အရှု ကြွခြင်းက ဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို ပြောင်းပြန်လှန်တော့မယ်။ ဘုရားအတူပါရှိတဲ့အခါမှာ လွန်စွာကြောက်စရာကောင်းပြီးများပြား လှတဲ့ ရန်သူတွေကိုလည်း တစ်ယောက်ကိုပဲ ရင်ဆိုင်သလိုဖြစ် လာစေတယ်။ ဘုရားအတူမရှိတုန်းကတော့ လူတစ်ယောက် ကိုရင်ဆိုင်ရတာတောင် တကမ္ဘာလုံးကို ရင်ဆိုင်ရတယ်လို့ ခံစားစေပြီးတော့ အခုတော့ ဘာမှမဟုတ်တဲ့လူတစ်ယောက် လေးနဲ့ရင်ဆိုင်ရသလိုဖြစ်စေတယ်။ ပြဿနာတွေက ကြီးပြီးတော့ သင်က သေးနေတယ်လို့ခံစားရတယ်ဆိုရင် ဘုရားကသင့်ဘက်မှာရှိတာကို သေချာသဘောမပေါက်သေးလို့ပဲ။ ကြီးမြတ်တဲ့ ဘုရားအတူပါရှိခြင်းကိုသဘောပေါက်သွားတဲ့အခါမှာ တော့ ကြီးမားတဲ့ပြဿနာက သေးသေးလေးလိုကိုဖြစ်သွားစေတယ်။

မတ်လ ၁၉ ရက်နေ့

မိခင်ဘာသာစကား (native language)

”သင်​တို့​သည် သင်​တို့​၏​အဖ​မာရ်နတ်​နှင့်​စပ်ဆိုင်​ကြ​ပြီး သင်​တို့​အဖ​၏​ဆန္ဒ​အတိုင်း​ပြု​လို​ကြ​၏။ မာရ်နတ်​သည် အစအဦး​ကပင် လူသတ်သမား​ဖြစ်​၏။ သူ​၌​သမ္မာတရား​မ​ရှိ​သောကြောင့် သမ္မာတရား​၌​မ​ရပ်တည်။ သူ​သည် လိမ်လည်​သော​သူ​ဖြစ်​ပြီး လိမ်လည်​ခြင်း​၏​အဖ​လည်း​ဖြစ်​သောကြောင့် လိမ်လည်​ပြောဆို​သောအခါ မိမိ​ပင်ကိုစရိုက်​အတိုင်း​ပြောဆို​၏။“ ယောဟန် ၈း၄၄

”You belong to your father, the devil, and you want to carry out your father’s desires. He was a murderer from the beginning, not holding to the truth, for there is no truth in him. When he lies, he speaks his native language, for he is a liar and the father of lies.“ John 8:44 NIV

မာရ်နတ်ရဲ့ မိခင်ဘာသာစကား

ဘာသာရေးဟာ မာရ်နတ်ရဲ့လက်ကိုင်တုတ်၊ လိမ်လည်ခြင်းနှင့် ယုံကြည်ခြင်းမရှိတဲ့စကားဟာ သူ့ရဲ့ မိခင်ဘာသာစကားပဲ။ လူတစ်ယောက်ရဲ့ ပြောစကားကိုကြည့်ပြီးတော့သူဘာလူမျိုးလည်းဆိုတာ ခန့်မှန်းရသလိုမျိုးပဲ၊ နေ့စဉ် သင်ပြောနေတဲ့စကားတွေ၊ ခံယူချက်တွေကိုကြည့်ပြီးတော့ သင်ဟာ ဘယ်သူနဲ့ပတ်သက်မှုရှိသလဲဆိုတာကိုသိနိုင်တယ်။ ဖါရိရှဲတွေ ကျမ်းတတ်တွေကို သခင်ယေရှုကပြတ်ပြတ်ပဲပြောတယ်။ မင်းတို့ဟာ ဘုရားနှင့်ဆိုင်တဲ့သူတွေမဟုတ်ဘူး။ မာရ်နတ်နှင့် ပတ်သက်ဆက်နွယ်တဲ့သူတွေ။ မာရ်နတ်ရဲ့ဆန္ဒအတိုင်းပဲပြုမူ အသက်ရှင်ကြသလို မာရ်နတ်ရဲ့ဘာသာစကားကိုပဲပြောဆိုကြတယ်။ လိမ်လည်တယ်၊ အပြစ်ပြောတယ်။ လူတွေရဲ့ ဆိုးတဲ့အရာတွေကိုပဲ လိုက်ရှာပြီးတော့ တိုက်ခိုက်တယ်။ ဒါက မာရ်နတ်ရဲ့အကျင့်ပဲမဟုတ်လား? ခေတ်အဆက်ဆက်မှာလည်း သူဒီအတိုင်းပဲလုပ်လာသလို အခုလည်းဒီအတိုင်းပဲ လုပ်နေဆဲပဲ။ လူတွေကို သတ်ပစ်ဖို့ လုပ်ဆောင်နေတုန်း၊ ကြံစည်နေတုန်းပဲ။

ဘုရားသားရဲ့ ဘာသာစကား

ယုံကြည်ခြင်းဆိုတာ ကောင်းကင်နိုင်ငံရဲ့ ဘုရားသားသမီးတွေသုံးတဲ့ ဘာသာစကားပဲ။ ဘုရားသားမီးတွေက ဘယ်တော့မှ လောကသားတွေပြောသလို အခြေ အနေတွေ ခံစားချက်တွေကိုမပြောဘူး။ ကောင်းကင်သားတွေရဲ့ မိခင်ဘာသာစကားကိုပဲ သုံးတယ်။ ဘုရားရဲ့အလိုဆန္ဒကိုပဲ အကောင်အထည်ဖေါ်ဖို့ဆန္ဒရှိတယ်။ သမ္မာတရား ဘက်မှာ မတ်တပ်ရပ်ပြီးတော့ ဘယ်တော့မှ ခံစားချက်အပေါ်မှာ၊ အခြေအနေ အပေါ်မှာ မရပ်တည်ဘူး။ သင်ရော ဘယ်ဘာသားစကားကို အဓိက သုံးနေတဲ့သူလဲ? တချို့ဘုရားသား ဖြစ်ပေမယ့် မာရ်နတ်ရဲ့ မိခင်ဘာသာစကားကိုပြောဆိုနေကြတာ ဝမ်းနည်းစရာကောင်းတယ်။

မတ်လ ၁၈ ရက်နေ့

စေလွှတ်တော်မူသောသူကို (သခင်ယေရှုကို သိကျွမ်းခြင်း – ၁၂)

”သူ​တို့​က​လည်း “ဘုရားသခင်​၏​အမှု​တော်​ကို​ဆောင်ရွက်​ရန် အကျွန်ုပ်​တို့​သည် မည်သည့်​အရာ​ကို ပြု​ရ​ပါ​မည်နည်း”​ဟု မေးလျှောက်​ကြ​၏။ ယေရှု​က“ဘုရားသခင်​၏​အမှု​တော်​မှာ ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။“ ယောဟန် ၆:၂၈

လူ့ပေတံနှင့် ဘုရားကို မတိုင်းနဲ့

လူတွေက ဘုရားထက် လုပ်ရိုးလုပ်စဉ်၊ ရိုးရာတွေ စည်းကမ်းသတ်မှတ်ချက်တွေကို ပိုယုံကြည်အားကိုးလေ့ရှိတယ်။ ဘုရားပြောတဲ့စကားထက် လူတွေပေးတဲ့အကြံတွေကို ပိုပြီးတော့ မှန်တယ်လို့မြင်တတ်တယ်။ ဘုရားက ထုံးတမ်းစဉ် လာနဲ့အလုပ်မလုပ်ဘူး။ ဘုရားက ရိုးရာထဲမှာမရှိဘူးဆိုတာကိုလူတွေက သတိမထားမိကြဘူး။ ကျမ်းစာတတ်လှပါတယ်ဆိုတဲ့ ဖါရိရှဲတွေ၊ ကျမ်းတတ်တွေက ဘာလို့များယေရှုကိုလက်မခံနိုင်ရတာလဲဆိုရင် အဖြေကရှင်းပါတယ်။ သခင်ယေရှုကို ထုံးတမ်းစဉ်လာတွေဘာသာရေးခံယူချက်ဆိုတဲ့ ပေတံကြီးနဲ့သွားတိုင်းမလို့ပါ။ ဘုရားကို နားလည်နိုင်ဖို့အတွက် ဘယ်ပေတံနဲ့မှ တိုင်းလို့မရဘူး။ ဘုရားဆိုတာကို နားလည်လက်ခံနိုင်ဖို့က သူနဲ့ကိုယ်တိုင်ရင်းနှီးမှပဲ နားလည်သဘောပေါက်နိုင်တယ်။

ယုံကြည်ခြင်းက တစ်ခုတည်းသောအဖြေ

ကျမ်းတတ်တွေက မေးတယ် ဘုရားရဲ့အမှုတော်ကိုဘယ်လိုဆောင်ရမလဲ? သူတို့ဟာသူတို့တော့ ဘုရားအမှုတော်ကို အများကြီးဆောင်ပြီလို့ထင်မှတ်နေပုံပဲ။ ဒါပေမယ့် သူတို့အထဲမှာ ကိုယ်တိုင်သိတာက ဘုရား အမှုတော်မြတ်ဆိုတာ လူ့ရဲ့ခံစားချက်တွေ ခံယူချက်တွေနဲ့ လုပ်ဆောင်လို့မရဘူးဆိုတာပါပဲ။ ကျင့်စဉ်တွေ လုပ်ရိုးလုပ်စဉ်တွေကို လုပ်နိုင်မှ ဘုရားအမူတော်မြတ်မှာ ပါဝင်နိုင်မယ်လို့ ခံယူချက်တွေကလည်း အလုပ်မဖြစ်ပါဘူး။ သခင်ယေရှုရဲ့အဖြေကရိုးရှင်းပြီးတော့ထိရောက်တယ်။ ဘုရားအမှုတော်မြတ်ဆိုတာ သူစေလွှတ်တဲ့သူကိုယုံကြည်ခြင်းတဲ့။ ဘုရားစေလွှတ်တဲ့သူကိုမယုံ မှတော့ကျန်တဲ့ဘယ်အရာကို ယုံပြီး‌တော့ လုပ်နိုင်အုံးမှာလဲ? ဒါကြောင့် ရှင်ပေါလုက ပြောတယ် ယုံကြည်ခြင်း မပါပဲ လုပ်သမျှက အပြစ်ရှိတယ်။ တကယ်ပဲ ဘုရားရဲ့မဟာအမှုတော်မှာပါချင်ရင် ဘုရားဘယ်သူ့ကိုစေလွှတ်တယ်ဆိုတာ ကိုသိပြီးတော့ ယုံကြည်ဖို့ပါပဲ။ ဘုရားမစေလွှတ်တဲ့သူတွေကို ယုံပြီးတော့ နောက်လိုက်နေတာ၊ သူတို့ပြောသမျှကို အဟုတ်ထင်နေတာ ဘယ်လောက် ကြောက်ဖို့ကောင်းသလဲ? အမှုတော်ကိုတကယ်လုပ်ချင်ရင်တော့ စေလွှတ်တဲ့သူဘယ်သူဆိုတာကို တကယ် သဘောပေါက်ပြီးတော့ ယုံကြည်ခြင်းနှင့် ပူးပေါင်းဖိုပါပဲ။

မတ်လ ၁၆ ရက်နေ့

သင်တို့ မသိတဲ့စားစရာ (သခင်ယေရှုကို သိကျွမ်းခြင်း – ၁၁)

”ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-“ ယောဟန် ၄း၃၄

ကြိုက်တာချင်း မတူပါ

ကိုယ်အကြိုက်ဆုံးအစားအစာကို စားရတဲ့အချိန်လောက် ချိုမြိန်တဲ့အရသာ ရှိတာဘာရှိအုံးမလဲ? လူတစ်ယောက်နဲ့တစ်ယောက် ကြိုက်တာချင်းလည်းမတူဘူး။ တချို့က ကြိုက်တဲ့အစားအစာတွေကို တချို့ကျတော့ ဘယ်လိုမှမစားနိုင်ပြန်ဘူး။ မောင်နှမအရင်းတွေတောင်မှ အကြိုက်ချင်းကလုံးဝမတူဘူး။ ဇနီးမောင်နှံဖြစ်ရင်တောင် ကိုယ်ကြိုက်တဲ့အစားအစာကို သူကလိုက်ကြိုက်ဖို့ကမလွယ်ဘူး။ နေ့စဉ် ကိုယ်စားတဲ့အစာအစာတွေက ကိုယ့်ဘဝအသက်တာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ တချို့ကျတော့ စားတဲ့အစားကြောင့် မကျန်းမာခြင်းကို ဖြစ်စေပြီး၊ အချို့ကျတော့ ကိုယ်စားတဲ့အစာကြောင့် ပိုကျန်းမာလာတယ်။ မတည့်မှန်းသိပေမယ့် ကြိုက်လွန်းလို့ မစွန့်လွှတ်နိုင်ပဲ အသေခံပြီးတော့စားသွားတဲ့သူတွေလည်းရှိတယ်။ လူတစ်ယောက်ရဲ့ဘဝကို ထုဆစ်တဲ့နေရာမှာ အစားအစာတွေကလည်း အရေးကြီးတဲဲ့ အခန်းမှာပါတယ်။ သခင်ယေရှု နှစ်အနည်းငယ်အတွင်းမှာ ဘုရားအလိုတော်ကို ထိထိရောက် လုပ်ဆောင်ပြီးတော့ အကုန်အစင် လုပ် ဆောင်နိုင်တာ သူ့မှာ လူတွေမသိတဲ့ စားစရာရှိနေလိုပဲဆိုရင် သင်အံ့သြမလား ?

သင်တို့မသိတဲ့စားစရာ

နေ့တိုင်း မစားမသောက်ပဲ ဖြတ်ကျော်တဲ့သူမရှိသလိုမျိုးပဲ၊ စားဝတ်နေရေးဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံး ရှေ့တန်းတင်ထားတဲ့ဉီးစားပေးကိစ္စကြီး။ ဒီအရာကိုဘယ်သူမှ ရှောင်လွှဲလို့မရဘူး။ သခင်ယေရှုကတော့သူ ရှေ့တန်းတင်ထားတဲ့စားစရာ၊ နေ့တိုင်းဉီစားပေးရတဲ့အရာက ဘာလဲ? ခမည်းတော်ရဲ့ အလိုတော် နှင့် ခမည်းတော်ရဲ့အမှုတော်ကို အဆုံးထိ ကောင်းမွန်စွာလုပ်ဆောင်ခြင်းဖြစ်တယ်။ ဒီအရာကို လုပ်နေရရင်ကို ကျန်တဲ့စား စရာတွေမစားရလည်း သူဂရုမစိုက်ဘူး။ ဒါကြောင့်လည်း သူဟာ ခဏလေးအတွင်းမှာ ခမည်းတော် အလိုတော်ကို အပြီးစီး ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်။ တချို့ကျတော့ ကိုယ့်ကိစ္စပဲရှေ့တန်းတင်ပြီးတော့ ဘုရားရဲ့ အလိုတော် အမှုတော်ကို ဘေးဖယ်ထားတတ်ကြတယ်။ ဒါကြောင့်လည်းပန်းတိုင်ရောက်ဖို့မကြာသင့်ပဲ ကြာနေရတာပေါ့။ သခင်ယေရှုရဲ့နှလုံးသားနှင့်တူချင်တယ်၊ သူ့လိုပဲ ခမည်းတော်ရဲ့အလိုတော်ကို အကုန်အစင် လုပ်ဆောင်ချင်တယ်ဆိုရင်တော့ သူစားတဲ့အစားကိုတော့ကြိုက်နှစ်သက်တတ်ဖို့လိုတယ်။ နေ့စဉ် အစားစားလိုအပ်သလိုပဲ ခမည်းတော်ရဲ့အလိုတော်နှင့် အမှုတော်ကို လုပ်ဆောင်ဖို့လိုအပ်တယ်။

မတ်လ ၁၅ ရက်နေ့

ပို၍​ကြီးမြတ်​သော​အမှု​ပြုမယ့်သူ (သခင်ယေရှုကိုသိကျွမ်းခြင်း -၁၀ )

”သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​ကို​ယုံကြည်​သော​သူ​သည် ငါ​ပြု​သော​အမှု​တို့​ကို​ပြု​လိမ့်မည်။ ထို​ထက် ပို၍​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း ပြု​လိမ့်မည်။ အကြောင်းမူကား ငါ​သည် ခမည်းတော်​ထံသို့​သွား​မည်​ဖြစ်​၏။“ ယောဟန် ၁၄:၁၂

နောက်ကလူ

ဗတ္တိဇံဆရာ ယောဟန်က ပြောတယ် ငါ့နောက် ကြွလာမယ့်သူက ငါ့ထက်ကြီးမြတ်တယ်။ သူ့ရဲ့ခြေနင်းကြိုးလေးတောင်ဖြည်ဖို့ ငါက မထိုက်တန်ဘူး။ လူတွေက ယောဟန်ဆီလာတဲ့အခါမှာ အကြီးမြတ်ဆုံး ပရောဖက် လို့ ထင် မှတ်ပြီးတော့ ရောက်လာကြတယ်။ ယောဟန်ကိုလည်း ပရောဖက် ဧလိယလို့ထင်တဲ့သူတွေရှိသလို၊ မေရှိယလို့ထင်မှတ်နေတဲ့သူတွေလည်းရှိတယ်။ သူရဲ့အမှုဆောင်ခြင်းက ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပေမယ့် သူက သူ့နောက်မှာ ကြွလာမယ့် သခင်ယေရှုကို လက်ညိုးထိုးပြတယ်။ သူက ဘာမှ မဟုတ်သေးဘူး။ ရေမှာပဲ နှစ်ခြင်းပေးတာ၊ သန့်ရှင်းသောဝိညာဉ်တော်မီးနှင့်ပေးမယ့် သခင်ယေရှုရောက်လာရင် ဒီထက်ပိုပြီးကြီးမားတဲ့အရာတွေဖြစ်လာမယ်လို့ သူဟာ ကြေငြာတယ်။တကယ်လည်းသခင်ယေရှုရောက်လာတဲ့အခါမှာ သူ ပြောတာထက်တောင်ပိုသေးတယ်။ သမိုင်း တစ်လျှောက်ဘယ်သူမှ မလုပ်ဖူးတဲ့အရာတွေကို နေ့စဉ်ပြုလုပ်ခဲ့တယ်။

ယုံကြည်တဲ့သူ

ဒါဆိုရင် သခင်ယေရှုကရော ဘာပြောသလဲ? သူဟာ ခေတ်သမိုင်းတစ်လျှောက်မှာ အကြီးမြတ်ဆုံးဖြစ်ပြီးတော့ သူလုပ်ခဲ့တဲ့အရာတွေကပဲ မှတ်တမ်းတင်ရမယ့်အရာတွေ၊ သူလိုလည်း ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုများပြောခဲ့ တာရှိသလား? မဟုတ်ရပါဘူး။ တခွန်းဆို တစ်ခွန်းမှ အဲ့လိုမပြောဘူး ယောဟန် လက်ညှိုး ညွှန်ပြသလို သခင်ယေရှုက ပိုပြီးတောင် လုပ်နိုင်ခဲ့ပေမယ့် သူကတော့ ဒီလို ကြေငြာတယ်။ သူလုပ်တာတွေက ဘာမှမဟုတ်သေးဘူး၊ ဒီလိုအလုပ် တွေကို သူ့ကိုယုံတဲ့သူတိုင်းက လုပ်နိုင်လိမ့်မယ်။ ဒါတောင် မကသေးဘူး ဒီထက်ကြီးတဲ့အရာတွေကိုလည်း ယုံတဲ့သူတွေက လုပ်နိုင်မယ်။ သူ့ထက်ကြီးတဲ့အမူတွေကိုလုပ်နိုင်မယ့် မျိုးဆက်ကို သူက လက်ညှိုးညွှန်ပြတယ်။ သူလက်ထက်မှာ သူ လုပ်ခဲ့တာတွေထက် ကြီးမယ်ဆိုတော့ ကျမ်းစာမှာတောင် မှတ်တမ်းမတင်ထားတာတွေပေါ့။ ယောဟန် ကြေငြာတဲ့အတိုင်း သခင်ယေရှုက တကယ်ပဲ ရှင်သန်ပြနိုင်သလို သခင်ယေရှုပြောသလို ယုံတဲ့သူတွေကရော ရှင်သန်ပြနိင်ပါ့မလား? ဒါကို သင်နဲ့ကျွန်တော်က အဖြေထုတ်ပေးရပါလိမ့်မယ်။

မတ်လ ၁၄ ရက်နေ့

အမှုတော်ကိုထင်ရှားစေဖို့အကြောင်း (သခင်ယေရှုကိုသိကျွမ်းခြင်း ၈)

”ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။-“ ယောဟန် ၉:၃

လူတွေမြင်တဲ့အမြင်နဲ့မတူ

ကြည့်တာခြင်းတူပေမယ့်ထင်မြင်ယူဆတာချင်းတော့မတူဘူး။ ထင်မြင်ယူဆတာချင်းတူရင်တောင် ယုံကြည် တာခြင်းတော့မတူပြန်ဘူး။ အမိဝမ်းထဲကနေ မျက်စိကန်းတဲ့သူကို မြင်တဲ့အခါမှာ သခင်ယေရှုနှင့် တပည့်တော်တွေ တွေ့တာခြင်းတော့တူတယ် ဒါပေမယ့် ခံယူချက် မတူဘူးဆိုတာကိုတွေ့ရတယ်။ ခံယူချက်ပဲမတူတာမဟုတ်ပဲယုံကြည်ခြင်းလည်း လုံးဝမတူဘူး။ ဘယ်သူ အပြစ်ကြောင့် ဒီလိုကန်းရတာလဲ?ဒီမေးခွန်းက တစ်ခုခုဖြစ်တိုင်း လူတွေမေးလေ့ရှိတဲ့မေးခွန်းဖြစ်တယ်။ အပြစ် တင်ဖို့နဲ့ အပြစ်ရှာဖို့ ဆိုတာ မွေးရာပါ အကျင့်လိုဖြစ်နေတယ်။ မျက်စိကန်းကြီးက မွေးရာပါ မျက်စိကန်းသလိုပဲ အပြစ်ရှာတတ်တဲ့ မွေးရာပါ ဗီဇကြီးက လူတိုင်းနီပါးမှာဆွဲကပ်နေတယ်။ သခင်ယေရှုဖြေတဲ့အဖြေက သူတို့တွေးထင်တာနဲ့မတခြားဆီပဲ။ ဘုရားရဲ့အမှုတော် သူ့မှာထင် ရှားဖို့ အကြောင်းဖြစ်တယ်။ ဘယ်သူမှာ မစဉ်းစားဖူးတဲ့ အဖြေဖြစ်နေတယ်။

လူတွေ ထင်မထားတဲ့အဖြေနှင့် ရလဒ်

လူတွေထင်ထားတာက တစ်စုံတစ်ယောက်ကို အပြစ်ဖို့မယ်၊ လက်ညှိုးထိုးမယ်ပေါ့။ သခင်ယေရှုက လက် ညိုးထိုးဖို့လောကကြီးကိုလာတာမဟုတ်ဘူး။ လက်ကမ်းပြီးတော့ ဆွဲထူပေးဖို့ လာတာပါ။ ဒီနေ့ လက်ညှိုးထိုးပြီးတော့ ဆွဲချမယ့်သူတွေပဲများတယ်။ လက်ကမ်းပေးပြီးတော့ ဆွဲထူမယ့်သူတွေနည်းတယ် ယေရှုရဲ့အဖြေက လူတွေထင်ထားသလိုမဟုတ်တာပဲမဟုတ်ဘူး။ သခင်ယေရှုက လူတွေမထင် ထားတဲ့အပြုအမှုနဲ့ သူ့ကို ကုသပေးတယ်။ ရွှံ့ကို တံတွေးနဲ့လုံးပြီးတော့ မျက်စိအပေါ်မှာ လိမ်းပေးတယ်။ ဘာသာရေးခံယူချက်နဲ့ဆို ဘယ်လိုမှမကိုက်ဘူး။ ဒါပေမယ့် သူဟာ ခံယူပြီးတော့ သခင်ယေရှုပြောတဲ့အတိုင်း ရှိလောင်ကန်မှာ သွားဆေးတဲ့အခါမှာတော့ ကျန်းမာသွားတယ်။ ဒီလူ ခံစားခဲ့ရတာ လူတွေ ထင်မထားတဲ့ အဖြေနဲ့ ရလဒ်ဖြစ်တယ်။ သခင်ယေရှုထံကနေလာတဲ့ အမှုပြုခြင်းက လူတွေထင်ထားတဲ့အရာပဲ ဖြစ်လာမှာမဟုတ်ဘူး။ မထင်ထားတဲ့ နည်းလမ်းနဲ့ မထင်ထားတဲ့ကောင်းကြီးတွေဖြစ်တယ်။

မတ်လ ၁၃ ရက်နေ့

အရင်ဆုံးပစ် (သခင်ယေရှုကိုသိကျွမ်းခြင်း -၇ )

”ထို​သူ​တို့​သည် အ​ထပ်​ထပ်​မေး​လျှောက်​ကြ​သော​အ​ခါ ကိုယ်​ကို​လှန်​တော်​မူ၍၊ သင်​တို့​တွင် အ​ပြစ်​ကင်း​သော​သူ​သည် ရှေ့​ဦး​စွာ ကျောက်​ခဲ​နှင့်​ပစ်​စေ​ဟုမိန့်​တော်​မူ​ပြီး​မှ၊-“ ယောဟန် ၈:၇

ရှာတာပဲတွေ့မယ်

သခင်ယေရှုရဲ့ တိကျပြီးထိမိတဲ့ တရားဟောချက် တွေထဲကတစ်ခုက ရှာကြလော့ ရှာလျှင်တွေ့မယ်။ ဒီတရားရဲ့နက်နဲမှုကတော့နေ့တိုင်းခံစားရတယ် သင်ရှာနေတာပဲသင်တွေ့ မယ်၊ ရှိတဲ့အရာတိုင်းကိုသင်တွေ့မှာမဟုတ်ဘူး။ ရှာနေတဲ့အရာ တွေကိုပဲတွေ့မယ်။ တချို့က မိုးလင်းတာနဲ့ ကောင်းတာပဲရှာနေပြီးတော့ တချို့ကျတော့လည်း မကောင်းတာတွေပဲရှာနေတတ်တယ်။ အပြစ်သားကတော့ အပြစ်လုပ်ဖို့ ရှာတတ်ပြီးတော့၊ ဘာသာရေးသမားကတော့ ဘယ်သူကအပြစ်သားပါ ဘယ်လို အပြစ်လုပ်ပြီးတော့ တရားနဲ့အညီ ဘယ်လိုစီရင်ရမလဲဆိုတာကိုပဲ အမြဲရှာနေတတ်တယ်။ အပြစ်သားမျက်စိကအပြစ် လုပ်ဖို့ပဲရှာဖွေပြီးတော့ ဘာသာရေးသမားမျက်စိကတော့ စီရင်ဖို့ပဲရှာဖွေတတ်တယ်။

ခွင့်လွှတ်ဖို့ပဲရှာဖွေနေတဲ့ သခင်ယေရှု

သခင်ယေရှုကတော့ လူတွေရဲ့အပြစ်ကိုပဲရှာဖွေနေတဲ့သူမဟုတ်သလို အပြစ်လုပ်မိတဲ့သူကိုလည်းဘယ်လိုတရားနဲ့စီရင်မယ်ဆိုတဲ့ စီရင်ချက်တွေကိုပဲ ရှာဖွေနေတဲ့သူမဟုတ်ဘူး။ ကျောက်ခဲကိုယ်စီနဲ့ အပြစ်လုပ်တဲ့သူကိုရော သခင်ယေရှုကိုရော ချိန်ထားတဲ့လူအုပ်ကြီးကို သခင်ယေရှုပြောလိုက်တဲ့စကားက မီးလောင်နေတဲ့အပေါ် ရေနဲ့လောင်းလိုက်သလိုပဲ အားလုံးအသံတိတ်ဆိတ်သွားတယ်။ အပြစ်ရှိတဲ့သူ အရင်ပစ်တဲ့။ ဒီစကားကအပြစ်သားအတွက်ရော ဘာသာရေးသမားအတွက်ရော နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်လိုက်သလိုပါပဲ။ အားလုံးတိတ်ဆိတ်ဆွံအသွားတယ်။ အကြီးဆုံးမှ အငယ်ဆုံး တစ်ယောက်နောက်တစ်ယောက်ထွက်သွားတာ တစ်ယောက်ဆို တစ်ယောက်မှကို မရှိတော့တဲ့အထိပဲ။ အပြစ်ရှိတိုင်းသာပစ်ရမယ်ဆိုရင် သူများမပြောနဲ့ ကိုယ့်ဟာကိုယ် တောင်အရင်ပစ်ရအုံးမယ်။ သခင်ယေရှုက လူတွေကို အပြစ်တင်ဖို့နဲ့ အပြစ်စီရင်ဖို့လာတာမဟုတ်ဘူး ဘယ်လောက်ပဲအပြစ်များများ ခွင့်လွှတ်ဖို့ လာတာပါ။ သခင်ယေရှုရဲ့ နှလုံးသားသာ ရှိမယ်ဆိုရင် ကျောက်ခဲတွေက တစ်ယောက်နဲ့တစ်ယောက် ပစ်ဖို့ပဲမဟုတ်ပဲ ဘုရားနိုင်ငံတော်တည်ဆောက်ဖို့ အသုံးပြုဖို့ပဲ ဖြစ်လာမှာပါ။

မတ်လ ၁၂ ရက်နေ့

မေးတာပဲဖြေ (သခင်ယေရှုကိုသိကျွမ်း ခြင်း ၆)

”ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။-“ ယောဟန် ၅း၆

သခင်ယေရှု သိတယ်

၃၈ နှစ်လုံးလုံး လက်ခြေသေတဲ့သူ တစ်ယောက် ကောင်းကင်တမန်ရေလှုပ်ရှားတဲ့အခါမှာ ပထမဆုံးဝင်ရင် ကျန်းမာခြင်းဖြစ်စေတဲ့ ဗေသေသဒကန် နားမှာ မျှော်လင့်ခြင်းကြီးစွာနဲ့ ရောက်နေပါတယ်။ လူ့အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပေမယ့်သူဟာ အခြေအနေပေါ်မှာ မရပ်တည်ပဲ ယုံကြည်ခြင်းနှင့် နှစ်ပေါင်းများစွာ စောင့်မျှော်နေပါတယ်။ တချို့အရာတွေက ရက်ပိုင်းအတွင်းမှာ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြာကြာ ယုံကြည်ခြင်းနှင့် လုပ်ဆောင်တတ်ဖို့လိုတယ်။ ဒါကို ဘယ်သူမှ မသိပေမယ့် ဘုရားကသိတယ်။ သင် ဘယ်လောက်ပြင်းပြတဲ့ဆန္ဒရှိသလဲ? ဘယ်လောက်ယုံသလဲ အခြားသူတွေက မြင်ချင်မှ မြင်ရမယ် ဒါပေမယ့် ဘုရားက အတိအကျမြင်တယ်။ ဒါကြောင့်လဲ သူ ရေကန်ဆီမသွားနိုင်ပေမယ့် ဘုရားက သူ့ဆီကိုရောက်လာခဲ့တယ်။

ကျန်းမချင်သလား?

ဒီမေးခွန်းရဲ့အဖြေက အရမ်းကိုရှင်းတယ်။ ကျန်းမချင်တယ် (သို့) မလိုချင်ပါဘူး ဒါပဲဖြစ်ရမယ်။ ဒီလူနာက ဘာပြန်ဖြေလည်းဆိုရင် သူ့အခြေအနေ အမြင် နှင့် အကြောင်းပြချက်တွေကို အကြီးအကျယ် ပြောတယ်။ ဒီနေရာမှာ သခင်ယေရှုှု တခြားအရာတွေကိုကြားချင်တာမဟုတ်ဘူး။ သူ့ရဲ့ နှလုံးသားထဲက အရာကို ထုတ်ဖေါ်စေချင်တာပါ။ ဘယ်လောက်ပဲ အခြေအနေတွေက ဆီးတားထားလဲ? အရေးမကြီးဘူး။ ဘယ်လောက်ပဲ မဖြစ်နိုင်ခြင်းတွေ၊ အခက်အခဲတွေဆီးတားထားလဲ? ယုံကြည်ခြင်းရှိတယ်ဆိုရင် ဘာမဆို ဖြစ်လာမယ်ဆိုတာ သဘောပေါက်ဖို့လိုတုတ။ သင့်နှုတ်ကနေ အကြောင်းပြချက်တွေ အခြေအနေတွေကိုပြောရမှာမဟုတ်ဘူး။ ကိုယ်ယုံကြည်ခြင်းကိုပဲ ပြောထုတ်ပါ။

မတ်လ ၁၁ ရက်နေ့

အပြောင်းအလဲတွေရဲ့နောက်ကွယ်မှာ (သခင်ယေရှုကိုသိကျွမ်းခြင်း ၅)

”မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-“ယောဟန် ၂:၅

နောက်ကွယ်က အဓိကအရာ

အပြောင်းအလဲတွေတော့ဖြစ်ချင်တယ် ဒါပေမယ့် ဘယ်လိုစတင်ရမှန်းမသိဘူးဆိုရင် အပြောင်းအလဲတွေနဲ့ဝေးနေရအုံးမှာပဲ။ လူတွေက အပြောင်းအလဲတွေကို မြင်တွေ့ဖို့ဆန္ဒရှိပေမယ့် ဘယ်လို အပြောင်းအလဲတွေကို စတင်ရမှန်းမသိကြဘူး။ တချို့အပြောင်းအလဲတွေက ချက်ခြင်းမလုပ်လည်းပြဿနာမရှိသေးပေမယ့် တချို့အပြောင်းအလဲတွေက အခုမလုပ်ဘူးဆိုရင် မဖြစ်တော့ဘူးဆိုတဲ့အနေအထားမှာရှိတယ်။ အပြောင်း အလဲတိုင်းရဲ့နောက်ကွယ်မှာ အဲ့ဒီအပြောင်းအလဲတွေကိုဖြစ်စေတဲ့ အကြောင်းအရာအမြဲတမ်းရှိတယ်။ သူ့အလိုလို ဖြစ်လာတဲ့အပြောင်းအလဲတွေကတော့ ကောင်းတာထက် မကောင်းတဲ့အရာတွေပိုများတယ်။

သူပြောတဲ့အတိုင်းလုပ်

ကာနမြို့မဂ်လာဆောင်မှာ အရှေ့မှာရှိတဲ့သူတွေမသိတဲ့ အခက်အခဲ မီးဖိုချောင်မှာ ဖြစ်နေတယ်။ လူတချို့ကတော့ အားလုံးအဆင်ပြေတယ်ထင်ပေမယ့် မကြာခင် အပြောင်းအလဲတစ်ခု မလုပ်ရင် မဖြစ်တော့ဘူးဆိုတဲ့အနေ အထားက အိမ်နောက်မှာရောက်နေပြီ။ ဒါကို ဘယ်သူကမှ မကြုံချင်ပေမယ့်ပြဿနာကတော့ အိမ်ထဲရောက်နေပြီ။ အပြောင်း အလဲလုပ်လို့ရနိုင်တဲ့နည်းလမ်းတွေများစွာရှိပေမယ့် ဘယ်အရာကမှ အချိန် ကိုက်ဖြစ်ဖို့တော့မလွယ်လှဘူး။ အချိန်ကိုက်အပြောင်းအလဲကိုဖြစ်စေဖို့ မာရိက ဆုံးဖြတ်တယ် သခင်ယေရှုကလွဲပြီး ဘယ်သူမှ မလုပ်နိုင်ဘူး ဒါကြောင့်သူနည်းနဲ့ပဲဖြေရှင်းမယ်။ တခြားနည်းလမ်းတွေ မရှိတာမဟုတ်ပါဘူး။ ဒါပေမယ့်အချိန်ကိုက်ဖြစ်ဖို့နဲ့ အစားထိုးရုံလောက်ပဲမဟုတ်ပဲ ပိုကောင်းတဲ့အပြောင်းအလဲဖြစ်ချင်တယ်ဆိုရင်တော့ သခင်ယေရှုကလွဲပြီးတော့ ရွေးချယ်စရာ လုံးဝကို မရှိတာ။ ရေကနေ ပိုကောင်းတဲ့ စပျစ်ရည် ပြောင်းလဲမှုရဲ့နောက်ကွယ်မှာ မာရိဆုံးဖြတ်ချက် နှင့် သခင်ဘာပဲ ပြောပြော လုပ်ပါဆိုတဲ့ ဆပ်ကပ်အပ်နှံမှုက အဓိကကျတယ်။ ဒီဆပ်ကပ်အပ်နှံမှုမရှိပဲနဲ့ ဘယ်တော့မှ ပိုကောင်းတဲ့ပြောင်းလဲမှုနေရာ ယူလာမှာမဟုတ်ဘူး။

မတ်လ ၉ ရက်နေ့

အဖြေသိပြီးသား (သခင်ယေရှုကိုသိကျွမ်းခြင်း ၄)

”ဤသည်ကား ဖိလိပ္ပု​ကို​စမ်းသပ်​လို​၍ မေး​တော်မူ​ခြင်း​သာ​ဖြစ်​ပြီး မိမိ​မည်သို့​ပြု​မည်​ကို သိ​နှင့်ပြီ​ဖြစ်​၏။“ ယောဟန် ၆:၆

ဘုရားသခင်သင့်ကိုမေးခွန်းမေးတဲ့အခါ

သင့်နှလုံးသားနှင့် တွေးခေါ်မူကိုသိလိုတဲ့အခါမှာ ဘုရားက အမြဲတမ်းမေးခွန်းတွေမေးလေ့ရှိတယ်။ ကျွန်တော်ဘဝမှာလည်း အကြိမ်ကြိမ် ဘုရားမေးတဲ့မေးခွန်း ဖြေခဲ့ရတယ်။ အဖြေလိုချင်တာ မဟုတ်ပဲ သင်ဘယ်လို ဆုံး ဖြတ်မလဲ? ဘယ်လို နှလုံးသားရှိသလဲဆိုတာကိုပဲ သိချင်ရုံသက်သက်ပါ။ ရှောလမုန်ကိုလည်း ဘုရားက သူဘာပေးရမလဲ? ပေးရမယ့်ဆုကို တောင်းခိုင်းတယ်။ ယေဇေကျေလကိုလည်း မေးခွန်းမေးတယ်။ ဒီအရိုးခြောက်တွေက အသက်ရှင်နိုင်သလား? ပရောဖက်ကတော့ပြန်ဖြေတယ် အရာအားလုံး ကိုယ်တော်သိပါတယ်။ အဖြေကတော့ ကိုယ်တော်ရှင်ခိုင်းချင်ရင် ရှင်မှာပဲ။ သင့်ဘဝမှာလည်း ဘုရားမေးခွန်းတွေမေးတဲ့အခါမှာ ဘုရားက သင့်ရဲ့နှလုံးသားကို သိချင်တယ်ဆိုတာ သဘောပေါက်ပါ။

ကိုယ်တော်ရှိရင် အဖြေရှိပါတယ်

မုန့်တစ်ဖဲ့စီ ကျွေးရင်တောင် ငွေရော မုန့်ရော မရှိဘူး။ ဖိလိပ္ပုဖြေနိုင်တဲ့အကောင်းဆုံး အဖြေပဲ။ လူ့ အနေနဲ့တွက်ရင် ဘယ်တော့မှ ကောင်းတဲ့အဖြေ ထွက်မှာမဟုတ်ဘူး။ မရှိဘူးဆိုတာပဲထွက်လိမ့်မယ်။ အဖြေကငွေလည်းမဟုတ်ဘူး မုန့်လည်းမဟုတ်ဘူး။ သခင်ယေရှုကလိုအပ်ချက်တိုင်းအတွက်တစ်ခုတည်းသောအဖြေ။ သခင်ယေရှုက ဘာလုပ်သလဲ ဒီလူတွေထဲမှာပါတဲ့ မုန့်ကိုရှာခိုင်းတယ်။ ဘာလို့များ သခင်ယေရှုက ဒီလို လုပ်ခိုင်းတာလဲ? ဒီလိုရှာခိုင်းတဲ့အခါမှာ မုန့်ကိုလိုချင်တာထက် ယုံကြည်ခြင်းကို မြင်ချင်တာပါ။ လူတချို့က လက်ထဲမှာရှိတဲ့အရာက ဘယ်တော့မှ လုံလောက်တဲ့ပမာဏ ရှိမှာမဟုတ်ဘူး။ဒါပေမဲ့ ယုံကြည်ခြင်းနှင့် ရှင်သန် လျှောက်လှမ်းတဲ့အခါမှာ အမြဲတမ်း လုံလောက်ရုံမက ပိုလျှံတဲ့အထိ ဘုရားက တာဝန်ယူ ပို့ဆောင်ပေးတယ်။ သခင်ယေရှုနှင့် ယုံကြည်ခြင်း ရှိတဲ့သူ တွေ့တဲ့နေရာတိုင်းမှာ အမြဲတမ်း နိမိတ်လက္ခဏာဖြစ်တယ်။

မတ်လ ၈ ရက်နေ့

ကင်းလွတ်ခွင့်ရလိမ့်မယ် (သခင်ယေရှုကိုသိကျွမ်းခြင်း ၃)

”သင်​တို့​ဘိုး​ဘေး​များ​သည် တော၌​မ​န္န​ကို​စား​လျက် သေ​ရ​ကြ၏။- ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။-“ ယောဟန် ၆:၄၉-၅၀

ယခင်

ပညတ်တရားကာလမှာတောင် ဘုရားက သူ့လူမျိုးတွေကို အခြားသူတွေနဲ့မတူတဲ့ ကောင်းကြီးတွေခံစားခွင့်ပေးခဲ့တယ်။ နှစ်ပေါင်းများစွာ မလွတ်နိုင်တဲ့ ကျွန်ဘဝကနေ သိုးသူငယ်ရဲ့အသားကိုးစား၊ သွေးကိုအိမ်မှာသုတ်ပြီးတော့ ဘုရားပြောတဲ့အတိုင်းလုပ်ဆောင်ခြင်းအားဖြင့် ခံစားခဲ့ရတယ်။ လမ်းမရှိတဲ့နေရာမှာ လမ်းဖေါက်ပေးခဲ့တယ်။ ရေမရှိတဲ့နေရာမှာ ကျောက်ထဲကနေရေထွက်စေပြီးတော့ နှစ်ပေါင်း ၄၀ လုံးလုံး အလုပ်မလုပ်ပဲ ကောင်းကင်ကလာတဲ့မုန့်အားဖြင့် ကျွေးမွေးခဲ့တယ်။ နေ့အချိန်မှာ မိုးတိမ်အားဖြင့် ညအချိန်မှာ မီးတိုင်အားဖြင့် လိုလေသေးမရှိ စောင့်ရှောက်ခဲ့ပေမယ့် သူတို့ရဲ့ မယုံကြည်ခြင်း၊ ဘုရားကို အမျိုးမျိုး အပြစ်တင်ခြင်းတွေကြောင့် ကတိတော် ထားရာ ခါနန်ပြည်ကို ဝင်စားခွင့်မရပဲ သေခြင်းနှင့်အဆုံးသတ်ခဲ့ရတယ်။

ယခု

ကျေးဇူးတော်ကာလမှာတော့ အရင်ကနဲ့ မတူတဲ့၊ ပိုကောင်းတဲ့နည်းလမ်းနှင့် ဘုရားက လူတွေကိုကျေးဇူးပြုတယ်။ ပညတ်တရားကာလမှာတောင်လူတိုင်း အံ့ဩလောက်အောင် များစွာသောနိမိတ်လက္ခဏာ အံ့ဖွယ်အမှုတွေနဲ့ ပို့ဆောင်တဲ့ဘုရားက ကျေးဇူးတော်အထဲမှာ သာပြီးတော့ပို့ဆောင်တယ်။များစွာသော နိမိတ်လက္ခဏာတွေ ခံစားပေမယ့် သေခြင်းက သူတို့က ရှေ့မဆက်နိုင်ဖို့ အတွက်ဆီးတားခဲ့တယ်။ သခင်ယေရှုတည်းဟူသော ကောင်းကင်မုန့်ကို သုံးဆောင်တဲ့သူတွေကတော့ အရင်လိုမဟုတ်တော့ဘူး။ ကတိတော်ထဲမဝင်နိုင်အောင်ကန့်သတ်ထားတဲ့ သေခြင်းကို ဖယ်ရှားပစ်လိုက် တယ်။ သင်ကောင်းကြီးမရအောင်၊ မတိုးတက်အောင် ဘယ်သူကမှ ဘယ်အရာကမှ တားဆီးလို့မရတော့ဘူး။

မတ်လ ၇ ရက်နေ့

နောက်တဖန် ကြုံတွေ့ရတော့မှာမဟုတ် (သခင်ယေရှုကိုသိကျွမ်းခြင်း ၂)

”ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-“ ယောဟန် ၆:၃၅

မလုံလောက်မှုတွေကြားမှာ

အရာရာ ရှားပါးလာတဲ့ ခေတ်ကြီးမှာ လုံလောက်တယ်ဆိုတာ ပြောရအခက်ဆုံး စကားလုံးတစ်ခုဖြစ်လာတယ်။ ဘယ် လောက်ပဲ ဝင်ငွေရှိရှိ ထွက်ငွေနဲ့နှိုင်းယှဉ်ကြည့်တဲ့အခါမှာ မမျှတဘူးဆိုတာ မိသားစုအများစုမှာ ကြုံတွေ့နေရတယ်။ ဒီအတွက် မနက်ဖြန်ဆိုတာ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ စိုးရိမ်မှုကလွဲပြီးတော့ ကျန်တဲ့အဖြေက မထွက်လာဘူး။ စိုးရိမ်မှုနှင့် ကြောက်စိတ်ရောယှက်လာတဲ့အခါမှာ ယုံကြည်ခြင်းက ကုန်းကောက်စရာမရှိလောက်အောင် ပျောက်ဆုံးသွားတယ်။နောက်ဆုံးသောကာလ ရောက်လာတာနှင့်အမျှ စားဝတ်နေရေးအတွက် စိန်ခေါ်မှုကြီးကလည်းကြီးမားသတဲ့ ပိုကြီးမားလာတယ်။ ဒါတောင် ဗျာဒိတ်ကျမ်း အခန်းကြီး ၆ က အစားအသောက် ဈေးနှုန်းမဟုတ်သေးဘူး။ အဲ့ဒီအတိုင်းသာဖြစ်ရင် ဘယ်လိုနေမလဲ?

နောက်တဖန် မကြုံတော့ပါ

ဣသရေလ လူတွေ ဘုရားသခင်ဉီးဆောင်မှုကို ခံရတဲ့အချိန်တိုင်းမှာ သူတို့လိုအပ်တဲ့ အရာတွေကို သဘာဝလွန် လက်ခံရရှိတယ်။ ဘုရားနဲ့ဝေးပြီး နေချင်သလိုနေတဲ့အချိန်မှာတော့ရှိတဲ့အရာတွေတောင် သူများလာသိမ်းသွားတယ်။ ဘုရားနဲ့ဝေးသွားတဲ့ အခါတိုင်းမှာ စားဝတ်နေရေးနှင့် အသက် ရှင်ရပ်တည်ရေးအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတယ်။ သခင်ယေရှုက သူ့ကိုယ်သူ မိတ်ဆက်တဲ့အခါမှာကောင်းကင်ကလာတဲ့အသက်မုန့်ဖြစ်ပြီးတော့ လူတွေရဲ့ လိုအပ်နေတဲ့အရာတွေကို တာဝန်ယူဖြေရှင်းပေးမယ့် သူဖြစ်တယ်လို့ ကြေငြာတယ်။ မလုံလောက်မှုနှင့် လိုအပ်မ့တွေ နောက်တဖန်မကြုံရဘူးလို့လည်းကတိပေးတယ်။ ယုံကြည်ခြင်းနှင့် သူ့ထံချဉ်းကပ်ခြင်းကသာလျှင် ပြဿနာအားလုံးရဲ့အဖြေဖြစ်တယ်။ လောကမှာ ဘယ်အရာမှ အပြည့်အဝ အာမခံနိုင်ဘူး။ သခင်ယေရှုတစ်ပါးတည်းသာလျှင် အပြည့်အဝ အာမခံနိုင်တဲ့သူပါ။

မတ်လ ၆ ရက်နေ့

အလုံးစုံကိုဖေါ်ပြမည့်သူ  (သခင်ယေရှုကိုသိကျွမ်းခြင်း ၁ )

‘ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင် ယေရှု​က “သင်​နှင့်​စကား​ပြော​နေ​သော​ငါ​သည် ထို​အရှင်​ပင်​ဖြစ်​၏” ​ဟု မိန့်​တော်မူ​၏။’ ယောဟန် ၄:၂၅-၂၆

အလုံးစုံကိုသိတယ်

ကိုယ့်အနားက လူတွေကတောင် မသိတဲ့အရာတွေကို သခင်ယေရှုက သိတယ်။ တကယ်လို့များဘယ်သူမှ မသိတဲ့ သင့်ရဲ့ လျှို့ဝှက်ချက်တွေကို တစ်စုံက သာသိသွားရင် နားလည်လက်ခံပေးဖို့ဆိုတာ မလွယ်ဘူးမဟုတ်လား? သင်ကိုယ်တိုင်တောင် မကြိုက်တဲ့အရာတွေ သူများမသိအောင် ဖုံးကွယ်ထားတဲ့ အရာတွေကို စာတန်ကလည်းဖေါ်ထုတ်ဖို့ကြိုးစားသလို၊ ပတ်ဝန်းကျင်ကလူတွေကလည်းသိခဲ့ရင် ဖုံးထားပေးမယ့်သူထက် ဖေါ်ထုတ်ပြီးတော့အရှက်ခွဲမယ့် သူတွေက ပိုများတယ်။ လူတွေရှေ့မှာတောင် မျက်နှာမပြရဲအောင်ကိုဖြစ်မှာ။ သခင်ယေရှုကတော့အဲ့လိုမဟုတ်ဘူး။ သူဟာ ဘယ်သူမှ မသိတဲ့ အတွင်းကျကျ အရာတွေအားလုံးကိုသိတယ်။ ဒါပေမယ့် အရှက်မခွဲတဲ့အပြင် အဲ့ဒီအရာတွေကနေ လွတ်မြောက်အောင် ၊ နာကျင်မှုတွေကနေ ကျန်းမာအောင် သူက အမြဲတမ်း လုပ် ပေးတယ်။ အားနည်းချက်တွေနဲ့ လူတွေကို မချုပ်ကိုင်ဘူး။ အဲ့ဒီအားနည်းချက်တွေကနေလွတ်မြောက်အောင် ကူညီပေးတဲ့သူ။

အလုံးစုံကို နားလည်လက်ခံပေးတယ်

ယောကျ်ားတွေအများကြီးနှင့် မှားယွင်းပြီးတော့ လူတွေနဲ့မသင့်မြတ်တဲ့ အမျိုးသီး ကို သခင်က သူ့ရဲ့ အတွင်းကျကျကို သိတယ်ဆိုတာ ဖေါ်ပြပေမယ့် အရှက်မခွဲခဲ့ပဲ နားလည်လက်ခံပေးပြီးတော့ နှစ်ပေါင်းများစွာ သူ့အထဲမှာဖြစ်ခဲ့တဲ့ နာကျင်မှုတွေကိုကုသ ပေးခဲ့တယ်။ ဘယ်လောက်များကောင်းလိုက်သလဲ? သခင်ယေရှုနဲ့သိကျွမ်းလေလေ သင့်အထဲက အရာတွေဖေါ်ထုတ်ခံရပြီး မကောင်းတဲ့အရာတွေကနေလွတ်မြောက်စေပြီးတော့ ကောင်းတဲ့အရာတွေ ပိုပြီးတော့ နေရာယူလာတယ်။ ရှာရိအမျိုးသမီးဟာ နာရီပိုင်းအတွင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီးကိုအသက်တာမှ လက်ခံရရှိတယ်။ သင်ဟာ သခင်ယေရှုနှင့်တကယ်တမ်းထိတွေ့ ရင်းနှီးပြီလား? သူဟာ သင့်ရဲ့ အတွင်းကျကျ အရာကို ကိုင်တွယ်ဖြေရှင်းပေးနေပါသလား? တကယ်လို့ သခင်ယေရှုကိုသိကျွမ်းတယ်ပြောပြီးတော့ အထဲမှာ ဝှက်ထားတဲ့အရာတွေ၊မကောင်းတဲ့အရာတွေနဲ့ပဲပြည့်နှက်နေတယ်ဆိုရင်တော့ စဉ်းစားစရာပါပဲ။ ဘယ်တော့မှ ဘယ်လိုမှ အရှက် ခွဲတာမလုပ်ဘူး။ သင့်ကိုမြှင့်တင်ပေးချင်တဲ့ တစ်ဉီးတည်းသော မိတ်ဆွေပဲ။အလုံးစုံသိတယ် အလုံးစုံကိုနားလည်လက်ခံပေးတယ်။

မတ်လ ၅ ရက်နေ့

ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ ခံစားရတဲ့သူ

”သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။“ ယာကုပ် ၄:၆

ဆီးတားခံရတဲ့သူ မဖြစ်စေဖို့

လူတိုင်းက ပိုကောင်းတာ၊ ပိုကြီးတာကိုလိုချင် ကြတာချည်းပဲ။ ဘုရားကိုယ်တိုင်ကလည်း ပိုကောင်းတဲ့အရာ ကိုသူ့သားသမီးတိုင်းကိုခံစားစေချင်တယ်။ ဘယ်သူတွေက ဘုရားလက်တော်က ပိုကောင်းတဲ့အရာကိုခံစားခွင့်ရှိပြီးတော့ ဘယ်သူတွေကတော့ ခံစားဖို့ ဆီးတားခံရသလဲ? ဘုရားက မာန်မာကို မုန်းတယ်။ မာနကြီးတဲ့သူတွေဘယ်တော့မှ ဘုရားမျက်မှောက်တော်မှာ နေရာမရဘူး။ ရှောလမုန်မင်းကြီးကိုယ် တိုင်ကလည်း ပြောဖူးတယ် ပျက်ဆီးခြင်းအရင် မာန နေရာကျတယ်။ ဖန်ဆင်းခြင်းထဲမှာ အထူးဆန်းဆုံးဖြစ်တဲ့ လူဆီဖါကိုယ်တိုင်လည်းမာနကြောင့် ကျဆင်းသွားတယ်မဟုတ်လား? ဘယ်လောက်အရည်အချင်းရှိရှိ၊ ဘယ်လောက် တော်တော် မာနလေးရှိတာနဲ့ သုံးလို့မရတော့ပါ။ မာနရှိတဲ့သူအတွက် ဘုရားပေးမယ့်ကောင်းတဲ့အရာတွေတိုင်းလက်ခံရဖို့အတွက် ဆီးတားခံရမှာသေချာတယ်။

ပိုကောင်းတဲ့ ကျေးဇူးတော်ခံစားရခြင်း

ဘုရားက လူတိုင်းကိုချစ်ပေမယ့် လူတိုင်းတော့ ပိုကောင်းတဲ့အရာကိုခံစားရမှာမဟုတ်ဘူး။ တချို့က ဘုရားသခင်အားလုံးကို တန်းတူပဲ ကျေးဇူးပြုမယ်လို့ထင်နေတယ်။ ခေတ်အဆက်ဆက်မှာ ဘုရားက နှိမ့်ချတဲ့သူတွေကို အမြဲတမ်း ပိုကောင်းတဲ့အရာ ကိုခံစားစေတယ်။ ဘုရားအသုံးပြုလေ မာနကိုနေရပေးလို့ မရဘူးဆိုတာ သိဖို့လိုတယ်။ ဘုရားရဲ့ ကျေးဇူးပြုခြင်းလက်တော် အသက်တာမှာ ပိုမိုထင်ရှားဖို့အတွက် နှိမ့်ချခြင်းကို ပိုပြီးနေရာပေးဖို့လိုတယ်။ နှိမ့်ချခြင်း ရှိတဲ့သူအတွက် ပိုကောင်းတဲ့ပိုကြီးတဲ့ ကျေးဇူးတော်က စောင့်နေတယ်။

မတ်လ ၄ ရက်နေ့

သခင်ယေရှုခရစ်တော်မှာရှိတဲ့ စိတ်သဘော

”ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။- ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။- ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။-“ ဖိလိပ္ပိ ၂:၃-၅


မှားတဲ့ စိတ်နှင့် ဘယ်အလုပ်မှ မလုပ်နဲ့

မကောင်းတဲ့စိတ်နှင့်ကောင်းတဲ့အလုပ်တွေကို လုပ်တဲ့သူတွေကိုတွေ့ဖူးလား? လူတချို့က ကောင်းတဲ့အလုပ်တွေကိုလုပ်ရင် တာဝန်ကျေပြီလို့ ထင်နေကြတယ်။ ဘုရားက နှလုံးသားကိုကြည့်တယ်။ မှန်ကန်တဲ့နှလုံးသားနှင့် ဘယ်အရာကို မဆိုလုပ်တတ်ဖို့လိုတယ်။ ရန်တွေ့ ချင်တဲ့စိတ်နှင့် တပ်မက် တဲ့စိတ်တွေနဲ့ ဘာတစ်ခုမှမလုပ်ဖို့ တမန်ကြီးရှင်ပေါလုက မှာတယ်။ မာန်မာနဆိုတာ နှလုံးသားအမှားနှင့် လုပ်ဆောင်ခြင်းပါ။ သခင်ယေရှုက မှန်တဲ့အလုပ်ကိုပဲလုပ်တာမဟုတ်ဘူ မှန်တဲ့နှလုံးသားနှင့် လုပ်ဆောင်တဲ့သူပါ။ အကောင်းမြင်ခြင်း၊ဉီးစားပေးတတ်ခြင်း၊ နှိမ့်ချခြင်းအကြောင်း တမန်တော်ကြီးရှင်ပေါလုကသင်ပေးတဲ့အခါမှာ အရမ်းကိုရိုးရှင်းတဲ့အရာကို ပြောပြ

တယ်။ ပထမအချက်က ကိုယ့်ထက် သူတစ်ပါး သာတယ်လို့ အကောင်းမြင်ပေးခြင်းပါ။ မာန်မာနဟာ ကိုယ်ပဲအကောင်းဆုံးလို့မြင်ပြီးတော့လူတိုင်းကို ကိုယ့်လောက် မကောင်းဘူး၊ မတော်ဘူးလို့ ထင်မြင်စေတယ်။ ဒုတိယအချက်ကတော့ ကိုယ့်ရဲ့အမှုကိစ္စပဲ ရှေ့တန်းတင်တာမဟုတ်ပဲအခြားသူတွေရဲ့ အရေးကိစ္စတွေကိုလည်း တန်ဖိုးထား ဉီးစားပေးတတ်ခြင်းပါ။လူတိုင်းမှာ ကိုယ့်အရေးပဲ ရှေ့တန်းတင်တတ်ကြတာ ထုံးစံပါပဲ။ သခင်ယေရှုရဲ့စိတ်ထားကတော့ အခြားသူတွေရဲ့အရေးကိစ္စတွေကိုအမြဲတမ်း ဉီးစားပေးတယ်။ နှိမ့်ချတဲ့ နှလုံးသားဟာ သခင်ယေရှုခရစ်တော်အားဖြင့် လူတိုင်း သင်ယူဖို့ လိုအပ်တဲ့နှလုံးသားပါ။

မတ်လ ၂ရက်နေ့

တန်ခိုးနှင့်ချီးမြှောက်တာကိုခံချင်တယ်ဆိုရင်

‘ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။- ‘ ၁ပေ ၅:၆

နေရာမှန်သလား? ကိုယ့်ဟာကိုယ်နှိမ့်ချတယ်သာထင်တာ တကယ်ရော ဘုရားရှေ့မှာ နှိမ့်ချတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?နှိမ့်ချတာနှင့် နိမ့်ကျတာ မခွဲခြားနိုင်သေးတဲ့ သူတွေ ရှေ့မှာ နှိမ့်ချခြင်း အကြောင်းပြောရတာလောက်ခက်တာဘာရှိမလဲ?နှိမ့်ချတယ်ဆိုတာ ဆင်းရဲခံပြီးအသက်ရှင်တာကိုပြောတာမဟုတ်ဘူး။ နှိမ့်ချတယ်ဆိုတာ ဘာမှမရှိ ဘာမှမသိပဲ အသက်ရှင်တာမဟုတ်ဘူး။

နေရာတိုင်းမှာ လိုက်နှိမ့်ချတာလည်းမမှန်ပြန်ဘူး။ နေရာမှန်ဖို့လိုတယ်။ တမန်တော်ကြီးရှင်ပေတရုပြောထားတာ တန်ခိုးကြီးတဲ့ ဘုရားလက်တော်အောက်မှာ လို့သေချာရေးတယ်။ နှိမ့်ချတဲ့နေရာမမှန်ရင်လည်းဘယ်လောက် နှိမ့်ချတယ် ပြောပြော ဘာမှထူးလာမှာမဟုတ်ဘူး။ တချို့က ဘာသာရေးအဖွဲ့အစည်းတွေ၊ လူတွေတည်ဆောက်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ နှိမ့်ချနေတာ။ တချို့ကျတော့ ဘုရားမထားတဲ့နေရာမှာ နေပြီးတော့ ကိုယ့်ဟာကိုယ်နှိမ့်ချတယ်လို့ ထင်နေပြန်ရော။ တန်ခိုးကြီးတဲ့လက်တော်အောက်မှာ နှိမ့်ချခြင်း ဖြစ်ဖို့လိုတယ်။ တန်ခိုးမရှိတဲ့ လူတွေ၊အဖွဲ့အစည်းတွေအောက်မှာ ကိုယ်ဟာကို အချိန်မဖြုန်းမိစေနဲ့။

ကာလအချိန်တန်လျှင် သခင်ယေရှုရဲ့နှ်ိမ့်ချခြင်းကိုကြည့်တဲ့အခါမှာ သူက ဘာမှမရှိတဲ့ ဘဝမှာနှိမ့်ချတာမဟုတ်ဘူး။ အရာအားလုံး ရှိပြီးတော့ ဘုရားအလိုတော် ကိုသိပြီးတော့ ဘုန်းစည်းစိမ်ကိုစွန့်ကာ နှိမ့်ချတာပါ။ အလိုတော်ကို သိပြီးတော့ ဘုရားလုပ်ဆောင်မယ့်အရာပေါ်မှာ နှိမ့်ချစွာနဲ့ ဝန်ခံလုပ်ဆောင်ခြင်းဖြစ်တယ်။ ဒီဆက်ကပ်မှု၊ နှိမ့်ချမှုဟာ ဘုရားသခင်ရဲ့လက်တော်ကို လူပ်ရှားစေတယ်။ တန်ခိုကြီးတဲ့လက်တော်အောက်မှာ ဝန်ခံရှင်သန်ခြင်းက ကိုယ့်အတွက် ဘုရားချီးမြှောက်မယ့်အကောင်းဆုံးအချိန်ကို ရောက်ရှိစေခြင်းရဲ့အစဖြစ်တယ်။ တန်ခိုးကြီးတဲ့လက်အောက်မှာ နှိမ့်ချတဲ့သူကို ဘုရားက တန်ခိုးတော်အားဖြင့် ချီးမြှောက်ပါလိမ့်မယ်။ တန်ခိုးကြီးတဲ့ လက်တော်ရဲ့ ချီးမြှောက်ခြင်းက ဘယ်လူသားမှ တားဆီးလို့မရသလို နတ်ဆိုးမှလည်းဖျက်ဆီးလို့မရဘူး။ တန်ခိုးတော်ရဲ့အောက်မှာနှိမ့်ချခြင်းက တန်ခိုး နှင့် ချီးမြှောက် ခြင်းရဲ့အစဖြစ်တယ်။

မတ်လ ၁ ရက်နေ့

စိတ်ထိန်းပါ

‘ကိုယ်​စိတ်​ကို မ​ချုပ်​တည်း​နိုင်​သော​သူ​သည် မြို့​ရိုး​ပြို​ပျက်၍ ဟင်း​လင်း​ရှိ​သော​မြို့​နှင့် တူ၏။’ သုတ္တ ၂၅:၂၈

ထိန်းသိမ်းဖို့အခက်ဆုံးထဲမှာ ကိုယ့်စိတ် ကိုယ်ထိမ်းဖို့လည်းပါတယ်။ အထိန်းအသိမ်း မတတ်ရင် ကောင်းဖို့ထက် မကောင်းတဲ့ဘက်ကို ရောက်ဖို့ပိုလွယ်တယ်။ လူသတ်မှုတွေကအစ နိုင်ငံအလိုက်စစ်ပွဲကြီးတွေအဆုံး စိတ်မထိန်းနိုင်ခြင်းရဲ့ ရလဒ် ကိုမြင်တွေ့ရတယ်။ အောင်မြင်တဲ့ စီးပွားရေး၊ လူမူရေး နှင့်အမှုတော်ဆောင်ခြင်းတွေအတွက်လည်းစိတ်ရဲ့အရေးပါမှုကို လျော့တွက်လို့တော့မရဘူး။ စိတ် ရဲ့စွမ်းပကားနှင့် အလုပ်လုပ်ပုံ ကိုနားလည်တဲ့သူတွေပဲ အောင်မြင်တာ ပိုများတယ်။

ပညာရှိကြီး ရှောလမုန်ကတော့ မြို့ရိုးပြိုပျက် ပြီးတော့ အဆီးအတားမရှိတဲ့ အသက်တာကို ဘယ်သူတွေ မှာဖြစ်သလဲဆိုတာကို သေချာဖေါ်ပြတယ် ။သူ့ရဲ့ဖေါ်ပြချက်က ရိုးရှင်းပြီးတော့ မျက်စိထဲကို ကွင်းကွင်းကွက်ကွက်မြင်စေတယ်။ ခြံစည်းရိုးမရှိတဲ့အိမ်ထဲကို ဝင်ချင်တဲ့သူတိုင်းဝင် လုပ်ချင်တာ လုပ်လို့ရသလိုပဲ စိတ်ကို မထိန်းနိုင်တဲ့သူတွေအသက် တာမှာ ဒီအတိုင်းပဲ။ ကိုယ့်မြို့ရိုးကို ကာကွယ်ချင်တယ်ဆိုရင် စိတ်နှလုံးသားဟာ ကိုယ့်ဘဝရဲ့ အကန့်အသတ်တွေကိုလုံခြုံစေတဲ့အရာ၊ နယ်နမိတ်သတ်မှတ်ချက်ပဲဖြစ်တယ်။ ကိုယ့်ဟာကိုယ် စည်းထားတတ်ဖို့လိုတယ်။ ဘယ်အတိုင်းအတာထိ ဆိုရင် သတိထားရမယ်ဆိုတာမျိုးပေါ့။ လူတချို့က ဒါကိုသဘောမပေါက်တော့ နတ်ဆိုးဝင်လာဖို့အပေါက်ဖေါက်ပေး သလိုဖြစ် စေတယ်။ လူတချို့အသက်တာမှာ နတ်ဆိုးဝင်ချင်သလို ဝင် လုပ်သလို လုပ်လို့ရတယ်ဆိုတာ သူတို့ စိတ်ခံစားချက် အခြေအနေ နဲ့အများကြီးဆိုင်တယ်။ မကောင်းတဲ့အရာတွေ အသက် တာထဲမှာ နေရာဝင်မယူဖို့အတွက် သင့်ရဲ့စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်ဖို့လိုတယ်။ ဘုရားအသုံးပြုတဲ့ မောရှေလို ခေါင်းဆောင်ကြီးတွေတောင်မှ စိတ်မထိန်းနိုင်လို့ ကြီးမားတဲ့အခွင့် အရေးတွေ လက်လွတ်ခဲ့ရတယ်။ ဘယ်လောက်ဝမ်းနည်းဖို့ကောင်းသလဲ? နှစ်ပေါင်းများစွာ ဘုရားအတွက်လုပ်ဆောင်ခဲ့ပေမယ့် ကတိတော် နယ်မြေထဲကိုခြေချခွင့်မရတော့ဘူး။ သင့်ရဲ့ ခံစားချက်နှင့် စိတ်ကိုမထိန်းနိုင်ရင်တော့သေချာတယ် အောင်မြင်မှုတွေကိုလည်းထိမ်းထားနိုင်မှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့

ဘဏ္ဍာတိုက်​

”ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။“ လုကာ ၆:၄၅

စိတ်နှလုံးသားဟာ လူ့တစ်ယောက်အတွက် အရေးကြီးတယ်ဆိုတာတော့သိကြပေမယ့် ဘယ်လောက်အရေးကြီးလည်းဆိုတာတော့ လူတွေကဂရုမစိုက်ကြဘူး။ ဘုရားက အခြားအရာတွေကိုကြည့်ပြီး လူတွေကိုအသုံးပြုတာမဟုတ် ဘူး။ နှလုံးသားကို အဓိကကြည့်တာပါ။ လူတွေမြင်သလို မြင် တာမဟုတ်ဘူး။ လူက အပေါ်ယံကြည့်တယ်။ အရည်အချင်းနှင့် လုပ်နိုင်စွမ်းတွေကိုကြည့်တယ်။ ဘုရားကတော့ လူတွေမမြင်နိုင်တဲ့ အတွင်းစိတ်နှလုံးသားကိုကြည့်တယ်။ အတွင်းစိတ်နှလုံးသားကို သခင်ယေရှုကပြောတယ် တန်ဖိုးအရှိဆုံးအရာတွေကိုထားတဲ့ ဘဏ္ဍာတိုက်​တဲ့။ လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံးအရာတွေကိုသိုထားတဲ့နေရာ။ သင့်ဘဏ္ဍာတိုက်​ထဲမှာ ရှိတဲ့ အရာတွေက သင်ဘယ်သူလဲဆိုတာရယ်၊ သင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာရယ်ကို ဆုံးဖြတ်တယ်။ တန်ဖိုးမရှိတဲ့အရာတွေနဲ့ပြည့်နှက်နေတဲ့ ဘဏ္ဍာတိုက်​ မဖြစ်ဖို့လိုတယ်။

တချို့ရဲ့နှလုံးသား ဘဏ္ဍာတိုက်​ဟာ တန်ဖိုးရှိတဲ့အရာတွေ မရှိသလောက်ပဲ။ ဘဏ္ဍာတိုက်​ရဲ့ တန်ဖိုးဟာ အထဲမှာရှိသလဲဆိုတာနဲ့ အရမ်းကိုဆိုင်တယ်။ တချို့ရဲ့နှလုံးသားထဲမှာ တန်ဖိုးရှိတဲ့အရာတွေကိုမရှိတာ။ တန်ဖိုးမရှိတဲ့အဖိုးမတန်တဲ့အရာတွေနဲ့ပဲပြည့်နှက်နေတယ်။ အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် သင့်ရဲ့ ဘဏ္ဍာတိုက်​ဟာ အဖိုးတန်တဲ့ အရာတွေနဲ့ဖြည့်ထားဖို့လိုတယ်။ စိတ်နှလုံးကို တန်ဖိုးထားဂရုစိုက် တဲ့လူတစ်ယောက်ဟာ သူ့ဘဝတစ်ခုလုံးကို တန်ဖိုးတတ်စေတဲ့သူပဲ။ စိတ်နှလုံးကို တန်ဖိုးမထားဂရုမစိုက်တဲ့သူကတော့ ဘယ်တော့မှ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး။

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့

ခရစ်တော်ရဲ့ စိတ်ကိုခံရသူ

”ထို​လူ​ကို သွန်​သင်​နိုင်​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ စိတ်​တော်​ကို သိ​သ​နည်း။ ငါ​တို့​မူ​ကား ခ​ရစ်​တော်၏​စိတ်​ကို ခံ​ရ​ကြ၏။“ ၁ ကော ၂:၁၆

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုမျိုး လူတိုင်းမှာ မတူတဲ့စိတ်ကိုယ်စီရှိကြတယ်။ စိတ်သဘောထားပေါ်မူတည်ပြီးတော့လည်းအောင်မြင်မှု၊ ကျရှုံးမှုအသီးသီး ပိုင်ဆိုင်ကြတယ်။ လူတွေရဲ့အဓိက ပြဿနာဟာ အပြင်ပိုင်းမှာမရှိဘူး။ အတွင်းစိတ်ခံစားချက်ပေါ်မှာ အများကြီးမူတည် တယ်။ စိတ်ထားမမှန်တဲ့သူတွေဟာ အောင်မြင်ဖို့မလွယ်ဘူး။အောင်မြင်ရင်လည်းမကြာဘူး။ ကောင်းမွန်မှန်ကန်တဲ့စိတ်ထားရှိတဲ့သူ တစ်ယောက်ဖြစ်ဖို့ အရေးကြီးတယ်။ ဒါပေမယ့် ဘယ်လူတစ်ဉီးတစ်ယောက်ကမှ ဒီလိုစိတ်ထား ပိုင်ဆိုင်ဖို့မလွယ်ဘူး။ လောကမှာ တစ်ဉီးတည်းပဲရှိတယ် ။ဒါကတော့သခင်ယေရှုပါပဲ။

သခင်ယေရှုကရဲ့ စိတ်ကိုကြည့်တဲ့အခါမှာ တကယ့်ကိုမြင့်မြတ်ပြီးတော့ တုနှိုင်းလို့ မမှီနိုင်တဲ့စံပြပါပဲ။ သူ့ဟာ အမြင့်ဆုံး ဘုရားဖြစ်ပါလျှက်နှင့် အားလုံးကိုစွန့်ပြီးတော့ လူသားတွေအတွက် အသေခံဖို့ အနိမ့်ကျဆုံး နွားတင်းကုတ် လေးထဲမှာ မွေးဖွားလာတယ်။ သာမန်နှိမ့်ချတာမျိုးမဟုတ်ဘူး အဆုံးစွန်နှိမ့်ချခဲ့တာပါ။ သူနောက်လိုက်တွေရဲ့ခြေကိုတောင် ဆေးပေးလိုက်သေးတယ်။ သူပေးတဲ့သင်ခန်းစာက သူတောင် နှိမ့်ချနိုင်ရင် အချင်းချင်းကြားမှာ နှိမ့်ချဖို့အတွက် အပြောနဲ့ပဲမဟုတ်ဘူး လက်တွေ့သင်ပေးတယ်။ သူ့ကိုနှိပ်စက်တဲ့သူတွေကို မုန်းဖို့မပြောနဲ့ ခွင့်လွှတ်ခြင်းခံရဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းပေးလိုက်သေးတယ်။ သူ့ကိုလာဖမ်းတဲ့သူ ဖြစ်ပေမယ့် ပြတ်သွားတဲ့နားရွက်ကိုပြန်တောင် တပ်ပေးလိုက်သေးတယ်။ ယောက်ကျား မိန်းမ ခွဲခြားမှုလည်းနည်းနည်းလေးမှ မရှိဘူး။ ဆင်းရဲချမ်းသာ ခွဲခြားမှုဆိုတာဝေး။ ဘယ်သူ့ဆီမှာမှ မရှိနိုင်တဲ့စိတ်၊ ပြောလို့မကုန်နိုင်တဲ့ စိတ်ဒီလိုစိတ်ထားတွေ ငါတော့မရနိုင်တော့ဘူးလို့မတွေးမိလိုက်နဲ့။ တမန်တော်ကြီးရှင်ပေါလုက ပြောတယ်။ အဲ့ဒီခရစ်တော်ရဲ့စိတ်က ကျမ်းစာထဲမှာပဲရှိရမှာမဟုတ်သလို ခရစ်တော်တစ်ဉီးတည်းပိုင်ဆိုင်ခွင့်ရတာမဟုတ်ဘူး။ သင့်ဆီမှာလည်း ဘုရားက ထည့်ပေးထားပြီးသားဖြစ်တယ်။

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့

တန်ခိုးပါတဲ့စိတ်

”အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-“ ၂တိ ၁:၇

လောကသားတွေကတော့ စိတ်တန်ခိုးအကြောင်းကို ကောင်းကောင်းကောင်းသိပြီးတော့ လက်တွေ့အသုံးချနေကြတယ်။ ဘုရားသားသမီးတွေကတော့ အသုံးချဖို့နေနေသာသာ အသုံးဝင်မှန်းကိုတောင် မသိကြဘူး။ ဝမ်းနည်းစရာအလွန် ကောင်းတယ်။ စိတ်မှာတန်ခိုးရှိတယ်။ စိတ်ရဲ့တန်ခိုးကိုသိပြီးတော့ မှန်ကန်စွာအသုံးပြုတတ်တဲ့သူတွေဟာ လောကကြီးမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ခံစားရရှိကြတဲ့သူတွေဖြစ်လာတယ်။ တန်ခိုးပါတဲ့စိတ်က စာတန်ဆီကနေလာတာ လုံးဝ မဟုတ်ဘူးဆိုတာသိပါ။ ဘုရားပေးတဲ့စိတ်ထဲမှာ တန်ခိုးပါတဲ့စိတ်ကိုပေးတယ်။ လူတွေက တန်ခိုးပါတဲ့စိတ်ဆိုရင် စာတန်ကိုပဲပြေးပြေးမြင်တယ်။ စာတန်ဆီကလာတဲ့ စိတ်က ကြောက်တတ်တဲ့စိတ်ပဲ။ ကြောက်စိတ်က အသက်တာကို ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုယူဆောင်လာပေးတယ်။

တန်ခိုးပါတဲ့စိတ်၊ ချစ်တတ်တဲ့စိတ်နှင့် ရှင်းလင်းသောစိတ်က ဘုရားဆီကလာတဲ့ စိတ်သဘောတွေပဲ။ ရှုပ်ထွေးမှုတွေ အောက်မှာ ဘုရားကအလုပ်မလုပ်ဘူး။ဘုရားက ရှင်းလင်းစွာအလုပ်လုပ်တဲ့သူဖြစ်တယ်။ ငြိမ်သက်ခြင်း စိတ်ချမှုစတဲ့ ကောင်းတဲ့စိတ်တွေက ဘုရားဆီကနေ သက်ရောက်တယ်။ သင့်အသက်တာမှာ ဘုရားပေးတဲ့စိတ်သဘောထားတွေကိုနေရာပေးတတ်မယ်ဆိုရင် ဘုရားပေးတဲ့ ကောင်းကြီးမင်္ဂလာတွေ အောင်မြင်မှုတွေလည်း အသက်တာမှာနေရာရလာမယ်။ ဘုရားပေးတဲ့ တန်ခိုးပါတဲ့စိတ်ကို ကောင်းတဲ့ဘက်မှာ အသုံးပြုဖို့ လေ့ကျင့်ရမယ်။နေ့စဉ် တန်ခိုးပါတဲ့စိတ် ကိုသင့်အသက်တာမှာ ကြီးထွားလာဖို့ပြုစု ပါ။ ကောင်းမွန်တဲ့အရာတွေအသက်တာမှာ မြင်တွေ့ရပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့

စိတ်တန်ခိုး

”သူ​သည် စိတ်​ထင်​သည်​အ​တိုင်း​ဖြစ်၏။ သုတ္တံ ၂၃:၇

လူ့အထဲမှာရှိတဲ့စိတ်ဟာ တန်ခိုးအစွမ်းသတ္တိနှင့်ပြည့်စုံတယ်ဆိုတာ သိပါလား? ဖျက်အားပြင်းလက်နက် တွေအကြောင်းကို သိတဲ့သူများပေမယ့် ကိုယ့်အထဲမှာရှိတဲ့ စိတ်ရဲ့စွမ်းအင်ဟာ လောကမှာရှိတဲ့ဖျက်အားပြင်လက်နက် တွေထက် ပိုအစွမ်းထက်ပြီးပြင်းထန်တယ်ဆိုတာမသိတဲ့သူများတယ်။ လူ့အထဲမှာရှိတဲ့ စိတ်ဟာ နျူးကလီးယား လက်နက်တွေ ထက်ပိုပြင်းထန်ပြီးတော့ များစွာသောအရာတွေကိုဖျက်ဆီးပစ်နိုင်သလို၊ ကောင်းတဲ့အရာတွေတည်ဆောက်ဖို့လည်း တကယ့်ကို အစွမ်းထက်တဲ့လက်နက်တစ်ခု ထက်ပိုတယ်။ အစွမ်းထက်တဲ့လက်နက်တွေဟာ ကောင်းမွန် တဲ့ ရည်ရွယ်ချက်နှင့်အသုံးပြုတဲ့အခါမှာ ရလဒ်ကောင်းတွေ တိုးတတ်မှုတွေ ထွက်ပေါ်လာသလိုပဲ၊ လူဆိုးတွေလက်နက် ရောက်သွားပြန်ရင်လည်း ကြောက်စရာကောင်းတဲ့အဖျက်လုပ်ငန်းလုပ်ဆောင်တဲ့အရာဖြစ်လာပြန်ရော။

သင့်အထဲမှာရှိတဲ့စိတ်နှလုံးသားဟာလည်း ဒီအတိုင်းပါပဲ။ ကောင်းမွန်တဲ့အရာတွေများစွာကို တည်ဆောက်နိုင်သလို သင့်ဘဝတစ်ခုပဲ မဟုတ်ဘူး ဘဝပေါင်းများစွာကိုပါ ဖျက်ဆီးပစ်နိုင်တဲ့စွမ်းအင်ရှိတယ်။ သုတ္တံဆရာကတော့ပြောတယ် စိတ်ထင်တဲ့အတိုင်း ဖြစ်လာတယ်။ စိတ်ရဲ့ ပုံဖေါ်တဲ့အရာဟာ ဘဝကို သက်ရောက်မှုရှိတယ်။ လူတချို့က သူတို့ဟာဘာမှ မလုပ်နိုင်တဲ့သူ အစွမ်းအစမရှိတဲ့လူလို့ ထင်နေကြတယ်။ တကယ်တော့ သူတို့စိတ်ထင်တဲ့အတိုင်း အသက်တာမှာဖြစ်လာတာပါပဲ။ အစွမ်းသတ္တိ ဘယ်လောက်ပဲရှိရှိ၊ မရှိဘူးလို့တွေးထင်နေတဲ့သူအတွက် ရှိထားတဲ့အစွမ်းသတ္တိတွေတောင် အသုံးမဝင်တော့သလို ပျောက်ကုန်တာများတယ်။ စိတ်အထင်ရဲ့ စွမ်းအားက ထင်ထားတာထက်ပိုကြောက် ဖို့ကောင်းတယ်။ သုံးတတ်ရင် မိတ်ဆွေ မသုံးတတ်ရင်ရန်သူဆိုသလို စိတ်ရဲ့စွမ်းအားကို ကောင်းတဲ့ဘက်မှာသုံးတတ်ဖို့လေ့ကျင့်ရမယ်။ ဒါမှပဲ ကိုယ့်အသက်တာကောင်းတဲ့ဘက်ကို ပိုမြင်တွေ့ရပါလိမ့်မယ်။ မကောင်းတဲ့စိတ်အတွေးအထင်တွေကိုဖယ်ပြီးတော့ ကောင်းတဲ့စိတ်အမြင်တွေကိုနေရာပေးတတ် တဲ့သူကတော့ ကောင်းမွန်တဲ့ဘဝအနာဂတ်ကို သေချာပေါက်ပိုင်ဆိုင်ရလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့

တိုးတက်ဖို့အလိုအပ်ဆုံးအရာ

”ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည်ခန့်​ထား​ကြ​မည်။-“ တမန်တော်‬ ‭၆:၃

အခုခေတ်အသင်းတော်တွေမှာပဲ ပြဿနာတွေ၊ အငြင်းပွါးစရာတွေရှိခဲ့ကြတာမဟုတ်ပါဘူး။ ကနဉီးအသင်းတော်တွေမှာလည်းအငြင်းပွါးစရာ၊ အဆင်မပြေတဲ့ ပြဿနာလေးတွေရှိခဲ့ကြပါတယ်။ တမန်တော်ကြီးတွေကိုယ်တိုင် ဉီးဆောင်ခဲ့ပေမယ့် မကျေနပ်တဲ့သူတွေကတော့ ရှိစမြဲပဲလေ။ ခေါင်းဆောင်မှုညံ့တာ၊ တော်တာနဲ့မဆိုင်ပါဘူး။ လူတွေကိုယ်တိုင်က အမြဲတမ်း အရာရာကို ကျေနပ်လက်ခံတတ်ကြတာမှမဟုတ်တာ။ ခံစားချက်ကိုရှေ့တန်းတင်မိတဲ့အချိန်ရှိသလို၊ အမြင်မကြည်တဲ့အချိန်တွေလည်း ရှိတတ်တာပါပဲ။

အသင်းတော်ထဲက ပြဿနာတွေရှိလို့အသင်းတော်ဟာ ဆုတ်ယုတ်သွားတာမဟုတ်ပဲ။ အဲ့ဒီပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် မှန်ကန်တဲ့ ခေါင်းဆောင်တွေမရှိလို့ မတိုးတက်ကြတာပါ။ အမြင်မှားစေတဲ့ပြဿနာတွေကို တမန်တော်ကြီးတွေ ကိုယ်တိုင်မကိုင်တွယ်ပဲ ဖြေရှင်းမယ့် ခေါင်းဆောင်တွေကိုရွေးချယ်ခဲ့တယ်။ ဒီရွေးချယ်မှုဟာ လွန်စွာမှ သင်ယူစရာဖြစ်တယ်။ အချက် သုံးချက်ပေါ်မှာ အခြေခံပြီးတော့ ရွေးကောက်ခဲ့တယ်။ ပထမအချက်ကတော့ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံသူဖြစ်ရမယ်။ ဒီအချက်ကတော့အရေးကြီးဆုံးပဲ။ တခြားဘယ်အရာတွေနဲ့ပြည့်ပြည့် သန့်ရှင်းသောဝိညာည်တော်နှင့်မပြည့်ရင်တော့ အလကားပဲ။ နောက်ဒုတိယအချက်ကတော့ပညာနှင့်ပြည့်စုံတဲ့သူဖြစ်ရမယ်။ လောက ပညာကိုပြောတာမဟုတ်ပါဘူး။ ဘုရားဆီကနေ လာတဲ့ အထက်အရပ်က ပညာပါ။ နောက်ဆုံးတစ်ချက်တော့ အသရေနှင့်ပြည့်စုံတဲ့သူဖြစ်ရမယ်။ ဒီအချက် သုံးချက်ပေါ် အခြေခံပြီးတော့ ခေါင်းဆောင်မှုကိုရွေးချယ်ခဲ့တယ်။ ခေါင်းဆောင်တွေတော့အပြည့်ပဲ ဒါပေမယ့် ဘုရားသတ်မှတ်တဲ့အရည်အချင်းတွေနဲ့မပြည့်စုံရင်တော့ အသင်းတော်က ဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး။ ဘုရားသတ်မှတ်တဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အသင်းတော်သာလျှင် တိုးတက်တဲ့အသင်းတော်ဖြစ်လာမယ်။

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့

ပညာပြရမယ့်အချိန် ရောက်ပြီ

”သို့​သော်​လည်း၊ စုံ​လင်​သော​သူ​တို့​အား ငါ​တို့​သည် ပ​ညာ​စ​ကား​ကို ဟော​ပြော၏။ ထို​သို့​ဆို​သော်၊ လော​ကီ​ပ​ညာ​ကို မ​ဆို​လို။ ပြယ်​ပျောက်​တတ်​သော လော​ကီ​မင်း​တို့၏ ပ​ညာ​ကို​မ​ဆို​လို။- ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ၊ ငါ​တို့၏ ဘုန်း​အ​သ​ရေ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​သော ပ​ညာ၊ နက်​နဲ​သော​အ​ရာ၌ ဝှက်​ထား​သော ဘု​ရား​သ​ခင်၏​ပ​ညာ​ကို ငါ​တို့​သည် ပြ​သ​ကြ၏။-“ ၁ကော ၂:၆-၇

တမန်တော်ကြီးရှင်ပေါလုက သူ့ခေတ်မှာ ကြေငြာတယ် သူဟာ ဘုရားရဲ့နက်နဲပြီး လူတိုင်း မသိနိုင်၊ လူတိုင်းစီမှာ မရှိနိုင်တဲ့ပညာကို ပြသဖို့အတွက် ဘုရားရွေးချယ်ခြင်းခံရတဲ့သူဖြစ်တဲ့အကြောင်း။ ဒီပညာဟာ လောကီပညာနှင့် လောကီမင်းတို့ရဲ့ပညာနှင့်လုံးဝမတူဘူး။ ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက လောကီပညာနှင့် လောကီမင်းပညာကိုခွဲထားတာပါ။ လောကမှာ ပညာတောင်မှ သာမန်လူတွေတတ်တဲ့ပညာနှင့် အုပ်စိုးတဲ့လူတွေတတ်တဲ့ပညာဟာမတူပါဘူး။ လူသာမန်တွေသင်ရတဲ့ပညာရှိသလို အထက်တန်းလွှာတွေအတွက် သင်ရတဲ့ပညာဟာမတူပါဘူး။ အလွယ်လေးပြောရရင်တော့ ပိုက်ဆံရှိတဲ့သူနဲ့မရှိတဲ့သူကွာသလိုပါပဲ။ ဆင်းရဲ သားတွေအတွက် သင်ရတဲ့ပညာနှင့် ငွေကြေးချမ်းသာသူသာ သင်ခွင့်ရှိတဲ့ပညာရေးဟာဒီနေ့ခတ်မှာလည်းရှိပါတယ်။ ဒီနေ့ လူတွေဟာ ပညာအတွက် အကုန်အကျခံ၊ အပင်ပန်းခံပြီးအချိန်ပေးနေတာဟာ အနာဂတ်မှာ ကွာခြားသွားမယ်ဆိုတာ သိလို့ပါ။ ဒါပေမယ့် ဒီလောကပညာတွေဟာ အားလုံးပျောက်ပြယ်သွားတဲ့အချိန်၊ အလုံးစုံ အသုံးပြုလို့မရတဲ့အချိန်ဆိုတာ ရှိပါတယ်။

တချိန်တုန်းက အင်မတန်အသုံးဝင်တဲ့အရာတွေက ဒီနေ့မှာ သုံးလို့မရတဲ့ပညာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီလိုပညာတွေထက် အင်မတန်ထူးခြားပြီးတော့ ဘယ်သူမှ ဘယ်လောကီမင်းမှ နားမလည်နိုင် သင်ယူခွင့်မရတဲ့ပညာကတော့ ဘုရားက ကမ္ဘာမတည်ရှိမှီကပင် သူ့သားသမီးတွေအတွက်ပြင်ဆင်ထားပြီးသားပါ။ ဒီပညာကပဲ ဘုရားသားသမီးတွေကို ဘုန်းအသရေနှင့်ပြည့်စုံစေမှာဖြစ်ပြီးတော့ ဘုရားစီရင်တဲ့အရာတွေက လူတွေနဲ့လောက ကြီးဟာမြင်ခွင့်ရမှာဖြစ်ပါတယ်။ ဒီအရာဟာ သင်နှင့်ကျွန်ုပ်ထဲမှာ ခရစ်တော်အားဖြင့် ထည့်ထားပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထုတ်ဖေါ်ပြသမှာဖြစ်ပါတယ်။ ဒီနေ့ သင့်နဲ့ကျွန်ပ်အားဖြင့် ဘုရားကလောက ကြီးကို ပညာပြ ဖို့အချိန် ရောက် နေပါပြီ။​

ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့

ဆီးတားလို့မရတဲ့ ပညာ

”သူ​ဟော​ပြော၍ သုံး​စွဲ​သော​ပ​ညာ​နှင့် ဝိ​ညာဉ်​တော်​ကို မ​ခံ​မ​ဆီး​နိုင်​ကြ။-“ တမန်တော်‬ ‭၆:၁၀

ဘာသာရေးအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေဆိုတာ လောကမှာ ပညာအတတ်ဆုံး လူတွေစုစည်းထားတာပါ။ အတော်ဆုံး ဆိုတဲ့သူတွေ​၊ ပညာအရှိဆုံးဆိုတဲ့လူတွေဟာ လူတွေအထင် သေးခြင်းခံရတဲ့ သခင်ယေရှုနောက်လိုက်တွေနဲ့တွေ့တဲ့အခါမှာ သူတို့သုံးစွဲတဲ့ပညာကို ဘယ်လိုမှ မခံမဆီးနိုင်ကြဘူးဆိုတာတွေ့ရတယ်။ ဘယ်လိုမှ​မယှဉ်ပြိုင်နိုင်၊ မတားဆီးနိုင်လောက် အောင် လောကီပညာရပ်မှာအားနည်းတဲ့သူတွေရှေ့မှာ ဖြစ်စေတာက ဘာကြောင့်လဲ ?

အဖြေကတော့ရှင်းပါတယ် ဘုရားဆီကလာတဲ့ပညာဟာ လူတွေဆီကနေ စနစ်တကျသင်ထားတဲ့ပညာထက် အဆပေါင်းများစွာသာလွန်တယ်ဆိုတာပါပဲ။ တမန်တော်တွေဟာ အသင်းတော်လူကြီးတွေကိုရွေးတဲ့အခါမှာတောင်မှ လော ကီပညာကိုကြည့်ပြီး မရွေးခဲ့ပါဘူး။ ဘုရားထံကလာတဲ့ပညာနှင့် ယုံကြည်ခြင်းကို သာကြည့်ပြီးတော့ရွေးချယ်ခဲ့တယ်။ ဒီအရာကြောင့်သူတို့ကို ဘုရားက အသုံးပြုတဲ့အခါမှာ အခြားလောကပညာတွေကဘယ်လိုမှ​မခံနိုင်ဘူးဆိုတာတွေ့ရတယ်။ လောကပညာရပ်တွေ ဘယ်လောက်ပဲသာသာ ဘယ်လောက်ပဲ ထိပ်ဆုံးရောက်ရောက် ကြောက်စရာမလိုဘူး။ ဘုရားထံကလာတဲ့ပညာကို ဆီးတားနိုင်တဲ့ပညာ လောကမှာမရှိဘူး။ ဘုရားပေးတဲ့ပညာကတော့ အရာရာထက်သာလွန်ပါတယ်။

ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့

ပညာနှင့်ပြည့်စုံသောနှလုံးသားရှိရန်

”အကျွန်ုပ်​တို့​သည် ဉာဏ်ပညာ​နှင့်​ပြည့်စုံ​သော စိတ်နှလုံး​ရှိ​လာ​မည့်​အကြောင်း အကျွန်ုပ်​တို့​၏ နေ့ရက်​များ​ကို မှန်ကန်​စွာ​ရေတွက်​နိုင်​ရန် သွန်သင်​တော်မူ​ပါ​။“ ဆာလံ ၉၀:၁၂

သင့်နှလုံးသားထဲမှာ ဘာတွေနဲ့ ပြည့်နေသလဲ? နှလုံးသားအပြည့်ရှိတဲ့အတိုင်းနုတ်မြွတ်တယ်လို့သခင်ယေရှုကဆိုတယ်။ နှုတ်ကမြွတ်ဆိုတဲ့အတိုင်း အသက်တာမှာ အသီးအပွင့်တွေဖြစ်လာတယ်လို့ ရှောလမုန်က သတိပေးတယ်။ အသက်ရဲ့အခြေအမြစ်က နှလုံးသားဖြစ်လို့ နှလုံးသားကောင်းစားမှ အရာရာမှာကောင်းစားမယ်လို့ တမန်တော်ကြီး ရှင်ယောဟန်က ဝိညာဉ်ရေးရာရဲ့ အဓိကလျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ဖေါ်ပြောဆိုခဲ့တယ်။ ဒါဆိုရင် နှလုံးသားမှာ ပညာနှင့်ပြည့်မှ​အသက်တာမှာ ပညာရဲ့ကောင်းကျိုးအလုံးစုံခံစားရမှာ သေချာတယ်။

မောရှေကတော့ အကြံပေးတယ် ပညာနှင့်ပြည့်စုံတဲ့ နှလုံးသားကိုပိုင်ဆိုင်ရဖို့အတွက် နေ့ရက်တိုင်းကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ဖို့ပါ။ နေ့ရက်တိုင်းက တန်ဖိုးရှိတယ်။ ဘယ်နေ့ရက်မှ အချည်းနှီးကြုံရတယ်ဆိုတာ မရှိဘူး။ အားလုံးက ဘုရားက တိကျတဲ့ရည်ရွယ်ချက်နှင့် ဘုရားပေးတွေ့တယ်။ အဆင်ပြေတာရော မပြေတာရော အားလုံးက ဘုရားနှင့်ဖြတ်ကျော်တတ်တဲ့သူအဖို့တော့ တစ်စုံတစ်ခုသေချာပေါက် သင်ယူမိမှာပါ။ ဘာမှ မသင်ယူမိတဲ့သူ အတွက် တော့ ဘာမှပညာရလိုက်မှာမဟုတ်သလို အသက်တာမှာလည်း ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ သင့်အသက်တာမှ နေ့ရက်စဉ်တိုင်းကို ဘယ်လိုအရာပဲဖြတ်ကျော်ဖြတ်ကျော် ဘုရားနှင့်အတူဖြတ်ကျော် ပြီးတော့ ကြုံလာသမျှကနေ အကောင်းဆုံးသင်ယူပါ။ ပညာနှင့်ပြည့်စုံတဲ့နှလုံးသားသေချာပေါက်ရမယ်။

ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့

ပညာနည်းသောကြောင့်

”ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။“ ဟောရှေ ၄:၆

ဆုံးရှုံးခြင်းရဲ့အဓိက အကြောင်းအရာက ဘုရားကိုသိတဲ့ပညာ၊ ဘုရားဆီမှသက်ရောက်တဲ့ ပညာနည်းလို့ဖြစ် တယ်။ အောင်မြင်ခြင်းရဲ့အဓိက အကြောင်းအရာကတော့ အောင်မြင်ခြင်းကိုပေးနိုင်တဲ့ တစ်ပါးတည်းသော ဘုရားသခင် ထံကပညာကို လက်ခံရရှိပြီးတော့ ကောင်းမွန်စွာအသုံးပြုတတ်ခြင်းကြောင့်ဖြစ်တယ်။ ဘုရားရဲ့အချုပ်အခြာက ဘုရားကိုသိကျွမ်းခြင်းကနေလာတယ်။ လောကမှရှိတဲ့ဘယ်ကျောင်း၊ ဘယ် ပညာရေးကမှ လူတွေကိုအောင်မြင်ဖို့ ကောင်စားဖို့ အာမခံနိုင်တာမရှိဘူး။ ဘုရားတစ်ပါးတည်းကသာလျှင်သူ့ထံကလာတဲ့ ပညာနှင့် အောင်မြင်နိုင်တယ်ဆိုတာ ကိုအာမခံနိုင်တယ်။

ဘုရားထံကလာတဲ့ ပညာကိုဉီးစားမပေးခြင်းက ဘုရားရှေ့မှာ မှန်ကန်စွာရပ်တည်နိုင်တဲ့ယဇ်ပုရောဟိတ်အဖြစ်မတ်တပ်ရပ်ဖို့ ဘဝကနေ အပယ်ခံရတယ်။ ဘုရား နှင့် မှန်ကန်တဲ့ဆက်သွယ်နိုင်ဖို့အတွက် ပညာကသာလျှင် ကူညီလုပ်ဆောင်ပေးနိုင်တယ်။ ဘုရားရဲ့ ပယ်ခြင်းမခံရချင်ရင် ဘုရားပေးတဲ့ပညာကို အသက်တာမှာ နေရာပေးဖို့ လိုချင်ဖို့လိုတယ်။ ဘုရားရဲ့ ပညာကိုဖြစ်စေတဲ့ တရားကိုမေ့လျော့တဲ့သူတွေရဲ့ အနာဂတ်နှင့်သားစဉ်မြေးဆက်လည်း ဘယ်တော့ ကောင်းစားမှာမဟုတ်ဘူး။ ဘုရားရဲ့ပညာကိုပေးတဲ့တရားဟာ သင့်အနာဂတ်နှင့်သားသမီးမြေးမြစ်တွေအတွက် ကောင်းစားဖို့ အရေးကြီးတဲ့တစ်ခုတည်းသော အာမခံချက်ဖြစ်တယ်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့

ပညာကိုလိုလျှင်

”သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-“ ယာကုပ်‬ ‭၁:၅

ပညာဟာ ဘဝရှင်သန်ရပ်တည်ဖို့အတွက် အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုပါ။ အထူးသဖြင့် အထက်အရပ်မှ သက်ရောက်တဲ့ ပညာ မရှိလျှင် လောကမှ အောင်မြင်စွာရှင်သန်ဖို့ဘယ်လိုမှ မဖြစ်နိုင်ပါ။ လူများစွာ ရှင်သန်ရတဲ့ဘဝကို အောင်မြင်စွာဖြတ်သန်းသွားလာဖို့အတွက် ဘုရားထံက လာတဲ့ပညာလိုအပ်တယ်။ ဘုရားထံကလာတဲ့ ပညာမရှိပဲနဲ့ ဘယ်အရာကိုမှ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။

ရှောလမုန်မင်းကြီးဟာ ဘုရားရဲ့ ရှင်ဘုရင်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ အချိန်မှာ ဘုရားထံကနေ သူဆုတစ်ခုတောင်းခဲ့တယ်။ တကယ်တော့ ဘုရင်ရဲ့သားတစ်ယောက်အနေနဲ့ သူဟာ အကောင်းဆုံးပညာတွေသင်ကြားခြင်းခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဘယ်လောက်ပဲ ကောင်းမွန်တဲ့လောကပညာသင်ကြားခြင်းခံရပေမယ့် လူတွေကိုဉီးဆောင်ဖို့ ၊ ဘဝကိုအောင်မြင်စွာ ဖြတ်သန်းဖို့အတွက် မလုံလောက်ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ ဘုရားထံကလာတဲ့ ပညာနဲ့ပဲ အရာရာကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ်။ လိုချင် တာတွေထက် အလိုအပ်ဆုံးအရာကိုတောင်းဆိုတတ်ဖို့လိုတယ်။ ဘုရားထံကလာတဲ့ပညာဟာ သင့်ဘဝရဲ့ အခြားလိုအပ်ချက်တွေအကုန်လုံးကိုဖြည့်ဆည်း ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တယ်။ ပညာလိုရင်တော့ ကျန်တာဘာပဲရှိရှိ ပြည့်စုံမှာမဟုတ်ဘူး။​

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့

အလိုရှိသမျှ ပြည့်စုံစေမယ်

”ငါ၏​ဘု​ရား​သ​ခင်​သည် ဘုန်း​အာ​နု​ဘော်၌ စံ​ပယ်​တော်​မူ​သော စည်း​စိမ်​ရှိ​သည်​အ​တိုင်း၊ သင်​တို့​အ​လို ရှိ​သ​မျှ​တို့​ကို ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။-“ ဖိလိပ္ပိ ၄:၁၉

လူ့အလိုနတ်မလိုက်နိုင်ဘူးလို့ လူတွေက ပြောတတ်ပေမယ့် ဘုရားတစ်ပါးတည်းသာလျှင် လူ့အလိုရှိသမျှ ကိုပြည့်စုံစေနိုင်တယ်။ ဒါပေမယ့် ဘုရားရဲ့အလေ့အလာနှင့်နိယာမတွေကိုသိဖို့တော့လိုတယ်။ တချို့က ဘုရားကလိုအပ် သမျှထောက်ပံ့မယ်လို့ ပြောတဲ့အခါမှာတော့ အလိုလို နေရင်းနဲ့အကုန်ရောက်လာမယ်လို့ထင်တတ်တယ်။ တကယ်တော့ ဘုရားရဲ့လိုအပ်သမျှ ထောက်ပံ့ခြင်းခံစားရဖို့အတွက် ဘုရားနိယာမ အတိုင်းအသက်ရှင်ဖို့တော့လိုတယ်။

တမန်တော်ကြီး ရှင်ပေါလုက ဖိလိပ္ပိအသင်းတော်ကို ဘုရားရဲ့ကြွယ်ဝခြင်းနဲ့အညီ လိုအပ်သမျှ ထောက်ပံ့မယ်လို့ ပြောတဲ့အခါမှာ ဒီအသင်းတော်ဟာ ဘုရားနိယာမ အတိုင်း ရှင်သန်ခဲ့လို့ ဒီကောင်းကြီးကို ပေးခဲ့တာဖြစ်တယ်။ ဘယ်အရာကို ဖိလိပ္ပိအသင်းတော်က လုပ်ဆောင်ခဲ့တာလဲ?

”သက်​သာ​လော​နိတ်​မြို့၌ ငါ​ရှိ​စဉ်​ပင်၊ ငါ​လို​သော​အ​ရာ​ကို သင်​တို့​သည် နှစ်​ကြိမ်​တိုင်​အောင် ပေး​လိုက်​ကြ၏။-“ ဖိလိပ္ပိ ၄:၁၆

ဖိလိပ္ပိအသင်းတော်က တမန်တော်ကြီးရှင်ပေါလုရဲ့သာသနာပြုလုပ်ငန်းတွေအတွက် အဓိက ငွေကြေးနှင့်ထောက်ပံ့ကူညီခြင်းအားဖြင့်ပါဝင်နေတဲ့အသင်းတော်ဖြစ်တယ်။တခြားဘယ်အသင်းတော်မှ ဒီအရာကို မလုပ်ဘူး။ ဘုရားနိုင်ငံတော်မှာ တက်ကြွစွာလုပ်ဆောင်နေတဲ့ သူအတွက် နောက်ကွယ်ကနေ အားတတ်သရော လိုအပ်သမျှကို ထောက်ပံ့ပေးနေတဲ့အတွက် လိုအပ်သမျှ ဘုရားထောက်ပံ့မယ် ဆိုတဲ့ကောင်းကြီးကို တမန်တော်ကြီးက အသင်းတော်ကိုပေးတာပါ။ ဘုရားနိုင်ငံတော်မှာ လိုအပ်သမျှ ပေးကမ်းပါဝင်တဲ့ သူတွေအတွက် ကိုယ်တိုင်အသက်တာမှာလည်း ဘုရားက လိုအပ်သမျှ ပြန်လည် ထောက်ပံ့ပေးခြင်းကို မြင်တွေ့ရတယ်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့

ပေးကမ်းရဲတဲ့သူ

”ထို​မု​ဆိုး​မ​သည်​သွား၍ ဧ​လိ​ယ​စ​ကား​အ​တိုင်း ပြု​သ​ဖြင့်၊ ဧ​လိ​ယ​နှင့်​တ​ကွ ကိုယ်​တိုင်​မှ​စ၍၊ အိမ်​သား​တို့​သည် အင်​တန်​ကာ​လ​ပတ်​လုံး​စား​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဧ​လိ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​အ​တိုင်း၊ အိုး၌​ရှိ​သော မုန့်​ညက်​မ​ကုန်၊ ဘူး၌​ရှိ​သော​ဆီ မ​လျော့။“ ၃ဓမ္မ ၁၇:၁၅-၁၆

ကိုယ်မစားရရင်တောင် ကိုယ့်သားသမီးတွေကိုတော့ ကျွေးချင်တာ မိဘတွေရဲ့သဘာဝပါပဲ။ ကိုယ် မရဖူးရင်တောင် ကိုယ့်သားသမီးတွေကိုရရှိပိုင်ဆိုင်စေချင်ကြတယ်။ သားသမီးတွေဟာ မိဘတွေရဲ့ အထွဋ်ထိပ် ဉီးစားပေးခြင်းခံရတဲ့သူတွေပါ။ ဒါပေမယ့် သဘာဝတရားကိုဆန့်ကျင် ပြီးတော့ အသက်ရှင်ခဲ့တဲ့ ဇရတ္တမြို့က မုဆိုးမကတော့ သူနှင့် သူ့ရဲ့သား စားမယ့်နောက်ဆုံး ညစာကို ဘုရားလူဖြစ်တဲ့ ပရောဖက်ဧလိယကို ပေးကမ်းခဲ့တယ်။ ဒီအရာက သာမန်ပေးကမ်းခြင်းမဟုတ်ဘူး။ တကယ့်ကို ယုံကြည်ခြင်းနှင့် ခြေလှမ်း လှမ်းခဲ့ခြင်းသာဖြစ်တယ်။ ရှိလို့ပေးတယ်ဆိုတာ ကြားကောင်းတယ် အခုက မရှိပေမယ့် ပေးခဲ့တယ်။ ယုံကြည်ခြင်းဆိုတာ ပေးချင် တဲ့စိတ်ပဲရှိတာမဟုတ်ဘူး။ ရှီသမျှကိုပေးရဲတာဖြစ်တယ်။

ဘုရားကဆီကနေ လူပေါင်းများစွာက ကြီးမားတဲ့အရာတွေ မျှော်လင့်ကြတယ်။ တကယ်လက်ခံရရှိတော့ ကိုယ်မျှော်လင့်တဲ့ အရာရဲ့ဆယ်ရာခိုင်နုုန်းတောင်မရှိဘူး။လာလို့များလဲ? ဘုရားဆီကသာ တောင်းကြတာ ဘုရားတောင်းတာကြတော့ပေးရဲဖို့ သတ္တိမရှိကြဘူး။ ပေးကမ်းခြင်းကို ကြည့်ရင် လူတစ်ယောက်ရဲ့ရင်ထဲက ယုံကြည်ခြင်းကို အတိုင်းသားမြင်ရတယ်။ ယုံကြည်ခြင်းမပါပဲ ပေးကမ်းလို့ ရကောင်းရမယ် ဒါပေမယ့် ပေးကမ်းခြင်းမပါပဲ ယုံကြည်လို့တော့မရဘူး။ ယုံကြည်ခြင်း ဖခင်လို့ခေါ်ခြင်းခံရတဲ့ အာဗြဟံကိုယ်တိုင် ဘုရားတောင်းဆိုတဲ့ သူ့သားကိုပေး ဖို့ဆုံးဖြတ်ရသေးတာပဲ။ ဘုရားတောင်းဆိုတဲ့အရာကို မပေးရဲပဲနဲ့တော့ သင်တောင်းဆိုတဲ့ အရာကို ဘုရားပေးမယ်လို့ မျှော်လင့်မနေနဲ့။ မောတာပဲရှိလိမ့်မယ်။ သူတောင်းဆိုတာကို ပေးကမ်းရဲတဲ့သူကို ဘုရားကလဲ ဘာမဆိုပြန်ပေးရဲတယ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့

ပေးနိုင်အောင်ပြင်ဆင်ပေးမယ်

”ထို​အ​ရပ်​ကို ယေ​ဟော​ဝါ​ယိ​ရေ​ဟု အာ​ဗြ​ဟံ​သ​မုတ်​လေ၏။ ထို​သို့​နှင့်​အ​ညီ၊ တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​တော်​မူ​မည်​ဟု ယ​နေ့​တိုင်​အောင်​ဆို​လေ့​ရှိ​သ​တည်း။“ ကမ္ဘာဦး ၂၂:၁၄

ဘုရားတောင်းဆိုတာတွေ၊ ဘုရားစေခိုင်းတာတွေကမဖြစ်နိုင်ဘူး၊ လုပ်နိုင်မှာမဟုတ်ဘူးလို့များ တွေးမိနေပါသ လား? ဘုရားတောင်းဆိုတဲ့အခါမှာဖြစ်နိုင်တာတွေကိုပဲတောင်း ဆိုလေ့မရှိဘူး။ ပေးရမယ့်အဖိုးအခက အမြဲတမ်းကိုလုပ်နိုင်တာ ထက်ကြီးနေတတ်တယ်။ ဒီအရာကိုကြည့်ပြီးတော့ စိတ်ဓါတ်ကျသွားတဲ့သူတွေ၊ နောက်ပြန်လှည့်သွားတဲ့သူတွေ အများကြီးရှိတယ်။ တကယ်တော့ ဘုရားကတောင်းဆိုတဲ့အခါမှာ သင်ပဲလုပ်ရမယ်လို့ မတွေးထင်ပါနှင့်။ သူကိုယ် တိုင် သင့်အတွက် လုပ်ပေးမယ်လို့ ယုံစေချင်တယ်။
အာဗြဟံဆီကနေ ဘုရားက သူ့တစ်ဉီးတည်းသောသားကို တောင်းဆိုခဲ့တယ်။ အာဗြဟံအတွက် မလွယ်တဲ့အလုပ်တစ်ခုဖြစ်တယ်။ ဘဝ တစ်ခုလုံးတောင်းဆို လိုက်သလို ပါပဲ။ ဘယ်တော့မှ မပေးနိုင်မယ့်အရာတစ်ခုကို ဘုရားက ဘာလို့များတောင်းဆိုတာလဲ? အာဗြဟံက ဘုရားရဲ့တတ်နိုင် ခြင်းကိုစိတ်ချတဲ့အတွက် တောင်းဆိုတဲ့အတိုင်း ပေးဖို့ဆုံးဖြတ်ခဲ့ပြီး လုပ်ဆောင်ခဲ့တယ်။ သူ့တတ်နိုင်ခြင်းအပေါ်မှာသာ ဆုံးဖြတ်ရင်တော့ဒီဘဝ ဘယ်တော့မှ ပေးနိုင်မှာမဟုတ်ဘူး။ ဘုရားရဲ့တတ်နိုင်ခြင်း အပေါ်မှာ လုံးဝစိတ်ချပြီးတော့ ခြေလှမ်းလှမ်းခဲ့တယ်။ ဒီအတွက် ဘုရားရဲ့သဘောသဘာဝနှင့် လုပ်ဆောင်ပေးမှုကိုမြင်တွေ့ခွင့်ရခဲ့တယ်။ ဘုရားက တောင်းဆိုတဲ့ အခါမှာ လိုချင်လို့ပဲ မဟုတ်ဘူး။သူပေးနိုင်တာကိုသိစေချင်လို့ ဖြစ်တယ်။ သူတောင်းဆိုတဲ့အရာကို အာဗြဟံ ပေးခါနီးမှာ ဘုရားက တားခဲ့ပြီးတော့ အာဗြဟံအတွက် လိုအပ်တဲ့ယဇ်ကောင်ကိုပြင်ဆင်ပေးခဲ့တယ်။ ဒီအရာကိုကြည့်တဲ့အခါမှာဘုရားက လိုချင်လို့တောင်းတာမဟုတ်ဘူး သူပေးနိုင်တယ်ဆိုတာကို သိစေချင်လို့တောင်းတယ်ဆိုတာ မြင်တွေ့ရတယ်။ ဘုရားတောင်းတာ ပေးတဲ့နေရာတိုင်း လူတိုင်းမှာ ပေးနိုင်ဖို့ ဘုရားပြင်ဆင်ပေးတာကို မြင်တွေ့ခံစားရမယ်ဆိုတာ သေချာတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့

သာ၍ကြီးသောမင်္ဂလာ

”ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-“
တမန်တော် ၂၀:၃၅

ပိုကောင်းတဲ့အရာကို လိုချင်ကြတာ လူတိုင်း ရဲ့ဆန္ဒပဲမဟုတ်လား? ကျွန်တော်ဘဝမှာ သာမန်ဟာတွေကို ငြီးငွေ့တာကြာပြီ။ ပိုကောင်းတဲ့အရာကိုပဲလိုချင်တယ်။ နှုတ်ကပတ်တော်က ပိုကောင်းတဲ့အရာတွေကိုညွှန်ပြတဲ့တစ်ခုတည်းသောအရာဖြစ်တယ်။ ပိုကောင်းတဲ့ အရာတွေ ပိုကောင်းတဲ့လမ်းတွေ ပိုကောင်းတဲ့ဘဝတွေကိုပိုင်ဆိုင်ဖို့ ဘုရား အလိုတော်ရှိတယ်။ ပိုကောင်းတဲ့အရာတွေထဲကတစ်ခုကဘာလဲဆိုရင် လူ တွေက အလုပ်လုပ်တာ သူတို့စားဖို့သောက်ဖို့ပဲဖြစ်နေတယ်။ ဒါက သာမန်လူတွေရဲ့ အတွေးအခေါ်ဖြစ်တယ်။ ကနဉီးအသင်းတော်က သူတို့ရဲ့လုပ်ဆောင်မှုဟာသူတို့စားသောက်ဖို့ပဲမဟုတ်ဘူး။ သူတို့ရဲ့ အလုပ်လုပ်တဲ့အရာက အားနည်းတဲ့သူတွေကိုမစဖို့၊ ဘယ်လောက် ကောင်းလိုက်တဲ့ နှလုံးသားလဲ။ သင့် အတွက်ပဲ သင်အလုပ်လုပ်နေသေးတယ်ဆိုရင် သင်ဟာ ဘယ် တော့မှ ပိုကောင်းတဲ့ အရာကိုထဲကို မဝင်ရောက်နေသေးဘူး။ ဘုရားကသင့် အသက်တာအားဖြင့် လူမျိုးတကာကို ကောင်းကြီးဖြစ်စေချင်တယ်။ ဒါတကယ့်ကို အရေးကြီးတဲ့ ယုံကြည် သူတိုင်း အထူးသဖြင့် သာ၍ကြီးတဲ့ မင်္ဂလာကို မျှော်လင့်တဲ့သူတွေ ထားသင့်တဲ့နှလုံးသားဖြစ်တယ်။
သာမန်လူတွေက ကိုယ်ရဖို့အာရုံစိုက်တယ်။ သာ၍ကြီးတဲ့မင်္ဂလာ ခံစားရတဲ့သူတွေကတော့ရဖို့ထက် ပေးဖို့ကိုအာရုံ စိုက် တယ်။ ကိုယ်လိုတာ ရရှိတဲ့ ဘဝဟာ ကောင်းပါတယ်။ ဒါပေမယ့် အခြားသူတွေလိုအပ်တာကို ပေးခွင့်ရတဲ့သူကတော့ အကောင်းဆုံးသော ဘဝဖြစ်တယ်။ အကောင်းဆုံးမင်္ဂလာ အကောင်းဆုံးသောဘဝမှာ ရှင်သန်တဲ့သူဖြစ်ပါစေ။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့

ဘုရားအမူပြုဖို့ များစွာရှိသေးတယ်
”ငါ့​အဖို့ ကြံရွယ်​ထား​သော​အရာ​ကို ပြု​တော်မူ​လိမ့်မည်​။ ထိုသို့ ပြု​တော်မူ​မည့်​အရာ များစွာ​ရှိ​သေး​၏​။“ ယောဘ ၂၃:၁၄

လူတွေစဉ်းစားနိုင်သလောက် ကြံစည်နိုင်သလောက်ပဲ ဘဝမှာဖြစ်လာမယ်ဆိုရင်တော့ အနာဂတ်ဟာထင်ထားတာ ပိုခက်ခဲသွားနိုင်တယ်။ တစ်ခါတစ်လေ ကိုယ့်အနာဂတ်ကို ကိုယ်တောင် ပုံဖေါ်လို့မရနိုင်တဲ့အချိန်တွေ များစွာရှိတယ်။ ဒါပေမယ့် ကိုယ့်အသက်တာမှာ ကိုယ်စဉ်းစားနိုင်သလောက် လုပ်နိုင်သလောက်ပဲဖြစ်လာမှာမဟုတ်ဘူး။ ဘုရားလက်တော်ထဲမှာရှိတဲ့ အသက်တာက လူတွေထင်သလို လည်းဖြစ်လာမှာမဟုတ်သလို၊ ကိုယ်တိုင်လည်း တွက်ထားသလောက်ပဲ ဖြစ်ပျက်လာမှာ မဟုတ်ဘူး။
ဘုရားကျွန်တော်တို့အပေါ်မှာကြံစည်ထားတဲ့အကြံတွေက သမုဒ္ဒရာ သဲလုံးနှင့်အမျှများတယ်။ ရေတွက်လို့တောင်ဆုံးနိုင်မှာမဟုတ်ဘူး။ လူတွေကတော့ အဆိုးဖြစ်ဖို့ တွေးထင်ထားပေမယ့် ဘုရားကတော့ အမြဲတမ်း အကောင်းဆုံးတွေဖြစ်လာဖို့ အမြဲတမ်း ဆန္ဒရှိတယ်။ ဘုရားပြုပြီးတဲ့ မဟာအမှုများစွာရှိသလို မပြုသေးပဲ မကြာခင် ပြုတော့မယ် အမှုများစွာလည်းရှိတယ်။ ဘုရားကိုစိတ်ချပါ၊ ဘုရား ပြုမယ့်အမှုကိုဘယ်သူမှ မဆီးတားနိုင်ဘူး။ သူ့အလိုအတိုင်း သူ့အချိန်ရောက်ရင် သင့်ဘဝအသက်တာမှာ မြင်တွေ့ရပါလိမ့်မယ်။​

ဇန်နဝါရီလ ၁၂ ရက်နေ့

အားနည်းခြင်းမှာ ပြည့်စုံစေတဲ့ တန်ခိုး

”သို့သော် ကိုယ်တော်​က“ငါ​၏​ကျေးဇူး​တော်​သည် သင့်​အတွက်​လုံလောက်​ပေ​၏။ အကြောင်းမူကား ငါ​၏​တန်ခိုး​သည် အားနည်း​ခြင်း​အဖြစ်​၌ ပြည့်စုံ​တတ်​၏”​ဟု ငါ့​အား မိန့်​တော်မူ​၏။ ထို့ကြောင့် ခရစ်တော်​၏​တန်ခိုး​သည် ငါ့​အပေါ်​တည်နေ​မည့်​အကြောင်း ငါ​သည် ငါ​၏​အားနည်း​ခြင်း​၌ သာ၍​ဝမ်းမြောက်​စွာ​ဝါကြွား​မည်။“ ၂ကော ၁၂း၉

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတယ်။ ဒီအားနည်းချက်တွေကိုကြည့်ပြီးစိတ်ပျက်ဖို့မဟုတ်သလို၊ လူပဲ အားနည်းချက်ရှိမှာပေါ့ ဆိုပြီးတော့ ဆင်ခြင်ပေး အကြောင်း ပြဖို့လည်းမဟုတ်ပြန်ဘူး။ မအောင်မြင်တဲ့သူနဲ့ အောင်မြင်တဲ့သူ ကွာခြားချက်က ဒီနေရာမှာ ရှိတယ်။ မအောင်မြင်တဲ့သူတွေက အားနည်းချက်တွေကို အကြောင်းပြပြီးတော့ အသက်ရှင်တယ်။ အောင်မြင်တဲ့သူကတော့ ဒီလိုမဟုတ်ဘူး။ အားနည်းချက်ကို ပြောင်းလဲစေတဲ့ ဘုရားရဲ့တန်ခိုးတော်ကို နေရာပေးတယ်။ တမန်တော် ကြီးရှင်ပေါလု ကိုယ်တိုင် အသက်တာမှာ အားနည်းတဲ့အရာတွေရှိိတယ်။ ဒါပေမယ့် သူဟာ ဘုရားရဲ့နိယာမကို သဘောပေါက်တဲ့အခါမှာ ဒီအားနည်းချက်ကြောင့် ရပ်တန့်သွားတဲ့သူမဟုတ်ဘူး။ စိတ်ပျက်နေတဲ့သူမဖြစ်ခဲ့ဘူး။ အားနည်းချက်တွေအပေါ်မှာ ဘုရားတန်ခိုးတော် နေရာယူလာရင် အားနည်းချက်မရှိတဲ့သူတွေထက် အဆပေါင်းများစွာသာလွန်မယ်ဆိုတာ သူဟာသိတယ်။ ဒါကြောင့် အားနည်း ချက်ရှိလို့ စိတ်မပျက်တဲ့အပြင် ဝမ်းမြောက်တယ်လို့တောင်ဆိုလိုက်သေးတယ်။ ဘာလို့ အားနည်းချက်ရှိတာ စိတ်မပျက်တဲ့အပြင် ဝမ်းမြောက်နိုင်ရတာလဲ? အဖြေက ရှင်းပါတယ်။ ဘုရားရဲ့ အားကြီးတဲ့တန်ခိုးတော်ကို နေရာပေးတတ်လို့ဖြစ်တယ်။ သင့်ရဲ့ မလုပ်နိုင်ခြင်း မတတ်နိုင်ခြင်း နေရာမှာ ဘုရားတန်ခိုးတော်ကို နေရာပေးပါ။ လုပ်နိုင် တတ်နိုင်တဲ့သူတွေထက် သင်ဟာ ပိုပြီးတော့ သာလွန်ပါလိမ့်မယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့

တန်ခိုးပါသော စိတ်ဝိညာဉ်

”အကြောင်းမူကား ဘုရားသခင်​သည် ငါ​တို့​အား ကြောက်​တတ်​သော​ဝိညာဉ်​ကို ပေး​တော်မူ​သည်​မ​ဟုတ်​ဘဲ တန်ခိုး၊ ချစ်​ခြင်း​မေတ္တာ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​တို့​နှင့်ဆိုင်သော​ဝိညာဉ်​ကို ပေး​တော်မူ​၏။“ ၂‭‭တိ ၁း၇

ဘဝမှာ ဘုရားမပေးတဲ့ စိတ်ဝိညာဉ်တွေကို နေရာမပေးမိစေနဲ့။ ကျွန်တော်တို့အထဲမှာ ရှိတဲ့ အချို့သော စိတ်သဘောတွေက ဘုရားဆီကနေ လာတာမဟုတ်ဘူး။ အားငယ်တာ၊ ကြောက်လန့်တဲ့အရာတွေ စတဲ့အရာတွေက ဘုရားဆီကနေ လုံးဝကို မလာဘူး။ ကြောက့်ခြင်းက ယုံကြည်ခြင်းရဲ့ အဓိက ရန်သူလည်းဖြစ်တယ်။ ကြောက်တတ်ခြင်းကိုနေရာပေးတယ်ဆိုရင် အသက်တာမှာ ယုံကြည်ခြင်းနေရာယူလို့မရတော့ဘူး။ ယုံကြည်ခြင်းမရှိရင် ဘုရားပေးတဲ့ျင်အရာ အားလုံးကို လက်ခံဖို့ ဘယ်လိုမှကိုမဖြစ်နိုင်တော့ဘူး။ ယုံကြည်ခြင်းက ဘုရားဆီကနေ ကောင်းတဲ့အရာတွေလက်ခံဖို့အတွက် အဓိကသော့ချက်ပဲ။

ယုံကြည်သူ ဘုရားသားသမီးပြောပြီး ဘာလို့များ တန်ခိုး နှင့် အသက်မရှင်နိုင်ရတာလဲ? အဖြေကတော့ရှင်းတယ် ဘုရားမပေးတဲ့ စိတ်ဝိညာဉ်တွေကို အသက်တာမှာ နေရာပေးမိလို့ဖြစ်တယ်။ တစ်ခါတစ်လေ ဘာမှမဟုတ်ဘူးလို့ထင်တဲ့အရာတွေက အသက်တာမှာ ကြီးမားတဲ့ ပျက်ဆီး ဆုံးရှုံမှုဖြစ်စေတယ်။ အမှိုက်ကစ ပြဿဒ် မီးလောင် ဆိုသလိုပေါ့။ ဘုရားပေးျင်တဲ့ တန်ခိုးပါတဲ့ စိတ်ဝိညာဉ် အသက်တာမှာ နေရာယူလို့မရတာ ဟာ ဘုရားမပေးတဲ့ ကြောက်စိတ်ကို နေရာပေးထားလို့ပဲ။ ကြောက်စိတ်သာမရှိပဲ ယုံကြည်ခြင်း နှင့်အသက်ရှင်ရင် ဘုရားသားသမီးတစ်ယောက်ဟာ သေချာပေါက် ဘုရားတန်ခိုးတော် ထင်ရှားတဲ့ အသက်တာနှင့် ရှင်သန်နိုင်လိမ့်မယ်။

ဇန်နဝါရီလ ၉ ရက်နေ့

တန်ခိုးတော်အားဖြင့် ခိုင်ခံ့ခြင်း

”ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-“ ဧဖက် ၆:၁၀

ခြေချော်စရာများလှတဲ့ လောကကြီးထဲမှာ မယိုင်မလဲ အစဉ်တည်မြဲစွာရပ်တည်နိုင်ဖို့အတွက် ဘာများလုပ်ရပါ့မလဲ? ပြောင်းလဲကာစကတည်းက ကိုယ့်ဟာကိုယ်မေးခဲ့တဲ့မေးခွန်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘုရားဘက်မှာစိတ်အားကြီးတဲ့၊ ဘုရားအတွက် လုပ်ဆောင်တဲ့သူတွေ များစွာ ခြေချော်ပြီးတော့လဲကျသွားတယ်။ တချို့ဆိုပြန်ထဖို့ ဘယ်လိုမှကို မဖြစ်နိုင်လောက်အောင်ကို ဆိုးရွားခဲ့တယ်။ လူတွေကလည်း ပြောတယ် မင်းတို့လည်း အဲ့ဒီလူတွေလိုပဲဖြစ်မယ်။ဘယ် လောက်ကြာကြာခိုင်ခံ့နိုင်မှာလဲ? တက်ကြွတုန်းခဏပေါ့ စတဲ့ လဲကျတာကို ပြန်ထဖို့ အားပေးတဲ့စကားမပြောပဲ လဲကျဖို့ အားပေးတဲ့စကားတွေပဲ ပိုပြောကြတယ်။ အဲ့ဒီအချိန်မှာကိုယ့် ခွန်အားနှင့် ဘုရားထားတဲ့ပန်းတိုင်ကိုရောက်အောင်သွားဖို့ဘယ်လိုမှ မဖြစ်နိုင်မှန်းကောင်းကောင်းသိတဲ့အခါမှာ တချိန် ချိန်မှာလဲကျသွားရင် ဘယ်လိုများလုပ်မလဲ? ဆိုတဲ့အတွေးက လဲကျသွားဖို့အတွက် ပိုဖိအားဖြစ်စေခဲ့တယ်။ တကယ်တော့ ဘုရားရဲ့တန်ခိုးတော်ဆိုတာနိမိတ်လက္ခဏာတွေလုပ်ဖို့အတွက် ပဲမဟုတ်ဘူး။ ခြေချော်လဲစရာများစွာရှိတဲ့လောကကြီးထဲမှာ ခြေမချော်ပဲ ခိုင်ခံ့စွာရပ်တည်နိုင်စေဖို့အတွက်လိုအပ်တဲ့ အလိုအပ်ဆုံးအရာတစ်ခုပဲဖြစ်တယ်။ ဘုရားတန်ခိုးတော်မပါရင် ဘုရားတန်ခိုးတော်ကိုသာအမှီမပြုရင် ဘယ်လိုမှဘယ်တော့မှ ခိုင်ခံ့စွာရပ်တည်နိုင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။ ဘုရားက သင့်အသက်တာကို လဲကျခြင်းများစွာထဲကနေ သူ့ရဲ့တန်ခိုးတော်အားဖြင့် ခိုင်ခံ့စွာ ရပ်တည်နိုင်တဲံသူ ဖြစ်စေပါလိမ့်မယ်။ လဲကျသွားမယ်လို့ မတွေးနဲ့ တန်ခိုးတော် အားဖြင့် ခိုင်ခံ့စွာရပ်တည်နိုင်မယ်လို့ယုံပါ။

ဖေဖေါ်ဝါရီလ ၈ ရက်နေ့

တန်ခိုးတိုးပွားချင်ရင်

”ထို​သို့ ယော​သံ​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​အ​ကျင့်​တို့​ကို ပြင်​ဆင်​သော​ကြောင့် တန်​ခိုး​တိုး​ပွား​သ​တည်း။“ ၂ရာ ၂၇:၆

ဘုရားရဲ့တန်ခိုးတော်ဟာ အရာခပ်သိမ်းကိုတတ်စွမ်းနိုင်တယ်။ ဒီတန်ခိုးနဲ့သာသွားရင်ဘဝမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာတွေအားလုံးကဖြစ်နိုင်ခြင်းကို ပြောင်းသွားလိမ့်မယ်။တချိန်တုန်းက ကိုယ့်ခွန်အားနှင့်မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေ ဘုရားတန်ခိုးတော် အသက်တာမှာ ရောက်လာတဲ့အခါမှာ အရာရာ ပြောင်းလဲသွားတယ်။ ဘုရားတန်ခိုးတော်နှင့်အသက် ရှင်တတ်ခြင်းက သင့်ဘဝကို ကြီးမားတဲ့အပြောင်းအလဲတွေယူဆောင်လာပေးတယ်။ လူတွေက ဘုရားတန်ခိုးတော်ကိုအမှီပြုမယ့်အစား တခြားအရာတွေအပေါ်မှာ အသက်တာကိုတည် ဆောက်တဲ့အတွက် သာမန်လူတွေလိုဘဲ အကန့်အသတ်အောက်မှာအသက်ရှင်ရတယ်။ တချို့သောအရာတွေက သင့်အသက်တာမှာ ဘုရားတန်ခိုးတော် ပိုနေရာပေးဖို့ပိုပြီး တိုးတက်လာဖို့လိုတယ်။ ဘုရားတန်ခိုးတော်တိုးပွားလာတာနှင့်အမျှ ဖြစ်ပျက်လာမယ့်အရာတွေကလည်း တူမှာမဟုတ်တော့ဘူး။

ဒါဆိုရင် ဘုရားတန်ခိုးတော် အရင်ထက်ပို နေရာယူလာဖို့ ပိိုတိုးပွားလာဖို့ဆိုတာ အလိုလိုနေရင်းနှင့် ဖြစ်လာမှာမဟုတ်ဘူး။ ယောသံဟာ ဘုရားရဲ့တန်ခိုးတော် သူ့အသက်တာမှာ ပိုပြီးနေရာယူ ပိုပြီးတိုးပွားလာဖို့အတွက် သူဟာ အသက် တာမှာ လုပ်ဆောင်တဲ့အရာတွေကို ပြင်ခဲ့တယ်။ အကျင့်တွေကို ဘုရားအလိုတော်နှင့်အညီ ဘုရားသဘောကျအောင် ပြင် ဆင်လေ ဘုရားတန်ခိုးတော် နေရာယူမူနှင့် လုပ်ဆောင်မှုက တိုးပွားလေဖြစ်တယ်။ နေချင်သလိုနေ လုပ်ချင်တာလုပ်ရုံနဲ့တော့ ဘုရားတန်ခိုးတော်က ပိုပြီးတိုးပွားလာမှာမဟုတ်ဘူး။ဘုရားတန်ခိုးတော် နေရာမယူတဲ့အတွက် တခြား အရာတွေကလည်း ဘာမှထူးခြားလာမှာမဟုတ်ဘူး။ အသက်တာမှာ ဘုရားတန်ခိုးတော်ကို နေရာပိုပေးချင်ရင် နေ့စဉ် ကျင့်တဲ့အကျင့်တွေကို ဂရုစိုက်ပါ။ အကျင့်တွေပြောင်းလဲလာတာနဲ့အမျှ တန်ခိုးတော် သက်ရောက်မှုလည်း ပြောင်းလဲလာပါလိမ့်မယ်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့

တန်ခိုးတော်ကို မြင်ပြီးမှ

”ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ဖာ​ရော​မင်း၌ အ​ဘယ်​သို့​ပြု​မည်​ကို သင်​သည် ယ​ခု​သိ​လိမ့်​မည်။ သူ​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို​တွေ့​မြင်၍၊ ငါ​၏​လူ​တို့​ကို လွှတ်​ရ​လိမ့်​မည်။ ကြီး​စွာ​သော တန်​ခိုး​ကို​တွေ့​မြင်၍ သူ​တို့​ကို မိ​မိ​ပြည်​မှ​နှင်​ရ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။“ ထွက်မြောက်ရာ‬ ၆:၁

ဘယ်အချိန်မှာ စစ်မှန်တဲ့လွတ်မြောက်ခြင်းကို ခံစားရမှာလဲ? လူတွေမေးလေ့ရှိတဲ့မေးခွန်းတစ်ခုပါ။ ရန်သူရဲ့ထိန်းချုပ်မှုအောက်ကနေ၊ ငွေကြေးဆိုင်ရာ ဖိဆီးမှုတွေအောက်ကနေ၊ လောကရဲ့ အနိုင်ကျင့်အုပ်စိုးမှုတွေကနေ လူတိုင်းလွတ်မြောက်ဖို့လိုနေကြတယ်။ လွတ်မြောက်ဖို့ ကြိုးစားတိုင်းလည်း အလုံးစုံလွတ်မြောက်ဖို့က ထင်သလောက် မလွယ်ကူပါဘူး။ တချို့ဆို ကြိုးစားရင်းနဲ့ပဲ အဆုံးသတ်သွားတဲ့ ဘဝတွေလည်းမနည်းဘူး။ လူတွေလိုချင်တဲ့ စစ်မှန်တဲ့လွတ်မြောက်ခြင်း ဘဝကို ဘုရားရဲ့တန်ခိုးတော် အသက်တာမှာ နေရာယူလာတဲ့အခါမှာမှ မြင်တွေ့ရပါလိမ့်မယ်။ တန်ခိုးတော်ကိုမမြင်ရမချင်း ဘယ်တော့မှ စစ်မှန်တဲ့လွတ်မြောက်ခြင်း ကို ပိုင်ဆိုင်ရမှာမဟုတ်ဘူး။

အဲဂုတ္တုမှာ နှစ်ပေါင်းများစွာ ကျွန်ဘဝကနေ လွတ်မြောက်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှမလွတ်မြောက်နိုင်တဲ့ ဣသရေလလူမျိုးတွေကို ဘုရားကမောရှေကိုစေလွှတ်ပြီးကယ်တင်တဲ့အခါမှာ သေချာမှာတယ်။ ဖါရောဟာ စနစ်အရလည်း တကယ့်ကိုခိုင်မာတဲ့ ခေါင်းဆောင်မျိုးပါ။ တကယ့်ကိုမလွယ်တဲ့ အခြေအနေထဲကနေ လွတ်မြောက်ဖို့ခက်ခဲပါတယ်ဆိုတဲ့ နေရာကနေ ဘုရားက အလုံးစုံလွတ်မြောက်ခြင်းကို ပေးခဲ့တယ်။ ပေးတာတောင်မှ လူတွေရဲ့ကြိုးစားမှုနဲ့မဟုတ်ပဲ ဘုရားရဲ့တန်ခိုးတော်အားဖြင့်သာ လွတ်မြောက်စေခဲ့တယ်။ တန်ခိုးကိုမတွေ့ရမချင်း ဖါရောလက်ကနေလွတ်လမ်း ရှိကိုမရှိတာ။ တန်ခိုးတော်အားဖြင့်သာ အင်မတန်လွတ် မြောက်ဖို့ ခက်ခဲတဲ့ ဖါရောလက်ကနေ လွတ်မြောက်စေခဲ့တယ်။ ဒီနေ့ မှာလည်း လွတ်မြောက်ဖို့ ခက်ခဲတဲ့အရာတွေ ဘာတွေရှိလဲ ? ဘုရားတန်ခိုးတော်သက်ရောက်လာတဲ့အခါမှာ လွတ်မြောက်ဖို့ ခက်ခဲတဲ့အရာတွေအားလုံးကနေ သေချာပေါက် လွတ်မြောက်လာပါလိမ့်မယ်။​

ဖေဖေါ်ဝါရီလ ၆ ရက်နေ့

တန်ခိုးတော်များအကြောင်းကိုကြေငြာခြင်း

”ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍ အ​လွန်​ချီး​မွမ်း​ဖွယ် ဖြစ်​တော်​မူ၏။ ကြီး​မြတ်​တော်​မူ​ခြင်း​ကို စစ်၍​မ​ကုန်​နိုင်။ အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​သည်​လည်း ဘုန်း​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အံ့​ဖွယ်​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း မြွက်​ဆို​ပါ​မည်။“ ဆာလံ‬ ‭၁၄၅:၃-၅

ဘာလို့များ နှုတ်ကပတ်တော်ထဲက ဘုရားကြီးမားစွာအသုံးပြုတဲ့သူတွေရဲ့အသက်တာက လက်ရှိ မျိုးဆက်တွေနဲ့ မတူပဲ​ကွဲပြားရတာလဲ? နှုတ်ကပတ်တော်ထဲက အရာတွေက ပုံပြင်ထဲမှာလိုအခုမျက်မှောက်မှာ မဖြစ်နိုင်တာ မဖြစ်တော့တာ လုံးဝမဟုတ်ပါဘူး။ ဒါဆိုရင် ဘာလို့များသူတို့အသက်တာမှာ ဘုရားရဲ့တန်ခိုးတော်၊ ဘုန်းတော်ကိုကြီးမားစွာမြင်ရပြီးတော့ ကျွန်တော်တို့မျက်မှောက်ခေတ်ကာလမှာ ဘာကြောင့်များ ရှားပါးသွားရတာလဲ? အဖြေကတော့ရှင်းပါတယ်။ သူတို့ ယုံသလို မယုံကြည်တော့တာရယ်၊ သူတို့ ဟောပြောကြေငြာရဲသလို မကြေငြာမပြောထုတ်ရဲတာကြောင့်ပါပဲ။
ယုံကြည်ခြင်းဖခင်တွေဟာ သူတို့ရဲ့ခေတ် ကာလမှာ ဘုရားကောင်းမြတ်ခြင်းအကြောင်းပဲ ဟောပြောတာမဟုတ်ဘူး။ ဘုရားအသက်ရှင်တယ်လို့ပဲ လူတွေကို ဟောကြားသင်ပေးတာမဟုတ်ပဲ သူ့ရဲ့ချီးမွမ်းလို့မကုန်နိုင်တဲ့ တန်ခိုးတော်အကြောင်းကို များစွာ ဟောပြောသွန်သင်တယ်။ ချီးမွမ်းသီချင်းဆိုကြတယ်။ သူတို့ရဲ့အသက်တာနှင့် ပတ်ဝန်းကျင်မှာ ဒီအရာတွေကပဲ နေရာယူထားတယ်။ သူတို့မြွတ်ဆိုတာက မဖြစ်နိုင်ဘူးဆိုတဲ့စိတ်ဓါတ်ကျတဲ့သီချင်းမဟုတ်ဘူး။ သူတို့မြွတ်ဆိုဟောပြောတာက ဘုရားတတ်နိုင်တဲ့ တန်ခိုးကြီးတဲ့ အကြောင်း။ သူတို့ပြောတဲ့အတိုင်းလည်းသူတို့ဘဝနှင့်ခေတ်ကာလမှာ အကုန်ဖြစ်ပျက်ခဲ့တယ်။ ဘုရားမလုပ်ပေးတာ တစ်ခုဆို တစ်ခုမှကိုမရှိဘူး။ ဒီခေတ်မှာလည်းလူတွေကို အားပေးတဲ့တရားဟောချက်တွေ၊ ကောင်းကင်ရောက်ကြောင်း လောက်ပဲ ဟောပြောတာကို မကျေနပ်ပဲ၊ ဘုရားတတ်နိုင်ခြင်းနှင့်ကြီးမြတ်တဲ့တန်ခိုးတော်အကြောင်းကို များများဟောပြောသက်သေခံဖို့လိုတယ်။ ပြောထုတ်ဝန်ခံတဲ့အတိုင်း အသက် တာမှာ အရာရာအားလုံးဟာ ဖြစ်ပျက် လာမှာသေချာတယ်။

ဖေဖေါ်ဝါရီလ ၅ ရက်နေ့

တန်ခိုးတော်အားဖြင့်ကျင်လည်အသက်ရှင်ခြင်း

”ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။ အကျွန်ုပ်​သည် ဘုရားရှင်​ထာဝရဘုရား​၏ အစွမ်းတန်ခိုး​တော်​များ​ဖြင့် သွား​၍ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​သာ ထုတ်ဖော်​ပြောဆို​ပါ​မည်​။“ ဆာလံ ၇၁:၁၅-၁၆

အားလုံးသိမှ လုပ်မယ်၊ ပြောမယ်ဆိုရင် ဘယ်တော့မှ လုပ်ခွင့်၊ ပြောခွင့်ရတော့မှာမဟုတ်ဘူး။ အားလုံးသိအောင် အရင်လုပ်လိုက် အုံးမယ်ဆိုပြီးတော့ တချို့က ဆင်ခြင်ပေးတယ်။ အထူးသဖြင့် ဘုရားနှင့်ပတ်သက်ပြီးတော့ အကုန်အစင် သိဖို့၊ နားလည်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ပါ။ သိသလောက် နားလည်သလောက် လုပ်ဆောင်ရင်းနှင့်ပိုသိလာပိုနားလည် လာတာပါ။ စစ်လို့မကုန်နိုင်တဲ့ လူ့ဉာဏ်နှင့်မမှီနိုင်တဲ့ ဘုရားရဲ့နက်နဲတဲ့အရာတွေကို နားလည်ချင်ရင် ဘုရားသခင်ရဲ့တန်ခိုးတော်ထဲမှာ သွားလာကျင်လည်တတ်ခြင်းကလည်းအရေးကြီးတယ်။ ကျောင်းမှာသင်ပေးသလောက်ပဲ၊ သူများပြောသလောက်နှင့်တော့ သိနိုင်ဖို့အင်မတန်ဝေးတယ်။

ဆာလံဆရာ ကိုယ်တိုင်ကလည်းဝန်ခံတယ်သူ ဘုရားအကြောင်းကို အကုန်အစင်နားမလည်သေးပေမယ့်သူဟာ သိသလောက်တော့ တစ်နေ့လုံး ဟောပြော သက်သေခံနေတယ်။ ပိုပြီးသိဖို့လည်းဘုရားရဲ့တန်ခိုးတော်နှင့် အသက်ရှင်တယ်။ ဘုရားအကြောင်းသိချင်ရင် သူ့ရဲ့တန်ခိုးတော်ထဲမှာမရှင် သန်ပဲနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ လူတချို့ကသူတို့ဘုရားအကြောင်းကိုသိပြီလို့ထင်တတ်ပေမယ့် တန်ခိုးတော်ကို လက်လည်းမခံဘူး။ အသက်တာမှာလည်းဘုရားတန်ခိုးတော်က နေရာမယူနေဘူး။ ဒါဆိုရင်တော့သေချာတော့ ပုံပြင် တစ်ပုဒ်လိုဘဲ ဘုရားအကြောင်းကို ကြားဖူးလိမ့်မယ်။ ဘယ်တော့မှ ဘုရားရဲ့ဖြစ်တည်ခြင်းကို ကိုယ်တိုင်နားလည် လက်ခံသဘောပေါက်လာမှာမဟုတ်ဘူး။ ကိုယ်တိုင် မစားဖူးတဲ့အရာတစ်ခုရဲ့အကြောင်းကို ပြောရတာလောက်ခက်တာမရှိဘူး။ ဘုရားတန်ခိုးတော် အသက်တာမှာမရှိပဲ၊ နေရာမယူပဲနှင့် သူဟာ ဘုရားကိုတကယ်သိတယ်လို့မဆိုလိုနိုင်ဘူး။ ဘုရားနှင့် သူ့ရဲ့တန်ခိုးတော်ကသပ်သပ်စီခွဲထားလို့မှမရတာ။ ဘုရားရှိတဲ့နေရာတိုင်းမှာ တန်ခိုးရှိသလို ဘုရားနဲ့သွားလာခြင်းဆိုတာ တန်ခိုးနိမိတ်လက္ခဏာမပါပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့
တန်ခိုးတော်ကိုဂရုမစိုက်သောသူများ

”အ​ကြောင်း​မူ​ကား၊ သူ​တို့​စိတ်​နှ​လုံး မိုက်​သည်​ဖြစ်၍ မုန့်၌​ပြ​သော​တန်​ခိုး​တော်​ကို ပ​မာ​ဏ​မ​ပြု​ကြ။“ မာကု‬ ‭၆:၅၂

ဘယ်သူတွေကများ ဘုရားတန်ခိုးတော်ကို ဂရုမစိုက်၊ တန်ဖိုးမထား တတ်ကြတာလဲ? သခင်ယေရှုလောကမှာအသက်ရှင်တဲ့အချိန်မှာ များစွာသောအရာတွေမှာတန်ခိုးတော် အားဖြင့် လုပ်ဆောင်အမှုပြုခဲ့တယ်။ သွားတဲ့နေရာတိုင်းမှာ လိုအပ်ချက်တိုင်းမှာဘုရားရဲ့တန်ခိုးတော်နှင့်ဖြေရှင်းပေးခဲ့တယ်။ လူတွေအသက်တာမှာ ကိုယ့်ခွန်အားနှင့်သုံးပြီးဖြေရှင်းလို့မရတာတွေများစွာရှိတယ်။ ဒီအရာတွေကို သခင်ယေရှုက ဘုရားတန်ခိုးတော်အပေါ်မှာ အမှီပြုပြီးရှင်သန်ဖို့အတွက် လိုအပ်တဲ့ယုံကြည်ခြင်းကို တည်ဆောက်ပေးခဲ့တယ်။ သူဟာ ကျွန်တော် တို့အားလုံးရဲ့စံပြနမူနာမဟုတ်လား? သူလုပ်တယ်ဆိုပြီးတော့ကြွားချင်ရုံ သက်သက်နှင့်ဒီတန်ခိုးတော်တွေကို ပြသခဲ့တာမဟုတ်ဘူး။ နေ့စဉ်အသက်တာမှာ သင့်ရဲ့လိုအပ်ချက်တွေကို ဘုရားရဲ့တန်ခိုးတော်နှင့် ဖြေရှင်းဖို့အတွက် သွန်သင်ပေးခြင်းသာလျှင်ဖြစ်တယ်။
အခုခေတ်ကာလမှ မဟုတ်ပါဘူး သခင်ယေရှုရှိတုန်းကလည်းများစွာသောနိမိတ်လက္ခဏာတွေကိုမြင်ရခံစားရပေမယ့် ဂရုမစိုက်၊ တန်ဖိုးမထားတဲ့ လူတန်းစာ သက်သက် ကိုရှိတယ်။ ဒီလူတွေဟာဘာကြောင့်များ ဘုရားပြုတဲ့ တန်ခိုးတော်ကို ဂရုမစိုက်ရတာလဲ? အဖြေက တော့ရှင်းပါတယ် နှလုံးသားကြောင့်ပေါ့။ နှလုံးသားမိုက်တဲ့သူတွေက ကိုယ့်အရည်အချင်း၊ ကိုယ်လုပ်နိုင်ခြင််းကိုပဲ အာရုံစိုက်တယ်။ နှလုံးသားကောင်းတဲ့သူတွေကတော့ဘုရားပြုတဲ့တန်ခိုးတော်ကိုအသက် တာမှာလိုချင်တောင့်တတယ်။ အရာရာကိုယ်အစွမ်းနှင့်ဖြေရှင်း ဖို့ထက် ဘုရားအစွမ်းတန်ခိုးနှင့်ဖြေရှင်းဖို့ ပိုပြီးစိတ်အားထက်သန်ပါ။​

ဖေဖေါ်ဝါရီလ ၂ ရက်နေ့

ဘုရားသခင်ရဲ့တန်ခိုးတော်

”ငါ​တို့​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ကောင်းမြတ်​တော်မူ​ခြင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ခြင်း​အားဖြင့် ကိုယ်တော်​၌​ရှိ​သော​ဘုရား​တန်ခိုး​တော်​သည် အသက်ရှင်​ခြင်း​နှင့်တကွ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​တို့​နှင့်ဆိုင်သော အရာ​ခပ်သိမ်း​တို့​ကို ငါ​တို့​အား​ပေး​သနား​တော်မူ​ပြီ။“ ‭‭၂ပေ ၁:၃

ဘုရားသခင်ရဲ့တန်ခိုးတော်ဟာ အရာခပ်သိမ်းကိုလုပ်ဆောင်နိုင်တယ်။ လိုအပ်တဲ့ကျန်းမာခြင်း၊ လိုအပ်တဲ့ ငွေကြေးဆိုင်ရာလွတ်မြောက်ခြင်းစတဲ့ လိုအပ်တဲ့ အရာတိုင်းကို လုပ်ဆောင်ပေးနိုင်တယ်။ ဒီအရာတွေမကပါဘူး ဘုရားသခင် ရဲ့တန်ခိုးတော်က အသက်ရှင်ခြင်းအတွက် လိုအပ်တဲ့အရာတိုင်းကို တာဝန်ယူဖြေရှင်းပေးနိုင်တယ်။ သင့်ဘဝရဲ့အသက်ရှင် ရေးအတွက် ဘယ်အရာတွေက စိန်ခေါ် နေသလဲ? ဘယ်အရာမဆို ဘုရားတန်ခိုးတော်ကတတ်နိုင်တယ်။ ဒီလိုအပ်ချက်တွေတင်မကပါဘူး ဘုရားဝတ်မှာမွေ့လျော်ခြင်းနှင့်ဆိုင်တဲ့အရာတွေကိုလည်းလုပ်ဆောင်ပေးတယ်။ လူ့ခွန်အား လူ့တတ်နိုင် ခြင်းနှင့်မရနိုင်တဲ့အရာတွေများစွာရှိတယ်။ ဝိညာဉ်ရေးရာ လုပ်ဆောင်မှုတွေဟာ ဘုရားတန်ခိုးတော်မပါပဲ လုပ်ဆောင်လို့မရဘူး။

ဘုရားဝတ်မှာ မွေ့လျော်ဖို့ဆိုတာ လူတစ်ယောက် နေနဲ့ အင်မတန်ခက်ခဲတဲ့ကိစ္စပါ။ လူ့အသွေးအသားက ဘုရားနှင့်ဆိုင်တဲ့အရာတွေမှာ ပျော်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတောင်မှ ပုံမှန်နေ့စဉ်လုပ်နိုင်ဖို့ခက်ခဲပါတယ်။ ဒီအရာတွေကို ဘုရားတန်ခိုးတော်က သာလျှင် အသွေးအသားဆန္ဒတွေကိုကျော်လွန်ပြီးတော့လုပ် ဆောင်နိုင်ရန် ကူညီမစတယ်။ ဘုရားတန်ခိုးတော် မပါပဲ ဘုရားဝတ်မှာ မွေ့လျော်ဖို့ဆိုတာ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ လူတစ်ယောက် ဘုရားဝတ်မှာမွေ့လျော်ပြီး ဘုရားနှင့်နက်ရှိုင်းစွာအချိန်ယူခြင်းက ဘုရားတန်ခိုးတော် သက်သက်ကြောင့် ဖြစ်တယ်။ ဝိညာဉ်ရေးရာတိုင်းကို လျှောက်လှမ်းသွားစေနိုင် တာ ဘုရားရဲ့တန်ခိုးတော် သက်သက်ကြောင့်သာလျှင်ဖြစ်တယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့

အရှေ့ကိုဘဲကြည့်

”ညီအစ်ကို​တို့၊ ငါ​ဖမ်းကိုင်​ထား​ပြီ​ဟု ငါ​ကိုယ်တိုင်​မ​မှတ်ယူ။ သို့သော် ငါ​ပြု​သော​အရာ​တစ်​ခု​မှာ နောက်၌​ရှိ​သော​အရာ​များ​ကို​မေ့​ထား​၍ ရှေ့၌​ရှိ​သော​အရာ​များ​သို့​တက်လှမ်း​ကာ“ ဖိလိပ္ပိ ၃:၁၃

လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်၊ အဲ့ဒီအတိတ်မှာလည်း ကောင်းတဲ့အတိတ်ရှိသလို မကောင်းတဲ့အတိတ်တွေလည်း အပြည့်ရှိကြတာချည်းပဲ။ အတိတ်ဆိုတာ ကြိုက်ကြိုက် မကြိုက်ကြိုက် ဖျောက်ပစ်လို့တော့မရဘူး။ ပြောင်းပစ်လို့လည်း အခွင့်အရေးမရှိဘူး။ လူပေါင်းများစွာက လက်ရှိကာလမှာမရှင်သန်ပဲ အတိတ်မှာပိတ်မိနေတတ်ကြတယ်။ ကောင်းတဲ့အတိတ်တွေကလည်း တစ်ခါတစ်လေ သင့်ကို သော့ခတ်ထားနိုင်တယ်။ အတိတ်မှာ ဘယ်လောက် ကောင်းခဲ့တာဆိုပြီးတော့လက်ရှိအခြေအနေကို အပြစ်တင် မကျေမနပ်နဲ့ ခံစားနေရတဲ့သူတွေရှိသလို၊ အတိတ်ကအခြေအနေထဲမှာပဲ ကျေနပ်ပြီးတော့ လက်ရှိဘဝနဲ့အနာဂတ်ပျောက်သွားတဲ့သူတွေလည်းရှိတယ်။ တချို့ကျတော့ အတိတ်ရဲ့မကောင်းတဲ့ ခံစားချက်တွေကြောင့် လက်ရှိနဲ့အနာဂတ်တစ်ခုလုံးကို ခါးသီးစွာ ဖြတ်ကျော် နေကြတယ်။ အတိတ်ကတော့ ပြောင်းလဲလို့မရတော့ဘူး။ပြောင်းလဲဖို့လည်းအခွင့်အရေးမရှိတော့ဘူး။ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် ထားလိုက်ပါ။ အရေးကြီးဆုံး လက်ရှိ အခြေအနေနဲ့အနာဂတ်ကိုအတိတ်ကရလာတဲ့သင်ခန်း စာနဲ့ အကောင်းဆုံးဖြတ်ကျော်ဖို့ဘဲမဟုတ်လား?

တမန်တော်ကြီးရှင်ပေါလုကတော့ပြောတယ် သူ့ဘဝမှာ ဘာလို့နောက်ဆုံးမှ ပြောင်းလဲပြီးတော့ ထိပ်ဆုံးကို ရောက်ခဲ့သလဲဆိုတဲ့အရာကို ပြီးခဲ့တဲ့အတိတ်ထဲမှာ သူဟာ ချောင်ပိတ်မမိပဲနဲ့ အဲ့ဒီထဲကနေရုန်းထွက်နိုင်တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့အရာတွေကို သူ့ဘဝမှာဆက်မသယ်သွား ဘူး၊ ရှေ့မှာရှိတဲ့ ပန်းတိုင်ကို အာရုံစိုက်တယ်။ သူဟာ တကယ့် ကို အနာဂတ်ထဲမှာရှင်သန်တဲ့သူတစ်ယောက်ဖြစ်ခဲ့တယ်။ ဘယ်တော့မှ အတိတ်ရဲ့ အကျဉ်းထောင်ထဲမှာ ဆက်မရှင်သန်ဘူး။ ကောင်းတဲ့ အတိတ်ပဲဖြစ်ဖြစ် ဆိုးတဲ့အတိတ်ပဲဖြစ်ဖြစ် ထားလိုက်ပါ။ အဲ့ဒီကနေ သင်ယူစရာနှင့် သင်ခန်းစာယူစရာကိုပဲ သယ်လာခဲ့ပါ။ ကျန်တာတွေကတော့ ဆက်ပြီးတော့အသက်တာမှာ ရှင်သန်ခွင့်မပေးနဲ့။


ဇန်နဝါရီလ ၃၁ ရက်နေ့

လုပ်သမျှမှာထားရမယ့် စိတ်ထား

”သင်​တို့​လုပ်ဆောင်​သမျှ​သော​အရာ​ကို လူ​တို့​အတွက်​လုပ်ဆောင်​သကဲ့သို့​မ​ဟုတ်​ဘဲ သခင်​ဘုရား​အတွက်​လုပ်ဆောင်​သကဲ့သို့ စိတ်နှလုံး​ပါ​လျက် လုပ်ဆောင်​ကြ​လော့။“ ကောလောသဲ ၃:၂၃

ဘာအလုပ်လုပ်သလဲဆိုတာထက် ဘယ်လိုနှလုံးသား နှင့်လုပ်သလဲဆိုတာ ပိုအရေးကြီးတယ်။ ဘုရားနိုင်ငံတော်မှာ ဘယ်သူတွေက အထူးအောင်မြင်ကြသလဲဆိုရင် နိမ့်ကျတဲ့ အလုပ်ဖြစ်ရင်တောင် ဘုရားသခင်အတွက်မြင့်မြတ် တဲ့နှလုံးသားနှင့်လုပ်ဆောင်တတ်ဖို့အရမ်းကိုအရေးကြီးတယ်။ လူတချို့က ကြီးမြတ်တဲ့အလုပ်တွေကိုလုပ်ဆောင် ခွင့်ရပေမယ့် စိတ်နှလုံးပါလျှက် ဂုဏ်ယူလျှက် ဘုရားအတွက် အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ထက် ဝတ်ကျေတန်းကျေ လုပ်တတ်ကြတယ်။ ဘုရားက ဘယ်တော့မှ နှလုံးသားနှင့်မလုပ်တတ်တဲ့သူတွေကို ကောင်းကြီးပေးလေ့မရှိဘူး။ သခင်ယေရှုကိုယ်တိုင် အနိမ့်ကျဆုံး အလုပ်ဖြစ်ပေမယ့် ကားတိုင်လမ်းကို အမြင့်မြတ်ဆုံးနှလုံးသားနှင့် လုပ်ဆောင်ခဲ့တယ်။

တမန်တော်ကြီးရှင်ပေါလုက ဝိညာဉ်ရေးအတွက် အရေးပါတဲ့ နှလုံးသားကိုသွန်သင်ပေးတယ်။ ဘုရားအလုပ်ဘဲ မဟုတ်ဘူး လူတွေအလုပ်ကို လုပ်တဲ့အခါမှာလည်း အကောင်းဆုံးနှလုံးသားနှင့် စေတနာစိတ်နှင့် အကောင်းဆုံးလုပ်ဆောင်ဖို့ လိုတယ်။ နှုတ်ကပတ်တော်ထဲမှာ အောင်မြင်တဲ့ ဘုရားသုံးတဲ့သူတိုင်းကသူတို့ လုပ်ဆောင်လေသမျှမှာ ဒီလိုနှလုံးသားနှင့လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် အောင်မြင်တဲ့သူတွေ အဖြစ်ဘုရားချီးမြှောက်ခဲ့ကြတယ်။ အောင်မြင်ခြင်းမှာ တိုက်ဆိုင်တယ်ဆိုတာမရှိဘူး။ အကောင်းဆုံး လုပ်ဆောင်တဲ့သူတိုင်းဟာ အကောင်းဆုံးရလဒ်ကို မြင်တွေ့ရခဲ့တာချည်းပါဘဲ။

ဇန်နဝါရီလ ၃၀ ရက်နေ့

လွယ်လွယ်လေးနဲ့လုပ်နိုင်မယ်

”ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကယ်​စင်​စစ် ငါ​သည် သင်​နှင့်​အ​တူ​ရှိ​သ​ဖြင့်၊ သင်​သည် လူ​တစ်​ယောက်​ကို လုပ်​ကြံ​သ​ကဲ့​သို့၊ မိ​ဒျန်​လူ​တို့​ကို လုပ်​ကြံ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။“ သူကြီး ၆:၁၆

ကြီးမားတဲ့အရာတွေကိုလုပ်ဖို့ကြုံတွေ့နေရပြီးတော့ ငါဘယ်လိုလုပ်ရမလဲ? လုပ်နိုင်ပါ့မလားဆိုပြီးတော့ စိုးရိမ်ပူပန်နေပါသလား? လူတိုင်းဒီအခြေအနေကိုကြုံတတ်တယ်။ လုပ်ရမယ့်အရာက ဂေါလျက်ကြီးလောက်ဖြစ်ပြီးတော့ ကိုယ်က ဒါဝိဒ်လောက်ကလေးဖြစ်ကာ လက်ထဲရှိတာကလည်း ပြောလောက်စရာမရှိတဲ့ ကျောက်ခဲသေးသေးလေး ငါးလုံးထဲလို့ခံစားရတဲ့အချိန်တွေအများကြီးရှိတယ်။ ငါရှိတဲ့ လက်နက် ခွန်အားက ဒီအရာကြီးကိုဖြိုချဖို့ ဖြစ်နိုင်ပါ့မလား? ဖြစ်နိုင်လို့ လုပ်ခဲ့ကြပြီးပြီမဟုတ်လား? ကျောက်ခဲ ငါးလုံးစလုံးတောင် မသုံးလိုက်ရဘူး တစ်လုံးထဲနဲ့ကို လဲကျသွားတာ။ ဒီအဖြစ်တွေ ဘုရားအတူပါရှိခြင်းကိုသဘောပေါက်ပြီးတော့ ယုံကြည်ခြင်းနှင့် အရာရာကိုရင်ဆိုင်တဲ့သူတွေအသက်တာမှာ အကြိမ်ကြိမ် ဖြစ်ပျက်နေတယ်။

ဂိဒေါင်အသက်တာမှာလည်းအဆပေါင်းများစွာများတဲ့ ရန်သူတွေကိုလူအနည်းငယ်လေးနဲ့ ရင်ဆိုင်ဖို့မဖြစ်နိုင် ဘူးလို့တွေး နေတဲ့အချိန်မှာ ဘုရားကသူ့ကို စကားပြောတယ်။ ဘယ်လောက်များများ လူတစ်ယောက်ကိုလုပ်ကြံသလိုလုပ် ကြံမယ်။ ဒီလောက်များတဲ့သူတွေ ဒီလောက်အင်အားကြီးတာ ဘယ်လို ဖြစ်နိုင်မလဲ? တစ်ယောက်ကိုပဲလုပ်ကြံသလို လုပ်ကြံ ရမယ်တဲ့။ သွားရင်ဆိုင်တော့လည်းလူတွေကိုလျော့ခိုင်းတယ် များလွန်းတယ်တဲ့ စစ်ပွဲမှာ လူအင်အားရနိုင်သလောက်စု တာ မဟုတ်ဘူးလား? ဒါပေမယ့် ဘုရားက ပြောတယ် အင်အားက အဓိက မဟုတ်ဘူး၊ ဘုရားအတူပါရှိခြင်းက အဓိကဖြစ်တယ်။ဒါကြောင့် ဘုရားက သူအတူပါရှိတဲ့အခါမှာ ကြီးမားတဲ့အရာတွေ လွယ်လွယ်လေးနဲ့ လုပ်နိုင်စေမယ်လို့ကတိပေးတယ်။များလှတဲ့အလုပ်တွေကို တခါတည်းလုပ်နိုင်ခွင့်ကို ဘုရားက ပေးနိုင်တယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့

အောင်မြင်ခြင်းရဲ့ အရင်းအမြစ်

”ထို့ပြင် ထာဝရဘုရား​သည် ဓား​၊ လှံ​အားဖြင့် ကယ်တင်​သည်​မ​ဟုတ်​ကြောင်း​ကို ဤ​လူထုကြီး သိ​ရ​လိမ့်မည်​။ စစ်မှု​သည် ထာဝရဘုရား​၏​အရေး​ဖြစ်၍ ကိုယ်တော်​သည် သင်​တို့​ကို ငါ​တို့​လက်​သို့ အပ်နှံ​တော်မူ​မည်​”​ဟု ဆို​၏​။“ ၁ဓမ္မ ၁၇:၄၇

ဘဝရဲ့အောင်မြင်ခြင်းအရင်းအမြစ်က ဘယ်အရာလို့များသင်ထင်ပါသလဲ? တချို့က ငွေကြေး မရှိရင် မအောင်မြင်နိုင်ဘူးလို့ ထင်မြင်ကြသလို၊ တချို့ကျတော့လည်း ပညာအရည်အချင်းတွေက အဓိက ကျတယ်လို့ မြင်နေတဲ့သူတွေလည်းရှိတယ်။ ကျောထောက်နောက်ခံကောင်းမှအောင် မြင်မှုဆိုတာ ရနိုင်တယ်လို့ ခံယူတဲ့သူတွေလည်းရှိပါတယ်။ဒါကြောင့် လူတွေက အဲ့လိုအရောတွေမရှိရင် ငါဘယ်တော့မှ အောင်မြင်တော့မှာမဟုတ်ဘူးလို့ သတ်မှတ်ကြတယ်။ မြင်ရတဲ့အရာတွေကပဲ ဘဝကို ထိန်းကျောင်းနေတယ်လို့ မြင်မှတ် ပြီးတော့ အောင်မြင်ဖို့ကို ဒီပေတံတွေနဲ့ပဲတိုင်းတာ ပြီးတော့ ဆုံးဖြတ်နေကြတယ်။ ဒီလို သတ်မှတ်ခံယူသရွေ့ ဘယ်တော့မှ စစ်မှန်တဲ့ ဘုရားပေးတဲ့ အောင်မြင်ခြင်းကို မြင်တွေ့ရမှာမဟုတ်ဘူး။

တကယ်တော့ စစ်မှန်တဲ့ အောင်မြင်ခြင်းက ဘုရား ပဲ။ ကျန်တဲ့အရာတွေရှိခြင်းမရှိခြင်းလုံးဝကိုမဆိုင်တာ။ ဒါကို ဒါဝိဒ်က ကောင်းကောင်းသဘောပေါက်တယ်။ ရန်သူမှာ အကုန်ရှိတယ်။ လူတွေ သတ်မှတ်ထားတဲ့အောင်မြင်ခြင်းပေတံနဲ့သာတိုင်းမယ်ဆိုရင် ဂေါလျက်လောက် အောင်မြင်သင့်တဲ့သူမရှိဘူး။ သေချာပေါက် ဒါဝိဒ်က ရူံးနိမ့်မှာ။ ဒါပေမယ့်ဘုရားက အဲ့လို မဟုတ်ဘူးဆိုတာ ဒါဝိဒ်နှင့်ဂေါလျက် အဖြစ်ပျက်က သက်သေထူတယ်။ သူတို့ရဲ့ အလျော်အစားက သေးသေးလေးမဟုတ်ဘူး။ တိုင်းပြည်တစ်ခုလုံး နဲ့ဆိုင်တဲ့အထိဒါဝိဒ် က ဂေါလျက်ကိုရင်ဆိုင်တာဟာ သူရဲ့အရည်အချင်း တော်တတ်ခြင်း ခွန်အား စတဲ့အရာတွေတစ်ခုနဲ့မှ မဟုတ်ဘူး။သူ သက်သေထူချင်တာ ရှိတယ်။ လူတွေသတ်မှတ်ထားတဲ့အရာတွေမရှိလည်း ဘုရားအတူပါရှိရင် အောင်မြင်နိုင်တယ်ဆိုတာပါပဲ။ ဒီနေ့လည်းလူတိုင်းရင်ဆိုင်ရတဲ့ အရာတွေသာမတူတာ ဂေါလျက်လိုပဲ အားလုံးက လှဲချဖို့မဖြစ်နိုင်တာတွေချည်းပဲမဟုတ်လား? ဒါဆိုရင် ဟိုဟာ မရှိလို့ဒီဟာမရှိလို့ ငြီးတွားနေမယ့်အစား ဘုရားအတူရှိခြင်းနှင့် ရင်ဆိုင်တတ်ဖို့ အရေးကြီးတယ်။ဘုရားအတူပါရှိရင် ဘယ်အရာကိုမဆို အောာင်မြင်ကျော်လွှားသွားနိုင်မယ်ဆိုတာ သေချာတယ်။


ဇန်နဝါရီလ ၂၇ ရက်နေ့

ဘုရားအကြံဖြစ်လျှင် ဘယ်သူမှဖျက်ဆီးလို့မရ

”သို့ဖြစ်၍ ယခု သင်​တို့​အား ငါ​ပြော​မည်။ ဤ​သူ​တို့​နှင့် ကင်းရှင်း​စွာ​နေ​၍ သူ​တို့​ကို​လွှတ်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဤ​အကြံအစည်​၊ သို့မဟုတ် ဤ​လှုပ်ရှား​မှု​သည် လူ​တို့​ထံမှ​ဖြစ်​လျှင် ပျက်စီး​သွား​လိမ့်မည်။ သို့သော် ဘုရားသခင်​ထံမှ​ဖြစ်​လျှင် သူ​တို့​ကို​ဖျက်ဆီး​၍​မ​ရ​နိုင်​သည်​သာမက သင်​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​သူ​များ​ဖြစ်သွား​နိုင်​၏ဟု ပြောဆို​လေ​၏။ ထို​သူ​တို့​သည်​လည်း သူ​၏​အကြံပေး​ချက်​ကို လက်ခံ​ကြ​၏။“ တမန်တော် ၅:၃၈-၃၉

၁၉၉၆ လွန်ခဲ့တဲ့ (၂၇ )နှစ်ကျော် ကယ်တင် ခြင်းရပြီး သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းခံရကာ ဝိညာဉ်မီးတောက်လောင်ပြီး အမှုတော်မြတ်မှာ စပါဝင် ကာစ နေ့ရောညပါ သတင်းကောင်းကိုပဲ ဟောပြောချင်တဲ့စိတ် လူနာတွေကိုဆုတောင်းပေးပြီး ဘုရားအသက်ရှင်တဲ့အကြောင်း ပဲ သက်သေခံခြင်တဲ့စိတ်ပဲရှိပြီး လူတိုင်းကို နုတ်ကပတ် တော်ပဲ ဟောပြောနေမိတယ်။ အားတဲ့အချိန်တိုင်း ဆုတောင်း၊လူတွေ့တိုင်း ဘုရားကောင်းမြတ်ခြင်းကြောင်းသက်သေခံ။ အရင်တုန်းက ဘုရားမသိခင် ဆိုးတဲ့မိတ်ဆွေတွေကိုလည်း ဘုရားကိုသိဖို့ အကြီးကျယ် စိတ်အားထက်သန်တဲ့ကာလမှာ လူကြီးတွေရဲ့အကြီးကျယ် ဆန့်ကျင်ဖိနှိပ်မှုနဲ့ရင်ဆိုင်ရတယ်။ လူငယ်တွေစုပြီးဆုတောင်းရင်လည်း အော်ဆဲပြီးတော့ ဒါမျိုးလုပ်တာ ခဏပဲပြီးရင် ကောက်ရိုးမီးလိုပဲ ငြိမ်းသွားမယ်လို့ စွပ်စွဲတာ အကြိမ်ကြိမ်ခံရတယ်။ ဒီလို စိတ်တက်ကြွတုန်း အမှုတော်ဆောင်မယ် ဘုရားခေါ်တယ်ဆိုပြီး လူငယ်တိုင်းက ခဏ မီးထတောက်တတ်တယ် နောက်ပြီးတော့ ဘာမှမဟုတ်ပါဘူး ဆိုပြီးတော့ အသင်းတော်မှာ အရမ်းကိုသိ အရမ်းကိုတတ်ပါတယ်ဆိုတဲ့ စကားကြွယ်တဲ့သူတွေရဲ့ ပညာသားပါပါ နှိပ်ကွပ် မှုလည်း အကြိမ်ပေါင်းများစွာကြုံရတယ်။ သင်းအုပ်ဆရာရဲ့ တရားဟောရင်းနှင့် ကျမ်းစာအပြင်ဘက်ကိုခုန်ထွက်ပြီး ကိုယ့်အကြောင်းနှင့် ကိုယ်ကိုပြောချင်တာတွေပဲ ပြောတဲ့ အပတ် တွေလည်းမနည်းဘူး။
နှိုးထမှုမီးကို ငြှိမ်းသတ်ချင်တဲ့ အခမဲ့ မီးသတ်သမားတွေ အရမ်းကိုများတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရပေမယ့် ဘုရားဆီကလာတဲ့ မီးတောက်ကတော့ အခုနှစ်ပေါင်း ၂၇ နှစ်ကျော် မငြိမ်းဘဲ ပိုတောင်တောက်ပိုတောင်ကူးစက် ကုန်တယ်။ ဘာဖြစ်လို့လဲ ဘုရားကြံစည်တဲ့အကြံစည်ဆိုတာ လူတွေ ဖျက်ဆီးလို့မှမရတာ။ လူတွေဖျက်လို့ရတယ်ဆိုရင် လူ့အကြံအစည်ပဲဖြစ်ရမယ်။ ဒီနှစ်ပေါင်း ၂၇ နှစ်က ဘာကိုသက် သေပြခဲ့သလဲ? ဘုရားပြုတဲ့အမှုဆိုတာကို သက်သေပြခဲ့တယ်။ အခုလည်း ဘုရားအသုံးပြုတဲ့သူတွေ၊ လှုပ်ရှားမှုတွေကို သတ်ဖို့ကြိုးစားနေတဲ့ အခမဲ့ မီးသတ်သမားတွေအများကြီးပဲရှိသေးတယ်။ အရင်တုန်းက မီးသတ်ခဲ့တဲ့သူတွေ မရှိတော့ပေမယ့် သူတို့နေရာမှာအစားထိုးဝင်တဲ့ လုပ်အားပေးတွေတောင်ပိုမျာလာသေးတယ်။ ဒါပေမယ့် ဘုရားသခင်လုပ် တဲ့အမှုဆိုတာ ဘယ်တော့မှဘယ်သူမှ ဖျက်ဆီးလို့မရဘူး။ အချိန်တန်ရင် ဖျက်ဆီးတဲ့သူဘဲ ပျက်ဆီးသွားပြီးတော့ ဘုရားအကြံစည်ကတော့ ပြည့်စုံလာမှာပါပဲ။

ဇန်နဝါရီလ ၂၆ ရက်နေ့

ရန်သူတွေကိုပြေးစေတဲ့သူ

”သင်​တို့​သည် တောင်​ထိပ်​ပေါ်​မှာ စိုက်​သော မှတ်​တိုင်​ကဲ့​သို့​လည်း​ကောင်း၊ ကုန်း​ပေါ်​မှာ​ထူ​သော အ​လံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​သည်​တိုင်​အောင်၊ တစ်​ယောက်​သော​သူ​သည် ခြိမ်း​လျှင်၊ တစ်​ထောင်​သော​သူ​တို့​သည် ပြေး​ကြ​လိမ့်​မည်။ ငါး​ယောက် ခြိမ်း​လျှင်၊ တစ်​သောင်း​ပြေး​ကြ​လိမ့်​မည်။“ ဟေရှာယ ၃၀:၁၇

ကိုယ့်ကိုကိုယ် ထွက်ပြေးနေရတဲ့ လူတစ်ယောက် လိုဘယ်တော့မှပုံမဖေါ်မိစေနှင့်။ တစ်ခါတစ်လေမှာ အခက်အခဲတွေ ပြဿနာတွေကြောင့် ကိုယ်ဟာ လောက ကြီးမှာ ဘာမှမဟုတ်ပဲ သိမ်ငယ်တဲ့သူတစ်ယောက်အဖြစ်၊ စိုးရိမ် ကြောက်လန့်ပြီးတော့ အရပ်ရပ်ကို လှည့်လည်ထွက်ပြေးနေရတဲ့သူ တစ်ယောက်အဖြစ် ပုံဖေါ်မိတတ်တယ်။ ရန်သူလိုက်လို့ ပြေးနေရတဲ့ဘဝဆိုတာ မတရားတဲ့သူပဲရှိတယ်။ ဘုရားသားသမီးတွေက အဲ့ဒီအထဲမှာမပါဘူး။ လောကကြီးကို အုပ်စိုးဖို့ အရာရာကို အောင်မြင်နိုင်တဲ့သူတစ်ဖြစ်ဖို့ ဘုရား အလိုတော်ရှိတယ်။ တချိန်လုံး ပြေးနေတဲ့သူတစ်ယောက်လို ဘုရားက သူ့သားသမီးတွေကိုမဖြစ်စေချင်ဘူး။

ပရောဖက် ဟေရှာယက ပရောဖက်ပြုတယ် တောင်ထိပ်ပေါ်မှာ စိုက်ထားတဲ့အောင်လံလိုပဲ သင်တို့ အသက်တာဖြစ်မယ်။ ရန်သူတွေက သင်တို့က မောင်းနှင်တာ မဟုတ်ပဲ သင်တို့ကသာ ရန်သူတွေကိုမောင်းနှင်နိုင်မယ်။ သဘောတူပြီးတော့ ယုံကြည်ခြင်းနှင့်ရှင်သန်တဲ့ ဘုရားသားမီးတွေများလာလေလေ ရန်သူကထွက်ပြေးရလေပဲ။ ယုံကြည်ခြင်းတူတဲ့သူတွေနဲ့ ပေါင်းပါ။ သူတို့နဲ့အတူ ဆုတောင်းခြင်းနဲ့ တိုက်ပွဲဝင်ပါ။ ယုံကြည်ခြင်းတူတဲ့သူတွေ စုဝေးလေ ဘုရားနိုင်ငံတော် ပိုကြီးထွားလေဖြစ်မယ်။ ရန်သူတွေကို မောင်းထုတ်ပြီးတော့ ဘုရားနိုင်ငံတော် ကျယ်ပြန့်စေဖို့ ဘုရားသင့်ကိုရွေးကောက်ထားတယ်။


ဇန်နဝါရီလ ၂၅ ရက်နေ့

ခက်ခဲသောအရာဆိုတာ မရှိ

သင်​၌ သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​တည်​သောကြောင့် မည်သည့်​နက်နဲသောအရာ​မျှ သင့်​အတွက် မ​ခက်ခဲ​ကြောင်း​ကို ငါ​သိ​၏​။ ဒံယေလ ၄:၉

ဘုရားသခင်ရဲ့ သန့်ရှင်းသော ဝိညာဉ်တော် နှင့် အတူရှိခြင်းက အသက်တာကိုဘယ်လိုထူးခြားစေသလဲ? လူတချို့က သန့်ရှင်းသောဝိညာဉ်တော် နှင့် အတူလျှောက်လှမ်းတယ် ပြောပေမယ့် အသက်တာမှာ သာမန်ထက်ဘာမှ မထူးခြားပေ။ သန့်ရှင်းသောဝိညာဉ်တော်နှင့် လျှောက်လှမ်းခြင်းက အခက်အခဲတွေ မကြုံရတာတော့မဟုတ်ပါ။ အခက် အခဲတွေ ကြုံရပေမယ့် အောင်မြင်စွာ ကျော်လွှားသွားလာနိုင်ခြင်းဖြစ်တယ်။

သန့်ရှင်းသော ဝိညာဉ်တော်နှင့် သွားလာတဲ့ ဒံယေလ အသက်တာကို နေဗုခဒ်နေဇာက ပြောတဲ့အရာကိုသဘောကျတယ်။ သင်ဟာ သန့်ရှင်းသောဝိညာဉ်တော်ရှိတဲ့အတွက် ဘယ်လို နက်နဲတဲ့အရာတွေ ခက်ခဲတဲ့အရာတွေက သင့်အတွက်တော့ မခက်ခဲဘူးတဲ့။ တစ်ပါးသူတွေရဲ့အမြင်ဖြစ် ပေမယ့်အရမ်းကိုတန်ခိုးပါတယ်။ ဒံယေလက အခက်အခဲနှင့် မရင်ဆိုင်ခဲ့ရတာမဟုတ်ဘူး။ ဒါပေမယ့် သူအပေါ်မှာ ရှိတဲ့​ဝိညာဉ်တော်ကြောင့် အခက်အခဲ တိုင်းကို အောင်မြင်စွာ ဖြေရှင်းနိုင်တယ်။ အခက်အခဲတွေကိုကြောက်နေသေးတယ်၊ မရင် ဆိုင်ရဲသေးဘူးဆိုရင်၊ တချို့သောအခက်အခဲတွေကိုကျော် လွှားဖို့ မဖြစ်နိုင်ဘူးလို့ သင်ခံစားနေရသေးတယ်ဆိုရင် သင့်မှာရှိတယ်ဆိုတဲ့ သန့်ရှင်းသောဝိညာဉ်တော်ကိုပြန်စစ်စေချင် တယ်။ တကယ်သာသန့်ရှင်းသော​ဝိညာဉ်တော်သင်နှင့်အတူရှိရင် ဘယ်အခက်အခဲမဆို အသာလေး ရင်ဆိုင်အောင်မြင် ကျော်လွှားနိုင်မှာပါ။

ဇန်နဝါရီလ ၂၄ ရက်နေ့

အရာအားလုံးကိုချုပ်ကိုင်ထားသော ဘုရား

”ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။“ ဒံယေလ ၂:၂၁

မိသားစု အားလုံး တီဗီရှေ့မှာ အတူတူထိုင်ကြည့် နေကြတယ်၊အတူတူသာထိုင်နေကြပေမယ့် ကြည့်ချင်တဲ့ လိုင်းကတော့မတူပါ။ ဖခင်ဖြစ်သူက ဘောလုံးပွဲ ကြည့်ချင်တယ်။ အငယ်လေးတွေကတော့ ကာတွန်းကား ကြည့်ဖို့ စိတ်အားထက် သန်နေကြပြီး၊ အကြီးဖြစ်သူတွေဇါတ်လမ်းတွဲများလာချိန်ဖြစ် လို့ ဒီနေ့ထုတ်လွှင့်မယ့် အပိုင်းကိုကြည့်ဖို့ မိခင်နှင့်အတူ ကြည့် ဖို့ပြင်ဆင်နေကြတယ်။ ဒါပေမယ့် တီဗီလိုင်းတွေကို ပြောင်းဖို့အတွက် အိမ်တွင် အာဏာရှိသူ အဘွားလက်ထဲတွင် ရီမုတ်ကွန်ထရိုးကိုင်ထားလို့ ဘယ်သူမှ သူတို့ ကြည့်ချင်တဲ့ လိုင်းမကြည့်ရပဲ အဘွားကြည့်ချင်တဲ့ သတင်းသာထိုင်ကြည့်နေရတယ်။ ဒီအဖြစ်ပျက်က ကျွန်တော်တို့ငယ် ငယ်တုန်းက မိသားစုတွေမှာ မကြာမကြာ ဖြစ်ပျက်တဲ့အဖြစ်ပျက် လေးတစ်ခုပါ။ ဒါပေမယ့်ဒီအတိုင်းပဲ ကျွန်တော်တို့အားလုံး ကိုယ်စီဖြစ်ချင်တာလေးတွေရှိပေမယ့် ဖြစ်ပျက်လာဖို့ အားလုံးကို ထိန်းချုပ်ထားတဲ့သူက တော့ တစ်ဉီးတည်းပဲရှိတယ်၊ ဒါကတော့ ဘုရားပါပဲ။သူဟာအားလုံးကိုထိန်းချုပ်ထားတယ်။ အားလုံးကို သူပဲ စီမံ နေတယ်။ ဘာတွေဖြစ်သလဲ ? ဘယ်လို ဖြစ်ချင်သလဲ ? လူတွေ ဖြစ်ချင်တာထက် ဘုရား စီမံကွပ်ကဲတဲ့အတိုင်း ထိန်းချုပ်တဲ့အတိုင်းပဲ အရာအားလုံးက သေချာပေါက်ဖြစ်လာမယ်။ ရာသီဉတုတွေကိုလည်း သူပဲ ထိန်းချုပ် ထားတယ်။ ကမ္ဘာကြီး သူ့အရှိန်နှင့်သူ လည်ပတ်နေတာကိုက သူ့ရဲ့ ထိန်းချုပ်မှုတစ်ခုပင်ဖြစ်တယ်။ ဒါကြောင့် အရာအားလုံး အစီစဉ်တကျ မဖြစ်လာမှာ မစိုးရိမ်နှင့် သူ့ကိုသာအားကိုးပြီးတော့ သူနှင့်သာအသက်ရှင်ရင် ဘဝမှာ စီစဉ်ထားတာတွေထက်ပိုကောင်းတာတွေ သေချာပေါက်ဖြစ်လာမယ်။ ကြုံနေရတဲ့အရာတွေဖြေရှင်းဖို့ အကောင်းဆုံးစီမံဖို့ သူပေးတဲ့ ပညာကလွဲပြီးတော့ ကျန်တဲ့အရာတွေက အသုံးမဝင်လောက်ဘူး။ သူကသာလျှင် အားလုံးအတွက် တကယ့်ကို အကောင်းဆုံးအရာတွေကို စီမံပေးနိုင်တဲ့ သူပါပဲ။

ဇန်နဝါရီလ ၂၃ ရက်နေ့

ကျေးဇူးပြုမယ့်သူတွေနဲ့ပေးတွေ့သော ဘုရား

”နန်းတော်အုပ်​သည် ဒံယေလ​အား ကျေးဇူးပြု​လို​သော​စိတ်​၊ သနား​လို​သော​စိတ်​ရှိ​အောင် ဘုရားသခင်​ပြု​ပေး​တော်မူ​၏​။“ ဒံယလေ ၁:၉

အကောင်းဆုံးသောအရာတွေနဲ့တွေ့အောင် ဘုရားလုပ် ပေးနိုင်သလို အကောင်းဆုံး ကူညီပေးချင်တဲ့တဲ့သူတွေနဲ့ ဆုံနိုင်အောင်လည်း ဘုရားက တတ်နိုင်တယ်။ တစ်ခါတစ်လေ ကိုယ်လိုအပ်တဲ့အရာတွေ ကိုယ့်ဆီမှာ မရှိပေမယ့် ကူညီပေးနိုင်မယ့်သူတွေကို ဘုရားပေးတွေ့တယ်။ လူတွေ ကိုယ့်ကို ကူညီတယ် စေတနာစိတ်ရှိတယ်ဆိုတာ ကိုယ့်အစွမ်းအစလို့မထင်နဲ့။ တချို့ဆို သွေးမတော်သားမစပ် ဘာမှပတ်သက်မှုမှမရှိဘဲ ကိုယ့်အပေါ်မှာ တစ်ဖက်သက် ကျေးဇူးပြုပေးတဲ့သူတွေကို တွေ့ကြုံရတယ်။ တကယ်တော့ ဘုရားမလုပ်ပေးရင် ဘယ်လိုမှ ကိုမဖြစ်နိုင်တာ။ ဘုရားက အဲဂုတ္တု လူတွေရဲ့ ကျေးဇူးပြုခြင်းကိုလည်း ဣသရေလ လူတွေကို ခံစားစေတယ်။ ဒါ ဘုရားမလုပ်ပေးရင်ဘယ်လိုမ ဖြစ်နိုင်တဲ့အရာပါ။ တစ်သက်လုံးအနိုင်ကျင့်ပြီး ဘာမှ အကျိုးခံစားခွင့်မပေးတဲ့သူတွေက ရွှေငွေတွေ၊ သူတို့ တောင်းသမျှအရာတွေကိုပေးတယ်ဆိုတာ ဘုရား မစမှုသက်သက်ဖြစ်တယ်။

ဒံယေလ အသက်တာမှာလဲ ဒီကျေးဇူးပြုမှုကို ခံစားရတယ်။ နန်းတော်အုပ်ရဲ့ ကျေးဇူး ပြုလိုတဲ့စိတ်၊ သနားလိုသောစိတ်ကို ဘုရားကထည့်ပေးတယ်။ ဒါကြောင့် သူတို့ တောင်းဆိုတဲ့ အရာတွေကို လိုက်လျောပြီးတော့ နှုတ်ကပတ် တော်နဲ့မညီတာတွေကို ရှောင်နိုင်ခဲ့တယ်။ သင့်အသက်တာမှာလည်း ဘုရားက ဒီလိုမျိုး အခွင့်အရေးပေးနိုင်တယ်။ အကျဉ်းအကြပ်ထဲမှာ မျှော်လင့်ချက်မရှိတော့ဘူးလို့ မထင်ပါနှင့်။ ဘုရားရဲ့မစမှုဟာ နည်းလမ်းပေါင်းစုံနှင့် လူမျိုးပေါင်းစုံဆီကနေရောက်လာနိုင်တယ်။ လူတွေသင့်ကို ကျေးဇူးပြုတာ ၊ကူညီတာ ဘုရားထည့်ပေးတဲ့ စေတနာစိတ်ကြောင့်ပါပဲ။

ဇန်နဝါရီလ ၂၂ ရက်နေ့

နံနက်တိုင်းအကြည့်အရှုကြွတဲ့ ဘုရား

”ကိုယ်​တော်​သည် လူ​ကို​ပ​မာ​ဏ​ပြု၍ စိတ်​စွဲ​လမ်း​တော်​မူ​မည်​အ​ကြောင်း၊ သူ့​ကို နံ​နက်​တိုင်း အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ ခ​ဏ​ခ​ဏ စုံ​စမ်း​တော်​မူ​မည်​အ​ကြောင်း၊ လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။“ ယောဘ ၇:၁၇-၁၈

တစ်ယောက်နှင့် တစ်ယောက်တန်ဖိုးထားတာ သဘောကျတဲ့အရာတွေမတူကြဘူး။ မောင်နှမတွေတောင် အကြိုက်ချင်းမတူသလို၊ ဇနီးမောင်နှံတွေတောင် ဉီးစားပေးတာချင်းမတူကြဘူး။ ကိုယ်ကြိုက်တဲ့အရာကို အမြဲတမ်း တန်ဖိုးထားပြီးတော့ ရှေ့တန်းတင်ကြသလို၊ အမြဲတမ်းပိုင်ဆိုင်ချင်ကြတာပဲမဟုတ် လား? တစ်ခါတစ်လေ ကိုယ်သဘောကျတဲ့အရာကိုမျက်စိအောက်ကတောင် အပျောက်မခံနိုင်လောက်အောင်ကို အရိပ် တကြည့်ကြည့်နဲ့ အမြဲတမ်း စစ်ဆေးပြီးတော့ ဂရုတစ်ိုက်ကြည့်ရှုတတ်ကြတာ လူ့သဘောဝပါပဲ။

ဘုရားသခင် သဘောကျပြီးတန်ဖိုးထားကာအမြတ်တနိုးနဲ့ အမြဲတမ်းစောင့်ကြည့် ဂရုစိုက်တဲ့အရာက ဘယ်အရာလို့ထင်သလဲ? ဘုရားက ရွှေငွေတွေ၊ သိုးနွားတွေကို ဂရုစိုက်မယ် တပ်မက်မယ်လို့များထင်နေကြတာလား?ဒါဆိုရင်တော့မှားသွားမယ်။ သူဟာ လောကမှာရှိတဲ့ဘယ်အရာကိုမှ မစွဲလန်းဘူး။ သူ့နှလုံးသားအမြတ်တနိုးနဲ့ အမြဲတမ်းတွယ်တာ ကြည့် ရှုစေတဲ့အရာက လူပဲဖြစ်တယ်။ သင်နှင့်ကျွန်ုပ်ဟာ ဘုရားသခင်ရဲ့တန်ဖိုးအထားဆုံး အမြဲစောင့်ကြည့်ပြီး ဂရုစိုက်ခြင်းရတဲ့ သူတွေဖြစ်တယ်။ နံနက်တိုင်း အကြည့်အရှုကြွတယ်။ မျက်ဆန်တော်လိုပဲ အထိမခံနိုင်ဘူး။ ဘယ်အရာနဲ့မှမလဲနိုင်လောက် အောင် အဖိုးထိုက်တယ်လို့သတ်မှတ်တယ်။ သူ့အတွက် နေ့စဉ် မျက်စိအောက်က အပျောက်မခံ နိုင်ဆုံးအရာဖြစ်တယ်။ ကိုယ့်ဟာကိုယ် တန်ဖိုးမသိလို့သာ တန်ဖိုးမထားကြတာ။ ဘုရားကတော့သင့်လောက် အဖိုးတန်တယ်လို့ ဘယ်အရာကိုမှ မထင်ဘူး။ ဘုရား အတွက်တော့သင် ဟာတန်ဖိုးအရှိဆုံး သောသူပါ။

ဇန်နဝါရီလ ၂၀ ရက်နေ့

အလုံးစုံကိုသိမြင်ပြီးသေချာကြည့်ရှုတဲ့ ဘုရား

”ထာဝရဘုရား​သည် အလုံးစုံ​ကို​သိမြင်​တော်မူ​သော​ဘုရား​ဖြစ်​ပြီးလုပ်ဆောင်မှု​တိုင်း​ကို ကြည့်မှတ်​တော်မူ​သည်​ဖြစ်၍ “၁ဓမ္မ ၂:၃

ဘုရားက အလုံးစုံကိုသိမြင်ပြီး လူတိုင်းရဲ့ လုပ်ဆောင်မှုတိုင်းကို သေချာကြည့်မှတ်တယ်။ လူတွေက အပေါ်ယံ ကိုပဲကြည့်ပေမယ့် ဘုရားကတော့ အတွင်းကျကျ ကြည့်မှတ်တယ်ဆိုတာ မမေ့နဲ့။ ဘယ်သူမှ မမြင်ဘူးဆိုပြီး တော့နေချင်သလိုနေ၊ လုပ်ချင်ရာလုပ်တဲ့သူတွေအသက်တာမှာ ဘယ်တော့မှ ကောင်းကြီးမခံစားရဘူး။ လူ တွေမမြင်ကွယ် ရာမှာ ဘယ်လို အသက်ရှင်သလဲဆိုတာ အရမ်းကိုအရေးကြီးတယ်။ ဘုရားက လူတွေ မမြင် တဲ့ကွယ်ရာမှာ ဘယ်လို အသက်ရှင်သလဲဆိုတာ အရမ်းကိုစိတ်ဝင်စားတယ်။ နေ့စဉ်အသက်တာမှာ ဂရုစိုက် ပြီးအသက်ရှင်တဲ့သူနှင့် ဖြစ်သလိုအသက် ရှင်တဲ့သူ ရလဒ်အများကြီးကွာတယ်။ လူတချို့က ဘုရားထံ ကနေ ကြီးမားတဲ့အရာတွေကို လက်ခံရယူချင်ပေမယ့် ဘယ် တော့မှ အသက်တာကို သေချာအသက်မရှင်ကြဘူး။

အပေါ်ယံ ရှင်သန်တဲ့သူတွေက ဒါဝိဒ်အကိုတွေလိုပဲ လူ့အမြင်အရ ကောင်းကြီးခံစားထိုက်တယ်လို့ သတ်မှတ်ခြင်းခံရပေမယ့် ဘုရားသခင်ရဲ့ ဘိသိက်ခြင်းကို ခံစားရဖို့အတွက် ငြင်းပယ်ခံရတယ်။ ဘုရားက လူတွေမြင်သလိုမြင်တာမဟုတ်ဘူး။ လူတွေမမြင်ရတဲ့နေရာမှာဘယ်လိုရှင် သန်လည်းဆိုတာကို ဂရုစိုက်တယ်။ ယာကုပ်ရဲ့သားဉီး ရုဗင် လည်းလူတွေမမြင်ကွယ်ရာမှာ ပြုလုပ်တဲ့အမှား ကြောင့် တန်ဖိုးရှိလှတဲ့ သားဉီးအရာကိုလက်လွှတ်ခဲ့ရတယ်။ ဒါကြောင့် ဘုရားရဲ့ကောင်းကြီးပေးချီးမြှောက်ခြင်းကို ခံစားချင်ရင် နေ့စဉ်အသက်တာကို သေချာဂရုစိုက်ပြီးတော့ရှင်သန်ဖို့လိုတယ်။အခြားဘယ်သူမှ မရနိုင်တဲ့ ချီးမြှောက်ခြင်းကို အသက်တာမှာ ခံစားရမယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့

ပြန်လည်ပြုစုတည်ထောင်ပေးသော ဘုရား

”ငါ​ထာဝရဘုရား​သည် ဖျက်ဆီး​ခံရ​သော​မြို့​တို့​ကို ပြန်လည်​တည်ဆောက်​သော​ဘုရား​၊ လူသူကင်းမဲ့​သော​အရပ်​တို့​ကို ပြန်လည်​သက်ဝင်​စေ​သော​ဘုရား​ဖြစ်ကြောင်း သင့်​ဝန်းကျင်​ရှိ​အခြား​တိုင်းပြည်​တို့ သိ​ကြ​လိမ့်မည်​။ ငါ​ထာဝရဘုရား မိန့်ဆို​သည့်​အတိုင်း ပြု​မည်’​ဟု မိန့်​တော်မူ​၏​။“ ယေဇကျေလ ၃၆း၃၆

ပျက်ဆီးနေတဲ့ အဆောက်အအုံတွေ၊ မြို့ရွာ‌တွေ၊ စာသင်ကျောင်းတွေကိုဘယ်သူကများပြန်လည်တည်ဆောက်ပေးမှာလဲ? ဒီမေးခွန်းက လွန်ခဲ့တဲ့သုံးနှစ်ကတည်းက ကျွန်တော်နှလုံးသားထဲမှာရှိခဲ့တယ်။ သုံးလို့မရလောက်အောင်ကို ဆိုးရွားစွာ ပြိုပျက်နေတာတွေကိုကြည့်ပြီးတော့ စိတ်မကောင်းဖြစ်ရုံ၊ ဆုတောင်းပေးရုံမှ တစ်ပါး အဖြေမတွေ့ခဲ့ဘူး။ ဖျက်ဆီးတာလွယ်သလောက် တည်ဆောက်ဖို့ကဘယ်လောက်ခက်သလဲဆိုတာ လူတိုင်းသိပါတယ်။ ဖျက်ဆီးဖို့က အချိန်အများကြီးမယူလိုက်ရဘူး။တည်ဆောက်ဖို့အတွက်တော့ ငွေကြေးတွေ၊ လူတွေ၊ အချိန်တွေများစွာ လိုအပ်တယ်။ စွန့်ပစ်ခံရပြီး လူမနေတော့တဲ့တချိန်က ဧဝံဂေလိဟောခဲ့တဲ့နေရာတွေကို တွေ့တိုင်း မျက်ရည်ကျတယ်။ ငါဘာများလုပ်ပေးနိုင်မလဲလို့လည်း ကိုယ့်ဟာကိုယ် မေးခွန်းထုတ်မိတယ်။ လူ့အနေနဲ့တော့ ဘာမှမလုပ်နိုင် မစွမ်းဆောင်နိုင်ပေမယ့် ဘုရားဆီကနေ တိကျတဲ့ကတိစကားတစ်ခု ရင်ထဲကိုရောက်လာတယ်။

ဘုရားက ပျက်ဆီးသွားတဲ့၊ လူတွေဖျက်ဆီးလို့ စွန့်ပစ်ခြင်းခံရတဲ့ မြို့တွေကို တည် ဆောက် ပြုပြင်ပေးတဲ့တစ်ပါးတည်းသောသူပါ။ လူတွေကိုပဲ မဟုတ်ဘူး မြို့တွေကိုလည်း ဘုရားပြန်လည် တည်ဆောက်ပြုပြင်ပေးမယ်။ ဒီကျမ်းပိုဒ်လေးကို ဖတ်တဲ့အခါမှာ ပြိုပျက်သွားတဲ့ နေရာတွေအတွက် အလင်းတန်းလေးတစ်ခု မြင်လိုက်ရသလိုပဲ။ မျက်ရည်တွေကျနေပေမယ့် ပြုံးမိတယ်။ ဘုရားဟာ ကောင်းတဲ့မြို့တွေကိုပဲ စိတ်ဝင် စားတာမဟုတ်ဘူး။ ပြိုပျက်နေတဲ့နေရာတွေကိုလည်း ပြန်လည်ပြုစုပေးဖို့ စိတ်ဝင်စားတယ်။ ပြန်လည်ပြုပြင်ပေးမယ်လို့လည်း ကတိပေးထားတယ်။ ဒါကြောင့် ကျေးဇူးတော် ချီးမွမ်းမိတယ်။ ဘုရားပြုပေးမယ့် အင်မတန်ကြီးတဲ့ အမှု ပြိုပျက်နေတဲ့ နေရာတွေမှာ မြင်တွေ့ရတော့မယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့

ရက်​ရောစွာပေးသနားသော ဘုရားသခင်

”သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။“ ယာကုပ် ၁း၅

လိုအပ်တာရှိရင် ငြီးတွားနေဖို့၊ အပြစ်တင် မကောင်းပြောနေမယ့်အစား ဆုတောင်းပါ။ ငြီးတွားတာ၊ အပြစ်တင်တာက သင့်ရဲ့အခြေအနေကို မပြောင်းလဲစေတဲ့အပြင် ပိုဆိုးရွားစေတယ်။ အပ်နှင့် ထွင်းရမယ့်အရာကို ပုဆိန်နှင့် မပေါက်နှင့်ဆိုတာ အရင်တုန်းက သဘောမပေါက်ခဲ့ဘူး။ တစ်ခါတစ်လေ ယုံကြည်သူတွေက ဒီအတိုင်းဖြစ်နေတတ်တယ်။ အပြစ်တင်တာ၊ ငြီးတွားတာတွေနဲ့ အပ်နှင့်ထွင်းရမယ့်အရာတွေကို ပုဆိန်နှင့် ပေါက်ပြီးဖြေရှင်းကြတယ်။ အဖြေက ပိုကောင်းတာထက် ပိုဆိုးတာဖြစ်ကုန်တယ်။ နောက်ဆုံး ဘုရားကိုပါ မကောင်းမြင်ပြီးတော့ ဘုရားနှင့် ဝေးကွာတဲ့အရပ်ကို ရောက်သွားစေတယ်။

တကယ်တော့ ဘုရားက သူ့သားသမီးတွေကို မတောင်းခင်ကပင် ပေးချင်တဲ့ဘုရားပါ။ ပေးတဲ့အခါမှာလည်းဝတ်ကျေတန်းကျေ ပေးတဲ့ဘုရားမဟုတ်ဘူး။ အင်မတန်ကိုရက်ရောလွန်းပြီးတော့ အကောင်းဆုံးသောအရာတွေကို ပေးချင်တယ်။ ဘုရားနှင့်သွားတဲ့အခါမှာ ဘုရားထံကနေ မျှော်လင့်ပြီးတော့ရှင်သန်ရတာ အလွန်ပျော်စရာကောင်းတယ်။ ဘုရားထံကလာတဲ့အရာတွေက ဘယ်တော့မှ ရိုးမသွားဘူး။ တကယ်ကို ဘုရားမေတ္တာကို ခံစားရလောက်တဲ့အထိကြီးမားတဲ့အရာတွေနေ့စဉ် ရရှိခံစားရတယ်။ အသက်တာကို ပြန်ကြည့်တဲ့အခါမှာ ဘုရားရဲ့ရက်ရောတဲ့ စေတနာမေတ္တာတွေကို မြင်ရတယ်။ ဆုတောင်းတဲ့သူတွေအသက်တာမှာ ဘယ်တော့မှ မကောင်းတဲ့အရာတွေ မတွေ့ရဘူး။ဘုရားရဲ့ စေတနာမေတ္တာတွေကိုပဲမြင်တွေ့ရပါလိမ့်မယ်။ အပြစ်တင် ငြီးတွားတဲ့သူတွေကတော့ပြဿနာတွေကိုဘဲ အသက်တာမှာ ရှာတွေ့လိမ့်မယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့

သီးပွင့်ဝေဆာစေရန်

”ငါ​သည် သင်​တို့​အဖို့ မိုး​ကို သူ့​ရာသီ​နှင့်​သူ​ရွာ​စေ​သဖြင့် မြေ​သည် အသီးအနှံ​ဖြစ်ထွန်း​လိမ့်မည်​။ လယ်ယာ​ရှိ​အပင်​တို့​သည် ကောက်ပဲသီးနှံ​ဖြစ်ထွန်း​လိမ့်မည်​။“ ဝတ်ပြုရာ ၂၆း၄

စိုက်ပျိုးရေးအတွက် မိုးရေဟာ မရှိမဖြစ်တဲ့ အရာတစ်ခုဆိုပေမယ့် သူ့အချိန်ကိုက် မဟုတ်တဲ့မိုးကတော့ စိုက်ထားသမျှအတွက် မကောင်းတဲ့အပြင် ပျက်ဆီးစေပါတယ်။ မိုးရေလိုအပ်တယ်ဆိုပေမယ့် လိုအပ်တာထက် ပိုများတဲ့မိုးရေကလည်း ပျက်ဆီးစေပါတယ်။ မိုးမရှိလို့ပဲ ပျက်ဆီးတာမဟုတ်ဘူး စောလွန်းရင်လည်း မကောင်းသလို နောက် ကျရင်လည်းမကောင်းဘူး။ နည်းလွန်းရင်လည်း မကောင်းသလို များလွန်းရင်လည်း မကောင်းပြန်ဘူး။ လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ရရှိဖို့ အရေးကြီးတယ်။ ဒါဟာ သီးပွင့်ဝေဆာဖို့အတွက် အဓိကကျတဲ့အချက်ပါပဲ။

ဘုရားသခင်နှင့်မှန်ကန်စွာသွားလာတဲ့အခါမှာ ဘုရားက စီးပွားရေးလုပ်ငန်းအတွက် လိုအပ်တဲ့ အရာတွေကို လိုအပ်နေတဲ့အချိန်မှာ အချိန်မှီ လိုအပ်သလောက်ပြင်ဆင်ပေးမယ်။ ဘုရားပေးတဲ့အရာက သင့်အတွက်လိုအပ်နေတဲ့ အသီးအပွင့်တွေကို ဖြစ်ထွန်းစေလိမ့်မယ်။ ပျက်ဆီးစေမှာ ဆုံးရှုံးစေမှာမဟုတ်ဘူး။ ဘုရားနှင့်မှန်ကန်စွာရှင်ခြင်းက ကျန်တဲ့အရာရာမှာ မှန်ကန်စွာဖြစ်ပေါခြင်းအတွက် အရေးကြီးတဲ့လိုအပ်ချက်ပါပဲ။ အားလုံးကိုထိန်းချုပ်ထားတဲ့ ဘုရားက သင့်ဘဝ သီးပွင့်ဝေဆာဖို့ အရာအားလုံးကို အကောင်းဆုံး အနေထားဖြစ်အောင် စီမံပေးနိုင်တယ်ဆိုတာယုံပါ။ သူဟာ အားလုံး လိုအပ်တဲ့အရာကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက် ထောက်ပံ့ပေးပါလိမ့်မယ်။ သီးပွင့်ဝေဆာတဲ့ မိသားစု၊ စီးပွားရေးလုပ်ငန်းများကို အသက်တာမှာ ဖြစ်ပေါ်စေလိမ့်မယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့

ပြည့်ဝစုံလင်တဲ့လမ်း

”ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။“ ဆာလံ ၁၈:၃၀

မိုးလင်းထဲကနေ မိုးချုပ်တဲ့အထိ ဘဝမှာ ရွေးချယ်စရာတွေနဲ့ပြည့်နှက်နေတယ်။ မှန်ကန်တဲ့လမ်းကို ရွေးချယ် တတ်ဖို့လိုတယ်။ ဘုရားရဲ့လမ်းကလွဲရင် ကျန်တဲ့လမ်းတွေက ဘယ်လောက်ပဲ ကောင်းနေပါစေ လူ့ရဲ့အထင်ပဲဖြစ်လိမ့်မယ်။ခဏပဲ ကောင်းသလိုဖြစ်ပြီးတော့ အဆုံးထိကောင်းနိုင်ဖို့တော့မသေချာဘူး။ ဘုရားရဲ့လမ်းကတော့ စုံလင်ပြည့်ဝတဲ့ဘဝကို ပို့ဆောင်ပေးမယ်။ ဘုရားရဲ့လမ်းလောက်ကောင်းတာ စိတ်ချရတာတစ်ခုမှမရှိဘူး။ ကိုယ့်အထင်နဲ့ကောင်းတယ်လို့ ထင်ပြီးတော့ လျှောက်တဲ့လမ်းတိုင်းဟာ အဆုံးမှာ ပျက်ဆီးခြင်းနှင့် ဆုံးရှုံးခြင်းဆီကိုပဲ ဉီးတည်စေတယ်။

နေ့တိုင်း ဘုရားအလိုတော်ကိုသိပြီးတော့ ဝန်ခံလိုက် လျှောက်ခြင်းက ဘဝမှာ ဘယ်တော့မှမရဖူးတဲ့ မရနိုင်တဲ့ ဆီကိုပို့ဆောင်ပေးမယ်။ ဒီလိုလမ်းကိုလျှောက်ဖို့ ဘာလိုသလဲ? ဆာလံဆရာကပြောတယ် ခိုင်လုံမှန်ကန်မှုရှိတဲ့ ဘုရားစကား ကြားခြင်းပဲ။ နေ့စဉ် ဘုရားအသံကိုကြားပြီးတော့ ဘုရားပြောတဲ့အတိုင်း အသက်တာမှာ ဝန်ခံလိုက်လျှောက်မယ်ဆိုရင် လုံခြုံမှုနဲ့စုံလင်မှုကို ရရှိခံစားရမယ်။ ဘုရားအသံကို မကြားရတာ ဒီအရာတွေကိုဆုံးရှုံးလိုက်ရတာပဲ။ ဘုရားအသံကပဲလုံခြုံမှုနဲ့ စုံလင်မှုကိုဖြစ်စေတယ်။ ဒါကြောင့် နေ့စဉ်ကြားပြီး ဝန်ခံလိုက် လျှောက်ပါ။ ကြားရတဲ့အထိအသက်တာကိုဆက်ကပ်ပါ။

ဇန်နဝါရီလ ၁၅ ရက်နေ့

အချိန်ကိုက်လှပစွာအမှုပြုတဲ့ ဘုရား

”ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို သူ့​အချိန်​နှင့်​သူ​လှပ​အောင်​ပြင်ဆင်​တော်မူ​ပြီး” ဒေသနာ ၃:၁၁

”He has made everything beautiful in its time” Ecclesiastes 3:11 NKJV

လူရဲ့အကောင်းဆုံး လုပ်ဆောင်မူဟာ အဘက်ဘက် မှာပြည့်စုံပြီးတော့ လှပဖို့ကတော့ မသေချာပါ။ ဘယ်လောက်ပဲကြိုးစားလုပ်ဆောင် လုပ်ဆောင် အားနည်းချက် ကတော့အနည်းနဲ့အများတော့ရှိစမြဲပဲ။ ကြိုးစားပြင်ဆင်လုပ် ဆောင်ပေမယ့် အကောင်းဆုံးဖြစ်မလာတဲ့အချိန်တွေအများကြီးဘဲရှိခဲ့ဖူးတယ်။ ပင်ပန်းတာသာအဖတ်တင်ပြီးတော့တစ်ခါတစ်လေ ဆက်လုပ်ဖို့တောင် အားမရှိတဲ့အချိန်တွေ အများကြီးရှိခဲ့ဖူးတယ်။ အချိန်ကိုက်မဖြစ်တာတွေ၊ သေချာစီစဉ် သော်လည်း စီစဉ်တဲ့အတိုင်း မဖြစ်လာဘဲ လွဲချော်သွားတာတွေလည်းအများကြီးပဲ။ ဘုရားလုပ်တဲ့အလုပ်ကတော့ လူလုပ်တာနဲ့တခြားစီပဲ။ သူဟာ လှပစွာ အလုပ်လုပ်တယ်။ ဒါပေမယ့် သင့်အချိန်နှင့်မဟုတ်ဘူး သူ့အချိန်တန်တဲ့အခါမှာ။ဒါကြောင့် သင့်လက်က နာရီနဲ့သင်ဖြစ်ချင်တဲ့အချိန်တော့ ဟုတ်ချင်မှဟုတ်မယ်။ သူ့ရဲ့အချိန်နှင့် သူစီစဉ်တဲ့ အတိုင်းသာ အသက်ရှင်ရင် ဘယ်တော့ လိုအပ်ချက်ဆိုတာ မရှိလောက် အောင် သူဟာလှပစွာ အလုပ်လုပ်တယ်။ ဘုရားရဲ့ကောင်းမြတ် ခြင်းကို ရေတွက်ရင် သူပြုတဲ့အမှုတွေကို ကြည့်ပြီးတော့ ရေတွက်လို့တောင် ဆုံးမှာမဟုတ်ဘူး။ အရေးကြီးဆုံးကတော့သူရဲ့အချိန်နဲ့ လုပ်ဆောင်တတ်ဖို့ပါပဲ။

ဇန်နဝါရီလ ၁၃ ရက်နေ့

ဘုရားအကြံအစည် (၅)

”သို့သော် သူ​တို့​သည် ထာဝရဘုရား​၏​စိတ်​တော်​တို့​ကို မ​သိ​၊ အကြံအစည်​တော်​ကို နား​မ​လည်​ကြ​။ မိက္ခာ ၄း၁၂

ဘုရားသခင်ရဲ့အကြံအစည်တွေက လူတွေအပေါ်မှာထားတဲ့သူ့ရဲ့ နှလုံးသား ခံစားချက်ကနေလာပါတယ်။ ဘုရားစိတ်တော်နှင့်တွေ့အောင်အသက်ရှင်လေ သင့်အပေါ် မှာထားတဲ့အကြံအစည်က ဘယ်လောက် ကောင်းသလဲဆိုတာသင်ပိုသိမြင်လာပါလိမ့်မယ်။ လူတွေက ဘုရားအကြံအစည်တော်ကိုတော့သိချင်တယ် ဒါပေမယ့် စိတ်တော်နှင့် တွေ့‌ အောင် ဘုရားနှလုံးသားနှင့်နီးစပ်အောင် အသက်မရှင်ကြဘူး။ ဘုရားနှလုံးသား ကိုမသိပဲ အကြံအစည်ကို ဘယ်လောက်ပဲသိသိ အနှစ်သာရ ရှိမှာမဟုတ်ဘူး။ ဘုရားနှလုံးသားရဲ့ နက်ရှိုင်းမှုကို သိလာလေလေ ဘုရားအကြံအစည် ရဲ့ ကြီးမားတဲ့ အရာကိုပိုသဘောပေါက် လာလိမ့်မယ်။

ဘုရားသင့်ပေါ်မှာ ထားတဲ့အကြံအစည်တွေက အပေါ်ယံလုံးဝမဟုတ်ဘူး။ ဘယ်တော့မှ ဘုရားက လူတွေကို အပေါ်ယံမဆက်ဆံဘူး။ နှလုံးသားကနေပဲ အမြဲတမ်း ထိတွေ့ဆက်ဆံတယ်။ အကြံအစည်တော်ကို သိချင်တယ် ဆိုရင် ဘုရားနှလုံးသားနှင့် နီးစပ်အောင်လုပ်ပါ။ နှလုံးသားကို သဘောပေါက်လာရင် ဘယ်လို အရာတွေပဲ ကြုံကြုံ ဘုရားကို အပြစ်မြင်တော့မှာမဟုတ်ဘူး။ ဘုရားနှလုံးသားနှင့်ထိတွေ့ခွင့်ရတဲ့ သူတိုင်းဟာ ကြီးမားပြီး အံဖွယ်ကောင်းတဲ့ အကြံအစည်ထဲမှာ ဝမ်းမြောက်ခြင်းနှင့်ရှင်သန်နိုင်တယ်။ နှစ်ပေါင်းများစွာ ဣသရေလ လူမျိုး တွေဟာ ဘုရားနှလုံးသားကိုလည်းမသိ အကြံအစည် တော်ကိုနားမလည်ဘဲ သူတို့ စိတ်ကူးနှင့်ပဲ ရှင်သန်ပြီး ဘုရားနှင့် ဝေးရာမှာ ရှင်သန် မိခဲ့ကြတယ်။ ဒီအတွက် ကြုံရတဲ့ဒုက္ခလည်းမသေးလှဘူး။ နှလုံးသားကိုသိပြီး အကြံအစည်တော်ကိုနားလည်တဲ့အခါမှာမှ လှပတဲ့ ဘဝထဲမှာ ရှင်သန်ခွင့်ရကြတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့

ဘုရားအကြံအစည်(၄)

”အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော အမှု​တို့​သည် ကြီးမြတ်​လှ​ပါ​၏​။ ကိုယ်တော်​၏​အကြံအစည်​တို့​သည် အလွန်​နက်နဲ​ပါ​၏​။ ဤ​အရာ​သည် အသိတရားမဲ့​သော​သူ​မ​သိ​နိုင်​သကဲ့သို့ မိုက်မဲ​သော​သူ​နား​မ​လည်​နိုင်​သည့်​အရာ​ဖြစ်​၏​။“ ဆာလံ ၉၂:၅-၆

ဘုရားကိုယ့်အပေါ်မှာ ထားတဲ့အကြံအစည်ကို မသိတာလောက် မိုက်မဲတဲ့ သူရှိပါအုံးမလား? ဘုရားသား သမီးတစ်ယောက်အနေနဲ့ လောကမှာအသက်ရှင်တဲ့အခါမှာ ဘုရားအကြံအစည်ကို သိပြီးတော့ ဝန်ခံ အသက်ရှင်တဲ့သူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရားကျေးဇူးတော်ကိုချီးမွမ်းနိုင်တယ်။ ခက်ခဲမူတွေမှာလည်းပေါ့ပါးစွာဖြတ်သန်းသွားလာနိုင်တယ်။ ဘုရားအကြံအစည်မသိတဲ့သူကတော့ ကောင်းတဲ့အခြေအနေမှာတောင် လေးလံစွာ ဖြတ်သန်းရတယ်။ နှုတ်ကပတ်တော်ထဲက အောင်မြင်တဲ့ ဘုရားအသုံးပြုသူအားလုံးဟာ ဘုရားအကြံအစည်ကို သေချာသိပြီးတော့ အသက်တာထဲမှာ လက်တွေ့ကျင့်သုံးတဲ့သူတွေအကြံအစည် တော်ကို ပြည့်စုံစေတဲ့သူတွေပါ။ လူသာမန်တွေဖြစ်ပေမယ့် ကြီးမြတ်တဲ့ ဘုရားရဲ့အကြံအစည်ကို သိရှိပြီး ဝန်ခံတဲ့အခါမှာ ကြီးမြတ်တဲ့ သူတွေဖြစ်လာခဲ့တယ်။

သာမန်လူတွေကိုကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်စေတာက သူတို့ရဲ့အရည်အချင်းမဟုတ်ဘူး။ ကြီးမြတ်တဲ့ ဘုရားရဲ့အကြံအစည်တော်ကြောင့်ပဲ။ ဒီလိုကြီးမြတ်ပြီးတော့နက်နဲတဲ့ အကြံအစည်တွေကို ဘုရားနှင့်နီးကပ်စွာရှင်သန်တဲ့သူတွေကသိခွင့်ရပြီးတော့ အသိတရားကင်းမဲ့သူတွေ မိုက်သောသူတွေကတော့ နားလည်နိုင်မှာမဟုတ်ဘူး။ သင်ဟာ ဘုရားအကြံအစည်ကို သိပြီးအသက်ရှင်တယ်ဆိုရင် သေချာတယ် ကြီးမြတ်တဲ့ဘဝမှာရှင်သန်ခွင့်ရမယ်။ မသိတဲ့သူတွေကတော့ မိုက်မဲစွာ ရှင်သန်တဲ့သူအဖြစ် ရောက်စေလိမ့်မယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့

ဘုရားအကြံအစည် (၃)

”အို ဘုရားသခင်​၊ ကိုယ်တော်​၏​အတွေးအကြံ​တို့​သည် အကျွန်ုပ်​အတွက် တန်ဖိုးကြီး​လှ​ပါ​၏​။ ၎င်း​တို့​အားလုံး​၏​ပမာဏ​သည် များပြား​လှ​ပါ​၏​။ ထို​အတွေးအကြံ​တို့​ကို ရေတွက်​မည်​ဆို​လျှင် သဲပွင့်​များ​ထက်မက များပြား​ကြ​ပါ​လိမ့်မည်​။ အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​နှင့်အတူ ဆက်၍​ရှိ​နေ​ဦး​မည်​။“ ဆာလံ ၁၃၉:၁၇

အနာဂတ်မှာ သင့်တန်ဖိုး မတတ်လာစရာ ဘာအကြောင်းများရှိမလဲ? သင်ဟာ တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်ကိုသေချာပေါက်ဖြစ်လာမယ်။ အကြောင်းကတော့ သင့်အတွက် တန်ဖိုးကြီးတဲ့အကြံအစည်များစွာကို ဘုရားသခင် ကြံစည်ထားလို့ပဲဖြစ်တယ်။ အတိတ်ကိုပြန်ကြည့်တဲ့အခါမှာ လက် ရှိအချိန်နဲ့အများကြီး ကွာခြားသွားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အရင်က ဘယ်လိုမှ မျှော်မှန်းမထားတဲ့အရာတွေ အသက် တာမှာ ကြုံတွေ့ခဲ့ရတယ်။ ဘယ်လိုအရာတွေပဲ ကြုံရ ကြုံရ ဘုရားကရဲ့ တန်ဖိုးကြီးလှတဲ့အကြံအစည်ထဲမှာပဲ ရှင်သန်နေ တဲ့အတွက် တစ်ခုမှအချည်းနှီးဆိုတာမရှိဘူး။ အားလုံးဟာ တကယ့်ကို အနှစ်သာရအပြည့်ရှိခဲ့တယ်။ အားလုံးက ဘုရားရှေးမဆွက ကြံစည်ရည်ရွယ်ချက်အတိုင်းဖြစ်လာခဲ့တယ်ဆိုတာ သဘောပေါက်လေ အရာရာကို ကျေးဇူးတော်ချီးမွမ်း တတ်လေပဲ။ ဘာပဲကြုံကြုံ တန်ဖိုးထားပြီးတော့ ဖြတ်သန်းဖို့ ဖြစ်လာခဲ့တယ်။

ဘုရားအကြံအစည်က ကျွန်တော်အပေါ်မှာ တစ်ခုထဲမဟုတ်ဘူး၊ သဲပွင့်ထက်များတယ်။ သဲပွင့်တစ်ပွင့်ထဲနှင့် အိမ်မဆောက်နိုင်ပေမယ့် သဲပွင့်ပေါင်းများစွာပေါင်းစည်းတဲ့အခါမှာတော့ ကြီးမားတဲ့အဆောက်အအုံတစ်ခု ဖြစ်ထွန်းလာသလိုပါပဲ။ ဘုရားအကြံအစည်တွေ အားလုံးကိုသဘောပေါက်ပြီး သေချာ တန်ဖိုးထားအသက်ရှင်တဲ့နောက်ပိုင်းမှာတော့ ဘုရားဖြစ်စေချင်တဲ့အရာတွေဟာ ပုံပေါ်လာခဲ့ပြီးတော့ မြင်တွေ့ခွင့် ရတဲ့အထိ ဖြစ်လာတယ်။ တန်ဖိုးကြီးတဲ့ဘုရား အကြံအစည် တွေထဲမှာ အသက်ရှင်လျှောက်လှမ်းမှတော့ တန်ဖိုးရှိတဲ့သူတစ်ယောက်မဖြစ်လာနိုင်စရာ ဘာများရှိအုံးမှာလဲ?

ဇန်နဝါရီလ ၁၀ ရက်နေ့

ဘုရားအကြံအစည် (၂)

”ကိုယ်တော်​၏​အကြံအစည်​တော်​သည် ထူးကဲ​ပါ​၏​။ ပြု​တော်မူ​သော​အမှု​တော်​သည် ကြီးမြတ်​ပါ​၏​။ လူ​အသီးသီး​တို့​အား မိမိ​တို့​ပြုမူကျင့်ကြံ​သည့်​အတိုင်း​၊ မိမိ​တို့​လုပ်ဆောင်မှု​အသီးအပွင့်​အတိုင်း ပေးဆပ်​ရန် လူသား​တို့​လျှောက်​သော​လမ်း​အားလုံး​ကို စောင့်ကြည့်​တော်မူ​၏​။“ ယေရမိ ၃၂:၁၉

ဘုရားအကြံအစည်လို့ ပြောလိုက်တိုင်းမှာ လူတွေပြေးမြင်တာ ကိုယ်လုပ်တာ၊ ကိုယ်ဖြစ်နေတာနဲ့လုံးဝမဆိုင်ပဲ ဘုရားကသူလုပ်ချင်တာ သူဖြစ်ချင်တာကို ကိုယ့်အသက်တာမှာ ကိုယ်ံအလိုဆန္ဒမပါပဲ အတင်းလုပ်ဆောင်မယ်။ ကိုယ့်အလိုဆန္ဒကို ငြင်းပယ်ပြီးတော့သူဖြစ်ချင်တာကိုအတင်း ကြီးဇွတ်ဝန်ခံခိုင်းမယ်။တကယ်တော့ ဒီလိုအတွေးအခေါ်တွေက ဘာသာရေးကနေလာတာပါ။ အထူးသဖြင့် အာဏာရှင်ဆန်တဲ့မိဘတွေဆီကနေ ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းက ဘုရားကိုပုံဖေါ်ရင် သူတို့ကြုံခဲ့တဲ့အတိုင်းပုံဖေါ်ကြတယ်။ တကယ် တော့ဘုရားက အာဏာရှင်မဟုတ်ပါဘူး၊ မေတ္တာရှင်ပါ။ လွန် စွာတရားမျှတပြီးတော့ လူတိုင်းကို ဂရုစိုက်တတ်တဲ့ဘုရားပါ။သင့်ရဲ့ခံစားချက်၊ အမြင်တွေကိုလည်း အသိအမှတ်ပြုပေးတဲ့ဘုရားပါ။

ပရောဖက်ယေရမိကဆိုတယ် ဘုရားအကြံအစည်က ထူးကဲတယ်။ သူလုပ်တဲ့အလုပ်ကလည်း ကြီးမြတ် ပြီးတော့ပြည့်စုံတယ်။ ဘုရားက လူတွေအပေါ်မှာဘယ်လို အလုပ်လုပ်သလဲဆိုတာကိုလည်းဒီမှာတွေ့ရတယ်။ သူတို့ လုပ်ဆောင်တဲ့ လုပ်ရပ်အတိုင်း၊ ကြံစည်တဲ့အကြံအစည်တိုင်းသူတို့ဘဝမှာ ဖြစ်စေတာပါ။ သူတို့ဟာ မကောင်းတဲ့အရာတွေပဲ လုပ်ပြီးတော့ မကောင်းတဲ့အရာတွေပဲကြံစည်ရင် အဲ့ဒီ အသီးအပွင့်ပဲ ရိတ်ရမှာပါ၊ ကောင်းတဲ့ဘုရားအကြံစည်တွေ အသက်တာမှာ ဖြစ်လာမှာမဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေပဲ လုပ်ပြီး ကောင်းတဲ့အကြံအစည်တွေနဲ့ပဲပြည့်နေရင်တော့သေချာပါတယ် ကောင်းတဲ့အသီးအပွင့်တွေနဲ့ဝေဆာနေမှာပါ။ ဘုရားရဲ့အကြံအစည်က သင့်အပြုအမူအကြံအစည်အတိုင်း သင့်ပေါ်မှာ ရရှိခံစားဖို့ပါပဲ။

ဇန်နဝါရီလ ၉ ရက်နေ့

ဘုရားအကြံအစည်

”အကြောင်းမူကား ငါ​ထာဝရဘုရား​သည် သင်​တို့​အတွက်​ကြံစည်​ထား​သော အကြံအစည်​များ​ကို ငါ​သာလျှင်​သိ​၏​။ သင်​တို့​ကို ဒုက္ခ​ရောက်​စေ​မည်​မ​ဟုတ်​၊ ကောင်းစား​စေ​မည့် အကြံအစည်​ဖြစ်​၏​။ သင်​တို့​မျှော်လင့်​သော​အနာဂတ်​ကို ပေး​ရန်​အတွက်​ဖြစ်​၏​။“ ယေရမိ ၂၉:၁၁

ဘုရားအကြံအစည်နှင့်လူ့အကြံအစည် မိုးကောင်းကင် နှင့်မြေကြီးကွာသလို ကွာတာ လူတိုင်းသိပါတယ်။ ပိုကောင်းတဲ့ဘုရားအကြံအစည်ပြည့်စုံဖို့အတွက် ကိုယ့်အကြံအစည် တွေကိုလက်လွှတ်လိုက်ရတာတွေရှိတယ်။ ဒီလိုအချိန်မျိုးမှာ ဘုရားကိုတောင်အထင်လွဲမိတတ်ကြတယ်။ ဘုရားကဘဲမချစ်သလို ခံစားချက်မျိုးလည်းခံစားမိတတ်ကြတယ်။ တခြားလူတွေပေါ်မှာ ဘုရားကကောင်းပြီး ကိုယ့်အပေါ်မှာ မတရားဘူးလို့တောင် မြင်တဲ့သူတွေရှိတယ်။ တကယ်တော့ အဆုံးထိ ဘုရားနှင့် ဆက်မသွားကြလို့ပါ။ လမ်းတဝက်မှာတော့ အပြည့်အစုံနားလည်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဆုံးထိ သွားတဲ့အခါမှာတော့ ဘုရားဘယ်လောက်ကောင်းလဲဆိုတာ ကို သိရှိပါလိမ့်မယ်။ တချို့ရုပ်ရှင်ကားတွေက တစ်ဝက်ပဲကြည့်ပြီး အားလုံးနားမလည်နိုင်သလိုပါပဲ။ ပရောဖက်ယေရမိကတော့ ပြောတယ် ဘုရားကိုယ့်အပေါ်မှာ ကြံစည်ထားတဲ့အကြံအစည်တိုင်းက ဘေးဒုက္ခ ရောက်စေမယ့်အရာတစ်ခုမှကိုမရှိဘူး။ ကောင်းစားဖို့ပဲ ကြံစည်ထားတယ်။ ဘုရားကိုစိတ်ချစေချင်တယ်။ သူ့ဆီမှာ သားသမီးတိုင်းအတွက် အကောင်းဆုံးသောအရာတွေ လူတိုင်းအတွက်ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူရင်သာ မတူမယ် အားလုံးအတွက်ကတော့သေချာတယ် အကောင်းကြီးပဲ။ ဘယ်လိုမှ နားမလည်ရင်တောင်မှ ဘုရားကိုစိတ်ချပါ။

တချို့က ဘုရားအကြံအစည် ပြည့်စုံတဲ့အခါမှာ ကိုယ်ရဲ့ အကြံအစည်တွေ၊ မျှော်လင့်ချက်တွေအားလုံး ပျက်သွားမယ် အဲ့ဒါတွေနဲ့ဝေးသွားမယ်လို့ထင်နေတဲ့သူတွေလည်းရှိတယ်။ ဘုရားအကြံအစည် ပြည့်စုံတဲ့အခါမှာ သင့်မျှော်လင့်ချက်တွေ ပျက်သွားမှာလုံးဝမဟုတ်ဘူး။ သင့်မျှော်လင့်တဲ့အရာတွေလည်း သေချာပေါက်ပြည့်စုံလာပါလိမ့်မယ်။ ခဏတာ လက်လွှတ်လိုက်ရတာရှိကောင်းရှိနိုင်တယ်။ အချိန်တန်ရင်တော့ ဘုရားအကြံအစည်ပြည့်စုံသလို သင့်မျှော်လင့်စိတ်ကူးတဲ့အရာတွေအားလုံးလည်းပြည့်စုံလာပါလိမ့်မယ်။

ဇန်နဝါရီလ ၈ ရက်နေ့

ပြောင်းလဲမှုကို ရွေးချယ်ပါ

”ရု​သ​က၊ ကျွန်​မ​သည် ကိုယ်​တော်​ကို မ​စွန့်​ပါ​ရ​စေ​နှင့်။ နောက်​တော်​သို့​မ​လိုက်​ဘဲ ပြန်​သွား​စေ​ခြင်း​ငှာ မ​ပြု​ပါ​နှင့်။ ကိုယ်​တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်​မ​လိုက်​ပါ​မည်။ ကိုယ်​တော်​အိပ်​လေ​ရာ​ရာ၌ ကျွန်​မ​အိပ်​ပါ​မည်။ ကိုယ်​တော်​အ​မျိုး​သည် ကျွန်​မ​အ​မျိုး၊ ကိုယ်​တော်​ဘု​ရား​သည် ကျွန်​မ​ဘု​ရား ဖြစ်​ပါ​စေ။“ ရု​သ​ ၁:၁၆

မှန်ကန်တဲ့အပြောင်းအလဲက ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ကနေ ပြီးတော့မြစ်ဖျားခံတယ်။ မထူးဇာတ်ခင်းတဲ့သူတွေ အသက်တာမှာတော့ ကြီးမားတဲ့ အပြောင်းလဲတွေ မြင်တွေ့ရဖို့မလွယ်ဘူး။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေက စိတ် ကူးလို့တောင် မရနိုင်တဲ့အပြောင်းအလဲတွေကို ယူဆောင်လာတယ်။ အပြောင်းလဲတွေကို မျှော်လင့်တယ်ဆိုရင် ဆုံးဖြတ် ချက်တွေကို မှန်ကန်စွာချဖို့ ရွေးချယ်ပါ။

ရုသဟာ လူသာမန်တွေချလေ့ရှိတဲ့အရာကို မရွေးချယ်ဘူး။ သူဟာ လူသာမန်တွေ ထက်ထူးခြားတဲ့အပြောင်းအလဲတွေခံစားရတာက သူ့ရဲ့ရွေးချယ်မှုကြောင့်ပါ။ လူတွေက ရုသအသက်တာမှာ ကြုံရတဲ့ အပြောင်းအလဲကိုလိုချင်တယ်။ ဘာကြောင့်အဲ့ဒီလောက်ကြီးမားတဲ့အပြောင်းအလဲတွေ ကြုံရသလည်းဆိုတာကိုတော့ ဂရုမပြုမိကြဘူး။ ဘုရားက တရား မျှတယ် ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူး။ ကြီးမားတဲ့ အပြောင်းအလဲတွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုကို ရုသ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုက သေးသေးလေးတော့မဟုတ်ဘူး။ သမိုင်းဝင်တဲ့အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာစေတယ်။ မျိုးဆက်ပေါင်းများစွာ ဘယ်တော့မှ ဝင်ခွင့်မရဖို့ ပိတ်ပင်ခြင်းခံရတဲ့ မောဘအမျိုးသမီးတစ်ယောက်အနေနဲ့ ကြီးမားတဲ့အပြောင်းအလဲကြီးတစ်ခုကို ခံစားရတယ်။ ဒါဝိဒ်ဆိုတဲ့ ခေါင်းဆောင် ကြီး ပေါ်ထွက်လာဖို့အတွက် သူ့မှာ ဘယ်လိုမှ အခွင့်အရေးမရှိပါဘူး။ ဒါပေမယ့် သူဟာ တားမြစ်ချက်တွေကို ကျော်ဖြတ်ပြီးတော့ အပြောင်းအလဲကြီးတစ်ခုကို လုပ်နိုင်ခဲ့တယ်။ ဒါက သူ့ရဲ့ရွေးချယ်ခဲ့မှုကြောင့်ဖြစ်တယ်။ သင့်အသက်တာမှာလည်းရွေးချယ်တဲ့အခါမှာ သာမန်ရွေးချယ်မှုကိုဘဲမလုပ်ပဲ အပြောင်းအလဲဖြစ်စေမယ့်အရာကိုရွေးချယ်ပါ။

ဇန်နဝါရီလ ၆ရက်နေ့

မပြောင်းလဲနိုင်တဲ့ဓမ္မသတ်ကို ပြောင်းလဲခြင်း

”အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။ ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊“ဒံယလေ ၁:၁၂-၁၃

လောကမှာ ဘယ်တော့မှ ပြောင်းလို့မရဘူးလို့ သတ်မှတ်ထားတဲ့အရာတွေအများကြီးရှိတယ်။ ဒီအထဲမှာ တချို့သော အရာတွေက ပြောင်းလဲလိုက် ရင် အသက်တောင်ပါသွား နိုင်တဲ့အထိအဖိုးအခကြီးတယ်။ ဘယ်လောက် ပဲ အဖိုးအခကြီးပါစေ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒရှိတဲ့သူတွေက ဘာမှမလုပ်ပဲ လက်ပိုက်ကြည့်နေရတာထက်စာရင် အပြောင်းအလဲလုပ်ဖို့အတွက် စိန်ခေါ်မှုကိုပဲရွေးချယ်ကြတဲ့သူတွေရှိတယ်။ သမိုင်းမှာလည်း ပြောင်းလဲလို့ မရဘူးလို့ ထင်တဲ့အရာတွေကို ပြောင်းလဲခဲ့ကြတဲ့ သမိုင်းဝင်လူတွေ အများကြီးရှိတယ်။ ဉပမာ-လူဖြူလူမဲ ခွဲခြားမှုတွေကို အဆုံးသတ်ခဲ့တဲ့သူတွေပေါ့။ အရင်တုန်းကတော့ ဒီလိုအရာတွေကို လုပ်နိုင်လိမ့်မယ် လို့ ဘယ်သူကမှ မထင်ထားခဲ့ကြဘူး။ဒါပေမယ့် ဘယ်လောက်ပဲ ခိုင်မာတဲ့ အရာတွေဖြစ်ပါစေ အဆုံးထိတိုက်ပွဲဝင် ခဲ့ကြတဲ့ သူတွေကြောင့် ပြိုလဲခဲ့ပြီး ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာတာပဲမဟုတ်လား?

ဒံယေလနှင့် သူငယ်ချင်းသုံးယောက်လည်း ဗာဗုလုန်ရဲ့ မပြောင်းလဲ နိုင်တဲ့ အရာတွေကို ပြောင်းလဲဖို့အတွက် စိန်ခေါ်ခဲ့ကြတယ်။ ဒီလို အရာတွေကို လူတိုင်းက လုပ်ဖို့တော့စိတ်မဝင်စားကြဘူး။ အဆင်ပြေအောင်နေဖို့ပဲ စဉ်းစားနေတဲ့အချိန်မှာ သူတို့ကတော့ အဆင် ပြေအောင် နေဖို့ထက် ပြောင်းလဲမှုကို လုပ်ဖို့ ဆန္ဒရှိခဲ့ကြတယ်။ ဒါကြောင့် သူတို့က လူတိုင်း မလုပ်တဲ့စိန်ခေါ်မှုကြီးကိုလုပ်ဆောင်ခဲ့ကြပြီးတော့ စွန့်စားခဲ့တယ်။ ဒီရဲ့ရလဒ်က အခြားသူတွေနဲ့မတူတဲ့ အသက်တာကိုပိုင်ဆိုင်ခွင့်ရပြီးတော့ လူတွေရှေ့မှာရော ဘုရားရှေ့မှာရော ကြီးမားတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင် ခွင့်ရတဲ့သူတွေဖြစ်လာတယ်။ အပြောင်းအလဲတွေက အခြေအနေပေါ်မှာ အဆင် ပြေအောင် နေမယ်ဆိုတဲ့သူတွေအတွက် ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး။

ဇန်နဝါရီလ ၅ရက်နေ့

ပြောင်းလဲမှုကြီးဆီသို့

”မြို့​ထဲ​သို့​ဝင်​လျှင် အ​စာ​ခေါင်း​ပါး​သော​ကြောင့် သေ​ရ​မည်။ ဤ​အ​ရပ်၌ ထိုင်​လျက်​နေ​လျှင်​လည်း သေ​ရ​မည်။ သို့​ဖြစ်၍ ရှု​ရိ​တပ်​သို့ ဝင်​စား​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​သက်​ရှင်​စေ​လျှင် ရှင်​ရ​မည်။ သတ်​လျှင်​သေ​ရ​မည်​ဟု တိုင်​ပင်​ပြီး​လျှင်၊“ ၄ ဓမ္မ ၇:၄

အပြောင်းလဲက ကိုယ့်ဆီကို မလာရင် အပြောင်းလဲဆီကိုသွားပါ။ တစ်ခါတစ်လေ အပြောင်းလဲမှုကြီးတွေက ကိုယ့်ဆီမလာတတ်ဘူး။ သူ့ဟာသူ လာဖို့ထိုင်စောင့်နေတာထက် ပြောင်းလဲမှုဖြစ်မယ့်နေရာကိုသွားတတ်ဖို့လိုတယ်။ ပြောင်းလဲမှုကိုခြေလှမ်းတဲ့အခါမှာ တစ်ခါတစ်လေ ဖြစ်နိုင်မှုက တစ်ရာခိုင် နှုန်းလောက်ပဲဖြစ်ပြီးတော့ မဖြစ်နိုင်ခြင်းက ကိုးဆယ့်ကိုးရာခိုင်နှုန်း ဖြစ်နေတတ်တယ်။ ရာနှုန်းပြည့် သေချာလို့ လုပ်တာ မဟုတ်ပါဘူး။ ရာနှုန်းပြည့် ယုံကြည်ခြင်းနှင့်လုပ်ကြည့်ပါ။ တစ်ခါတစ်လေ တစ်ရာခိုင်နှုန်းလေးက ကြီး မားတဲ့ အပြောင်းအလဲကြီးတွေကိုယူဆောင်လာပေးတတ်တယ်။

ရှာမာရိမြို့အစာခေါင်ပါးခြင်းကို ကြည့်တဲ့အခါမှာ ပရောဖက် ပြောတာကို ပညာရှိကြီးတွေက လက်မခံနိုင်ကြဘူး။ ဘုရားလုပ်တဲ့အလုပ်ကို လောကီ အတွေးအခေါ်နဲ့ နားမလည်နိုင် ဘူး။ ဒါကြောင့် စနစ်တကျ တွေးခေါ်တဲ့အခါမှာ သေချာတယ် မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဘုရားက သူပြောရင် သူအမြဲအလုပ်လုပ်တယ်၊ သူတာဝန်ယူတယ်။ လူတွေအနေနဲ့ ဘယ်လို ဖြစ်လာမလဲ? ဘယ်တော့ဖြစ်လာမလဲ? မသိပေမယ့် ဘုရားက လူတွေ ဘယ်သူမှ အထင်မကြီးတဲ့ လူနူလေးယောက်ထဲမှာ နှိုး ဆော်တယ်။ သူတို့က သေဖို့ထိုင်စောင့်တာထက် မျှော်လင့်ချက် နည်းနည်းလေးရှိတဲ့ရန်သူ တပ်ကို သွားဖို့ တိုင်ပင်ခဲ့ကြတယ်။ တကယ်တော့ ပရော ဖက်ပြုချက်ကိုလည်း မသိသလို ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာလည်းမတွက်ချက်ဘူး။ မျှော်လင့်ချက်အပြည့် နဲ့ ရန်သူတွေဆီ ချီတက်တဲ့အခါမှာ ဘုရားကကြီးမားစွာအမှုပြုခဲ့တယ်။ ရန်သူတွေမရှိပဲ ရိက္ခာတွေ အပြည့်ရှိတဲ့ နေရာကို ပထမဆုံး ဝင်စားခဲ့ရတဲံသူ‌တွေ က ခြေလှမ်းလှမ်းတဲ့သူတွေပဲ။ တချို့အပြောင်းအလဲတွေက သေချာလို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်လို့လုပ်တာပါ။

ဇန်နဝါရီလ ၄ရက်နေ့

ဟောင်းသောအရာတို့မှ ပြောင်းလဲခြင်း

”လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။-“ ၂ ကော ၅:၁၇

အပြောင်းအလဲဆိုတာ သူ့အလိုလို ရောက်လာတဲ့ အရာမဟုတ်ဘူး။ဒါကြောင့် ထိုင်စောင့်မနေနဲ့။ အလိုလိုနေရင်းပြောင်းလဲတာဆိုလို့ မကောင်းတဲ့ဘက်ကိုပဲရှိတယ် ကောင်းတဲ့ဘက်ကိုတော့ ဘယ်တော့မှ အလိုလိုနေရင်း ပြောင်းလဲသွားမှာမဟုတ်ဘူး။ လူတွေက သူတို့ဘဝရဲ့ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာမယ့်နေ့ကိုထိုင်စောင့်ရင်းနဲ အချိန် ကုန်သွားကြတယ်။ သူတို့ထင်တဲ့အပြောင်းအလဲဆိုတာ တစ်နေ့နေ့ တော့ မျက်စိလည်လမ်းမှားပြီးတော့ ရောက်လာမယ် လို့ ထင်နေကြတယ်။ ဒီလိုတွေးတဲ့သူတိုင်းဟာ ကျရူံးမဥထဲမှာပဲ ချောင်ပိတ်မိပြီးတော့ အဆုံးသတ်သွားရတယ်။ စာတန် ရဲ့အကြီးဆုံးလှည့်ကွက်ကိုပြောပါ ဆိုရင် အပြောင်းအလဲကို ထိုင်စောင့် ခိုင်းတဲ့ အတွေးအခေါ်ပဲလို့ ပြောရမယ်။ နှုတ် ကပတ်တော်ထဲမှာရော သမိုင်းမှာရော ကြည့်ရင် ဘယ်အပြောင်းအလဲမှ အချိန်တန်လို့ သူ့အလိုလိုရောက်လာတာတစ် ခုမှကို မရှိဘူး။ အားလုံးကတိကျတဲ့ရည် ရွယ်ချက်နှင့် ဘုရားအတူပါရှိပြီး လုပ် ဆောင်ခဲ့တဲ့သူတွေကြောင့်ပဲဖြစ်ပေါ်ခဲ့တာပါ။

ခ​ရစ်​တော်၌​(in CHRIST) အထဲမှာရှိခြင်းက ဘာနဲ့တူသလဲဆိုရင် အရှိန်နဲ့ပြေးနေတဲ့ လေယျာဉ်ပေါ်မှာ ရှိခြင်းနှင့်တူတယ်။ အိမ်ရဲ့ထိုင်ခုံမှာ ထိုင်နေတာနဲ့ လေယျာဉ်ပေါ်မှာထိုင်တာ ဘာကွာလဲမေးရင် အိမ်မှာ ထိုင်နေတဲ့သူက နာရီပေါင်းများစွာကြာလည်းအရင်ထိုင်နေတဲ့နေရာကနေ ဘယ်မှ မရောက်ဘူး။ လေယျာဉ်ပေါ်မှာ ထိုင်နေတဲ့ သူကတော့ နာရီပေါ်မှာမူတည်ပြီးသူဟာ ရွှေ့လျားနေတယ်။ မြို့တစ်မြို့ကနေ တမြို့ ကိုရောက်သွားစေနိုင်သလို နိုင်ငံနဲ့ချီပြီးလည်း ရောက်သွားနိုင်တယ်။ ခရစ်တော်ထဲမှာ ရှင်သန်ခြင်းက သင့်ဘဝကို နယ်ပယ် သစ်ဆီကို ရွှေ့လျားနေတယ်။ ဒါကြောင့် မနှစ်ကတွေ့တာနဲ့အခု ဘယ်လိုမှကို မတူ နိုင်တော့ဘူး၊ တကယ်ခရစ်တော်မှာရှိရင် အမြဲတမ်းပြောင်းလဲတိုးတက်နေတယ်။ ဟောင်းတဲ့အရာတွေဟာ ကွယ်ပျောက် သွားပြီးတော့ အသစ်သော ခရစ်တော်ရဲ့ အမှုပြုခြင်းတွေက တစ်ခုပြီးတစ်ခု အသက်တာမှာနေရာယူလာတယ်။ ခရစ်တော်ထဲမှာရှိလားမရှိလား သိနိုင်တဲ့အရာတွေထဲက တစ်ခုကဒါပဲ။ လူတချို့က ခရစ်တော်အကြောင်းသာ ပြောတာ ခရစ်တော်အထဲမှာ မရှိတော့ ကြာလေ ဟောင်းလေပဲ၊ဘခရစ်တော်ထဲမှာရှိတဲ့သူကတော့ ကြာလေ ကောင်းလေပဲ။

ဇန်နဝါရီလ ၃ရက်နေ့

ပြောင်းလဲမှုဆိုတာ အချိန်ရှိတယ်

”သင်​တို့​သိ​သည်​အ​တိုင်း၊ ဧ​သော​သည် နောက်​မှ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​မွေ​ခံ​ခြင်း​ငှာ အ​လို​ရှိ​သော​အ​ခါ၊ ငြင်း​ပယ်​ခြင်း​ကို​ခံ​ရ၏။ မျက်​ရည်​ကျ၍ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​လွန်​ရှာ​သော်​လည်း၊ မိ​မိ​အ​ဘ၏ စိတ်​ပြောင်း​လဲ​ခြင်း အ​ခွင့်​ကို မ​တွေ့​မ​ရ။“ ဟေဗြဲ‬ ‭၁၂:၁၇

ပြောင်းလဲမှုလုပ်တိုင်းကောင်းတာတော့မဟုတ်ဘူး။ ပြောင်းလဲမှုကို အချိန်ကိုက်လုပ်ဆောင်တတ်ဖို့ အရေးကြီးတယ်။ တချို့သောပြောင်းလဲမှုတွေက အချိန်မတန်ခင် လုပ်တဲ့အတွက် အောင်မြင်မှုမရသလို အချိန်ကျော်ပြီးမှ လုပ်တဲ့ပြောင်းလဲမှုကလည်း ဘာအကျိုးသက်ရောက်မှုမှ မရနိုင်ဘူး။ အပြောင်းအလဲ လုပ်တဲ့အခါမှာ အချိန်ကိုက်လုပ်တတ်တဲ့သူဖြစ်ဖို့ ဒီအချိန်မှာ ဘယ်လိုအပြောင်းလဲတွေ လုပ်ရမလဲဆိုတာ ကောင်းမွန်စွာသိပါ။ အချိန်ကိုက် မလုပ်တဲ့ပြောင်းလဲမှုတွေဟာ ကောင်းတဲ့အရာထက် မကောင်းတဲ့အရာဆီကိုဉီးတည်နေတတ်တယ်။

ဧသောဟာ သူရတဲ့ အရာကို တန်ဖိုးမထားပဲ အသက်ရှင်ခဲ့တယ်။ ယာကုပ်က ပြင်းပြစွာလိုချင်ပေမယ့်သူကတော့ ဘာတန်ဖိုးမှ မရှိသူလို ပဲဟင်းတခွက်နဲ့တောင် လဲစားလိုက်သေးတယ်။ ယာကုပ်ရပြီးတဲ့အခါမှာတော့ သူဟာ ဒီကောင်းကြီးမင်္ဂလာကို ရဖို့ ပြင်းပြတဲ့ဆန္ဒရှိခဲ့တယ်။ သူ ပြောင်းလဲပေမယ့်ပေးမယ့် အဘရဲ့ စိတ်မပြောင်းလဲတော့တာတွေ့ရတယ်။ မျက်ရည်ကျပြီး အကြိမ် ကြိမ်တောင်းဆိုပေမယ့် သူလိုချင်တဲ့အဖြေတော့ မထွက်လာခဲ့တော့ပေ။ အချိန်ရှိတုန်းပြောင်းလဲဖို့ဘယ်လောက် အရေးကြီးသလဲဆိုတာ ဒီနေရာမှာတွေ့ရတယ်။ ဧသော ပြောင်းလဲပေမယ့် အချိန် နှောင်းသွားပြီမဟုတ်လား? ပြောင်းလဲတာတော့ ကောင်းပါတယ် အချိန်နောက် မကျပဲ ပြောင်းလဲဖို့တော့ ပိုအရေးကြီးတယ်။ သူဟာ ပြောင်းလဲသင့်တဲ့ ကာလမှာ မပြောင်းလဲခဲ့တဲ့ အရာကို ကြုံခဲ့ရတယ် အချိန်မနှောင်းခင် ပြောင်းလဲပါ။

ဇန်နဝါရီလ ၂ရက်နေ့

ပြောင်းလဲခြင်း

”သို့​သော်​လည်း သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​သော​အ​ခါ၊ ထို​ဖုံး​အုပ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​လိမ့်​မည်။-“ ၂ ကော ၃:၁၆

တိုးတက်ချင်တယ်ဆိုရင် လူတိုင်းသိရမယ့်အရာ (၂)ခုရှိတယ်။ တစ်ခုကတော့ ဘယ်တော့မှ ပြောင်းလဲလို့မရတဲ့ အရာနှင့် ပိုတိုးတက်ဖို့အတွက် ပြောင်းကို ပြောင်းရမယ့်အရာ လူတိုင်းမှာ ဒီလိုအရာတွေရှိတယ်။ အရင်ကတည်းက သစ္စာရှိရှိ လုပ်ခဲ့ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ၊ကောင်း မွန်တဲ့အသက်ရှင်ခြင်းတွေကတော့ ဘယ်တော့မှ ဘယ်လိုမှ ပြောင်းလဲသွားလို့ မရဘူး။ ဒါကို အရင် နှစ်တွေတုန်းက လည်းပြုလုပ်ခဲ့သလို အခုအချိန်မှာလည်းဆက်ပြီးတော့ လုပ်ဆောင်နေဖို့လိုတယ်။ ဒီအရာတွေ အသက်တာမှာ မရှိတော့ရင် အသက်တာမှာ တိုးတက်သင့်သလောက် တိုးတက်တော့မှာမဟုတ်ဘူး။

နောက်တစ်ခုကတော့ အသက်တာမှာ တိုးတက်ဖို့အတွက် အနှောင့်အယှက်ဖြစ်နေသေးတဲ့ အရာတွေကိုတော့ပြောင်းလဲရမယ်။ တိုးတက် ဖို့ကိုအနှောင့်အယှက်ဖြစ်စေတဲ့ အတွေးအခေါ်တွေ၊ အပြုအမူတွေကတော့ ပြောင်းကို ပြောင်းလဲရမယ်။ ဘုရားက တချို့သော ဖုံးအုပ်ခြင်းတွေကိုဘယ်အချိန်မှာ ဖယ်ရှားပေးလဲဆိုရင် အသက်တာမှာ ပြောင်းလဲဖို့လိုအပ်တဲ့အရာတွေကို ဖယ်ရှားလိုက်တဲ့အချိန်မှာပါ။ ဘယ်လောက်ကျမ်းစာဖတ်ဖတ် နားမလည်ပဲ ဖုံးအုပ်ခြင်းခံရတဲ့သူတွေ၊ အနာဂတ်နှင့်ပတ်သက်ပြီးတော့ ဘယ်လိုမှ မမြင်နိုင်ပဲ ဖုံးအုပ်ခြင်းခံရတဲ့သူတွေ အသက်တာထဲက မရှိသင့်တဲ့အရာတွေကို ဖယ်ရှားပြီးပြောင်းလဲဖို့ ခြေလှမ်းတဲ့အခါမှာ တစ်ခါမှမရဖူးတဲ့ ဖွင့်ပြချက် တွေရောက်လာတယ်။ ဖုံးအုပ်ခြင်းကနေ လွတ်မြောက်ချင်ရင် ဒီနည်းလမ်းကနေလွဲပြီးတော့အခြားမရှိဘူး။

ဇန်နဝါရီလ ၁ ရက်နေ့

အလိုတော်ကိုအကုန်အစင်နားလည်ချင်ရင်

”ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-“ ကောလောသဲ ၁:၉-၁၁

ဘုရားအလိုတော်ကို အကုန်အစင် နားမလည်ချင်တဲ့သူ ဘယ်သူများရှိပါ့မလဲ? အားလုံးက ဘုရားရဲ့အလိုတော်ကိုသိချင်နေကြတဲ့သူတွေချည်းပဲ။ အမှုတော်ဆောင်တဲ့ကာလမှာ အမေးများဆုံးမေးခွန်းက ဘုရားအလိုတော်က ဘာများဖြစ်မလဲ? လူတိုင်း အိမ်ထောင်ရေး၊စီးပွားရေး၊ ပညာရေး နှင့်ရှေ့ဆက်အနာဂတ် အတွက် ဘုရားအလိုတော်ကိုသိချင်နေကြတယ်။ အထူးသဖြင့် နှစ်သစ်တိုင်းမှာ လူတွေပိုပြီးတော့သိချင်တဲ့အရာက ဘုရားအလိုတော် ဒီနှစ်ထဲမှာ ဘယ်လိုရှိမလဲ?

တမန်တော်ကြီးရှင်ပေါလုက ကောလောသဲ အသင်းတော်ကို ဆုတောင်းပေးတဲ့အရာကိုကြည့်ရင် ဘုရားအလိုတော်ကိုအကုန်အစင်ဘယ်လိုနားလည်နိုင်မလဲဆိုတာတွေ့ရတယ်။ ဘုရားအလိုတော်ကို လူ့ရဲ့ ဉီးနှောက်နဲ့အကုန်အစင် နားလည်ဖို့ဆိုတာ မလွယ်ပေမယ့် ဘုရားပေးတဲ့ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုး အားဖြင့် သာလျှင် သိနိုင်မယ်။ မှန်ကန်တဲ့ပညာ နှင့် ဉာဏ်အသက်တာမှာရှိရင် ဘုရားအလိုတော်ကို အကုန်အစင် နားလည်ဖို့အတွက် ကူညီလိမ့်မယ်။ လာမယ့်နှစ်သစ်မှာ ဘုရားရဲ့အလိုတော်ကို အကုန်အစင် သိနားလည်ပြီး၊ ဘုရား အလိုတော်အတိုင်းရှင်သန်နိုင်ဖို့ ဘုရားသခင်သည် လိုအပ်တဲ့ပညာ အမျိုးမျိုး သင့်အားပေးပါစေ။

ဒီဇင်ဘာလ ၃၀ ရက်နေ့

ကာလအချိန်ကို ကောင်းမွန်စွာအသုံးပြုပါ

”ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍ နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။ သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။“ဧဖက် ၅:၁၅-၁၇

ခေတ်ကာလ ဆိုးတဲ့အထဲမှာ ခေတ်ရေစီးကြောင်းအတိုင်း ကိုယ်မမျောပါသွားစေနဲ့။ ပညာရှိနှင့် ပညာမဲ့ ဘာကွာလဲလို့မေးရင် ပညာမဲ့တဲ့သူက ရတဲ့အချိန်ကို ကောင်းစွာအသုံးမပြုပဲ အပြစ်တင်တာနှင့် မကောင်းမြင်တာနဲ့ပဲ ကုန်ဆုံးသွားတယ်။ သူ့အတွက် ကောင်းတဲ့အရာရော ဆိုးတဲ့အရာကရော ဘာမှ အဓိပ္ပါယ်မရှိသလို ဖြစ်နေတယ်။ တကယ်တော့ ဘုရားက လူတိုင်းကိုညီတူမျှတူ ပေးတွေ့တာပါ။ ဒါပေမယ့် ဒီလိုကာလအချိန်ထဲမှာလည်းဘယ်လို ဆိုးတဲ့အရာပဲ ကြုံကြုံ၊ ပညာရှိတဲ့သူကတော့ ကောင်းမွန်စွာ ရလာတဲ့ အချိန်ကို အသုံးပြုတတ်တယ်။ ပညာမဲ့တွေကတော့ အားလုံးဖြုန်းတီးပစ်လိုက်တယ်။

ကောင်းတဲ့အချိန်ကာလထဲမှာ အသက်ရှင်မှ ကောင်းတဲ့အရာတွေဖြစ်လာတာမဟုတ်ဘူး။ ဆိုးတဲ့အချိန်ကာလထဲမှာလည်း အသက်ရှင်ပြီး အချိန်ကို ကောင်းမွန်စွာအသုံးပြုတဲ့ ပညာရှိအတွက်ကတော့ ကောင်းတဲ့အရာတွေကို ဖြစ်ပေါ်စေလာနိုင်တယ်။ ယောသပ်ဟာ ကောင်းတဲ့အချိန်ကာလမှာ အသက်ရှင်ခဲ့တာမဟုတ်ဘူး။ အကိုတွေ ရောင်းစားပြီးတော့ ကျွန်ဘဝမှာရှင်သန်ခဲ့ရတာ။ အဖေကိုယ်တိုင် သေပြီလို့တောင် ထင်မှတ်ခဲ့တာ။ ဒါပေမယ့် အဲ့ဒီ ဆိုးတဲ့ကာလကိုလည်းသူဟာ ကောင်းစွာအသုံးပြုခဲ့ပြီးတော့ ထိပ်ဆုံးကိုရောက် အောင်အသက်ရှင်ခဲ့တယ်။ အရေးကြီးဆုံးက ဘုရားအလိုတော် ဘယ်အရာဖြစ်သလဲဆိုတာကိုသေချာစွာ သိကျွမ်းခဲ့တာပါ။ မောရှေလည်း ဒီအတိုင်းပဲ မွေးလာတဲ့ ယောက်ကျားလေးတိုင်း အသက်ခံရတဲ့ ခေတ်ကြီးမှာ ကြီးပြင်းလာရတာ။ ဒါပေမယ့်အဲ့ဒီကာလထဲမှာသူတို့ဟာ ပျက်ဆီး ပျောက်ကွယ်သွားတဲ့သူတွေမဟုတ်ပဲ အကောင်းဆုံးအသုံးပြုပြီး ထိပ်ဆုံးကိုရောက်အောင် သွားခဲ့ကြတယ်။ ဒီနေ့ခတ်က သူတို့လောက်မဆိုးဘူးလို့တောင် ပြောလို့ရပါတယ်။ ဘုရားအလိုတော်ကိုသိပြီး ပညာရှိစွာအသက်ရှင်ရင် သေချာတယ် ထိပ်ဆုံးကို ရောက် အောင်သွားနိုင်ပါလိမ့်မယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့

လောကီဉာဏ်အားဖြင့်မသိနိုင်

”ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။ အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။“ ၁ ကော ၁:၂၀-၂၁


အသက်ရှင်တဲ့ ဘုရားကို သိနိုင်ဖို့အတွက် လောကီ ဉာဏ် ပညာက မစွမ်းနိုင်ပေ။ ဘယ်လောက် ထက်မြတ်တဲ့ ပညာဖြစ်ပါစေဘုရားသခင်ရဲ့ ပညာကိုတော့မမှီနိုင်ပေ။ လောကရဲ့ ပညာရှိ၊ ကျမ်းပြုဆရာနှင့် ဝေဖန်ရေးသမားတွေ ဉီးနှောက်နှင့် မမှီနိုင်တဲ့အရာကို ယုံကြည်ခြင်းရှိတဲ့သူအသက်တာမှာသာ ဘုရားက သိနားလည်စေတယ်။ လောကီပညာရှိသမျှကိုဘုရားက မိုက်မဲစေတယ်။ ကိုယ့်ရဲ့ တော်ခြင်း၊ တတ်ခြင်း၊ ကြိုးစားခြင်းနှင့် ရလာတဲ့ ပညာဟာ ဘုရားရဲ့ကြီးမြတ်ခြင်းကို နားလည်ဖို့အတွက် မလုံလောက် ပေ။

ဘုရားသခင်ရဲ့နက်နဲတဲ့ အမှုပြုခြင်းကိုယုံကြည်ခြင်းကနေရတဲ့ပညာနှင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဆုကျေးဇူးကရတဲ့ ပညာကလွဲရင် ကျန်တဲ့ဘယ်ပညာမှ အသုံးမဝင်ပေ။ လူတွေဟာ နှစ်ပေါင်းများစွာ နက်နဲတဲ့ ဘုရားကိုသိဖို့ ကိုယ့်စွမ်းကိုယ်စနှင့် ကြိုစားကြပေမယ့် အမှန်အမှားကို သေချာစွာမပိုင်းခြားနိုင် ပဲ အပြစ်တင်ဝေဖန်တဲ့သူတွေအဖြစ်သို့သာရောက်ရှိလာတယ်။ ဘုရားက လူတွေပညာကိုမိုက်မဲစေပြီးတော့ လူတွေမိုက်မဲခြင်းလို့ထင်တဲ့အရာအား ဖြင့် ကြီးမားတဲ့အမှုကို ဖြစ်စေတယ်။ ယုံကြည်ခြင်းနှင့်ရှင်သန်သူသာလျှင် ဘုရားရဲ့နက်နဲခြင်းကိုသိနားလည်နိုင်ပြီးတော့ လောကီပညာအားဖြင့် ဘယ်တော့မှ ဘယ်လိုမှ နားမလည်နိုင်ပေ။

ဒီဇင်ဘာလ ၂၈ ရက်နေ့

ပညာမဲ့တဲ့သူတွေရဲ့လုပ်ရပ်

”ဤ​မျှ​လောက် ပ​ညာ​မဲ့​ကြ​သ​လော။ ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု၍ လုပ်​စ​ရှိ​ပြီး​မှ၊ ဇာ​တိ​ကို​အ​မှီ​ပြု၍ ပြီး​စေ​ကြ​သ​လော။-“ဂလာတိ ၃:၃

မှန်ကန်တဲ့အစပြုခြင်း က အရေးကြီးသလို ကောင်းမွန်တဲ့အထိအဆုံးသတ်နိုင်ဖို့လဲ မေ့ထားလို့မရဘူး။ တချို့က အစပြုခြင်းမှာစိတ်အားထက် သန်စွာ အစပြုပေမယ့်အဆုံးထိတော့ ကောင်းမွန်စွာ ဆက်လက်ရပ်တည်နိုင်စွမ်းမရှိကြဘူး။ ပညာရှိတဲ့သူနဲ့မိုက်တဲ့သူ ဘာကွာသလဲလို့မေးရင် အစပြုတဲ့အပိုင်းမှာ မကွာရင်တောင် အမြဲတမ်း အဆုံးသတ်ပိုင်းမှာ ကွာလေ့ရှိတယ်။ ဘုရားက အစပြုတာကိုပဲစိတ်ဝင်စားတာမဟုတ်ဘူး အဆုံးသတ်အထိ ဘယ် လိုလုပ်ဆောင်သလည်းဆိုတာကိုပါ စိတ်ဝင်စားတယ်။

ဂလာတိအသင်းတော်က တမန်တော်ကြီးရှင်ပေါလုကအပြစ်တင်တယ်။ အစပိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် အရှိန်တန်ခိုးနှင့် မှန်ကန်စွာအစပြုခဲ့တဲ့အသင်းတော် ကြီးတစ်ပါးဖြစ်ပေမယ့်အဆုံးသတ်ပိုင်းမှာတော့သူတို့ဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဉီးဆာင်မှု နှင့်လုပ်ဆောင်ဖို့ထက် ဇာတိကိုအမှီပြုပြီးတော့ ရှင်သန်ဖို့ရွေးချယ်ခဲ့ကြတယ်။ ဒီနေ့လည်း ဒီလိုအသင်းတော်တွေ အမှုတော်ဆောင်တွေနှင့်ယုံကြည်သူတွေရှိတယ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သွားလာလုပ်ဆောင်ဖူးခဲ့တဲ့အရာတွေကို မေ့လိုက်ပြီးတော့ ကိုယ့်ဇာတိအရည်အချင်း၊ အကြံအစည်တွေနှင့် ခရီးဆက်ဖို့ကြိုးစားကြတယ်။ လူ့ရဲ့ကြိုးစားမှုနှင့် အစွမ်းအစတွေဟာအောင် မြင်ခြင်းကိုရယူနိုင်ရင်တောင်ခဏပဲ။ အမြဲတမ်းတော့ မဖြစ်နိုင်ဘူး။ ဘုရားရဲ့ဝိညာဉ်တော်အားဖြင့်ရတဲ့အောင်မြင်ခြင်း ထူးခြားခြင်းတွေကတော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်နှင့် အစပြုပြီးမှ ဇာတိနှင့် အဆုံးသတ်ဖို့ ကြိုးစားတဲ့သူတိုင်းဟာ ပညာမဲ့ ဖြစ်တယ်။ သန့်ရှင်းသောဝိညာဉ်တော်ကို လုံးဝအားမကိုးတဲ့သူကတော့ လူမိုက်တွေပေါ့။ သန့်ရှင်းသောဝိညာဉ်တော်နှင့် မှန်ကန်စွာအစပြုပြီးတော့ သူလမ်းပြတဲ့အတိုင်း အဆုံးထိသွားနိုင်တဲ့ ပညာရှိစွာအသက်ရှင်ပါ။

ဒီဇင်ဘာလ ၂၇ ရက်နေ့

တမန်တော်တို့ သုံးစွဲခဲ့သောအရာ

”သူ​ဟော​ပြော၍ သုံး​စွဲ​သော​ပ​ညာ​နှင့် ဝိ​ညာဉ်​တော်​ကို မ​ခံ​မ​ဆီး​နိုင်​ကြ။-“တမန်တော် ၆:၁၀

သန်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းခံရပြီးနောက်ပိုင်း ကနဦးအသင်းတော်က လျှင်မြန်စွာနှင့် တိုးတက်ပျံ့နှံ့ခဲ့တယ်ဆိုတာတွေ့ရတယ်။ ဒီလောက် လျှင်မြန်တဲ့ နှုန်းကို ဘယ်နေရာမှာမှ တွေ့ဖို့မလွယ်ဘူး။ အတားအဆီးတွေမရှိတာမဟုတ်ဘူး။ ဖျက်ဆီးတဲ့သူတွေနဲ့မကြုံရတာမဟုတ် ဘူး။ ဒါဆိုရင် ဘာကြောင့်များဒီလောက် တိုးတတ်နှုန်းမြန်ရတာလဲ? ဉီးဆောင်တဲ့သူတွေက သာမန်လူတွေပါပဲ။ ဒါပေမယ့် သူတို့ အသက်တာမှာ လူတွေ ဘယ်လိုမှ ယှဉ်လို့မရတဲ့ အချက်ရှိတယ်။ သေချာတာကတော့သူတို့အရည်အချင်း သူတို့ တော်ခြင်း၊ တတ်ခြင်းလုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဒါဆိုရင် ဘယ်အရာက သူတို့ကို ဒီလောက်အဆီးအတားများနေတဲ့ကြားက လျှင်မြန်စွာ တိုးတက်အောင် မြင်စေတာလဲ?

အဖြေကတော့ရှင်းပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် သူတို့ အသုံးပြုတဲ့ ပညာကြောင့်ပါပဲ။ ဒီနေ့ ခေတ် အသင်းတော်တွေနှင့် အမှုတော် ဆောင်တွေလည်း သန့်ရှင်းသောဝိညာဉ် တော်ကို အမှီပြုတာပဲလို့ ပြောစရာရှိတယ်။ ဟုတ်တယ် အမှီပြုတဲ့သန့်ရှင်းသောဝိညာဉ်တော်ကတော့အတူတူပါပဲ၊ ဘာမှ မကွဲပြားပါဘူး။ ဒါပေမယ့် သူတို့ သုံးစွဲတဲ့ ပညာဒီခေတ်မှာလည်းလိုအပ်တယ် ဆိုတာတော့ဝန်ခံရမယ်။ လွှတ်တော် အရာရှိတွေ၊ ဘာသာရေးဆရာတွေ ဘယ်လိုမှ ငြင်းလို့မရအောင်ကို သူတို့သုံးစွဲတဲ့ ပညာနှင့် သန့်ရှင်းသောဝိညာဉ် တော်က လွန်စွာမြင့်မားခဲ့တယ်။ သင် လုပ်ဆောင်လေရာရာမှာ ဒီနှစ်ခုသာရှိရင် ဘယ်သူမှ ဖြိုချဖျက်ဆီးလို့မရဘူး။ လျှင်မြန်တဲ့နှုန်းနဲ့ သေချာပေါက် အောင်မြင် တိုးတက်ကောင်းစားမယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့

အထက်အရပ်မှ လာသော ပညာ

”သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။ ငြိမ်းချမ်း​မှု​ကို​ဖြစ်​စေ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အသီး​၏​မျိုးစေ့​ကို ငြိမ်းချမ်း​စွာ​ကြဲ​တတ်​ကြ​၏။“ ယာကုပ် ၃:၁၇-၁၈

ပညာရှိတိုင်း ကောင်းတာ မဟုတ် ဘူး။ လူတွေကို ပျက်ဆီးဆုံးရှုံးစေတဲ့ ပညာရပ်တွေ အများကြီးရှိတယ်။ ကိုယ် သုံးစွဲတဲ့ပညာဟာ ဘုရားသခင်ဆီက လာတဲ့ပညာ အထက်အရပ်က သက် ရောက်တဲ့ပညာ ဖြစ်ဖို့အင်မတန်အရေး ကြီးတယ်။ လူတချို့က ပညာတော့ရှိပါတယ် ဒါပေမယ့် ဘုရားထံကလာတဲ့ပညာမဟုတ်ဘူး။ အဲ့လို ပြောတဲ့အခါမှာ ဘုရားကို မသိတဲ့သူတွေပဲ မဟုတ်ဘူး။ ဘုရားကိုသိပြီး‌တော့ အမှုတော်ဆောင် ပါတယ်ဆိုတဲ့သူတွေတောင်မှ အထက် အရပ်ကလာတဲ့ ပညာကိုမသုံးပဲ နတ်ဆိုး ထံကလာတဲ့ပညာနဲ့ ရှင်သန်နေတဲ့သူတွေအများကြီးပဲ။

ဒါကိုရှင်ယာကုပ်က အထက်အရပ်ကသက်ရောက်တဲ့ပညာ ဟာ ဘယ်လိုလက္ခဏာတွေ ရှိသလိုဆိုတာကို သေချာခွဲခြားပြတယ်။ ဘုရားထံကလာတဲ့ ပညာဟာ စင်ကြယ်တယ်။ ပညာကိုအသုံးပြုတဲ့အခါမှာလည်း ကောင်းမွန်တဲ့နှလုံးသားရှိတယ်။ ဘယ်လောက်ကောင်းတဲ့ပညာဆိုတာ ထက် ကောင်းမွန်တဲ့ နှလုံးနှင့် အသုံးပြုတတ်ခြင်းကလည်း အရေးကြီးတယ်။ တချို့ပညာတွေအများကြီးတတ်ပေမယ့် နှလုံးသားကတော့ဆိုးတယ်။ ကောင်းမွန်တဲ့ ပညာကို ဆိုးတဲ့နှလုံးသားနှင့် ဘယ်လိုများ အသုံးပြုနိုင်မှာလဲ? ကောင်းမွန်တဲ့ပညာကို မှန်ကန်တဲ့နှလုံးသားနှင့် အသုံးပြုသူတွေရဲ့အသက်တာမှာ ကောင်းမြတ်သောအသီးအပွင့်တွေကို အမြဲတမ်းရိတ်သိမ်းရတယ်။ အသီးအားဖြင့် အပင်ရဲ့သဘောကိုသိနိုင်တယ် မဟုတ်လား? ဘုရားပေးတဲ့အထက်အရပ်ကသက်ရောက်တဲ့ပညာက ရန်ဖြစ်ဖို့၊ ပြိုင် ဆိုင်ဖို့ထက် ငြိမ်းချမ်းစွာဖြောင့်မတ်ခြင်း မျိုစေ့ကိုကြဲဖို့ဖြစ်တယ်။ တချို့တွေ ပညာတွေတတ်ပြီး ငြိမ်သက်ခြင်း ပျောက်နေတယ်။ ပညာဟာ ငြိမ်သက်ခြင်း ကိုပြုစုတဲ့ အဓိကမရှိမဖြစ်တဲ့ အရာ တစ်ခုဖြစ်တယ်။

ဒီဇင်လာလ ၂၅ရက်နေ့

ပညာရှိ

”သို့ဖြစ်၍ ငါ​ဟောပြော​သော ဤ​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် ကျောက်​ပေါ်၌ မိမိ​အိမ်​ကို​ဆောက်​သည့် ပညာ​သတိ​ရှိ​သော​သူ​နှင့်​တူ​၏။“ မဿဲ ၇:၂၄

မုန်တိုင်းတွေ မလာဖို့တော့ တားလို့မရဘူး။ ဒါပေမယ့်မုန်တိုင်းဒဏ်ခံနိုင်အောင်တော့တည်ဆောက်လို့ရတယ်။ မုန်တိုင်းကိုတော့ ဘယ်သူမှမကြိုက်ဘူး။ ရှောင်နေလို့လည်းရတဲ့ အရာတစ်ခုမဟုတ်ပြန်ဘူး။ လူတွေက ဘဝမှာ တိုက်တဲ့ မုန်တိုင်းတွေအကြောင်းကိုပဲစာဖွဲ့နေကြတယ်။တကယ်တော့လူတွေ ပြိုလဲတာက မုန်တိုင်းတွေကြောင့်ပဲ မဟုတ်ဘူး။ မုန်တိုင်းတွေရဲ့ဒဏ်ကို ခံနိုင်အောင် ကောင်းမွန်စွာမတည်ဆောက်ခဲ့ကြလို့ပါ။

သခင်ယေရူက တောင်ပေါ် ဒေသနာမှာ မုန်တိုင်းက လွတ်ရာတရားကိုမဟောဘူး။ မုန်းတိုင်းဒဏ်ကို ဘယ်လို အောင်မြင်စွာကျော်ဖြတ်မလဲ ဆိုတာကိုဟောကြားတယ်။ မုန်တိုင်းတွေကိုကြောက်နေလို့လည်း မုန်တိုင်းဘေးကနေလွတ်မှာမဟုတ်သလို၊ အပြစ်တင် နေလို့လည်း ပြီးသွားမှာမှမဟုတ်တာ။ ဘယ်လို ပြင်းထန်တဲ့မုန်တိုင်းဖြစ်ပါစေ ကျော်လွန်နိုင်အောင် ခိုင်ခံ့တဲ့ အသက် တာကို တည်ဆောက်ဖို့ သင်ပေးခဲ့တယ်။ သခင်ယေရှုဟောပြောတဲ့စကားတိုင်းကို နားထောင်ပြီး လက်တွေ့အသက်ရှင်တဲ့သူတိုင်းဟာ မုန်တိုင်းတွေကို ကြောက်စရာမလိုဘူး။ မုန်တိုင်းတွေကိုမကြုံရတာတော့မဟုတ်ဘူး။ ခံနိုင်ရည် အပြည့်နဲ့ ကျော်လွန်နိုင်တဲ့ အသက်တာဖြစ်စေမှာပါ။ မုန်တိုင်းထဲမှာ ပညာရှိနှင့်ပညာမဲ့ ဟာ ကွဲပြားသွားတယ်။ တခြားအချိန်မှာ မသိသာရင်တောင် မုန်တိုင်းတွေ ကြားထဲမှာတော့အရမ်းကိုခြားနားသွားတယ်။​

ဒီဇင်ဘာလ ၂၃ ရက်နေ့

ဘုရားမတတ်နိင်သောအရာ တစ်စုံတစ်ခုရှိသလော?

”ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။“ ကမ္ဘာဦး‬ ‭၁၈:၁၄

ဘုရားပေးတဲ့ကတိနှင့် ဘုရားပြောတဲ့စကားတွေက လူတချို့အတွက် ရယ်စရာဖြစ်ကောင်းဖြစ်မယ်။ အဓိပ္ပါယ်မရှိဘူးလို့ မြင်ကောင်းမြင်မယ်။ ဒီနေ့ လူတွေမှ မဟုတ်ပါဘူး ကျမ်းစာထဲမှာ ဘုရားနှင့်အနီးကပ်ဆုံးသောတဲ့သူတွေတောင်မှ ရယ်မိ တတ်ကြသေးတာပဲ။ ဘုရားက ဖြစ်နိုင်တာတွေ၊ ယုတ္တိရှိတာတွေပဲပြောတဲ့၊ လုပ်တဲ့ ဘုရားမဟုတ်ဘူး။ သူဟာ ဘာမဆို လုပ်ချင်တယ်ဆိုရင် လုပ်နိုင်တဲ့သူပါ။

ဘုရား တတ်နိုင်ခြင်းကို မေ့လျော့တဲ့အခါမှာ ဘုရား စကားတွေကို ရယ် စရာအဖြစ်မြင်လာတယ်။ နောက်နှစ်ဒီအချိန်မှာ သားမွေးမယ်လို့ ပြောတဲ့အခါမှာ တံခါးနောက်မှာ နားထောင်နေတဲ့ စာရာဟာ ရယ်ခဲ့တယ်။ သူ့အတွက် ဒီစကားဟာ တကယ်ကို ယုံစရာမဟုတ်ပဲ ရယ်စရာဖြစ်နေတယ်။ ဘယ်လို များဖြစ်နိုင်မှာလဲပေါ့။

လူတွေ ရဲ့ နှလုံးသားဟာ ဘုရားစကားကြားတဲ့အခါမှာ ဘယ်လို တုန့်ပြန်သလဲ ဆိုတာကိုကြည့်ပြီးတော့ ယုံကြည်ခြင်းရှိလား? မရှိဘူးလား? ဆိုတာ သိနိုင်တယ်။ လူ့အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အချိန်မှာ ရလာတဲ့အခါမှာ ဒါဟာ ဘုရားလုပ်တယ်ဆိုတာ ပိုသိသာထင်ရှားတယ် မဟုတ်လား? လူ့အစွမ်းအစ တစ်စက်မှ မပါပဲ ဘုရားလုပ်ပေးခြင်းသက်သက်ကို အာဗြဟံနှင့်စာရာအသက်တာမှာ ပိုင်ဆိုင်ခွင့်ရတယ်။ သင်မလုပ်နိုင်တဲ့အရာတွေကို လုံးဝမဖြစ်နိုင်တဲ့အခြေ အနေမှာ ဘုရားလုပ်ပေးပါလိမ့်မယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့

ဘုရားတတ်နိုင်တယ်

”က​တိ​ထား​တော်​မူ​သော​သူ​သည် က​တိ​တော်​အ​တိုင်း တတ်​နိုင်​တော်​မူ​သည်​ကို စိတ်​စွဲ​လမ်း​လေ၏။-“ ရောမ ၄:၂၁

‬ ‭ပြောတဲ့အတိုင်းမလုပ်တဲ့ လူတွေနဲ့ တွေ့ဖန်များတဲ့အတွက် တစ်ခုခုဆိုရင် ယုံနိုင်ဖို့အင်မတန်ခက်သွားတယ်။ ဟုတ်တာ ပြောရင်တောင်မှ ဟုတ်ပါ့မလားဆိုတဲ့ သံသယလေးက အမြဲတမ်း စိတ်ထဲရှိတယ်။ ကတိတည်တယ်ဆိုတဲ့လူတွေ ရှားပါးလာတဲ့ လောကထဲမှာ ရှင်သန်ရင်းနဲ့ နောက်ဆုံးဘုရားကိုပါ အဲ့ဒီလိုမျိုးပုံဖေါ်မိ သွားတဲ့သူတွေရှိတယ်။ ဘုရားကရော သူပေးထားတဲ့ကတိတွေကို တည်နိုင်ပါ့မလား။ သူပေးထားတဲ့ကတိတွေကလည်းနည်းတာမှ မဟုတ်တာ။ နောက်ပြီး ဖြစ်နိုင်တဲ့အရာတွေကလဲတစ်ခု ဆိုတစ်ခုမှ​မပါဘူး။ ဒီလိုအရာတွေ ဘဝအသက်တာမှာ အကုန်အစင် ဖြစ်လာဖို့ဆိုတာ လွယ်ပါ့မလား? အာဗြဟံကတော့ အဲ့လိုမျိုးလုံးဝကို မတွေးဘူး။ ဘုရားကလူတွေနဲ့ လုံးဝကိုမတူဘူး။ သူဟာ ကတိထားတဲ့အတိုင်း ပြည့်စုံစေဖို့ တတ်နိုင်တယ်။ သူမတတ်နိုင်တာ တစ်စုံတစ်ခုမှ ကိုမရှိတာ။ ကတိထားတဲ့အရာကို မလုပ်ပေးဖို့ မပြောနဲ့ ဘယ်တော့မှ နောက်မကျ စေတဲ့သူပါ။ ဒီအရာကို အာဗြဟံ အကြွင်းမဲ့ယုံတယ်။ သူ့ယုံကြည်ခြင်းကပဲ ဘုရား ပြုတဲ့အမှုတွေကို အသက်တာမှာ မြင်ရဖို့ တံခါးဖွင့်ပေးလိုက်တယ်။ ဒါကြောင့် ကတိထားတဲ့သူကို တွေးတောခြင်းမရှိပဲ စိတ်ချမှုအပြည့်ရှိပါ။ သူအားလုံးတတ်နိုင်တယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့

သာလွန်ထူးခြားစွာပြုနိုင်သော ဘုရား

”ငါ​တို့​ထဲ၌ သက်ဝင်​လှုပ်ရှား​နေ​သော​တန်ခိုး​တော်​အားဖြင့် ငါ​တို့​တောင်းလျှောက်​သော​အရာ​၊ သို့မဟုတ် ဆင်ခြင်​သော​အရာ​အားလုံး​တို့​ထက် သာလွန်​ထူးခြား​စွာ​ပြု​နိုင်​သော​အရှင်​၌“ ဧဖက် ၃:၂၀

လူတွေက ဘုရားကိုအထင်လွဲနေကြတယ်။ ဘုရားက ဆုတောင်းတဲ့အခါမှာ ကိုယ်က ဘာမှ လုပ်စရာမလိုပဲ အကုန် သူ့ဘက်ကပဲ လုပ်ပေးမယ်ဆိုပြီးတော့။ တကယ်တော့ ဘုရားရဲ့အလေ့အလာကို မသိလို့ ဒီလိုထင်ကြတာပါ။တချို့ဆို ဘာမှ​မလုပ်ပဲ ဆုပဲထိုင်တောင်းနေလိုက်ဖြစ်လာ မလားဆိုတာ စောင့်ကြည့်ဆိုပြီးခနဲ့တဲ့စကားတွေပြောလိုက်သေးတယ်။ တကယ်တော့ ဘုရား သခင်ထံမှာဆုတောင်းတယ်ဆိုတာ ကိုယ်က ဘာမှမလုပ်ပဲ ဘုရားပဲအားလုံးလုပ်ပေးပြီးတော့ အချိန်တန် အခန့်သင့် အကုန်အဆင်ပြေသွားတာကို မဆိုလိုပါဘူး။

ဆုတောင်းတဲ့သူရဲ့အသက် တာကို ဘုရားက လူတိုင်းအသက်တာမှာ မရှိတဲ့ သူ့ရဲ့ တန်ခိုးတော်ကိုသက်ရောက် စေပြီးတော့ အဲ့ဒီတန်ခိုးတော်အားဖြင့် ဘဝမှာမလုပ်နိုင်တာတွေ မဖြစ်နိုင်တာကိုဖြစ်စေလုပ်နိုင်စေတာပါ။ အဲ့ဒီတန်ခိုးတော် ဆုတောင်းတဲ့သူ အသက်တာမှာ ဘုရားကိုယုံကြည်အားကိုးတဲ့သူတွေရဲ့ အသက်တာမှာ အမြဲတမ်းသက်ဝင်လှုပ် ရှားတယ်။ ဘုရားရဲ့တန်ခိုးတော် ရရှိတဲ့သူတွေရဲ့အသက်တာမှာသူတို့ဆုတောင်းတာထက်တောင် ကျော်လွန်ပြီး ကြီးမားတဲ့အရာတွေကို ရရှိခံစားကြတယ်။ ဘုရားက သာမန်ပဲ လုပ်ဆောင်ပေးတဲ့ဘုရားမဟုတ်ဘူး သာလွန်ထူးခြားတဲ့အထိ ကောင်းကြီးပေးပို့ဆောင်တဲ့ဘုရားပါ။

ဒီဇင်ဘာလ ၂၀ ရက်နေ့

အထူးသဖြင့်ပြည့်စုံစေခြင်းငှါ

”သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။-“ ၂ကော ၉:၉

ဘုရားတတ်နိုင်ခြင်းတွေကိုပြောတဲ့ ဘုရားမတတ်နိုင်တာ ဘာများရှိအုံးမှာလည်းလို့ မေးစရာရှိတယ်။ တကယ် လည်းဟုတ်ပါတယ် ဘုရားမတတ်နိုင် တာဘာဆို ဘာမှမရှိတာ။ အားလုံး တတ်နိုင်တဲ့ ဘုရားကိုရထားတာ ဘယ် လောက်တောင် ကောင်းလိုက်သလဲ? ဒါပေမယ့် အဲ့ဒီဘုရားကိုရထားပြီးတော့ စိတ်ပျက် အားငယ်နေတာကတော့ အရမ်းကို ဆိုးလွန်းတယ်။

ဘုရားက ငရဲသွားရမယ့်လူတွေကို ကောင်းကင်သို့ အခမဲ့ပို့ ဆောင်ပေးတာပဲမဟုတ်ဘူး။ သူ့ရဲ့အသက်တာ လောကမှာ အသက်ရှင်တဲ့အခါမှာလည်းသုံးလောက်တဲ့ဉစ္စာအမျိုးမျိုး အစဉ်ရှိဖို့လည်းသူတတ်နိုင်တယ်။ ဝိညာဉ်ရေးရာတစ်ခုပဲသူက တတ်နိုင်ပြီးတော့လုပ်ပေး တဲ့ ဘုရားမဟုတ်ဘူး။ လောကမှာနေ့စဉ် လိုအပ်တဲ့အရာတွေကိုလည်း ထောက်ပံ့ပေးဖို့ တတ်နိုင်တယ်။ ငွေကြေး ပဲလားဆိုရင် မဟုတ်သေးပါဘူး။ ကောင်းတဲ့အကျင့်တွေ အသက်တာမှာ ပေါ်ပေါက် လာဖို့လည်းတတ်နိုင်တယ်။ မွေးကတည်းက အကျင့်ကောင်းလာတယ်ဆိုတာ ဘယ်သူများရှိလို့လဲ? ဒီနေ့ ကောင်းတဲ့အကျင့်၊ အတွေးအခေါ်အားလုံး ကောင်းမြတ်တဲ့ ဘုရားဆီကပဲ လာတယ်မဟုတ် လား? နေ့စဉ် လူတွေ ရှေ့မှာ ကောင်းတဲ့ပုံသက်သေနှင့် ဘုရားဘုန်းထင်ရှားဖို့ အတွက်လိုအပ်တဲ့ အရာမှန်သမျှနဲ့ပြည့်စုံဖို့ သူဟာတတ်နိုင်တယ်။ တာဝန်လည်းအပြည့်ယူထားတဲ့သူပါ။ ရိုးရိုးတောင်မဟုတ်ဘူး အမျိုးစုံသောမင်္ဂလာ ကျေး ဇူးတွေနဲ့ အထူးသဖြင့် ပြည့်စုံဖို့အတွက် တတ်နိုင်တယ်။ လုပ်လဲလုပ်ပေးနေတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့

ဘုရားသာလျှင်တတ်နိုင်တယ်

”စိုက်​ပျိုး​သော​သူမ​တတ်​နိုင်။ ရေ​လောင်း​သော​သူ​လည်း မ​တတ်​နိုင်။ ကြီး​ပွား​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။-“ ၁ ကော ၃:၇

ကိုယ်တတ်နိုင်တာလေးတော့ကိုယ်လုပ်ပါ ကိုယ်မတတ်နိုင်တဲ့အရာကိုတော့ ဘုရားတတ်နိုင်ခြင်းကို ယုံကြည် ခြင်းရှိပါ။ ကိုယ်မတတ်နိုင်ဘူးဆိုပြီးတော့ ဘာမှမလုပ်ပဲ လူပျင်းတစ်ယောက်လို ဖြစ်ဖို့တော့ ဘုရားအလိုတော်မဟုတ်ဘူး။ ကိုယ်လုပ်နိုင်တာလေး ကိုယ်လုပ်နိုင်သလောက်လေးတော့ အကောင်းဆုံးလုပ်ပါ။ ပြီးရင် ဘုရားတတ်နိုင်ခြင်းကို အပြည့်အဝစိတ်ချပြီး ရှင်သန်ပါ ကောင်းမွန်တဲ့ အသက်တာကိုရရှိပါလိမ့်မယ်။

တမန်တော်ကြီးရှင်ပေါလုက ရှင်းပြတယ်။ သူနှင့်အာပေါလုရဲ့လုပ်ဆောင် မှုအကြောင်းကို။ သူက စိုက်ပျိုးတဲ့သူ ဖြစ်ပြီးတော့ ရေလောင်းဖို့အတွက်တော့ အာပေါလုကလုပ်ဆောင်တယ်။ အာပေါလုဟာ မစိုက်ပျိုးပေမယ့် သူလုပ်နိုင်တဲ့ ရေလောင်းတာလေးတော့ကြိုးစားလုပ် ဆောင်တယ်။ ရှင်ပေါလုကလည်းရေ လောင်းတဲ့အလုပ်ကို အချိန်မပေးနိုင်ပေမယ့် သူ့ကိုယ်ဘုရား ခေါ်ထားတဲ့ စိုက် ပျိုးတာကို အာရုံစိုက်တယ်။ ဒီနှစ်ယောက်ရဲ့ ဟန်ချက်ညီညီ လုပ်ဆောင်မှုဟာ ဘုရားရဲ့ တတ်နိုင်ခြင်းကို မမှီပေမယ့် ဘုရားရဲ့ တတ်နိုင်ခြင်း ကြီးထွားထွားခြင်း သက်ရောက်ဖို့အတွက်ဖြစ်စေတယ်။ ကြီထွားဖို့ကျတော့ နှစ်ယောက်စလုံးမှာ အစွမ်းအစမရှိပါဘူး။ ဘုရားတစ်ပါးတည်းသာလျှင် တတ်နိုင်တယ်မဟုတ်လား။ သူတို့ လုပ်နိုင်တာ အကောင်းဆုံး လုပ်ပြီးတဲ့အခါမှာ ဘုရားလုပ်ပေးတဲ့အကောင်းဆုံးအရာကိုလည်းသူတို့အသက်တာမှာ မြင်ရတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့

ဘုရားတတ်နိုင်တယ်

”ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။“ လုကာ‬ ‭၁၈:၂၇

ကြီးမားတဲ့အရာတွေလုပ်ဖို့အတွက် ကိုယ်မတတ်နိုင်ဘူးဆိုပြီးစဉ်းစားပြီးစိတ်ဓါတ်ကျဖူးလား? ကျွန်တော်လည်းအကြိမ်ကြိမ် အဲ့လိုစဉ်းစားပြီး စိတ်ပျက်ဖူးတယ်။ ဒါက သင်တစ်ယောက်ထဲမဟုတ်ဘူး လူတိုင်းနီးပါးပါပဲ။ ကိုယ်တတ်နိုင်တာ လေးလောက်ပဲ လုပ်ပြီးတော့ ဘဝကိုဖြတ် သန်းမယ်လို့တော့ မဆုံးဖြတ်လိုက်နဲ့။ ကိုယ့်အရည်အချင်း တွေကိုကြည့်ပြီး လူတိုင်းကတော့ အဲ့လိုပဲစဉ်းစားမိ တတ်ကြတယ်။ တကယ်တော့ သင်မတတ်နိုင်ပေမယ့်အရာရာတတ်နိုင်တဲ့ ဘုရားရှိတယ်။ တတ်နိုင်တာပဲ လုပ်မယ်လို့စိတ်ကူးတယ် ဆိုတာ ဘုရားအတူရှိခြင်းကို ဘေးဖယ် ထားလိုက်တာပဲ။

ကောင်းကင်နိုင်ငံ ဝင်ဖို့တောင်မှ လူ့ရဲ့ကြိုးစားမှု၊ ငွေကြေးတွေကလုံးဝ မတတ်နိုင်ပေမယ့်မျှော်လင့်စရာမရှိတာတော့ လုံးဝမဟုတ်ဘူး။ ဘယ်လိုမှ လူ့အနေနဲ့မရောက်နိုင်တဲ့ ကောင်းကင်နိုင်ငံတောင် ဘုရားရဲ့ တတ်နိုင်ခြင်းကသာလျှင်ပို့ဆောင်ပေးနိုင်တယ်ဆိုရင် လော ကမှာ ရှင်သန်ဖို့လည်း လူ့အနေနဲ့ မလုပ် ဆောင်နိုင်တဲ့အရာတွေကိုလည်း ဘုရားရဲ့တတ်နိုင်ခြင်း အပေါ်မှာ စိတ်ချယုံကြည်မယ်ဆိုရင် မဖြစ်နိုင်စရာဘာများရှိအုံးမလဲ? လူတွေက မမြင်ရသေးတဲ့ သေပြီးမှ သွားမယ့် ကောင်းကင်အတွက် တော့ ဘုရားကို စိတ်ချ ယုံကြည်ပေမယ့် မျက်မှောက် ကာလရဲ့လိုအပ်ချက်အတွက်တော့ ဘုရားတတ်နိုင်တယ်ဆိုတာကို ယုံဖို့ခက်နေကြတယ်။ တကယ်တော့ ဘုရားက ယခုဘဝ နောင်ဘဝ လိုအပ်ချက် အားလုံးအတွက် ကူညီဖို့ တတ်နိုင်တဲ့ တစ်ပါးတည်းသော အရှင်ပါ။

ဒီဇင်ဘာလ ၁၆ရက်နေ့

ကိုယ့်အကြံအစည် အတိုင်း

”မိ​မိ​မ​ကောင်း​သော အ​ကြံ​အ​စည်​သည် မိ​မိ​ခေါင်း​ပေါ်​မှာ​ပြန်​ရောက်၍၊ မိ​မိ​ကြမ်း​တမ်း​သော​အ​မှု​သည် မိ​မိ​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​တတ်၏။“ ‭‭ဆာလံ‬ ‭၇:၁၆

သင့်အပေါ်မှာ လူတွေ မကောင်းကြံစည်ကြတဲ့အခါမှာ အရမ်းကြီးမစိုးရိမ်ပါနှင့်။ ဘယ်သူကမှ သင့်ဘဝအတွက် အဆိုးတွေဖြစ်လာဖို့ကြံစည်လို့မရပါဘူး။ သင့်ဘေးက လူရဲ့အကြံ အစည်က သင့်ပေါ်မှာ သက်ရောက်မှာမဟုတ်ဘူး။ သင်သာ ဘုရားနှင့်မှန်မယ်၊နေ့စဉ် ဘုရားနှင့်လျှောက်လှမ်းသွားလာမယ်ဆိုရင် သေချာတယ် အဲ့ဒီ မကောင်းတဲ့သူတို့အကြံအစည်က သူတို့ဘဝအတွက်ပဲပြန်ဖြစ်စေလိမ့်မယ်။ စိုက်တဲ့အတိုင်း ရိတ်ရတယ်ဆိုတဲ့သဘောပါပဲ။ လူတစ်ယောက်ရဲ့မကောင်းတဲ့အကြံ အစည်က အခြားလူတစ်ယောက်အပေါ်မှာ သက်ဖို့ထက် သူ့အပေါ်မှာ သက်ရောက် ဖို့ပိုများတယ်။

ဒီနိယာမကို သဘောပေါက်ရင် သူများကိုယ့်အပေါ်မှာ မကောင်းကြံတာကိုလည်း စိုးရိမ်စရာမလိုဘူးဆိုတာ သဘောပေါက်မှာဖြစ်သလို ကိုယ်တိုင် လည်းဘယ်သူ့အပေါ်မှာမှ မကောင်း မကြံစည် သင့်ဘူးဆိုတာ နားလည်လာလိမ့်မယ်။ ကိုယ့်ရဲ့ ကောင်းတဲ့အကြံအစည်တွေကလည်း ကိုယ့်အပေါ်မှာ သက်ရောက်သလိုပဲ သူများအပေါ်မှာ မကောင်းတဲ့စိတ်ထားနှင့် ကြံစည်တဲ့အရာကလည်း ကိုယ့်စီပဲ ပြန်သက်ရောက်မှာပါ။ ကိုယ့်ရဲ့ကြမ်းတမ်းမူကလည်းဘယ်သူ့ဆီမှာမှ အဆုံးမသတ်ပါဘူး။ ကိုယ့်စီမှာပဲ အဆုံးသတ်မယ်။ ဒါကြောင့် သူများကြံစည်လည်းကြောက်စရာစိုးရိမ် စရာမလိုသလို ကိုယ်လည်းဘယ်သူ့ကိုမှ မကောင်းတဲ့အရာတွေဖြစ်လာဖို့ မကြံစည်ပါနှင့်။


ဒီဇင်ဘာလ ၁၅ရက်နေ့

ဘယ်သူ့မှ မဆီးတားနိုင်တဲ့အကြံအစည်

”ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို တတ်​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကြံ​အ​စည်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ကျွန်ုပ်​သိ​ပါ၏။“ ယောဘ‬ ‭၄၂:၂

ကိုယ့်အကြံအစည်အတိုင်း အသက်ရှင်ရင်တော့ အဲ့ဒီအကြံအစည် အတိုင်းပြည့်စုံဖို့ ကိုယ်တိုင် အားထုတ်ရမယ်။ ကိုယ်တတ်နိုင်တဲ့အချိန်မှာတော့ ခြေလှမ်းလှမ်းနိုင်ပေမယ့် ကိုယ်မလုပ်

နိုင်တဲ့အချိန်မှာတော့ ပန်းတိုင်နဲ့ ဝေးမှာပဲ။ ကိုယ့်အကြံအစည်တိုင်း အသက်ရှင်တဲ့အဖိုးအခဟာ အရမ်းကိုများလွန်းတယ်။ လူတွေက အသက်ငယ်တဲ့အချိန် မှာတော့ မသိသာပေမယ့်အသက် အရွယ်တစ်ခု ရောက်လာတဲ့အချိန်မှာ တော့ ရုန်းကန်ဖို့မလွယ်တော့ဘူး။ ကိုယ့်အကြံအစည်ရဲ့ အရင်းအမြစ်က ကိုယ့်ခွန်အားအစွမ်းအစပေါ်မှာပဲမူတည်တယ်။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက်ပဲ။

ဘုရားအကြံအစည်နှင့် အသက်ရှင်ခြင်းကတော့ ကိုယ်လုပ်နိုင် ခြင်းပေါ်မှာ လုံးဝကိုမမူတည်ဘူး။ ဘုရားအပေါ်မှာ ယုံကြည်စိတ်ချဖို့ပဲလိုတယ်။ ကိုယ်လုပ်နိုင်တဲ့အချိန်မှာရော မလုပ်နိုင်တဲ့အချိန်မှာရော သူ့ရဲ့တတ်နိုင် ခြင်းလုပ်နိုင်ခြင်းပေါ်မှာ ရာနှုန်းပြည့်မူတည်တယ်။ ဒါကြောင့် ယောဘက ပြောတယ် ဘုရားကအလုံးစုံကိုတတ်နိုင်တယ်။ ဒါကြောင့် ဘုရားတတ်နိုင်ခြင်းကြောင့် ဘုရားအကြံစည်ဟာ အချိန်တန်ရင်ပြည့်စုံလာတယ်။ဘယ်သူမှ ဆီးတားလို့မရသလို ဖျက်ဆီးလို့ကိုမရနိုင် ဘူး။ ဒီသဘောတရားကို သဘောပေါက် သွားတဲ့ယောဘ အသက်ကြီးတဲ့အချိန် မှာတောင် ဆုံးရှုံးသွားတာတွေအကုန် နှစ်ဆပြန်ရပြီး အရင်ထက်ပိုအောင်မြင် တယ်။ သင်ရော ဘယ်အကြံအစည် အောက်မှာ အသက်ရှင်နေတာလဲ?

ဒီဇင်ဘာလ ၁၄ရက်နေ့

မဖေါက်ပြန်နိုင်တဲ့ဘုရားရဲ့အကြံအစည်

”ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။-“ ဟေဗြဲ‬ ၆:၁၇

ရာသီဉတုတွေ ဖေါက်ပြန်လာတယ်။ အရင်တုန်းက မကြုံဖူးတဲ့ အရာတွေကို ဒီနေ့ခေတ်လူတွေက ကြုံနေရတယ်။ ကမ္ဘာတစ်ခုလုံးကမှာ ရာသီဉတု ဖေါက် ပြန်မှုကို လူသန်းပေါင်းများစွာခံစားနေရတယ်။ လူတွေလည်းအရင် ခေတ်တွေနဲ့မတူပဲ ပိုပြီးတော့ ဖေါက်ပြန်လာတယ်။အကျင့်တွေအတွေးအခေါ်တွေက အရင် နဲ့ကို လုံးဝကိုမတူတော့ဘူး။ ဆွေမျိုးသားချင်းတွေတောင် မယုံရတဲ့ခေတ် ကြီးရောက်လာတယ်။ မိသားစုအချင်းချင်းတောင် စိတ်မချရတဲ့ခေတ်ကြီး။ နိုင်ငံတွေလည်းအရင်လို မအေးချမ်းတော့ပဲ အာဏာရဖို့အတွက် အချင်းချင်း သစ္စာဖေါက်မှုတွေ နေရာတိုင်းမှာဖြစ်နေတယ်။ ဘုရားရှေ့မှာ သစ္စာဆိုထားတဲ့ ဇနီးမောင်နှံတွေတောင် နောက်ကွယ်မှာ ဖေါက်ပြန်ခြင်းမြင့်မားမှုက ခေတ်သမိုင်းမှာ အဆိုးဆုံးလို့တောင် ပြောရမယ်။ ဘာဆိုဘာမှ မယုံရတဲ့ခေတ်မှာ မဖေါက် ပြန်တာဆိုလို့ ဘာများရှိအုံးမလဲလို့ တောင်မေးရမယ်။

လောကနှင့် လူတွေ ဖေါက်ပြန် ပေမယ့် မဖေါက်ပြန်ပဲ မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်တည်မြဲတာဆိုလို့ ဘုရားနှုတ်ကပတ်တော်နှင့် လူတွေအပေါ်မှာထားတဲ့ဘုရား မေတ္တာပဲရှိတယ်။ ဘုရားကလူတွေအပေါ်မှာထားတဲ့မေတ္တာဟာ ဘယ်ခေတ်သမိုင်းမှာ ဆိုမဖေါက်ပြန်ဘူး၊ သစ္စာမမဲ့ဘူး။ သူသင့်အပေါ်မှာထားတဲ့အကြံအစည်တွေဟာ လည်းဧကန်အမှန် ပြည့်စုံမယ်။ သူဟာ ပြောရင်ပြောတဲ့အတိုင်း၊ ကြံစည်ရင် ကြံစည်တဲ့အတိုင်း ဖေါက်ပြန်ခြင်းမရှိပဲ ပြည့်စုံစေတဲ့ တစ်ပါးတည်းသောဘုရားပါ။ ဒီလို ဘုရားကိုရထားတာလောက် မြတ်တာ ဘာများရှိအုံးမလဲ?

ဒီဇင်ဘာလ ၁၃ ရက်နေ့

ကောင်းကြီးဖြစ်စေမယ့်အကြံအစည်

”ဝီရိယ​ရှိ​သော​သူ​၏​အကြံအစည်​တို့​သည် အကျိုးအမြတ်​ကို ဧကန်​ဖြစ်​စေ​၏​။ အလျင်စလို​ပြုမူ​သော​သူ​တိုင်း​ကား ချို့တဲ့​နွမ်းပါး​ခြင်း​သို့​သာ​ရောက်​တတ်​၏​။“ သုတ္တံကျမ်း‬ ‭၂၁:၅

ဘာတွေကြံစည်ထားသလဲ ဆိုတာထက် သင်ဘယ်သူလဲဆိုတာ ပိုအရေးကြီးတယ်။ တချို့ရဲ့အကြံအစည်တွေက အရမ်းကိုကောင်းပါတယ်။ ဒါပေမယ့် ကောင်းကြီးမဖြစ်တာဘာကြောင့်လဲ? အကြံကောင်းတာ ကောင်းကြီးဖြစ်တာ၊ထမြောက်အောင်တာမဟုတ်ဘူး။ လူတိုင်းမှာ ကောင်းတဲ့အကြံတွေကိုယ်စီရှိတာပဲ မဟုတ်လား? ဒါဆိုရင် ဘာလို့ အဲ့ဒီအကြံအစည်တွေ မထမြောက်ရတာလဲ? အဲ့ဒီအကြံအစည်တွေအားဖြင့် အကျိုးအမြတ်တွေ၊ ကြွယ်ဝခြင်းတွေ မဖြစ်ရတာလဲ? အဖြေကတော့ရှင်းပါတယ်။ သူတို့ဟာ အကြံအစည်အားဖြင့် အကျိုးဖြစ်ထွန်းတဲ့ ဝီရိယရှိတတ်တဲ့သူ၊အစဉ် တစိုက် လုပ်ဆောင်တတ်တဲ့သူတွေ မဟုတ်ကြဘူး။ စိတ်ကူးပေါက်လို့သာ ထပြီးလုပ်ကြပေမယ့် အဲ့ဒီအကြံအစည်အတိုင်း သစ္စာရှိရှိ အစဉ်တစိုက် လုပ်ဖို့အတွက် အာရုံမစိုက်ကြဘူး။

နောက်ဆင်းရဲခြင်းကိုဖြစ် စေတဲ့ အကြောင်းအရာကတော့ အလျင် စလိုပြုမူတာပါပဲ။ စိတ်ကူးပေါက်တုန်း ကောက်ရိုးမီးလို ထတောက်ပေမယ့် အဲ့ဒီ စိတ်ကူးအတိုင်း ဆုံးဖြတ်ချက်အတိုင်း အောင်မြင်တဲ့အထိ၊ အဆုံးထိ သေချာလုပ်ဖို့ စိတ်မဝင်စားကြဘူး။ သင့်မှာ ရှိတဲ့စိတ်ကူးတွေ၊ ကောင်းတဲ့အကြံတွေကို အကောင်ထည်ဖေါ်တဲ့အခါမှာ မလောပါနှင့်။ လွယ်လွယ်နဲ့ အလျင်စလို မလုပ်မိဖို့လိုသလို၊ လွယ်လွယ်နဲ့စိတ်ဓါတ်မကျပါနှင့်။ တစ်စုံတစ်ခုလုပ်မယ်ဆိုရင် အဆုံးထိတွေးထားဖို့လိုသလို အဆုံးထိ ဘယ် လို အရာတွေပဲကြုံကြုံ​အကောင်းဆုံး လုပ်ဖို့လဲ လိုပါတယ်။ မဟုတ်ရင် ဘယ်တော့မှ​ကောင်းစားတဲ့ဘဝထဲကိုခြေချခွင့်ရမှာမဟုတ်ပါဘူး။

ဒီဇင်ဘာလ ၁၂ ရက်နေ့

ဘုရားအကြံသာပြည့်စုံမယ်

”သင်​တို့​သည် ကျွန်ုပ်​ကို​ညှဉ်း​ဆဲ​မည်​ကြံ​ကြ​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ယ​နေ့​ဖြစ်​သည်​အ​တိုင်း၊ လူ​များ​အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​မည်​ကြံ​တော်​မူ၏။“ ကမ္ဘာဦး ၅၀:၂၀

ကိုယ့်အပေါ်မှာ လူတွေ မကောင်းကြံလို့ ကိုယ့်အပေါ်မှာကောင်းတဲ့ လူတွေရှိတော့မှာမဟုတ်ဘူးလို့ မထင်လိုက်ပါနှင့်။ လူတွေ ကိုယ့်အပေါ်မှာ မကောင်းလို့ စိတ်မပျက်ပါနှင့်။ လူတွေ မကောင်းကြံစည်လို့လည်း ကိုယ့်ဘဝမှာ မကောင်းတာတွေ ဖြစ်လာမယ်လို့ မထင်လိုက်ပါနှင့်။ လူတွေကိုယ့်အပေါ်မှာ ဘယ်လောက်ပဲ မကောင်းတာလုပ်လုပ် ကြံကြံ ဘုရားအကြံအစည်တော်သာ ကိုယ့်ဘဝမှာ ပြည့်စုံမယ်လို့ယုံပါ။ လူတွေရဲ့ လုပ်ရပ်နှင့် အကြံအစည်က ဘုရားအကြံအစည်ကိုမဖျက်ဆီးနိုင်ဘူး။ ဘုရားလောက် တန်ခိုးရှိတာ တတ်စွမ်းနိုင်တာ ဘယ်သူများရှိအုံးမှာလဲ?

ယောသပ်အသက်တာကိုကြည့် ရင် ဒါကို အထင်အရှားတွေ့ရတယ်။ သူ့အကိုတွေကတောင် သူ့ဘဝကို ပျက်ဆီးသွားဖို့အတွက် ရောင်းစားခဲ့ကြတယ်။ နှစ်ပေါင်းများစွာ သူတို့ ညီကိုမေ့လျော့ပြီးတော့ သေပြီလို့ပဲ ထင်မှတ်ခဲ့ကြတယ်။ လူတွေ ဒီလောက်ဆိုးရွားစွာကြံစည်ပေမယ့် ဘုရားကတော့ လုံးဝကို ပစ်မထားဘူး။ ယောသပ်နှင့်အတူရှိတယ်။ အရေးကြီးတဲ့အချက်က ဘုရားသင်နဲ့အတူရှိဖို့အေရးကြီးတယ်။ ဘုရားအတူမရှိပဲ ဘုရားနှင့်အဝေးမှာအသက်ရှင်သန်မယ်ဆိုရင်တော့ ဘယ်တော့မှ သင့်အသက်တာမှာ ကောင်းတဲ့အရာတွေ ဘုရားအကြံအစည်အတိုင်း ဖြစ်လာမှာမဟုတ် ဘူး။ လူတွေအကြံအစည် အသက်တာမှာ ဘာလို့ဖြစ်လာတာလည်းလို့မေးရင်။အဖြေကတော့ ဘုရားနှင့်ဝေးကွာတဲ့အရပ်မှာ ရှင်သန်လို့ပါပဲ။ ဘုရားနှင့်နီးကပ်စွာအသက်ရှင်တဲ့သူတိုင်းအသက်တာမှာ ဘုရားက အလိုတော်ကသာလျှင်ပြည့်စုံစေမယ်။

ဒီဇင်ဘာလ ၉ရက်နေ့

အလိုတော်ကို အကုန်အစင်နားလည်ပါမည့်အကြောင်း

သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့် ၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-”ကောလောသဲ‬ ‭၁:၁၁

ဘုရားအလိုတော်ကို အသက်တာအတွက်သိချင်ကြတာ ဘုရားသားသမီး အားလုံးစီမှာရှိတဲ့ ဆန္ဒ ပါပဲ။ တချို့ကျတော့ အလိုတော်ကို သိတယ် လက်တွေ့လုပ်ဖို့ အားနည်းတယ်။ တချို့ကျတော့ အလိုတော်ရဲ့တပိုင်းတစကိုသာ သိပြီးတော့ ရှင်သန်နေကြတယ်။ တမန်တော်ကြီးရှင်ပေါလုက ကောလောသဲ အသင်းတော်အတွက်ဆုတောင်းပေးတယ်။ ဘုရားရဲ့အလိုတော်ကို တပိုင်းတစပဲသိဖို့ မလုံလောက်ပဲ အကုန်အစင် နားလည်ဖို့ လိုအပ် တယ်။ ဒါကြောင့် သူဟာ အကုန်အစင် ၊အပြည့်အစုံနား လည်ဖို့အတွက် ဆုတောင်းပေးတယ်။

ဒီအသင်းတော်ရဲ့ဆုတောင်းကိုလေ့လာတဲ့အခါမှာ ဘုရားအလိုတော်ကို ဘယ်လို အကုန်အစင် နားလည်နိုင်မလည်း ဆိုတာကို သိနိုင်တယ်။ ရှင်ပေါလုက ဆုတောင်းပေးတယ် သခင်ဘုရားနှင့် အထိုက်အလျောက် အသက်ရှင်ဖို့အတွက် ဒါကဘာကိုဆိုလိုတာလဲ? ဘုရားနှစ် သက်တဲ့အသက်တာနှင့် ရှင်သန်ခြင်းဖြစ်တယ်။ ဘုရားနှစ်သက်တဲ့အသက်တာနှင့် အသက်ရှင်ချင်တဲ့စိတ်မရှိပဲ လက် တွေ့မလျှောက်လှမ်းပဲနဲ့တော့ဘယ်တော့မှ ဘုရားအလိုတော်ကို သိနိုင်တဲ့ ဉာဏ် ရလာမှာမဟုတ်ဘူး။ လူတချို့က သိပဲသိချင်တယ်၊ လက်တွေ့အသက်မရှင်ချင်ဘူး ဒါက ပြဿနာဖြစ်တယ်။ ဘုရားနှစ်သက်တဲ့ အသက်တာမှာ ရှင်သန်လျောက်လှမ်းချင်တဲ့စိတ်နှင့်ဆုံးဖြတ်ချက်က အလိုတော်ကိုအကုန်အစင်သိနိုင်တဲ့ အသက်တာကို ခေါ်ဆောင်သွားတယ်။ သင့်မှာ အဲ့ဒီ ဆန္ဒမရှိပဲ နဲ့တော့ အကုန်အစင် သိနိုင်မှာ မဟုတ်တာသေချာတယ်။​

ဒီဇင်ဘာလ ၈ ရက်နေ့

တန်ခိုးတော်ပြုပြင်တဲ့အတိုင်း ကြိုးစားအားထုတ်ခြင်း

“ထို​သို့​အ​လို​ငှာ ငါ​သည် အ​မှု​ဆောင်​ရွက်၍၊ ငါ၌​တန်​ခိုး​တော် ပြု​ပြင်​အား​ထုတ်​တော်​မူ​သည်​အ​တိုင်း ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။” ‭‭ကောလောသဲ‬ ‭၁:၂၉

ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ? လို့ အကြိမ်ပေါင်းများစွာမေးတာ ခံရဖူးတယ်။ လူတစ်ယောက်ရဲအရည်အချင်း၊ လုပ်နိုင်မှုတွေဟာ ကန့်သတ်မှုအောက် မှာပဲရှိတာပါ။ လူသာမာန် မလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်ခြင်းက ဘုရားတန်ခိုးတော်က လွဲပြီးတော့ ဘာများရှိအုံးမလဲ။ ကိုယ့်ရဲ့ကြိုစားမှုသက်သက်နဲ့သာရှင်သန်ရင် မလုပ်နိုင်တဲ့အရာများစွာ ရှိနေအုံးမယ်။ ဘုရားရဲ့တန်ခိုးတော် ပြုပြင် အားထုတ်တဲ့အတိုင်း လုပ် ဆောင်ရင်တော့ သူများစိတ်ကူးလို့တောင် မရတဲ့အရာတွေကို သင့်အသက်တာမှာ တွေ့မြင်ခံစားရမယ်။ လုပ်ဆောင်နိုင်မယ်ဆိုတာ သေချာတယ်။

နှုတ်ကပတ်တော်ထဲမှာရှိတဲ့ ခေါင်းဆောင်တွေကအခြားသူတွေမလုပ် နိုင်တာတွေကို လွယ်လွယ်လေးနဲ့လုပ် နိုင်ကြတာ သတိထားမိတယ်မဟုတ် လား? တကယ်တော့သူတို့လည်း သင့်လိုပဲ သာမာန်လူတွေပါပဲ။ ဘာမှ ထူးခြားတာမဟုတ်ဘူး။ ဒါပေမယ့် ဘာလို့များ ဒီလောက်ကြီးမားတာတွေလုပ်နိုင်ရတာလည်းဆိုရင်တော့အဖြေက ရှင်းပါတယ်။ သူတို့အထဲမှာရှိတဲ့ ဘုရားတန်ခိုးတော်ရဲ့ပြုပြင်ခြင်းလို့ပဲ ဖြေရမယ်။ ဧလိယဟာ သာမာန် လူသားတစ်ယောက်ဖြစ် ပေမယ့် လူတိုင်းမလုပ်နိုင်တဲ့အရာကိုလုပ် တယ်။ မိုးရွာခြင်းမရွာခြင်းကို ထိန်းချုပ် နိုင်တဲ့သူတစ်ယောက်အဖြစ် မှတ်တမ်း ဝင်တယ်။ ဒါဝိဒ်ဟာသာမာန် သိုးကျောင်းသားလေး ဖြစ်ပြီးတော့ လူ့ဘီလူးကြီး ဂေါလျက်ကို ခဲလုံးလေးတစ် လုံးထဲနဲ့ လှဲချခဲ့တယ်။ သူတို့အထဲမှာ ရှိတဲ့ ဘုရားတန်ခိုးတော်က လုပ်ဆောင် ပေးတယ်မဟုတ်လား။ သင့်အသက်တာမှာလည်းသာမာန်မဟုတ်တဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့ ဘုရားရဲ့ တန်ခိုးတော် က ခွန်အားပေးပါလိမ့်မယ်။

ဒီဇင်ဘာလ ၇ ရက်နေ့

ဘုရားသခင်၏ပြည့်စုံခြင်းနှင့်အညီ ပြည့်စုံသူ

“ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-” ‭‭ဧဖက်‬ ‭၃:၁၉

လူဘဲဘယ်ပြည့်စုံပါ့မလဲ? ဆိုတဲ့ စကားကလူတွေဆီကနေ ကြားနေ ကြစကား။ ဘုရားကဘဲလူကိုမပြည့်စုံအောင်ဖန်ဆင်းထားသလိုလို၊ လူတွေမပြည့်စုံတာဘဲ ဘုရားအလိုတော် လိုလို ဘာလိုလိုနဲ့ ။ တကယ်တော့ ဒီအတွေး အခေါ် ခံယူချက်က လုံးဝကို မှားပါတယ်။ ဘုရားက လူတွေကို မပြည့်စုံအောင်ဖန်ဆင်းခဲ့တာ မဟုတ်သလို၊ မပြည့်စုံဘဲအမြဲပဲထားမယ်ဆိုတာလည်းမဟုတ်ပါဘူး။ ဘုရားက သူစုံလင်သလို ၊ သူ ပြည့်စုံသလိုမျိုး သူ့သားသမီးတွေကို ပြည့်စုံစေချင်တယ်။ ဒါဘုရားဆန္ဒ ဘုရားအလိုတော်ပါ။

ပြည့်စုံတယ် စုံလင်ဆိုတာတောင်မှ တခြားတစ်ယောက်နဲ့ ဘုရားက မနိုင်းယှဉ်ဘူး။ သူရဲ့ပြည့်စုံခြင်း ရှိသမျှနှင့် အညီ ပြည့်စုံစေချင်တာ။ ဘယ် လောက်တောင် ကြီးကျယ်မြင့်မြတ်တဲ့စိတ်ထားလဲ?။ နည်းနည်းပါးပါး စုံလင်ရင်ရပြီလို့ ဘုရားက မသတ်မှတ်ဘူး။ ဘယ်သူတွေက ဘုရားရဲ့ပြည်စုံခြင်းနှင့် ပြည့်စုံခွင့်ရမလဲ? ကိုယ့်ဉာဏ်နှင့် နားမလည်နိုင်တဲ့ ဘုရားရဲ့ မေတ္တာကို ခံစားနားလည်နိုင်ပြီဆိုရင်တော့ သေချာတယ် သင်ဟာ အခြား ဘယ်လူသားမှာမှ မရှိနိုင်တဲ့ ဘုရားရဲ့ ပြည့်စုံခြင်းကို လက်ခံရရှိဖို့ အဆင်သင့်ဖြစ်နေပြီ။

ဒီဇင်ဘာလ ၆ ရက်နေ့

ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသူ

“အ​ကျွန်ုပ်​သည် ကြောက်​မက်​ဖွယ်​သော လ​က္ခ​ဏာ၊ ထူး​ဆန်း​သော လ​က္ခ​ဏာ​တို့​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊ ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။ ပြု​ပြင်​တော်​မူ​သော အ​မှု​တို့​သည် အံ့​ဩ​ဖွယ်​ဖြစ်​ကြောင်း​ကို အ​ကျွန်ုပ်၏ စိတ်​ဝိ​ညာဉ်​သည် အ​မှန်​သိ​ပါ၏။” ဆာလံ‬ ‭၁၃၉:၁၄

ဘယ်အရာက သင့်ကိုစိတ်ပျက် အားငယ်စေတာလဲ? တကယ်တော့ ငွေ မရှိလို့၊ အခွင့်းအရေးမရှိလို့ စိတ်ပျက် အားငယ်တာထက် ကိုယ့်ရဲ့ဖြစ်ခြင်း အမှန်ကို မသိလို့ စိတ်ပျက်အားငယ်တာ ပိုများပါတယ်။ အခြားသူတွေနဲ့ နှိုင်း ယှဉ်ပြီးတော့ သူများနဲ့မတူတဲ့အချက် တွေကိုကြည့်ကာ စိတ်ပျက်ဖူးကြမှာပါ။တကယ်တော့ ဘုရားက လူတွေကို မတူအောင်ဖန်ဆင်းထားတာပါ။ တခြားအရာတွေမတူတာ မပြောနဲ့လက်ဗွေလေးတောင် တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ မတူတာတွေကိုကြည့်ပြီးတော့ အားငယ်ဖို့မဟုတ်ပဲ အခြားသူတွေနဲ့မတူအောင် ဘုရားက ထူးဆန်းစွာဖန်ဆင်းထားတာကို သိပြီးတော့ ချီးမွမ်းတတ်ဖို့ပါ၊

နှုတ်ကပတ်တော်ထဲမှာရှိတဲ့ ခေါင်းဆောင်ကြီးတွေတောင်မှ​တစ်ဉီးနှင့် တစ်ဉီး ဖြစ်တည်ခြင်းလုံးဝ မတူပါဘူး။ အားနည်းချက်အားသာချက် ကိုယ်စီပါပဲ။ ဒီလို မတူအောင်ဖန်ဆင်းတာကိုက ဘုရားသခင်ရဲ့ ထူးဆန်းတဲ့လက်ရာတော်ပါပဲ၊ သင်ဟာ အခြားသူတွေနဲ့ မတူအောင် ထူးခြားစွာဖန်ဆင်းခြင်းခံရတယ်ဆိုတာကို စိတ်ချပါ။ ဒါကြောင့် အခြားသူတွေနဲ့မတူအောင် ထူးခြားတဲ့အမှုတွေကိုလုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာကို ယုံပါ။ ဘုရားရဲ့နက်နဲတဲ့ အကြံအစည်နှင့်ဖန်ခြင်းခံရပြီးတော့ ထူးခြားတဲ့အရာတွေကို လုပ်ဆောင်နိုင် သူဖြစ်တယ်။

ဒီဇင်ဘာလ ၅ရက်နေ့

အရာရာကို စိတ်မပျက်ပဲလုပ်ဆောင်ပါ

“ငါ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ နေ​ကြ​ကုန်စို့။ အကြောင်းမူကား စိတ်​မ​ပျက်​ဘဲ​နေ​လျှင် အချိန်တန်​သောအခါ ရိတ်သိမ်း​ရ​ကြ​လိမ့်မည်။” ဂလာတိ ၆:၉

အကောင်းဆုံးအလုပ်ကို နှလုံး သားကောင်းကောင်းနှင့်လုပ်ဆောင်လျှင် အချိန်တန်ရင် ရိတ်သိမ်းခွင့်ရမှာသေချာတယ်။ တချို့က လုပ်တော့ လုပ်တယ် ဒါပေမယ့် စိတ်ပျက်လက်ပျက်နှင့် လုပ်ဆောင်နေတာများတယ်။ အချိန်တန်တော့ မရိတ်သိမ်းရတော့ ဟိုလူ အပြစ်တင် ဒီလူအပြစ်တင်နဲ့။ စိတ်ပျက်လက်ပျက်နှင့် လုပ်မယ့်အစား အကောင်းဆုံး နှလုံးသားနှင့်လုပ်ဆောင်ပါ။ တစ်ခါတစ်လေ ကိုယ့်အသက် တာကို အားနည်းစေတာက စာတန်မဟုတ်ဘူး။ အခြားသူတွေကြောင့်မဟုတ်ဘူး၊ ကိုယ်တိုင် စိတ်ပျက်လို့ပဲ။ကြုံရတဲ့အရာတွေကို အားတင်းထားပြီး ယုံကြည်ခြင်းနှင့် မဖြတ်ကျော်ပဲ လွယ် လွယ်စိတ်ဓါတ်ကျနေတာဟာ ပိုပြီးတော့ အားနည်းစေတယ်။ ဒါကြောင့်လည်း သုတ္တံဆရာက ဒီလိုဆိုတယ်

“သင်​သည် အ​မှု​ရောက်​သော​ကာ​လ၌ စိတ်​ပျက်​လျှင်​အား​နည်း၏။” သုတ္တံ‬ ‭၂၄:၁၀

ကိုယ့်အသက်တာပိုအားနည်းစေမယ့်အရာတွေကို အသက်တာမှာ ခွင့်မပြုဖို့လိုတယ်။ အရာရာကို အားကြီးစွာ ရင်ဆိုင်ဖြတ်သန်းချင်တယ်ဆိုရင် ဘာပဲကြုံကြုံ စိတ်ပျက်မနေပဲ​ ယုံကြည်ခြင်းနှင့် ဖြတ်သန်းဖို့အရေးကြီးတယ်။ ဒါဆိုရင် သေချာတယ် အရာရာကို အောင်မြင် စွာဖြတ်သန်းနိုင်မှာပါ။

ဒီဇင်ဘာလ ၄ရက်နေ့

ဘုရင်တကာ ဘုရင်ရဲ့သား

“သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-” ၁ပေ ၂:၉

ကိုယ့်ရဲ့ ဖြစ်ခြင်းကို မသိတာ လောက်ဆုံးရှုံးတာ ဘာများရှိအုံးမလဲ? နှစ်ပေါင်းများစွာ ကြက်ခြံထဲရောက်နေတဲ့ ရွှေလင်းယုန်ငှက်လိုပါပဲ။ ကိုယ့်ဟာကိုယ်ကြက်လို့ထင်ပြီးတော့ ကြက်တွေကြားမှာရှင်သန်နေပေမယ့် သူဟာ ရွှေလင်းယုန်ဆိုတာကို သတိမထားမိဘူး။တနေ့ အမျိုးတူတွေ ပျံသန်းတာကိုတွေ့ပြီးမှ ငါဟာ ကြက်တွေကြားမှာ နေရာမှားရောက်နေပါလားဆိုတာ သိပြီးတော့ အမျိုးတူတွေနဲ့ အတူရှင်သန်မှပဲ စစ်မှန်တဲ့ဖြစ်ခြင်းကို ရှာတွေ့သွားသလိုပဲ၊ သင့်အသက်တာမှာလည်း သင်ဘယ်သူလဲဆိုတာကိုရှာတွေနိုင်ဖို့ နှုတ်ကပတ် တော်ကို သေချာစေ့စေ့ ကြည့်ရှုဖို့တော့လိုတယ်။

တမန်တော်ကြီးရှင်ပေတရုက ယုံကြည်သူတွေရဲ့ဖြစ်ခြင်းအမှန်ကို သိစေဖို့အတွက် ဖေါ်ထုတ်ပေးတယ်။ ဘုရားသားသမီးဆိုတာ ဘုရင်တကာဘုရင်ရဲ့ အမွေစားအမွေခံ အဖြစ်ခေါ်ခြင်းခံရတာပါ။ ဘုရင်တစ်ယောက်ရဲ့သားဖြစ်ဖို့ဆိုတာ သူ့ရဲ့သွေးပါမှ​ရသလိုပဲ၊ ခရစ်တော်ရဲ့အသွေးတော်အားဖြင့် ရွေးဝယ်ခြင်းခံရတဲ့သူတိုင်းဟာ ဘုရင်ဖြစ်ဖို့အတွက် ထိုက်တန်တယ်လို့ပဲဆိုရမယ်။ ကယ်တင်ခြင်းခံရပြီးကတည်းက သင် က ခရစ်တော်ရဲ့အသွေးတော်ကြောင့် ဘုရင်ရဲ့ မြင့်မြတ်တဲ့ခေါ်ခြင်းပဲမဟုတ် ဘူး အသွေးပါဝင်ခြင်းခံရတဲ့သူတစ် ယောက်ဖြစ်လာတယ်။ အထဲမှာကိုက ကြီးမားတဲ့ပြောင်းလဲမှုကြီးက နေရာယူပြီးတော့ ဘုရင်တစ်ယောက်ရဲ့ဖြစ်ခြင်း DNA ကနေရာယူလာတယ်။ ကိုယ်ဘယ် သူလဲဆိုပြီးကြည့်တဲ့အခါမှာ ဇာတိအသွေးအသားမျိုးရိုးကို ကြည့်ပြီးတွက်ဖို့မဟုတ်တော့ဘူး။ ဘုရင်တကာဘုရင် ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် တော်စပ်တဲ့ ဘုရားရဲ့လုပ်ဆောင်ပေးခြင်းကိုပဲကြည့်ပြီးတွက်ချက်ဖို့ဖြစ်လာတယ်။ ဘုရင်ဖြစ်ဖို့ဆိုတာ အရည်အချင်းထက် အသွေးအသားက သာလျှင် အဓိကကျတယ်။ ကိုယ့်ထက်တော်တဲ့ သူတွေဘယ်လောက်ပဲရှိရှိ အသွေးအသားတော်စပ်တဲ့သူကပဲ ဘုရင်ဖြစ်တာမဟုတ်လား? ဒီလိုပါပဲ လောကမှာ ကိုယ့် ထက်တော်တဲ့သူတွေဘယ်လောက်ပဲရှိရှိ ခရစ်တော်အသွေးတော်နဲ့ တော်စပ်တဲ့သူကပဲ စိုးစံဖို့အတွက် ခန့်အပ်ခြင်းခံရတဲ့ ဘုရင်အဖြစ် တင်မြှောက်ခြင်းခံရမှာပါ။

ဒီဇင်ဘာလ ၂ ရက်နေ့

ကြောက်တတ်သောသူ မလိုက်ရ

“သို့​ဖြစ်၍၊ ကြောက်​လန့်​သော​သူ မည်​သည်​ကား၊ ဂိ​လဒ်​တောင်​မှ စော​စော​ပြန်​သွား​စေ​ဟု လူ​များ​တို့​အား ဟစ်​ကြော်​လော့​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ​သ​ဖြင့်၊ လူ​နှစ်​သောင်း​နှစ်​ထောင်​ပြန်​သွား၍ တစ်​သောင်း​ကျန်​ရစ်၏။” သူကြီး‬ ‭၇:၃

ရှေ့ဆက်လုပ်မယ့် ဘုရားအစီ အစဉ်တွေထဲမှာ ကြောက်တတ်သဘော ရှိတဲ့သူတွေ မပါဘူးဆိုတာ သင်သိပါလား? လူတွေက ဘုရားလုပ်မယ့်အရာတွေထဲမှာ လူတိုင်းပါမယ်လို့ တွေးထင် နေကြတယ်။ ယုံကြည်ခြင်းနှင့် တိုက်တဲ့ ကြီးမားတဲ့တိုက်ပွဲတွေထဲမှာတော့ ကြောက်တတ်တဲ့သူတွေပါဝင်မှာ မဟုတ်ဘူးဆိုတာသိပါ။ ကြောက်ရွံ့ခြင်းစိတ်သဘောကိုနေရာပေးတဲ့သူတွေက အနာဂတ်ဘုရားလုပ်မယ့်အစီအစဉ်တွေထဲမှာ နေရာရမှာမဟုတ်ဘူး။

မိဒျန်လူတွေကိုတိုက်ဖို့သွားမယ့် ဂိဒေါင်ရဲ့ သူတွေကို ဘုရားက များလို့ ချန်ထားခိုင်းတယ်။ လူများပြီးတော့ ပွဲမစည်တာမျိုး ဘုရားက သဘောမကျဘူး။ အရင်ဆုံး ဘယ်သူတွေကို မလိုက်ပဲချန်ထားဖို့ခိုင်းသလဲဆိုရင် တော့ ကြောက်တတ်တဲ့သူတွေပါ။ ကြောက်တတ်တဲ့သဘောကလည်း ကူးစက်တတ်တယ်ဆိုတော့ ဒီလူတွေရှိရင် အခြားသူတွေကြားထဲမှာလည်း ကူးစက်မှာကိုဘုရားကစိုးရိမ်တယ်။ ဒါကြောင့် အရင်ဆုံး ကြောက်တတ်တဲ့သူတွေကို လှည့်ပြန်ခိုင်းတယ်။ ဘယ် လောက်တောင် ပြန်သွားလဲဆိုရင် သုံပုံ နှစ်ပုံက လှည့်ပြန်သွားတယ်။ တစ်ပုံပဲ ကျန်တော့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘယ်လောကတောင် ကြောက်တတ် တဲ့သူတွေများလဲဆိုတာ တွေ့ရတယ်။ လူနည်းတာများတာထက် ကြောက်တဲ့စိတ်မရှိတဲ့သူတွေ ဖြစ်ဖို့က ပိုအရေးကြီးတယ်။ လူများပေမယ့် ကြောက်နေရင်လည်းဘာမှမထူးဘူး။ အနာဂတ်အောင်မြင်သူတွေထဲမှာ ကြောက်နေတဲ့သူတွေ နေရာမရနိုင်ဘူးဆိုတာ သိဖို့လိုတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့

ကြောက်စိတ် ဘုရားမပေးဘူး

“အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။-” ‭‭၂တိ ၁:၇

ဘုရားမပေးတဲ့အရာတွေကိုအသက်တာထဲမှာ မသိမ်းထားတာကောင်းတယ်။ ဘုရားမပေးတဲ့အရာတွေ၊ ဘုရားဆီကနေ မလာတဲ့အရာတွေကိုအသက်တာမှာနေရာပေးထားလို့ အသက်တာမှာ ပိုကောင်းလာစရာဘာမှ မရှိဘူး။ အသက်တာမှာ ပိုကောင်းတဲ့အရာတွေကိုမြင်ချင်တယ်ဆိုရင် ဘုရားထံကနေလာတဲ့အရာတွေကို အသက် တာမှာ နေရာပြည့်ထားဖို့လိုတယ်။ ဘုရားမပေးတဲ့အရာထဲက တစ်ခုကဘာလဲဆိုရင် ကြောက်စိတ်ဖြစ်တယ်။ကြောက်စိတ်ကို နေရာပေးရင် ကောင်းတဲ့အရာတွေကိုအသက်တာထဲကနေ ဖယ်လိုက်တာနဲ့အတူတူပဲ။

ဘုရားမပေးတဲ့ကြောက်စိတ်ကိုဖယ်လိုက်ပြီးတော့ ဘုရားပေးချင်တဲ့ စိတ်သဘောကို အသက်တာမှာ နေရာပေးထားဖို့ လိုတယ်။ ဘုရားပေးချင်တဲ့စိတ်သဘောဖြစ်တဲ့ တန်ခိုးပါတဲ့စိတ်၊ ချစ်တတ်တဲ့စိတ်နှင့် ရှင်းလင်းတဲ့စိတ်ကို အသက်တာမှာ နေရာပေးဖို့လိုတယ်။ ဒီစိတ်က ကြောက်စိတ်ကို ဖယ်ရှားပစ်နိုင်တယ်။ ဘုရားပေးချင်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ဆီကနေ လာတဲ့စိတ်သဘောကို နေရာပေးရင် မကောင်းတဲ့ စိတ်သဘောတွေကို ကြောက်စိတ်တွေကိုနှိမ်နှင်းပြီးသားဖြစ်ပါလိမ့်မယ်။ ဘုရားပေးတဲ့စိတ်သဘောကို နေရာပေးပါ ဘုရားမပေးတဲ့စိတ်သဘော ကို မောင်းထုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

နိုဝင်ဘာလ ၃၀ရက်နေ့

ကြောက်လန့်သောအမှုအလုံးစုံမှ ကယ်တင်မယ်

“ငါ​သည် ထာဝရဘုရား​ကို​ရှာ​သောအခါ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​လျက် ငါ​ကြောက်လန့်​သော​အမှု​အားလုံး​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၏​။ ကိုယ်တော်​ကို​စေ့စေ့ကြည့်​သော​သူ​တို့​သည် ထွန်းလင်း​ဝင်းပ​၍ မည်သည့်​အခါ​မျှ မျက်နှာပျက်​ကြ​ရ​လိမ့်မည်​မ​ဟုတ်​။” ဆာလံ ၃၄:၄-၅

ကြောက်ရွံ့ခြင်း တစ်ခုကို နေရာပေးမိရင် အခြားကြောက်စရာကောင်းတဲ့အကြောင်းအရာတွေကိုပါသူက အမြဲတမ်းအဖေါ်ခေါ်လာတယ်။ ဘဝကို ကြောက်ရွံ့ခြင်း အောက်မှာ နေရာမချမိနဲ့။ သူဟာ လွယ်ကူစွာနဲ့သင့်ဘဝထဲကနေထွက်သွားမှာမဟုတ်ဘူး။ ဘဝတစ်ခုလုံးကို သခင်အနေနဲ့ အုပ်စိုးလိမ့်မယ်။ ကြောက်ရွံ့ခြင်းကနေ လွတ်မြောက်ဖို့အတွက် နှုတ်ကပတ်တော်က သေချာတဲ့နည်းလမ်းကို သွန်သင်ထားတယ်။

ဆာလံဆရာကတော့ပြောတယ် ဘုရားကိုစေ့စေ့ရှာဖွေခြင်းကကြောက်ရွံ့ စရာအားလုံးမှ လွတ်မြောက်ရာလမ်းဖြစ်တယ်။ ကြောက်ရွံခြင်းရဲ့ဆန့်ကျင်ဘက်က စိတ်ချမှုဖြစ်တယ်။ စိတ်ချမှုဘာကြောင့်အသက်တာမှာမရှိရတာလည်းဆိုရင် ဘုရားအသံကိုတိတိကျကျ မကြားရခြင်းလို့ပဲဖြေရမယ်။ ယုံကြည် သူများစွာ ဘုရားအသံမကြားရပဲ ရှင်သန် နေကြတယ်။ သူတို့အသက်တာမှာ ရှင်းလင်းတဲ့ဘုရားအသံမကြားပဲရှင်သန်ရခြင်းရဲ့ဆိုးကျိုးဖြစ်တဲ့ကြောက်ရွံ့မှု၊ အားငယ်မှုအောက်မှာရှင်သန်နေရတယ်။ ဘုရားအသံရှင်းလင်းစွာ ကြားနာရတဲ့ သူတစ်ယောက်အသက်တာမှာ ဘယ်ကြောက်ရွံ့မှုကမှ​နေရာယူလို့မရပေ။

နိုဝင်ဘာလ ၂၉ရက်နေ့

ကြောက်ရင်ရောက်လာမယ်

“ငါ​ကြောက်​သော​အ​မှု​သည် ငါ၌​ရောက်​လာ​ပြီ။ ငါ​အ​လွန်​ကြောက်​သော​ဘေး​သည် ငါ့​ကို​တွေ့​မိ​ပြီ။” ယောဘ‬ ‭၃:၂၅

ဘုရားက မစိုးရိမ်နှင့် မကြောက်နဲ့လို့ အကြိမ်ကြိမ်ပြောထားပေမယ့် စိုးရိမ် တတ်တာ၊ ကြောက်တတ်တာ လူ့သဘာဝပဲလို့ ဆင်ခြင်ပေးတတ်ကြတယ်။ဘုရားက ကြောက်ရွံ့ခြင်းကိုနေရာမပေးစေချင်တာက သင့်အတွက် မကောင်းလို့ဖြစ်တယ်။ ကြောက်ရွံ့ခြင်းက ကူးစက် တတ်တယ်။ စိုးရိမ်တတ်၊ ကြောက်တတ် တဲ့သူနဲ့ပေါင်းရင် ကိုယ်လည်းအဲ့ဒီအရာကနေကူးစက်သွားတယ်။ ဒါကြောင့်အပေါင်းအသင်းကိုသတိထားဖို့လိုတယ်။ နောက်ပြီးတော့ ကြောက်ရွံ့ခြင်းက နောက်မျိုးဆက်ကိုပါ လက်ဆင့်ကမ်းပေးတဲ့အမွေတစ်ခုလိုဖြစ်လာမယ်။ မိဘတွေကြောက်ရွံ့တဲ့အရာက သားသမီးတွေပါ ဆက်လက်ပြီးတော့ ကြောက်ရွံ့တဲ့ စိတ်သဘောရဲ့ လွှမ်းမိုးမှုကို ခံရလိမ့်မယ်။ယောဘကြီးက အရာရာမှာ ဘုရားနဲ့သွားလာတဲ့သူဖြစ်ပေမယ့် တစ်နေ့ သူ့နှလုံးသားထဲက ခံယူချက်ကိုထုတ်ပြောခဲ့တယ်။ သူကြောက်တဲ့အမှုက သူ့ဆီကိုရောက်လာပြီဆိုပြီးတော့။ဒါက ဒီလိုကိစ္စတွေအားလုံးဖြစ်လာရခြင်း ရဲ့အကြောင်းအရင်းပဲ။ ကြောက်တဲ့စိတ် ကိုနေရာပေးရင် မကြာခင် သင်ကြောက်တဲ့အရာတွေ ရောက်လာဖို့ တံခါးဖွင့်ပေးသလိုပဲ။ ကြောက်တဲ့စိတ်ကနေကြောက်ရွံ့စေတဲ့ဝိညာဉ် ရောက်လာစေတယ်။ နောက်ဆုံး ကြောက်တဲ့အမှုအားလုံးကိုသူက သယ်ဆောင်လာတယ်။ လောကကြီးမှာ အရာအားလုံးကို ဖန်ဆင်းတဲ့ဘုရား၊ အရာအားလုံးထက် တန်ခိုးကြီးတဲ့ဘုရားက လွဲရင် ကြောက်စရာဘာတစ်ခုမှ မရှိပါဘူး။

နိုဝင်ဘာလ ၂၈ ရက်နေ့

ကိုယ်ကြောက်တဲ့အရာတွေကိုယ်ဆီဘာကြောင့်ရောက်လာရတာလဲ?

“ငါ​သည်​လည်း၊ သူ​တို့​ဖို့ ဘေး​ဥ​ပဒ်​များ​ကို ရွေး​မည်။ သူ​တို့​ကြောက်​သော​အ​မှု​ကို ရောက်​စေ​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​သူ​မျှ​မ​ထူး။ ငါ​ပြော​သော​အ​ခါ သူ​တို့​သည် နား​မ​ထောင်​ကြ။ ငါ့​မျက်​မှောက်၌ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်၍၊ ငါ​မ​နှစ်​သက်​သော​အ​ရာ​ကို ရွေး​ယူ​ကြ​၏။” ‭‭ဟေရှာယ‬ ‭၆၆:၄

နှုတ်ကပတ်တော်ကို မသိရင် ဘုရားနှလုံးသားကိုသိနိုင်ဖို့ခက်ခဲလိမ့်မယ်။ နှုတ်ကပတ်တော်သာလျှင် ဘုရားနှလုံးသားကို သိနိုင်တဲ့ကြီးမားတဲ့အခွင့်အရေးတွေကိုယူဆောင်လာတယ်။ လူတွေက ဘုရားအလိုတော်ကိုသိချင်တယ်။ ဘုရားနှလုံးသားကို သဘော ပေါက်ချင်တယ်။ ဒါပေမယ့် နှုတ်က ပတ်တော်ကိုတော့ သိကျွမ်းဖို့ စိတ်မဝင်စားကြဘူး။ ဘုရားနှလုံးသားရဲ့ ဖြစ်တည်ရာက နှုတ်ကပတ်တော်သာလျှင် ဖွင့်လှစ်ပြ သနိုင်တယ်။

ကိုယ်ကြောက်တဲ့အမှုတွေကို ကိုယ့်ဆီရောက်လာရင်နှုတ်ကပတ် တော်ကိုမသိတဲ့ သူတွေက ဘုရားကိုအပြစ်တင်ကြတယ်။ ဘုရားနှလုံးသားကိုမသိတဲ့အတွက် ဘုရားကိုလွယ်လွယ် နဲ့ပဲ မကောင်းမြင်ကြတာများတယ်။ တကယ်တော့ ဘုရားက အသေချာပြောထားပြီးသားပါ။ သူခေါ်တဲ့အခါမှာ မထူးပဲ သူ့ပြောတာနားမထောင်တဲ့သူတွေရဲ့ရလဒ်က ကိုယ်ကြောက်တဲ့အရာတွေကိုရင်ဆိုင်ရခြင်းပါပဲ။ ကိုယ်ကြိုက်သလိုနေရင်တော့ ကိုယ်ကြောက်တာနဲ့ ရင်ဆိုင်ရမယ်။ ကိုယ်တော် ကြိုက်သလို ရှင်သန်ရင်တော့ ကိုယ်ကြောက်တာနဲ့ ဝေးမယ်။ သင်ရွေးချယ်တာတော့ မှန်ပါစေ။ရလဒ်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ရွေးချယ်တဲ့အပေါ်မှာပဲမူတည်တယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့

ကြောက်ရွံ့ရာအမှုမှကယ်တင်ခြင်း

“ထို​ခ​ရစ်​တော်​သည် လူ​ဇာ​တိ​အ​ဖြစ်၌ နေ​စဉ်​ကာ​လ၊ သေ​ခြင်း​မှ ကယ်​လွှတ်​နိုင်​တော်​မူ​သော​သူ​ကို၊ ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သ​ဖြင့်၊ ကြောက်​ရွံ့​ရာ​အ​မှု၌ ချမ်း​သာ​ရ​သည်​ဖြစ်၍၊-” ဟေဗြဲ‬ ‭၅:၇

လူတိုင်းဘဝမှာ လုံးဝမကြုံချင်ပဲ ဖြစ်လာမှာကြောက်ရွံ့တဲ့အရာ ကိုယ်စီရှိကြပါတယ်။တချို့ကဆင်းရဲမှာကြောက် တယ်။ တချို့က ဆုံးရူံးမှာကြောက်တယ်။ အထင်လွဲခံရမှာ၊ အထင်သေးမှာ စသဖြင့် ကြောက်တဲ့အရာတွေ ကိုယ်စီရှိကြပါတယ်။ ဒီလိုကြောက်ရွံ့တဲ့အရာတွေထဲကနေ လွတ်မြောက်ဖို့အတွက် လမ်းစများရှိမလားလို့လူတိုင်းရှာဖွေတတ်ကြပါတယ်။ သခင်ယေရှုကကျွန်ုပ်တို့ရဲ့စံနမူနာဖြစ်ပြီးတော့ သူဘယ်လိုအသက်ရှင်သလဲဆိုတာကိုကြည့်ရင် အမြဲတမ်းနည်းလမ်းသိနိုင်ပါတယ်။

ဟေဗြဲဩဝါဒစာမှာ သခင်ယေရှုကိုယ်တိုင်က ဘယ်လို ကြောက်ရွံ့ခြင်းကနေ လွတ်မြောက် အောင်လုပ်ဆောင်ခဲ့သလဲ ဆိုတာကိုတွေ့ရတယ်။ ကြွေးကြော်ခြင်းနှင့် မျက်ရည် နှင့် ဆုတောင်းခြင်းက ကြောက်ရွံ့ရာအမှုကနေ ကယ်တင်ခြင်းခံရတယ်လို့ဆိုတယ်။ သခင်ယေရှုကိုယ်တိုင် ကြောက် စရာအကောင်းဆုံး အဖြစ်ပျက်များနှင့်ရင်ဆိုင်တဲ့အခါမှာ သူဟာ ဒီအတိုင်းဖြတ် သန်းခဲ့တာမဟုတ်ဘူး။ အခက်အခဲဆုံးအခြေအနေတွေကို ကြွေးကြော်ခြင်း နှင့် ဆုတောင်းခြင်းကသာလျှင် ကျော်လွန်နိုင်ဖို့ ခွန်အားပေးခဲ့တယ်။ သင့်ဘဝမှာလည်း မကျော်လွန်နိုင်အောင် ကြောက်စရာကောင်းတဲ့အရာတွေကို ကြုံရတယ်ဆိုရင် စိတ်ပျက်နေဖို့မဟုတ်ပဲ သခင်ယေရှုလုပ်ဆောင်သလို လက်တွေ့လုပ်ဆောင် ပြီးတော့ဖြတ်သန်းဖို့ပဲလိုတယ်။ သေချာပေါက် ကျော်လွန်အောင်မြင်နိုင်လိမ့်မယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့

ကြောက်စရာအကြောင်းမရှိ

“ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။” ဆာလံ‬ ‭၂၇:၁

ယုံကြည်ခြင်းရဲ့ ရန်သူ

ယုံကြည်ခြင်းရဲ့အဓိကရန်သူကကြောက်ရွံ့ခြင်းပါပဲ။ စာတန်ရဲအပြင်းဆုံးလက်နက်တစ်ခုဖြစ်သလို လူတွေကို ကြောက်ရွံ့ခြင်းထဲမှာချုပ်ထားဖို့ သူဟာ အမြဲတမ်းကြိုးစားပါတယ်။ကြောက်ရွံ့ခြင်းကအသက်တာမှာ နေရာယူလာရင် ဘဝတစ်ခုလုံးဟာ ထိန်းချုပ်ခြင်းခံရပြီးတော့ ဘုရားအလိုတော်ရှိတဲ့အသက်တာ ခံစားရဖို့မဖြစ်နိုင်တော့ဘူး။ အရာရာကို စိုးရိမ်ကြောက်ရွံ့လာပြီးတော့ လူတွေကို အကောင်းမမြင်နိုင်တော့သလို ဘုရားလုပ်ဆောင်ပေးတဲ့အရာတွေကိုလဲ အကောင်းမြင်နိုင်ဖို့မလွယ်တော့ဘူး။ ကြောက်ရွံ့ခြင်းကနေ လွတ်မြောက်ဖို့လိုအပ်တယ်။မဟုတ်ရင်သင့်ဘဝဟာ ကြောက်စရာကောင်းတဲ့အရာတွေနဲ့ပဲ အဆုံးသတ် သွားလိမ့်မယ်။

ဆာလံဆရာကတော့ ပြောတယ် ဘုရားက ငါ့အလင်း၊ ငါ့ကိုကယ်တင်တဲ့အရှင်ဖြစ်လို့ ငါဘယ်သူ့ကိုမှ မကြောက်ဘူး။ အလင်းနှင့်အမှောင်ဘာကွာလည်းဆိုရင် အမှောင်ထဲမှာနေရင် လူဟာ ကြောက်စိတ်ဝင်တယ်။ လူတွေကို ကြောက်စေတဲ့ အရာတွေထဲမှာ အမှောင်လည်းပါတယ်။ အခု ဘုရားက အလင်းဖြစ်နေတဲ့အတွက် ဘယ်သွားသွား အမှောင်ရဲ့လွှမ်းမိုးမှုထဲမှာမရှိဘူး။အလင်းရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်။ ဘယ်အရာမှ​ဖုံးကွယ်မထားသလို ဘယ် အရာမှလည်းပုန်းနေလို့မရဘူး။ ဒါကြောင့်ကြောက်စရာမရှိဘူးလို့သူကဆိုတယ်။ ဘယ်အရာကိုမှ မကြောက်ဘူး၊ ဘယ်အရာကိုမှ မစိုးရိမ်ဘူး။ဘုရား အတူရှိခြင်း ကိုစိတ်ချတယ်။ ဘယ်သူကို ကြောက်ရအုံးမှာလဲ? ဘယ်ကိစ္စကို စိုးရိမ်နေရအုံးမှာလဲ? ဘာဆိုဘာမှ​မကြောက်ဘူး။ ဘုရားအပေါ်မှာ အပြည့်အဝစိတ်ချပါ။

နိုဝင်ဘာလ ၂၄ ရက်နေ့

ဘုရားဖြစ်သည်ဟု သိမှတ်ပါ 

“ငြိမ်​ဝပ်​လျက်​နေ​ကြ​လော့။ ငါ​ကား ဘု​ရား​သ​ခင်​ဖြစ်​သည်​ဟုသိ​မှတ်​ကြ​လော့။ လူ​မျိုး​တို့​တွင်ငါ​သည်ဘုန်း​ ပွင့်​မည်၊ မြေ​ကြီး​ပေါ်​မှာဘုန်း​ပွင့်​မည်။”ဆာလံ‬ ‭၄၆:၁၀


ပြဿနာတွေကြားထဲမှာ ဘာလို့များငြိမ်သက်ခြင်းမရနိုင်တာလဲ? အခက် အခဲတွေကြုံတဲ့အခါမှာ ဘာလို့များ ကြောက်ရွံ့အားငယ်မိနေတတ်တာလဲ။ အဖြေကတော့ရှင်းပါတယ်။ အရာခပ်သိမ်းကို ထိန်းချုပ်ထားပြီး အခြေ အနေ အားလုံးရဲ့အထက်မှာ စိုးစံတဲ့ ဘုရားကို စိတ်မချလို့ဖြစ်တယ်။ အားလုံးကိုဘုရားကထိန်းချုပ်ထားတယ်။ သူမလုပ်နိုင်တာ မတတ်နိုင်တာ ဘာဆို ဘာမှကိုမရှိဘူး။ ဒီလိုအခြေအနေမျိုး ပြောင်းပြန်လှန်ပစ်လိုက်နိုင်တယ်လို့သာ ယုံကြည်လိုက်ပါ။ နှလုံးသား ခံစားချက်လုံးဝကို ပြောင်းလဲသွားပါလိမ့်မယ်။ 

ကိုယ်လုပ်လို့ဘာမှ မဖြစ်လာနိုင်တဲ့အခြေအနေမှာ ဘုရားကိုပဲမျှော်လင့်ရတယ်။ ဒီလိုအခြေမျိုးမှာ ငြိမ်ဝပ်စွာနဲ့ ဘုရားပြုမယ့်အမှုကို စောင့်မျှော်နေတတ်ဖို့သိပ်ကိုအရေးကြီးတယ်။ ကိုယ်ဝင်လုပ်လိုက်ရင် ပိုရှုပ်ထွေးမှုပဲဖြစ်မယ်ဆိုတာသိသိကြီးနဲ့ လူတွေက ဘုရားလုပ်မယ့်အချိန်ကိုမစောင့်ပဲ ဝင်လုပ်မိတတ်တယ်။ တကယ်တော့ ဘုရားကိုစိတ်ချပြီးတော့စောင့်နေပါ။ ဘုရားက အလှပဆုံးနှင့် အကောင်းဆုံးလုပ်ပေးပါလိမ့်မယ်။ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာထက်ပိုကောင်းတာ မြင်ရမယ်ဆိုတာ ယုံပါ။ ဘုရားကိုယုံကြည်ခြင်းနှင့် ခြေလှမ်းလှမ်းဖို့လိုတဲ့အချိန်ရှိသလို၊ ယုံကြည်ခြင်းနှင့်ငြိမ်ဝပ်စွာစောင့်မျှော်နေရတဲ့အချိန်လည်းရှိတတ်ပါတယ်။


နိုဝင်ဘာလ ၂၃ ရက်နေ့

နည်းလမ်းမှန်ကိုသင်ပေးသောဘုရား

“သူ​၏​ဘုရားသခင်​သည် သူ့​အား နည်းမှန်လမ်းမှန်​ကို​ပြပေး​တော်မူ​ပြီ​။ ညွှန်ကြား​တော်မူ​ပြီ​။” ဟေရှာယ ၂၈:၂၆

ဘယ်အရာက အမှန်၊ ဘယ်အရာက အမှားလဲဆိုတာ အရမ်းကိုရှုပ်ထွေးနေတဲ့ခေတ်ကာလကြီးထဲမှာ မှန်ကန်တဲ့ လမ်းကို မှန်ကန်တဲ့ နည်းလမ်းနှင့် ကောင်းသော နှလုံး အားဖြင့်သွန်သင်ပေးတဲ့ သူကိုလိုအပ်တယ်မဟုတ်လား? အမြဲတမ်းကျွန်တော်တို့တောင့်တတဲ့အရာ ဒီအရာပါပဲ။ ကျွန်တော်တို့ကို သေချာသွန်သင်ပေးမယ့်သူလောက် ဒီအချိန် တန်ဖိုးရှိတာ ဘာများရှိသေးလဲ? စီးပွါးရေး၊ ပညာရေး၊ ဝိညာဉ်ရေး အကုန်လုံးပါပဲ။ သေချာ နည်းမှန်လမ်းမှန် သင်ပေးမယ့်သူ လူတိုင်းအတွက် အရမ်းကိုလိုတယ်၊အမြဲတမ်းကို လိုတယ်။

ဘုရားက သူ့သားသမီးများကိုအမြဲတမ်း မှန်ကန်တဲ့ သွန်သင်ပေးတဲ့သူပါ။ မလိုက်နာတာ၊ လိုက်လုပ်ဖို့အားနည်းတာက လူတွေဘက်ကပဲရှိမယ်။ ခေတ်ကာလတိုင်းမှာ ဘယ်တော့မှ စိတ်မပျက်ပဲ အမြဲတမ်းသွန်သင်ပေးတယ်၊ အမြဲတမ်းလမ်းပြတယ်။ ပညာမဲ့တဲ့မြည်းလားလိုမဖြစ်ဖို့တော့အရမ်းကိုလိုတယ်။ သခင်ယေရှုကိုယ်တိုင်လည်းသူကောင်းကင်ကိုမတတ်ကြွမှီ သူမရှိပေမယ့် သေချာသွန်သင်ပေးမယ့်သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့နှင့်အစဉ်မပြတ်ရှိဖို့အတွက် ပေးမယ်လို့ကတိပေးခဲ့တယ်မဟုတ်လား? ဘုရားက အမြဲတမ်း မှန်ကန်တဲ့နည်းလမ်းတွေကို လူတွေကို သင်ပေးဖို့ ဆန္ဒရှိသလို၊ အမြဲလဲသင်ပေးတဲ့ ဘုရားပါ။ 


နိုဝင်ဘာလ ၂၂ ရက်နေ့

နှိမ့်ချသောသူအပေါင်းကို ချီးမြှောက်သောဘုရား

“ကိုယ်​တော်၏​နိုင်​ငံ​သည် နိ​စ္စ​ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၍၊ အာ​ဏာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​ရ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လဲ​သော​သူ​ရှိ​သ​မျှ​တို့​ကို ထောက်​မ​တော်​မူ၏။ နှိမ့်​ချ​သော​သူ​အ​ပေါင်း​တို့​ကို ကြွ​ပင့်​တော်​မူ၏။” ဆာလံ‬ ‭၁၄၅:၁၃

လူတွေရဲ့ သဘောသဘာဝကတော့ ယိုင်နဲ့နေတဲ့သူကို တွန်းလှဲပြီးတော့ နှိမ့်ချတဲ့သူတွေကို တတ်နင်းသွားလေ့ရှိတယ်။ ကျွန်တော် အမှုတော်ဆောင်သက်တမ်း ၂၇ နှစ်အတွင်းမှာ လူပေါင်းစုံနှင့်တွေ့ကြုံဖူးတယ်။ လဲကျတဲ့သူတွေကိုဆွဲထူပေးချင်တဲ့သူထက် ပိုလဲကျသွားအောင် နောက်ပြီးဘယ်တော့မှ​ပြန် မထလာအောင် လုပ်တတ်တဲ့သူတွေပဲများပြီးတော့ နှိမ့်ချတဲ့သူတွေကို ဘဝ တစ်ခုလုံး နိမ့်ကျသွားအောင် ပိုပြီးတော့နင်းချင်တဲ့စိတ်သဘောတွေရှိတတ်ကြတယ်။ ဒါပေမယ့် ဘုရားကတော့ အဲ့လို လုံးဝ မဟုတ်ဘူး။ သူဟာ လူတွေရဲ့သဘောသဘာဝနှင့်ဆန့်ကျင်ဘက်ပဲ။ သူ့မှာရှိတဲ့စိတ်နှလုံးသားကို ဘုရားသားသမီး တွေမှာလည်းရှိသင့်တယ်။

လဲလုခါနီးဖြစ်တဲ့သူကို မလဲသွားအောင် ဆွဲထူပေးတဲ့ သူဖြစ်သလို လဲသွားရင်တောင်မှဖြောင့်မတ်သောသူဟာ ခုနှစ်ကြိမ်လဲသော်လည်းပြန်ထစေတဲ့ ဘုရားပါ။ လဲသော်လည်း ဆုံးရာသို့မရောက်စေဘူး။ အရင်ထက်ပိုပြီး သန်မာတဲ့ ဘဝနှင့် ပြန်ရှင်သန်နိုင်အောင် ကူညီပေးတဲ့ဘုရားဖြစ်တယ်။ နှိမ့်ချတဲ့ သူ တွေကိုလည်း အမြင့်ဆုံးရောက်အောင် ဆွဲခေါ် ချီးမြှောက်တဲ့ဘုရားဖြစ်တယ်။လူတွေကတော့ နှိမ့်ချတဲ့သူတွေကို အသုံးချပေမယ့် ဘုရားကတော့ နှိမ့်ချတဲ့သူတွေကိုချီးမြှောက်တယ်။ ဒါကြောင့်လည်း ရှင်ပေတရုက ဆိုတယ်မဟုတ် လား? တန်ခိုးကြီးတဲ့လက်တော်အောက် မှာကိုယ်ကို နှိမ့်ချပါလို့၊ အချိန်တန်ရင် ဘုရားက ချီးမြှောက်မယ်။ ရိုးရိုးချီးမြှောက်မှာမဟုတ်ဘူး အမြင့်ဆုံးကိုချီးမြှောက်မယ်။ 

နိုဝင်ဘာလ ၂၁ ရက်နေ့

မထင်ရှားသောအရာကိုမြင်တော်မူသောဘုရားသခင်

“မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။-” ‭‭မဿဲ‬ ‭၆:၄

လူတွေ စိတ်ဝင်စားပြီးတော့ကြည့်နေတာနဲ့ ဘုရားစိတ်ဝင်တစားနှင့် ကြည့်နေတာမတူဘူး။ လူတွေ မြင်သလို ဘုရားကမမြင်ဘူးဆိုတာသဘောပေါက် ပါ။ လူတွေက အောင်မြင်ကျော်ကြားလာမှကြည့်တာ၊ ဘုရားက ဘယ်သူမှ မသိခင်ကတည်းက ဘယ်လိုအသက်ရှင် သလဲဆိုတာကိုကြည့်တာ။ လူတွေက အပေါ်ယံအရာတွေကိုကြည့်ပြီးဆုံးဖြတ် တယ်။ ဘုရားကတော့ အတွင်းထဲက လူ့မျက်စိနှင့်မမြင်နိုင်တဲ့အရာတွေ၊ လူတွေ ရဲ့မမြင်ကွယ်ရာအရာတွေကိုကြည့်တယ်။ ဘယ်လိုအခြေအနေ မျိုးမဆို၊ဘယ်လို နေရာမျိုးမဆို ဘုရားမြင်တယ် ဘုရားသိတယ်ဆိုတဲ့ အတွေးလေးတစ်ခုသာထားနိုင်ရင် သင့်ဘဝမတိုးတက်စရာ၊ မပြောင်းလဲစရာမရှိဘူး။ 

ယောသပ်ကို သွေးဆောင်တဲ့ ပေါတိဖါရဲ့ဇနီးက ဘယ်သူမှ မရှိတဲ့အချိန် ယောသပ်နှင့်နှစ်ယောက်ထဲဆိုပြီးတော့ မှားယွင်းဖို့ ပြောတယ်။ သူမမြင် တဲ့ ဘုရားကိုယောသပ်က မြင်တယ်။ဒါကြောင့်သူ့ကိုပြောတယ် ဘုရားကိုကြောက်တယ်။ လူတွေ မမြင်ပေမယ့် လူတွေ မရှိပေမယ့် ငါနဲ့အတူရှိတဲ့ဘုရားက မြင်တယ်။ ဒါကြောင့်ဒီအမှုကိုမပြုနိုင်ဘူးလို့သူကပြန်ပြောတယ်။ ပေါတိဖါကို ကြောက်လို့မဟုတ်ဘူး။ ဘယ်သူမှ မရှိတဲ့ နေရာမှာ အတူရှိနေတဲ့ဘုရားကိုကြောက်လို့ ဖြစ်တယ်။ ယောသပ်ရဲ့ ဒီဆုံးဖြတ်ချက် ဒီလုပ်ရပ်က ဘယ်သူမှ မသိပေမယ့် ဘုရားကသိတယ်။ မထင် ရှားတဲ့အရပ်မှာ လုပ်လိုက်တဲ့အရာကို ဘုရားက ပြန်ပြီးကောင်းကြီးပေးတော့ ထင်ရှားစွာပြန်ပေးတယ်။ မထင်မရှား ဘယ်တော့မှ ပြန်မပေးဘူး။ ဘုရားက ဘယ်အရာကိုမြင်သလဲ? ဘယ်အရာကို စိတ်ဝင်စားသလဲဆိုတာသိရင် သင့်ဘဝရဲ့ အရေးကြီးတဲ့အရာတွေတော်တော် များများ လုပ်ပုံကိုင်ပုံတွေပြောင်းလဲလာလိမ့်မယ်။ ထင်ရှားတဲ့အကျိုးတွေလည်းတစ်ခုပြီးတခု သက်ရောက်လာပါလိမ့်မယ်။ 

နိုဝင်ဘာလ ၂၀ ရက်နေ့

ဘုရားသခင်ရဲ့သစ္စာတော် 

“လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။” ၁ကော ၁၀:၁၃

သစ္စာနှင့်ပြည့်စုံသည်ဖြစ်သောကြောင့် 

လူကိုဖန်ဆင်းတဲ့ဘုရားကလူတစ်ယောက်ရဲ့ ခံနိုင်ရည်အားကိုကောင်း ကောင်းသိတယ်။ ဘယ်လောက်အတိုင်း အတာထိပဲခံနိုင်တယ်။ ဘယ်လောက်ဆိုရင် လူတစ်ယောက်ရဲ့ ခံနိုင်ရည်အားကိုကျော်လွန်သွားပြီလဲဆိုတာကိုသူ့လောက် သိတဲ့သူ တစ်ယောက်မှ မရှိဘူး။ နောက်သူကိုယ်တိုင် လူသား တစ် ယောက်ရဲ့ဇာတိအဖြစ်ကိုခံယူ ခဲ့ဖူးတာဖြစ်သောကြောင့်လူတွေရဲ့ခံစားချက်နှင့် အတွေးအခေါ်တွေကိုလည်း ကောင်းကောင်းနားလည်နိုင်တယ်။ ဒါကြောင့် ဘုရားကို စိတ်ချပါ။ သူဟာ ဘယ်တော့မှ သင့်ဘဝရဲ့မခံနိုင်တဲ့ အရာတွေကို တွေ့ကြုံဖို့အတွက် ခွင့်ပြုပေးမှာမဟုတ် ဘူး။ တွေ့ကြုံတဲ့အရာတိုင်းလည်းသင် ကောင်းမွန်စွာကျော်လွန်အောင်မြင်စေမယ်ဆိုတာသူကစိတ်ချတယ်။ အောင်မြင် ကျော်လွန်ဖို့လည်း သူကပဲအကောင်း ဆုံးလုပ်ဆောင်ပေးလိမ့်မယ်။ ခွန်အားပေးပါလိမ့်မယ်။ 

ဘုရားရဲ့သစ္စာတော်ကို ယုံတယ်ဆိုရင် သင့်ဘဝရဲ့ ပြဿနာတွေတိုင်းမှာ၊ တွေ့ကြုံလာရတဲ့အရာတိုင်းကောင်း မွန်အောင်မြင်စွာ ကျော်လွန်သွားမယ်ဆိုတာကိုလည်း သင်စိတ်ချဖို့လိုတယ်။ ဘုရားက သစ္စာရှိတဲ့အတွက် သင်မခံနိုင် တဲ့အရာတွေ၊ သင့်ရဲ့ခံနိုင်ရည်ထက် ကျော်လွန်တဲ့အရာတွေကို သင့်ကိုပေးကြုံမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ နောက် ဘာပဲကြုံကြုံ​အဲ့ဒီကြုံရတဲ့အရာတိုင်းမှာ သင်ဟာ ထွက်ပေါက်မရှိပဲ အဆုံးသတ်သွားမှာ လုံးဝမဟုတ်ဘူး။ အဲ့ဒီ အခက်အခဲပြဿနာတွေကနေ ထွက်ပေါက်ကိုလည်း ဘုရားကအမြဲတမ်းပြင်ဆင်ထားပြီးသား။ ထွက်ပေါက်မရှိတဲ့ အရာတွေနဲ့ဘယ်တော့မှ သင့်ဘဝမှာ တွေ့ကြုံရမှာမဟုတ်ဘူးဆိုတာ စိတ် ချပါ။ ဘုရားအကောင်းဆုံးပြင်ဆင်ထားတဲ့ ထွက်မြောက်ရာတံခါးပေါက်ကိုသေချာပေါက်မကြာခင်တွေ့မယ်။ ဒါက ဘုရားရဲ့သစ္စာရှိခြင်းပဲ။ 


နိုဝင်ဘာလ ၁၈ ရက်နေ့

ပျက်ဆီးရခြင်းအကြောင်းအရင်း

အ​ကယ်​စင်​စစ် ကိုယ်​တော်​နှင့် ဝေး​ဝေး​နေ​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​ပါ၏။ ကိုယ်​တော်​နှင့်​ကွာ၍ မှား​ယွင်း​သော​သူ​အ​ပေါင်း​တို့​ကို ပယ်​ရှင်း​တော်​မူ၏။” ဆာလံ ၇၃:၂၇

ဘယ်အရာကကျွန်တော်တို့ကိုပျက်ဆီးစေတာလဲ?

အခက်အခဲတွေ ခေါင်းပါးမှုတွေက လူတွေကို ပျက်ဆီးခြင်းရောက်စေတယ် လို့ထင်ရင် မှားလိမ့်မယ်။ ခေတ်သမိုင်းတစ်လျှေက်မှာ ဒါတွေက အကြိမ်ကြိမ် ဖြစ်လေ့ရှိသလို နောင်လဲဖြစ်လာအုံးမယ့် အရာပဲမဟုတ်လား။ ဒီလို အရာတွေကိုကြုံပေမယ့် လူတွေက မပျက်ဆီး မပျောက်ဆုံးသွားတဲ့အပြင် ပို‌တောင် တိုးတက်များပြားလာကြသေးတယ်။ ပိုကောင်းတဲ့ အစီအစဉ်တွေ နည်းလမ်းတွေကိုလည်း ရှာကြံနိုင်ခဲ့ကြတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုရင် အခက် အခဲကလူကိုပျက်ဆီးခြင်းကိုပို့တဲ့ တရားခံမဟုတ်ဘူးဆိုတာကို ပြသနေတာပဲ။ တစ်ကယ့်ပျက်ဆီးခြင်းကိုရောက် စေတဲ့ အရာကတော့ ဘုရားနဲ့ ဝေးကွာခြင်းပါပဲ။ ဘုရားနဲ့ဝေးကွာတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အရည်အချင်းတွေရှိရှိ၊ ဘယ်လောက်ပဲ ထူးချွန်နေပါစေသေချာတယ် ပျက်ဆီးခြင်းက သေချာ ပေါက် ကြုံရမယ့်အရာပဲ။ တော်တဲ့လူတွေ အရည်အချင်းရှိတဲ့လူတွေပယ်ရှင်းခြင်းကို ခံရတဲ့အကြောင်းအရင်းက ဘုရားနဲ့ကွာပြီးတော့အဝေးမှာ ကိုယ်အရည်အချင်း ကိုယ်အစွမ်းအစနဲ့ အသက်ရှင်မိတဲ့သူတွေအသက်တာမှာ အများဆုံးမြင်တွေ့ရတယ်။ ဒါကြောင့် သခင်ယေရှုကလည်းပြောပါတယ် သင်တို့ငါနှင့်ကွာလျှင်အဘယ်အမူကိုမှ မတတ်နိုင်ကြလို့ ဆိုတယ်။ ဒါကြောင့် အသက်တာမှာ အဓိက ပြိုလဲစေတာ ပျက်ဆီးစေတာက အခြားအရာမဟုတ် ဘူး ဘုရားနဲ့ ဝေးကွာတဲ့အရပ်မှာအသက် ရှင်ခြင်းကြောင့်ပါ။

ပျက်ဆီးခြင်းသို့မရောက်

သခင်ယေရှုက ဒီလိုပြောပါတယ် သူ့ကိုယုံကြည်တဲ့သူက ပျက်ဆီးခြင်းကိုမရောက်ဘူး ပြီးပြည့်စုံတဲ့ ထာဝရအသက်ကိုရပြီးတော့ ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို ခံစားပြီးအသက်ရှင်ခွင့်ရတဲ့သူလို့ဆိုတယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းကို သခင်ယေရှုအားဖြင့် ခံစားရခြင်းပါ။ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့အသက်တာမျိုးကိုပိုင်ဆိုင်ရခြင်းလဲ။ဒီနေ့ လူတွေရှာနေတဲ့ ပျက်ဆီးခြင်းနှင့် ကင်းလွတ်ခြင်းကို သခင်ယေရှုခရစ် တော်ရဲ့အထဲမှာပဲရှာတွေ့နိုင်တယ်။ အခြားဘယ်အရာကမှ အာမခံချက်မပေးနိုင်ဘူး။ သူ့ကိုယုံကြည်ခြင်းနှင့် သူ့အားဖြင့်အသက်ရှင်ခြင်းကသာလျှင် ဒီလောကမှာ စိတ်ချမှုအပြည့် အာမခံချက်အပြည့်ဖြင့် အသက်ရှင် လျှောက်လှမ်း နိုင်တယ်။ ဒါကြောင့် အားငယ်စရာမရှိဘူး စိတ်ပျက်စရာမရှိဘူး။ ကျေးဇူးတော်ချီးမွမ်းစရာပဲရှိတယ်။


နိုဝင်ဘာလ ၁၇ ရက်နေ့

ငါ့အမှုကိုပြီးပြည့်စုံစေသောဘုရား 

“ငါ့​အမှု​ကို​ပြီးပြည့်စုံ​စေ​တော်မူ​သော​ဘုရား တည်းဟူသော အမြင့်ဆုံး​သော​ဘုရားသခင်​ကို ငါ​ခေါ်​၏​။”ဆာလံ ၅၇:၂

သင် ဘယ်သူ့ကိုခေါ်လဲ ? ဘယ်သူ့ကို အားကိုးနေလဲ? ဆိုတာက သင့်ကိစ္စအလုံးစုံ ဘယ်လိုအဆုံးသတ်မလဲဆိုတာ ကိုဆုံးဖြတ်တယ်။ လူတိုင်းက ကိုယ့်ကိစ္စတွေကို အကောင်းဆုံးပြီးစီးချင်ကြတာချည်းပဲ။ ဒါပေမယ့် အစပြုတာထက် အဆုံးသတ်တာက ပိုခက်တယ်မဟုတ် လား? အဆုံးသတ်တာ တောင် ကောင်း မွန်အောင်မြင်စွာ အဆုံးသတ်တာက ပိုလို့ တောင်ခက်သေးတယ်။ ဘဝကို အကောင်းဆုံးနှင့် အလှပဆုံး ဖြစ်လာဖို့ဆိုတာ ကိုယ့်ခွန်အားအစွမ်းအစနဲ့တော့ မလုံလောက်တာ လူတိုင်းသိပါတယ်။ 

ဆာလံဆရာကတော့ သူဘယ်လို အကောင်းဆုံးတွေဖြစ်လာဖို့အတွက် ယုံကြည်သလဲ ဆိုတာ၊ ရင်ဆိုင်သလဲဆိုတာကို ဒီနေရာမှာ ဖေါ်ပြတယ်။ ဘုရားက အစပြုပေးတဲ့ဘုရားပဲမဟုတ်ဘူး။ အမှုကိုပြီးပြည့်စုံစွာအဆုံးထိ တာဝန်ယူပေးတဲ့ဘုရား။ ဒါကြောင့်သူက အဲ့ဒီဘုရားကိုပဲ ခေါ်တယ်။အဲ့ဒီဘုရားဆီမှာပဲစိတ်ချစွာအပ်နှံထားတယ်။ တခြားဘယ် အရာမှ သူ့လောက် တာဝန်ယူနိုင်မှာမဟုတ်ဘူး။ သူသာလျှင် အကောင်းဆုံး နှင့်အလှပဆုံးပြီးပြည့်စုံစေနိုင်တဲ့တစ်ဉီးတည်းသောသူပါ။


နိုဝင်ဘာလ ၁၆ ရက်နေ့

အမြဲမပြောင်းမလဲ တည်သောအမှုကိုပြုတဲ့ဘုရား

“ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု​သည် နိ​စ္စ​ထာ​ဝ​ရ ဖြစ်​သည်​ကို ငါ​သိ၏။ ထပ်၍ မ​ပြု​နိုင်​ရာ။ နုတ်၍ မ​ယူ​နိုင်​ရာ။ လူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ပြု​တော်​မူ၏။”ဒေသနာ‬ ‭၃:၁၄

မတည်မြဲတဲ့လောကမှာ တည်မြဲတဲ့အရာရှိသလား?

ဘာမှ မတည်မြဲဘူး အားလုံးဟာ အနိစ္စပဲလို့လူတွေက လွယ်လွယ် လေးပြောတတ်ကြတယ်။ ပြောလဲ ပြောချင်စရာပဲ။ မြင်မြင်သမျှ ပတ်ဝန်းကျင် မှာ အကုန်လုံးက ဖြစ်လိုက်ပျက်လိုက်နဲ့ ဒီခံယူချက်ကို အားပေးနေတာကို။ တကယ်တော့ လူတွေလုပ်တဲ့အရာတွေကပဲ မတည်မြဲတာပါ။ ဘုရားလုပ်တဲ့အလုပ်တွေကတော့ဘယ်တော့မှ မပျက် ဆီးဘူး။ အစဉ်အမြဲတည်တယ်။ လူ့စွမ်းအား၊ လူ့ခွန်အားနှင့်လုပ်ရင်တော့ ဘယ် အရာကမှ ကောင်းတဲ့အရာဖြစ်လာမှာမဟုတ်ဘူး။ အကုန်လုံးက နိအစ္စပဲဖြစ်မယ်။ ဒါပေမယ့် ဘုရားရဲ့ လုပ်ဆောင်မှုကို ဝန်ခံတယ်ဆိုရင်တော့ အမြဲတမ်း အကောင်းဆုံးဖြစ်လာမယ်။ ဘယ်တော့မှလည်းပျောက်ပျက်သွားမှာမဟုတ်ဘူး။

ဘုရားက မနေ့ ယနေ့ နောင်ကာလ အစဉ်အမြဲ မပြောင်းလဲတဲ့ဘုရားပါ။ ဒါကြောင့် အရင်တုန်းက ဘုရားပြုတဲ့အမှုတွေကိုကြည့်ရင် လူဟာဖျက်ဆီးလို့မရ သလို ထပ်ပြီးတော့လည်းထည့်လို့မရဘူး။ ဘုရားလုပ်တဲ့အမှုလောက်စုံလင် တာ ဘာဆိုဘာမှမရှိဘူး။ ဘုရား ကအမြဲတမ်း စုံလင်တဲ့အမှုကိုပဲပြုတယ်။ လူကနေ လိုအပ်လို့ထပ်ထည့်စရာကိုမလိုတာ။ လူထပ်ထည့်လိုက်လို့ ပိုကောင်းသွားတယ်ဆိုတာ မရှိဘူး။ ပျက်ဆီးသွားတာပဲရှိတယ်။ အသက်တာမှာ ဘုရားပြုတဲ့ အမှုကိုမျှော်လင့်တတ်မယ်။ ဘုရားပြုတဲ့ အရာကိုပဲ ယုံမယ်ဆိုရင်တော့ အဲ့ဒီထက်ခိုင်ခံ့တာ၊ ပိုကောင်းတာအခြားမရှိတော့တာသေချာတယ်။ 


နိုဝင်ဘာလ ၁၅ ရက်နေ့ 

ရက်ရောစွာပေးသော ဘုရားသခင် 

“သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။ သို့သော် သံသယ​စိတ်​မ​ရှိ​ဘဲ ယုံကြည်​သော​စိတ်​နှင့် တောင်းလျှောက်​ရ​မည်။ အကြောင်းမူကား သံသယ​စိတ်​ရှိ​သော​သူ​သည် လေတိုက်​၍​ထကြွ​လှုပ်ရှား​တတ်​သော ပင်လယ်​လှိုင်းတံပိုး​နှင့်​တူ​၏။” ယာကုပ် ၁:၅-၆

လိုအပ်တာရှိတာက သင်တစ် ယောက်ထဲမှ မဟုတ်တာ။ ဒါကြောင့်အားငယ်စရာ၊ စိတ်ပျက်စရာ တစ်ခုမှ မလိုဘူး။ အရေးကြီးတာက အဲ့ဒီလိုအပ် ချက်တွေကို ဘယ်လို အသက်တာမှာ ရရှိအောင် နည်းလမ်းမှန်စွာ လုပ်ဆောင် မလဲဆိုတာသိဖို့ပါပဲ။ လိုအပ်ချက်တွေကိုကြည့်ပြီး ရှေ့ဆက်လုပ်ဖို့ အားငယ် နေရင် ဘာမှထူးခြားလာမှာမဟုတ်ဘူး။ ထူးခြားတဲ့ အရာတွေဖြစ်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ပေးနိုင်တဲ့ ဘုရားဆီမှာ တောင်းလျှောက် တတ်ဖို့လိုတယ်။ 

ဘုရားဆီကိုတောင်းတဲ့အခါမှာ ဘယ်တော့မှအပြစ်တင်မှာမဟုတ်သလို မပေးပဲ နေမှာမဟုတ်ဘူး။ ယုံကြည်ခြင်းနှင့် တောင်းလျှောက်တဲ့သူတိုင်းကို အကောင်းဆုံး အဖြေပေးတဲ့ဘုရားသခင်ဖြစ်တယ်။ မပေးမှာစိတ်ပူစရာမလိုဘူး။ ယုံကြည်ခြင်း မရှိမှာပဲ စိုးရိမ်ရမယ်။ ယုံကြည်ခြင်းရှိတဲ့ သူတိုင်းကို အကောင်းဆုံး စေတနာနဲ့ အမြဲတမ်းပေးတဲ့ဘုရားသခင်ပါ။ ဒီနေ့လူတွေ ဘုရားဆီကနေ ကောင်းတဲ့အရာတွေ လက်ခံမရရှိခြင််းက ဘုရားက မပေးချင်တာမဟုတ်ပဲ ရရှိမယ်လို့ ယုံကြည်ခြင်းမရှိလို့သာဖြစ်တယ်။ ယုံကြည်ခြင်းမရှိတဲ့သူအတွက် ရစရာ ဘာတစ်ခုမှကိုမရှိဘူး။ ယုံကြည်ခြင်းရှိတဲ့သူအသက်တာမှာ ဘုရားရဲ့ ရက်ရောစွာပေးကမ်းခြင်းကို နေ့တိုင်းမြင်ရမယ်။ 


နိုဝင်ဘာလ ၁၄ ရက်နေ့

ဝမ်းမြောက်ခြင်းပေးမယ်

“ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။” ဟေရှာယ ၉:၃

မျက်မှောက်ကာလမှာ အရှားအပါးဆုံးကဝမ်းမြောက်ခြင်းပဲ။ အဲ့ဒီ အရှားပါးဆုံး အရာကိုမျက်မှောက်တော်မှာပဲ ရနိုင်တယ်။ လောကကြီးမှာသွားမရှာနဲ့ရှိတဲ့ဝမ်းမြောက်ခြင်းတောင်ကုန်သွားလိမ့်မယ်။ ဆန်စျေး၊ ဆီစျေးနှင့် ကုန် စျေးတွေကလည်းဝမ်းမြောက်ခြင်းကို ခိုးတယ်။ ကြားရတဲ့သတင်းတွေနဲ့ဖြစ်ပျက်နေတာတွေကလည်းဝမ်းမြောက်ခြင်းကို ကုန်ဆုံးစေတယ်။ ဒါပေမယ့် ဘုရားမျက်မှောက် တော်ထဲမှာတော့လိုအပ်နေတဲ့ဝမ်းမြောက်ခြင်းကို အလျှံအပယ်ရနိုင်တယ်။ ဘုရားမျက်တော်မှာ အချိန်ယူလေဝမ်းမြောက်ခြင်းမရှိတော့တဲ့လောကကြီးမှာ ဝမ်းမြောက်စွာနဲ့အသက်ရှင်နိုင်လေပါပဲ။ မျက်မှောက်တော်ထဲမှာ တိုးဝင်ခြင်းက သင့်ကို ဝမ်းမြောက်ခြင်းပဲပေးတာမဟုတ် ဘူး။ တိုးပွါးခြင်းကိုပါပေးတယ်။ ဒါကြောင့် အလွန်ဝမ်းမြောက် စေတယ် လို့ဆိုတယ်။ ဘုရားက နှစ်သိမ့်ပေးတဲ့ ဘုရားပဲမဟုတ်ဘူး။ တိုးပွါးများပြားစေတဲ့ဘုရားပါ။ သူ့ သားသမီးတွေ တိုးပွါးတာ၊ တိုးတက်တာကို အမြဲလုပ်ဆောင် ပေးတယ်။ ဘယ်လောက်ဝမ်းမြောက်မလဲ? ဘယ်လိုဝမ်းမြောက်မလဲ? လို့ မေးရင် သီးနှံရိတ်သိမ်းချိန်မှာ  ကိုယ်ကြဲထားတဲ့မျိုးစေ့တွေက အသီးအနှံအဖြစ် ပြောင်းလဲသွားတာကိုကြည့်ပြီးတော့ ဝမ်းမြောက်သလို ဝမ်းမြောက်မယ်။ နောက် ရန်သူရဲ့ ပိုင်ဆိုင်မှုအကောင်းဆုံးတွေကို လုယူသိမ်းပိုက်ပြီးတော့ အပိုင်ရလိုက် တဲ့အခါမှာ ခံစားရတဲ့ဝမ်းမြောက်သလို ဝမ်းမြောက်မယ်။ သင်ဟာ လုယူခံနေရတဲ့သူမဟုတ်ဘူး။ ကျဆင်း ဆုံးရှုံးနေတဲ့သူမဟုတ်ဘူး။ မျက်မှောက်တော်ထဲမှာသာနေတတ်မယ်ဆိုရင် အမြဲတမ်း ဝမ်းမြောက်နေရမယ့် သူတစ်ယောက်ဖြစ်တယ်။ 

နိုဝင်ဘာလ ၁၃ ရက်နေ့

နိမိတ်လက္ခဏာ

 “ထိုသို့ ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာန မြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေ တော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။” ယောဟန် ၂:၁၁

ဘာကြောင့်နိမိတ်လက္ခဏာကို လိုအပ်တာလဲ?

လူရဲ့အကောင်းဆုံး လုပ်ဆောင်မှုဟာအမြဲအကန့်အသတ်ရှိပါတယ်။ ဘယ် လောက်ပဲ စီစဉ်လုပ်ဆောင်တဲ့ အလုပ်ဖြစ်ပါစေ အားနည်းချက်ဆိုတာ ရှိစမြဲပဲမဟုတ်လား။ ပြီးပြည့်စုံတဲ့အရာကို ဘုရားသခင်တပါးတည်းကသာလုပ်ဆောင်နိုင် တယ်။ ကာနမြို့က မင်္ဂလာဆောင်မှာဖြစ်ပျက်တဲ့အဖြစ်ပျက်ကိုကြည့်ရင် သိနိုင် တယ်။ ဘယ်သူမဆို ကိုယ့်ကိုမင်္ဂလာဆောင်ကိုတော့ လိုအပ်ချက်တွေရှိအောင်လုပ်မှာမဟုတ်ဘူး။ အကောင်းဆုံး ကြိုတင်ပြင်ဆင်လုပ်ဆောင်ကြတာချည်းပဲ။ဘဝတစ်ခုလုံး အတွက်အရေးကြီးဆုံးပဲမဟုတ်လား။ ဒါပေမယ့် လူ့ကြိုးစားမှုဟာ မပြည့်စုံဘူးဆိုတာ ဒီနေရာမှာထင် ထင်ရှားရှားတွေ့ရတယ်။ ဒီစပျစ်ရည်ကုန် သွားတဲ့အရာက သာမန်ကြည့်မယ်ဆိုရင်ဘာမှမဟုတ်တဲ့အရာလိုဖြစ်ပေမယ့် သတို့သားနှင့်သတို့သမီးတစ်ဘဝလုံးအတွက်ကတော့တကယ့်အရှက်ရစရာနဲ့ တစ်ဘဝလုံး အသက်ရှင်သွားရမယ့်အရာပဲ။ လူ့အနေနဲ့ ဘယ်လိုမှ လုပ်ဆောင်လို့မရတော့တဲ့အရာ၊ ဘယ်လိုမှ နည်းလမ်းမရှိတော့တာအရာဟာ ဘုရားအတွက်တော့လွယ်လွယ်လေးပဲဆိုတာ သိစေချင်တယ်။ သင့်ဘဝထဲမှာကိုယ်တိုင် မလုပ်နိုင်တဲ့ မစွမ်းဆောင်နိင်တဲ့အရာကို ဘုရားရဲ့တန်ခိုးတော်အားဖြင့် ဖြေရှင်းပေးခြင်းက နိမိတ်လက္ခဏာ လို့ခေါ်တယ်။ သင့်ကြိုးစားမှုနဲ့ဘယ်လိုမှ ခရီးဆက် လို့မရရင်လည်း စိတ်ဓါတ်မကျပဲ နှင့် သဘာဝလွန်လုပ်ပေးနိုင်တဲ့ဘုရားကို အားကိုးလို့ရတသေးတယ်ဆိုတာ သိပါ။

ဘာကြောင့်နိမိတ်လက္ခဏာဖြစ်လာတာလဲ?

ဒီအဖြစ်ပျက်ကတော့အရမ်းကိုရိုးရှင်းပါတယ်၊ စပျစ်ရည်ကုန်တဲ့အခါမှာ တကယ်ဆိုရင် ပွဲအုပ်ကိုပြောရမှာပါ။ဒါပေမယ့် ပွဲအုပ်ကိုပြောလို့ဘာမှ ထူးလာမှာမဟုတ်ဘူးဆိုတာကို မယ်တော် မာရိက ကောင်းကောင်းသိတယ်။ စိုးရိမ် ပူပန်စရာနှင့် အဖြေမရနိုင်တာပဲ အဖတ် တင်မယ်။ ယေရှုကိုပြောလိုက်မယ်ဆိုရင် တော့မဖြစ်နိုင်တဲ့ ဘုရားရဲ့ထူးဆန်းတဲ့ တန်ခိုးတော်နှင့်အတူ နိမိတ်လက္ခဏာကိုခံစားရမယ်ဆိုတာ သူကောင်းကောင်းသိတယ်။ ဒါကြောင့်သူက ယေရှုဆီမှာတောင်းဆိုတယ် နိမိတ်လက္ခဏာ လုပ် ဆောင်ဖို့အတွက်။ လိုအပ်ချက်တွေ ရှိတဲ့ မင်္ဂလာပွဲတွေအများကြီးပါ ဘာကြောင့်ဒီပွဲမှာမှ ဘုရားတန်ခိုးတော်ထင်ရှားတာလည်းဆိုရင်တောင်းဆိုတဲ့လူရှိလို့ဆိုတာ မြင်စေချင်တယ်။ ဘဝမှာလိုအပ်တိုင်း နိမိတ်လက္ခဏာဖြစ်လာမှာတော့မဟုတ် ဘူး။ ဒီအခက်အခဲမှာ နိမိတ်လက္ခဏာဖြစ်ကိုဖြစ်မယ်လို့ ယုံကြည်ခြင်းနှင့် တောင်းဆိုတဲ့သူရှိတဲ့ အရာရာတိုင်းမှာတော့ ဖြစ်လာမယ်။ နောက်တစ်ခုကတော့ နာခံခြင်းပါ။ မာရိက နိမိတ်လက္ခဏာလုပ်ဖို့တောင်းဆိုတဲ့နေရာမှာပဲရပ်တန့်မသွားဘူး။ ယေရှုဘာပြောပြော လုပ်ဖို့ကိုမှာတယ်။ နိမိတ်လက္ခဏာ ဖြစ်ဖို့အတွက်တကယ့်ကိုအရေးကြီးတဲ့အရာတစ်ခုလို့လည်းပြောရင်မမှားဘူး၊ လူတချို့နိမိတ်လက္ခဏာကိုတောင်းဆိုပေမယ့် ဘုရားပြောတဲ့အရာကိုလုပ်ဖို့တော့အမြဲပျက်ကွက် တယ်။ နာခံခြင်းက နိမိတ်လက္ခဏာအတွက် မရှိမဖြစ် ကုန်ကြမ်းတစ်ခုပါပဲ။

နိုဝင်ဘာလ ၁၁ ရက်နေ့

ကောင်းသောအသက်ရှင်ခြင်း

“အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​အား​ဖြင့် လူ​မိုက်​တို့၏ မိုက်​မဲ​သော​စ​ကား​ကို ချေ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ထို​သို့​သော အ​လို​တော်​ရှိ၏။-” ၁ပေ ၂:၁၅


ကောင်းကင်ရောက်ဖို့အတွက် တော့ ကောင်းတဲ့အသက်ရှင်ခြင်းနဲ့မလုံလောက်ဘူး။ ဒါပေမယ့်နေ့စဉ်လော ကမှာအသက်ရှင်တဲ့အခါမှာတော့ ကောင်းကြီးခံစားဖို့အတွက်တော့ ကောင်းမွန်စွာအသက်ရှင်ခြင်းက အရေးကြီးတယ်။ ကိုယ့်အတွက် သာမဟုတ်ဘူး။ အခြားသူတွေအတွက်၊ ဘုရားနိုင်ငံတော်အတွက်ပါ လွန်စွာမှ အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်။

သခင်ယေရှုကိုယ်တိုင်က သင်တို့ရဲ့ကောင်းတဲ့အကျင့်ကိုမြင်ပြီးတော့မှ ဘုရားရဲ့ဂုဏ်တော်ကို လူတွေချီးမွမ်းမယ်လို့ ပြောခဲ့သေးတယ်မဟုတ်လား? ဒါကြောင့် နေ့စဉ် နှုတ်ကပတ်တော်နဲ့အညီ ကောင်းမွန်စွာရှင်သန်ခြင်းက လူတွေရှေ့မှာ လင်းတဲ့ ဘုရားသခင်ရဲ့အလင်းဖြစ်တယ်။ ဒီအလင်းက မှောင်နေတဲ့ လောက ကြီးတစ်ခုလုံးအတွက် တကယ့်ကို လိုအပ်တဲ့ အရာတစ်ခုပါ။

တမန်တော်ကြီးရှင်ပေတရုကတော့ ဘုရားအလိုတော်ဘာလဲဆိုတာကို သွန်သင်ပေးတယ်။ ကောင်းမွန်တဲ့ အသက်ရှင်ခြင်းက ဘုရားဂုဏ်တော်ကို ထင်ရှားစေရုံမကပဲ မိုက်တဲ့သူတွေရဲ့ ပါးးစပ်ပေါက်တွေကို ပိတ်ပစ်လိုက်နိုင်တယ်လို့ဆိုတယ်။ ဘယ်လောက် တောင် အံ့ဩဖို့ကောင်းလဲ။ လူမိုက်တွေရဲ့စကားတွေကို ပါးစပ်ကနေ အဖြေပေးရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး။ သင့်ရဲ့ ကောင်းမွန်တဲ့အသက်ရှင်ခြင်းကပဲ သူတို့ရဲ့ပါးစပ်ပေါက်တွေကို ပိတ်ပစ်နိုင်တယ်။ ဒါဘုရား အလိုတော်ပါပဲ။

နိုဝင်ဘာလ ၁၀ ရက်နေ့

ယုံကြည်ခြင်းကိုတည်စေသော တန်ခိုးတော်

“သင်​တို့၏​ယုံ​ကြည်​ခြင်း​သည် လူ​ပ​ညာ​အား​ဖြင့် မ​တည်၊ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် တည်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား၊ ငါ့​ဒေ​သ​နာ​သည် လူ​ပ​ညာ​နှင့်​ယှဉ်​သော ဖြား​ယောင်း​သော​စ​ကား​နှင့်​တ​ကွ ရှိ​သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်၏​နိ​မိတ်​လ​က္ခ​ဏာ တန်​ခိုး​တော်​နှင့်​တ​ကွ ရှိ၏။”၁ကော ၂:၄-၅

ဘာကြောင့် ယုံကြည်ခြင်း မကြီးထွားတာလဲ?

ယုံကြည်ခြင်းက ကြားနာခြင်းအားဖြင့်လာတယ်ပြောပေမယ့် များစွာသောသူတွေဟာ နှုတ်ကပတ်တော်ကို အကြိမ်ပေါင်းများစွာ နားထောင်နေရဲ့သားနဲ့ အားရစရာကောင်းလောက်အောင် မကြီးထွားလာကြတာဘာကြောင့်လဲ? တကယ်ဆိုရင် ဒီခေတ်ကာလ လောက် နှုတ်ကပတ်တော် ကြားနာခွင့်ရတာ ဘယ်တုန်းကမှမရှိခဲ့ဘူး။ ဒီလောက် ကြီးမားတဲ့အခွင့်အရေးကိုရရဲ့သားနဲ့ ဘာလို့များ လူတွေက ထင်သလောက် ယုံကြည်ခြင်း မကြီးထွားလာရတာလဲ? လွယ်လွယ်နဲ့ ယုံကြည်ခြင်းတွေလဲပြိုသွားရတာလဲ?တမန်တော်ကြီးရှင်ပေါလုရဲ့ ပေးတဲ့အဖြေကတော့အကောင်းဆုံးလို့ထင်တယ်။ သူကလူတွေရဲ့ယုံကြည်ခြင်း ကို ဖြားယောင်းတဲ့စကားတွေအပေါ်မှာ မတည်ဆောက်စေချင်ဘူး။ အဲ့ဒီအပေါ် မှာ တည်ဆောက်ရင် ဘယ်တော့မှ​မခံဘူးဆိုတာသိတယ်။ လူတွေရဲ့ယုံကြည် ခြင်းက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်ပေါ်လာတဲ့ တန်ခိုးတော်အပေါ်မှာတည်ဆောက်မှပဲ လွယ်လွယ်နဲ့မပြိုလဲသလို၊ ကြီးထွားမှုလည်းမြန်ဆန် မှုရှိတယ်။ တခြားလူ့ရဲ့အတွေးအခေါ် ၊အစီအစဉ်နှင့် ပြင်ဆင်ထားတဲ့ ဒေသနာတွေဟာလူတွေကို စစ်မှန်တဲ့ယုံကြည်ခြင်းထဲမှာမကြီးထွားစေနိုင်ဘူး။ ကြီးထွားရင်လည်းခဏပဲ။ မကြာခင် အကုန်လုံးလဲပြိုသွားမယ်။ ကြီးထွားပြီး ခိုင်ခံ့တဲ့ ယုံကြည်ခြင်းကို အသက်တာမှာမြင်ချင်တယ်ဆိုရင် သန့်ရှင်းသောဝိညာဉ်တော် ရဲ့တန်ခိုးနှင့် သွားလာတဲ့နှုတ်ကပတ် တော်တွေ၊ သက်သေခံချက်တွေကိုအသက်တာမှာနေရာများများပေးဖို့လိုတယ်။ဝိညာဉ်တော် ရဲ့တန်ခိုးနှင့် ဖြစ်ပေါ်လာတဲ့ယုံကြည်ခြင်းလောက် ခိုင်ခံ့ပြီးတော့ ကြီးထွားတဲ့ ယုံကြည်ခြင်းအခြားဘယ် နေရာကမှ မရနိုင်ဘူး။

နိုဝင်ဘာလ ၉ ရက်နေ့

အပယ်ခံဘဝမှ ကျော်ကြား သူဘဝသို့

“သင့်​အား နှိပ်စက်​ခဲ့​သော​သူ​အပေါင်း​တို့​ကို ထို​နေ့ရက်​တွင် ငါ​စီရင်​မည်​။ ခြေမသန်သူ​တို့​ကို ငါ​ကယ်တင်​မည်​။ နှင်ထုတ်​ခံရ​သူ​တို့​ကို ပြန်လည်​စုစည်း​၍ သူ​တို့​အရှက်ရ​ခဲ့​သော​ပြည်​အသီးသီး​တို့​၌ သူ​တို့​ကို အချီးမွမ်း​ခံရ​သူ​များ​၊ ကျော်ကြား​သူ​များ ဖြစ်စေ​မည်​။” ဇေဖနိ ၃:၁၉

ဘဝဟာ မကောင်းတဲ့ အရာတွေထဲမှာ ပဲနစ်မြောပြီးတော့ အဆုံး သတ်သွားမယ်လို့ ထင်နေတုန်းလား? ဘုရား မပါရင်တော့ အစ အလယ် အဆုံးဟာ ဘာအပြောင်းအလဲမှမရှိပဲ ဒီအတိုင်း ပြီးသွားနိုင်ပေမယ့် ဘုရားအတူပါရှိတဲ့ဘဝကတော့ ဘယ်တော့မှ​ဒီအ တိုင်းပြီးသွားမှာမဟုတ်ဘူး။ ဘုရားက သင့်ဘဝရဲ့ အဆိုးတွေကို ဒီအတိုင်းပဲ ဆက်လက်ခွင့်ပြုမယ်လို့ မယုံပါနှင့်။ ဆိုးရွားတဲ့နေ့ရက်တွေကိုကုန်ဆုံးစေပြီးတော့ ကောင်းတဲ့အရာတွေကို အသက် တာထဲမှာခွင့်ပြုမယ်အရင်နှင့်မတူတဲ့ဘဝကို ပိုဆောင်မယ်ဆိုတာ ယုံပါ။ပရောဖက်ဇေဖနိအားဖြင့် ဘုရားရဲ့ပရောဖက်ပြုချက်ကိုကြည့်တဲ့အခါမှာ ဆိုးရွားတဲ့အခြေအနေတွေဟာဒီအတိုင်း ဆက်ရှိပြီးတော့ အဆုံးသတ်သွားမယ်ဆိုတာမဟုတ်ဘူး။ ဘုရားက ဆိုးရွားမှုတွေကိုအဆုံးသတ်ပေးမယ်။ မတရားနှိပ်စက်ခံခဲ့ရတာတွေ၊ အနှိမ်ခံရတာတွေက ဒီအတိုင်းပြီးသွားမှာမဟုတ်ဘူး။ ဘုရား အမှုပြုမယ့်နေ့ရှိသေးတယ်။ ကိုယ့်ဟာ ကိုယ်ရှေ့ဆက်ဖို့ခြေလှမ်းတွေမလှမ်းနိုင် သေးရင်လည်းအားမငယ်နဲ့ ဘုရားက ခြေလှမ်းတွေကို လှမ်းနိုင်ဖို့ လုပ်ဆောင် ပေးလိမ့်မယ်။ ကိုယ့်နေရာကနေ ကိုယ့်ပိုင်ဆိုင်မှုကနေမောင်းထုတ်ခံရတဲ့သူတွေအတွက်လည်း ဘုရားကပြန်လည် နေရာပေးတဲ့နေ့ဆိုတာ ရှိလာအုံးမယ်။ အရှက် ကွဲခဲ့တဲ့နေ့ရက်တွေ မေ့လိုက်တော့။ အဲ့ဒီအရာတွေအစား ဘုရားက အချီးမွမ်းခံရခြင်းနှင့် ကျော်ကြားခြင်းကို ပြန်လည် အစားထိုးခံစားစေမယ်။ တချိန်တုန်းက အရှက်ကွဲတာကြီးလေလေ ဘုရားပြန်ဆပ်ပေးမယ့် ကျော်ကြားခြင်းကလည်းကြီးလေလေပဲ။ သေချာတာကတော့ ဘုရားနှင့်သွားတဲ့သူအတွက် ဘဝပယ်လယ်မှာ ရေစုန်မျောပြီး အဆုံးသတ်မှာမဟုတ် ဘူး ဆိုတာပါပဲ။

နိုဝင်ဘာလ ၈ ရက်နေ့

အစမှအဆုံးတိုင်အောင် 

“သင်​တို့​၌ ကောင်း​သော​အမှု​ကို​အစပြု​ခဲ့​သော​အရှင်​သည် ခရစ်တော်​ယေရှု​၏​နေ့ရက်​တိုင်အောင် ထို​အမှု​ကို ပြီးမြောက်​စေ​တော်မူ​လိမ့်မည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။” ဖိလိပ္ပိ ၁:၆

တချို့သော ကိစ္စတွေက အစပြုဖို့ လွယ်သလောက် အဆုံးထိသွားဖို့မလွယ်ဘူး။ တစ်ဝက်တစ်ပျက်မှာ ရပ်နေတဲ့ အရာတွေကိုကြည့်တဲ့အခါမှာ တခါတလေအသစ်စဖို့တောင် အားမရှိတဲ့အချိန်တွေအများကြီးရှိတယ်။ ဒါကြောင့်လည်း သခင်ယေရှုကတစ်စုံတစ် ခုလုပ်တဲ့အခါမှာ သေချာတွက်ချက်ဖို့အတွက်မှာတယ်။ တိုက်ဆောက်တဲ့အခါမှာ ပြီးစီးအောင်လုပ်နိုင်ဖို့အတွက် အစကတည်းက သေချာတွက်ချက်ဖို့လိုသလို၊ စစ်တိုက်တဲ့အခါမှာလည်းမတိုက် ခင်ကတည်းက သေချာတွက်ချက်ဖို့အရေးကြီးတယ်။ မဟုတ်ရင် ဆုံးရှုံးဖို့သက်သက်ဖြစ်စေမယ်။ 

ဘဝမှာလည်း ဒီလိုပါပဲ တချို့အရာတွေကတွက်ချက်ရင်းနဲ့ပဲ အဆုံးထိလုပ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကြောင့် မစဖြစ်ခဲ့တဲ့အရာတွေ အများကြီးရှိကြတယ်။ တကယ်တော့ ကိုယ့်အရည်အချင်း ကိုယ့်လုပ်နိုင်စွမ်းနဲ့ တွက်ရင်တော့ ဘယ်တော့မှ ဘယ်အရာမှ အဆုံးထိရောက်ဖို့ ဆိုတာ မသေချာဘူး။ အဆုံးထိရောက်ဖို့အတွက် အာမခံချက်ပေးနိုင်တဲ့အရာ ဘယ်တစ်ခုမှမရှိဘူး။ သေချာတဲ့ အဆုံးထိ အာမခံနိုင် တာ တစ်ခုထဲက ဘုရားသခင်ပဲရှိတယ်။ ဘုရားကသင်တို့အစပြုရုံပဲ ကောင်းကြီးပေးမှာမဟုတ်ဘူး။ အစပြုပေးတဲ့ဘုရားက အဆုံးထိတိုင်အောင် လမ်းပြပို့ ဆောင်မယ်၊ ကောင်းကြီးပေးမယ်။ 

နိုဝင်ဘာလ ၇ရက်နေ့

ဘုရားရဲ့ထူးခြားတဲ့မျက်နှာသာခံစားရဖို့အတွက်

“ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့ တိုင်းစောင့်လျက်၊ တံခါးတိုင်နားမှ မျှော် လင့်လျက်နေသောသူသည် မင်္ဂလာရှိ ၏။ ငါ့ကိုရှာ၍တွေ့သောသူသည် အ သက်ကိုတွေ့၏။ ထာဝရဘုရား၏ ကျေး ဇူးတော်ကိုလည်းခံရ၏။” သုတ္တံ ၈:၃၄-၃၅

 “Blessed is the man who listens to me, Watching daily at my gates, Waiting at the posts of my doors. For whoever finds me finds life, And obtains favor from the Lord;”‬Proverbs 8:34-35 NKJV‬

          ပျက်ဆီးခြင်းထဲကနေ ကယ်လွှတ်ဖို့လိုအပ်တဲ့ မျက်နှာသာကိုဘယ်လိုရနိုင်မလဲ? ဒါတကယ်ကောင်းတဲ့မေးခွန်းပဲ။သုတ္တံဆရာကပြောတယ် အရေးကြီးဆုံး က ဘုရားအသံကို ကြားခြင်းပဲ။ နောဧ ဟာသူ့မိသားစုကြီးစွာသောပျက်ဆီးခြင်းထဲကနေလွတ်ဖို့ တိကျတဲ့ဘုရားရဲ့အသံကို ကြားခဲ့တယ်။ ဘုရားအသံမကြားပဲ လောကပျော်ရွှင်မှုအသံတွေအောက် မှာလမ်းပျောက်နေတဲ့ သူတွေ အကုန်ပျက်ဆီးပေမယ့်သူ မပျက်ဆီးခဲ့တဲ့အဲ့ဒီ အသံကို ကြားပြီးအတိအကျ နာခံခဲ့လို့ပါပဲ။ နောက်တစ်ခုကတော့ ကြည့်မြင်ဖို့ပါ။ ဘုရားပြတဲ့ရူပါရုံ ဘုရားဖေါ်ပြတဲ့အရာတွေကို မြင်တတ်ဖို့ အရမ်းကိုအ ရေးကြီးပါတယ်။ နောဧဟာ အပြင်မှာ ရေလွှမ်းခြင်းထဲမှာ လွတ်မြောက်ဖို့အတွက် သူနေရမယ့် သင်္ဘောကိုမမြင်ဖူးပါ။ဒါပေမယ့် ဘုရားရဲ့ရူပါရုံထဲမှာတော့သူ ကောင်းစွာမြင်ဖူးပါလိမ့်မယ်။ ဒါကြောင့် သူဟာ အဲ့ဒီရူပါရုံအတိုင်းမြင်ရတဲ့လော ကမှာတည်ဆောက်ခဲ့တယ်။ လူတွေအတွက်တော့ ရယ်စရာဖြစ်ကောင်းဖြစ်မယ် သူ့အတွက်ကတော့ ဘုရားမျက်မှောက်တော်ထဲမှာနေ့စဉ် စောင့်မျှော်ရင်းနဲ့မြင်ခဲ့ရတဲ့အရာကိုမြေကြီးပေါ်မှာ အကောင် ထည်ဖေါ်ခြင်းပါ။ အချိန်တန်တော့ ဘုရားပြတဲ့ရူပါရုံက မြေကြီးပေါ်မှာအကောင်ထည်ပေါ်လာတော့တာပါပဲ။ နောက်ဆုံးတစ်ချက်တော့ ဘုရားအချိန် ကို စောင့်ခြင်းဖြစ်ပါတယ်။ ဘုရားနဲ့အလုပ်လုပ်ရင်စိတ်ရှည်ဖို့လိုတယ်။ ဘုရားက ကိုယ့်နာရီနဲ့ဘယ်တော့မှ အလုပ်မလုပ် ဘူး သူ့နာရီရှိပြီးသား။ နောဧ ဘုရားပြတဲ့ရူပါရုံကို အကောင်ထည်ဖေါ်တာမပြီးမချင်း ပျက်ဆီးခြင်းကလည်းမြေကြီးပေါ်မရောက်လာပါဘူး။ ဘုရားက ချက် ခြင်း ဘာလို့မလုပ်သလဲဆိုရင် သူ့ရှေ့မျက်နှာသာရတဲ့ နောဧအတွက် မလုံခြုံသေးလို့ပါ။ တချို့အရာတွေမဖြစ်လာသေးတာ ဘုရားက သင့်အကျိုးအတွက် စောင့်နေလို့ပါ။ အကောင်းဆုံးအချိန်ကို ဘုရားသိပါတယ်။ ဒါကြောင့်ဘုရားအချိန် ရောက်ရင် ဘုရားက မျက်နှာသာရတဲ့သူတွေအတွက် အလှအပဆုံးအလုပ်လုပ်လာပါလိမ့်မယ်။ မျက်နှာသာရတဲ့သူတွေပဲ ခက်ခဲတဲ့ကာလမှာ မပျက်ဆီးပဲ လွတ်မြောက်အောင်မြင်ပြီး ချီးမွမ်းစရာ အကြောင်းဖြစ်လာတာပဲမဟုတ်လား။ဒါကြောင့် ဘုရား အချိန်ကိုစောင့်ပါ။ ဘုရားကလည်းသင့်အကျိုးအတွက်စောင့်နေတယ်ဆိုတာ မမေ့ပါနဲ့။ ‬


နိုဝင်ဘာလ ၆ ရက်နေ့

ငါတို့ဘုရားသခင်

“ငါ တို့၏ ဘု ရား ရှင် သည် ကြီး မြတ် တော် မူ၏။ တန် ခိုး တော် လည်း ကြီး၏။ ဉာဏ် တော် သည် အ န န္တ ဖြစ်၏။ ထာ ဝ ရ ဘု ရား သည် စိတ် နှိမ့် ချ သော သူ တို့ ကို ကြွ ပင့်၍၊ မ တ ရား သော သူ တို့ ကို ကား၊ မြေ ပေါ် မှာ လှဲ တော် မူ၏။” ဆာလံ ၁၄၇:၅-၆

 

ဘုရားက ဘယ်လိုဘုရားမျိုးလဲ ?

မေ့တဲ့အထဲမှာ ကိုယ့်မှာရှိတဲ့ဘုရားက ဘယ်လိုဘုရားမျိုးလည်းဆိုတာကိုမေ့တာလောက်တော့ဆိုးတာမရှိဘူး။ မရှိတာထက် မသိတာခက်တယ်လို့ဆိုရိုးရှိသလိုပါပဲ။ ဒီနေ့ ခက်နေကြတာ မရှိလို့မဟုတ်ဘူး မသိလို့။ ဘာမှမရှိဘူး ဘာမှမရှိဘူးလို့ ပါးစပ်ကအတွင်တွင်ပြောနေကြတဲ့ ယုံကြည်သူဘုရားသားသမီးတွေအနားမှာ အရာခပ်သိမ်းကိုတတ်နိုင်တဲ့ ဘုရားကဘယ်လို ခံစားရမလဲဆိုတာ တွေးမိကြရဲ့လား? ဒီနေ့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကပဲ အရမ်းကြီးတာလား? အဲ့ဒီအရာတွေထက် အဆမတန် ကြီးတဲ့ဘုရားရှိတာကိုရော သတိထားမိကြရဲ့လား? ဘုရားသခင်အတွက် ခက်ခဲတယ်ဆိုတာ ဘာမှမရှိဘူး။ မတတ်နိုင် ဘူး မဖြစ်နိုင်ဘူးဆိုတာလည်း ဘာဆို ဘာမှမရှိဘူး။ သူဟာ အကြီးမြတ်ဆုံး သောသူ အရာခပ်သိမ်းကိုတတ်နိုင်တဲ့သူ ဖြစ်ပြီးတော့ သူ့ရဲ့ဉာဏ်ပညာဟာ စစ်လို့မကုန်နိုင်ပဲ ကြီးမားတဲ့တန်ခိုးတော်ကိုပိုင် ဆိုင်ထားတဲ့ အတုမရှိတဲ့တစ်ဉီးတည်းသောသူပါ။ ဒါမျိုး ဘုရားကို အနားမှာထားပြီးတော့ ဘာမှမရှိဘူး ဘာမှ မလုပ် နိုင်ဘူးလို့ ပြောပြီးစိတ်ဓါတ်ကျနေကြတာတော့ ဝမ်းနည်းစရာမဟုတ်လား? တကယ်တော့ ယုံကြည်သူဘုရားသားသမီးတွေကဘာနဲ့တူလဲဆိုတော့ ငွေကြေးများစွာရှိတဲ့ ဘဏ်ကဒ်ကြီးကို ကိုင်ပြီးတော့ ငါ့မှာ ပိုက်ဆံမရှိဘူးလို့ ငြီးငြူနေတဲ့သူနဲ့တူတယ်။ တကယ်တော့ ကိုင်ထားတဲ့ကဒ်ထဲမှာ ငွေတွေဟာ မရေတွတ်နိုင်အောင်ရှိတာပါ။ဒါကိုသူ မသိဘူးဖြစ်နေတယ်။

ဘယ်လိုအလုပ်လုပ်လဲ ?

ဘုရားသခင်နဲ့သွားလာတဲ့အခါမှာ သူ့ရဲ့အလေ့အလာကိုတော့သိဖို့လိုတယ်။သူဟာ အရာခပ်သိမ်းတတ်နိုင်ပေမယ့် သူအားလုံး လိုက်လုပ်မှာတော့မဟုတ် ဘူး။ သူဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုတော့ သိဖို့လိုတယ်။ သူဟာ စိတ်နှိမ့်ချပြီးသူ့စကားကိုနားထောင် တဲ့သူ  အားကိုးပြီးတော့အသက်ရှင်တဲ့သူတွေ အတွက်အမြဲ အလုပ်လုပ်ပါတယ်။ သူ့နည်းလမ်းမဟုတ်ပဲ နေချင်သလိုနေ လုပ်ချင်တာလုပ်တဲ့သူတွေအသက်တာမှာတော့ သူပြုတဲ့ကြီးမားတဲ့အမှုတွေ ကိုမြင်ရလေ့မရှိဘူး။ ဒါကြောင့် ဘုရားပြုတဲ့အမှုတွေကိုမြင်ချင်တယ်ဆိုရင်တော့ ဘုရားစကားအတိုင်းအသက်ရှင်သွားလာတဲ့သူ ဖြစ်ပြီးသူ့ရှေ့မှာ ကိုယ့်ကိုကိုယ်နှိမ့်ချတဲ့သူတစ်ယောက်ဖြစ်ဖို့လိုတယ်။ နှိမ့်ချတဲ့သူတွေကိုပဲ အမြဲ ချီးမြှောက်တဲ့ ဘုရားက သင့်အသက်တာရဲ့လိုအပ်ချက်တွေကို မစထောက်ပံ့ပါလိမ်မယ်။ အဲ့လိုမဟုတ်ပဲ မတရားတဲ့အသက် တာနဲ့အသက်ရှင်တယ်ဆိုရင်တော့ ဘုရားဆီကနေ ဘာမှရဖို့ မျှော်လင့်လို့မရဘူး။ ဘုရားရဲ့တတ်နိုင်ခြင်းတွေကို မြင်တွေ့ရဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်ဘုရားကဘယ်လိုဘုရားမျိုးလဲဆိုတာ သိဖို့လိုသလို ဘုရားက ဘယ်လိုအလုပ်လုပ် သလဲဆိုတာလည်းသိထားဖို့လိုတယ်။


နို၀င်ဘာလ ၄ ရက်နေ့

ကျရူံးဖူးရင်တောင် ဘဝဆုံးမသွားသေးပါ

“သင်၏ ယုံကြည်သောစိတ်မပျက်စေ ခြင်းငှာ ငါသည် သင့်အဖို့ ဆုတောင်း လေပြီ။ သင်သည် သတိရ ပြန်သောအ ခါ သင်၏ ညီအစ်ကိုတို့ကို တည်ကြည် စေလော့ဟု မိန့်တော်မူလျှင်၊-” လုကာ၂၂:၃၁-၃၄

လူတိုင်းဘဝ မှာ တစ်ကြိမ်တစ်ခါတော့ ကျရှုံးခြင်းနဲ့တော့ကြုံဖူးမှာပါ။ ရှုံးနိမ့်ခြင်းနဲ့ကြုံရတဲ့အချိန်မှာခံစားရတဲ့ခါးသီးမှုကတော့ ဘဝမှာ ဘာနဲ့မှ ဖေါ်ပြဖို့မလွယ်ဘူး။ ဒါပေမယ့်သိထားဖို့ကတော့ ဒါဟာ အဆုံးတော့မဟုတ်ပါဘူး။ လူတိုင်းကြုံရတာပါ အထူးသဖြင့်အနာဂတ်မှာအောင်မြင်မှုနဲ့ကြုံရမယ့်သူတွေရင်ဆိုင်ရမယ့် စာမေးပွဲတစ်ခုပါပဲ။ အဲ့ဒီအမှားကြောင့်အရှုံးမပေးပဲ၊ နောက်ပြန်မလှည့်ပဲ သင်ခန်းစာ ယူပြီးအနာဂတ်ကိုအကောင်းဆုံး အသက်ရှင်ဖို့ပါပဲ။ အသင်းတော်ရဲ့ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့သူတမန်တော်ကြီးပေတရုကိုယ်တိုင် အမည်းစက်ကြီးတစ်ခုသူ့ဘဝမှာ စွန်းထင်းခဲ့ဖူးတယ်။ သူကိုယ်တိုင် ရှိသမျှကိုစွန့်ပြီးလိုက်ခဲ့တဲ့ယေရှုကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခဲ့ခြင်းပါပဲ။ဘယ်လောက်များ ဝမ်းနည်းစရာကောင်းတဲ့ဖြစ်ရပ်လဲ။ ဒါတောင်ယေရှုက နာရီပိုင်းအလိုမှာကြိုသတိပေးထားသေးတယ်။ ဒါပေမယ့် သူမအောင်မြင်ခဲ့ဘူး စာတန်ရဲ့စုံစမ်းခြင်းကို။ တစ်ခါမှ မရှုံးဖူးတဲ့သူကိုပဲ ဘုရားကသုံးတာမဟုတ်ဘူး။ လဲကျဖူးပေမယ့် ချော်လဲရောထိုင်ဆက်မလုပ် နေပဲ လဲရင်ပြန်ထပြီးရှေ့ကို ဆက်ချီတက်တဲ့ သူကိုဘုရားချန်မထားဘူးဆိုတာ သိသာစေတယ်။

စိတ်မပျက်နဲ့ နှုတ်ကပတ်တော်ကိုသတိရပါ

သင်စုံစမ်းခြင်းတွေရင်ဆိုင်တဲ့အခါမှာ စိတ်မပျက်နဲ့ ယေရှုကကြုံရမယ်ဆိုတာ ကြိုပြောထားပြီးသားဆိုတာ မမေ့နဲ့။ ဒီနေ့ ပေတရုအသက်တာမှာ ကြုံရတဲ့အရာဟာသတိမပေးပဲ ကြုံတာမဟုတ်ဘူး။ ဘုရားသတိပေးထားပြီးသားကိုကြုံသလိုပဲ ဒီနေ့ကျွန်တော်တို့ကြုံသမျှသည်လည်းနှုတ်ကပတ်တော် မှာ သတိပေးထားပြီးသားတွေချည်းဖြစ်ပျက်ခြင်းပါ။ နှုတ်ကပတ်တော်ပြောပါတယ် စုံစမ်းခြင်းပဲရှိတာမဟုတ်ပဲ ထွက်မြောက်ရာလမ်းပါရှိပြီးသားပါ။ ဒါကိုနှုတ်ကပတ်တော်ကကြိုတင်ဖွင့်ပြထားပြီးသားမဟုတ်လား။စိတ်မပျက်နဲ့ဆုတောင်းပေးနေတယ်

ပေတရု ယုံကြည်ခြင်းသောစိတ်မပျက်ဖို့ အတွက်ယေရှုက ဆုတောင်းပေးနေတယ်။ ဒါကြောင့် စုံစမ်းခြင်းကြုံပြီးပေတရုကျရှုံးခဲ့ပေမယ့် ပေတရုဘဝ အဆိုးဘက်မရောက်ပဲပြန်လှည့်နိုင်ခဲ့ခြင်းသာဖြစ်တယ်။ ဒီနေ့လည်းယေရှုဟာသူ့သားသမီးတွေအတွက် လူ့ဇာတိခံတုန်းကလည်း ဆုတောင်းပေးခဲ့သလို အခုလည်းခမည်းတော်လကျာ်ဘက်မှာ ဆုတောင်းပေးမြဲပါ။ရောမ၈:၃၄ ဒါကြောင့်သင်အောင်မြင်စွာကျော်လွှားသွားနိုင်မယ်ဆိုတာ စိတ်ချပါ။ မကျော်နိုင်ခဲ့ရင်တောင် ဘုရားကသင့်ကိုလက်လွှတ်မှာမဟုတ်ဘူး။ ပြန်ထစေပြီး ဆက်လက်ချီတက်စေအုံးမယ်။ ကျရှုံးခဲ့ဖူးတဲ့ ပေတရုတောင် ထိပ်ဆုံးရောက်တဲ့အထိ ပြန်လည်ကောင်းကြီးပေးခဲ့သေး တာ သင့်ကိုမပေးစရာ အကြောင်းမရှိပါဘူး။

နို၀င်ဘာလ ၃ ရက်နေ့

သင် နှင့်သင့်အချိန်ဟာ ဘယ်သူ့လက်ထဲမှာလဲ ?


“အကျွန်ုပ်၌ဖြစ်လေသမျှသောအမှု အရာတို့ကို ကိုယ်တော်စီရင်ပိုင် တော်မူ၏။ ရန်သူတို့နှင့် ညှဉ်း ဆဲ တတ်သော သူတို့လက်မှ အကျွန်ုပ်ကိုကယ်နုတ် တော်မူပါ။” ဆာလံ ၃၁:၁၅

“My times are in Your hand; Deliver me from the hand of my enemies, And from those who persecute me.”‬ Psalms 31:15 NKJV‬

ဘယ်တော့များမှ

ခက်ခဲတာတွေ အများကြီးကြုံရလွန်းလို့ ကောင်းတဲ့အချိန်တွေငါ့အတွက် များရှိသေးလားလို့မေးမိနေတဲ့ သူတချို့ ရှိတယ်။ ဘေးဒုက္ခ အတွက်များ မွေးမိလေရော့သလားလို့လည်းတွေးမိကောင်းတွေးမိမယ်။ အစစအရာအရာ အဆင် ပြေနေတဲ့ မိသားစုတွေ မိတ်ဆွေတွေကို ကြည့်မိရင် ပိုခံစားရတယ်။ ကိုယ်ရဲ့အိမ်မက်တွေ ပြည့်စုံဖို့အချိန်၊ အကောင်းဆုံးသောအရာတွေ ရောက်လာတဲ့အချိန်က ဘယ်တော့များလဲ‬?သေချာပေါက်ရောက်လာအုံးမှာပါ။

သင့်အချိန်က ဘယ်သူလက်ထဲမှာလဲ?

ဘုရားသားသမီးတွေကို မကောင်းတဲ့ အရာတွေက ဖြိုချဖျက်ဆီးပစ်ဖို့အမြဲတမ်းကြံစည်နေတယ်ဆိုတာ သိတယ်မဟုတ်လား။ နေ့စဉ်ခိုးဖို့သတ်ဖို့စောင့်နေတဲ့ မှောင်မိုက်တန်ခိုးတွေကလည်းနည်းတာမှမဟုတ်တာ။ အရေးကြီးတာက ကိုယ့် ရဲ့ အသက်ရှင်မှုအချိန်ကာလတိုင်းဟာ လုံခြုံတဲ့ ဘုရားလက်တော်ထဲမှာ ဖြစ်ဖို့တော့လိုတယ်။ အင်္ဂလိပ်ကျမ်းစာမှာ ရေးတာ အရမ်းကို သဘောကျတယ်။ ကျွန်တော်အချိန်ဟာ ကိုယ်တော်လက် ထဲမှာပဲတဲ့။ ဒါကြောင့် ရန်သူတွေ ညှင်းဆဲသူတွေက ဘယ်လိုမှ အနိုင်မရပဲ ဘုရားလက်တော်ရဲ့ အကွယ်အကာနဲ့ ရှင်သန်ခွင့်ရနေတယ်။ တချို့တွေကျတော့ ကိုယ်အချိန်က ငွေအတွက်ပဲ သီးသန့်အပ်နှံ ထားတဲ့သူတွေရှိသလို။ အချို့ကျတော့လည်းအပျော်အပါးပဲ။ လောကနဲ့ လောကအရာတွေ ထဲမှာပဲနစ် မွမ်းနေတဲ့ ဘုရားကိုစိတ်မဝင်စားတဲ့သူတွေကတော့ ဘုရားလက်ထဲမှာ မရှိဘူး တမန်တော်ကြီးရှင်ပေါလုက ဘယ်သူတွေဘယ်လက်ထဲမှာရှိတယ်ဆိုတာကိုသေချာခွဲခြမ်းပြတယ်။

“ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာ ယ၏ အသရေကို အချင်းချင်းရှုတ်ချ မည်အကြောင်း၊ ဘုရား သခင်သည် သူ တို့ကို သူတို့၏ ကိလေသာ စိတ်ညစ် ညူးခြင်း လက်သို့ အပ်လိုက်တော် မူ၏။-” ရောမ၁:၂၄

ဘုရားကိုချီးမွမ်းသင့်တာသိပေမယ့်မချိီးမွမ်းပဲ ဘုရားနေရာမှာအခြားဘုရားမဟုတ် တဲ့အရာတွေကို အစားထိုးပြီး ကိုးကွယ်နေတဲ့သူတွေ၊ စိတ်နှလုံးမိုက်မဲ ပြီးအမှောင်ဖုံးနေတဲ့သူတွေကတော့ ကိလေသာလက်ထဲမှာ ရှိတယ်လို့ အတိအကျ ဆိုတယ်။ ဒီလိုလူတွေရဲ့ ဘုရားကောင်းကြီးပေးချိီးမြှောက်မယ့်အချိန်ဟာ ရောက်လာဖို့ဆိုတာမလွယ်ဘူး။ နောင်တနဲ့ ဘုရားဆီကို တိုးဝင်ချဉ်းကပ်ဖို့လိုတယ်။မဟုတ်ရင်တော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ နောက်တစ်ခါမတရားသောမေထုန်ကို ရွံရှာဖွယ်သောနည်းလမ်းတွေနဲ့ ပြုမူကြတဲ့သူတွေကိုတော့ဘုရားက ရှက်ကြောက်ဖွယ်ကိလေသာ လက်ကိုအပ်တယ်လို့တမန်တော်ကြီးကထပ်ဆိုထားပြန်တယ်။ ဘုရားလမ်းမဟုတ်ပဲ ကိုယ့်စိတ်ကြိုက်အသက်ရှင်နေတဲ့လူတွေတချို့ဆို ဘုရားကိုအချိန်ပေးဖို့တောင် စဉ်းစားတောင်မစဉ်းစားပေမယ့် သူတို့စိတ်ထင်ကတော့ သူတို့ဟာ ဘုရားလက်ထဲမှာရှိတယ် ဘုရားကအချိန်တန် ရင်အကောင်းဆုံးအရာတွေကိုဖြည့်ဆည်း ပေးမယ်လို့ထင်တယ်။ ဒီနေ့ ကိုယ့် အသက်ရှင်ခြင်းနှင့် အချိန်တွေကိုဘယ်အတွက်သုံးနေလဲဆိုတာ ပြန်စမ်းစစ်ရမယ့်အချိန်ပါပဲ။ ကိုယ်နေချင်သလို နေတဲ့သူတွေအတွက် ကိုယ်မနေချင် မကြုံချင်တဲ့ နေ့ရက်အချိန်တွေရောက် လာမှာဖြစ်ပြီးတော့ ကိုယ်တော်နေစေချင်သလို ရှင်သန်တဲ့သူတွေအတွက်တော့ အကောင်းဆုံး သင့်ရဲ့ အချိန်နာရီဟာ ရောက်လာအုံးမှာပါ။

နို၀င်ဘာလ ၂ ရက်နေ့

ဆင်းရဲခြင်းသို့ ဘာကြောင့်ရောက်တာလဲ?

“အို​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​အား​ဖြင့်​သာ အ​ကျွန်ုပ်၏​တောင်​သည် ခိုင်​ခံ့​မြဲ​မြံ​ပါ၏။ မျက်​နှာ​လွှဲ​တော်​မူ​သော​အ​ခါ ဆင်း​ရဲ​ခြင်း​သို့​ရောက်​ပါ၏။” ဆာလံ ၃၀:၇

စစ်မှန်တဲ့ဆင်းရဲခြင်း

ငွေမရှိ၊ရွှေမရှိတာကို ဆင်းရဲတယ်လို့ သတ်မှတ်လို့မရပါဘူး။ တချို့က လောကအရာတွေအပြည့်ရှိနေပေမယ့်လည်း စိတ်ဆင်းရဲ နေရတဲ့လူတွေအများကြီးပဲမဟုတ်လား? လူဟာ ခန္ဓာ စိတ်ဝိညာဉ် သုံးပိုင်း နှင့် ဖန်ဆင်းခြင်းခံရတဲ့အတွက်။ ကိုယ်ခန္ဓာမှာ ရွှေတွေသီး နေရင်တောင် စိတ်နှင့်ဝိညာဉ်မှာ ဆင်းရဲနေရင်လည်း ဘာများထူးအုံးမှာမို့လို့လဲ? ဘုရားက သုံးပိုင်းလုံး ကောင်းကြီးခံစားစေချင်တယ်။ ကြွယ်ဝစေချင်တယ်။ စစ်မှန်တဲ့ဆင်းရဲခြင်းက ဘဝအသက် တာရဲ့လိုအပ်သမျှက်ို ကူညီပေးနိုင်တဲ့ ၊မစပေးတဲ့ ဘုရားရဲ့မျက်နှာလွှဲခြင်း ခံစားရခြင်းပါ။ တခြားတွေမရှိသေးရင်‌တောင် ဘုရားရဲ့ မျက်နှာသာ၊ ဘုရားအတူရှိခြင်း ရှိနေရင် အရာရာကိုကျော် လွှားနိုင်သေးတယ်။ အဲ့ဒီမရှိတော့ဘူးဆိုရင်တော့ ဘဝက ဘာမှ မျှော်လင့်စရာမရှိတော့ဘူး။ ရွှေငွေတွေက မပေးနိုင်တဲ့အရာကို ဘုရားနဲ့ အတူရှိခြင်းကပေးစွမ်း နိုင်တယ်။ ရွှေငွေမရှိလို့ အသက်တာက မဆုတ်ယုတ်သွားပါဘူး။ ဘုရားမရှိမှသာ စုတ်ပြတ်သပ်သွားမှာ။ တမန်တော် ရှင်ပေတရုကြီး ဘုရားကျောင်းသွားတာရွှေငွေမပါခဲ့ဘူး။ ဒါပေမယ့်အားငယ်ပြီးလာခဲ့တာတော့မဟုတ်ဘူး။ ဘုရားကျောင်းအဝမှာတွေ့တဲ့ လက်ခြေသေတဲ့သူကို ပြောတယ် မင်းတောင်းနေတဲ့ရွှေတွေ ငွေတွေငါ့မှာမရှိဘူး။ ဒါပေမယ့် အဲ့ဒါထက် ပိုကောင်းတဲ့အရာ ပေးနိုင်တယ်ဆိုတာ သူက ယုံကြည်တယ်။ ဒါကြောင့် ထပြီးတော့ လှမ်းသွားဖို့အမိန့်ပေးတဲ့အခါမှာတော့ ရွှေတွေ ငွေတွေကမလုပ်ပေးနိုင် တဲ့ ကျန်းမာခြင်း၊ ဘဝအသက်တာပြောင်းလဲခြင်းကို သူ့အသက်တာမှာ ခံစားခဲ့ရတယ်မဟုတ်လား? အရေးကြီးဆုံးက ဘုရားအတူရှိခြင်းပဲ။ ဘုရားမျက်နှာလွှဲတာဟာ ကျန်တဲ့အရာ တွေနဲ့လွဲတာထက် ပိုဆိုးတယ်။ ဘုရားမျက်နှာလွှဲခြင်းခံရတဲ့ ဘဝမှာရှင်သန် တာလောက်ဆိုးတဲ့ဆင်းရဲခြင်း ကမ္ဘာမှာမရှိတော့ဘူး။ ဒါကိုဆာလံဆရာက ကောင်းကောင်းသဘောပေါက်တယ်။လောကမှာကျန်တဲ့အရာတွေ မရှိသေးရင်တောင် ဘုရား မျက်မှောက်တော်ထဲမှာ ဘုရားနဲ့အဆင်ပြေ ပြီးအသက်ရှင်ခြင်းကို တန်ဖိုးထားတယ်။ ဘာကြောင့် လဲဆိုတာ အားလုံးရဲ့အရင်းအမြစ်က ဘုရားဖြစ်နေလို့ပါပဲ။ ဒါကြောင့် ဆင်းရဲခြင်းကို မခံစားချင်ရင် ဘုရားနဲ့ မှန်ကန် စွာလျှောက်လှမ်းခြင်းကိုတန်ဖိုးထားတတ်ဖို့တော့လိုတယ်။

နို၀င်ဘာလ ၁ ရက်နေ့

ကိုယ်အစွမ်းနဲ့ဘာများတတ်နိုင်လို့လဲ ?

“သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊-” ၂ကော ၃:၅

ဘာများတတ်နိုင်သေးလဲ?

အရင်ကတော့ထင်ခဲ့ကြတယ် ခြေလက် တွေရှိတာပဲ ငွေရှာဖို့မခက်ပါဘူး၊ လုပ် တတ်ကိုင်တတ် တွေးခေါ်တတ်တာပဲ အလုပ်လုပ်တတ်ရင်မခက်ပါဘူးလို့ထင် ခဲ့တာ ဒါပေမယ့် ခြေလက်တွေရှိပေမယ့် လုပ်ငန်းခွင်ကျွမ်းကျင်ပေမယ့် ဘွဲ့ဒီဂရီတွေ ရှိပေမယ့် လုပ်မယ့်အလုပ်တွေမရှိတဲ့အခါမှာ ဘာတွေပဲရှိရှိ အသုံးမဝင် တော့ဘူးဆိုတာ ပိုသိလာကြတယ်။ ငွေရှိတာပဲနေမကောင်းရင် ဆေးဝယ်သောက် မယ် ဆရာဝန်ပြမယ်။ အကောင်းဆုံးဆိုတဲ့ ဆေးရုံတွေ ဆေးခန်းတွေတက်မယ် လို့အရင်တုန်းက တွေးထင်ခဲ့ပေမယ့် အခြေအနေ ဆိုးတွေကြောင့် ငွေရှိပေမယ့် ဆရာဝန်က ခေါ်လို့မရ၊ ဆေးက မရှိ ဆေးရုံတွေက လက်မခံတဲ့အချိန်ရောက် မှ ငွေရှိတိုင်း ဘာမဆိုလုပ်လို့ရတယ်ဆိုတာ မဟုတ်ပါလားဆိုတာ လူတချို့က အသိတရားရလာကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ကို ဘုရားသိစေချင်တဲ့အသိတရားက ဒါပါပဲ။ ဘာမဆို ငါလုပ်ရင်ဖြစ်တယ် ငါလုပ်နိုင်ပါတယ် ဆိုတဲ့ ဘုရားမပါပဲ အသက်ရှင် ခဲ့တဲ့နေ့ရက်တွေ ဘယ်လောက်များ ရှိခဲ့ကြလဲ? တကယ်ဆို အားလုံးက ဘုရား ကျေးဇူးတော်ကြောင့် ဘုရားကိုအမှီပြုလို့ သာ လုပ်နိုင်ခဲ့တာဖြစ်သလို လုပ်ခွင့်ရခဲ့ကြတာပါ။ ဒါကို ကိုယ်ပဲအရမ်းတော်သလိုလို အရမ်းပြည့်စုံလို့ပဲ ခံစားရသလို တွေးခဲ့ကြတာ ဘယ်လောက်တောင် ကြာခဲ့ကြပြီလဲ?

အားလုံးက ဘုရားကြောင့်ပါပဲ

တမန်တော်ကြီးရှင်ပေါလုကတော့ တစ်စုံတစ်ခုလေးတောင် ကိုယ့်ရဲ့အစွမ်း ကိုယ်ပိုင်တန်ခိုးနဲ့လုပ်နိုင်ခဲ့တာ မရှိဘူး လို့အတိအလင်းဆိုတယ်။ သူလိုကြီးမားတဲ့ အမှုတွေကိုပြုတဲ့သူက ဒီစကားကိုဆိုတာ အံ့ဩစရာသိပ်ကောင်းတယ်။ သူဆို ကိုယ့်ဟာကိုယ်အထင်ကြီးစရာအများကြီးရှိပါတယ်။ သူ့ကို လူတွေက ဘုရားလို့တောင်ထင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။ အခြားသူတွေမရခဲ့ဖူးတဲ့ရူပါရုံတွေ၊ ဘယ်သူမှမလုပ်နိုင်တဲ့ ထူးဆန်းတဲ့အမှုတွေကိုပြုနိုင်ခဲ့သူပါ။ ဒါပေမယ့်သူက ဘာဝန်ခံထားလဲ သူ့ဟာသူ ဘာတစ်ခုမှ မလုပ်နိင် မအောင်မြင်နိုင်ခဲ့ဘူး။ ဘုရားကြောင့်သာ အရာအားလုံး အောင်မြင်ခဲ့တာလုပ်နိုင်ခဲ့တာ။ ဒီအရာက ကျွန်တော် တို့ကိုလည်းစကားပြောနေပါတယ်။ အရင်က လုပ်နိုင်ခဲ့တာရှိသမျှ တော်လို့ တတ်လို ကြိုးစားမှုကောင်းလို့ဆိုတာတွေကိုမေ့လိုက်ပြီးတော့ ဘုရားတတ်နိုင် ခြင်းကိုပြန်လည်သတိရကျေးဇူးတင်တတ်ဖို့လိုပါတယ်။ အခုရင်ဆိုင်နေရတဲ့အရာ တွေထဲမှာ ကိုယ်မလုပ်နိုင်လို့စိတ် ဓါတ်ကျနေမယ့်အစား ဘုရား လုပ်ပေးမယ့်အရာကိုယုံကြည်စိတ်ချမှုနဲ့အသက်ရှင်သန်ဖို့ပါပဲ။ နောင်အနာဂတ်ကာလကလဲ ဘုရားလက်ထဲမှာ စိတ်ချစွာ ရှင်သန် ရင်းနဲ့ အောင်မြင်စွာကြင်လည်နိုင်မယ် ဆိုတာ သေချာပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့

စေလွှတ်ခံရခြင်းရဲ့သက်သေ

“ဇေ​ရု​ဗ​ဗေ​လ​သည် ဤ​အိမ်​တော်​အ​မြစ်​ကို ချ​ထား​ပြီ။ သူ​သည်​လည်း လက်​စ​သတ်​ရ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည်​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။”          ဇာခရိ‬ ၄:၉

အဆုံးထိလုပ်ဆောင်ခွင့်

ဘုရားကအစပြုလုပ်ဆောင် ခွင့်ဘဲပေးတဲ့ ဘုရားမဟုတ်ဘူးအဆုံးထိ လမ်းပြပို့ဆောင်တဲ့ဘုရားလည်းဖြစ်တယ်။ ကျေးဇူးတော်ကြောင့် ကြီးမားတဲ့အရာတွေကိုအစပြုခွင့်ရတာပါ။ ဒါပေမယ့်လူတိုင်းက အစပြုတဲ့အရာကိုအဆုံးထိလုပ်ခွင့်ရတာတော့မဟုတ်ဘူး။ ကျမ်းစာထဲမှာ ကောင်းမွန်စွာနှင့် အဆုံးထိ လုပ်ဆောင်ခွင့်ရတဲ့သူတွေက သုံးပုံ တစ်ပုံပဲ ရှိပြီးတော့ နှစ်ပုံကတော့ကောင်းမွန်စွာအဆုံးမသတ်နိုင်ခဲ့ဘူး။ ဘုရားအတူပါရှိပါပြီးတော့ ဘုရား စေ  လွှတ်ခြင်းခံရတဲ့ဆိုတဲ့သက်သေက အစဘယ်လိုပြုခဲ့သလဲဆိုတာ တစ်ခုထဲကိုကြည့်လို့မရဘူး။ ဘယ်လို အဆုံးထိ သွားသလဲကိုပါကြည့်ဖို့လိုတယ်။အစမှာ သေးငယ်ရင်တောင် ဘုရားက အဆုံးမှာ အရာရာထက်ကြီးပွါးစေနိုင်တယ်။

ယောသပ်ဟာ အစပိုင်းမှာ ကျွန်အနေနဲ့ ရောက်သွားပေးမယ့် ဘုရားအတူပါရှိပြီး စေလွှတ်ခံရခြင်းသက်သေ အနေရောင်းစားခံရတဲ့တိုင်းပြည်မှာ မျက်နှာသာပေးခြင်းခံရပြီးတော့ကြီးပွါးခဲ့တယ်။ ဘုရားစေလွှတ်ခြင်းသက်သေ တွေကိုလည်းတစ်ခုပြီးတစ်ခုမြင်တွေ့ရတယ်။ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းသလဲ? သင့်အသက်တာမှာလည်း ဘုရား အတူပါရှိပြီး သင့်ကိုစေခိုင်းတယ်ဆိုတဲ့သက်သေ အနေနဲ့ အစပြုခဲ့တဲ့အချိန် ထက်ပိုကောင်းတဲ့ အဆုံးသတ်ခြင်းကို မြင်တွေ့ရမယ်။တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားမှာမဟုတ်သလို၊ လမ်းတစ်ဝက်မှာပြိုကျ ပျက်ဆီးသွားမှာမဟုတ်ဘူး။

အောက်တိုဘာလ ၃၀ ရက်နေ့

ဘုရားသခင် အဆုံးထိတာဝန်ယူမယ်

“ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်၏​လက်​နှင့်​ပြု​စု​သော အ​မှု​တို့​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။” ဆာလံ ၁၃၈:၈

မှားယွင်းတဲ့အတွေးအခေါ်

ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ အတွေးအခေါ်ဟာ နေရာတိုင်း အတွက် တော့မမှန်ပါဘူး။ ဒီလို ကွန်မြူနစ်ဆန် ဆန် အတွေးခေါ် တွေနဲ့ကြီးပြင်းလာခဲ့တဲ့ လူတော်တော်များများက ဝိညာဉ်ရေးရာမှာလည်း ဒီအတိုင်းပဲလို့တွက်ယူနေကြတယ်။ ဘုရားသခင်မှာ ဒီလိုအတွေးအခေါ်မျိုးလုံးဝမရှိဘူး။ ကောင်းကင် ဝင်ခွင့်လိုမျိုး အကြီးမားဆုံး အရာတွေကိုတောင် လူ့ဘက်ကနေ လုပ်ဆောင်မှုဘာတစ်ခုမှ မပါပဲ အခမဲ့ တစ်ဖတ်သက် မေတ္တာနဲ့ ပေးခဲ့တာပဲမဟုတ်လား။ လူလုပ်ပြီး မဖြစ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ဒီလိုကာလမျိုးမှာဆိုပိုဆိုးတယ်။ စိတ်ဓါတ်ကျတဲ့လူအများစုကိုကြည့်လိုက်ရင် ဒီလိုအတွေးအခေါ်ဆန်ဆန်ပိုင်ရှင် တွေများတယ်။ လူ့ဘက်ကနေ မလုပ် နိုင်ရင်တောင် ဘုရားက တာဝန်ယူမယ် ဘုရားကအဆုံးထိ မစမယ်လို့ သဘောမပေါက်ရင်တော့ လူ့ဘဝဟာရှင်ဖို့ ထက် သေချင်စိတ်ပိုများသွားလိမ့်မယ်။ တခါတလေ အနာဂတ်ကိုတွေးကြည့်ရင်ဘယ် လိုဆက်သွားရမှန်းတကယ်မသိခဲ့ဘူး။ ဒါက သင်နဲ့ကျွန်တော်မှမဟုတ်ဘူး။ အာဗြဟံကိုယ်တိုင်လည်း သူဘယ်ကိုသွားရမလဲဆိုတာကို သူတကယ်အတိအကျမသိခဲ့ဘူး။ ဒါပေမယ့် ဘုရားကအဆုံးထိပို့ဆောင်မယ်တာဝန်ယူမယ်ဆိုတာကိုသူတကယ်စိတ်ချနေခဲ့တယ်။ဒါတကယ်အရေးကြီးပါတယ်။ မှားယွင်းတဲ့ အတွေးအခေါ်ဟာ မှားယွင်းတဲ့ယုံကြည်ခြင်းကိုဖြစ်စေပြီးတော့ ရလဒ်တွေကိုပါ ပြောင်းပစ်လိုက်တယ်။ ဒါကြောင့် အဆုံးထိတာဝန်ယူမယ့် ဘုရားကိုစိတ်ချပါ။

အမှုပြီးစီးတဲ့အထိ

ယေရှုက သူ့ကိုယ်သူမိတ်ဆက် တဲ့အခါမှာ သူဟာ အစနဲ့အဆုံးဖြစ်တယ် လို့ဆိုတယ်။ ဒါတကယ်အရေးကြီးတဲ့ နာမတစ်ခုဖြစ်တယ်။ အစပြုတဲ့သူတစ် ယောက်ပဲမဟုတ်ဘူ အဆုံးတိုင်အောင် ပို့ဆောင်ပေးတဲ့သူပါ။ သင့်အတွက် ဘုရားပေးတဲ့အိမ်မက်တွေ မျှော်လင့်ချက် တွေ ရှုပါရုံတွေအားလုံးက သင့်ခွန် အားအစွမ်းအစနဲ့ဘယ်လိုမှ ဘယ်တော့မှ မရောက်နိုင်ဘူးဆိုတာသိပါ။ အဲ့လိုရောက်နိုင်လုပ်နိုင်တယ်ဆိုရင်လည်း အဲ့ဒါ ဘုရားဆီကလာတာမဟုတ်ဘူး။ဘုရားပေးတဲ့ရူပါရုံတွေက ဘုရားမပါပဲ ဘုရား အဆုံးထိမကူညီပဲ ဘယ်တော့မှ ဘယ်လိုမှ မရောက်နိုင်ဘူး။ ဒါကြောင့် ဘယ်လို အခက်အခဲတွေရှိနေပါစေ။ဘယ်လိုအခြေအနေတွေထဲကျရောက် နေပါစေ ဘုရားကအဆုံးထိ သင့်အမူကိုပြီးစီးစေမယ်ဆိုတာ ယုံပါ။သူပဲစခဲ့ပေးသလို သူပဲအဆုံးသတ်ပေးပါလိမ့်မယ်။

အောက်တိုဘာလ ၂၈ ရက်နေ့

ရသမျှ အခွင့်အရေးကိုလက်လွှတ်မခံနဲ့

“ယခုနေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနုတ် ကြလော့။-” ဧဖက် ၅:၁၆

“Make the most of every opportunity in these evil days.” Ephesians 5:16

အခွင့်အရေးဆိုတာ အကြိမ်ကြိမ်မရဘူး

ကျွန်တော် ရှင်သန်ခဲ့တဲ့အချိန်ကာလတွေထဲမှာ ဒီအချိန်ကာလလောက် ဆိုးတဲ့ ကာလကိုမကြုံဖူးသေးဘူး။ ခက်ခဲမှုတွေ တော့ အများကြီးကြုံဖူးပေမယ့် ဒီလောက် ချောင်ပိတ်ခံရလောက်တဲ့အထိတော့ မဆိုးဘူးလို့သတ်မှတ်လို့ရတယ်။ ဒီအချိန်မှာ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိတဲ့လူတွေ အများကြီးပဲ။ ဘယ်လိုရှေ့ဆက်ရှင်သန်ရမလဲဆိုတာမေးခွန်းကတော့ လူတိုင်းနီးပါးမေးနေတဲ့မေးခွန်းလို့ထင်တယ်။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ အတိအ ကျမပြောနိုင်ဘူး။ စီးပွားရေး၊ လူမှုရေးနဲ့ အမှုတော်မြတ်ကိုဘယ်လိုရှေ့ဆက် ရ မလဲဆိုတာ တွေးလို့တောင် မရနိုင်တဲ့ ကာလကြီးလို့ ပြောလို့ရတယ်။ ဒီလိုကာလအချိန်မှာ ဘယ်လိုရှင်သန်ရမလဲ ဆိုတာကို နှုတ်ကပတ်တော်က သွန်သင် ထားပါတယ်။ မြန်မာကျမ်းစာမှာတော့ ဆိုးယုတ်တဲ့ကာလဖြစ်လို့ ကာလအချိန် ကိုရွေးနုတ်ပါလို့ ဆိုပေမယ့် အင်္ဂလိပ်ကျမ်းစာ ဘာသာပြန်ဆိုမှုတစ်ခုမှာတော့ ဒီလိုဆိုးယုတ်တဲ့ကာလမှာရတဲ့အခွင့်အရေးကို လက်လွှတ်မခံပဲ လုပ်ဖို့ ဆိုတယ်။ဒီဘာသာပြန်ဆိုမှုကို သဘောကျတယ်။ ဟုတ်တယ် ဒီကာလဟာ အဆိုးဆုံးဖြစ်ပေမယ့် ဒီအဆိုးတွေထဲမှာ ကျွန် တော်တို့လုပ်ခွင့်ရနေတဲ့ အရာတွေအများကြီးရှိတယ်။အရင်အခြေအနေကောင်းတုန်းကတောင် ဒါမျိုးတွေလုပ်ခွင့်မရဘူး။ အရင်လို ဘဝကိုပြန်မျှော်နေတဲ့သူအတွက်တော့ စိတ်ဓါတ်ကျစရာဖြစ်ပေမယ့်ရတဲ့အချိန်မှာ ဘုရားပေးတဲ့အခွင့်အရေးကို လက်လွှတ်မခံပဲ လုပ်ဆောင်မယ်ဆိုတဲ့ လူတွေအတွက် တော့ ဒါဟာတကယ့်မဟာရိတ်သိမ်းပွဲကြီးပဲ။ ဘာပဲ လာလာ လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့သူတွေအတွက်တော့ စိတ်ဓါတ် ကျစရာတကွက်မှပင်မရှိ။ ဒီလိုအခွင့်အရေးမျိုးနောက်တကြိမ်ပြန်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခက်အခဲတွေထဲမှာ အခွင့်အရေးတွေပုန်းနေတယ်ဆိုတာ ကြည့်တတ်သူတွေပဲမြင်တယ်။ဒါကြောင့် စိတ်ဓါတ်ကျနေလို့ ပိုမကောင်းလာဘူး။ ရတဲ့အခွင့်အရေးကို အကောင်းဆုံး လက်လွှတ်မခံပဲ လုပ်ဆောင်မယ့်သူတွေအတွက် ဘုရား အသုံးပြုမှုကလည်း အများကြီးကွာသွားလိမ့်မယ်လို့ မြင်တယ်။

အောက်တိုဘာလ ၂၇ ရက်နေ့

ဘုရားသခင်ပြည့်စုံခြင်းရှိမျှနှင့်အညီ

“ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။-” ဧဖက်‬ ‭၃;၁၉

လူတွေအမြဲပြောလေ့ရှိတဲ့စကားကတော့ လူပဲအားနည်းချက်တော့ရှိမှာပေါ့၊ ဘယ်ပြည့်စုံမလဲ? ဒီစကားက တကယ်တော့ မှန်သင့်သလောက် မမှန် ဘူး။ လူဟာ အားနည်းချက်တွေရှိတယ် ဆိုတာတော့ဟုတ်တယ်။ ဒါပေမယ့် ဘုရားက ဖန်ဆင်းထားတဲ့အချိန်တုန်းက အဲ့လိုအားနည်းအောင်ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ နောက်ပြီးတော့ သခင်ယေရှုခရစ်ရဲ့ ရွေးနှုတ်ကယ်တင်ခြင်း ကလည်း အဲ့လို အားနည်းချက်တွေဆက်ရှိဖို့အတွက်ကယ်တင်ခဲ့တာမဟုတ်ဘူး။ တချို့က အဲ့ဒီစကားကို သမ္မာတရားလို့ထင်ပြီးတော့အခွင့် ကောင်းယူကာ အသက်တာကို မတိုးတက် ဖို့ခွင့်ပြုလိုက်တယ်။  တမန်တော်ကြီးရှင်ပေါလုက ဧဖက်အသင်းတော်အတွက်ဆုတောင်းပေးတဲ့အခါမှာ အရမ်းကိုရိုးရှင်းပြီးတော့ တန်ခိုးပါတဲ့ ဒီအချက်ကို ထည့်သွင်းထားတယ်။ ကိုယ့်ဟာကိုယ် တတ်စွမ်းနိုင် တယ်ဆိုတာကိုသဘောမပေါက်ရင် တော့ ဘယ်တော့မှ ဘယ်လိုမှ ပြည့်စုံခြင်းက အသက်တာမှာ ခံစားရမှာမဟုတ် ဘူး။ ပြည့်စုံခြင်းလို့ပြောတဲ့အခါမှာလည်း လူတွေ ပြည့်စုံနိုင်သလောက်ပဲမဟုတ်ဘူး။ လူသားတွေရဲ့ပြည့်စုံခြင်းကို စံ နမူနာထားတာလုံးဝကို မဟုတ်ဘူး။ ဘုရားသခင်ရဲ့ပြည့်စုံခြင်းကသာလျှင် တကယ့်စံနမူနာဖြစ်တယ်။ ဘုရားသခင် ရဲ့ ပြည့်စုံခြင်း ရှိသမျှ နှင့်အညီ ပြည့်စုံဖို့ ဆန္ဒရှိဖို့ အရမ်းကို အရေးကြီးတယ်။ မြေကြီးပေါ်မှာ ဖြစ်နိုင်လို့လဲ ရှင်ပေါလုက ဆုတောင်းခဲ့တာပေါ့။ အားနည်းချက်တွေ ဆက်လက်ရှင်သန်ဖို့အတွေးအခေါ်တွေ အသက်တာမှာ ခွင့်မပြုနဲ့တော့။ ဘုရားရဲ့ပြည့်စုံခြင်း တွေနေရာယူလာဖို့ပဲ တွေးခေါ်ပါ။

အောက်တိုဘာလ ၂၆ ရက်နေ့

မီးစက်လက်နက်ကို ကာကွယ်နိုင်သော

“မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။-” ဧဖက်‬ ‭၆:၁၆

ယုံကြည်ခြင်းကဘယ်လောက် တောင်အရေးကြီးသလဲဆိုရင်ကောင်းကင် ဝင်ဖို့တစ်ခုထဲအတွက်ပဲလိုအပ်တာ မဟုတ်ပါဘူး။ နေ့စဉ်ရှင်သန်ဖို့အတွက် လဲ မရှိမဖြစ် ယုံကြည်ခြင်းက လွန်စွာလိုအပ်တယ်။ ယုံကြည်ခြင်းမပါပဲ ဘာပဲလုပ်လုပ် ဘုရားက လက်ခံမှာမဟုတ်ဘူး။ ဘုရားစိတ်တော်နှင့်တွေ့စေတာလည်းလုပ်ဆောင်နိုင်ခြင်းတွေတစ်ခုမှ မဟုတ်ဘူး။ ယုံကြည်ခြင်း တစ်ခုထဲပဲ။ ယုံကြည်ခြင်းမရှိရင် ကျန်တာ တွေဘာတွေပဲရှိရှိ အဆင်ပြေမှာမဟုတ်ဘူးဆိုတာသေချာတယ်။

ယုံကြည်ခြင်းက လုပ်ဆောင်နိုင်ခြင်း အတွက်ပဲ မဟုတ် ဘူး စာတန်ရဲ့ လက်နက်တွေကိုလည်းကာကွယ်နိုင်တယ်။ စာတန်ရဲ့မီးစက်လက်နက်တွေက လူတချို့အတွက်တော့ ပြင်းထန်ကောင်းပြင်းထန်ပါလိမ့်မယ်။ဒါပေမယ့် ယုံကြည်ခြင်းရှိတဲ့သူအတွက် တော့ အသာလေးကာကွယ်နိုင်ပါတယ်။ စာတန်ရဲ့လက်နက်တွေကို ကောင်းမွန် စွာကာကွယ်နိုင်တဲ့ ယုံကြည်ခြင်းကို သင်နေ့စဉ်အသက်တာမှာ မှန်ကန်စွာအသုံးပြုတတ်မယ်ဆိုရင် ဘဝဟာ ဘယ်လို အခြေအနေမျိုးမှာမဆို လုံခြုံ မှုကိုခံစားရမှာသေချာပါတယ်။ ဘယ်ပဲသွားသွား ယုံကြည်ခြင်းပါပါစေ။ ဘာပဲလုပ်လုပ် ယုံကြည်ခြင်းပါပါစေ၊ ဒါဆိုရင် သေချာတယ် အောင်မြင်မယ် လုံခြုံမယ်။

အောက်တိုဘာလ ၂၅  ရက်နေ့

သင်၏ဒိုင်းလွှား

“အ​တောင်​တော်​အ​မွေး​နှင့် ဖုံး​အုပ်​တော်​မူ၍၊ အ​တောင်​တော်​အောက်၌ သင်​သည်​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။ သ​စ္စာ​တော်​သည် သင်၏​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။” ဆာလံ ၉၁:၄

“His truth shall be your shield and buckler.” Psalm 91:4

ဒီခေတ်ကာလကြီးထဲမှာ ဘုရားရဲ့အကွယ်အကာဟာ သိပ်ကိုအရေးကြီးသလို နေ့စဉ်သင်စွဲကိုင်ရမယ့် အရာကလဲ အလွန်ပင်အရေးပါပါတယ်။ ဆာလံဆရာကတော့ ပြောတယ်

“ညအခါဖြစ်တတ်သော ဘေးကိုလည်း ကောင်း၊ နေ့အချိန်၌ ပစ်သောမြားကို လည်းကောင်း၊ မှောင်မိုက်ထဲမှာလည် တတ်သော ကာလနာကို လည်းကောင်း၊ မွန်းတည့် အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကိုလည်းကောင်း၊ သင်သည်မ ကြောက်ရ။”

နေ့ရောညရော မွန်းတည့်ချိန်မှာပါမကျန် ချိန်းခြောက်မှုတွေ၊ မာနတ်ရဲလုပ်ရပ် တွေကိုကြောက်စရာမလိုပဲ အောင်မြင် စွာကျော်လွှားသွားဖို့က ဘုရားအကွယ် အကာလိုသလို ကိုယ်တိုင်စွဲကိုင်ရမယ့် ဒိုင်းလွှားလဲလိုတယ်။ ဖျက်ဆီးခြင်းတွေက နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ ရောက်လာနိုင်ပေမယ့် အဲ့ဒီအရာတွေထဲမှာ မပြိုလဲသွားပဲနဲ့ ခိုင်မြဲစွာရှင်သန်ဖို့အတွက်က သင်ကိုင်စွဲတဲ့ သမ္မာတရားပေါ်မှာအများကြီးမူတည်နေတယ်။ ဒီနေ့လူတွေက ပြိုလဲ သွားတဲ့အခါမှာ ဘုရားကိုအပြစ်တင် ကြတယ်။ ဘုရားမကွယ်ကာလို့ဆိုပြီးတော့ အမှတ်မှားနေကြတယ်။တကယ်တော့ မဟုတ်ပါဘူး ဘုရားဘက် ကတော့အပြည့်အဝကွယ်ထားပြီးသားပါ။ လူ့ဘက်စွဲကိုင်တဲ့ ဒိုင်းလွှားဟာ ဘုရားရဲ့သမ္မာတရားမဟုတ်ပဲ အခြားသော အတွေးအခေါ်တွေ ဩဝါဒတွေ ဖြစ်နေတတ်တယ်၊ ဒီအရာတွေက ကျွန် တော်တို့ဘဝကို အပြည့်အဝမကာကွယ် ပေးနိုင်ဘူး။ ဒီကာလမှာ ဘုရားရဲ့သမ္မာတရားကို ကျစ်ကျစ်ပါအောင် ကိုင်ထားဖို့လိုတယ်၊ မဟုတ်ရင်အချိန်မရွေး လဲပြို သွားနိုင်တယ်။ စာတန်ရဲ့ လုပ်ရပ်တွေ တိုက်ခိုက်မှုတွေကို ရင်ဆိုင်တွန်းလှန်နိုင် ဖို့အတွက် ဘုရားရဲ့ သမ္မာတရားကလွဲပြီးအခြား ဘယ်အရာကများ ကာကွယ် ပေးနိုင်အုံးမှာလဲ? ဓမ္မသစ်ကျမ်းမှာတော့ တမန်တော်ကြီးရှင်ပေါလုကခဲယဉ်းဆုတ် ယုတ်တဲ့နေ့ရက်ကာလကို ဆီးတားပြီးတော့ စာတန်ပစ်ခတ်တဲ့မီးစက်လက် နက်တွေကိုကာ နိုင်ဖို့အတွက် ယုံကြည် ခြင်း လွှားအကြောင်းကို ဖေါ်ပြထားတယ်။ ဆိုးယုတ်တဲ့နေ့ရက်တွေမှာရှင်သန်နိုင်ဖို့ မာနတ်ရဲ့လက်နက်တွေအသက်တာကို မထိပါးဖို့အတွက် ဝိညာဉ်ရေးရာလက် နက်စုံထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်ခြင်းလွှားက ယုံကြည်သူတိုင်းအတွက်မရှိမဖြစ် ဝိညာဉ်ရေးရာ လက်နက်တစ်ခုပဲ။ ဘာကိုယုံရမလည်းဆိုတာကိုတော့ တိတိကျကျ သိဖို့လိုတယ်။ဘုရားရဲ့စစ်မှန်တဲ့သမ္မာတရားကလွဲရင် အခြားဘာရှိအုံးမလဲ? သမ္မာတရားကို တိတိကျကျ နှလုံးသားနဲ့ယုံကြည်ခြင်းကသာ စာတန်ထည့်ပေးတဲ့အတွေးအခေါ် မှားယွင်းတဲ့ ဩဝါဒတွေကနေ တွန်းလှန်နိုင်ပြီးတော့ ဒီကာလမှာ အောင်မြင်စွာရှင်သန်နိုင်တဲ့သူတစ်ယောက် နေ့ရက်တိုင်းမှာ ဘုရားအလိုတော်ကို သယ်ဆောင်တဲ့သူတစ်ယောက် ဖြစ်လာစေမှာသေချာတယ်။ ‬‬

အောက်တိုဘာလ ၂၄ရက်နေ့

ဘုရားသခင်ကို ပိုင်မှတော့

“ရွှေ​နှင့် ငွေ​ကို ငါ​ပိုင်​သည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။” ဟဂ္ဂဲ ၂:၈

“တော တိ ရ စ္ဆာန် ရှိ သ မျှ တို့ နှင့် တစ် ထောင် သော တောင် ပေါ် မှာ ရှိ သော တိ ရ စ္ဆာန် တို့ သည် ငါ၏ ဥ စ္စာ ဖြစ် ကြ၏။” ဆာလံ ၅၀:၁၀

ဘာမှမရှိလို့ စိတ်ညစ်နေတာလား?

ပိုင်ဆိုင်မှုတွေပြစရာ မရှိဖြစ်ပြီးတော့ ရှိတဲ့အရာတွေကလည်းအကုန်လုံးဆုံးရှုံးသွားလို့အနာဂတ်ပျောက်သလို ခံစားနေရသလား? ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲဖြစ်နေသလား? စိတ်မပျက်ပါနဲ့ မိတ်ဆွေ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူးမဟုတ်လား? အခု ရှိတဲ့အရာတွေလည်းတစ်နေ့ပျက်ဆီးသွားမှာပါပဲ။ ဘယ်အရာကိုပဲပိုင်ပိုင်၊ ဘယ်အရာပဲ ရှိနေရှိနေ တစ်နေ့ တော့ လက်လွှတ်ဆုံးရှုံးကြရစမြဲပဲ။ အနှေးနဲ့အမြန်ပဲ ကွာသွားပါလိမ့်မယ်။မမြဲတဲ့လောကကြီးထဲ နေထိုင်အသက်ရှင်တဲ့အခါမှာ အမြဲ ပိုင်ဆိုင်နိုင်ပြီးတော့ တန်ဖိုးမပြောင်းလဲ တဲ့အရာဆိုတာ ဘုရားတစ်ပါးတည်းပဲရှိတယ်။ လောကအရာဘယ်အရာကမှ ထာဝရအတွက် အာမခံနိုင်တယ်ဆိုတာ တစ်ခုမှကိုမရှိတာ။ဒါကြောင့် အရာခပ် သိမ်းမရှိရင်လည်း အရာခပ်သိမ်းကိုပိုင် တဲ့အရာခပ်သိမ်းကိုတတ်နိုင်တဲ့ဘုရားရှိနေတာပဲ ဘာစိတ်ဓါတ်ကျစရာဘာအားငယ်စရာမှမရှိဘူး။ မြင်မြင်သမျှအရာခပ်သိမ်းကို ဘုရားပိုင်တယ်။ သူဖန်ဆင်းထားတာ။ ဒီနေ့လူတွေအရမ်းကိုတန်ဖိုးထားတဲ့ ရွှေငွေတွေလည်း ဘုရားပဲပိုင်တယ်။ ဒီလိုအရာရာကိုပိုင်တဲ့ အရာရာကိုထိန်းချုပ်ထားတဲ့ ဘုရားကိုပိုင်ထားတဲ့၊ အသက်တာမှာလက်ခံရရှိထားတဲ့ သူတစ်ယောက်အနေနဲ့ ကျန်တဲ့အရာတွေ လောလောဆယ်မရှိသေးရင်လည်း၊ ဆုံးရှုံးသွားရလည်း ဝမ်းနည်းစရာ ဘာအကြောင်းမှ မရှိဘူး။ သူရှိနေမှတော့ ကျန်တာအားလုံးရှိတာထက်ပိုသာတယ်။ မကြာခင် အားလုံးသူပြန်ပေးမှာသေချာတယ်။ ဒါကြောင့် အားယူပြီးတော့ရဲရင့်စွာနဲ့အရာရာကိုရင်ဆိုင်ဖို့ပဲလိုတယ်။ အားငယ်ဝမ်းနည်းမနေနဲ့။

အောက်တိုဘာလ ၂၃ရက်နေ့

တစ်ခုပိတ်နေရင် တခြားတစ်ခုပွင့်လာလိမ့်မယ်

“သင်၏​အ​ကျင့်​ကို ငါ​သိ၏။ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​သော​တံ​ခါး​ကို သင့်​ရှေ့၌​ငါ​ဖွင့်​ထား​ပြီ၊ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​နည်း​ငယ်​သော​ခွန်​အား​ရှိ​သည်​နှင့်၊ ငါ၏​နှုတ်​က​ပတ်​ကို စောင့်​ရှောက်​ခဲ့​ပြီ။-” ‭‭ဗျာဒိတ် ၃:၈

   ဘုရားပိတ်ထားတဲ့တံခါးကို ဘယ်သူမှ မဖွင့်နိုင်ဘူး။ ဒါကြောင့် ဘုရားက သင့်အရှေ့မှာ တံခါးပိတ်ထားလိုက်ပြီဆိုရင် အဲ့ဒီပိတ်နေတဲ့ တံခါးပေါက်မှာအချိန်ကုန်ခံပြီးပွင့်လာဖို့ စောင့်မနေနဲ့။ တချို့သောသေချာတဲ့ အခွင့်အရေးတံခါးတွေ ရုတ်တရက်ပိတ်သွားတတ်တယ်။ တခါတလေလူတစ်စုံတစ်ယောက်ကြောင့်လည်းဖြစ်နိုင်တယ်။ ဒါပေမယ့်သေချာတာကတော့ဘုရားအလိုတော်ရှိရင် ဘယ်သူကမှ သင့်တံခါးကိုလာပိတ်လို့မရဘူး။ လူတွေပိတ်လို့ရနေတယ်ဆိုကတည်းက ဘုရား ပိတ်ခိုင်းတာလားဆိုတာ စဉ်းစားစရာရှိတယ်။ သင့်အတွက် သေချာတဲ့ ဘုရားဖွင့်ပေးတဲ့လမ်းဆိုရင်ဘယ်သူကမှ ဘယ်တော့မှ ပိတ်လို့မရတာသေချာတယ်။

    တစ်နေ့ သူငယ်ချင်းတစ်ယောက်ဖိတ်လို့ သင်တန်းပေးဖို့ မြို့တစ်မြို့ကို ရောက်ခဲ့တယ်။ သင်တန်းစမယ့်နေ့သင်းအုပ်ဆရာ သူငယ်ချင်းနဲ့အတူ ဘုရားကျောင်းစောစော ရောက်တော့ သူပါလာတဲ့သော့ကဘုရားကျောင်းတံခါးက်ို ဖွင့်လို့မရဘူး။ ရုံးပိတ်ရက်ကာလဆိုတော့ ဘယ်သူမှလည်း ရုံးမလာသလို သော့ကိုင်တဲ့ တာဝန်ခံတွေကလည်းအဝေးကိုခရီးထွက်ကုန်ပြီ။ သော့သာ ဖွင့်လို့မရရင် သင်တန်းကတော့ ဘယ်လ်ိုမှ လုပ်လို့မရတော့ဘူး။ ဒီလောက် နှစ်နှစ်လလ ကြိုစီစဉ်လာတာ အနှောင့် အယှက် ကြီးတစ်ခုလို တံခါးကြီးကပိတ် ထားလိုက်တယ်။ သူငယ်ချင်းလည်းကြံရာမရတော့ ဖုန်းတွေလိုက်ခေါ်နေတယ် ။လူတစ်ချို့လည်းရောက်လာကြပြီ။ ဒါနဲ့ ကျွန်တော်လည်း ဖွင့်မရတဲ့တံခါးမှာထိုးထားတဲ့ တံခါးသော့ကို ယူပြီးတော့ တခြားတံခါးများရလို့ မလားလို့ လိုက်ဖွင့်ကြည့်ရင်းနောက်ဆုံးတံခါးတစ်ခုမှာ ဖွင့်လို့ရသွားတယ်။ ဖွင့်လို့မရတဲ့ တံခါးရှေ့မှာသာ ရပ်နေပြီးတော့ စိတ်ပျက်နေမယ် အပြစ်တင်နေမယ်ဆိုရင်ဘာမှ ဖြစ်လာဖို့မရှိဘူး ပျက်သွားဖို့ပဲရှိမယ် မဟုတ်လား။ ဘုရားက သင့်ဘဝအတွက် မလ်ိုအပ်လို့ ပိတ်လိုက်တဲ့ တံခါးတွေ အတွက် စိတ်ပျက်မနေပဲဘုရားသင့်အတွက် အကျိုးကြီးစွာဖြစ်မယ့်ဖွင့်ထားတဲ့ တံခါးဆီကို အရောက်လာရအောင်။

      ယောသပ်ရဲ့ဘဝမှာ အစ်က်ိုတွေက အတူနေပြီးပျော်ရွှင်စရာ ကောင်းတဲ့ ဘဝကိုတံခါးပိတ်ပစ်လိုက်တယ်။ ဒီအခွင့် အရေး နောက်ထပ်မရဖို့ပေါ့။ ဒါကြောင့်ပဲသူဟာ ပင်ပန်းဆင်းရဲခံရတဲ့ ပြည်ကို ရောက်သွားတယ်။ အဲဂုတ္တု ရောက်တော့ ယောသပ်မှ မိသားစုတွေနဲ့ တွေ့ ခွင့် ဆိုတဲ့ တံခါး၊ အိမ်မှာမျက်နှာ သာခံရခြင်းဆ်ိုတဲ့ တံခါးပိတ် သွားပေမယ့်အဲဂုတ္တုမှဘုရားပေးတဲ့ရူပါရုံပြည့်စုံဖို့ဆိုတဲ့ တံခါး ပွင့်လာတာကိုတော့ အကိုို မမြင်လိုက်ဘူး။ သူရှေ့မှာ ပြပ်ဝပ်တဲ့နေ့ကျမှ သူတို့ ပိတ်ပစ်လ်ိုက်တဲ့ တံခါးကြောင့်ယောသပ် ပိုကောင်းတဲ့တံခါးပွင့်သွားတာသိလာကြတယ်။ ညီအက်ိုတွေ မိတ်ဆွေတွေက သင့်တံခါးတွေကိုလိုက်ပိတ်နေလို့ စိတ်မပျက်နဲ့ ပ်ိုကောင်းတဲ့တံခါးပွင့်လာမယ်။

အောက်တိုဘာလ ၂၁ရက်နေ့

လူမျိုးကြီးစိတ် (၂)

မင်းကြီး၏ ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ၊ ခြေနင်းကြိုး တပင်ဖြစ်စေ၊ တစုံတခုကိုမျှငါမယူဟု ကောင်း ကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်ထာဝရဘုရား ရှေ ့တော်၌၊ ကျွန်ုပ်သည်လက်ကို ချီ၍ အဓိဋ္ဌာန်ပြုပါပြီဟု၊သော ဒုံမင်းကြီးအားပြောဆိုလေ၏။ က၁၄:၂၂-၂၄ (ခ)

၁။ ရတိုင်းမယူ

လူတိုင်းမှာလိုချင်တပ်မက်တဲ့စိတ် ဆိုတာ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရတိုင်းယူတဲ့ အထဲမှာ လူမျိုးကြီးဖြစ်တဲ့ အာဗြဟံမပါပါဘူး။ စစ်ရှုံးပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့သောဒုံမင်းကြီးက ပြန်လည် ကယ်ဆယ်ပေးခဲ့တယ်။ အာဗြဟံကို မင်းကြီးကိုယ်တိုင်ကလူပဲ ပြန်တောင်းပါတယ်။ တကယ်ဆို လူတောင် မပေးရင်ရပါတယ်။ စစ်နိုင်ရင် အကုန်ယူကြတာပဲ မဟုတ်လား။ ဒါပေမယ့် အာဗြဟံကတော့ ဒီလိုပြောပါတယ် မင်းကြီးရဲ့ ဥစ္စာအပ်ချည်တမျှင်၊ ခြေနင်းကြိုးတချောင်းတောင် မယူဘူးတဲ့။ သူလုပ်ခဲ့ပေးတဲ့ အရာပေါ်မှာ တစ်စက်လေးတောင် အခွင့်အရေး မယူတဲ့ စိတ်ပါ။ ဒီနေ့အခွင့်အရေးရတိုင်း မယူတတ်တာ လူမျိုးကြီးစိတ်ဓါတ်ပါ။ သူတိုက်လို့ ရပြီးတဲ့ အရာတွေ တခြားလူတွေ ယူဖို့ ပြောပေးပေမယ့်သူကတာ့ လုံးဝဆို လုံးဝမယူတာပါ။

၂။ မင်းကြီးအားဖြင့် ရတတ်ပြီဟု ပြောစရာ မရှိဖို့

ဘာကြောင့် မယူတာလဲဆိုတာ ကို အာဗြဟံက သေချာ ရှင်းပြပါတယ်။ မလိုချင်လို့ မယူတာမဟုတ်ပါဘူး။ တစ်ချိန် မှာ လူတွေက မင်းကြီးအားဖြင့် အာဗြဟံကောင်းစားတယ်၊ ကြွယ်ဝတယ်လို့ပြောစရာ မရှိဖို့ ဖြစ်တယ်။ လူတွေကအမြဲတန်းတစ်ချိန်မှာ ပြန်ပြောတတ်ပါ တယ် ဒါကိုအာဗြဟံက သိတယ် အဲ့ဒီလို မပြောအောင်အာဗြဟံ ကောင်းစားတာ ကြွယ်ဝ ခြင်းတစ်ခုတည်းသော အကြောင်းအရင်းဟာ ဘုရားကြောင့်ဆိုတာ မပေါ်လွင်မှာ ကိုကြောက်တယ်။ သင်ကောင်းကြီးရတာ၊ အောင်မြင်တာ လူတစ်ယောက်ကြောင့်၊ အဖွဲ့တစ်ခု ကြောင့်လို့ မမြင်စေပဲ ဘုရားကြောင့်သာ ဖြစ်ကြောင်းပေါ်လွင်စေဖို့ လိုတယ် ။ သင့်ရဲ့ကောင်းကြီးအရင်းအမြစ်သည် ဘုရားသာလျှင်ဖြစ်စေပါ။

အောက်တိုဘာလ ၂၀ရက်နေ့

လူမျိုးကြီး စိတ်ဓါတ် (၁)

“အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊    သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။” ကမ္ဘာဦး ၁၃:၈

၁။ ရန်မဖြစ်ချင်နဲ့

ဘုရားလူမျိုးကြီးဖြစ်စေခဲ့တဲ့ အာဗြဟံ ရဲ့လူမျိုးကြီးရဲ့စိတ်နေစိတ်ထားတွေ ဒီနေ့ ယုံကြည်သူတွေသိဖို့လိုတယ်။ လူတစ်ယောက်ကိုအမြင့်ရောက်စေတာ ရော အနိမ့်ကိုဆွဲချတာရော စိတ်နေစိတ် ထားဆိုတာ လူတွေ ခဏခဏ မေ့နေကြတယ်။ သူ့နောက်လိုက်ရင်းကောင်းကြီးရတဲ့သူ လောတ၊ သူ့ရဲတူလေးပဲတကယ် ဆို အဘက်ဘက်မှာ သူက အသာစီးပဲဒါပေမယ့် ဘယ်တော့မှ ဝိတ်နဲ့ မဖိဘူး။ သူတို့နှစ်ယောက်ရန်ဖြစ်တာတောင်မဟုတ်ဘူး အလုပ်သမားတွေရန်ဖြစ် တာတောင် ရှောင်ချင်တယ်။ ရန်ဖြစ်တယ်ဆိုတာလူမျိုးကြီးတွေ လုပ်နေကြမဟုတ်ဘူး။ နိုင်တိုင်းအနိုင်မကျင့်ဘူး။ ကြီးနိုင်ငယ်ညှင်း လုပ်တယ် ဆိုတာစိတ်ဓါတ်သေးသိမ်တဲ့ လူတွေ လုပ်နေကြလုပ်ရပ်ပဲ။လူမျိုးကြီးတွေဘယ်တော့ မှ မလုပ်ဘူး။ ဘုရားသားဆိုတာ ရန်စ နေတဲ့သူမဟုတ်ဘူး ရန်ငြိမ်းစေသောသူ၊မဿဲ၅:၉။ သင်မပြောပဲ လူတွေ ဘုရားသားလို့မြင်စေဖို့ ရန်ငြိမ်းသူပဲ လုပ်ပါ။

၂။ ဦးစားပေးတယ်

နိုင်ငံကြီးတွေကိုသွားတဲ့အခါချစ်စရာ ကောင်းတဲ့ဓလေ့တစ်ခုကတော့ အားနည်းတဲ့သူကို အမြဲဦးစားပေးတတ် ခြင်းပဲ။ ဘယ်သူမှ ပြောစရာမလိုပဲ လူတွေဟာ သူတစ်ပါးကို ဖေးကူကြတယ်။ လူမျိုးကြီးဆိုတာတခြားသူတွေကိုဦးစား ပေး တတ်ဖို့တော့ လိုတယ်။အာဗြဟံ နယ်မြေရွေးတဲ့ အခါမှာ ငါအကြီး၊ ငါ့ကြောင့်မင်းဒီလိုဘဝ ရောက် တာ ဒါကြောင့် ငါအရင်ရွေးမယ်လို့ မပြောဘူး။ လောတကြိုက်တာ ရွေးပြီး ကျန်တာပဲ ယူတယ်။ ဘယ်လောက် တောင် လေးစားစရာကောင်းသလဲ။ ဒီနေ့ နေရာကောင်းလုတဲ့ တိုက်ပွဲတွေကြားထဲမှာ အသင်းတော်တွေ ကရှေ့ဆုံးကဦးဆောင်တယ်လို့တောင်ပြောလို့ရတယ်။ နေရာကောင်းအတွက် တိုက်ပွဲ မဝင်နဲ့။ သင့်နေရာ သင့်ကောင်းကြီးက လူတဆီမှာမရှိဘူး။ ဘုရား လက်ထဲမှာပဲ ရှိတယ်။ ဒါကြောင့်လူတွေ နဲ့လုရတဲ့ နေရာဆိုရင် လက်လွှတ်လိုက် ဘုရားပေးတဲ့အရာလောက် ဘာမှ မကောင်းဘူး။ လောတရွေးတဲ့ အကောင်းဆုံးက ခဏပဲ မကြာဘူး အားလုံးပျက်ဆီးတယ်မဟုတ် လား။ သူ့ရွေးချယ်မှုဟာမိသားစုတစ်ခုလုံးကိုပြိုလဲစေခဲ့ပြီးရလဒ်ဟာကြောက်စရာကောင်းလောက်အောင် ဖြစ်ခဲ့တယ်။ လုယူလို့ရတဲ့နေရာဟာ သင့်ကို ကောင်းကြီးမဖြစ်စေပါဘူး။ ဘုရားပေးတဲ့ နေရာဟာ အာဗြဟံ အတွက် နို့ နဲ့ပျားရည်စီးစေခဲ့တယ်။လူမျိုးကြီးစိတ်ဓါတ် ရှိပါ။

အောက်တိုဘာလ ၁၉ရက်နေ့

ဘုရားသခင် တတ်နိုင်တယ်(၆)


“ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​မည်​အ​ကြောင်း သင်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ပြစ်​မ​ရှိ​ဘဲ ဝမ်း​မြောက်​ခြင်း​နှင့် ပြည့်​စုံ​လျက်​ရှိ​သော သင်​တို့​ကို ဘုန်း​အ​သ​ရေ​တော်​ရှေ့၌ ဆက်​သ​ခြင်း​ငှာ​လည်း​ကောင်း တတ်​နိုင်​တော်​မူ​သော သူ​တည်း​ဟူ​သော၊-   ယုဒ‬ ‭၁:၂၄

ထိ​မိ၍​လဲ​ခြင်း​နှင့် ကင်း​လွတ်​စေ​ဖို့တတ်နိုင်တဲ့သူ

နောက်ဆုံးသောကာလ ဖြစ်လာတာနဲ့အမျှ လောကကြီးဟာ လဲဖို့အကြောင်းအရာတွေများလာသလို လွဲဖို့ အကြောင်းအရာတွေကလည်းပတ်ဝန်းကျင်မှာ များမှများပဲ။ အသက်ရှင်စဉ်မှာ ဘုရားထားတဲ့ပန်းတိုင်ကို အရောက် သွားဖို့အတွက် လွယ်တာတော့မဟုတ် ပေမယ့် လမ်းတစ်ဝက်မှာ လဲမကျသွားဖို့အတွက် နှင့် လမ်းမလွဲသွားဖို့က ကိုယ့် အစွမ်းနဲ့ဆို ဘယ်တော့မှ ဖြစ်မှာမဟုတ် ဘူး။ ဘုရားရဲ့ တတ်နိုင်ခြင်းကသာလျှင် ပန်းတိုင်ကိုရောက်ဖို့အတွက်ကူညီမစနိုင် တယ်။ တကယ်လို့များ ချော်လဲသွားခဲ့ရင် လည်းဆွဲထူဖို့က ဘုရားကပဲ အဆင်သင့် ရှိတယ်မဟုတ်လား? ဒါဟာ နေ့စဉ် မစိုးရိမ်ပဲ​အသက်ရှင်ရတဲ့ အဓိက အကြောင်း အရင်း တစ်ခုပါပဲ။

ဘုရားက လမ်းတစ်ဝက်မှာ ချော်မလဲဖို့ပဲ​စောင့်မတာမဟုတ် ဘူး။ အပြစ်မရှိပဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံတဲ့အသက်တာနှင့် ဘုရားနိုင်ငံတော် ဘုရားဘုန်းတော်အတွက် ဆက်ကပ်နိုင်ဖို့လည်းသင်တို့ကို ပြုပြင်ပေးဖို့တတ် နိုင်တယ်။ လောက ကြီးထဲမှာ အသက်ရှင် တဲ့အချိန်မှာ ဘုရား သားသမီးတွေ အများဆုံးပေးတတ်တဲ့ ဆင်ခြင်က လူပဲအပြစ် လုပ်မိမှာပေါ့ဆိုတဲ့ စကားပါပဲ။ ဘုရားက အဲ့ဒီ လူပဲ အပြစ်လုပ်မိမှာဖို့ ဘဝထက် လူ ဖြစ်ပေမယ့် အပြစ်မရှိပဲ ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ ဘုရားဘုန်းအတွက် ဆပ်ကပ်နိုင်သူအဖြစ် ပို့ဆောင်လမ်းပြပေးချင်တာပါ။ ဘယ်လောက်တောင် ကောင်းမြတ်လိုက် တဲ့ဘုရားလဲ?။ ဘုရားတတ်နိုင်ခြင်းကို သိရင် သင်မတတ်နိုင်တဲ့အရာတွေကို တွေးရင်တောင် အားငယ်မိမှာမဟုတ်ဘူး။

အောက်တိုဘာလ ၁၈ရက်နေ့

ဘုရားသခင် တတ်နိုင်တယ်(၅)

“သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။-” ၂ ကော ၉:၉

အထူးပြည့်စုံခြင်းငှါ တတ်နိုင်တယ်

ဘုရားရဲ့တတ်နိုင်ခြင်းတွေကိုပြောမယ်ဆိုရင် ပြောလို့တောင် ကုန် မှာမဟုတ်ဘူး။ မတတ်နိုင်တာဆိုလို့ တစ်ခုမှ မရှိတဲ့ဘုရားဟာ သင့်ဘဝကို ကောင်းတဲ့အရာတွေ အားလုံးဖြစ်လာဖို့အတွက် အလုံးစုံတတ်စွမ်းနိုင်တယ်။ ဒီလိုတတ်စွမ်းနိုင်တဲ့ဘုရားကို ရတဲ့သူတစ် ယောက်အသက်တာမှာ ဘာများအား ငယ်စရာရှိအုံးမှာလဲ? သူက အစကနေ အဆုံးထိ၊ ယခုဘဝကနေ နောင် ထာဝရ ကာလအဆုံးအထိကို တာဝန်ယူနိုင်တဲ့ဘုရား ဖြစ်တယ်။

တမန်တော်ကြီးရှင်ပေါလုက ဘုရားရဲ့တတ်စွမ်းနိုင်ခြင်းကို ဖေါ်ပြတဲ့အခါမှာ အရမ်းကိုပြည့်စုံလွန်းတယ်လို့မြင်တယ်။ ဘုရားက ဝိညာဉ်ရေးရာတွေအတွက်ပဲ လုပ်ဆောင်ပေးနိုင်တဲ့သူပဲမဟုတ်ဘူး။ ယခုဘဝ လိုအပ်နေတဲ့ အသုံးလိုတဲ့အရာတွေ အမျိုးမျိုးတွေကိုလဲ တာဝန်ယူပြီးထောက်ပံ့ပေးနိုင်တယ်။ အဲ့လိုပြောတဲ့အခါမှာ ငွေကြေး၊ နေဖို့၊ စားဖို့လောက်ပဲမဟုတ်ဘူး။ ငွေကြေးနဲ့ တိုင်းတာပြီးတော့တန်ဖိုးမဖြတ်နိုင်တဲ့ အကျင့် ကောင်းအမျိုးမျိုးနဲ့ပြည့်စုံဖို့လည်း သူဟာ တတ်နိုင်တယ်။ လူတစ်ယောက် ကောင်းတဲ့အကျင့်နဲ့ပြည့်စုံဖို့ဆိုတာ ဘယ်လောက်ခက်သလဲဆိုတာ လူတိုင်းသိပါတယ်။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ်လုပ်ချင်ရင်တောင် မလုပ်နိုင်တဲ့ အကျင့်တွေအများကြီးရှိတယ်။ မလုပ် ဖူးလို့ဆုံးဖြတ်ပြီးမှ​လုပ်မိတဲ့ အမှားတွေလည်းအများကြီးရှိတယ် မဟုတ်လား? ဒီလို အရာတွေကိုတောင်ဘုရားက သင့်အသက်တာမှာ ရှိလာဖို့တတ်နိုင်တယ်။ လောကမှာအသက်ရှင်တဲ့အချိန်မှာ မင်္ဂလာ တစ်ခုနှစ်ခုပဲမဟုတ်ဘူး ဘက်စုံမှာ လိုအပ်တဲ့ မင်္ဂလာ အလုံးစုံကိုလည်းသူဟာ အထူးပြည့်စုံဖို့အတွက် တာဝန်ယူနိုင်တယ်၊ တာဝန်ယူချင်တယ်။ ဘယ်လောက် တောင် အံ့ဖွယ်ကောင်းလိုက်တဲ့ဘုရားလဲ? ဒီလိုမျိုး ဘုရားကို ကိုးကွယ်ရတာ လောက်မြတ်တာ ဘာများရှိအုံးတော့မလဲ။

အောက်တိုဘာလ ၁၇ရက်နေ့

ဘုရားသခင် တတ်နိုင်တယ်(၄)

“ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရနပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။”     ဖိလိပ္ပိ ၃:၂၁

ဘုန်းအသရေနှင့်ပြည့်စုံသော

အသွေးအသားနှင့်တည်ဆောက် ထားတဲ့ ကိုယ်ခန္ဓာပဲတနေ့ ကျရင်ပျက် ဆီးသွားမှာပဲဆိုပြီးတော့ လူတွေက တန် ဖိုးမရှိလူးလို့ပဲ မှတ်နေကြတယ်။ ဒီကိုယ် ခန္ဓာဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ကိန်းဝပ်ရာဖြစ်တယ်ဆိုတာကို မမေ့ပါနှင့်။ လူတွေအထင်မကြီးတဲ့ ကိုယ်ခန္ဓာကို ဘုရားက သူ့ရဲ့ ဗိမ္မာန်တော်အဖြစ် ရွေးချယ်တယ်ဆိုတာ ဘယ်လောက် အံဖွယ်ကောင်းလိုက်သလဲ? လူတွေက အထင်မကြီးပေမယ့် ဘုရားကကြီး ကျယ်ခမ်းနားတဲ့ ကောင်းကင်ဘုံ ကိုတောင်ထားခဲ့ပြီးတော့ မြေကြီးပေါ်ကို လာခဲ့ပြီးတော့ လူ့ရဲ့ကိုယ်ခန္ဓာကို ကိန်း ဝပ်ဖို့ ရွေးချယ်တယ်။

ပညတ်တရားကာလမှာတော့ သန့်ရှင်းသောဝိညာဉ်တော်ဟာလူတိုင်းအပေါ်မှာ မကိန်းဝပ်ဘူး။ ဘုရားအထူးသီးသန့်ရွေးချယ်ထားတဲ့ ဘုရင် တွေ၊ ခေါင်းဆောင်တွေ၊ ယဇ်ပုရောဟိတ်တွေနှင့် ပရောဖက်တွေအပေါ်မှာပဲ ကိန်းဝပ်တယ်။ သန့်ရှင်းသော ဝိညာဉ် တော် ကိန်းဝပ်ပြီဆိုရင် အဲ့ဒီလူဟာ သာမန်လူတွေနဲ့မတူတော့ပဲ ထူးခြားတဲ့ အသက်တာအဖြစ် ပြောင်းလဲသွားပြီး အခြားသူတွေမလုပ်နိုင်တဲ့ အရာတွေကိုလုပ်နိုင်တယ်။ ကျေးဇူးတော်ကာလမှာတော့ သခင်ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဟာ ယုံကြည် သူတိုင်းအပေါ်မှာကိန်းဝပ်တယ်။ ပညတ် တရားကာလမှာတောင် သန့်ရှင်းသောဝိညာဉ်တော်တည်နေရင် ထူးခြားတဲ့အရာတွေကိုလူတွေ သူတို့ကိုယ်ခန္ဓာ အားဖြင့်လုပ်နိုင်တယ်ဆိုရင် ကျေးဇူးတော်ကာ လမှာ ဘယ်လောက်တောင် လုပ်နိုင်မလည်း ဆိုတာ စဉ်းစားကြည့်ပါ။ အသွေးသားရှိတဲ့ ကိုယ်ခန္ဓာဆိုပြီးတော့ တန်ဖိုးမထားတာမလုပ်နှင့် ဘုရားက အဲ့ဒီကိုယ်ခန္ဓာကို ဘုန်းရှိတဲ့ အရာအဖြစ်ပြောင်းလဲပေးနိုင်ဖို့တတ်နိုင်တယ်။

အောက်တိုဘာလ ၁၆ရက်နေ့

ဘုရားသခင် တတ်နိုင်တယ်(၃)

“ရှေး​ကပ်​ကာ​လ​ပတ်​လုံး ဝှက်​ထား​ပြီး​လျှင် ယ​ခု​မှာ ထင်​ရှား​သည်​ဖြစ်၍၊- လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊-” ရောမ‬ ‭၁၆:၂၅-၂၆

ခိုင်ခံ့မြဲမြံစေခြင်းငှါ

ဒီကာလဟာ ကျေးဇူးတော် ကာလရဲ့ တကယ့် အဆုံးပိုင်းကိုရောက် နေပြီဆိုတာ လူတိုင်းသိတယ်။ မကြာခင် ကျေးဇူးတော်ကာလ ကုန်ဆုံးတော့မယ်။မကုန်ဆုံးသေးတာတောင် ဒီလောက် ကြောက်မက်ဖွယ်ရာတွေ နေရာအနှံမှာ ဖြစ်ပျက်နေတာကိုကြည့်ပြီးတော့ ကုန် ဆုံးခဲ့ရင် ဘယ်လောက်တောင်ဆိုးမလဲဆိုတာ တွေးကြည့်လို့ရတယ်။ သိထားဖို့တစ်ခုကတော့ ကျေးဇူးတော်ကာလ မကုန်သေးဘူးဆိုတာပါပဲ။ ဒါကြောင့် ကျေးဇူးတော်မရှိတော့သလို မတွေးမိ မယုံမိဖို့လိုတယ်။ ကိုယ့်အစွမ်းအစ နှင့် ကိုယ့်တတ်နိုင်ခြင်းနှင့် ဘယ်လိုမှ​မရှင် သန်နိုင်ပေမယ့် ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် သာမန်ရှင်သန်နိုင်ရုံတင်မကဘူး ခိုင်ခံ့မြဲမြံမယ်လို့ အထူးယုံပါ။

တမန်တော်ကြီးရှင်ပေါလုက ရှင်းပြတယ်။ ရှေးကာလမှာ ပရောဖက် ကြီးတွေတောင် ဝှက်ထားခြင်းခံရတဲ့နက်နဲတဲ့အရာတွေကိုဖွင့်ပြခြင်းခံရတဲ့ကာလဖြစ်ပြီးတော့ ကျေးဇူးတော်နဲ့လျော်ညီစွာ ဧဝံဂေလိတရားရဲ့ အရှင် ဟာ ဘယ်လိုအခြေအနေမှာမဆို ကျွန် တော်တို့အသက်တာကို အကောင်းဆုံး အခိုင်ခံ့ဆုံးတည်ဆောက်ပေးမယ်။ ကိုယ့်ဟာကိုယ် မတည်ဆောက်နိုင်လို့ စိတ် အားမငယ်နှင့်။ ဘုရားက ကျေးဇူးတော် အားဖြင့်သူကိုယ်တိုင် တည်ဆောက်ပေးမယ်။ ဘုရားကိုယ်တိုင်ဆောက်ပေးမှာဖြစ်လို့ ဘယ်သူမှ လာပြီးဖြိုဖျက်ဖို့တတ်နိုင်မှာမဟုတ်ဘူး။ သင့်အိမ်ထောင်ကို၊သင့်လုပ်ငန်းတွေကို သင့်မိသားစုနှင့် အသင်းတော်ကို ဘုရားကိုယ်တိုင် ကျေးဇူးတော်ကာလမှာ တည်ဆောက်ပေးနေတယ်။ဒါကို ယုံရင်၊ သဘောပေါက်ရင် ဘာမှ အားငယ်စရာစိတ်ဓါတ်ကျစရာ မရှိတော့ဘူး။ အကောင်းဆုံးသောဘဝတည်ဆောက်ဖို့ အတွက် ဘုရားသခင် တာဝန်ယူတယ်။ ဘုရားသခင် တတ်နိုင် တယ်။

အောက်တိုဘာလ ၁၄ရက်နေ့

ဘုရားသခင် တတ်နိုင်တယ်(၂)

“သင်​သည် မည်သူ​ဖြစ်​၍ သူတစ်ပါး​၏​အစေခံ​ကို စီရင်​သနည်း။ ထို​သူ​ရပ်​သည်​ဖြစ်စေ၊ လဲ​သည်​ဖြစ်စေ သူ့​သခင်​နှင့်ဆိုင်​၏။ သို့ရာတွင် သူ​သည်​ရပ်​လိမ့်မည်။ အကြောင်းမူကား သခင်​ဘုရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်မူ​၏။”

ရောမ ၁၄:၄

ကိုယ့်အစွမ်းအစနှင့် ရပ်တည်နိုင်ဖို့ဆိုတာ ဒီလိုကာလမျိုးမှာ မလွယ်ပါဘူး။ ကြာလေ ပိုသိလာတာက ဘုရား သခင်သာ အတူမရှိဘူးဆိုရင် ဘယ်လိုမှ​ဘယ်တော့မှ ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျေးဇူးတော်ကြောင့်သာ ဘုရားအတူရှိပြီးတော့ အခြေအနေတိုင်းမှာ ရပ်တည်နိုင်ခြင်းပါ။ သင့်အစွမ်းနှင့်မဖြစ်နိုင်တိုင်း ဘယ်တော့မှ​မဖြစ် လာတော့ဘူးလို့မထင်လိုက်ပါနှင့်။ ကိုယ့်အသက်တာကို သူများစီရင်ခွင့် မပေး သလိုပဲ ကိုယ်ဟာကိုယ်လည်းမကောင်းတဲ့ဘက်ကို မစီရင်မိဖို့လိုတယ်။ တစ်ခါတစ်လေ သူများစီရင်တဲ့အချိန်တွေရှိသလို၊ ကိုယ်တိုင်စီရင်မိတဲ့အချိန်တွေလည်း ရှိတတ်တယ်။ တကယ်တော့ ဘယ်သူမှ သင့်ကိုစီရင်လို့မရဘူး။ ဘုရားတစ်ပါးတည်းသာလျှင် ပိုင်ရှင်ဖြစ်ပြီးတော့ သူဟာဘာမဆို ဖြစ်စေဖို့အတွက် တတ်နိုင်တဲ့သူဖြစ်တယ်။

ယောသပ်ကို အကိုတွေက အိမ်မက်အတိုင်းဖြစ်ဖို့ မလုပ်နိုင် ဘူးလို့ထင်ရုံတင်မကဘူး အဲ့ဒီအိမ်မက် ပျက်ဆီးဖို့ပါ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့အထင်ကတော့ ဘယ်တော့မှ အိမ်မက်ပြည့်စုံလာဖို့ ယောသပ်ရပ်တည်နိုင်တော့မှာမဟုတ်ဘူး။ သူတို့ မထင် ထားတာက ယောသပ်ဟာ အိမ်မက်ကို ပြည့်စုံစေမယ့်သူမဟုတ်ပဲ ဘုရားသခင် သာလျှင်ပြည့်စုံစေမယ်ဆိုတာကိုပါ။ တကယ်တမ်း အိမ်မက်တွေပြည့်စုံဖို့ ယောသပ်မှာ အစွမ်းအစတွေ မပြည့်စုံခဲ့ဘူး။ ဒါပေမယ့် အိမ်မက်တွေပေးတဲ့ဘုရားကပဲ အဲ့ဒီအိမ်မက်တွေကိုပြည့်စုံစေတယ်ဆိုတာ ဘယ်သူတစ်ဉီးတစ်ယောက်မှ သတိမထားမိခဲ့ကြဘူး။ ဘယ်လိုအခြေအနေ မျိုးပဲကြုံကြုံဘုရားက ရပ်တည်စေနိုင်တဲ့ တစ်ဉီးတည်းသော သူပါ။ ဒါကိုယောသပ်အသက်တာမှာ အထင်အရှားတွေ့မြင်ရတယ်။

သင့်အသက်တာမှာလဲ ဘယ်လိုအခြေအနေမျိုး မှာမဆို အောင်မြင်စွာရပ်တည်နိုင်ဖို့ အတွက် ဘုရားတစ်ပါးတည်းသာလျှင်တတ်နိုင်တယ်။

အောက်တိုဘာလ ၁၃ရက်နေ့

ဘုရားသခင် တတ်နိုင်တယ်

“ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊-” ဧဖက်‬ ‭၃:၂၀

အလွန်ထူးခြားစွာပြုဖို့ တတ်နိုင်တယ်

စိတ်ကူးထားတာလေးတွေပဲဖြစ်လာမယ်လို့ မျှော်လင့်နေတာလား? ဆုတောင်းနိုင်သလောက်ပဲ ရမယ်လို့ထင်နေတုန်းလား? ကိုယ်မြင်နိုင်သလောက်၊ တွေးနိုင်သလောက်ပဲ ဖြစ်လာမယ်လို့ ယုံနေတုန်းလား? ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားက ကျွန်တော်တို့ ယုံနိုင်သလောက်ပဲ၊ဆုတောင်းနိုင်သလောက်ပဲ ပေးချင်တဲ့၊ ပေးနိုင်တဲ့ဘုရား မဟုတ်ပါဘူး။ သူဟာ ကျွန်တော်တို့ ဆုတောင်းတာထက်၊ မြင် နိုင်တာထက် အဆပေါင်းများစွာ ပြုပေးဖို့အတွက် တတ်နိုင်တယ်။ ပြုပေးမယ့်ဘုရားပါ။

ဘဝမှာ ခံစားနေရတဲ့အရာတွေပြန်ကြည့်ရင် တချိန်တုန်းက အဲ့ဒီလို ဖြစ်လာမယ်လို့တောင် မထင်နိုင် ခဲ့ဘူး။ အရင်တုန်းက မြင်ခဲ့ယုံခဲ့ ဆုတောင်းခဲ့တာတွေထက် အဆပေါင်းများစွာ ပိုသာတယ်ဆိုတာ တွေ့ရတယ်။ ဘာကြောင့်လည်းဆိုရင်ရှင်းပါတယ်။ ဘုရား သခင်ရဲ့ တတ်နိုင်ခြင်းက အဆပေါင်းများစွာပိုတယ်။ အဲ့ဒီတတ်နိုင်ခြင်း အတိုင်း ခံစားရတယ်ဆိုတာ မြင်တွေ့ရတယ်။ ယုံကြည်ခြင်းဖခင်လို့ ကျွန်တော်တို့ခေါ်တဲ့ အာဗြဟံတောင် သားရဖို့ ယုံနိုင်ခဲ့တာမှမဟုတ်တာ။ သူ့ဇနီးသည်ဆိုရင် ကောင်ကင်တမန်က နောက်နှစ်မှာသားသမီးရမယ်လို့ပြောတော့ ရယ်နေခဲ့သေးတယ်မဟုတ်လား? ယုံတဲ့အတိုင်း ထက် လွန်အောင် ဘုရားက သူတို့ဘဝကို ကောင်းကြီးပေးခဲ့တယ်။ သူတို့ ခံစားရတဲ့အရာတွေက မျှော်လင့်တာထက် အဆပေါင်းများစွာ ပိုသာနေခဲ့တယ်။ သင့်ဘဝမှာလည်း ဘုရားက သင်မြင်နိုင် တွေးနိုင် ယုံနိုင်တာထက် အဆပေါင်းများစွာပိုကြီး၊ ပိုကောင်းတာတွေလုပ်ပေးလိမ့်မယ်။ သူအရာခပ်သိမ်းတတ်နိုင်တယ်။

အောက်တိုဘာလ ၁၂ ရက်နေ့

ဆုံးဖြတ်ချက်ရဲ့တန်ခိုး (၆)

“ယေ​ရှု၏​သ​တင်း​တော်​ကို ကြား​သည်​ရှိ​သော်၊- ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု ဆို​သည်​နှင့်၊ လူ​အ​စု​အ​ဝေး​ထဲ၌ နောက်​တော်​သို့ လာ၍ အ​ဝတ်​တော်​ကို တို့​လေ၏။-”‭‭မာကု ၅:၂၇-၂၈

တမူထူးခြားတဲ့ဆုံးဖြတ်ချက်

သာမန်ရလဒ်တွေဟာ သာမန်ဆုံးဖြတ်ချက်တွေကနေထွက်ပေါ်လာတာပါ။ တမူထူး ခြားတဲ့ရလဒ်ကို မြင်ချင်ရင်တော့ အလွန်ထူးခြားတဲ့ဆုံးဖြတ်ချက်ကို ချဖို့တော့လိုတယ်။ ဒီနှစ် ကို ဘုရားပြုတဲ့အမူသစ်ကို မြင်ချင်ရင် ဆုံးဖြတ်ချက်တွေကိုလည်းအရင်နှင့် မတူတဲ့အသစ်သောဆုံးဖြတ်ချက်တွေကိုချဖို့လိုတယ်။

၁၂နှစ်လုံးလုံး သွေးသွန်နာစွဲတဲ့ ရောဂါခံစားရတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကိုကြားဖူးမှာပါ။ သူက များစွာသောဆရာသမားတွေလက်မှာ အလွန်ခံရတယ်လို့ကျမ်းစာကဆိုတယ်။ ငွေသာကုန် သွားတယ် လုံးဝကိုမသက်သာဘူး။ ဒါနဲ့သူသခင်ယေရှုအကြောင်းကြားတော့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက် တယ်။ တကယ်ဆို ဒီရောဂါဟာ လူကြားထဲသွားလို့ရတဲ့ရောဂါမဟုတ်သလို အခြားသူတွေကို ထိလို့ရတဲ့ရောဂါလဲမဟုတ်ဘူး။ သူနဲ့ထိတွေ့သမျှကို မသန့်ရှင်းဘူးလို့ သတ်မှတ်ခြင်းခံရတယ်။ ဒါပေမယ့်ဒီအမျိုးသမီးက အရင်ကနဲ့မတူတဲ့ဆုံးဖြတ်ချက် ချလိုက်တယ်။ သခင်ယေရှုအနားကိုသွားပြီးတော့ အဝတ်တော်ပန်းပွါးကိုတို့မယ် ဘယ်သူမှ သိစရာမလိုဘူးဆိုပြီးတော့။ တကယ်ကို အဖိုးအခများတဲ့ ဆုံးဖြတ်ချက်လဲဖြစ်တယ်။ ဆုံးဖြတ်ချက်တိုင်းမှာ ပေးရမယ့်အဖိုးအခ ရှိတယ်ဆိုတာ မမေ့စေချင်ဘူး။ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေက စွန့်စားရဲဖို့တော့လိုတယ်။ သခင်ယေရှုရဲ့ ပန်းပွါးကိုတို့ပြီးတော့ အနာရောဂါငြိမ်းတာ ဘယ်သူ ဆီမှာ မှတော့မဖြစ်ဖူးဘူး။ ဒါပေမယ့်ဘုရားက အရင်က မလုပ်ဖူးပေမယ့် တမူထူးခြားစွာဆုံးဖြတ်တဲ့သူတွေအတွက် အလွန်ထူးခြားစွာလုပ်ပေးတဲ့သူပါ။

မဖြစ်သေးတာပဲရှိတယ် မဖြစ်နိုင်ဘူးဆိုတာ ဘုရားသခင်ဆီမှာမရှိဘူး။သင်သာ ယုံကြည်ခြင်းနှင့်ဆုံးဖြတ်ချက်ချပြီး အဲ့ဒီဆုံးဖြတ်ချက်အတိုင်းလက်တွေ့လုပ်ပါ ဘုရားကသင့်ဆုံးဖြတ်ချက်အတိုင်း ကောင်းကြီးပေးပါလိမ့်မယ်။ ဒီအမျိုးသမီးရဲ့ ဆုံးဖြတ် ချက်ချပြီး လုပ်ဆောင်မှုဟာ သခင်ယေရှုရဲ့ ကိုယ်က တန်ခိုးကိုဆုတ်ယူလိုက်သလိုပဲ။ သခင်ယေရှုက ရုတ်တရက်ရပ်လိုက်ပြီးတော့သူ့ကိုတစ်စုံတစ်ယောက် က လက်နဲ့တို့တဲ့ အကြောင်းမေးတယ်။ ဒီလောက်လူများတာ ဘယ်သူ မဆိုထိမိမှာပဲမဟုတ်လား? သခင်ယေရူက သိတယ် ဒီထိ ခြင်းက ဆုံးဖြတ်ချက်အပြည့်နဲ့တို့ထိခြင်း ဖြစ်ပြီးတော့တန်ခိုးထွက်သွားတာကို ခံစားရတယ်။ တမူထူးခြားတဲ့ဆုံးဖြတ်ချက်က အလွန်ထူးခြားစွာ ဒီအမျိုးသမီးကိုလုပ်ပေးသလိုပဲ သင့်အသက်တာမှာလဲ ဘုရားနှင့်ပက်သက်တဲ့ တမူထူးခြားတဲ့ဆုံးဖြတ်ချက်တွေကိုချဖို့အရမ်းကိုလိုအပ်တယ်။ဒါမှ ဘုရားကအလွန်ထူးခြားစွာ လုပ်ဆောင်ပေးတာကိုမြင်ရမယ်။

အောက်တိုဘာလ ၁၁ ရက်နေ့

ဆုံးဖြတ်ချက်ရဲ့တန်ခိုး (၅)

“မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-” ယော ၂:၅

ကြီးမားတဲ့ နိမိတ်လက္ခဏာ

ကြီးမားတဲ့ နိမိတ်လက္ခဏာတွေက ကြီးမားတဲ့ ဆုံးဖြတ်ချက်နောက်မှာထွက်ပေါ်လာတတ်တယ်။ရေကနေစပျစ်ရည်အသွင်ပြောင်းသလိုပဲ​အသက်တာရဲ့အရေးကြီးတဲ့ပြောင်းလဲဖို့လိုအပ်တဲ့အရာတွေအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်လိုအပ်တယ်။ တစ်ခါတစ်လေ နှစ်ပေါင်းများစွာမပြောင်းလဲတာဟာ ဘုရားဘက်က လိုအပ်ချက်မဟုတ်ပဲ ကိုယ်ဘက် ကလိုအပ်ချက်ဖြစ်နေတတ်တယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက်မချ မခြင်း ဘယ်တော့မှ ထင်ရှားတဲ့ ဘုရားတန်ခိုးတော် မြင်တွေ့ရမှာမဟုတ်ဘူး။

သခင်ယေရှုသွားတဲ့မင်္ဂလာဆောင်မှာ စပျစ်ရည်ကုန်သွားတယ်။ လူတွေက သခင်ယေရှုရှိရင်ကို ဘာပြဿနာ ဘာလိုအပ်ချက်မှ မရှိဘူးလို့ထင်နေတတ်တယ်။ သခင်ယေရှုရှိလျှက် နဲ့ စပျစ်ရည်ကုန် သွားတာ။ သခင်ယေရှုရှိနေပေမယ့် မုန်တိုင်းတိုက်တာ တွေလဲရှိတယ်မဟုတ်လား? ဒါတွေက အလကားကြုံတာမဟုတ်ရပါဘူး။ ဘုရားကအဲ့ဒီအထဲမှာ ကြီးမားတဲ့အရာတွေကို ပြုလုပ်ပေးချင်ပါတယ်။ ရှိရုံနဲ့ မကျေနပ် ပဲ ဘုရားရဲ့တန်ခိုးတော်ကိုမြင်တွေ့ချင်တဲ့ ပြင်းပြတဲ့ဆုံးဖြတ်ချက် ချပြီးတော့လက်တွေ့လုပ်ဆောင်တဲ့သူ လိုအပ်ပါတယ်။ အဲ့ဒီအထဲမှာထိပ်ဆုံးကတော့ မာရိပဲ။ သူက စပျစ်ရည်ကုန်တာ ပွဲအုပ်ကိုမပြောပဲ သခင်ယေရှုဆီကိုလာပြောတယ်။ ဆိုင်မှ မဆိုင်တာ သခင်ယေရှုက ပွဲတက်ဖို့ပဲလာတာ။ ဒါပေမယ့် မာရိကတော့ သခင်ယေရှုလုပ်နိုင်တယ်ဆိုတာ အပြည့်အဝယုံတယ်။

သခင်ယေရှုက သူ့အချိန်မရောက် သေးဘူးလို့ငြင်းလိုက်တယ်။ ဒါပေမယ့် မာရိက လုံးဝ လက်မလျော့ဘူး။ အစေခံကျွန်တွေကိုမှာတယ် သူ ခိုင်း တာမှန်သမျှလုပ်ပါတဲ့။ ဒီဆုံးဖြတ်ချက်နှင့် ဆပ်ကပ်မှုက အရမ်းကိုကောင်းတယ်။ အရှက်ကွဲမှုကနေ ပိုကောင်းတဲ့ဂုဏ်အသရေထွက်ပေါ်လာတယ်။ ရေကနေ စပျည်ရည်ပြောင်းစေတာဒီဆုံးဖြတ်ချက်ပေါ့။ ဘာခိုင်းခိုင်းလုပ်မယ်။ ဘာခိုင်းခိုင်း အဆင်သင့်ပဲ။အဓိပ္ပါယ်ရှိရှိမရှိရှိ ဘုရားပြောတာဆိုရင် ဘာမဆိုတက်တက် ကြွကြွလုပ်မယ်။ ဒီဆုံးဖြတ်ချက်က ဘုရားက တစ်စုံတစ်ခု မလုပ်ပေးလို့မရတော့ဘူး။ နောက်ဆုံး ပွဲအုပ် တောင်အံ့ဩရတဲ့ အကောင်းဆုံးစပျစ်ရည်ထွက် ပေါ်လာတယ်ဆိုပါတော့။ သင့်အသက်တာမှာလဲ ပိုကောင်းတဲ့အရာတွေ ထွက်ပေါ်လာမှာပါ မကြောက်နဲ့။ ဘုရားက ရေကနေ စပျစ်ရည်ပြောင်းပေးသလိုပဲ အသက်တာမှာ အဆိုးတွေကနေ အကောင်းဆုံးတွေ အကုန်ပြောင်းပေးပါလိမ့်မယ်

အောက်တိုဘာလ ၁၀ ရက်နေ့

ဆုံးဖြတ်ချက်ရဲ့တန်ခိုး (၄)

“မြို့​ထဲ​သို့​ဝင်​လျှင် အ​စာ​ခေါင်း​ပါး​သော​ကြောင့် သေ​ရ​မည်။ ဤ​အ​ရပ်၌ ထိုင်​လျက်​နေ​လျှင်​လည်း သေ​ရ​မည်။ သို့​ဖြစ်၍ ရှု​ရိ​တပ်​သို့ ဝင်​စား​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​သက်​ရှင်​စေ​လျှင် ရှင်​ရ​မည်။ သတ်​လျှင်​သေ​ရ​မည်​ဟု တိုင်​ပင်​ပြီး​လျှင်၊” ၄‭‭ဓမ္မ၇:၄

ထူးခြားတဲ့ခြေလှမ်း

ထူးခြားပြောင်းလဲတဲ့ ရလဒ်ကိုမျှော်လင့်တယ်ဆိုရင် အရင်ကနဲ့မတူတဲ့ ထူးခြားပြောင်းလဲတဲ့ဆုံးဖြတ်ချက်နှင့်ခြေလှမ်း လှမ်းဖို့လိုပါတယ်။ အရင်အတိုင်းပဲမပြောင်းလဲတဲ့ ခြေလှမ်းလှမ်းပြီးတော့ ပိုကောင်းတဲ့ ရလဒ် မျှော်လင့်လို့မရဘူး။ ဒီနေ့ လူအများစု မှားတဲ့အမှားက ဒီနေရာမှာရှိတယ်။ ထူးခြားပြောင်းလဲတဲ့ ရလဒ်ကိုတော့လိုချင်တယ် ထူးမခြားနားတဲ့ ဆုံးဖြတ်ချက်တွေကိုပဲချနေတယ်။ ဒီလို လုပ်ဆောင်မှုနဲ့တော့ဘယ်တော့မှထူးခြားမှုကိုမြင်ရမှာမဟုတ်ဘူး။

ရှာမာရိမြို့အစာခေါင်းပါးခြင်းကြုံတဲ့အခါမှာ ဧလိရှဲက မနက်ဖြန်ကုန်စျေးနှုန်းတွေကျမယ် လို့ကြေငြာတယ်။ ပရောဖက်ရဲ့ကြေငြာချက်က ထူးခြားတယ်။ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေမှာ ထူးခြားတဲ့ ပရောဖက်ပြုချက်ဖြစ်ခဲ့တယ်။ ဒါကိုကြားခဲ့တဲ့သူတွေက မယုံနိုင်ပေမယ့် ဒီစကားကိုမကြားပေမယ့် ဘုရားနှိုးဆော်မှုခံရတဲ့ လူနူလေးယောက်ကတော့ မထူးမယ့်အရာတွေကိုလုပ်ပြီးသေဖို့ထိုင်စောင့်နေမယ့် အစား ရာခိုင်နှုန်းနည်းပေမယ့် အခွင့်အရေး နည်းနည်းလေးရှိနေတဲ့ ရန်သူတပ်ထဲကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ဒီ ဆုံးဖြတ်ချက်က တကယ်ကိုတန်ခိုးပါတယ်။ သူတို့လာတဲ့အသံကို ရန်သူတွေက စစ်တပ်ကြီးချီလာတယ် လို့ ကြားခဲ့ပြီးအကုန်အစင် ထွက်ပြေးသွားခဲ့တယ်။ရောက်တဲ့အခါမှာသူတို့တောင် အံ့ဩလောက်အောင်ဖြစ်ခဲ့တယ်။ သူတို့ ထင်မထားတဲ့ရန်သူတွေတစ်ယောက်မှကို မရှိပဲ အကုန်လုံးထွက်ပြေးသွားပြီးတော့ ရိက္ခာအပြည့်က သူတို့ကိုစောင့်နေတယ်။သူတို့ရဲ့ဆုံးဖြတ်ချက်က သူတို့အတွက်သာမဟုတ်ဘူး ရှာမာရိမြို့တစ်ခုလုံးအတွက် ကြီးမားတဲ့ အပြောင်းလဲကြီးဖြစ်ခဲ့တယ်။ ကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖြစ်စေတဲ့ ဆုံးဖြတ်ချက်နဲ့ခြေလှမ်းတွေကို လှမ်းပါ။ ကြီးမားတဲ့အပြောင်းလဲတွေကိုမြင်တွေ့စေမှာသေချာတယ်။

အောက်တိုဘာလ ၉ ရက်နေ့

ဆုံးဖြတ်ချက်ရဲ့တန်ခိုး (၃)

ငါ နှင့် ငါ့ အိမ် သား ဖြစ် လျှင် ထာ ဝ ရ ဘု ရား ကို သာ ဝတ် ပြု မည် ဟု ဆို လေ သော်၊” ယောရှု၂၄:၁၅(ခ)

အောင်မြင်ရခြင်းအကြောင်းအရင်း

အောင်မြင်တဲ့ခေါင်းဆောင်တွေထံမှာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရှိတယ်။ တချို့တွေဘာလို့များအရည် အချင်းရှိပြီးတော့ မအောင်မြင်ရသလဲ ဆိုတာကို လေ့လာကြည့်တဲ့အခါမှာ တိ ကျတဲ့ဆုံးဖြတ်ချက်တွေကိုဘဝအတွက် မချထားဘူးဆိုတာတွေ့ရတယ်။ ဆုံးဖြတ်ချက်ဆိုတာ အရေးကြုံမှ ချရတဲ့အရာမဟုတ်ဘူး။ ဘဝမှာ ဘာမှ မကြုံခင်ကတည်းက တဘဝလုံးစာချ ထားဖို့လိုတယ်။ ဒါမှပဲ အရေးကြုံတဲ့အခါမှာ အဲ့ဒီဆုံးဖြတ်ချက်အတိုင်း မလွဲသွားပဲ အသက်ရှင်နိုင်မှာဖြစ်တယ်။ ဘုရားကြီးကြီးမားမားသုံးတဲ့သူတိုင်းမှာလည်းခိုင်မာတိကျတဲ့ ဆုံးဖြတ်တွေရှိတယ်ဆိုတာတွေ့ရတယ်။ မောရှေရဲ့နေရာမှာ ဘုရားခန့်တဲ့ခေါင်းဆောင် ယောရှုကိုကြည့်တဲ့အခါမှာ သူဟာ အခြားသူတွေနဲ့မတူပဲတကယ်ကို ပြတ်သားပြီးတော့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ခေါင်းဆောင်ဆိုတာ တွေ့ရတယ်။ အများနှင့်တစ်ယောက် ရင်ဆိုင်ရတဲ့အခါမှာလဲ သူဟာဘယ် တော့မှ များတဲ့ဘက်ကို မပါပဲ ဘုရား ဘက်မှာခိုင်မာစွာရပ်တည်တဲ့သူ ဖြစ်တယ်။ ဒါကြောင့်လည်း အဲဂုတ္တုကနေ ထွက်လာတဲ့ လူသိန်းပေါင်းများစွာမှာသူနှင့်ကာလက်ပဲ ခါနန်ပြည်ကိုဝင်စားခွင့်ရတာပေါ့။ နောက်ဆုံး ခေါင်းဆောင်ကြီးမောရှေတောင်မှ ခါနန်ပြည်ကိုဝင်ဖို့အခွင့်အရေးမရခဲ့ဘူး။ သူကတော့ ခါနန်ပြည်မဝင်ခင်မှာလည်း ပြတ်သားတဲ့ ဆုံးဖြတ်ချက်နှင့်အသက်ရှင်တဲ့သူ ဖြစ်သလို ဝင်ပြီးတဲ့ နောက်ဆုံးချိန်အထိဘုရားဘက်မှာပြတ်သားစွာရပ်တည်ဆုံးဖြတ်တဲ့သူ ဖြစ်တယ်။ ဘုရားပေးတဲ့တန်ဖိုးရှိတဲ့ကတိတော်ထဲကို ဝင်စားဖို့အတွက်တကယ်အရေးကြီးတဲ့အရာတစ်ခုက ဆုံးဖြတ် ချက်ပြတ်သားဖို့ပါပဲ။ အဲ့ဒီဆုံးဖြတ်ချက် မချနိုင်ရင် ဘယ်တော့မှ ဘုရားပေးတဲ့ကတိတော်ထဲကိုခြေချခွင့်ရမှာမဟုတ်ဘူး။ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်ကပဲ ယောရှုကို ကတိတော်ထဲကို ဝင်စားတဲ့ လူ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်လာစေသလို သင့်အသက်တာမှာလဲ ဘုရားဘက်မှာ ပြတ်သားစွာချထားတဲ့ဆုံးဖြတ်ချက်ကပဲသင့်ကိုလူအနည်းစုကပဲ ခံစားရတဲ့ ဘုရားရဲ့ကတိတော်ကို ခံစားရမယ်ဆိုတာသိစေချင်တယ်။

အောက်တိုဘာလ ၇ ရက်နေ့

ဆုံးဖြတ်ချက်ရဲ့တန်ခိုး (၂)

“ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။- ငါ​ထ၍ အ​ဘ​ထံ​သို့ သွား​မည်။ အ​ဘ၊ အ​ကျွန်ုပ်​သည် ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကို​လည်း​ကောင်း ပြစ်​မှား​ပါ​ပြီ။- ယ​ခု​မှ​စ၍ ကိုယ်​တော်၏​သား​ဟူ၍ ခေါ်​ခြင်း​ကို​မ​ခံ​ထိုက်​ပါ။ သူ​ငှား​အ​ရာ၌ အ​ကျွန်ုပ်​ကို ထား​တော်​မူ​ပါ​ဟု ငါ​ပြော​မည်​ဟူ၍ အ​ကြံ​ရှိ​သည်​နှင့်၊-” ‭‭လုကာ ၁၅:၁၇-၁၉

အလှည့်အပြောင်းဖြစ်စေတဲ့ ဆုံးဖြတ်ချက်

      အဆိုးရွားဆုံးတွေကိုရပ်တန့်စေပြီးအကောင်းဆုံးသောအရာတွေကိုတံခါးဖွင့်လိုက်တာကတခြားအရာမဟုတ်ဘူး ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့်ပဲ။ လူတွေက ဆိုးရွားမှုတွေကို မရပ်တန့်နိုင်သေးတာကော ကောင်းတဲ့အရာတွေအတွက်တံခါးမဖွင့်နိုင်တာက တခြားကြောင့်မဟုတ်ဘူး။ မှန်ကန်ပြီး ဘုရားအလိုတော် နှင့်ညီတဲ့ဆုံးဖြတ်ချက်တွေမချနိုင်သေးလို့ပဲ။

ပျောက်သောသားလို့ အားလုံးသိတဲ့သာ

        ငယ်က မှားယွင်းတဲ့ဆုံးဖြတ်ချက် တစ်ခုကြောင့် ဘဝဟာစုတ်ပြတ်သပ်အောင်ကို ဖြစ်သွားသလို သူ့ရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဟာလည်း ကြီးမားတဲ့အလှည့်အပြောင်းကို ဖြစ်စေခဲ့တယ်။ နေ့စဉ်ကြုံရတဲ့ ဆိုးရွားမှုတွေကို ရပ်တန့်ပစ်ဖို့ တခြားဘယ်နည်းနဲ့မှ မရနိုင် မှန်းသူသိသွားတဲ့အခါမှာတော့ သူဟာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။ လွယ်တဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူး။ နာကျင်မှုထဲကနေ ချခဲ့ရတဲ့ဆုံးဖြတ်ချက်ပါ။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကြောင့် သူအနာဂတ်တစ်ခုလုံးက ကြီးမားတဲ့အပြောင်းလဲဖြစ်စေခဲ့တယ်။အဖေက သူ့ကို အကောင်းဆုံးကြိုဆိုပြီးတော့ သူ မျှော်လင့် မထားတဲ့အရာတွေကိုအပ်နှင်းပေးခဲ့တယ်။ တကယ်ဆိုရင် သူနဲ့လုံးဝကို မထိုက်တန်ပါဘူး။ဒါပေမဲ့ သူလက်ခံရရှိခဲ့တယ်။ အကိုကြီးကတောင် မနာလိုအောင်ကို ကောင်းကြီးဖြစ်စေတယ်။ ခိုင်မာတဲ့ဆုံးဖြတ်ချက်က တန်ခိုးပါတယ် အတိတ်ကိုမပြောင်းလဲနိုင်ပေမယ့် အနာဂတ်တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တယ်။

အောက်တိုဘာလ ၆ ရက်နေ့

ဆုံးဖြတ်ချက်ရဲ့တန်ခိုး

“ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​လို​သော​ငှာ၊ မိ​မိ​သ​ဘော မ​ချ​သော​ကြောင့်၊ ဒု​စ​ရိုက်​အ​မှု​ကို​ပြု၏။” ၂‭‭ရာ ၁၂:၁၄

               ဘဝရဲ့အရေးကြီးတဲ့ အဓိကဆုံးဖြတ် ချက်တွေကို ကြိုတင်ချထားဖို့အရမ်းကိုအရေးကြီးတယ်။ မဖြစ်မနေ လုပ်ကိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် မချထားတဲ့သူတွေက ဖြစ်သလိုကို အသက်ရှင်တော့ တာပဲ။ဘဝကိုတန်ဖိုး ရှိအောင် ဂရုစိုက်ပြီးတော့အသက်ရှင်ချင်တဲ့သူတွေအတွက်တော့ တန်ဖိုးရှိတဲ့ဆုံးဖြတ် ချက်တွေများစွာလိုအပ်တယ်။ မဟုတ်ရင်တော့ ကိုယ်ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်ဖို့လွယ်မှာမဟုတ်ဘူး။

               ဘုရားနဲ့ပတ်သက်တဲ့ အရာတွေမှာလည်းဒီအတိုင်းပါပဲ။ တန်ဖိုးရှိတဲ့အချိန်ကာလတွေထဲမှာ တခြားအရာတွေကို ရှာတာနဲ့ပဲအချိန်ကုန် နေတာလား? ဒါမှမဟုတ် အရေးအကြီးဆုံး ဘုရားကိုရှာဖို့ ဆုံးဖြတ်ချက်ချထားပါရဲ့လား? တချို့သော သူတွေက နေ့ရက်တိုင်းမှာ ဘုရားကိုဉီးစားပေးဖို့ ဘုရားနဲ့ဆိုင်တာကို ဦီးစားပေးဖို့ မေ့နေတတ်ကြတယ်။ ဒါကလည်းသေချာတဲ့ဆုံးဖြတ်ချက်မချထားလို့ပါ။ ဒီလိုလူတွေရဲ့အသက်တာမှာ မြင်တွေ့ရတာကတော့ ဘုရားမကြိုက်တဲ့အရာတွေနဲ့ပဲပြည့်နှက်နေတာပါပဲ။ ဘုရားကိုရှာဖို့ ဘုရားနှင့် သွားလာအသက်ရှင်ဖို့ ဆုံးဖြတ်ချက်ချထားတဲ့သူတွေကတော့ဘယ် တော့မှ လွယ်လွယ်နဲ့အပြစ်လုပ်ပြီးတော့ ဘဝကို အပျက်အဆီးမခံဘူး။ ပိုကောင်းဖို့ ပိုတိုးတက်ဖို့ပဲ အာရုံစိုက်တတ်ကြတယ်။ သင်ရော ဘုရားနှင့်ပတ်သက်တဲ့ အရာတွေအတွက်ဆုံးဖြတ်ချက်ချထားတဲ့ သူလား ?

              နေ့တိုင်းမှာ ဘုရားနှင့်ပတ်သက်တဲ့အရာတွေကို ဉီးစားပေးမယ်လို့ဆုံးဖြတ် ချက် တွေကိုအတိအကျချထားပါ။ ကျမ်းစာဘယ်လောက်ဖတ်မယ်။ ဆုဘယ်အချိန် တောင်းမယ်။ ဘုရားနိုင်ငံတော်မှာဘယ် လိုပေးလှူမယ်။ သတင်းကောင်းဟောမယ်စတဲ့အရာတွေမှာသေချာတဲ့ဆုံး ဖြတ်ချက်ရှိတဲ့သူတွေက မချထားတဲ့သူတွေထက်အမြဲတမ်း တိုးတက်မှုပိုမြန်တယ်။ ဘုရားအသက်တာကိုကောင်းကြီးပေးတာပိုတွေ့ရတယ်။ ဒါကြောင့် အရာရာကို ဘုရားနှင့်ဆိုင်တဲ့ဆုံးဖြတ် ချက်တွေကို အရင်ဆုံးချထားပါ ကောင်းကြီးခံစားရမယ်။

အောက်တိုဘာလ ၅ ရက်နေ့

ဝမ်းမြောက်ရတဲ့နေ့ရက်တွေလာတော့မယ်

“ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​ဖို့ ကြီး​သော​အ​မှု​ကို​ပြု​တော်​မူ​ပြီ။ ငါ​တို့​သည်​လည်း ဝမ်း​မြောက်​လျက်​နေ​ကြ၏။” ဆာလံ‬ ၁၂၆:၃

ငိုကြွေးရတာခဏပါပဲ

ဆာလံဆရာကပြောတယ် ညဉီးယံမှာ ငိုကြွေးခြင်းက လာတည်းခိုတတ်ပေမယ့် နံနက်ယံမှာ သီချင်းဆိုရတဲ့အခွင့်ရှိတယ်တဲ့။ ငိုကြွေးရတဲ့နေ့ရက်တွေရှိရင် တောင် အမြဲမဟုတ်ပါဘူး။ အမြဲတမ်း ဘုရားကကြုံစေချင်တာက ဝမ်းမြောက် ခြင်းပါပဲ။ ဒီနေ့လူတိုင်း ဝမ်းမြောက်ရတဲ့ဘဝကို မျှော်လင့်နေကြတယ်မဟုတ် လား? ဘယ်လိုလုပ်ပြီးတော့မှ အဲ့လို ဝမ်းမြောက်တဲ့နေ့ရက်တွေ ဝမ်းမြောက် စရာသတင်းတွေကြားရတော့မလဲလို့ လူတွေက အဖြေရှာနေကြတယ်။လော ကကြီးမှာ လူ့အနေနဲ့ ဘယ်တော့မှ ဒီလိုပြီးပြည့်စုံတဲ့ ဝမ်းမြောက်ခြင်းကို ပြန်ရဖို့ဆိုတာ မလွယ်တော့ဘူး။ ဒါကလူတိုင်းသိတဲ့အရာပါပဲ။ လောကကြီးရဲ့အခြေအနေက တဖြည်းဖြည်းနဲ့ ဝမ်းနည်းစရာတွေက နေရာယူ ပြီးတော့ ဆုတ်ယုတ်မှုတွေက နေရာတိုင်းမှာပါပဲ။ ဝမ်းမြောက် စရာသတင်းတွေထက် ဝမ်းနည်းစရာတွေနဲ့ပြည့်နေပြီးတော့ အခြားဘယ်ကမှ မျှော်လင့်စရာ လုံးဝမရှိတော့ပါဘူး။

ဝမ်းမြောက်ဖို့အတွက် တစ်ခုထဲသော အဖြေ

ဆာလံဆရာကတော့ ဒီလိုဆိုတယ် ဝမ်းမြောက်ဖို့အတွက် ဘုရားကကြီးသောအမှုပြုပြီတဲ့။ ဒါတကယ်အရေးကြီးပြီး ဒီနေ့ကာလအတွက်လည်း တကယ် အရေးကြီးပါတယ်။ ဝမ်းမြောက်ခြင်း အတွက် ဘုရားအလုပ်လုပ်မှပဲရမယ့်အခြေအနေပါ။ ဘုရားပြုတဲ့အမူကသာ လူတိုင်းကို ဝမ်းနည်းငိုကြွေးခြင်းကနေ ဝမ်းမြောက်ခြင်းကို ပို့ဆောင်ပေးနိုင် တော့မှာပါ။ ဘုရားကသာလျှင် တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ဘုရားကို ပြုမယ့်ကြီးမားတဲ့အရာတွေကို မျှော်လင့် တဲ့သူအတွက်အနာဂတ်မှာဝမ်းမြောက် စရာနေ့ရက်တွေ အကြောင်းအရာတွေသေချာပေါက်ရှိအုံးမှာပါ။ ဒါကြောင့် ငွေကြေးတွေကမပေးနိုင်တဲ့ဝမ်းမြောက်ခြင်း၊ ရာထူး စည်းစိမ်တွေက မပေးနိုင်တဲ့ ဝမ်းမြောက်ခြင်းအတွက် ဘုရားပြုမယ့်ကြီးသောအမှုကသာ တစ်ခုတည်းသော မျှော်လင့်ချက်ပါပဲ။ အဲ့ဒီအမှုကိုသူမကြာခင်သူ့သားသမီးတွေအတွက် ပြုပေးတော့မှာပါ။

အောက်တိုဘာလ ၄ ရက်နေ့

ဆင်းရဲခံခြင်းမှ သက်သာစေသောကျေးဇူးတော်

“ငါတို့သည် ဘုရားသခင်၏ ကျေးဇူး တော်အားဖြင့် ကိုယ်တိုင်သက်သာခြင်း ရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကိုခံ ရသော သူတို့အားသက်သာစေနိုင်မည် အကြောင်း၊ ဆင်းရဲခြင်း အမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အားသက်သာ စေတော်မူ၏။-”


ကိုယ်တိုင်ကျော်လွှားနိုင်မှ

ယနေ့ကြုံနေတဲ့ အခက်အခဲတွေ ဆင်းရဲခြင်းအမျိုးမျိုးတွေကို ကျွန်တော်တို့ကိုယ်တိုင် ကျော်လွှားအောင်မြင်ဖို့ ဘာကြောင့်များအရေးကြီးတာလဲ? မကျော်လွှားနိုင်တော့ဘူးဆိုပြီးတော့ လက်လျော့လိုက်ရင်ဘာတွေများဖြစ်လာနိုင်သလဲ? သင်ကြုံနေတဲ့အရာ တွေကိုကျော်လွှားနိုင်ဖို့က သင့်ခွန်အားနှင့်ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။ ဘယ်လို ရှုထောင့်က ကြည့်ကြည့်တကယ့်ကိုမလွယ်တဲ့ တောင်ကြီးတစ်ခုကိုကျော်နေရသလိုပဲဖြစ်မှာသေချာတယ်။ အဲ့ဒီအရာအလုံးစုံကို ကျော်လွှားအောင်မြင်စေနိုင်မှာကတော့ ဘုရားရဲ့ ကျေးဇူးတော်အားဖြင့်ပဲဆိုတာကိုတော့မမေ့စေချင်ဘူး။ ဒါကြောင့်ကိုယ်နည်းတွေမရှိတော့ပေမယ့် ဘယ်လိုမှစဉ်းစားတွေးခေါ်လို့မရပေမယ့် ဘုရားရဲ့ကျေးဇူးတော်ရှိသေးတယ်ဆိုတာကိုတော့မမေ့စေချင်ဘူး။ ဘုရားရဲ့ကျေးဇူးတော်က သင့်ကို အခက်အခဲအချို့ကိုပဲ ကျော် လွှားအောင်မြင် နိုင်စေမှာမဟုတ်ပါဘူး။ တမန်တော်ကြီးရှင်ပေါလုက ပြောတယ် အခက်အခဲအမျိုးမျိုးကိုရင်ဆိုင် အောင် မြင်ကျော်လွှားစေနိုင်မယ်လို့ ဆိုတယ်။သူကိုယ်တိုင်လည်း တကယ်ကို ရင်ဆိုင် အောင်မြင်ခဲ့တယ်မဟုတ်လား။ သူ့လောက် ဆင်းရဲခြင်းကိုကြုံရတာဘယ် သူများရှိအုံးမလဲ? ဒါပေမယ့် ဘုရားရဲ့ကျေးဇူးတော်က တကယ်ပဲ အရာရာကို ရင်ဆိုင်ကျော်လွန်နိုင်စေတယ်ဆိုတာ သူ့အသက်တာကိုကြည့်ရင် ရှင်းလင်းစွာတွေ့ရတယ်။ ဒါကြောင့် သင့်ယနေ့ကြုံရတဲ့အရာတွေ ဘုရားပြုတဲ့ ကျေးဇူးတော်အားဖြင့် ကျော်လွန်နိုင်စေမယ်ဆိုတာ စိတ်ချပါ။

အခြားသူတွေကိုလည်း ကျော်လွန်နိုင်ဖို့မစမယ်

ဒီအရာတွေကို ကိုယ်တိုင်ကျော်လွှားနိုင် မှ သင့်မိသားစု သင့်အသိုင်းအဝိုင်းထဲမှာလည်း ဒါမျိုးကြုံနေရတဲ့သူတွေကို ဘုရားက သက်သာစေနိုင်တယ်ဆိုတာကို သက်သေထူနိုင်မယ်။ တချိန်လုံးဘုရားကို အားကိုး ဆုတောင်းနေတဲ့ သူတွေကိုယ်တိုင်တောင် ကျော်လွှားနိုင်ဘူး ဆိုပြီးတော့ အခြားသူတွေထဲမှာ ယုံမှားခြင်း မဝင်စေချင်ဘူး။ ဒါကြောင့် ကျေးဇူးတော်အပေါ်မှာ ယုံကြည်ခြင်းဖြတ်သန်းဖို့သိပ်ကိုအရေးကြီးတယ်။ ဘုရားရဲ့ကျေးဇူးတော်က သင့်ကိုကူညီမစခြင်းအားဖြင့် အခြားသောသူတွေအသက် တာထဲမှာလည်း လိုအပ်တဲ့ သက်သာခြင်း မစခြင်းကို ဖြစ်စေမယ်ဆိုတဲ့ ယုံကြည်ခြင်းကို ပေါ်ပေါက်စေတယ်။ ကျွန် တော်တို့ကိုယ်တိုင် ယုံကြည်ခြင်းရဲ့ဖခင်တွေ ကိုကြည့်ပြီးတော့သူတို့ ရင်ဆိုင်ကျော်လွှားခဲ့တာတွေကို ကြားခြင်းအားဖြင့် မြင်ခြင်းအားဖြင် အသက်တာမှာ အများကြီး ခွန်အားဖြစ်စေခဲ့တယ်မဟုတ်လား။ ဒီအတိုင်းပါပဲ သင့်အသက်တာကိုသင့်မိသားစုအသိုင်းအဝိုင်း ကကြည့်နေတယ်။သင့်ကိုဘုရား ပေးတဲ့ လွတ်မြောက်ခြင်းက ခြားသူတွေအတွက် ဘယ်လိုမှတန်ဖိုးမဖြတ်နိုင်တဲ့ သက်သေ ခံချက်ကိုဖြစ်ပေါ်စေနိုင်လို့ ကြုံတွေ့ရသမျှကို ယုံကြည်ခြင်းနှင့် ကျော်လွှားအောင်မြင်အောင်ဖြတ်ကျော် လိုက်ပါ။သင်ရောအခြားသူတွေရောကောင်းကြီးရမယ်။။ထံချဉ်းကပ်ဖို့ မမေ့ပါနဲ့ ။ ဘုရားက သင့်ကိုကောင်းကြီးပေးဖို့လည်း ဘယ်တော့မှ မမေ့ဘူး။

အောက်တိုဘာလ ၃ ရက်နေ့

သိကျွမ်းခြင်းမှာကြီးထွားရမယ့်အရာ (၂)ခု

“ကျေး ဇူး တော်၌ လည်း ကောင်း၊ ငါ တို့ ကို ကယ် တင် တော် မူ သော အ ရှင် သ ခင် ယေ ရှု ခ ရစ် ကို သိ ကျွမ်း ခြင်း၌ လည်း ကောင်း ကြီး ပွား ကြ လော့။ ၂ ပေ၃:၁၈(က)

ကျေးဇူးတော်မှာကြီးထွားပါ

ကျွန်တော်တို့အသက်ရှင်နေတာကျေးဇူးတော်ကာလရဲ့အဆုံးသတ်ကိုတဖြည်း ဖြည်းချဉ်းကပ်နေပါပြီ။ မကြာခင်ဘေးဒဏ် ကြီးကာလကို အစပြုပါတော့မယ်။ ဒါပေမယ့်အခုတော့မဟုတ်သေးပါ ဘူး။ အခုကတော့ ကျေးဇူးတော် ကာလရဲ့အထဲမှာပဲ ရှိပါသေးတယ်။ ရှင်သန်နေတဲ့ ကျေးဇူးတော်ကာလထဲမှာ သခင်ဘုရားပြုပေးတဲ့ ကျေးဇူးတော်ကို သိကျွမ်းခြင်းမှာ ကြီးထွားဖို့တကယ်လိုတယ်။ အထူးသဖြင့်ဒီလိုနေ့ရက်ကာလတွေမှာ ပိုပြီးတောင်လိုတယ်။ ကျေးဇူးတော်လို့ပြော လိုက်ရင် လူတော်တော်များများက ငရဲက ကယ် တင်တာကိုပဲ မျက်စိထဲပြေးမြင်တယ်။ဒါလည်းတကယ့်ကိုအရေးကြီးပါတယ်။ဒါပေမယ့် ဒါက ကျေးဇူးတော်အစ ပဲရှိသေးတယ် အဆုံးသတ်မဟုတ်ဘူး။ ဆာလံဆရာကတော့ ဒီလိုဆိုတယ်….

“အို ငါ့ဝိ ညာဉ်၊ ထာဝရ ဘုရားကို ကောင်းချီးပေးလော့။ ကျေးဇူးတော်အ ပေါင်းကို မမေ့လျော့နှင့်။”

ကျေးဇူးတော်အပေါင်းလို့ ဆိုတယ်မဟုတ်လား။ ကျေးဇူးတော်က တစ်ခုပဲရှိတာမဟုတ်ဘူး။ ငရဲက ကယ်တင်ရုံတင်မကဘူး နေ့စဉ်အသက်ရှင်မှာလည်းကျေးဇူးတော်ထဲမှာ မကြီးထွားတဲ့လူနဲ့ ကြီးထွားနေတဲ့လူက အရမ်းကိုကွာခြားသွားတယ်။ တစ်ချို့က အခက်အခဲတစ်ချို့ခံစားတဲ့အခါမှာတော့ ကျေးဇူးတော် သူ့အတွက် ကုန်သွားပြီလို့ထင်နေတဲ့သူတွေရှိတယ်။ ကျေးဇူးတော်ထဲမှာ ရှင်သန်ကြီးထွားနေတဲ့သူတွေကတော့အဲ့လိုမထင် ဘူး။ တမန်တော်ကြီးရှင်ပေါလုက သူ့ရဲ့ သုံးကြိမ်မြောက်ဆုတောင်း ဘုရားဆီကနေ အဖြေမရခဲ့ပေမယ့် ဖွင့်ပြခြင်း ခံစားခဲ့ရတာကဘာလဲ? ဘုရားရဲ့ကျေးဇူးတော်က သူ့အဖို့ လောက်တယ်ဆိုတယ်မဟုတ်လား။ အခက်အခဲတစ်ချို့ကြုံနေတိုင်း ကျေးဇူးတော်ကုန်သွားတာ သင့်အတွက် မလုံလောက်တော့တာလုံးဝမဟုတ်ဘူး။ ကျေးဇူးတော်ထဲမှာ အမှန် တကယ်ရှင်သန်ကြီးထွားပါ ဘယ်လိုအခြေအနေမျိုးမဆို သင့်အတွက် လုံလောက်စွာရှိတဲ့ ကျေးဇူးတော်ကို ပိုသဘောပေါက်လာမှာပါ။

သခင်ယေရှုခရစ်ကို သိကျွမ်းခြင်းမှာကြီးထွားပါ

နောက်တစ်ချက် တမန်တော်ကြီးပေတရု သတိပေးတာကတော့ သခင်ယေရှုခရစ် တော်ကို ရင်းနှီးသိကျွမ်းခြင်းမှာ ကြီးထွားဖို့ပါ။ ခရစ်ယာန်ဖြစ်တာ ကြာတာ မကြာတာနဲ့မဆိုင်ပါဘူး။ သူနဲ့ရင်းနှီးတဲ့သိကျွမ်းခြင်းက ဒီလိုကာလမှာ သိပ်ကို အရေးကြီးတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်။ တမန်တော်ကြီးရှင်ပေါလုက ဧဖက်အသင်းတော်အတွက် ဆုတောင်းမှာ ဘုရားကိုသိကျွမ်းခြင်း ပိုရဖို့အတွက် ပညာနဲ့ ထိုးထွင်းခြင်းကို တောင်းဆိုပါလို့ ညွှန်ပြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားကိုသိကျွမ်းဖို့စဉ်ဘယ်လောက်အရေးကြီးတယ်ဆိုတာရယ် နေ့စဉ်ပိုတိုးတက်ဖို့လိုတယ်ဆိုတာရယ် သိရတယ်။ တချိုက ခရစ်တော်ကိုကယ်တင်ရှင်အနေနဲ့သိကျွမ်းပေမယ့် အရှင်သခင်အနေနဲ့ သဘောမပေါက်ကြဘူး ဒါကြောင့် ကယ်တင်ခြင်းတော့လက်ခံတယ် အသက်တာကိုနေချင်သလိုနေတယ်။ တစ်ချို့ကျတော့ကြောက်စရာကောင်းတဲ့ တရားစီရင်မယ့်သူအနေနဲ့သိတယ် ချစ်စရာကောင်းတဲ့မိတ်ဆွေအနေနဲ့ မသိပြန်ဘူး။ နေ့စဉ် ဝမ်းမြောက်ခြင်း ငြိမ်သက်ခြင်းအပြည့်နဲ့အသက်ရှင်ချင်တယ်ဆိုရင်တော့ ရှင်းပါတယ် သခင်ယေရှုကို သိကျွမ်းခြင်း မှာ မပျင်းရိဖို့သိပ်ကိုအရေးကြီးတယ်။ထံချဉ်းကပ်ဖို့ မမေ့ပါနဲ့ ။ ဘုရားက သင့်ကိုကောင်းကြီးပေးဖို့လည်း ဘယ်တော့မှ မမေ့ဘူး။

အောက်တိုဘာလ ၂ ရက်နေ့

သာမယ့်လူ

“ငါ အ မှန် အ ကန် ဆို သည် ကား၊ ငါ့ ကို ယုံ ကြည် သော သူ သည် ငါ ပြု သော အ မှု တို့ ကို ပြု လိမ့် မည်။ ထို အ မှု တို့ ထက် သာ၍ ကြီး သော အ မှု တို့ ကို လည်း ပြု လိမ့် မည်။ အ ကြောင်း မူ ကား၊ ငါ သည် ခ မည်း တော် ထံ သို့ သွား၍၊-” ယော၁၄: ၁၂

သာမန် လူပဲဖြစ်ချင်တယ်၊ သာမန်ဘဝပဲစိတ်ကူးယဉ်နေတယ် ဆိုရင်တော့ ယုံကြည်သူမလုပ်နဲ့ တခြားဟာပဲ ရှာပါ။ အရမ်းပြင်းထန်လွန်းသွားလား စောရီးပါ။ ယုံကြည်သူတွေ အပေါ်မှာ ဘုရားမျှော်လင့်တဲ့ အရာရှိပါတယ်။ ဒါကတော့ သာမန် အရာတွေ လုပ်ပြီးသာမန်ရိုးရိုး လေးနဲ့ ဘဝကို ရုန်းကန် လှုပ်ရှားရင်းနဲ့နိဂုံးမချုပ်စေချင်ဘူး။ ဒါကြောင့်ပြောတာပေါ့သာမာန် လူ့ဘဝလောက်ပဲ စိတ် မကူးထားနဲ့ ဘုရားက သင့်ကိုလောကထဲမှာ အရာရာထက်သာမယ့်သူဖြစ်စေချင်တာ။

ပညာရှိတဲ့နေရာမှာ သာတဲ့ သူ

သင်ကြားဖူးမှာပါ ရှောလမုန် မင်းရဲ့ပညာရှိခြင်းရဲ့ထူးခြားဆန်းကြယ်မှုကို။ အတိုင်းတိုင်းအပြည်ပြည်က လာပြီးတော့ကိုကြည့်ရတယ်။ သူတည်ဆောက် တဲ့ ဗိမ္မာန်တော်နဲ့ နန်းတော်ကိုမြင်မြင်သမျှသြချရတယ်။ ဒီလောက်ထူးဆန်းတဲ့ ပညာကို ဘယ်ကျောင်း ဘယ်နိုင်ငံမှာမှသွားသင်ခဲ့တာ မဟုတ်ပါဘူး။ သူ ဘုရားဆီမှာဆုတောင်းခဲ့တာပါ။ ဘုရား သခင်သူ့ကိုခန့်အပ်တဲ့အလုပ်ကို ကောင်း မွန်စွာ လုပ်နိုင်ဖို့ သူကဘုရားဆီမှာ ပညာတောင်းခဲ့တယ်။ ဒီဆုတောင်းချက်ကို ဘုရားက နှစ်သက်ပြီး သူမတောင်းတဲ့ ဆုတွေပါဘုရားကပေးခဲ့တယ်၊ ယုံကြည် ခြင်းနဲ့ ဆုတောင်းခြင်းအပေါ် မှာ ဘုရားက ရှောလမုန်မင်းကို ကောင်းကြီးပေးပြီးထူးခြားစေတယ်။ သင့်ကို ထူးခြားစေတဲ့ အရင်းအမြစ်ကဘုရားသခင်ပဲ။ ဒါကြောင့် ရှောလမုန်ကို ပညာပေးပြီးသာမာန် ထက်ထူးခြားစေတဲ့ဘုရားက သင့်ကို လဲ သာမာန်ဘဝမှ အားလုံးထက်သာမယ့်ဘဝကို ပို့ဆောင်ပေးမယ်။

စက်တင်ဘာလ ၃၀ ရက်နေ့

အကျိုးကို ထင်ရှားစေမယ်

“အ​ကျွန်ုပ်​မူ​ကား၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ အ​ကျိုး​ရှိ​ပါ၏။ အ​မှု​တော်​ရှိ​သ​မျှ​တို့​ကို ကြား​ပြော​ခြင်း​အ​လို​ငှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ ခို​လှုံ​လျက်​နေ​ပါ၏။” ဆာလံ‬ ၇၃:၂၈

အကျိုးရှိတဲ့အရာလား? အကျိုးမဲ့တဲ့အရာလား ?

ဒီအချိန်က အကျိုးမဲ့တဲ့အလုပ်တွေနဲ့အချိန်ကုန်ရမယ့်အချိန်မဟုတ်တော့ဘူး။ ကိုယ်လုပ်နေတဲ့ အရာတွေရဲ့ အကျိုးဆက်တွေဟာ ကိုယ့်အနာဂတ်ဘယ်မှာ အဆုံးသတ်မလဲဆိုတာ ကို ဆုံးဖြတ်လိမ့်မယ်။ လူတချို့ အကျိုးမရှိတဲ့အလုပ်တွေကိုပင်ပင်ပန်းပန်း လုပ်ပြီးတော့ ကိုယ်ရဲ့ ခွန်အားတွေ အစွမ်းအစတွေကို အသုံးပြုပြီးတော့ ပြီးတော့လည်း ဘာအကျိုးမှ မခံစားရတော့မှ စိတ်ဓါတ်ကျနေကြတယ်။ တကယ်မလုပ်ခင်ကတည်းက သေချာလေ့လာဖို့လိုသလို တွက်ချက်တတ်ဖို့လည်းလိုတယ်။ ဘုရားက သူ့မျက်နှာကိုထောက်ပြီးတော့ ရေတစ်ခွက်ကိုပေးရင်တောင်မှ အကျိုးမဲ့မဖြစ်စေတဲ့သူပါ။ သူ့နာမအတွက် သူ့ဘုန်းတော်အတွက် နှလုံးသားနဲ့လုပ်သမျှကိုလည်း သူက ဘယ်တော့မှမမေ့ဘူး။အမြဲတမ်းထင်ရှားစွာ ဆပ်ပေးတယ်။ ဒါကြောင့်ကိုယ်လုပ်တဲ့အရာတွေကို သေချာစစ်ပါ အကျိုးမဲ့တဲ့အရာတွေအတွက် သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်၊ ငွေဘဏ္ဍာ၊အစွမ်းအစတွေကို မသုံးပါနဲ့။ စစ်မှန်တဲ့အကျိုးကိုဖြစ်စေမယ့်အရာအတွက် မှန်ကန်စွာအသုံးပြုပါ။

ဘုရားသခင်ထံချဉ်းကပ်ခြင်း

လူတချို့က ဘုရားထံချဉ်းကပ်ခြင်းကို ပေါ့ပေါ့တန်တန် သဘောထားကြတယ်။ ဘုရားကိုအချိန်ပေးတဲ့ဆိုတာ ဘဝမှာ လုပ်တဲ့အလုပ်ရှိသမျှထဲမှာတန်ဖိုးအရှိဆုံးနဲ့အမှန်ကန်ဆုံးအလုပ်ဖြစ်တယ်။ ဘုရားက အမြဲတမ်း အကျိုးထင်ရှားစွာ ဆပ်ပေးတယ်။ ဘုရားထံချဉ်းကပ်တဲ့အခါမှာ လူတွေမမြင်ကွယ်ရာမှာ ဖြစ်ပေမယ့် ဘုရားက ကောင်းကြီးပေးတဲ့အခါမှာ လူတွေမြင်တဲ့ နေရာထင်ရှားစွာပေးတယ်။ တချို့ကလည်း ဘုရားထံချဉ်းကပ်တာ ဘာအကျိုးမှ မမျှော်လင့်ဘူးဆိုပြီးတော့ တလွဲ တွေးခေါ်နေကြတယ်။သင့်ဘက်က အကျိုးလိုချင်တာမလိုချင်တာ အရေးမကြီးဘူး ဘုရားကတော့သူ့ဆီလာတဲ့သူ၊ သူနဲ့အချိန်ယူတဲ့သူ ဘယ်သူကိုမှ အကျိုးမဲ့မဖြစ်စေဘူးဆိုတာ သိထားဖို့လိုတယ်။ ဟေဗြဲ ၁၁း၆ မှာ ယုံကြည်ခြင်းနှင့်ပတ်သက်ပြီးတော့ လူတိုင်းမှာရှိသင့် သိသင့်တဲ့အရာကို ဖေါ်ပြတဲ့အခါမှာ ဘုရားသခင်ရှိတာကိုယုံတာနဲ့မပြီးဘူး ကိုယ်တော်ကိုရှာရင် အကျိုးရမယ်ဆိုတာကိုလည်း ယုံဖို့လိုတယ်။ ဘုရားရှိတာကိုတော့ လူတော်တော်များများယုံပေမယ့် ဘုရား ထံချဉ်းကပ်ရင် ဘုရားကိုရှာရင် အကျိုးရမယ်ဆိုတာကိုတော့ လက်မခံချင်ကြတဲ့သူတွေအများကြီးပဲ။ ဒါကြောင့်လဲ ယုံကြည်ခြင်းရဲ့ရလဒ်တွေက ထင်သလောက် မမြင်ရဘူး။ အသက်တာထဲမှာ ဘုရားထံကိုချဉ်းကပ်တာလောက် ကောင်းတာ အကျိုးရစေတာ ဘာမှမရှိဘူး။ဒီလောက်အကျိုးကျေးဇူးရှိတာကိုလူတွေက အချိန်ပေးဖို့ တွေဝေနေတာ အံ့ဩစရာပဲ။ ဒါကြောင့် ဘုရားထံချဉ်းကပ်ဖို့ မမေ့ပါနဲ့ ။ ဘုရားက သင့်ကိုကောင်းကြီးပေးဖို့လည်း ဘယ်တော့မှ မမေ့ဘူး။

စက်တင်ဘာလ ၂၉ ရက်နေ့

ကောင်းကြီးမင်္ဂလာကိုခံရသောသူ (၅)

“ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကောင်း​ချီး​ပေး​တော်​မူ၍၊ ယေ​ရု​ရှ​လင်​မြို့​ခံ​ရ​သော ကောင်း​ကျိုး​ကို တစ်​သက်​လုံး​မြင်​ရ​လိမ့်​မည်။”‭‭ဆာလံ‬ ‭၁၂၈:၅

ကောင်းကြီးမင်္ဂလာကိုခံစားရတဲ့သူဆိုတာ ဘယ်လိုမျိုးအသက်တာလဲဆိုတာကို သိချင်ရင် ဆာလံ ၁၂၈ ကျမ်းတစ်ခုလုံးကိုသေချာဖတ်ဖို့လိုလိမ့်မယ်။ ဒီသီချင်းဟာ ဘုရားကိုချီးမွမ်းတဲ့သီချင်းဖြစ်ပေမယ့် ဘုရားကောင်းကြီးပေးတဲ့သူတစ်ယောက်ရဲ့အသက်တာကို အသေးစိပ်မှတ်တမ်းတင်ထားတယ်။ ဘယ်လိုကောင်းကြီးရနိုင်တဲ့သူဖြစ်မလဲဆိုတာရယ်၊ ကောင်းကြီးမင်္ဂလာခံစားရတဲ့အသက်တာဟာ ဘယ်လောက်ထိအောင် ကောင်းမွန်သလဲဆိုတာကို စပ်ဆိုထားတယ်။

ဘုရားကိုကြောက်ရွံ့ခြင်းအသက်တာဟာ ကောင်းကြီးမင်္ဂလာခံစားဖို့အတွက် တကယ့်ကို လိုအပ်တဲ့ အခြေခံအချက်ဖြစ်သလို၊ ကောင်းကြီး မင်္ဂလာခံစားရတဲ့သူတစ်ယောက်ရဲ့ အသက်တာဟာလဲ အခြားသူတွေဘယ်လိုမှ ကြိုးစား လို့မရနိုင်တဲ့ ကောင်းမွန်ခြင်းတွေနဲ့ပြည့်စုံနေတယ်။ မိမိ လုပ်ဆောင်တဲ့ အကျိုးကိုခံစားရပြီးတော့မင်္ဂလာရှိပြီးကောင်းစားတဲ့အသက်တာကိုပိုင်ဆိုင်ခွင့်ရတဲ့ဆိုတာဘယ်လောက်တောင်ကောင်းလိုက်သလဲ? တချို့က ကောင်းကြီးခံစားရတယ်ဆိုတာ ဘာမှ​မလုပ်ပဲ ထိုင်စားရတယ်လို့ထင်နေတတ်တယ်။တကယ်တော့မဟုတ်ပါဘူး။ အကောင်းဆုံးသောအရာတွေကိုလုပ်ခွင့် ဘုရားကပေးပြီးတော့ အဲ့ဒီလုပ်ဆောင်မှုရဲ့အကျိုးကိုလဲ အပြည့်အဝ ခံစားခွင့်ရတယ်။ ကိုယ်လုပ်တဲ့အရာကနေ ရလာတဲ့အရာလည်း ကိုယ့်အသက်တာ ကိုယ့်မိသားစုအသက်တာအတွက် ကြွယ်ဝပြည့်စုံစေတယ်။ ရတာနဲ့ လိုအပ်တာ မလုံလောက်တဲ့ဘဝမဟုတ်ဘူး။ ဒါနဲ့တင် ဘယ်လောက်တောင် ပြီးပြည့်စုံနေပြီလဲ? နောက်မိသားစုထဲမှာလည်း စည်းလုံးခြင်း ပျော်ရွှင်ခြင်းနှင့် ပြီးပြည့်စုံတဲ့ အရသာကို ကိုယ့်ခင်ပွန်း၊ ဇနီးနှင့်သားသမီးတွေအားဖြင့်ခံစားရတယ်။ တကယ့်ကို ပြီးပြည့်စုံတဲ့မိသားစု အဖြစ် ရပ်တည်နိုင်တယ်။ တချို့က ငွေကြေးသာရှိတာ ကောင်းကြီးမရှိဘူး။ မိသားစုက စိတ်ညစ်နေရတာ ပူပန်နေရတယ်။ဒါဟာ ငွေပဲရှိပြီးစစ်မှန်တဲ့ကောင်းကြီးမရှိခြင်းရဲ့လက္ခဏာပဲ။ ဘုရားပေးကောင်းကြီးကိုအမှန်ခံစားရတဲ့သူက ငွေတစ်ခုပဲရှိပြီး ကျန်တဲ့အရာတွေ မရှိတဲ့သူမဟုတ် ဘူး။ လောကမှာ လူတိုင်း လိုချင်တဲ့ ကောင်းကင်ဘုံရဲ့အရသာကို မိသားစုမှာပါ ခံစားနေရတဲ့သူသာလျှင် စစ်မှန်တဲ့ကောင်းကြီးကိုခံစားရတဲ့သူ ဖြစ်တယ်။

စက်တင်ဘာလ ၂၈ ရက်နေ့

ကောင်းကြီးမင်္ဂလာကိုခံရသောသူ (၄)

“ကောင်း​ချီး​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​ကို​ငါ​ခံ​ရ​ပြီ။ ဘု​ရား​သ​ခင် ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ထို​ကောင်း​ချီး​ကို ငါ​မ​ဖျက်​နိုင်။” တောလည်ရာ‬ ‭၂၃:၂၀


ဘယ်သူမှ မဖျက်နိုင်

ဘုရားကောင်းကြီးပေးခြင်းကိုခံရတဲ့အသက်တာဆိုတာ ဘယ်လောက် တောင် အံဖွယ်ကောင်းသလဲဆိုတာသိပါ သလား? တကယ်တော့ ဘုရားကောင်းကြီးပေးခြင်းကိုခံရတာလောက် ထူးခြားတဲ့အသက်တာ အခြားမရှိတော့ဘူး။လူတွေက ကောင်းကြီးပေးပါစေလို့ အလွယ်ပြောတတ်ပေမယ့် တကယ်သာ ဘုရားကောင်းကြီးပေးရင် အသက်တာဟာ လွန်စွာထူးခြားပြောင်းလဲ သွားမယ် ဆိုတာ တချို့တွေ​မယုံကြဘူး။ ပြောနေကြအကျင့်ပါလို့သာ ပြောနေကြတာ။ ဘုရားက သင့်အသက်တာကို ကောင်းကြီးပေးတဲ့အခါမှာ အရင်နဲ့မတူလောက် အောင်ကို ပြောင်းလဲမှုမြောက်မြားစွာကိုဖြစ်ပေါ်လာစေမယ်။ ဒီကောင်းကြီး မင်္ဂလာကိုလည်း ဘယ်လူသား၊ ဘယ်နတ် ဆိုးကမှ မဖျက်ဆီးနိုင်ဘူး။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ?

လူတချို့တွေက စိုးရိမ်နေကြတယ်။ သူတို့လုပ်ငန်း သူတို့အသက် တာကို နတ်ဆိုးတွေ၊ ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ပြုစားမှာ၊ တခုခု ဖြစ်ပြီဆိုရင် တစ်စုံတစ်ယောက်က အောက်လမ်းတွေနဲ့ မဟုတ်တာတွေကိုလုပ်ပြီလားလို့ သံသယတွေရှိတတ်ကြတယ်။ ဗာလမ် ပြောတဲ့စကားကို ကြည့်ရင် ဒီအရာကိုအဖြေထွက်ပါတယ်။ ဘုရားကောင်းကြီးပေးထားခြင်းကိုခံရတဲ့သူဟာ ဘာကိုမှ​စိုးရိမ်နေစရာ၊ ကြောက်နေစရာမလိုဘူး။လောကကြီးမှာ စိတ်ချမှုအပြည့်နှင့်အသက်ရှင်လို့ရတယ်။ ဘုရားသာတကယ် သင့်ကိုကောင်းကြီးပေးထားရင်ဘယ်သူ မှ သင့်ကိုအလွယ်တကူ ကျိန်ဆဲလို့မရသလို၊ ဘုရားပေးထားတဲ့ကောင်းကြီးတွေကိုလည်း ဖျက်ပယ်ပစ်လိုက်လို့မရဘူး။ အမှန်တကယ်ကောင်းကြီးခံစားသူ တစ်ယောက်အတွက် စိုးရိမ်နေစရာ၊ ကြောက်စရာ လောကကြီးမှာဘာဆိုဘာမှမရှိဘူး။

စက်တင်ဘာလ ၂၇ ရက်နေ့

ကောင်းကြီးမင်္ဂလာကိုခံရသောသူ (၃)

“ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ကို မိ​မိ​ကိုး​စား​ရာ အ​ကြောင်း​ဖြစ်​စေ​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​အပ်​သော​သူ​ဖြစ်၏။ ထို​သူ​သည်​ကား၊ ရေ​ရှိ​သော​အ​ရပ်၌​စိုက်၍ မြစ်​နား​မှာ အ​မြစ်​ဖြာ​သ​ဖြင့်၊ ပူ​သော​အ​ရှိန်​ရောက်​ကြောင်း​ကို မ​သိ၊ အ​ရွက်​မ​ညှိုး​နွမ်း၊ မိုး​ခေါင်​သော​ကာ​လ၌ စိုး​ရိမ်​စ​ရာ​မ​ရှိ​ဘဲ၊ အ​စဉ်​အ​မြဲ အ​သီး​ကို​သီး​တတ်​သော အ​ပင်​နှင့်​တူ၏။” ယေရမိ‬ ‭၁၇:၇-၈

လူတစ်ယောက်ရဲ့နှလုံးသား အပြောင်းအလဲလေးက အပြင်မှာ ငရဲနဲ့ ကောင်းကင်ကွာသလိုကွာခြားသွားနိုင် တယ်ဆိုတာသိလား? တကယ်တော့ ဘုရားက ကြီးမားတဲ့ ကောင်းကြီးမင်္ဂလာတွေကို လူတွေကိုပေးချင်ပေမယ့်လူတွေရဲ့နှလုံးသားကြောင့် အဲ့ဒီကောင်းကြီးမင်္ဂလာကိုမခံစားရပဲ ဝေးသွားတယ် ဆိုတာ တော်တော်များများမသိကြဘူး။ ကောင်းကြီးမင်္ဂလာခံစားရဖို့ဆိုတာတကယ်တော့အရမ်းကြီးလဲမခက်ပါဘူး။ ကောင်းကြီးခံစားရဖို့အတွက် ဘုရားကအကုန်လုံးပြင်ဆင်ထားပြီးသား၊ လမ်းဖွင့်ပေးထားပြီးသားပါ။ ဒါဆိုရင် ဘာလို့များကောင်းကြီးမခံစားရသလဲလို့ မေးရင် တော့ အဲ့ဒီကောင်းကြီးမင်္ဂလာ ခံစားရဖို့အတွက် လိုအပ်တဲ့ နှလုံးသား မရှိသေးလို့ပါ။

ပရောဖက်ကြီး ယေရမိက သေချာရှင်းပြထားပါတယ်။ဘယ်သူတွေ ကောင်းကြီးခံစားဖို့ထိုက် တန်သလဲဆိုတာကို။ ကောင်းကြီးမင်္ဂလာခံအပ်တဲ့သူဖြစ်ဖို့ တခြားအရာတွေ၊အရည်အချင်းတွေထက်၊ နှလုံးသားက သိပ်ကိုအရေးကြီးတယ်။ ဘုရားကို အကြွင်းမဲ့ကိုးစားတတ်တဲ့သဘောဟာ တကယ့်ကို ကောင်းကြီးမင်္ဂလာ ခံစားရတဲ့အကြောင်းအရင်းပဲ။ ဒီနှလုံးသား မျိုးရှိရင် ရေရှိတဲ့နားက သစ်ပင်လိုပဲ အမြဲတမ်းစိမ်းလန်း အမြဲတမ်းအသီးသီးပြီးတော့ ဘယ်လောက်ပူပူ ဂရုစိုက်စရာမလိုပဲ၊ စိုးရိမ်စရာမလိုတဲ့ဘဝနဲ့ အခြေအနေတိုင်းကိုဖြတ်သန်းသွားလို့ရတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့အသက် တာလဲ? ဘုရားကိုအားမကိုးပဲ လူတွေကို အားကိုးတဲ့သူကတော့သူနဲ့တခြားစီပဲ။ ဒါကြောင့် နှလုံးသား ကို ဘုရားကို ယုံကြည်ကိုးစားခြင်း မှာ ကျင်လည်ဖို့ နေ့စဉ်ဂရုစိုက်ပါ။ သေချာပေါက်ကောင်းကြီးခံစားရပါလိမ့်မယ်။

စက်တင်ဘာလ ၂၆ ရက်နေ့

အမိန့်တော်

“ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။” ဟေဗြဲ ၁:၃

ဘုရားအမိန့်

မင်းအစိုးရရဲ့အမိန့်တစ်ခွန်းဟာ သူ့နိုင်ငံအတွင်းမှာ ဘယ်လောက်တောင် ပြင်းထန် ထိရောက်တယ်ဆိုတာ လူတိုင်းသိမှာပါ။နာရီပိုင်းအတွင်းမှာရှိသမျှအဆောက်အအုံးတွေ အကုန် ပြောင်သလင်းခါသွားစေနိုင်သလို၊ နာရီပိုင်းအတွင်းမှာ မရှိတဲ့အရာတွေအကုန်ရှိစေလာနိုင်တာလဲ အမိန့်တစ်ခွန်းပါပဲ။ ဒီလို မင်းအစိုးရတွေရဲ့အမိန့်တော်ဟာ အပြောင်းလဲတွေကိုယူဆောင်လာပေးနိုင်တယ်၊ မရှိတဲ့အရာတွေရှိစေနိုင်သလို၊ ရှိတဲ့အရာတွေလဲ အကုန်မရှိစေနိုင်တဲ့ အစွမ်းရှိတယ်ဆိုရင် ဘုရင်တကာဘုရင် သခင်တကာသခင်ရဲ့ အမိန့်တော်တစ်ခွန်းဟာ ဘယ် လောက်များအစွမ်းထက်ပြီးတော့ပြင်းထန် ထိရောက်မှုရှိမလဲဆိုတာကို သဘောပေါက် ဖို့လိုတယ်။ အရာအားလုံးဟာ ဖြစ်စေဆိုတဲ့ ဘုရားရဲ့အမိန့်တော် ကြောင့်သာဖြစ်ပေါ်လာရပြီးတော့ အားလုံးကိုဘုရားရဲ့နှုတ်တော်အမိန့် ဟာ ထိန်းချုပ် ထားတယ်။ အခုဖြစ်ပျက် နေတဲ့အရာခပ်သိမ်းကို ဘုရားရဲ့အမိန့် တော်တစ်ခွန်းဟာ ချက်ခြင်းငြိမ်းအေးစေနိုင် သလို၊ မရှိတဲ့အရာတွေအားလုံးဟာ မိနစ် ပိုင်းအတွင်းအကုန်ရှိစေလာနိုင်တယ်။ အရေးကြီးတာ ဘုရားအမိန့်တော်ကိုယုံကြည်စိတ်ချဖို့ပါပဲ။ တပည့်တော်တွေကြောက် တဲ့ မုန်တိုင်းကို ငြိမ်းစေဆိုတဲ့အမိန့်တော်က အဆုံးသတ်ပစ်လိုက်နိုင်တယ်မဟုတ်လား။ ဒါကြောင့် ဘုရားအမိန့်တော် အပေါ်မှာ ယုံကြည်စိတ်ချစွာ လျှောက်လှမ်းတဲ့သူတစ် ယောက်ဖြစ်ဖို့သိပ်ကိုအရေးကြီးတယ်။

အမိန့်တော်ရှိလျှင်

ဘုရားရဲ့အမိန့်တော်တန်ခိုးကိုကောင်းကောင်းနားလည်တဲ့ သူတစ်ယောက်ကတော့တမန်တော်ကြီးရှင်ပေတရုပဲ။ တစ်ညလုံးငါးမျှားတာ တစ်ကောင်မှ မရလို့ ယေရှုရောက် လာပြီးတော့ တရားဟောပြောလို့အပြီးမှာ ရေနက်ရာအရပ်ကိုရွှေ့ခိုင်းတယ်။ တကယ်ဆို မလုပ်ခဲ့ဖူးတာမှမဟုတ်တာ တစ်ညလုံး ကြိုးစားခဲ့ပြီးပြီမဟုတ်လား။ ဒါတောင်မှ ပေတရုက ဘာပြောလဲဆိုရင် ကိုယ်တော်အမိန့်တော်ရှိတယ်ဆိုရင် ကျွန်တော် လုပ်ပါမယ်လို့ဆိုတယ်။ သူကောင်းကောင်းသိတာက ဘုရားရဲ့အမိန့်တော်ထဲမှာ ရှာနေတဲ့အရာတွေအားလုံးရှိတယ်ဆိုတာပါပဲ။ သူယုံတဲ့အတိုင်းပဲ ဘယ်တုန်းကမှ ရှာလို့မရနိုင်တဲ့ ပမာဏကို ဘုရားအမိန့်တော် ရှိတဲ့တခဏချင်းမှာ ရှာလို့ရလာတယ်။ သင်တစ်သက်လုံး မက်လာတဲ့အိမ်မက်တွေဟာ ဘုရားအမိန့်တော်ရှိတဲ့တခဏချင်းထဲမှာ ပြည့်စုံလာမယ်ဆိုတာယုံပါ။ နောက် ယေရှုရေပေါ်လမ်းလျှောက်လာတာကိုမြင်တဲ့အခါမှာလဲ တပည့်တော် အားလုံးက မြင်ပေမယ့် ပေတရုက အဲ့ဒီထက်ပိုပြီးတော့ ဆန္ဒရှိခဲ့တယ်။ ယေရှုလုပ်သလို သူလဲလုပ်ချင်တယ်၊ လုပ်နိုင်တယ်ဆိုတာ သူစိတ်ချတယ်။ဒါကြောင့်သူ ယေရှုကိုတောင်းဆိုတယ်ကိုယ် တော်အမိန့်တော်ရှိတယ်ဆိုရင် ကျွန်တော် လဲ ရေပေါ်လျှောက်နိုင်မယ် ဒါကြောင့်အမိန့် တော်ရှိပါလို့ဆိုတယ်။ ဘယ်လောက်များအံ့ဩစရာကောင်းသလဲ။ အမိန့်တော် ထဲမှာ တစ်ခါမှ မလုပ်နိုင်တာ မလုပ်ခဲ့ဖူးတာ အားလုံးဟာ ဖြစ်ပျက်လာ တယ်ဆိုတာ။ သင့်မှာ အစွမ်းအစတွေ လုပ်နိုင်စွမ်းတွေရှိချင်မှ ရှိပါလိမ့်မယ် ဒါပေမယ့် ဘုရားအမိန့်တော် တစ်ခွန်း ဟာ သင့်မှာမရှိတဲ့သဘာဝလွန်တန်ခိုးတွေ လုပ်နိုင်စွမ်းတွေအကုန် ထွက် ပေါ်လာစေနိုင်တယ်။ ဒါကြောင့် အချိန်များကြီးမလိုဘူး အမိန့်တော် ရှိတဲ့ စကားတစ်ခွန်း ပဲလိုတာပါ။ အဲ့ဒီအမိန့်တော်ထဲမှာအရာရာ အားလုံး မိနစ်ပိုင်းအတွင်းဖြစ်ပျက်ပြောင်းလဲသွားစေနိုင်တယ်။


စက်တင်ဘာလ ၂၄ ရက်နေ့

အခွင့်အရေးရှိသေးတယ်

ယောဘ ၁၄

 သစ်ပင် ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာရှိ၏။  မြေထဲမှာ အမြစ် ဟောင်း၍ မြေပေါ်မှာ အငုတ်သေသော်လည်း၊  ရေငွေ့ကြောင့် အတက်ပေါက်၍ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်၊၊

မြှော်လင့်တဲ့အရာတွေဖြစ်မလာလို့

ခဲလေသမျှ သဲရေကျ သလို ဖြစ်နေတာလား။ အနှစ်နှစ်အလလ ကြံစည်စိတ်ကူးသမျှ အိမ်မက်တွေလဲ ပြိုသွားတာလား။ ကြိုးစားတာတွေ တစ်ခုမှ မဖြစ်လာပဲ အညွှန့်ချိုးခံရတာလား။ စိတ်မပျက်ပါနဲ့ သင်အဆုံးမရောက် သေးပါဘူး။ သင့်အနာဂါတ် ဘယ်လိုဖြစ်လာမလဲဆိုတာ အခုလက်ရှိအခြေအနေ ကနေ တွက်လို့မရဘူး။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ကျွန်တော်လည်း ဘဝကို အရူံးပေးဖို့ ဆုံးဖြတ်ဖူးတယ်။ အနာဂါတ်ကိုတွက်ကြည့်တော့ ဘာမှ ထူးလာမှာ မဟုတ်ဘူးလို့ ခံစားလာရတယ်။

ငါဘယ်တော့မှ အညွှန့်တဝေဝေနဲ့ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း သတ်မှတ် မိခဲ့တယ်။ တစ်ကယ်တော့ လုံးဝမဟုတ်ပါဘူး။ အနာဂါတ် သင့်အခြေအနေက ဘုရားလက်ထဲမှာပဲ ရှိပါတယ်။ ဘုရားက ဘာမဆို ချက်ခြင်း အပြောင်းအလဲ လုပ်နိုင်တယ်ဆိုတာ မမေ့နဲ့။ အခုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ က စိတ်ကူးလို့မရ တဲ့ ဘဝမှာ ကျွန်တော် ရောက်နေပြီ။ ဒီထက် ကောင်းတဲ့ အရာတွေလည်း လာဦးမှာပါ။ ဘယ်လို အခြေအနေမျိုးမဆို သင့်ကိုဘုရားက ပြန်လည် လန်းဆန်းစေအဦးမှာ သေချာတယ်။

ရုသဘဝကိုစဉ်းစားကြည့် မွေးကတည်းက ဘုရား မုန်းတီးတဲ့ ကျိန်ခြင်းခံရတဲ့အမျိုးထဲမှာ မွေးလာတယ်။ နောက် ဘုရားလူမျိုးနဲ့ အိမ်ထောင်ကျပြီး မကြာဘူး ခင်ပွန်းက ဆုံးသွားပြီး အမေအိုကြီးနဲ့ပဲ ကျန်ခဲ့တယ်။ အမေအိုကြီးကလည်း ဘာဆိုဘာမှ မကျန် မျှော်လင့်စရာ

မရှိသူ။ ဒါပင်မယ့် သူဘုရားကိုမျှော်လင့်ပြီး ဘုရားလူတွေဆီ လိုက်လာတယ်။ ဒီလောက်ဆိုးတဲ့ ဘဝ ဆိုပြီး အနာဂါတ်ကို စဉ်းစားရင် စိတ်ပျက်စရာပဲ။ ဒါပေမယ့် နောက်ပိုင်း အကောင်းဆုံး ခင်ပွန်းနဲ့ တွေ့ပြီး သာယာတဲ့ဘဝ ရောက်လာတယ်။ အနာဂါတ်ဟာ အတိတ်လိုမဟုတ်ဘူး။ ဘုရားပါရင် အရမ်းလှတယ်။ ဒါကြောင့် သင့်အနာဂါတ်မှာ ဘုရားပါဖို့ပဲလိုတယ်။ မြှော်လင့်လို့မရတဲ့ အရာတွေ ဖြစ်လာမယ်။



စက်တင်ဘာလ ၂၂ ရက်နေ့

ကောင်းကြီးမင်္ဂလာကိုခံရသောသူ (၂)

“ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ချီး​မင်္ဂ​လာ​သည် စည်း​စိမ်​ကို ဖြစ်​စေ​တတ်၏။ ထို​စည်း​စိမ်​နှင့်​လည်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ရော​နှော​တော်​မ​မူ။” သုတ္တံ ၁၀း၂၂

ဝမ်းနည်းခြင်းနှင့် မရောဘူး

လူတစ်ယောက်ကို ဘုရား ကောင်းကြီးပေးတဲ့ အခါမှာ သူ့အသက်တာမှာ သာမန် မဟုတ်တဲ့ အရာတွေ မြောက်မြားစွာ ဖြစ်ပျက်လာတယ်။ ဘုရားကောင်းကြီး ပေးခြင်းဟာ လွန်စွာမှ ထူးခြားတဲ့ အရာတစ်ခုပါ။ လူ့အတွေးအခေါ် နှင့် ဘယ်လိုမှ မမှီနိုင်တဲ့ အရာတွေမြောက်စွာ အသက်တာထဲမှာ ဖြစ်ပျက်လာပါတယ်။ ဘုရားကောင်းကြီး ပေးခြင်းခံရသလား? မခံရဘူးလားဆိုတာ ခွဲခြားလို့ ရတဲ့အရာတွေများစွာ နုတ်ကပတ်တော်မှာ ဖေါ်ပြထားပါတယ်။ ဘုရားကောင်းကြီး ပေးတဲ့အခါမှာ မသိမသာ ပေးတာ တစ်ခါမှ မရှိပါဘူး။ မထင်ရှားတဲ့ အရာတွေကိုမြင်တဲ့ ဘုရားက ကောင်းကြီးပေးတဲ့ အခါမှာ ထင်ရှာစွာပေးတဲ့ ဘုရားပါ။

ရှောလမုန်ကတော့ ကောင်းကြီး​မင်္ဂ​လာ​ ခံစားရတဲ့ အသက်တာကို သေချာရှင်းပြ ထားပါတယ်။ ဘုရားကောင်းကြီးပေးတဲ့ အခါမှာ သူ့အသက်တာမှာ ခွန်အား အစွမ်းနဲ့ ရနိုင်တာ ထက်ပိုတဲ့ အရာတွေ ရရှိ ခံစားလာ ရပါတယ်။ အဲ့ဒီကောင်းကြီးဟာ မမြင်ရတဲ့ ဝိညာဉ်ရေးရာ အတွက်ပဲ ရှိနေတာ မဟုတ်ပဲ၊ မြင်ရတဲ့ စည်းစိမ် အဖြစ်ကိုပါ ပြောင်းလဲ နိုင်တယ်။ ဝိညာဉ်လောက အရာတွေက ရုပ်လောက လိုအပ်ချက်တွေကို ပြောင်းလဲ စေနိုင်တယ် ဆိုတာကို သိထားဖို့ လိုတယ်။ ဒါဆိုရင် စည်းစိမ်တိုင်းက၊ အောင်မြင် ခြင်းတိုင်းက ဘုရားပေးတဲ့ ကောင်းကြီးလားလို့ မေးရင်တော့ မဟုတ်ဘူးလို့ပဲ ပြန်ဖြေရမယ်။ ဘုရားပေးတဲ့ အရာနှင့် ဘုရားမပေးတဲ့ အရာကို ဘယ်လို ခွဲမလဲ ဆိုတာကိုပါ ရှောလမုန်က ခွဲပြထားပါ သေးတယ်။ ဘုရားပေးတဲ့ ကောင်းကြီး ဆိုရင်တော့ သေချာတယ် ဝမ်းနည်းခြင်းနှင့် ရောပြီးတော့ ဘယ်တော့မှ မလာဘူး။ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် အမြဲတမ်း ယှဉ်တွဲပြီးတော့ လာတယ်။ ဒါကိုကြည့်ပြီးတော့ ဘုရား ပေးမပေး ခွဲခြားနိုင်တယ်။ ဘုရားကောင်းကြီးပေးတဲ့ သူတစ်ယောက်ရဲ့အသက်တာကို ကြည့်ရင် အခြေအနေတိုင်းမှာ အဖြစ်ပျက်တိုင်းမှာ ဝမ်းမြောက်ခြင်း ငြိမ်သက်ခြင်း တည်းဟူသော ဝိညာဉ်တော်ရဲ့ အသီးအပွင့်တွေနဲ့ဖြတ်သန်းနိုင်တဲ့သူ ဖြစ်တယ်။ ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် ၊ ဝိညာဉ်တော် အသီးအပွင့်တွေနဲ့ ဖြတ်သန်း သွားခွင့်ရတာဟာ စစ်မှန်တဲ့ ကောင်းကြီးမင်္ဂ​လာ​ပါ။


စက်တင်ဘာလ ၂၁ ရက်နေ့

ကောင်းကြီးမင်္ဂလာကိုခံရသောသူ

“ငါ​သည် သင့်​ကို လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ​ကောင်း​ချီး​ပေး၍ သင်၏​နာ​မ​ကို ကြီး​မြတ်​ စေ​မည်။ သင်သည် ကောင်း​ချီး​ ခံ​ရ​သော​သူ ​ဖြစ်​လိမ့်​မည်။” ကမ္ဘာဦးကျမ်း ၁၂း၂

ကောင်းကြီး ခံစားရတဲ့ အသက်တာကို လူတွေက ဘယ်လိုများ တွေးထင်နေကြ သလဲတော့ မသိဘူး။ တော်တော်များများက ကောင်းကြီး ခံစားရတယ်ဆိုတာ ဘာဆို ဘာမှ လုပ်စရာမလိုပဲ သက်သောင့် သက်သာ ဘဝနဲ့ ရုန်းကန်စရာ ဘာမှ မလိုတော့ဘူးလို့ ပုံဖေါ်ကြတယ်။ တကယ်တော့ ဘုရားပေးတဲ့ ကောင်းကြီး မင်္ဂလာ ခံစားရတဲ့ အသက်တာဟာ ဒီလိုပုံစံမျိုး ချည်းပဲ တခုထဲ မှတ်ထားလို့မရဘူး။ ပုံစံအမျိုးမျိုး တော့ရှိပေမယ့် ဘုရားပေးတဲ့ ကောင်းကြီး မင်္ဂလာဟာ လူပျင်းတွေကို မွေးမထုတ်တာ တော့ သေချာတယ်။ လူတိုင်းရဲ့အိမ်မက်က ဘာမှ ရုန်းကန် စရာမလိုပဲ သုံးခြင်သလို သုံးဖြုန်းချင် သလိုဖြုန်းတော့ ဘဝပါ။ ဒီပုံစံကိုပဲ ကောင်းကြီးမင်္ဂလာ ခံစားတယ်လို့ တစ်သတ်မတ်ထဲ ဆုံးဖြတ်ရင်တော့ သေချာပေါက် မှားပါလိမ့်မယ်။

ဘုရားက အာဗြံဟံကို ကောင်းကြီးပေးတဲ့ အခါမှာ သူဟာ အဆင်ပြေ သက်သောင့် သက်သာ ဘဝထဲ ကနေ ထွက်လာ ခဲ့ရတယ်။ တကယ်တော့ သူ့မှာ သားသမီးက လွဲရင် အကုန်လုံး အဆင်ပြေ နေပြီး သားပါ။ ဒါပေမဲ့ ဘုရားကောင်းကြီးပေးတဲ့အခါမှာ သူဟာ အဆင်ပြေတဲ့ သူ့ပတ်ဝန်းကျင်ကို ထားခဲ့ ရပြီးတော့ နယ်မြေသစ် ခြေလှမ်းသစ်တွေကို စတင်ပြီးတော့ လှမ်းလာခဲ့ရတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ဘုရားကောင်းကြီးပေးတိုင်းမှာ သက်သောင့်သက်သာ ဘာမှ လုပ်စရာမလိုတော့တာပဲ မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်။ သူဟာ ကောင်းကြီးရပြီးမှပဲ စတင်ပြီးတော့တစ်ခါမှ မလုပ်ဖူးတာ ၊မသွားဖူးတာတွေကို ခြေလှမ်းရတယ်။ တချို့သော အခက်အခဲတွေ သင်မလုပ်ဖူးတဲ့ အရာတွေကို လုပ်ရတာဟာ သင်ကောင်းကြီးမခံစားရလို့ပဲမဟုတ်ဘူး။သင့်ကိုဘုရားက ကောင်းကြီးပေးလို့ သင်ဟာ အရင်က မလုပ်ခဲ့ဖူးတဲ့အရာတွေ၊အချို့သော အခက်အခဲတွေကိုရင်ဆိုင်ရတယ်ဆိုတာ ကိုသိ စေချင်တယ်။ ဒါပေမဲ့ အဲ့ဒီလို ရင်ဆိုင်ရလို့ သင် ရူံးသွားတာ မဟုတ်ဘူး။ အရင်တုန်းက မရဖူး မဖြစ်ဖူးတာတွေကို ဘုရားက သင့်ဘဝထဲမှာ ကောင်းကြီးပေးခြင်လို့ ဆိုတာကို သိထားဖို့ လိုတယ်။ သားသမီးမရှိပဲ အဆုံးသတ်ရတော့မယ့် သူတစ်ယောက်ကို များစွာသော သူတွေရဲ့ ဖခင်အနေနဲ့ ဘုရားကောင်းကြီး ပေးတယ်ဆိုတာ သက်သောင့်သက်သာ ဘဝမှာပဲ မဟုတ်ဘူး။ ကောင်းကြီးပေးတဲ့ အတိုင်း သူကိုယ်တိုင်လဲ အဲ့ဒီနေရာကို ရောက်အောင် ဘုရားနဲ့ ဖြတ်သန်းခဲ့လို့ ဆိုတာ သိစေခြင်တယ်။

စက်တင်ဘာလ ၁၉ ရက်နေ့

ဖြစ်နိုင်တာလား မဖြစ်ခြင်တာလား

ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိဟု ပြောဆိုလျှင်၊” လုကာ ၁း၃၇

မဖြစ်နိုင်ဘူးဆိုတာ မဖြစ်ခြင်ဘူးဆိုတဲ့ ဆန္ဒကနေ မြစ်ဖြားခံပါတယ်။ ဖြစ်ချင်တဲ့ ဆန္ဒရှိတဲ့သူ တစ်ယောက်အတွက် မဖြစ်နိုင်ဘူးဆိုတာ သူကျော်လွှားရမယ့် အတားအဆီးတစ်ခုပဲ ဆိုတာ ကောင်းကောင်းသိတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ဒီနေ့ အထိ ကြားဖူးတဲ့ စကားတွေ အများစုနဲ့ လုပ်မယ့် လုပ်ငန်းတွေ အများစုအတွက် လူတွေအားပေးတဲ့ စကားကလည်း ဒီစကားပဲ။ လူတွေက စိုးရိမ်လို့ ပြောပေးတာပါ။ ဒါပေမယ့် စိုးရိမ်နေလို့ အလုပ်မဖြစ်ဘူးလို့ ယေရူက ပြောတယ် မဟုတ်လား။ လူတွေ သတိမထား မိတာ ရှိတယ် မဖြစ်နိုင်ဘူးဆိုတာ တစ်စုံတစ်ယောက် မလုပ်နိုင်ခင်ပဲ ဒီဆိုင်းပုတ်က ချိတ်လို့ရတာ လုပ်နိုင်ပြီးရင် ဘာမှ မဟုတ်တဲ့ စာသားဖြစ်သွားပြီး ဖြုတ်လိုက် ရမယ် ဆိုတာကိုပါ။

ဖြစ်နိုင်တာကို ပဲလုပ်မလား မဖြစ်ဖြစ်အောင်လုပ်မလား

နေ့တိုင်း ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်က ဘာလဲ။ ငါတို့ ဖြစ်နိုင်တာလေးတွေလုပ်ပြီး ဘဝကို အသက်ရှင်မယ် ဆိုရင် ဒီနေ့ပါတ်ဝန်းကျင်က လူတွေလိုပဲ သာမန် ဘဝနဲ့ အဆုံးသတ်မယ်။ သူတို့ ပြောသလိုပြော သူတို့ တွေးသလိုပဲ တွေးရင် သူတို့ နဲ့ ဘာများ ပိုထူးတာ လုပ်နိုင် ဦးမှာလဲ။ ဆင်းရဲ့သား စိတ်ဓါတ်နဲ့ သူဌေး မလုပ်နိုင်ဘူးဆိုတာ လူတွေ မသိရော့သလား ။ နုတ်ကပါတ်တော် ထဲက ပုဂ္ဂိုလ်တွေ ဘယ်သူကများ ဖြစ်နိုင်တာတွေလုပ်ခဲ့လို့လဲ။ ပေတရုဆို တစ်ညလုံး မရတဲ့ ငါး လူတွေတောင် လက်လျှော့ ပြန်ခဲ့ပြီ ဒါပေမယ့်သခင် အမိန့်ရှိတဲ့ အခါမှာ ပိုက်ကွန်ချပြီးတော့ မဖြစ်နိုင်တာ လုပ်ပြခဲ့တယ် မဟုတ်လား။ လူ့သမိုင်းတလျှောက် မဖြစ်နိုင်တဲ့ ရေပေါ် လမ်းလျောက်ထွက်ခြင်းကိုလည်း ပေတရုက လုပ်နိုင်ခဲ့တယ်။ လောကရဲ့ သိပ္ပံတွေ၊ သဘောသဘာဝတွေ လက်မခံ နိုင်တာတွေကို ယုံကြည်ခြင်းရှိတဲ့ သူတွေက လုပ်နိုင်ခဲ့တယ် ဆိုတာ ကျမ်းစာအုပ် တစ်အုပ်လုံးက သက်သေပဲ မဟုတ်လား။ ဒါကြောင့်ဘဝဆိုတာ ကားမောင်း သလိုပါပဲ

မောင်းတဲ့ သူ ကွေ့တဲ့ ဘက်ကိုပဲ ကားကလည်း လိုက်ကွေ့ မှာပါ။ သင်ယုံကြည်တဲ့ အတိုင်းပဲ သင်ရွေးချယ်တဲ့ လမ်းပဲ သင်လျောက်ရမှာ ဒါကြောင့် မဖြစ်နိုင်တာတွေကို မေ့ထားပြီး ဖြစ်ခြင်တဲ့ စိတ်နဲ့ ခြေလှမ်းရင် ဘဝမှာ မဖြစ်လာနိုင်စရာတွေ ဘာမှ မရှိ ဘူး ဆိုတာ မှတ်ထားပါ။

စက်တင်ဘာလ ၁၈ ရက်နေ့

မျှော်လင့်ခြင်း

“အကြောင်းမူကား၊ ခပ်သိမ်းသော ပြည့်စုံခြင်းကို သားတော်၌ ကျိန်းဝပ်စေခြင်းငှါ၎င်း၊” ကော ၁း၁၉

မျှော်လင့်ခြင်းဆိုတာ

အရာဝတ္တု တစ်ခုမဟုတ်သလို၊ နေရာတစ်ခုကို ရည်ညွှန်းခြင်းလည်း မဟုတ်ဘူး။ အတွေ့အကြုံလည်း မဟုတ်သလို အခြေအနေတစ်ခုကို ဖေါ်ညွှန်းခြင်းလည်း မဟုတ်ဘူး။ မျှော်လင့်ခြင်းဆိုတာ ပုဂ္ဂိုလ် ဖြစ်ပြီးတော့ အဲ့ဒီသူကတော့ တစ်ဦးတည်းသော သခင်ယေရှု သာလျင် ဖြစ်တယ်။ ပတ်ဝန်းကျင်ကို တစ်ချက် ငဲ့ကြည့်မယ်၊ ဖြစ်ပျက်နေတဲ့ အရာတွေကို လေ့လာကြည့်မယ် ဆိုရင် လူတွေ ဒီနေ့ စိတ်ဓါတ်ကျနေရင်း အကြောင်းအရင်းကို သင်မြင်ရမှာပါ။ မျှော်လင့်ခြင်းကို တစ်စုံတစ်ခုအပေါ်မှာ ဒါမှမဟုတ် ငွေကြေးနဲ့ ပိုင်ဆိုင်မှု အပေါ်မှာ၊ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ အလုပ်ရှင်ပေါ်မှာ၊ လူတွေအပေါ်မှာ ထားတဲ့လူတွေဟာ မကြာတဲ့အချိန်မှာ စိတ်ဓါတ်ကျခြင်းကို ကြုံတွေ့ရတယ် ဆိုတာတွေ့ရတယ်။ ဘာလို့များ ဒီလိုဖြစ်ရတာလဲ။ လောကကမှာ ဘယ်အရာကမှ သင့်မျှော်လင့်ခြင်းကို မဖြည့်ဆည်းပေးနိုင်ဘူး။ ဘယ်အရာကိုမှလည်း သေချာပေါက်မျှော်လင့်ထားလို့မရဘူးဆိုတာ သိပါ။

မျှော်လင့်တဲ့ အရာမဖြစ်လာတဲ့အခါမှာ

မဟုတ်ရင်တော့ မျှော်လင့်တဲ့ အရာမဖြစ်လာတဲ့အခါမှာ ဖြစ်တဲ့ခံစားချက်က ဘာနဲ့မတူဘူး။ အခုလက်ရှိ ကြုံနေရတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ဘာကို ပိုသိလာရ သလဲဆိုရင် မျှော်လင့်ခြင်းက ဘုရားဆီမှာပဲ ထားရမယ်ဆိုတာ ပိုသိလာတယ်။ ဆေးဝါးဆီမှာ မျှော်လင့်ချက် မရှိသလို၊ ငွေကြေးကလည်း ကျွန်တော်တို့ မျှော်လင့်တဲ့ အရာတွေကို မယူဆောင် ပေးနိုင်တော့ဘူး။ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ အရာတွေ၊ ရာထူးတွေကလည်း ဒီအရာထဲကနေ ကယ်ထုတ်ဖို့ အတွက် မျှော်လင့်စရာ လုံးဝကို မရှိတာ။ ဘယ်လို အခြေအနေမဆို မပြောင်းလဲပဲ အစဉ်အမြဲတည်တာ၊ ဘယ်လို အခြေအနေမဆို မစွန့်ပစ်ပဲ ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးပြီး မျှော်လင့်ချက်တွေကို ဖြည့်စွမ်း ပေးနိုင်တာ ယေရှု တစ်ပါးတည်းပဲ ရှိတယ်။ ယေရှု ပေးတဲ့မျှော်လင့်ချက် ဒီလောက အတွက်ပဲ ခဏအတွက်ပဲ မဟုတ်ဘူး နောင်တမလွန် ထာဝရကာလ အတွက်ပါ သူက တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ဒါကြောင့် တခြားအရာတွေကို မျှော်လင့်မယ့် အစား စစ်မှန်တဲ့ မျှော်လင့်ခြင်း အလင်းရောင်ဖြစ်တဲ့ ယေရူကိုသာ ကိုးစားမျှော်ကြည့် ဖို့ အရမ်း အရေးကြီးတယ်။ ဘုရားက သားတော် ယေရှုခရစ်တော် အထဲမှာ အရာခပ်သိမ်း ထည့်ထားပြီးသား ဖြစ်တဲ့အတွတ် သင့်မျှော်လင့်နေတဲ့ အရာခပ်သိမ်းက ယေရူခရစ်တော် အားဖြင့်ပဲ ပြည့်စုံလာမှာ သေချာပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့

ခမ်းခြောက်ခြင်းတွေကြုံတွေ့ရင် ဘယ်လိုတုန့်ပြန်မလဲ?

“နောက်တစ်ဖန် မိုးမရွာသောကြောင့် ချောင်းရေခမ်းခြောက်လေ၏။” ၃ရာ ၁၇း၇

သင့်ဆုတောင်းချက်ကို မမေ့ပါနဲ့

နေ့စဉ် အသက်ရှင်ဖို့ အတွက် အဓိက စီးဆင်းနေတဲ့ သင့်ဘဝရဲ့ ဝင်ငွေတွေ မစီးဆင်းတော့ပဲ ခမ်းခြောက်သွားရင် ဘယ်လိုတုန့်ပြန်မလဲ?
အရမ်းကို အားထားခဲ့ရတဲ့ အသက်ရှင် ရပ်တည်စရာ လုပ်ငန်းတွေဟာ လုံးဝကို မစီးဆင်းတော့ရင် ဘယ်လို လုပ်မလဲ?
အရင်က အဆင်ပြေနေတဲ့ အရာတွေက အခု လုံးဝကို အဆင်မပြေတော့ဘူး ဆိုရင် သင်ဘယ်လို ရှေ့ဆက်ဖို့ စဉ်းစားထားလဲ?

လူ့ဘဝဆိုတာ ဘယ်အရာမှ ပုံသေနည်း မရှိဘူး။ ဘယ်အရာမှ အစဉ်အမြ၊ မပြောင်းလဲပဲ တည်နေတယ်ဆိုတာ မရှိဘူး။ အမြဲ မပြောင်းလဲပဲ တည်တာ တစ်ခုပဲရှိတယ်။ အဲ့ဒါက ဘုရားက သင်ဘယ် အချိန်ခေါ် ခေါ် ဘယ်လို နေရာရောက်ရောက် သူကတော့ သင့်ခေါ်သံကိုကြားတယ် သင့်ကို ကယ်မဖို့အမြဲ အသင့်ရှိတယ်။ တစ်ကယ်တော့ ခေရိတ်ချောင်းကြီး ခမ်းသွားတာ မိုးမရွာတော့လို့ပါ။ အဲ့လို မိုးမရွာဖို့လဲ ဧလိယကြီး ကိုယ်တိုင် ဆုတောင်းခဲ့တာ မဟုတ်လား။ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ဘုရားဘက်မှာ ပြောင်းလဲဖို့ သူဆန္ဒ ရှိခဲ့တယ်။ ဘုရား ထံကိုပြန်လှည့်ဖို့ သူ့တောင်းချက်က ထိရောက်တယ် ပြောရမလားပဲ။ သူ့အနား စီးဆင်းတဲ့ ချောင်းတောင် ရပ်သွားတယ်။ သင့်ကြုံနေရတဲ့ တချို့အရာတွေက ဘာကြောင့်မှ မဟုတ်ဘူး ကိုယ်ဆုတောင်းချက်ကြောင့် ဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် စိတ်ဓါတ်ကျတာတွေ ဘုရားကို အပြစ်တင်တာတွေ လုပ်မယ့်အစား ကျေးဇူးတော် ချီးမွမ်းဖို့ လိုတယ်။ နောက်တစ်ချက်က အရင်းအမြစ်သည် ဘုရားဖြစ်တယ်ဆိုတာကို မမေ့ဖို့ ပါပဲ။ ချောင်းတွေ မြစ်တွေ ရပ်တန့်သွားလဲ ဘုရားကတော့ ကြည့်ရှုစောင့်မ ကျွေးမွေးနေဦးမယ် ဆိုတာ ယုံပါ။ အပြောင်းအလဲ တချို့ဆီကို သွားတဲ့အခါမှာ အရေးကြီးဆုံးက တချို့သော အဆင်မပြေမူတွေကို ကိုယ်တိုင် ရင်ဆိုင် ရနိုင်တယ်။ ဒါပေမဲ့ ဘုရားကတော့ အဲ့ဒီ အပြောင်းအလဲထဲမှာ အလှပဆုံး လုပ်ဆောင် ပေးမယ်ဆိုတာကို သိပါ။ ကိုယ့်ဆုတောင်းချက် အဖြေရနေလို့ ရမှန်း မသိပဲ အပြစ်ပဲ ထိုင်တင်နေတဲ့ လူတွေထဲမှာ သင် မပါနဲ့။ တချို့အရာတွေက ဆုတောင်းတဲ့ အထဲမှာ မပါပေမယ့် ဆုတောင်းခြင်း အဖြေဆီကို သွားတဲ့ ဖြစ်စဉ်ထဲမှာ ပါတယ်။ ဒါကြောင့် ဘုရားနဲ့ ဆက်သွားပါ။ အသက်ရှင်ဖို့ ပင်မ အရာတွေ ရပ်တန့်သွားလည်း သင့်ကိုထောက်ပံ့ ကျွေးမွေးတဲ့ ဘုရားရဲ့ လက်တော်က မရပ်တန့်ပါဘူး။

သူဆက်လက်လမ်းပြဖို့ စောင့်မျှော်ပါ

ကိုယ်ရဲ့ အဓိကအရာတွေ ရပ်တန့်သွားတဲ့ အခါမှာ စိတ်ဓါတ်ကျတာ အပြစ်တင်တာတွေကို ရပ်တန့်ပြီးတော့ ဘုရားဆက်လက်လမ်းပြခြင်းကို ခံယူဖို့ သိပ်ကိုအရေးကြီးတယ်။ ဧလိယ အတွက် ခေရိတ်ချောင်းကြီး ခမ်းသွားတာဟာ ကမ္ဘာကြီး ပျက်ဆီးသွားတာ မဟုတ်ပါဘူး။ ဘုရားက သူ့ကို ကျွေးမွေးဖို့ အတွက် အခြားသော နည်းလမ်းတွေကို ပြင်ဆင်ထားပေး ပြီးသားပါ။ ဒါကြောင့် မကျေနပ်ချက်တွေ အပြစ်တင်တာတွေကို သူမလုပ်ခဲ့ဘူး။ လုပ်မယ်ဆိုရင် ဘုရား ဆက်လက် လမ်းပြတာကို သူကြားတော့မှာ မဟုတ်ဘူး။ ဒီနေ့ လူအချို့ ခေရိတ်ချောင်းကြီး ခမ်းတာလောက်နဲ့ သေခြင်စိတ်ပေါက်ပြီးတော့ အဲ့နားမှာပဲ သေဖို့ လုပ်နေကြတယ်။ နေ့တိုင်း မကုန်ခမ်းနိုင်ပဲ တိုးပွားနေတဲ့ မုဆိုးမအိမ်ကို ဘုရားပြင်ထားတယ်ဆိုတာ သူတို့ ဆက်မကြားတော့ဘူး။ ဘုရားအသံကို ကြားမယ်ဆိုရင် သူ့အတွက် ဘုရားရဲ့ ပြင်ဆင်ထားတဲ့ နေ့စဉ်ထောက်ပံ့ခြင်းကို မြင်တွေ့ ခံစားရမှာ သေချာတယ်။ ဒါကြောင့် အသက်တာမှာ ဒီနေရာ ပုံမှန် လည်ပတ်နေတဲ့ အရာတွေရပ်တန့်သွားလဲ မရပ်တန့်ပဲ ဆက်လက် ပို့ဆောင်မယ့် ကောင်းကြီးပေးမယ် အရာကို လမ်းပြဖို့အတွက် မျှော်လင့်ပါ။ အကောင်းဆုံး ဘုရားပို့ဆောင်ခြင်းကို မြင်တွေ့ခံစားရမယ်။ 

စက်တင်ဘာလ ၁၆ ရက်နေ့

စုံလင်ခြင်း

“ထိုကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်း ရှိကြလော့။-” မဿဲ ၅း၄၈

မစုံလင်တဲ့ နေ့ရက်တွေ

အဘက်ဘက်မှာ ပျက်ဆီးယိုယွင်း လာတဲ့လောကကြီးထဲ မှာ ပြီးပြည့်စုံတဲ့ ဘဝအသက်တာနဲ့ လျောက်လှမ်းဖို့ ဆိုတာ ဖြစ်နိုင်ပါအုံးမလား? ငွေကြေးတွေ စုံလင်ဖို့၊ စုံလင်တဲ့ အောင်မြင်မူတွေရဖို့နဲ့ စိတ်ထားစုံလင်ဖို့ အိမ်မက်တွေ စုံလင်လာဖို့ ဆိုတာ တစ်ကယ်ရော ဖြစ်နိုင်ပါအုံးမလား? စုံလင်ခြင်းဆိုတာ လူတိုင်း တောင့်တတဲ့ အရာတစ်ခုမဟုတ်လား? စုံလင်ခြင်းဆိုတာ နေ့ခြင်း ညချင်းတော့ ဖြစ်မလာနိုင်တာ လူတိုင်းသိတယ်။

တမန်တော်ကြီးရှင်ပေါလုက တော့ ဒီလိုဆိုတယ်

“စုံလင်ခြင်းသို့ရောက်သော အခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက် ကြလိမ့်မည်။-”

 လူတိုင်း မှာ မစုံလင်တဲ့ မရင့်ကျက်သေးတဲ့ အချိန်ရှိသလို အဲ့ဒီမစုံလင်တဲ့ အရာတွေ ပျောက်ကွယ်သွားတဲ့ အချိန်လဲ ရှိတယ်။ မစုံမလင်နဲ့ ရှင်သန် နေရင်းနဲ့ စိတ်ဓါတ်မကျပဲ အသက်တာကို ရှေ့ဆက် တိုးမယ် ဆိုရင်တော့ စုံလင်တဲ့ နေ့ရက်ကို ရောက်ရှိမယ်။ ထိုအခါမှာတော့ မစုံလင်ခြင်းက ဖယ်ရှားစရာ မလိုတော့ပါ။ စုံလင်ခြင်းကို သွားရာလမ်းလို့ပဲ ဆိုရမယ်။ ဒါကြောင့် ကိုယ်တိုင် မစုံလင်တဲ့ နေ့ရက်တွေကို ကြုံရတဲ့အခါမှာ စိတ်ဓါတ်ကျဖို့ မဟုတ်ပဲ စုံလင်ခြင်းနေ့ရက်တွေ ရောက်လာဦးမယ် ဆိုတာကို အားမလျှော့ပဲ မျှော်ကြည့် တတ်ဖို့လိုတယ်။ မဟုတ်ရင်တော့ ဘယ်တော့မှ စုံလင်တဲ့ နေ့ရက်တွေကို မြင်တွေ့ရတော့မှာ မဟုတ်ဘူး။

အဘ စုံလင်ခြင်းရှိသလို စုံလင်ရမယ်

လူတစ်ယောက်ရဲ့ အမြင့်ဆုံး စုံလင်ခြင်း ပန်းတိုင်က ဘယ်လောက် အတိုင်းအတာထိလဲ? လူပဲ စုံလင်နိုင်ပါ့မလား? စတဲ့ မေးခွန်းတွေ သင့်ဆီမှာလည်း ရှိမှာ သိပါတယ်။ ဒါပေမဲ့ နုတ်ကပတ်တော်က ဖေါ်ပြထားတဲ့ စုံလင်ခြင်းက ကိုယ့်ရဲ့ ပေတံတွေနဲ့ တိုင်းလို့တော့ မရဘူး။ ကောင်းကင်အဘ စုံလင်ခြင်း ရှိသလို စုံလင်ရမယ်။ ကျွန်တော်တို့ ရဲ့ အမြင့်ဆုံးပန်းတိုင်က လူတစ်ဦး တစ်ယောက် လုပ်ခဲ့ဖူးသလောက်ပဲ မဟုတ်ဘူး၊ ခမည်းတော်ရဲ့ စုံလင်ခြင်း ပမာဏ အထိဖြစ်တယ်။ မဖြစ်နိုင်ဘူး လို့မထင်ပါနဲ့ ဘုရားက ဖြစ်စေခြင်လို့ ပြောထားတာပါ။ အဘက်ဘက်မှာ လောကကြီးက မစုံလင်တော့ပေမယ့် ဘုရားကတော့ စုံလင်လျက်ပါ။ အဲ့ဒီအတိုင်းပဲ သူ့သား သမီးတွေကိုလဲ ဘုရားက သူ့ရဲ့ စုံလင်ခြင်း ပမာဏအထိ ပို့ဆောင်ပေးဦးမယ်ဆိုတာ ယုံပါ။ အခြားသူတွေကို ကြည့်ပြီး သူလောက်တော့ ငါမစုံလင်နိုင်ဘူး ဆိုပြီး စိတ်ဓါတ်ကျဖို့လည်း မဟုတ်သလို ကိုယ်ထက် မစုံလင်တဲ့သူကိုကြည့်ပြီး မဆိုးပါဘူးဆိုပြီးတော့ ကျေနပ်နေဖို့လည်း မဟုတ်ဘူး။ ကောင်းကင်ဘုံအဘ ဖြစ်စေခြင်တဲ့ စုံလင်ခြင်း အတိုင်းအတာ အထိရောက်အောင် လျောက်လှမ်း နိုင်ဖို့ ဆုံးဖြတ်ပါ။ ဘုရားရဲ့စုံလင်ခြင်း အတိုင်း သဘောပေါက် အသက်ရှင်တဲ့ သူအသက်တာမှာ မစုံလင်ခြင်း အားလုံးက ကွယ်ပျောက် သွားရမှာပါ။

စက်တင်ဘာလ ၁၅ ရက်နေ့

ဘုရားကိုရှာပါ

“ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။” အာမုတ် ၅း၆

ဘယ်သူမှ မငြိမ်းနိုင်သောမီးမှ

လောက ကြီးရဲ့ အပူမီးတွေကို ဘယ်သူတွေက လိုခြင်ပါ့မလဲ? နေ့စဉ် လောကကြီးမှာ ကြင်လည်တဲ့ အချိန်မှာ မီးပေါင်းစုံ ဝိုင်းရံထားခြင်း ခံရသလိုပဲ အပူမီးတွေ အမျိုးမျိုး ရှိတယ်မဟုတ်လား? လူတိုင်း တွေးနေကြတဲ့ အတွေးတွေထဲမှာ ဒီလို မီးတွေကနေ လွတ်ဖို့လည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ်နည်း ကိုယ်ဟန်နှင့် ကိုယ်ကြိုးစားမှုနဲ့ လွတ်ဖို့ ကြံရွယ်နေတယ် ဆိုရင်တော့ မေ့လိုက်ပါ။ ပရောဖက် အာမုတ်က ပြောတယ် တချို့သော မီးတွေက ဘယ်သူမှ ငြိမ်းနိုင်မှာ မဟုတ်ဘူးတဲ့။ ကိုယ်တိုင် ကြိုးစားမှုနဲ့ မငြိမ်းနိုင်သလို သင့် အဲ့ဒီလို မီးငြိမ်းသွားအောင် လောကမှာ ဘယ်လူသားကမှ ကူညီနိုင်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေ ကျွန်တော်တို့က အခြားသူတွေ မကူညီလို့ စိတ်ဆိုး ဒေါသ ဖြစ်နေကြတယ်။ ကိုယ်လောင်နေတဲ့ မီးကိုမငြိမ်းပေးလို့ စိတ်ဆိုးရင် လောင်တဲ့မီးက ငြိမ်းသွားမှာ မဟုတ်တဲ့အပြင် လောင်တဲ့မီး ထပ်တိုးသွားမှာပဲ ရှိမှာပေါ့။ သက်သွားမှာ မဟုတ်ဘူး။

ပရောဖက် အာမုတ်အားဖြင့် ဘုရား အမိန့်တော်က အဲ့ဒီလိုမျိုးမီးကနေ ဘယ်လို လွတ်နိုင်မလဲဆိုတာ လမ်းပြထားတယ်။ အရေးကြီးဆုံးကတော့ အဲ့ဒီမီးတွေ အားလုံးကို ငြိမ်းသက်နိုင်တဲ့ တစ်ဦးတည်းသော ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာခြင်းပါပဲ။ ပူလောင်တဲ့မီး ချုပ်ငြိမ်းဖို့နဲ့ အသက်ချမ်းသာရာ ရဖို့အတွက် နေ့စဉ်အသက်တာမှာ ဘုရားကိုအချိန်ပေးပြီး ရှာဖို့ အရေးကြီးတယ်။ ဘုရားနဲ့တစ်ဦးချင်း အချိန်ယူတယ် ဆိုတာက ဘာသာရေး လုပ်ရိုးလုပ်စဉ် မဟုတ်ဘူး ။ သင့်ဘဝရဲ့ အပူ ပေါင်းစုံကနေ ငြိမ်းသက်ခြင်းအတွက် အရေးကြီးတဲ့ လျို့ဝှက်ချက်တစ်ခုပါ။ ဒီလောက် လောင်နေတဲ့ လောကြီးထဲမှာ ဘာလို့များ အပူတွေ မဟပ်ပဲ အသက်ရှင်နိုင်သလဲလို့ မေးရင်၊ နေ့စဉ် ဘုရားနဲ့ နီးကပ်စွာ အချိန်ယူနေခြင်းကြောင့်လို့ပဲ ဖြေဖို့ရှိတယ်။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်လိုပေါ့။ အင်မတန်ပြင်းတဲ့ မီးလောင်နေတဲ့ အထဲကို ချပစ်ခြင်း ခံရပေမဲ့ သူတို့ဟာ မီးဟပ်ခြင်း အပူလောင်ခြင်းကို နည်းနည်းလေးမှ မခံရဘူး။ အဲ့ဒါသူတို့ အရည်အချင်း မဟုတ်ပဲ ဘုရားဟာ သူတို့နဲ့ နီးကပ်စွာ ရှိနေခြင်းကြောင့်ပဲ။ သင့်ဘဝရဲ့ အပူတွေကိုလဲ တခြားနည်းနဲ့ ငြိမ်းဖို့ မကြိုးစားနဲ့။ ဘုရားကို ရှာခြင်းအားဖြင့်ပဲ သင့်ဘဝရဲ့ အပူ ရှိသမျှ ကနေ သေချာပေါက် ငြိမ်းစေလိမ့်မယ်။ နေ့စဉ် ရှာဖို့ အချိန်ပေးဖို့ ပဲလိုတယ်။

စက်တင်ဘာလ ၂ ရက်နေ့

ငါ့ကိုခေါ်လော့ (၇)

“တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။ ငါ​သည်​လည်း၊ သင်​တို့​အ​တွေ့​ကို​ခံ​မည်။ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ခံ​ရ​သော သိမ်း​သွား​ခြင်း​အ​မှု​ကို ငါ​သည်​ဖြေ​ရှင်း​ခြင်း​ငှာ၊ တိုင်း​နိုင်​ငံ​အ​ရပ်​ရပ်​တို့​မှ သင်​တို့​ကို ငါ​စု​သိမ်း​ပြီး​လျှင်၊ အ​ထက်​က ငါ​နှင်​ထုတ်၍ သင်​တို့​ရှုံး​သော​ပြည်​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။” ယေရမိ ၂၉း၁၂-၁၄

နှလုံးသားအကြွင်းမဲ့နှင့်

ထိုသို့ ဘုရားနာမကို ခေါ်ခြင်းက ဘယ်လောက်တောင် ထူးခြားသလဲ ဆိုတာ တစ်ပတ်လုံး လေ့လာခဲ့ကြပြီးပြီ။ ဘုရားကို ခေါ်တာလောက် ထူးခြားတဲ့ အသက်တာကို ခံစားရတာ အခြား မရှိဘူး။ သင်ဘုရားကို ခေါ်တဲ့အချိန်မှာ အခြားလူတွေ မြင်ချင်မှ မြင်မယ်။ ကြားချင်မှ ကြားမယ်။ လူတွေ မမြင်ကွယ်ရာမှာ နှလုံးသား အကြွင်းမဲ့နှင့် ဘုရားကိုခေါ်ခြင်းက လူတွေ မကြားပေမယ့် ဘုရားကြားတယ်။ ဘုရားက အကျိုးကိုတော့ အမြဲတမ်း လူတွေရှေ့မှာ ထင်ရှားစွာ ဆပ်ပေးတဲ့ ဘုရားဖြစ်တယ်။ ဘုရားက လူတွေနဲ့ မတူဘူး ။အကျိုးပေးရင် အမြဲတမ်း ထင်ရှားစွာ ဆပ်ပေးတယ်။

ယေယမိအားဖြင့် ဘုရားက စကားပြောတဲ့အခါမှာ ဒီအရာကို ရှင်းလင်းစွာမြင်ရတယ်။ ယေယမိ ၂၉း၁၁ ဟာ နာမည်ကြီးတဲ့ ကျမ်းပိုဒ် တစ်ခုဖြစ်တယ်။ ဘုရားက ကျွန်တော်တို့အပေါ်မှာ ကြီးမားတဲ့ အကြံအစည်တွေ ရှိတယ် ဆိုတာ ဖေါ်ပြထားတယ်။ ဒီလိုကြီးမားတဲ့ အကြံအစည်တွေ အသက်တာမှာ ပြည့်စုံဖို့ဆိုတာ ကိုယ့်ကြိုးစားမှု ကိုယ်တော်ခြင်း တတ်ခြင်းနှင့် ဘယ်တော့မှ မလုံလောက်ဘူး။ ဘုရားက အသက်တာမှာ ပြည့်စုံစေမှ ဖြစ်တာပါ။ ဒီလိုပြည်စုံဖို့ ဆိုတာလဲ အဲ့ဒီဘုရားကို ခေါ်တဲ့သူတွေ အသက်တာမှာ ပြည့်စုံစေတာပါ။ ဘုရားကိုခေါပြီး သွားလာတဲ့ သူတွေအသက်တာမှာ ဖြစ်လာမယ့် အရာတွေကိုတော့ သူ့နောက်မှာဖေါ်ပြထားတယ်။ အရင်ဆုံးကောင်းကြီးကတော့ ဆုတောင်းတဲ့ အခါမှာ ဘုရားက နားထောင်တာပါ။ အမြင့်ဆုံးသောဘုရားက သင့်စကား နားထောင်တယ်ဆိုတာ လောက်ကြီးတာ ဘာများရှိအုံးမလဲ? နောက်တစ်ခုကတော့ ဘုရားရဲ့အတွေ့ခံခြင်းပါ။ ဘုရားကို တွေ့မြင်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ သူနာမကို ယုံကြည်ခြင်း၊ အားကိုးခြင်းနှင့် ခေါ်တဲ့သူတွေကို ဘုရားက အတွေ့ခံတယ်။ အရင်တုန်းက ဆုံးရှုံးသွားတာတွေ ဘုရားက ပြန်ပေးတယ်။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တာဝန်ယူ ဖြေရှင်းပေးတယ်။ ဒီလောက်ကောင်းတဲ့ ဘဝ ဘယ်မှာများ ရနိုင်အုံးမှာလဲ? ဒါတောင်မှ တချို့က ဘုရားကိုခေါ်ဖို့ အချိန်မပေး နိုင်ကြတာ အံဩဖို့ ကောင်းတယ်။

စက်တင်ဘာလ ၁ ရက်နေ့

ငါ့ကိုခေါ်လော့ (၆)

သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊” ဟေရှာယ ၅၈း၉

ထမ်းပိုးကို ပယ်ရှား ပေးမယ်

လေးလံတဲ့ ဝန်ထုပ်တွေကို လူတိုင်း မကြိုက်နှစ်သက်ကြပေမဲ့ ဝန်ထုပ်တစ်ခု မဟုတ် တစ်ခုတော့ ထမ်းနေ ရကြတာပဲ မဟုတ်လား? နောက်လူတွေရဲ့ လက်ညိုးခြင်းနှင့် ကဲ့ရဲ့ခြင်းတွေကိုလည်း လူတိုင်း ကြိုက်နှစ်သက်ကြတာတော့ မဟုတ်ပေမယ့် တစ်နည်းနဲ့မဟုတ် တစ်နည်းရင်ဆိုင် နေရကြတယ်။ ဒီလို ဘဝတွေ ဘယ်လိုများ လွတ်မြောက်ခွင့် ရမလဲလို့ လူတိုင်း ရင်ထဲက မေးနေတဲ့ မေးခွန်း တစ်ခုလဲ ဖြစ်တယ်။ ဒီနေ့လေးလံတဲ့ ဝန်ထုပ်တွေက လွတ်မြောက်စေတဲ့ အရှင်သခင်ယေရူက ဝန်လေးသော သူအပေါင်း ငါထံသို့ လာပါလို့ဖိတ်ခေါ်နေတယ်မဟုတ်လား? ဒါတင်မကဘူး သင့်ဘဝရဲ့ အရှက်ကွဲစရာတွေ အားလုံး ကိုယ်စားသူခံပြီး သွားတာဖြစ်တဲ့အတွက် သင့်အသက်တာမှာ ရင်ဆိုင် နေရတဲ့ အရှက်ကွဲခြင်း ကဲ့ရဲ့ခြင်း စကားတွေကိုလဲ သူက ဖယ်ရှားပေးနိုင်တယ်။ အဲ့ဒါထက် ပိုပြီး တော့ အဲ့လို ခံခဲ့ရတဲ့ အတွက်လဲ သူဟာ အကျိုးကို ပြန်လည်ပြီးတော့ ဆပ်ပေးတဲ့ဘုရားပါ။

ဟေရှာယကတော့ ဘုရားကို ခေါ်တတ်တဲ့သူ၊ အခြေအနေတိုင်းမှာ ခိုလှုံတတ်တဲ့သူက သူတို့ဘဝရဲ့ လေးလံတဲ့ ဝန်ထုပ်တွေ ထမ်းပိုးတွေကို ဘုရားက ဖယ်ရှားပေးမယ်လို့ဆိုတယ်။ သင်ကိုယ်တိုင် ရုန်းလို့ ဘယ်လိုမှ မရနိုင်တဲ့ ထမ်းပိုး အမျိုးမျိုးတွေကို လွတ်ဖို့ ဘုရားကို ယုံကြည်ခြင်း၊ အားကိုးခြင်းနှင့် ခေါ်ဖို့လိုတယ်။ သူက အဲ့ဒီ ထမ်းပိုးတွေအတွက် သူ့ကိုခေါ်တဲ့သူတွေရဲ့ အသက်တာကနေ ဖယ်ပေးမယ်လို့ ကတိရှိတယ်။ နောက်ပြီးတော့ အရှက်ကွဲခြင်း အမျိုးမျိုးနှင့် ကဲ့ရဲ့ခံဲရခြင်းတွေကလည်း သင့်ကို ကယ်တင်စောင့်မ မယ်။ ခေါ်တဲ့အခါမှာ လေကုန်တာပဲ အဖတ်မှာမဟုတ်ဘူး။ အကျိုး အမျိုးမျိုးကို ဖြစ်ထွန်းစေတာပါ။

သြဂုတ်လ ၃၁ ရက်နေ့

ငါ့ကိုခေါ်လော့ (၅)

“ငါ​ရွေး​ကောက်​သော​ သူ​တို့​သည် အ​ချည်း​နှီး​ မ​လုပ်​ မ​ဆောင်​ရ​ကြ။ အ​သက်​တို​သော​ သား​ကို မ​ဖွား​မ​မြင်​ရ​ကြ။ ကိုယ်​တိုင်​ မှ​စ၍ အ​မျိုး​အ​နွယ်​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ ပေး​တော်​မူ​သော ကောင်း​ချီး​ မင်္ဂ​လာ​ကို ခံ​ရ​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​ မ​ခေါ်​မီ​က​ပင် ထူး​မည်။ လျှောက်​စဉ်​တွင်​ပင် ငါ​နား​ထောင်​မည်။” ဟေရှာယ ၆၅း၂၃-၂၄

မခေါ်မှီကပင်

ဘုရားရွေးကောက်ထားတဲ့ သူတစ်ယောက်ရဲ့ အသက်တာမှာ ရရှိတဲ့ အာမခံချက်က ဘယ်လောက်များကြီးသလဲ? လောကအလုပ် လုပ်တဲ့သူတောင် အလုပ်ရှင်က အာမခံချက်တွေ အပြည့်ပေးထားတယ်မဟုတ်လား? ဘုရားရွေးကောက်ထားတဲ့ သူဆို ပိုလို့တောင်များသေးတယ်။ အရေးကြီးတာက ရွေးကောက် သူတစ်ယောက် အသက်တာမှာ ဘုရားပေးထားတဲ့ ကတိတော်တွေကို သေချာ အတိအကျ သိဖို့ပဲ။ မဟုတ်ရင်တော့ အလကားဆုံး ရူံးလိမ့်မယ်။

ဟေရှာယ အားဖြင့် ဘုရား ဖေါ်ပြထားတဲ့ ရွေးကောက်ခံရတဲ့ သူတစ်ယောက်ရဲ့ အာမခံချက်တွေကို သိရတော့ ဘုရား ဘယ်လောက်တောင် ကောင်းမြတ်သလဲ ဆိုတာ တွေ့ရတယ်။ ရွေးကောက် ခံထားရတဲ့ သူတစ်ယောက်ဟာ ဘယ်တော့မှ မချည်းအနှီး မလုပ်ရဘူး။ သူဘာလုပ်လုပ် ဘုရားက အကျိုးပြန်ပေးတယ်။ သေချာမှတ်ထားတယ်။ စိုက်တဲ့အတိုင်း ပိုကောင်းတဲ့ အရာတွေကို ရိတ်သိမ်းစေတယ်။ ဘယ်တော့မှ အသက်တိုတဲ့ သားသမီးတွေကို မဖွားမြင်ရဘူး။ ဒါတကယ့်ကောင်းကြီး။ ဘာပဲ ဘုရားပေးပေး အကောင်းဆုံးနှင့် အကြာဆုံး ခံစားရမယ် ဆိုတဲ့ သဘော။ သူ့ရဲ့အသက်တာဟာ ကောင်းကြီး မင်္ဂ​လာနှင့် ပြည့်နှက်နေပြီးတော့ အကောင်းတကာထဲက အကောင်းဆုံးကတော့ သူမခေါ်မှီကပင် ထူးတာပါပဲ။ ဘယ်လောက်များ ကောင်းတဲ့ ဘဝအသက်တာလဲ? သူအသက်တာရဲ့ လိုအပ်ချက်တွေကို တာဝန်ယူတယ်တောင်မဟုတ်ဘူး ။သူ ဘုရားကို တ ဖို့ တောင် နုတ်က မဖွင့်သေးဘူး ကောင်းကြီးပေးဖို့ တံခါးက ပွင့်နေပြီ။

သြဂုတ်လ ၃၀ ရက်နေ့

ငါ့ကိုခေါ်လော့ (၄)

“သူ​သည် ငါ့​ကို​ချစ်​သော​ကြောင့်၊ သူ့​ကို ငါ​ကယ်​နုတ်​မည်။ ငါ၏​နာ​မ​ကို​သိ​သော​ကြောင့်၊ သူ့​ကို ငါ​ချီး​မြှောက်​မည်။ သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။ ရှည်​သော​အ​သက်​နှင့် သူ့​ကို​ရောင့်​ရဲ​စေ၍၊ ငါ၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို သူ့​အား​ပြ​မည်။” ဆာလံ ၉၁း၁၄-၁၆

သူ့ဘက်မှာနေပြီးချမ်းသာပေးမယ်

တစ်လောကလုံးကိုယ့်ဘက်မှာ မရှိရင်တောင် အသက်ရှင်ပြီး တစ်လောကလုံးကို ဖန်ဆင်းတဲ့ဘုရား ကိုယ့်ဘက်မှာ ရှိတယ်ဆိုရင် ဘယ်သူကများ အားငယ်နေဦးမှာလဲ? ဘုရားက ကတိပေးထားတယ် ဒုက္ခခံရတဲ့အချိန်မှာ သူ့ဘက်မှာနေပြီးတော့ ချမ်းသာပေးမယ်ဆိုတာ။ ဒါပေမဲ့ လူတိုင်းကိုတော့ မဟုတ်ဘူးဆိုတာ သိစေချင်တယ်။ ဆာလံ ၉၁ ဟာ လူတိုင်း အလွတ်နီးပါးရတဲ့ ဆာလံသီချင်း တစ်ပုဒ်ပါ။ ဒါပေမဲ့ အလွန် အနှစ် သာရရှိတဲ့ ဘုရားရဲ့ နှလုံးသားကို မြင်စေတဲ့ နုတ်ကပတ်တော် တွေများစွာပါဝင်တယ်။ ဘုရားက ဘ​ယ်လိုလူတွေ ခေါ်တဲ့အခါမှာ ထူးပြီးတော့ သူတို့ဘက်ကနေ ပြီးတော့ ရပ်တည်ကာ ချမ်းသာ ပေးသလဲဆိုတာကို ဒီနေရာမှာ ရှင်းလင်းစွာဖေါ်ပြထားတယ်။ ဘုရားရဲ့ ကွယ်ကာရာဌါန လို့ခေါ်တဲ့ မျက်မှောက်တော်ထဲမှာ နေတတ်ပြီးတော့ သူ့ကို မှန်ကန်စွာ ချစ်တဲ့သူတွေ ပေါ့။

ဒီလို ချစ် တတ်တဲ့သူတွေက အခက်အခဲတွေရှိရင်တောင် ဘုရားက ကွယ်ကာပြီးတော့ အသက်တာကိုထူးခြားစေတယ်။ အဲ့ဒီလူတွေက ပြဿနာတွေထဲမှာ အဆုံးသတ်မယ့်သူတွေ မဟုတ်ဘူး။ ပြဿနာတွေထဲမှာဘုရားရဲ့ရပ်တည်ပေးခြင်းနှင့်အတူ ကောင်းကြီး အထူးခံစားရမယ့် သူတွေ။ မြေကြီးပေါ်မှာ ဘုန်းကြီး မယ့်သူတွေ။ အသက်တာရှည်ခြင်း၊ ကျန်းမာခြင်းကောင်းကြီးတွေကို ခံစားရပြီးတော့ ဘုရားရဲ့ လမ်းပြခြင်း ပို့ဆောင်ခြင်းကို ခံရတဲ့သူတွေပါပဲ။ ဘယ်လောက်ပဲဆိုးရွားတဲ့ အခြေနေတွေ ဒုက္ခတွေ ရှိနေရင်တောင် သူတို့ ကိုဆွဲမချနိုင်ဘူး။ ဘုရားရဲ့မျက်နှာသာနဲ့ အထူးကောင်းကြီးပေးခြင်းနှင့် ရှင်သန်နေတဲ့သူတွေ။ ဒါကြောင့် ဘုရားနှင့်သွားတဲ့ သူတွေလောက် ထူးခြားတာ ဘယ်သူရှိအုံးမလဲ?

သြဂုတ်လ ၂၉ ရက်နေ့

ငါ့ကိုခေါ်လော့ (၃)

“အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။” ယောလ ၂း၁၉

ဘုရားရဲ့ ထူးပုံထူးနည်း

အသက်ရှင်တဲ့ ဘုရား က ခေါ်ရင်ထူးပါတယ်။ ဘယ်လို ထူးသလဲ ဆိုရင် တစ်ခါတစ်လေ အသံနဲ့ ပြန်ထူးတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ ကြားကြောင်း အမြဲတမ်း သက်သေနှင့် ပြန်ထူးပါတယ်။ ဆုတောင်းတဲ့ သူရဲ့အသက်တာမှာ၊ ဘုရားကို အားကိုးတကြီးနှင့် ခေါ်တဲ့သူတိုင်းရဲ့ အသက်တာမှာ သူက အမြဲတမ်းတုန့်ပြန်တဲ့ ဘုရားဖြစ်တယ်။ ဘုရားက ဘယ်တော့မှ အချည်းအနှီး ကတိမပေးပါဘူး။ အမြဲတမ်း သူပေးတဲ့ကတိကို စောင့်ထိန်းတဲ့ ဘုရားဖြစ်တယ်။

ယောလ အားဖြင့် ဘုရားက သူဘယ်လို ထူးသလဲဆိုတာကို ရှင်းပြတယ်။ ဘုရားထူးတဲ့အခါမှာ အမြဲတမ်းနောက်ကနေ ကောင်းတဲ့အရာတွေ၊ အသက်တာမှာ လိုအပ်တဲ့အရာတွေက ရောက်လာတယ်။ ဘုရားထူးတဲ့အခါမှာ ပထမဆုံး ဆန်စပါး၊ စပျစ်ရည်၊ ဆီ ဆိုတဲ့ လူတိုင်း လိုအပ်နေတဲ့ အရာတွေ အသက်တာမှာ ရောက်လာတယ်။ ရောက်လာတာတောင်မှ နည်းနည်းလေးမဟုတ်ဘူး။ လိုအပ်တာထက် ပိုလျှံတဲ့အထိရောက်လာတာ။ ဘုရားပေးတဲ့အဖြေ ရတဲ့သူတိုင်းဟာ ချို့တဲ့ ဆင်းရဲစွာ ရှင်သန်စရာ မလိုဘူး။ ပိုလျှံပေါများစွာ ရပ်တည်နိုင်တယ်။ ကောင်းကြီးခံစားတယ်ဆိုတာ ကောင်းကြီးပေးနိုင်တဲ့ဘုရား ကိုယ့်ဘက်မှာ ရပ်တည်နေလို့ပါ။ ဘုရားသာ ကိုယ့်ဘက်မှာ မရပ်တည်ဘူး ဆိုရင် ဘာမှ ရစရာ မရှိသလို၊ ဘယ်လိုမှ လောကကြီးမှာ ရှင်သန်ရပ်တည် နိုင်မှာလည်း မဟုတ်ဘူး။ နောက်တစ်ချက် တစ်ပါးအမျိုးသားတွေရှေ့မှာ အရှက်မကွဲပဲ ရှင်သန်နိုင်တာပါ။ ဒီအခွင့်အရေးကလဲ သိပ်ကို ကောင်းတဲ့အရာဖြစ်တယ်။ ဘုရားစွန့်ပစ်တဲ့အခါမှာ အမြဲတမ်း တစ်ပါးအမျိုးသားတွေရှေ့မှာ အရှက်ကွဲနေတယ်။ ဘုရား သင့်ဆုတောင်းချက်တွေကိုအဖြေပေးပြီး ထူးတဲ့အခါမှာတော့ သေချာပေါက် အဲ့ဒီဘဝကနေ လွတ်မြောက်ခွင့်ရလာတယ်။

သြဂုတ်လ ၂၈ ရက်နေ့

ငါ့ကိုခေါ်လော့ (၂)

“သင်​တို့ ကြောက်​မက်​ဖွယ်​သော​အ​မှု​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​ပျက်​စီး​ခြင်း​အ​မှု​သည် လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ၍၊ သင်​တို့​သည် ဆင်း​ရဲ​ခြင်း၊ ပူ​ပန်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။” သုတ္တံ ၁း၂၇-၂၈

ငါ မထူး

လူတွေက ယေယမိ ၃၃း၃ ကိုတော့အလွတ်ရတယ်။ ဘုရားကိုခေါ်ရင်ထူးမယ်ဆိုပြီးတော့ ပြဿနာဖြစ်တိုင်း အခက်အခဲဖြစ်တိုင်းမှာ ခေါ်ဖို့အတွက် သတိရကြတယ်။ ဘုရားကလဲ သစ္စာရှိတယ်၊ ကတိတည်တယ်။ ဒါပေမဲ့ တချို့သောသူတွေအသက်တာမှာ ဘုရားကိုခေါ်တယ် ဘာမှ​ထူးတာ မတွေ့ရတော့ ဘုရားက ကတိမတည်ဘူးလို့ ထင်တတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဘုရားက နုတ်ကပတ်တော်ထဲမှာ ငါ့ကိုခေါ်လော့ ငါထူးမည် လို့ကတိပေးထားတဲ့ အရာရှိသလို၊ ငါ့ကို ခေါ်ရင်လဲ ငါမထူးဘူးလို့ သတိပေးထားတာလဲ ရှိတယ်ဆိုတာ လူတိုင်း မသိကြဘူး။

ခေါ်ရင်ထူးမယ်လို့ စကားရှိသလို ဘယ်လိုခေါ်ခေါ် မထူးဘူးလို့ သတိပေးစကားလဲရှိတယ်။ ဒါကတော့ ပညာရှိကြီး ရှောလမုန်အားဖြင့် ဘုရား မိန့်မြွက်တဲ့စကားပါ။ ဒါကိုပေါ့ပေါ့တန်တန် သတိလက်လွတ်တော့ လုံးဝ မထားသင့်ဘူး။ ဘုရားက ဘယ်လိုလူတွေအသက်တာမှာ ခေါ်ရင်မထူးဘူးလဲဆိုတာ သူက သေချာရှင်းပြပါတယ်။ ဘုရားခေါ်တဲ့အခါမှာ ပြန်ပြီး မတုံ့ပြန်ခဲ့တဲ့ သူတွေ၊ ဘုရား သတိပေးခြင်းနှင့်ဆုံးမခြင်းကို သတိလက်လွတ် ဘေးဖယ်ထားတဲ့သူတွေ အသက်တာမှ အကြိမ်ကြိမ် ဘုရား စကားပြောပေမဲ့ ဂရုမစိုက်ပဲ နေခြင်သလိုနေ လုပ်ချင်တာ လုပ်တဲ့အတွက် ဘုရားက အဲ့ဒီလူတွေရဲ့အသက်တာမှာ အခက်အခဲ ရောက်တဲ့အခါမှာ ဘုရားကို သတိရပြီးတော့ ခေါ်ပေမဲ့ထူးတာကို မခံရဘူးလို့ သတိပေးထားပါတယ်။ ဒါကြောင့် ဘုရားက ကိုယ်ခေါ်တဲ့အခါမှာ ထူးတာကို ခံချင်တယ်ဆိုရင် ဘုရားခေါ်တဲ့ အခါမှာလဲ ထူးဖို့သတိထားပါ။ ဘုရားပြောတဲ့အခါမှာလဲ တန်ဖိုးထားပြီး နားတတ်တဲ့သူဖြစ်ပါ။ ဘုရားက ဘယ်တော့မှ သင်ခေါ်တဲ့အခါမှာ မထူးပဲ နေမှာ မဟုတ်ပါဘူး။ တကယ်လို့များ အရင်က ဘုရားခေါ်တဲ့ အခါမှာ မထူးခဲ့ဘူး၊ ပြောစကား နားမထောင်ခဲ့ဘူးဆိုရင် အခုချိန်မှာ နောင်တရပြီးတော့ ဘုရားနှင့် ပြန်လည်သင့်မြတ်ဖို့ လုပ်ဆောင်ဖို့လိုတယ်။ သင်ခေါ်တဲ့အခါမှာ အရေးတယူ လုပ်ပြီးတော့ သင်လိုတဲ့အခါမှာ ဘုရားရဲ့လက်တော် မြင်တွေ့ရမှာ သေချာတယ်။

သြဂုတ်လ ၂၆ ရက်နေ့

ငါ့ကိုခေါ်လော့

“ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။” ယေရမိ ၃၃း၃ “Call to Me, and I will answer you, and show you great and mighty things, which you do not know.” Jeremiah 33:3 NKJV

သင် မသိတဲ့ အရာကိုပြမယ်

သင် နေ့စဉ် ဖုန်းပြောနေတဲ့ စာရင်းကို ကြည့်ရင် သင့်ရဲ့အခြေအနေ၊ သင့်ရဲ့ ဖြစ်တည်မှုနှင့် ဦးတည်ရာ ကိုပါ ခန့်မှန်းလို့ ရပါတယ်။ သင့်ကို ဘယ်သူတွေက ဖုန်းခေါ်နေသလဲ ဆိုတာရယ်၊ သင်ကဘယ်သူတွေကို ဖုန်းခေါ်ပြီး စကားပြောဆို နေသလဲဆိုရယ်က တကယ့်ကို အရေးကြီးတဲ့ အရာတွေကို ဖေါ်ပြနေတယ်။ တချို့သောသူတွေရဲ့ ဖုန်းခေါ်တဲ့ စာရင်းကိုကြည့်ရင် ဘာမှအရေးမကြီးတဲ့ အရာတွေနဲ့ပဲ ပြောဆိုပြီးအချိန်ကုန်စေတဲ့ လူစာရင်းနဲ့ပဲ ပြည့်နေတယ်။ တကယ့်အရေးကြီးတဲ့ သူတွေရဲ့ဖုန်းနံပတ်နဲ့ သူတို့ကို ဖုန်းခေါ်ခွင့် ရပြီးတော့ စကားပြောခွင့်ရတဲ့ သူတွေက အခြားသူတွေ မရတဲ့အရာတွေကို ရခွင့်ရှိတဲ့ သူတွေပါပဲ။ အရေးကြီးတဲ့ လူကြီးတွေ၊ ခေါင်းဆောင်ကြီးတွေနဲ့ အဆက်အသွယ်ရှိတဲ့သူက အခြား သူတွေမသိတဲ့အရာတွေကိုသိခွင့်ရသလို၊ အခြားသူတွေ တောင်းဆိုခွင့်မရတာတွေကိုလည်း ခံစားနေရတဲ့သူတွေပါပဲ။

လောကရဲ့ အရေးကြီးတဲ့သူတွေနဲ့အဆက်အသွယ်ရှိရင်တောင် အကျိုးအမြတ်ရှိတာ အကြီးမြတ်ဆုံး ဘုရားနှင့် အဆက်အသွယ်ရှိတဲ့သူက ဘယ်လောက်တောင် ကောင်းကြီးခံစားရပြီးတော့ထူးခြားနေမလဲ? စဉ်းစားလို့ တောင်မရဘူး။ ဘုရားရဲ့ ထူးခြင်းကိုခံရတဲ့သူတွေရဲ့ဘဝမှာ အသက်ရှင်တဲ့သူတွေက သာမန်အသက်တာမျိုးတော့ လုံးဝကိုမဟုတ်ဘူး။ ဘုရားက အဖြေပြန်ပေးပြီးတော့ ထူးခြင်းခံရတဲ့သူက လူတွေအနေနဲ့ ဘယ်လို မှ မသိနိုင်တဲ့အရာတွေကို ဖွင့်ပြခြင်းခံရတဲ့သူတွေ၊ နောက်ပြီး အဲ့ဒီ ကြီးမားတဲ့ တွေကို လုပ်ဆောင်ခွင့်ရပြီးတော့ အခြားသူတွေထက် သာလွန်တဲ့သူတွေ ဖြစ်ခွင့်ရလာတယ်။ တချို့က ဘဝမှာ ဘုရားရဲ့အဖြေ ပေးခြင်း မခံရလို့ ဘာကြီးမားပြီး ထူးခြားတဲ့အရာမှ ဖြစ်မလာတာပါ။ ဘုရားကထူးတယ်ဆိုရင် တကယ်ကို အသက်တာမှာ ထူးကိုထူးလာတာပါပဲ။

သြဂုတ်လ ၂၄ ရက်နေ့

ကောင်းသောအရာ (၆)

“ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​တော်​မူ၏။ အ​မှု​ရောက်​သော​အ​ခါ ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ခို​လှုံ​သော​သူ​တို့​ကို သိ​မှတ်​တော်​မူ၏။ ရန်​သူ​နေ​ရာ​ကို လွှမ်း​မိုး​သော​မြစ်​ရေ​နှင့် ဆုံး​ရှုံး​စေ​တော်​မူ​သ​ဖြင့်၊ ရန်​သူ​တို့​ကို မှောင်​မိုက်​လိုက်​လိမ့်​မည်။” နာဟုံ ၁း၇-၉

အကောင်းဆုံးသောဘုရား

တစ်နေ့ထက်တစ်နေ့ ကြားရတဲ့သတင်းက ပြောနေတယ် လောက ကြီးမှာ ကောင်းတဲ့အရာတွေ မရှိတော့ဘူး။ ဘေးကင်းလုံခြုံမှုဆိုတာ ရှာလေ ဝေးလေဖြစ်ပြီးတော့ ကိုယ့်အတွက် ကောင်းတယ်ဆိုတာ အရာတွေက ရှားပါးပစ္စည်းဖြစ်ကုန်ပြီ။ လောက နှင့်ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘုရားကတော့ကြာလေ ကိုယ့်အတွက် ပိုကောင်းတယ်ဆိုတာ ငြင်းခုံစရာ မရှိသလောက်ပါပဲ။ ခက်ခဲမှုတွေ အခြေအနေတွေ ဆိုးလာတာနဲ့ အမျှ ဘုရားသခင်လောက် ကောင်းတာ ဘဝမှာ ဘာမှ​မရှိဘူး၊ မနေ့၊ ယနေ့ နောင်ကာလ မပြောင်းလဲပဲ အစဉ်အမြဲ ကိုယ့်အပေါ်မှာ မပြောင်းလဲပဲ ကောင်းပေးနိုင်တာ တစ်ခုထဲက ဘုရားပဲဆိုတာ ပိုသေချာလာတယ်။

ဒါကြောင့်လဲ ပရောဖက် နာဟုံက ပြောတာ ဘုရားက ကောင်းမြတ်တယ်။ ဘယ်လိုအချိန်မှာ ပိုသိလာသလဲ ဆိုရင် အမူရောက်တဲ့အခါမှ၊ လောကကြီးမှာ ဘာမှ​အာမခံချက် မပေးနိုင်တဲ့အခါမှာ ပိုသိသာလာတယ်။ လက်တွေ့ မကြုံဖူးရင်တော့ သဘောပေါက်ဖို့တော့ ခက်လိမ့်မယ်။ လက်တွေ့ အားကိုး ဖူးတဲ့သူကတော့ အတွေ့အကြုံအားဖြင့် ကောင်းကောင်းသိတယ်။ ဖြတ်သန်းပြီးခဲ့တဲ့ အရာတွေကို ပြန်ကြည့်လိုက်တဲ့ အခါမှာ ပြောစရာ တစ်ခုပဲ ရှိတယ်။ အဲ့ဒါကတော့ ဘုရား အလွန်ကောင်းမြတ်တယ်။ ဘုရားကို အားကိုးယုံကြည်ပြီး အသက်ရှင် ဖြတ်သန်းတာ ဘယ်တော့မှ မမှားဘူး ဆိုတာပါပဲ။ သင့်ဘဝမှာ လဲ ပိုကောင်းတဲ့အရာတွေဖြစ်လာဖို့ အခြားဘယ်အရာကမှ​ အာမခံချက်မပေးနိုင်ဘူး။ ကောင်းမြတ်တဲ့ ဘုရားတစ်ပါးတည်း ကသာလျှင် အပြည့်အဝ အာမခံချက် ပေးနိုင်တယ်။

သြဂုတ်လ ၂၃ ရက်နေ့

ကောင်းသောအရာ (၅)

“ကောင်း​သော​အ​ကျိုး​အ​လို​ငှာ​သာ ဝိ​ညာဉ်​တော်​ကို လူ​အ​သီး​အ​သီး​တို့​အား ထင်​ရှား​စွာ ပေး​တော်​မူ​လျက်​ရှိ၏။-” ၁ ကော ၁၂း၇

သန့်ရှင်းသော ဝိညာဉ်တော်

ဘာသာရေးထဲမှာ ကျင်လည်တဲ့သူ တော်တော်များများက သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို အလွန်ကြောက်ကြတယ်။ သန့်ရှင်းသော ဝိညာဉ်တော်လို့ ပြောလိုက်တာနဲ့ ကိုယ်နဲ့မဆိုင်တဲ့ အခြားအရာတစ်ခုခုလို့ထင်တတ်ကြသလို လမ်းမှားတဲ့အဖွဲ့ တစ်ခုလို့ကို သတ်မှတ်ထားပြီးသား ဖြစ်နေတတ်တယ်။ တကယ်တော့ သန့်ရှင်းသောဝိညာဉ်တော်ဟာ သုံးပါးပေါင်း တစ်လုံးတစ်ဝတည်းမှာ ပါဝင်တဲ့ ခမည်းတော်၊ သားတော်ထက် အဆင့်မနိမ့်တဲ့ ပုဂ္ဂိုလ် တစ်ပါးအနေနဲ့ တည်ရှိတဲ့ ဘုရားပါ။ သူဟာ ဒီခေတ်ကာလရဲ့အဓိက အရှင်သခင်ဖြစ်သလို သခင်ယေရူကို မိမိကယ်တင်ရှင်အဖြစ် လက်ခံတဲ့ ဘုရားသားသမီးတိုင်းအတွက် မရှိမဖြစ် တဲ့ အဓိက အကျဆုံးသောသူ ဖြစ်တယ်။ ဒါကြောင့် သူ့ကို ပစ်ပယ်လို့ မရသလို၊ သူမရှိပဲ လောကကြီးမှာ ဘယ်လိုမှ ရှင်သန်လို့ကိုမရနိုင်ဘူး။

သန့်ရှင်းသောဝိညာဉ်တော် မပါပဲ၊ သူ မဦးဆောင်ပဲ ယုံကြည်သူ ခရစ်ယာန် အသက်တာကို လျှောက်လှမ်းနေတဲ့သူတွေကို ကြည့်ရင် အရမ်းသနားဖို့ ကောင်းတယ်။ လောကဆိုတဲ့ ကန္တာရ အလယ်မှာ ထီး၊ ဖိနပ်မပါပဲ နေပူပူမှာ လမ်းလျောက် နေတဲ့သူတွေနဲ့ တူတယ်။ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ လျှောက်လှမ်းတဲ့သူကတော့ နောက်ဆုံးပေါ် ကားပေါ်မှာ အဲကွန်းနဲ့ ဇိမ်ကျကျ အဲ့ဒီကန္တာရကို အခန့်သား ကျော်ဖြတ်နေတဲ့ သူနဲ့တူတယ်။ ဖြတ်သန်းတာခြင်းတော့ တူပေမဲ့ ဖြတ်သန်းပုံ မတူဘူး။ သခင်ယေရူ ကိုယ်တိုင်က ဒီ သန့်ရှင်းသော ဝိညာဉ်တော် မပါပဲ သူ့သားသမီးတွေ မဖြတ်သန်းနိုင်ဘူးဆိုတာ သိလို့ အကြိမ်ကြိမ် သတိပေး ပြောခဲ့တယ်။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားဟာ လောက အလယ်မှာ သင့်ဘဝထဲ ကောင်းတဲ့အရာတွေ ဖြစ်ပျက်လာဖို့၊ ကောင်းတဲ့အရာတွေကို သင်ပိုပြီးတော့ လုပ်ဆောင်နိုင်ဖို့အတွက် ဘုရားသခင်ပေးတဲ့ အကြီးမားဆုံး ပါပဲ။ ဒါကို လက်မခံပဲ ငြင်းပယ်တယ် ဆိုရင်တော့ သင့်လောက်ဆုံးရူံးတာ ဘာများရှိအုံးမလဲ?

သြဂုတ်လ ၂၂ ရက်နေ့

ကောင်းသော အရာ (၄)

“ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တည်း​ဟူ​သော ကြံ​စည်​တော်​မူ​ခြင်း​အ​တိုင်း ခေါ်​တော်​မူ​သော​သူ​တို့၏​အ​ကျိုး​ကို ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ပြု​စု​ကြ​သည်​ကို ငါ​တို့​သိ​ကြ၏။-” ရောမဩဝါဒစာ ၈း၂၈ “And we know that all things work together for good to those who love God, to those who are the called according to His purpose.” Romans 8:28 NKJV

ပိုကောင်းလာဖို့

ဘုရားကိုချစ်တဲ့သူတစ်ယောက်အတွက် လောက ကြီးက ဘယ်လောက်ဆိုးတဲ့ အရာတွေဖြစ်ဖြစ် ဆိုးသွားဖို့မရှိပါဘူး။ ပိုကောင်းသွားဖို့ပဲ ရှိတာပါ။ လူတွေက တော့မေးခွန်းထုတ်မယ် ဘယ်လို လုပ်ပြီးတော့ ဆိုးတဲ့အချိန်မှာ ဘုရားကို ချစ်တဲ့သူ တစ်ယောက်ဟာ ပိုကောင်းသွားမှာလဲ? ဘုရားသခင်ရဲ့ နည်းလမ်းနှင့် လူတွေရဲ့ နည်းလမ်းက ဘယ်တော့မှ မတူဘူး။ ဘုရားက လူတွေနဲ့ မတူတဲ့ နှလုံးသား သူ့သားသမီးတွေအပေါ်မှာရှိတယ်။ သူ့အကြံအစည်က ကောင်းတဲ့အရာတွေကြုံရတဲ့အချိန်မှာ ပဲ ပြည့်စုံလာတာ၊ အကျိုးရှိတာ မဟုတ်ဘူး။ ဘယ်လို အခြေအနေမျိုးမဆို သူအကြံအစည်ကို မဖျက်နိုင်ဘူး။ သာပြီး ပြုစုဖို့ပဲ ဖြစ်စေတယ်။

ရှင်ပေါလုကြီးက ဒါကို သဘောပေါက်သွားတဲ့အချိန်မှာ အခြေအနေတိုင်းဟာ ဘုရားသားသမီးတွေကောင်းဖို့ ကြုံရတယ်။ ကောင်းတဲ့ အရာတွေ ဖြစ်လာမှာပါ ဆိုတာကို သိသွားတယ်။ ကိုယ် လက်ရှိမှာ ခံစားလို့ မကောင်းပေမဲ့၊ ကောင်းတယ်လို မမြင်နိုင်ပေမဲ့၊ ကောင်းမြတ်တဲ့ဘုရားက အခြေအနေ အမျိုးမျိုး၊ လူအမျိုးမျိုးကို အသုံးပြုပြီးတော့ ပိုပြီးတော့ ကောင်းသတဲ့ဘဝကို ရဖို့နဲ့ သူ့အကြံထဲမှာ ကောင်းမွန်စွာရှင်သန်နိုင်ဖို့အတွက် အရာခပ်သိမ်းကို အသုံးပြုတယ်။ ဒါကို ယုံတယ် သဘောပေါက်တယ် ဆိုရင် ဘယ်လိုအခြေအနေမျိုးနဲ့တွေ့တွေ့၊ ဘယ်လို လူမျိုးနဲ့တွေ့တွေ့ ပိုကောင်းလာဖို့ပဲရှိတယ်ဆိုတာ မြင်ရမှာပါ။

သြဂုတ်လ ၂၁ ရက်နေ့

ကောင်းသောအရာ (၃)

“သင်​တို့​သည် အ​ဆိုး​ဖြစ်​လျက်​ပင် ကိုယ်​သား​တို့​အား ကောင်း​သော​အ​ရာ​ကို ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် ဆု​တောင်း​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို​သာ၍ ပေး​တော်​မူ​မည် မ​ဟုတ်​လော။-” ရှင်မဿဲ ၇း၁၁

ကောင်းသောအရာကို သာ၍ပေးမယ်

ဆုတောင်းတယ်ဆိုတာက တောင်းတဲ့ အရာပဲ ဘုရားဆီကနေ ရမှာမဟုတ်ဘူး။ ဘုရားက တောင်းသလောက်ပဲ ပေးတဲ့ဘုရား လုံးဝ မဟုတ်ပါဘူး။ မတောင်းတဲ့အရာတွေရော၊ တောင်းတာထက် ကောင်းတဲ့အရာတွေကိုရော ဘုရားက ပေးတယ်။ ဆုတောင်းတဲ့သူ တစ်ယောက်ရဲ့အသက်တာကို ပေးပါတယ်။ ဒါကြောင့် ဆုတောင်းခြင်း အသက်တာဆိုတာ ယုံကြည်သူတိုင်းအသက်တာမှာ နေ့စဉ် ရှိသင့်တယ်။ လိုအပ်မှ လိုချင်မှ ဆုတောင်းတာမျိုး မဖြစ်ရဘူး။ ဘုရားနှင့်နေ့စဉ် ရင်းနှီးမှု တည်ဆောက်ခြင်းဖြင့် တိုးဝင်ချဉ်းကပ်သင့်တယ်။ ရင်းနှီးမှုဟာ ယုံကြည်သူတိုင်း အသက်တာမှာ အရေးကြီးဆုံးသောအရာတွေထဲက အရေးကြီးဆုံးဖြစ်တယ်။

သခင်ယေရူက ရှင်းပြတယ် လောက ဖခင်တွေတောင်မှ​ သူတို့သားသမီးတွေ တောင်းတဲ့အရာကို ဘယ်တော့မှ အဆိုးတွေနဲ့ အစားထိုးပြီး မပေးဘူး။ အဆိုးဖြစ်တဲ့ လောကဖခင်တွေတောင်မှ ဒီလို လုပ်တယ်ဆိုရင် ကောင်းတဲ့ ကောင်းကင်ဘုံဖခင်က ပိုပြီးတော့ ကောင်းတာပေးမှာပေါ့။ ဘာလို့များဘုရားကို စိတ်မချရတာလဲ? ဘုရားက သူ့သားသမီးတွေကို ကောင်းတဲ့အရာတွေနဲ့ ပြည့်စေခြင်တဲ့ဘုရားဖြစ်တယ်ဆိုတာ ယုံပါ။ ဒါကြောင့် ဆုတောင်းတဲ့သူ အသက်တာမှာ ကောင်းတဲ့အရာတွေနဲ့ ပြည့်နေတာ မဆန်းဘူး။ ဆုတောင်းတဲ့ သူရဲ့ဘဝ ပိုကောင်းလာမယ်ဆိုတာ သေချာပါတယ်။​

သြဂုတ်လ ၂၀ ရက်နေ့

ကောင်းသောအရာ (၂)

“သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊” တရားဟောရာ ၆း၁၀

ကောင်းသောအရာနှင့်ဖြည့်သောအိမ်

ဘုရားသခင်က သင့်ဘဝကို ဘယ်လောက်တောင် ကောင်းတဲ့အရာ တွေနဲ့ပြည့်တဲ့ဘဝကို ပေးခြင်သလဲဆိုတာကို တွေးမိဖူးလား? ဘုရားက သူ့သားသမီးတစ်ယောက်ချင်းစီတိုင်းကို ကောင်းတဲ့အရာတွေနဲ့ပြည့်နေတဲ့ ဘဝကို ခံစားစေခြင်တယ်။ လူတွေများစွာက အခြားသော ဘာသာတရားတွေရဲ့အတွေးအခေါ်တွေရဲ့လွှမ်းမိုးမှုကို ခံနေရတယ်။ အဲ့ဒါက ဘာလဲဆိုရင် ဘုရားကျေနပ်အောင် နောင်တမလွန်အတွက် ကောင်းအောင် ဒီဘဝမှာ ဒုက္ခခံရမယ် ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်ပါပဲ။ တကယ်ဆိုရင် ဘုရားက အခြားသော ဘယ်ဘာသာနဲ့မှ မတူဘူး။ သူကျေနပ်အောင်လဲ ဒုက္ခတွေ ခံစားပြစရာမလို သလို နောင်တမလွန်မှာကောင်းကောင်း နေရအောင်လည်း ဒီဘဝမှာ ဒုက္ခတွေ ခံစားစရာမလိုဘူး။ သူကိုယ်တိုင်ကိုက ဒီဘဝမှာ ရော နောင်ဘဝမှာရော ဘဝတိုင်းမှာ အကောင်းဆုံးသော အရာတွေနဲ့ပဲ သင့်ကို ပြည့်စေချင်တာပါ။

ဣသရေလ လူမျိုးတွေကို ကျွန်ဘဝကနေ ခါနန်ပြည်ကိုခေါ်သွင်းတဲ့အခါမှာ သူပေးတဲ့ကတိစကားကိုကြည့်တဲ့အခါမှာ သူ့ရဲ့နှလုံးသားကိုမြင်ရတယ်။ ကျွန်ဘဝကနေ ကယ်တင်ခြင်းခံရတဲ့ သူတွေဖြစ်တဲ့ ဣသရေလ လူမျိုးတွေ အရည်အချင်းတွေ အကျင့်ကောင်းတွေရှိတာလည်း မဟုတ်သလို တလမ်းလုံးလည်း တစ်ခါလေးတောင် အကောင်းမြင်အကောင်းပြောခဲ့ကြတာ မဟုတ်ဘူး။ တချိန်လုံး ပုန်ကန် ဆန့်ကျင်နေကြတာ။ ဒါပေမဲ့ ဘုရားက သူတို့ရဲ့အနာဂတ်ကို သူတို့အကျင့်တွေအပေါ်မှာ ကြည့်ပြီးတော့ ကောင်းကြီးပေးခဲ့ကြတာမဟုတ်သလို၊ သူတို့နဲ့ တန်တာပဲ ပြင်ဆင်ထားတာမဟုတ်ဘူး။ အကောင်းဆုံးဆိုတဲ့ အရာတွေ ကို ပြင်ဆင်ထားတယ် ဆိုတာတွေ့ရတယ်။ ဒီလိုပဲ သင့်အသက်တာမှာလည်း ဘုရားက သာမန်အရာတွေပဲပြင်ဆင်ထားတာ မဟုတ်ဘူး။ အကောင်းဆုံးဆိုတဲ့ အရာတွေကို သင့်ဘဝမှာ ခံစားဖို့အတွက် သင့်ကိုချစ်တဲ့ ဘုရားက ပြင်ဆင်ထားတယ်။ ဒါကြောင့်စိတ်ဓါတ် မကျနဲ့၊ အားမငယ်နှင့်။ အားယူပြီးတော့ ရဲရင့်စွာအသက်ရှင်ပါ။

သြဂုတ်လ ၁၉ ရက်နေ့

ကောင်းသောအရာ

“ဣ​သ​ရေ​လ​အ​မျိုး​သည် ကောင်း​သော​အ​ရာ​ကို စွန့်​ပစ်​သော​ကြောင့်၊ ရန်​သူ​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။” ဟောရှေ ၈း၃ “

Israel has rejected the good; The enemy will pursue him.” Hosea 8:3 NKJV

ငြင်းပယ်လို့မရဘူး

ကောင်းတဲ့အရာတွေဘာလို့များယုံကြည်သူ ဘုရားသားသမီးများ လက်ထဲမှာ ရောက်မလာ ရတာလဲလို့ တစ်ခါတစ်လေ လူတွေက မေးတတ်တယ်။ ကောင်းမြတ်တဲ့ဘုရားက သူ့သားသမီးတွေကို အကောင်းဆုံးသောအရာတွေကို ပေးမယ်ဆိုတာ လူတွေက မယုံတတ်ကြဘူး။ အဆိုးဆုံးကတော့ ကောင်းတဲ့အရာတွေကို ယုံကြည်သူတွေက မလိုချင်ပဲ ​ငြင်းပယ်တတ်ကြတာပါပဲ။ သင်ကိုယ်တိုင်တောင်မလိုချင်တဲ့အရာကိုဘုရားက ဘယ်လို အတင်းပေးမလဲ?

ဣသရေလ လူတွေ ဆိုးရွားတဲ့အရာတွေ ကြုံပြီးတော့ ကောင်းတဲ့ အရာတွေကို ရန်သူတွေ ပိုင်ဆိုင်ရတာဟာ ဘုရားမပေးလို့ မဟုတ်ဘူး။ ဘုရားက သူ့သားသမီးတွေကို အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲပေးချင်တဲ့ဘုရားပါ။ သူတို့ ရဲ့ကောင်းတဲ့အရာတွေကို ရန်သူတွေပိုင်ဆိုင်သွားတာဟာ သူတိုကိုယ်တိုင်က ကောင်းတဲ့အရာတွေကို ကျောခိုင်းထားလို့ဖြစ်တယ်။ အဂ်လိပ်ကျမ်းစာမှာရေးတာ အရမ်းကောင်းတယ်။ ကောင်းတဲ့အရာတွေကို ငြင်းပယ်လို့တဲ့။ ဒါကြောင့်ဘဝမှာ ကောင်းတဲ့ အရာတွေကို စိတ်ဝင်စားဖို့လိုတယ်။ ကိုယ့်အတွက် ဘုရားပေးမယ်၊ ကိုယ်နဲ့ဆိုင်တယ်ဆိုတာ ယုံဖို့လိုတယ်။ ဘုရားပေးချင်တဲ့ ကောင်းတဲ့အရာတွေအားလုံး ကိုယ်ဆီကို ရောက်လာဖို့ အတွက် နှလုံးသားကို ကျယ်ကျယ်ဖွင့်ထားပါ။ သင့်နှလုံး ကျယ်ဝန်းသလောက် ကောင်းတဲ့အရာတွေ သင့်ဆီကိုရောက်လာပါလိမ့်မယ်။

သြဂုတ်လ ၁၈ ရက်နေ့

ချီးမွမ်းခြင်း (၅)

“သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။-” တမန်တော် ၁၆း၂၅-၂၆

ချက်​ချင်း​ပွင့်၍

ဘုရားကို ချီးမွမ်းတယ်ဆိုတာ အခြေအနေကောင်းမှ၊ ခံစားချက်ကောင်းမှ မဟုတ်ဘူးဆိုတာ သိတယ်မဟုတ်လား? ချီးမွမ်းတယ်ဆိုတာ သီချင်းဆိုရုံ သက်သက်ပဲတော့ မဟုတ်ဘူး။ လူတွေက သီချင်းဆိုတဲ့အခါမှာ အခြေပေါ်လိုက်ပြီးတော့ပဲ ဆိုကြတယ်။ ပျော်နေတဲ့အချိန်မှာ ပျော်စရာကောင်းတဲ့ သီချင်းတွေ ဆိုပြီးတော့ ဝမ်းနည်းချိန်မှာတော့ ဆွေးမြေ့ စရာကောင်းတဲ့ သီချင်းတွေကို အခြေအနေနဲ့ အလိုက်သီဆိုတတ်ကြတယ်။ ချီးမွမ်းခြင်းဆိုတာက အဲ့လိုမျိုး အခြေအနေအလိုက် သီချင်းဆိုရတာမဟုတ်ဘူး။ ဒါကို လူအနည်းစုကပဲ သဘောပေါက်ကြတယ်။

ပေါလု နှင့်သိလ အကြောင်းကိုကြည့်ဒီအရာကို ထင်ရှားစွာတွေ့နိုင်တယ်။ ရူပါရုံ ထဲမှာ မာကေဒေါနိက ခေါ်သံကြားလို့ ဘုရားအသံအတိုင်း ဘုရားပို့ဆောင် လမ်းပြမှု အတိုင်း ကိုရောက်လာတဲ့အခါမှာတော့ ချက်ခြင်းအဆင်ပြေတာပဲ တွေ့တာမဟုတ်ဘူး။ သူတို့ဟာ နတ်ဆိုးမောင်းထုတ်တဲ့ အမှုကြောင့် ထောင်ထဲကိုရောက်သွား ခဲ့တယ်။ တကယ်တော့ သူတို့လာချင်လို့ လာတာလုံးဝ မဟုတ်ဘူး။ ဘုရားပြောတဲ့အတိုင်း လာတာ။ ကောင်းတဲ့အရာတွေ မဟုတ်ပဲ ဆိုးတဲ့အရာတွေနဲ့ကြုံတယ်။ ဒါပေမဲ့သူတို့ဟာ စိတ်ဓါတ်ကျ စိတ်ပျက်တာမျိုး မဟုတ်ပဲ ဘုရားကို ချီးမွမ်းကြတယ်။ တကယ်တော့ချီးမွမ်းလို့ကောင်းတဲ့အခြေအနေ လည်း မဟုတ်ဘူး။ ကြိမ်လုံးနှင့် အချက်ပေါင်းများစွာကို ရိုက်နှက်ခံရသလို နေရာကလဲ နေခြင်စရာမကောင်းတဲ့ နေရာဖြစ်တယ်။ အချိန်ကလည်း ညသန်းခေါင် ကြီး။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ချီးမွမ်းခြင်းက လွန်စွာ တန်ခိုးပါတယ်။ ထောင်တံခါးတွေ ပွင့်သွားပြီးတော့ ထောင်မှူးပါ ပြောင်းလဲသွားစေခဲ့တယ်။ ကြီးမားတဲ့ ပြောင်းလဲမူတွေက ချီးမွမ်းခြင်း ရဲ့နောက်ကွယ်မှာအမြဲ လိုက်ပါ စမြဲပဲ။

သြဂုတ်လ ၁၇ ရက်နေ့

ချီးမွမ်းခြင်း (၄)

“ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။” ဟောရှေ ၁၄း၂

နုတ်ခမ်း တည်းဟူသော နွားသငယ်

ဘုရားက နှလုံးသားမပါပဲ ပူဇော်တဲ့ ယဇ်ကောင်တွေကို စိတ်ကုန်တာ ကြာပါပြီ။ ဣကရေလ လူတွေလောက် ဘုရားကို ကိုးကွယ်ဖို့ အတွက် အသုံးပြုတဲ့ ယဇ်ကောင်တွေနည်းတာမှ မဟုတ်တာ။ ဒါပေမယ့်ဘုရားက နှလုံးသားမပါပဲ လုပ်ဆောင်တဲ့ ဘယ်အရာမှ မနှစ်သက်ဘူး။ နှလုံးသားကိုကြည့်တဲ့ဘုရားက သင် ဘုရားနှင့်ပက်သက်ပြီး ဘာပဲလုပ်လုပ် နှလုံးသား အကြွင်းမဲ့ လုပ်စေခြင်တယ်။ ဒါကြောင့် ပရောဖက် ဟောရှေအားဖြင့် ဘုရားက စကားပြောတယ် ပူဇော်သက္ကာနှင့် ယဇ်ကောင်တွေထက် နှလုံးသားပါလျက် နုတ်ကနေ ချီးမွမ်း ခြင်းကို ဘုရားက ပိုနှစ်သက်တယ်။

ကျွန်တော်တို့ အသက်တာမှာရော ဘုရားကိုနေ့စဉ် ချီးမွမ်းတဲ့အခါမှာ တခြားအရာတွေ ပါဖို့ထက် နှလုံးသားပါဖို့ ဂရုစိုက် ဖို့လိုတယ်။ နှလုံးသား မပါပဲ ဘုရားနဲ့ ပက်သက်တာ ဘာမှ မလုပ်နဲ့၊ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ ဒါဝိတ်ကို ဘုရားက စိတ်တော်နှင့် တွေ့တယ်လို့ ပြောတာ တခြား အရည်အချင်း ၊တခြား အကြောင်းရာ တစ်ခုလေးကြောင့်မှ မဟုတ်ဘူး။ ဘုရားကို နှလုံးသားအကြွင်းမဲ့ ချီးမွမ်းတတ်တဲ့သူဖြစ်လို့။ ဒါကြောင့် သင့်အသက်တာမှာလည်း ဘုရားကိုနေ့စဉ် ချီးမွမ်းခြင်းနှင့် တိုးဝင်တဲ့သူ ဖြစ်ပါ။ ချီးမွမ်းခြင်းနဲ့ အခြေအနေတိုင်းကို ဖြတ်သန်းတဲ့သူဖြစ်ပါ။

သြဂုတ်လ ၁၆ ရက်နေ့

ချီးမွမ်းခြင်း(၃)

လေ​ဝိ​အ​မျိုး၊ ကော​ဟတ်​အ​နွယ်​သား​နှင့် ကော​ရ​အ​နွယ်​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို၊ ကျယ်​သော​အ​သံ​နှင့် ချီး​မွမ်း​ခြင်း​ငှာ ရပ်​နေ​ကြ၏။”၂ ရာဇဝင်ချုပ် ၂၀း၁၉

ချီးမွမ်းခြင်းဟာ သင့်ရဲ့ တာ

ဘဝမှာ တစ်ခါတစ်လေ ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ အခက်အခဲတွေ ဝိုင်းရံ ထားခြင်းခံရတဲ့အချိန်တွေ ကြုံဖူးကြမှာပါ။ လမ်းမရှိပဲ ချောင်ပိတ်ခံရတဲ့ အချိန်တွေမှာ ကိုယ်ဟာကို အပြစ်တင်တာနဲ့ ဘုရားကိုအပြစ်တင်တာတွေ လုပ်ပြီးတော့ အချိန်ကုန် မခံပါနှင့် အပြစ်တင်တာဟာ ဖြစ်ပျက်နေတဲ့ အရာတွေကို အပြောင်းလဲ မဖြစ်စေ ရုံ သာမကပဲ ပိုဆိုးစေတယ်ဆိုတာ လူတော်တော်များများ မသိကြဘူး။

ယောရှဖတ် အုပ်စိုးတဲ့ခတ်မှာ ရန်သူသုံးမျိုး တိုက်ဖို့ ဝိုင်းရံလာခြင်းခံရတယ်။ ဘယ်လောက်ဆိုးတဲ့အခြေအနေလဲ ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သေဖို့ကလွဲပြီးတော့ အခြားဘာမှ မရှိတော့တဲ့အခြေအနေပါ။ ဒါနဲ့ ဘုရားဆီကို တိုးဝင်တဲ့အခါမှာ ဘုရားက သူတို့ကို ကတိပေးတယ်။ စစ်မူဟာ သင်တို့တာမဟုတ်ဘူး။ ဒီစကားဟာ အရမ်းကို တန်ဖိုးရှိပြီးတော့ တန်ခိုးပါတယ်။ လူတွေထင်တာ တိုက်ခိုက်မူတွေကို ကိုယ်က လုပ်ရမယ်လို့ထင်တတ်ကြတာ။ ဘုရားကို အားကိုး ပြီးအသက်ရှင်တယ်ဆိုတာ တိုက်ပွဲတွေကို ကိုယ်တိုင်တိုက်ပြီးအသက်ရှင်တာ မဟုတ်ပါဘူး။ ဘုရားကိုယ်တိုင်က ဦးဆောင်ပြီး တိုက်ပေးတာပါ။ ဒါကိုမသိရင် အသက်ရှင်ရတာ အရမ်းခက်ခဲ တယ်လို့ ထင်စရာရှိပါတယ်။ ဒါဆိုရင် မေးစရာရှိတယ် ကိုယ်က ဘာလုပ်ရမှာလဲ? ဒါကို ယောရှဖတ်နဲ့အဖွဲ့ လုပ်ခဲ့တာကို ကြည့်ရင် သိနိုင်တယ်။ ဘုရားက သူတို့ကို စစ်တိုက်ပေးမယ်လို့ သူတို့က ဒီအတိုင်းမနေပါဘူး။ သူတို့ဘက်က လုပ်စရာရှိတဲ့ အရာကို အပြည့်အဝ လုပ်ဖို့ စတင် လုပ်ဆောင်ပါတယ်။ ဒါက တခြားအရာ မဟုတ်ဘူး။ ကောင်းမြတ်တဲ့ ဘုရား အပြည့်အဝ တာဝန်ယူတဲ့ဘုရားကို ချီးမွမ်းရုံမှ တစ်ပါး ဘာများရှိအုံးမလဲ? နေ့စဉ် ချီးမွမ်းခြင်းနဲ့ ဘုရားလုပ်ဆောင်ပေးခဲ့တဲ့အရာ၊ လုပ်ဆောင်ပေးအုံးမယ့် အရာများကို ချီးမွမ်းပါ။ မဖြစ်နိုင်တာတွေကို ဘုရားလုပ်ပေးတာကို သင့်အသက်တာမှာ မြင်တွေ့ရမှာပါ။

သြဂုတ်လ ၁၅ ရက်နေ့

ချီးမွမ်းခြင်း(၂)

“ခံ​စား​သော ကိုယ်​တော်၏​ကျွန်​တို့​သည်၊ သာ​ယာ​စွာ စောင်း​တီး​တတ်​သော​သူ​ကို ရှာ​ဖွေ​ရ​မည်​အ​ကြောင်း အ​ရှင်​အ​မိန့်​ရှိ​တော်​မူ​ပါ။ ဘု​ရား​သ​ခင့်​ထံ​တော်​က ဆိုး​သော​ဝိ​ညာဉ် လာ​သော​အ​ခါ၊ သူ​သည် စောင်း​တီး​သ​ဖြင့် ကိုယ်​တော်​သည် ချမ်း​သာ​ရ​တော်​မူ​မည်​ဟု လျှောက်​လျှင်၊” ၁ ဓမ္မရာဇဝင် ၁၆း၁၆

ချမ်းသာ ရမယ်

ချီးမွမ်းခြင်းလို့ ပြောရင် ဒါဝိတ်ကို မေ့ထားလို့မရဘူးဆိုတာ အားလုံးသိကြပါတယ်။ ဘုရားကိုချီးမွမ်းတဲ့နေရာမှာ သူလို့ လူမျိုးနှစ်ဦး မရှိဘူး။ ဘုရားကို အစွမ်းရှိသမျှနဲ့ ချီးမွမ်းတဲ့သူကို ဘုရားကလည်း အစွမ်းကုန် ချီးမြှောက်တယ်ဆိုတာ သူ့အသက်တာကို ကြည့်ပြီးတော့ မြင်တွေ့ရတယ်။ သူဟာ နေရာတိုင်းမှာ ဘုရားကိုချီးမွမ်းဖို့ စိတ်အား ထက်သန်တဲ့သူပါ။ နေ့ရက်တိုင်းမှာ ဘုရားကိုချီးမွမ်းခြင်းနှင့် ချီးမြှောက်တဲ့သူပါ။ ဒါကြောင့်လဲဘုရားက ဘဝမှ ာဘယ်လိုမှ မဖြစ်နိုင်တဲ့ သိုးကျောင်းသားဘဝကနေ ဘုရင်ကြီး အထိ ရောက်အောင် ပို့ဆောင်ပေးခဲ့တာပေါ့။ ဒါဝိတ်က သူ့အလုပ်ထဲမှာလဲ စိတ်ဓါတ်ကျ စိတ်ပျက်နေတဲ့သူမျိုးမဟုတ်ဘူး။ စိတ်ပျက်စရာတွေတော့ရှိတယ်။ စိတ်မကောင်းစရာတွေလဲ အများကြီးပဲ ဒါပေမယ့် သူဟာ ဘုရားကို ချီးမွမ်းတယ်။ ဘုရားကိုရှာတယ်။ ဒါကြောင့်လည်း ဘုရားဟာ ငါ့သိုးထိန်း ဖြစ်တယ်ဆိုတဲ့ သီချင်း ပေါ်လာတာပဲကြည့်တော့။ သူ့အလုပ်ကနေ ရတဲ့သင်ခန်းစာက အကောင်းဆုံးချီးမွမ်းခြင်း သီချင်းတစ်ပုဒ် ဖြစ်လာခဲ့တယ် ဆိုပါတော့။

နောက် တောထဲမှာ သိုး ထိန်းကျောင်းရင်းနှင့် သမင်တွေကို တွေ့တဲ့အခါမှာလဲ သူဟာ ဒီအတိုင်း မကြည့်ဘူး ။ ဘုရားကိုချီးမွမ်းခြင်တဲ့နှလုံးသားနှင့်ကြည့်တယ်။ သမင်တွေဟာ ရေကို အငမ်းမရ လိုခြင် ဆာငတ်သလို ပဲ သူနှလုံးသားဟာ ဘုရားကိုဆာငတ်တဲ့အကြောင်း ချီးမွမ်းပါလေရော။ သူ့ဘဝမှာ မြင်မြင်သမျှ ဒီအတိုင်းအလွတ်မထားဘူး ။ ဘုရားကိုချီးမွမ်းဖို့ပဲ ဆန္ဒရှိတယ်။ စိတ်အားထက်သန်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်လဲ သူ ရဲ့ချီးမွမ်းခြင်းအသံကို ဘုရားမပြောနဲ့ ကြားရတဲ့လူတွေ တောင်မှ လွတ်ခြင်း ချမ်းသာ ကို ခံစားရတယ်။ ဒီဘုရားကိုချီးမွမ်းခြင်းအသံ ကတောထဲမှာ ပဲ မရပ်တန့်သွားဘူး။ သူ့ကို မြို့ထဲက နန်းတော်ကို ရောက်စေတဲ့အကြောင်းအရင်းဖြစ်စေခဲ့တယ်။ရှောလု ခံစားနေရတဲ့နတ်ဆိုးနှောင့်ယှက်ကို ချမ်းသားစေတဲ့ ချီးမွမ်းခြင်းဖြစ်စေခဲ့တယ်။ ချီးမွမ်းခြင်းအသံက ကြားရတဲ့သူ တိုင်းကို ချမ်းသာဖြစ်စေခဲ့တယ်။ သင့်ရဲ့ နှလုံးသားထဲက ချီးမွမ်းခြင်းက ကြားရတဲ့လူတိုင်းကို သူတို့ခံစားနေရတဲ့ မကောင်းတဲ့အရာရာတိုင်းကနေ ချမ်းသာစေမယ်ဆိုတာကို ယုံပါ။

သြဂုတ်လ ၁၄ ရက်နေ့

ချီးမွမ်းခြင်း

“ကိုယ်​တော်​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ချီး​မွမ်း​ရာ၌ ကျိန်း​ဝပ်​လျက် သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ၏။” ဆာလံ ၂၂း၃

ဘုရားသခင်ရဲ့လိပ်စာ

ယေယမိ ၃၃း၃ ကို လူတွေက ဘုရားသခင်ရဲ့ဖုန်းနံပတ်လို့ တင်စားကြတယ်။ ငါ့ကိုခေါ်လော့ ငါထူးမည်။ လို့ ဆိုထားတဲ့အတွက်ကြောင့်၊ ဘုရားက ခေါ်ရင်ထူးတယ် အမြဲတမ်း တုန့်ပြန်တယ်။ ဒါဆိုရင် ဆာလံ ၂၂း၃ ကတော့ ဘုရားသခင်ရဲ့လိပ်စာလို့ ကျွန်တော်က ဆိုခြင်တယ်။ ဘုရားသခင်မှာ လိပ်စာရှိပါတယ်။ အဲ့ဒီ အရာကတော့ တခြားအရာမဟုတ်ဘူး သူ့ကိုချီးမွမ်းတဲ့ အလယ်မှာသူဟာ အမြဲတမ်းကျိန်းဝပ်တယ်။ ဘုရားကို တခြားနေရာမှာ လိုက်မရှာပါနှင့်။ သူ့ကို နှလုံးသား အကြွင်းမဲ့ ချီးမွမ်းတဲ့ အလယ်မှာသူဟာ အမြဲတမ်းရှိတယ် နေရာယူတယ်။ ဒါကြောင့် ချီးမွမ်းခြင်းဟာ ဘုရားသခင်ရဲ့ လိပ်စာပဲလို့ ဆိုချင်တယ်။

ချီးမွမ်းတဲ့ မိသားစု၊ အသင်းတော် အလယ်မှာ ဘုရားက အမြဲတမ်း နေရာယူတယ် ကျိန်းဝပ်တယ်။ ဘုရားက ဘာကြောင့် ဒါဝိတ်နှင့် အတူရှိပြီးတော့ သူ့ကိုကောင်းကြီးပေး ချီးမြှောက် အသုံးပြုလဲဆိုရင် သူဟာ ဘုရားက နှလုံးသားနှင့် ချီးမွမ်း ကိုးကွယ်တဲ့သူဖြစ်တယ်။ ဓမ္မဟောင်းကျမ်းမှာ နတ်ဆိုးနှင်ထုတ်တဲ့ တစ်ဦးတည်းသောသူက ဒါဝိတ်ဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို မလုပ်ခဲ့ကြဘူး။ သူတစ်ဦးတည်းကသာ လုပ်ခဲ့တယ်။ သူဟာ ဘုရားကိုချီးမွမ်းခြင်းနှင့် နေရာပေးတဲ့သူဖြစ်ပြီးတော့ သူ့ကိုလဲဘုရားက သိုးကျောင်းသားဘဝကနေ ဘုရင်အဖြစ် နေရာပေးချီးမြှောက်ခဲ့တယ်။ သူဟာ သိုးကျောင်းသားဘဝမှာပဲ ဘုရားကိုချီးမွမ်းတဲ့သူ မဟုတ်ဘူး။ ဘုရင်ဖြစ်သွားရင်လဲ ဘုရားကို ချီးမွမ်းတုန်းပဲ။ ဘယ်တော့မှ ဘယ်လိုအခြေ အနေမျိုးမှာ ဘုရားကိုချီးမွမ်းတာကို မရပ်တန့်ခဲ့ဘူး။ ချီးမွမ်းခြင်းကို မရပ်တန့်တဲ့သူအသက်တာမှာ ဘယ်သူမှ ရပ်တန့်လို့မရတဲ့ ချီးမြှောက်ခြင်းကို ဘုရားက အမြဲတမ်းလုပ်ဆောင်ပေးတယ်။

သြဂုတ်လ ၁၃ ရက်နေ့

ကိုးကွယ်ခြင်း (၆)

“ကိုး​ကွယ်​သော​သူ​မှန်​သ​မျှ​တို့​သည် ခ​မည်း​တော်​ကို နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ကိုး​ကွယ်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို ခ​မည်း​တော်​သည် အ​လို​ရှိ​တော်​မူ၏။-”ရှင်ယောဟန် ၄း၂၃

ဘုရားသခင်ရဲ့အလိုတော်

ဘုရားရဲ့ အလိုတော်ကိုရှာရင်းနဲ့ အလိုတော်နဲ့ လွဲနေတဲ့သူတွေ အများကြီးတွေ့ဖူးတယ်။ ဖေါင်စီးရင်း ရေငတ်သလို ပါပဲ။ တကယ်တော့ အရမ်းကြီး မရှုပ်ဘူး၊ ဘုရားအလိုတော်ကို သိခြင်ရင်၊ ဘုရားအလိုတော်ထဲမှာ ရှင်သန်ချင်ရင်၊ ပထမဆုံး လုပ်ရမယ့်အရာက ဘုရားအလိုတော်ရှိတဲ့ ပုံစံအတိုင်း ကိုးကွယ်ခြင်း နှင့် ဘုရားနဲ့ အချိန်ယူဖို့ပါပဲ။ နာမ်ဝိညာဉ်နှင့်လည်းကောင်း သစ္စာနှင့်လည်းကောင်း ကိုးကွယ်ခြင်းက ခမည်းတော် အလိုတော်ရှိတဲ့ ပုံစံဖြစ်ပြီးတော့ အရင်က ကိုးကွယ်မူတွေနဲ့ အများကြီးကွာခြားတယ်။ ဒါကိုနားမလည်တဲ့သူတွေက အလိုရှိတဲ့ကိုးကွယ်ခြင်းနှင့် မချဉ်းကပ် အချိန် မယူပဲနဲ့ လွယ်လွယ်လေးပဲ ရတဲ့ နည်းလမ်းတွေ၊ အစီအစဉ်တွေနဲ့ ဘုရား အလိုတော်ကိုသိဖို့၊ ဘုရားအလိုတော်အတိုင်း ရှင်သန်ဖို့ ကြိုးစားနေကြတယ်။ ဒါကြောင့်လည်း အလိုတော်နဲ့ ကြာလေ ဝေးလေ ဖြစ်နေတော့တာပဲ။

ရှာမာရိအမျိုးသမီးက သခင်ယေရူကိုမေးတယ်။ ဘယ်ကိုးကွယ်မူက မှန်သလဲ ပေါ့။ သခင်ယေရူက ရိုးရိုးလေးပဲဖြေတယ်။ သူမှန်တယ်လို့ထင်တဲ့ အရာတွေတစ်ခုမှ အနာဂတ်မှာ အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။တချိန်တုန်းက မှန်ကောင်းမှန်မယ်၊ ဒါပေမယ့် အနာဂတ်မှာ ဘုရား အလိုတော်က ဒီပုံစံနဲ့သွားလို့ မရတော့ဘူး။ ဘာလို့ လူတွေက နောက်ကျ ကျန်ခဲ့သလဲဆိုရင် အရင်တုန်းက မှန်တယ်ဆိုပြီးတော့ ဒီအတိုင်းတစ်သက်လုံး မှန်မယ်လို့ထင်ထားတယ်။ တကယ်တော့ အဲ့လို မဟုတ်ဘူး။ ဘုရားလုပ်တဲ့အပြောင်းအလဲတွေ၊ အသစ်သောအရာတွေကို ကိုးကွယ်ခြင်းနှင့် မချဉ်းကပ်ဘူးဆိုရင် နားလည်လက်ခံနိုင်မှာမဟုတ်ဘူး။ ကိုးကွယ်တဲ့အခါမှာလည်း အပေါ်ယံနဲ့ပဲ လုံးဝမရဘူး။ အတွင်းကျကျ နေ့စဉ် သစ္စာနှင့် ချဉ်းကပ် ကိုးကွယ်တဲ့ သူကပဲ ခမည်းတော်ရဲ့နှလုံးသားကို သဘောပေါက်နားလည်နိုင်တယ်။ တစ်ဦးချင်းစီပေါ်ထားတဲ့ဘုရားအလိုတော်က မတူပါဘူး ဒါကြောင့် တဦးစီတိုင်း ဘုရားနဲ့သေချာ အချိန်ယူကိုးကွယ်မှသာလျှင် ကိုယ့်အပေါ်ထားတဲ့ သီးသန့် ဘုရား အကြံအစည်များကို သိရှိနားလည်နိုင်မယ်။

သြဂုတ်လ ၁၁ ရက်နေ့

ကိုးကွယ်ခြင်း (၅)

“ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။” ထွက်မြောက်ရာ ၂၀း၂၄

ကိုးကွယ်ခြင်း ရဲ့နောက်ကွယ်

သက်ရောက်မူတိုင်းမှာ တန်ပြန်သက်ရောက်မူရှိတယ် ဆိုပြီး နယူတန်က နိယာမထုတ်ခဲ့တယ်။ ဒီ နိယာမက တော်တော်များများမှာ မှန်တယ်ဆိုတာ တွေ့ရတယ်။ စစ်မှန်တဲ့ကိုးကွယ်ခြင်းမှာ တန်ပြန်သက်ရောက်မူ ဆိုတာရှိတယ်။ တစ်ဖက်သက် ကိုယ်က ပဲကိုးကွယ်ပြီးတော့ ကျေနပ်နှစ်သိမ့်နေရတာမျိုး မဟုတ်ဘူး။ ဘုရားက စစ်မှန်တဲ့ကိုးကွယ်ခြင်းကို သူ့ဘက်ကနေ အမြဲတမ်း တုံ့ပြန်တယ်။ ဒီအတိုင်း ဘယ်တော့မှ လက်ပိုက် ကြည့်နေတာ မဟုတ်ဘူး။ အာဗေလနှင့် ကာဣန ကိုးကွယ်တဲ့အခါမှာ ကောင်းကင်က မီးနဲ့တုံ့ပြန်သလို မျိုးပေါ့။ သူနှစ်သက်တယ် ဆိုတာကို သူက အမြဲတမ်း သက်သေပြတယ်။ သူမကြိုက်မနှစ်သက်တဲ့အရာကိုလည်း သူက လုံးဝကို လှည့်မကြည့်ဘူး။

မောရှေအားဖြင့် ကိုးကွယ်ခြင်းရဲ့ အနှစ်သာရနှင့်အတူ ကိုးကွယ်ခြင်းကို ဘုရားဘယ်လိုတုံ့ပြန်သလဲ ဆိုတာ ဘုရားက သေချာဖေါ်ပြတယ်။ ဘုရားမှ ာထားတဲ့အတိုင်း ယဇ်တွေ၊ ယဇ်ပလ္လင်တွေကိုသေချာ ပြင်ပြီး တော့ ဘုရားရှေ့မှာ နှလုံးသားနှင့် ကိုးကွယ်ခြင်း ရဲ့နောက်မှာ ကောင်းကင်ဘုံမှာ စိုးစံပြီး အားလုံး ပိုင်သတဲ့ဘုရားက ကိုးကွယ်ခြင်းယဇ်ပလ္လင် မှာ ကိုးကွယ်တဲ့သူ နဲ့ လာတွေ့တယ်။ ဒါတကယ့်အံဖွယ်သောအရာပဲ။ ကိုးကွယ်မူရဲ့ သက်ရောက်မူကို တန်ပြန် ဘုရားဘက်ကနေ သက်ရောက်မူလို့ ပြောရမယ်။ ကောင်းကင်ကနေ လက်ပိုက်ပြီးသဘောကျနေရုံပဲမဟုတ်ဘူး။ သူကြွလာရုံနှင့် ပဲ ဒီအတိုင်းပြီးတာမဟုတ်ပြန်ဘူး။ သူကိုယ်တိုင် ကြွလာတာနဲ့တောင် တော်တော်လေး ကို လုံလောက်နေပြီလို့ပြောစရာရှိပေမဲ့ သူဟာ ကြွလာပြီး ကောင်းကြီး ပေးမယ်လို့ ကတိပေးတယ်။ စစ်မှန်စွာ ကိုးကွယ်ခြင်းရဲ့နောက်မှာ ဘုရားနဲ့တွေ့ဆုံခြင်း ရှိပြီးအသက်တာထဲမှာ လူတိုင်း မခံစားရတဲ့ ကောင်းကြီးမင်္ဂလာ မြောက်များစွာကို မြင်တွေ့ရမယ်။

သြဂုတ်လ ၁၀ ရက်နေ့

ကိုးကွယ်ခြင်း (၄)

“ထို​သို့​နှစ်​ယောက်​အ​တူ​သွား၍၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​အ​ရပ်​သို့ ရောက်​ကြ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် ယဇ်​ပ​လ္လင်​ကို​တည်၍ ထင်း​ကို​ခင်း​ပြီး​လျှင်၊ သား​ဣ​ဇာက်​ကို​ချည်​နှောင်၍၊ ယဇ်​ပ​လ္လင်၌ ထင်း​ပေါ်​မှာ​တင်​ထား၏။” ကမ္ဘာဦး ၂၂း၉

အသက်ရှင်သောယဇ်

ကိုးကွယ်ခြင်းဆိုတာ ပုံစံနဲ့လုပ်ရတာ မဟုတ်ဘူး ပုံမှန်နေ့စဉ် အသက်တာထဲမှာ အသက်ရှင်သောယဇ် အဖြစ် ကိုးကွယ်ရတာ။ လူတချို့က ကိုးကွယ်ခြင်းနှင့် ပက်သက်ရင် ခေါက်ရိုးကျိုးသွားပြီ။ သီချင်းဆိုတာ၊ အစီအစဉ် လုပ်တာကိုပဲ ကိုးကွယ်တယ်လို့ အမှတ် မှားသွားတယ်။ တကယ်တော့ဒါက ကိုးကွယ်ခြင်းရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပြီးတော့ ကိုးကွယ်ခြင်း အားလုံးမဟုတ်ဘူး။ စစ်မှန်တဲ့ကိုးကွယ်ခြင်းက အရင် ဓမ္မဟောင်းမှာလို သေနေတဲ့ယဇ်ကောင်နှင့် ကိုးကွယ်တာ မဖြစ်ရတော့ဘူး။ အသက်ရှင်သောယဇ်အနေနဲ့ ကိုးကွယ်တာဖြစ်ဖို့ ဘုရားအလိုတော်ရှိတယ်။ သင် ဘုရားကို စစ်မှန်သော၊ အသက်ရှင်သောယဇ်နှင့်ကိုးကွယ်လေလေ သင့်အသက်တာမှာ သဘာဝလွန် အရာတွေက ထင်ရှားလေလေပဲ။

ဣဇါတ် ဟာ ဖခင် ကိုးကွယ်ဖို့ ဖခင်ခေါ်ဆောင်ရာသွားတဲ့လမ်းမှာ သူဟာ မေးခွန်းမေးတယ်။ ထင်းလဲ ပါတယ်၊ မီးလဲပါတယ်၊ ယဇ်ကောင်ဘယ်မှာလဲ? ဆိုပြီးတော့။ သူကိုယ်တိုင်က ယဇ်ကောင်မှန်း သူမသိခဲ့ဘူး။ သူဟာ ကိုးကွယ်ဖို့ အတွက်လိုအပ်တဲ့ ထင်းကိုယ် သယ်နေရင်းနှင့် ကိုးကွယ်ဖို့အတွက် တစ်စုံတစ်ခုလိုတယ်ဆိုတာ စဉ်းစားမိတယ်။ ငယ်ငယ်ကတည်းက ကိုးကွယ်ခြင်းနှင့်ပက်သက်ပြီးတော့ တကယ့်ကို သိကျွမ်း တယ်ဆိုတာ တွေ့ရတယ်။ နောက်မှ သူသိရတာဟာ သူကိုယ်တိုင်က ယဇ်ကောင်ဖြစ်တယ်ဆိုတာ သိခဲ့ရပြီးတော့သူဟာ မငြင်းဆန်ပဲ ဝန်ခံခဲ့တယ်။ ဒါကတကယ့်ကို ခက်ခဲတဲ့ လုပ်ရပ် ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ နှလုံးသားကို တို့ထိခဲ့ပြီးတော့ ကောင်းကင်တမန်ရဲ့ ကျယ်လောင်တဲ့အသံနှင့်အတူ အာဗြံဟံရဲ့ ထားကို ရပ်တန့်စေခဲ့တယ်။ အသက်ရှင်တဲ့ ယဇ်အဖြစ်ပူဇော်တဲ့ ဣဇါတ်အတွက် ကောင်းကင်တမန်နှင့် ကောင်းကင်ကအသံကို ကြားခွင့်ရတဲ့ အချိန်ဖြစ်ခဲ့တယ်။ ဘုရား ပြင်ဆင်ထားတဲ့ အရာကိုလည်း ထင်ရှားစွာမြင်တွေ့ရတဲ့ နေရာဖြစ်ခဲ့တယ်။ ဒီနေ့သင့်ရဲ့ကိုးကွယ်ခြင်းက စစ်မှန်ပြီးတော့ အသက်ရှင်သောယဇ်ဖြစ်မယ်ဆိုရင် ကောင်းကင်ဆိုင်ရာ ဘုရားရဲ့ နက်နဲတဲ့အရာတွေကိုမြင်တွေ့ ခွင့်ရမှာဖြစ်ပြီးတော့ ဘုရားပြင်ဆင်တဲ့အကောင်းဆုံးသောအရာတွေကိုလဲ တွေ့မြင်ခံစားရမယ်ဆိုတာ သေချာတယ်။

သြဂုတ်လ ၉ ရက်နေ့

ကိုးကွယ်ခြင်း (၃)

“အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။-” ဟေဗြဲ ၁၁း၄

သာ၍ မြတ်​သော​ယဇ်

ကိုးကွယ်ခြင်းဆိုတာ အပြင်ပိုင်းမှာ ဘာတွေလုပ်တယ် ဆိုတာထက် နှလုံးသားမှာ ဘာတွေရှိတယ်ဆိုတာ ပိုအရေးကြီးတယ်။ ကိုးကွယ်ခြင်းက အပြင်ပန်းလုပ်ဆောင်မူ တစ်ခုပဲ လုံးဝမဟုတ်ဘူး။ ကိုးကွယ်ခြင်းဆိုတာ နက်နဲပြီးတော့ လူတစ်ယောက်ရဲ့ဘဝကို အဆုံးအဖြတ်ပေးတဲ့ အရေးကြီးဆုံးထဲက အရေးကြီးဆုံးသောအရာပဲ။ ကိုးကွယ်ခြင်းကို ပေါ့ပေါ့ဆဆ ထားတဲ့သူတစ်ယောက်ရဲ့အနာဂတ်နှင့် လေးလေးနက်နက်နဲ့ထားတဲ့အနာဂတ်ဟာ ဘယ်လိုမှ ကိုမတူနိုင်ဘူး။

ကာဣန နှင့် အာဗေလ နှစ်ဦးစလုံးက ဘုရားကိုလာကိုးကွယ်ကြတာပါပဲ။ အပြင်ပန်းမှာလည်း သူတို့လုပ်ဆောင်မူရဲ့အကောင်းဆုံးသောအရာတွေကို ယူဆောင်လာကြတာပါပဲ။ ဒါပေမဲ့ ဘုရားက နှစ်ယောက်စလုံးရဲ့ယဇ်ကို လက်မခံဘူး။ ကိုးကွယ်ခြင်းဆိုတာ ကိုယ်ကကောင်းတယ် ထင်တဲ့အရာတွေပဲ လုပ်ဆောင် ရုံနဲ့ မလုံလောက်ဘူး။ ဘုရားက အားနာမှုနဲ့ လက်ခံမှာ မဟုတ်ဘူးဆိုတာ သိထားဖို့လိုတယ်။ အပြင်ပန်း ယဇ်တွေထက် အတွင်းထဲက ယုံကြည်ခြင်းကြောင့် သူတို့နှစ်ယောက်ရဲ့ ကိုးကွယ်ခြင်းက အကွာကြီးကွာခဲ့တယ်။ ဘုရားက ယုံကြည်ခြင်းနှင့် သူထံချဉ်းကပ်တဲ့ အာဗေလကို လက်ခံပြီးတော့ ယုံကြည်ခြင်းမပါပဲ ကိုယ်လုပ်ခြင်ရာ လုပ်တဲ့ ကာဣန ယဇ်ကို လက်မခံခဲ့ဘူး။ ဒီနေ့ သင့်ရဲ့ကိုးကွယ်ခြင်းကရော ယုံကြည်ခြင်းပါတဲ့ အာဗေလရဲ့ သာ၍မြတ်​သော​ ကိုးကွယ်ခြင်းလား သာမန်ကိုးကွယ်ခြင်းလား ဆိုတာ စမ်းစစ်ဖို့ လိုတယ်။

သြဂုတ်လ ၈ ရက်နေ့

ကိုးကွယ်ခြင်း (၂)

“ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား၍၊ ဤ​ပြည်​ကို သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ ထို​သို့​ထင်​ရှား​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ ထို​အ​ရပ်၌၊ ယဇ်​ပ​လ္လင်​ကို​တည်​လေ၏။” ကမ္ဘာဦး ၁၂း၇

ကိုးကွယ်ခြင်းနှင့်အစပြုခြင်း

ဘုရားကို ကိုးကွယ်ဝတ်ပြုခြင်းက အားတဲ့အချိန် ဒါမှမဟုတ် အဆင်ပြေတဲ့အချိန်မှာ လုပ်ရတဲ့အရာတစ်ခုလုံးဝ မဟုတ်ဘူး။လူတချို့က ဘုရား ကိုအချိန်ပေးတယ်ဆိုတာ အချိန်ရှိမှ လုပ်ရတယ်လို့ အထင်မှားနေကြတယ်။တကယ်တော့ လုံးဝ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လူတွေဟာ အသက်တာမှာလိုအပ်တဲ့ ထိုးဖေါက်မူတွေကို မျှော်လင့် သလောက်မရကြတာပါ။ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်တဲ့ သူတွေအသက်တာကို လေ့လာကြည့်ရင် သူတို့ဟာ ကိုးကွယ်ခြင်းကို အလေးထားတယ် အမြဲတမ်း ဦးစားပေးလုပ်လေ့ရှိတယ်ဆိုတာ တွေ့ရတယ်။

ယုံကြည်ခြင်းဖခင် အာဗြံဟံရဲ့အသက်တာကို ကြည့်မယ်ဆိုရင်လည်း သူ့အသက်တာမှာ ကိုးကွယ်ခြင်းကို အလေးနက်ထားတယ်ဆိုတာ တွေ့ရတယ်။ သူသွားတဲ့ နေရာတိုင်းမှာ လုပ်လေ့ရှိတာ သုံးခုရှိတယ်။ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ တဲဆောက်ခြင်းနှင့် ရေတွင်းတူးခြင်း။ ဒီသုံးခုဟာသူ ဘယ်နေရာရောက်ရောက်လုပ်လေ့ရှိတဲ့အရာပါ။ ယဇ်ပလ္လင် ဆောက်တယ်ဆိုတာက ဘုရားကို ကိုးကွယ်ခြင်းဖြစ်ပြီးတော့ တဲဆောက်တယ်ဆိုတာ မိသားစုနဲ့ ဆိုင်တဲ့အရာပါ။ ရေတွင်းတူးခြင်းကတော့ သူပဲမဟုတ်ဘူး အများသောသူတွေ အတွက်ပါ။ ဒီအရာတွေထဲမှာသူဟာ ဘယ်ရောက်ရောက် ကိုးကွယ်ခြင်းကို ဦးစားပေးလေ့ရှိတယ်။ အခြားအရာတွေကိုအရင် မလုပ်ဆောင်ပဲ ကိုးကွယ်ခြင်းကိုအမြဲတမ်းဦးစားပေး လုပ်လေ့ရှိတယ်ဆိုတာ တွေ့ရတယ်။ဒါကြောင့်လည်း ဘုရားက အခြားသူတွေထက် အာဗြံဟံကို ဦးစားပေးကောင်းကြီးပေးတာပေါ့။ သင့်အသက်တာမှာလည်း ဘုရားကို ကိုးကွယ်ခြင်းကို ဦးစားပေးတဲ့ အလေ့အကျင့် လုပ်ပါ။ ဘုရားကလည်း သင့်ကိုအမြဲတမ်း ဦးစားပေး အသုံးပြုပါလိမ့်မယ်။

သြဂုတ်လ ၇ ရက်နေ့

ကိုးကွယ်ခြင်း

“နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။ မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။”ကမ္ဘာဦး ၈း၂၀-၂၂

ကိုးကွယ်ခြင်းရဲ့နောက်မှာ

ဝိညာဉ်ရေးရာမှာ နက်နဲတဲ့ အရာတွေများစွာရှိတဲ့အထဲမှာ ကိုးကွယ်ခြင်းကတော့ထိပ်ဆုံးမှာရှိတယ်။ ကိုးကွယ်ခြင်းရဲ့နက်နဲရာကို လက်တွေ့ကိုးကွယ်ခြင်းထဲမှာ စီးမျောနေတဲ့သူတွေပဲ ခံစားနားလည်နိုင်တယ်။ ကိုးကွယ်ခြင်းအကြောင်းဘယ်လောက်ပဲသိသိ၊ ဘယ်လောက်ပဲ ကြားဖူးကြားဖူး၊ လက်တွေ့ လုပ်တဲ့သူလောက်တော့ ခံစားနားလည်နိုင်မှာ မဟုတ်ဘူး။ စစ်မှန်စွာ ကိုးကွယ်တဲ့သူ နောက်မှာ ကိုးကွယ်ခြင်းရဲ့ နက်နဲရာတွေက အမြဲလိုက်ခံစားနေရတယ်။ မှန်ကန်တဲ့ကိုးကွယ်ခြင်းနောက်မှာ အခြားအရာတွေ အားလုံးပါ မှန်လာတယ်ဆိုတာ တွေ့မြင်ရလိမ့်မယ်။

နောဧဟာ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ရေလွှမ်းမိုးခြင်းကိုကြုံခဲ့ရတယ်။ တစ်လောကလုံး သေဘေးနှင့်ကြုံရပြီး သူနှင့် မိသားစု (၈) ယောက်သာ ကျန်ခဲ့တယ်။ ကြီးမားတဲ့ ပျက်ဆီးဆုံးရူံးမူကြီးကို လပေါင်းများစွာမြင်တွေ့ရပြီးနောက်မှာ သူဟာ ဘုရားကို ကိုးကွယ်ခြင်းယဇ်ပလ္လင် တည်ခဲ့တယ်။ ဒီကိုးကွယ်ခြင်းရဲ့ နောက်မှာ ဘုရားက နောဧကို ကတိပေးခဲ့တယ်။ နောက်တဖန် မြေကြီးကို မကျိန်ဖို့။ ကိုးကွယ်ခြင်း ထဲမှာ ဘုရားက လူတွေကို အမျက်တော်ရဲ့ရလဒ်ကနေ ဖယ်ရှားပေးခဲ့တယ်။ ဒီလိုဆိုးရွားတဲ့အရာတွေ အသက်တာမှာ နောက်တဖန် မကြုံရဖို့ဘုရားက ကတိပေးတယ်။ သူမေ့သွားရင်လည်း သတိပေးမယ် သက်သေအနေနဲ့ သက်တံကိုလည်း ကောင်းကင်မှာ ထားပေးထားတယ်။ ကိုးကွယ်းခြင်းရဲ့ သက်ရောက်မူဟာ အင်တမန်ကိုကြီးမားတယ်။ နောက်မြေကြီးပေါ်မှာ အချိန်အမျိုးမျိုးကို ပြောင်းလဲစေပြီးတော့ လူတွေအတွက် အကျိုးဖြစ်စေမယ့် အသီးအပွင့်တွေကိုလည်း မြင်တွေ့စေဖို့ဘုရားက သေချာ ကာလအမျိုးမျိုးကို ပြင်ဆင် ပေးတယ်။ ကိုးကွယ်းခြင်းနောက်မှာ သင့်အသက်တာရဲ့ကာလတွေဟာ အရင်က အရာတွေနဲ့မတူတော့ပဲ ထူးခြားလာတော့မယ်။ အရင်ကနဲ့လုံးဝကို တူမှာမဟုတ်တော့ဘူး။ စစ်မှန်စွာကိုးကွယ်ခြင်းရဲ့နောက်မှာ သိသာတဲ့ အပြောင်းအလဲတွေက လိုက်ပါစမြဲပဲဆိုတာ မမေ့နဲ့။

သြဂုတ်လ ၄ ရက်နေ့

နုတ်ကပတ်တော်သည် အရင်းအမြစ် (၇)

“သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။” ရှင်ယောဟန် ၁၅း၇

အဖြေရစေသော ဆုတောင်းခြင်း များရဲ့အရင်းအမြစ်

လူတချို့က ပြောတတ်တယ် ဘာမှ မလုပ်ပဲ၊ ဆုပဲ ထိုင်တောင်းနေရင်ကောအဆင်ပြေလာ မှာလားတဲ့။ ဒီစကားက တကယ်ဆို ဆုတောင်းခြင်းကို အထင်သေးတဲ့ သူတွေပြောလေ့ရှိတဲ့စကား တစ်ခုပါ။ ဆုမတောင်းပဲ ကိုယ်လုပ်ဆောင်မူ တစ်ခုတည်းနဲ့ အရာရာ အောင်မြင်မယ်ဆိုရင်တော့ လူတွေကို ဘယ်သူမှဆီးတား လို့ကိုမရတော့ပဲ ဘုရားတောင်လိုမှ မဟုတ်တော့ဘူး။ ဆုတောင်းခြင်းဆိုတာလည်း လွယ်ကူတဲ့အရာတစ်ခုတော့လုံးဝ မဟုတ်ဘူး။ ဆုချည်းပဲတောင်းလို့ နေရင်း ထိုင်ရင်း အဖြေတွေရတာတော့ လုံးဝမဟုတ်ဘူး။ အဖြေ ရတဲ့ ဆုတောင်းခြင်းဖြစ်ဖို့က ဆုတောင်းတဲ့ သူရဲ့အသက်တာက အလွန်အရေးကြီးတယ်။ နေခြင်သလိုနေ လုပ်ခြင်တာလုပ်ပြီးတော့ ဆုတောင်းတဲ့အဖြေက ပြည့်စုံလာတာမဟုတ်ဘူး။

သခင်ယေရူက ပြောတယ် သင်တို့သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင် သင်တို့ ဆုတောင်းသမျှကို ရမယ်။ ဒီစကားက အရမ်းကို တန်ခိုးပါတယ်။ အဖြေရသော ဆုတောင်းချက်ရဲ့အရှေ့မှာ အသက်တာအရမ်းအရေးကြီးတယ်။ ခရစ်တော်ထဲမှာတည်ဖို့နှင့် ခရစ်တော်ရဲ့စကားထဲမှာ ကိုယ့်အသက်တာတည်ဖို့က အရင်ဆုံး လာတယ်။ ဘုရားစကားထဲမှာ သင့်အသက်တာ မတည်ပဲ နဲ့တော့ ဆုတောင်းချက်တွေက အဖြေရလာမှာ မဟုတ်ဘူး။ ဘုရားက လူဆိုးတွေရဲ့စကားကိုနားမထောင်ဘူး။ဆိုလိုတာက လုပ်ခြင်တာ လုပ်ပြီးတော့ ဆုတောင်းတာ အဖြေရောက်လာမှာ မဟုတ်ဘူးဆိုတဲ့သဘောပဲ။ ဆုမတောင်းခင် အသက်တာကို အရင်ဆုံး သေချာ နုတ်ကပတ်တော်ထဲမှာ တည်ဖို့ အရေးကြီးတယ်။ မဟုတ်ရင် ဆုတောင်းချက်တွေ အဖြေ မြင်ရမှာမဟုတ်ဘူး။ ဘုရားစကားကို သင့်ဘဝမှာ နေရာပေးထားရင် ဘုရားကလည်း သင့်စကားကို အဖြေပေးပါလိမ့်မယ်။

သြဂုတ်လ ၃ ရက်နေ့

နုတ်ကပတ်တော် သည် အရင်းအမြစ် (၆)

“ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို​မွေး​ရ​မည် မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။-” ရှင်မဿဲ ၄း၄

သွေးဆောင်မူကိုအောင်မြင်ခြင်း အရင်းအမြစ်

စုံစမ်းခြင်း တွေကိုအောင်မြင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူး။ လူတွေက နှစ်ပေါင်းများစွာ သွေးဆောင်မူတွေထဲမှာ ကျဆုံးခဲ့တယ်။ အပြစ်သွေးဆောင်မူတွေက တနေ့ထက် တစ်နေ့ ပိုပြီးတော့ တိုးလာတာပဲ ရှိတယ် လျော့သွားတာမရှိဘူး။ ဒီလို အခြေအနေမျိုးထဲမှာ သွေးဆောင်မူမှ​အောင်မြင်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား? သေချာတာတစ်ခုကတော့ လူ့အနေနဲ့ ဘယ်တော့မှ​ အပြစ်သွေးဆောင်မူ ကနေ အောင်မြင်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ သခင်ယေရူကတော့ အဖြေပေးထားတယ်။ စုံစမ်း သွေးဆောင်မူတွေကနေ အောင်မြင်ဖို့ ဆိုတာ နုတ်ကပတ်တော် အားဖြင့် သာလျှင်ဖြစ်နိုင်တယ်။

သခင်ယေရူက လူ့ဇာတိ ခံတဲ့အချိန်မှာ သူကိုယ်တိုင်လဲ သွေးဆောင်မူ တွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒီလိုရင်ဆိုင်တဲ့ အခါမှာ သူဟာ ဘုရားဖြစ်ခြင်းကို အားကိုးပြီးတော့ ရင်ဆိုင်လို့ရပါတယ်။ ဒါပေမဲ့ သူ့သား သမီးတိုင်းအတွက် ပုံသက်သေဖြစ်ဖို့ သူဟာ လူတိုင်း ရဲ့စံပြ အဖြစ် ရင်ဆိုင်ခဲ့တယ်။ ဒီလိုရင်ဆိုင်တဲ့အခါမှာ နုတ်ကပတ်တော် အားဖြင့်ဘယ်လို ရင်ဆိုင်ရလဲဆိုတာကို သင်ပေးခြင်လို့ဖြစ်တယ်။ သွေးဆောင်မူ တွေ ကိုအောင်မြင်ဖို့ နုတ်ကပတ်တော်ဟာ အရင်းအမြစ်ဖြစ်တယ်ဆိုတာ သခင်ယေရူက သိစေခြင်တယ်။ သင့်ခွန်အား အစွမ်းအစတွေနဲ့ သွေးဆောင်မူကို ရင်ဆိုင်ဖို့ ဘယ်တော့မှ​ မကြိုးစားပါနဲ့။ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ နုတ်ကပတ်တော် သာလျှင် နေ့စဉ်ရင်ဆိုင်ရတဲ့ သွေးဆောင်မူတွေကနေအောင်မြင်စေတဲ့ အရင်းအမြစ်ပါ။ နုတ်ကပတ်တော်နှင့် ရှင်သန်ခြင်းက သွေးဆောင်မူတွေကို ကြောက်စရာ မလိုပဲ ရင်ဆိုင်နိုင်တဲ့သူ တစ်ယောက် သင့်ကိုဖြစ်စေလိမ့်မယ်။

သြဂုတ်လ ၂ ရက်နေ့

နုတ်ကပတ်တော်သည် အရင်းအမြစ် (၅)

“ထာ​ဝ​ရ​ဘု​ရား၏​နည်း​ဥ​ပ​ဒေ​သ​တို့​သည် ဖြောင့်​မတ်​သည်​ဖြစ်၍ စိတ်​နှ​လုံး​ကို ရွှင်​လန်း​စေ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​သည် စင်​ကြယ်​သည်​ဖြစ်၍၊ မျက်​စိ​ကို​ရှင်း​လင်း​စေ​တတ်၏။ ”ဆာလံ ၁၉း၈

ရွှင်လန်းခြင်းနှင့်ရှင်းလင်းခြင်းရဲ့အရင်းအမြစ်

ဒီနေ့ခတ်ကာလမှာ စစ်မှန်တဲ့ ဝမ်းမြောက်ရွှင်လန်းခြင်းနှင့် အဆုံးထိရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း အခွင့်ကို တွေ့နိုင်ဖို့ မလွယ်ကူတော့ပါ။ ကြားရသမျှ သတင်းတွေ အဖြစ်ပျက်တွေက စိတ်နှလုံးကို ငြိုးငယ် အားနည်းစေပြီး ဘယ်လိုဆက်ရှင်သန်ရမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကို ရှာဖို့ခက်စေတယ်။ ဒီနေ့ လူပေါင်းများစွာက လမ်းပျောက်နေတယ်ဆိုတဲ့စကားကို ဘန်းစကား လိုတောင် တွင်တွင် သုံးနေကြတယ်မဟုတ်လား? တကယ်လည်း လူတွေဟာ ရွှင်လန်းခြင်းပဲ မဟုတ်ဘူး၊ လမ်းလည်း ပျောက်နေကြပါတယ်။ အထူးသဖြင့် လူငယ်တွေဆိုပိုဆိုးတယ်။ မြန်မာနိုင်ငံမှ မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း လူပေါင်းများစွာဟာ ခေတ်မှီတိုးတတ်တဲ့ ခေတ်ကြီးထဲမှာ လမ်းပျောက်နေကြပါတယ်။

ဆာလံဆရာကတော့ သူ့ရဲ့နှလုံးသားကို ရွှင်လန်းစေတာ လောကမှာ ရှိတဲ့အရာတွေ တစ်ခုမှ မဟုတ်ပဲ ဘုရားရဲ့နုတ်ကပတ်တော်ကပဲ လုပ်ပေးတယ်ဆိုတာရယ် သူရဲ့အနာဂတ်လမ်းကိုရှင်းလင်းစွာမြင်စေခြင်းကလည်း တခြားအရာတွေက မလုပ်ပေးနိုင်ပဲ နုတ်ကပတ်တော်ကြောင့်သာရတယ်ဆိုတာကို ရှင်းလင်းစွာ သက်သေခံတယ်။ နုတ်ကပတ်တော်က မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသွားပါဘူး။ ဒီနေ့ သင့်နှလုံးသားမှာ ပျောက်ဆုံးနေတဲ့ ရွှင်းလန်းခြင်းနှင့် ရှင်းလင်းခြင်းကို ပြန်တွေ့ခြင်တယ်ဆိုရင် နုတ်ကပတ်တော်ဆီပြန်လာဖို့လိုတယ်။ နေ့စဉ်နုတ်ကပတ်တော်နှင့် အချိန်ယူဖို့လိုတယ်။ နုတ်ကပတ်တော်ရဲ့လမ်းပြခြင်းနှင့် သွန်သင်တဲ့အတိုင်း အသက်ရှင်ဖို့လိုတယ်။ ဒါမှပဲ​သင့်အသက်တာမှာ ပျောက်ဆုံးနေသော စစ်မှန်တဲ့ ရွှင်လန်းခြင်းနှင့် ရှင်းလင်းမှုကို ပြန်မြင်တွေ့ရလိမ့်မယ်။ နေ့စဉ် ရွှင်လန်းတတ်ကြွစွာ အသက်ရှင်နိုင်တာ၊ အနာဂတ်ကိုရှင်းလင်းစွာမြင်စေနိုင်တာေတွက နုတ်ကပတ်တော် ကြောင့်သာဖြစ်တယ်။

သြဂုတ်လ ၁ ရက်နေ့

နုတ်ကပတ်တော်သည် အရင်းအမြစ် (၄)

ကယ်​တင်​ခြင်း​အ​လို​ငှာ နှုတ်​က​ပတ်​တ​ရား၏ နို့​စစ်​အား​ဖြင့် ကြီး​ပွား​မည်​အ​ကြောင်း၊ ဖွားစ​သော​သူ​ငယ်​ကဲ့​သို့၊ ထို​တ​ရား​နို့​ကို အ​လွန် လို​ချင်​သော စိတ်​ရှိ​ကြ​လော့။-” ၁ ရှင်ပေတရု ၂း၃

ကြီးထွားခြင်းရဲ့အရင်းအမြစ်

နုတ်ကပတ်တော် ဘုရားစကားက အသက်တာရဲ့ အရင်းအမြစ်ကြီးတစ်ခုဖြစ်တယ်ဆိုတာကို သင် ရှင်းလင်းစွာ မြင်စေချင်တယ်။ ဒီအရာကိုသဘော မပေါက်လို့များစွာသော သူတွေက ဘုရားရဲ့ အကြံအစည် ထဲကနေသွေဖယ်သွားကြတယ်။ တကယ်တော့ ဘုရားက သင့်ကို လောက ထဲမှာ ရှင်သန်တဲ့အခါမှာ အဘက်ဘက်မှာ အခြားသော သူတွေထက် ကြီးထွားစေခြင်တယ်။ ဘုရား စကားထက် အခြားအရာကို ဦးစားပေး ရှင်သန်ခြင်းကြောင့် လူတွေဟာ ကြီးထွားသင့်သလောက် မကြီးထွားနိုင်ဘူး။ စစ်မှန်တဲ့ ကြီးထွားရှင်သန် တိုးတတ်ခြင်းကို နုတ်ကပတ်တော်အားဖြင့် သာလျှင် ရရှိနိုင်တယ်။ ကြီးထွားတိုးတတ်ခြင် တဲ့သူတိုင်း နုတ်ကကပတ်တော်နှင့် ကင်းကွာလို့ တော့လုံးဝမရပေ။

ကြီးထွားခြင်းရဲ့ အရင်းအမြစ် နုတ်ကပတ်တော် ဘုရားစကားက အသက်တာရဲ့ အရင်းအမြစ်ကြီး တစ်ခုဖြစ်တယ်ဆိုတာကို သင် ရှင်းလင်းစွာ မြင်စေခြင်တယ်။ ဒီအရာကိုသဘော မပေါက်လို့ များစွာသော သူတွေက ဘုရားရဲ့ အကြံအစည် ထဲကနေသွေဖယ်သွားကြတယ်။ တကယ်တော့ဘုရားက သင့်ကို လောကထဲမှာ ရှင်သန်တဲ့အခါမှာ အဘက်ဘက်မှာ အခြားသောသူတွေထက် ကြီးထွား စေချင်တယ်။ ဘုရားစကားထက် အခြားအရာကို ဦးစားပေးရှင်သန်ခြင်းကြောင့် လူတွေဟာ ကြီးထွားသင့်သလောက် မကြီးထွားနိုင်ဘူး။ စစ်မှန်တဲ့ ကြီးထွားရှင်သန် တိုးတတ်ခြင်းကို နုတ်ကပတ်တော် အားဖြင့် သာလျှင် ရရှိနိုင်တယ်။ ကြီးထွားတိုးတတ်ခြင် တဲ့သူတိုင်း နုတ်ကကပတ်တော်နှင့် ကင်းကွာလို့တော့ လုံးဝမရပေ။